Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Wednesday, 25 December 2013

ကျင့်ဝတ်ညီစေ







ကျင့်ဝတ် (Ethics) ဆိုသည်မှာ လူ့အဖွဲ့အစည်းက လက်ခံသတ်မှတ်ထားသော အကျင့်စာရိတ္တကောင်းများ သို့မဟုတ် အပြစ်ကင်းသော အမူအကျင့်များ ဖြစ်သည်။ မိမိအပြုအမူကြောင့် တစ်စုံတစ်ယောက် ထိခိုက်နစ်နာမှု မရှိအောင် ရှောင်ကြည်ခြင်းသည် ကျင့်ဝတ်များကို စောင့်ထိန်းခြင်းဖြစ်သည်။  လူတစ်ဦးစီတိုင်း၊ အဖွဲ့အစည်းတိုင်း လိုက်နာကျင့်သုံးရမည့် အခြေခံ ကျင့်ဝတ်ဆိုင်ရာ နိယာမများ (Ethical principles) မှာ ကောင်းကျိုးဖြစ်စေခြင်း (Beneficience)၊ ဆိုးကျိုးနည်းနိုင်သမျှနည်းစေခြင်း (Least harms/nonmaleficence) နှင့် တရားမျှတ လွတ်လပ်ခွင့်ကို လေးစားလိုက်နာခြင်း (Respect for automony and justice) တို့ဖြစ်သည်။ လူပီသသော လူတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်သူမှန်လျှင် လူ့ကျင့်ဝတ်စည်းကမ်းများကို လိုက်နာကြ ပါသည်။ ပညာရှင်အဖြစ် ရပ်တည်သူများသည် မိမိတို့၏ အတတ်၊ပညာ အဆင့်အတန်းကို ကျင့်ဝတ်လိုက်နာခြင်းဟူသော စံချိန်ဖြင့် တိုင်းတာရပေမည်။

ကောင်းကျိုးကို ဖြစ်စေခြင်းဆိုသည့် နိယာမအရ နေ့စဉ်ဘ၀ကိုဖြတ်ကျော်ရင်း ပြုသမျှကာယကံမှု၊ ပြောသမျှ ၀စီကံမှုနဲ့ ကြံစည်သမျှ မနောကံစိတ်ကူးများသည် ကောင်းကျိုးကိုသာ ရှေးရှုဦးတည်ရပါမည်။ မိခင်သည် သားသမီးများ၏ ကောင်းကျိုးကိုသာ ကြံစည်ဆောင်ရွက် သကဲ့သို့ ကျွန်မတို့တတွေ လူသားအားလုံးအပေါ် စေတနာ မေတ္တာစိတ်ထားပြီး ကောင်းကျိုးဖြစ်စေသော အမှုကို အမြဲဆောင်ရွက် ရပေမည်။ ကောင်းမှုမှန်သမျှ အကုန်လုပ်ရပါမည်။ မကောင်းမှု မှန်သမျှကို ရှောင်ကြည်ပါလျှင် ဆိုးကျိုးနည်းနိုင်သမျှ နည်းစေခြင်း ဟူသော နိယာမကို လိုက်နာခြင်း ဖြစ်လေသည်။ မိမိအကျိုးစီးပွားအတွက် သူတပါး ဆုံးရှုံးနစ်နာမှု မရှိအောင် သတိထားရှောင်ကြဉ် အပ်ပေသည်။ သူလည်းချမ်းသာ ကိုယ်လည်းရွှင်လန်း ၀မ်းမြောက်ရသည့် သူနိုင်ကိုယ်နိုင် (Win-win situation) ဖြစ်အောင် အမြဲစဉ်းစား ဆောင်ရွက်သင့်သည်။ 

Friday, 22 November 2013

အမျိုးသမီးများ လောကကိုအလှဆင်နိုင်ဖို့




မိသားစုတစုမှာ အရေးကြီးဆုံးလူဖြစ်တဲ့ မိခင် သို့မဟုတ် အိမ်ရှင်မတွေရဲ့ တန်ဖိုးကို လူတိုင်းနားလည်ကြ ပါတယ်။ မိခင်ကောင်းတွေက သားကောင်းရတနာတွေ မွေးထုတ်ပေးကြတယ်။ အိမ်ရှင်မကောင်းတွေကြောင့် အမျိုးသားများ အောင်မြင်သော ဘ၀ကိုရနိုင်ကြ ပါတယ်။ ငြိမ်းချမ်းသာယာသော လူ့ဘောင်ကို တည်ဆောက်ရာမှာလည်း အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီး ပါတယ်။
ကျွန်မ ငယ်ငယ်တုန်းက မိန်းကလေးဖြစ်ရတဲ့ ဘ၀ကို သိပ်သဘောမကျ ခဲ့ ပါဘူး။ အကိုမောင်တွေလို လွတ်လွတ်လပ်လပ် နေလို့ရတဲ့ ယောင်္ကျားဘ၀ကို ပိုသဘောကျခဲ့ ပါတယ်။ မှီးကောင်ပေါက် အရွယ်ရောက်လာတော့ စိတ်ရူးပေါက်ပြီး၊ ယောင်္ကျားလေးလို နေချင်စိတ်ဖြစ်မိ ပါသေးတယ်။ အဲဒီအချိန်တုန်းက စိုးမြတ်သူဇာတို့၊ လင်းဇာနည်ဇော်တို့ ထမိန်တိုတို ရှပ်အင်္ကျီ၊ တီရှပ်တွေဝတ်ပြီး၊ ဗွီဒီယိုရိုက် ပြက္ခဒိန်ထုတ်တာ ခေတ်စားနေတဲ့ အချိန်ပါ။ ကျွန်မလည်း ယောက်ျားဝတ် ရှပ်အင်္ကျီဝတ်ချင်တာ၊ အမေက မ၀ယ်ပေးလို့ အကိုတွေဆီမှာ တောင်းဝတ်ရပါတယ်။ ရှပ်အင်္ကျီ ဖိုးယိုဖားယားနဲ့ လျှောက်သွားနေတဲ့ ကျွန်မကို အမေနဲ့ အဖေ တော်တော် မျက်စိစပါးမွှေး စူးခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မအဖြစ်နေပုံက တော်တော်ရယ်စရာကောင်း ပါတယ်။ 
မှီးကောင်ပေါက်အရွယ်ကိုကျော်လို့ တည်ငြိမ်သွား တဲ့အချိန်ရောက်တော့ ဘိုင်းကောင်းကျောက်ဖိ မဟုတ်သော်လည်း ဣနြေ္ဒသိက္ခာရှိရှိ နေတတ်ခဲ့ပါတယ်။ အမေ့ကျေးဇူးကြောင့် မိန်းမသားများ စောင့်စည်းအပ်သော ကျင့်ဝတ် သိက္ခာတွေကို ခိုင်ခိုင်မြဲမြဲ စောင့်ထိန်းနိုင်ခဲ့ ပါတယ်။ ချစ်ခြင်းမေတ္တာတွေအကြောင်းကို သိနားလည်တတ်တဲ့ အချိန်ရောက်တော့ မေတ္တာစိတ်ကြီးသော မိန်းမသားဖြစ်ရတာကို ကျေနပ်လာခဲ့ ပါတယ်။  မိဘညီအကိုမောင်ညီမများ၊ သားသမီးနဲ့ ချစ်သူလင်သားအပေါ် ထားရှိတဲ့ မိန်းမသားများရဲ့ မေတ္တာတရားဟာ ကြီးကျယ်မြင့်မြတ်လွန်း ပါတယ်။ မိဘများ အသက်ကြီးလာရင် သားထက် သမီးတွေအပေါ် အားကိုးအားထားကြတယ်၊ သမီးအိမ်မှာ နေရတာ ပိုပြီးစိတ်လုံခြုံမှု ရှိကြပါတယ်။ နှမချမ်းသာရင် မောင်အိမ်ဦးခန်းမှာ နေရမယ်ဆိုတဲ့ ရှေးမြန်မာတို့ရဲ့ ဆိုရိုးစကားကို ကြည့်ရင် မိန်မများရဲ့ မောင်နှမသားရင်းစိတ်ဓာတ်ကို နှစ်သက်ဖွယ်တွေ့ရ ပါတယ်။ မောင်နှမအချင်းချင်း တစိတ်တ၀မ်းတည်း ချစ်ခင်သင့်မြတ် စေဖို့ကိုလည်း မိခင်တွေက လေ့ကျင့်သင်ပြကြတာ ဖြစ်ပါတယ်။ သားသမီးတွေ အပေါ်ထားတဲ့ မိခင်မေတ္တာကိုတော့ စာဖွဲ့လို့မကုန်နိုင်သလို လူတိုင်းလည်း နားလည်ကြပါတယ်။

Sunday, 29 September 2013

အမှန်တရားကို စူးစမ်းကြည့်မိခြင်း




ကွာလာလမ်ပူမှာ ကျင်းပသွားတဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နှလုံးလှ စာပေဟောပြောပွဲ မှတ်တမ်းအကျဉ်းကို ရေးရင်း တွေ့ကြုံခဲ့တာတွေ၊ တွေးမိတာလေးတွေကို စာတပုဒ်ရေးချင်လာ ပါတယ်။ အချိန်တွေပိုနေလို့ မဟုတ်ပေမဲ့ မြင်သမျှ ကြားသမျှကို ပြန်တွေးပြန်ရေးချင်ကြတာ စာရေးသူတွေရဲ့ ၀ါသနာပါ။ ပညာဆိုတာ အမှန်တရားကို ထိုးထွင်း သိမြင်ခြင်းဖြစ်တယ်၊ အခြေခံပညာ အားနည်းတဲ့အခါ အမှန်တရားကို သိခွင့်မရပဲ လမ်းလွဲသွားကြတယ်လို့ ကိုဂျင်မီက ပြောပါတယ်။ ရုပ်ဝတ္ထုတွေ နှောင့်နှေးနေတာကို မကြောက်ပါ၊ ကျွန်စိတ်နဲ့ ကျိုးနွံခြင်းကိုသာ ကြောက်ရပါတယ်လို့ ကိုမင်းကိုနိုင် ပြောသွားတာကိုလည်း လေးလေးနက်နက် စဉ်းစားစရာပါ။ အစိုးရနဲ့ ပညာတတ်လူတန်းစားတွေ ပြည်သူလူထုဘက် မျက်နှာမူဖို့လိုတယ်လို့ ဆရာမ ဒေါ်သန်းမြင့်အောင် ပြောသွားတာကိုတော့ လက်တွေ့ကျင့်သုံး ကြမှသာ ကျွန်မတို့တိုင်းပြည် ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။

ကိုဂျင်မီပြောသလို အခြေခံပညာ အားနည်းလို့ အမှန်တရားကို မမြင်တတ်မကြည်တတ်၊ ကြောက်အောင် ခြောက်ထားလို့ အမှန်တရားကို ရှာဖွေတတ်တဲ့ အကျင့်တွေပျောက်ခဲ့ရတဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ ကျွန်မတို့လူမျိုးတွေရဲ့ ဘ၀နဲ့ စိတ်ဓာတ် အရည်အသွေးတွေ နိမ့်ကျပျက်စီးခဲ့ရတယ်။ အသက်သုံးဆယ်တိတိ ပြည့်တဲ့အထိ ကျွန်မ မြန်မာပြည်မှာ နေခဲ့ပါတယ်။ ဘာဆိုဘာမှ ကောင်းကောင်းနားမလည်ခဲ့ဘူး။ အိပ်ပျော်နေခဲ့ လိုက်ပုံများ၊ နွားခြေရာကွက်လေးထဲမှာ ကိုယ့်ကိုကိုယ်လဲ အဟုတ်ကြီးထင်ခဲ့ မိလေရဲ့။ မလေးရှားကို ရောက်လာ ခါစကဆို ရန်ကုန်နဲ့ ဘာမှမကွာဘူးလို့ မှတ်ချက်ချမိဖူးပါတယ်။   နေတာကြာလာတော့မှ ကွားခြားတာတွေကို မြင်တတ်လာပါတယ်။ မလေးရှားနိုင်ငံသားတွေ   မြန်မာတွေထက် ပိုမတော်ပါဘူးလို့လည်း မှတ်ချက်ချခဲ့ဖူးပါတယ်။ 

အခြေခံအားဖြင့် လူတွေအားလုံး အတူတူပဲလို့ ပြောနိုင်ပေမဲ့ ပညာတတ်ခြင်း မတတ်ခြင်းအပေါ်မှာ မူတည်ပြီး၊ ပြုမူကျင့်ကြံတာတွေ ကွာခြားပါတယ်။ပညာရှိသော ပညာတတ်များဟာ အမှန်တရားကို မြင်နိုင်အောင်လမ်းကြောင်း ပေးကြပါတယ်။ ပြောရဲဆိုရဲအောင်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိ ရပ်တည်နိုင်အောင် ပံ့ပိုးကူညီပေးကြ ပါတယ်။ အာဏာရှင်တွေ၊ အမြတ်ကြီးစား လုပ်ငန်းရှင်တွေ အမှန်တရားကို မြင်နိုင်အောင် အားပေးကြပါသလား။ အမှန်ကို မြင်တတ်ပြောတတ်တဲ့လူဆို အာဏာရှင်တွေက ရန်သူလို သဘောထားကြပါတယ်။ လုပ်ငန်းရှင်တွေဟာလည်း အမှန်ကိုပြောတဲ့ ၀န်ထမ်းမျိုးကို မကြိုက်တတ်ပါဘူး။ ခိုင်းတာအကုန်လုပ် ပြန်မပြောတဲ့ ၀န်ထမ်း၊ နာခံရိုကျိုးတဲ့ ၀န်ထမ်းမျိုးဆို သိပ်ကြိုက်ကြ ပါတယ်။ ဘ၀ရပ်တည်ရေးအတွက် အမှန်တရားကို ရှာကြည့်မနေပဲ ခိုင်းတာလုပ် နေရမယ်ဆိုရင် လူတစ်ယောက်အဖြစ် အသက်ရှင်ရတာ မတန်ဘူးထင်ပါတယ်။ 

Saturday, 31 August 2013

ရေးပါ အမှန်ကိုရိုးသားစွာရေးပါ



သြဂုတ်လ ၃၁  ဘလော့ဂါများနေ့ အမှတ်တရ စာတစ်ပုဒ်ရေးချင် ပါတယ်။ မနှစ်တုန်းကလည်း ဘလော့ဂါနေ့မှန်း မသိလိုက်ပေမဲ့ မနေ့ကဝေဒနာ ဆိုတဲ့စာတစ်ပုဒ်ကို ရေးဖြစ်လိုက် ပါတယ်။ ကျွန်မ ဘလော့ရေးတာ (၂) နှစ်ရှိပါပြီ။ လာဖတ်တဲ့သူ ပြောရလောက်အောင် မများပေမဲ့ ကျွန်မစာတွေ ဆက်ရေးနေပါတယ်။ မလေးရှားကထုတ်တဲ့ အပြင်စီး မဂ္ဂဇင်းမှာတော့ အမြဲရေးဖြစ်တယ်။ မြန်မာနက်ဝပ် နဲ့ မေတ္တာဥယျဉ်မှာ ကျွန်မရေးတဲ့ စာအချို့တင်ဖြစ်ပါတယ်။ စာရေးတာကို ၀ါသနာပါလို့ ကျွန်မရေးပါတယ်။ စာရေးခြင်း စာဖတ်ခြင်းအလုပ်ကို မြတ်နိုးလို့ ကျွန်မအချိန်တွေကို စာပေအတွက် များများသုံးနိုင်အောင် ကြိုးစားပါတယ်။
 
ကျွန်မ ဘလော့မရေးခင်က စီနီယာဝါရင့်ဘလော့ဂါများရဲ့ စာတွေလိုက်ဖတ်ပြီး သူတို့ကို လေးစားအားကျခဲ့ပါတယ်။ အတွေ့အကြုံ ဗဟုသုတတွေကို မျှဝေချင်ကြလို့ အချိန်ကုန်ခံပြီး အလကားရေးသား နေကြတဲ့ ဘလော့ဂါများကို လေးစားတဲ့အကြောင်း စာရေးဆရာမ ဒေါ်နုနုရည် (အင်းဝ)ရဲ့ ဂုဏ်ပြုစာကိုဖတ်မိဖူး ပါတယ်။  အချို့က ရေးချင်တဲ့စာကို လွတ်လွတ်လပ်လပ် ရေးရအောင် ဘလော့မှာရေးတယ်။ တချို့ကတော့ မရေးရမနေနိုင်လို့ ရေးတယ်၊ အချို့ကလည်း အထီးကျန်ဝေဒနာကို ကုစားဖို့ ဘလော့ရေးတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် စာဖတ်သူတွေ နှစ်သက်ရာစာကို လွတ်လွတ်လပ်လပ် ဖတ်နိုင်အောင် မိမိတို့အားသန်သလို ရေးကြတာ ကောင်းပါတယ်။ နယ်ပယ်ပေါင်းစုံက အတွေ့အကြုံတွေကို အတွေးရှုထောင့်မျိုးစုံနဲ့ ရေးကြတာ လိုက်ဖတ်လို့တောင် မကုန်နိုင်ဘူး။

စာပေပညာရှင်တွေ ၀ါသနာရှင်တွေ စာရေးကြတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာနဲ့ အိုင်တီပညာရှင်တွေ စာရေးကြတယ်။ ထို့အတူပဲ ကျောင်းဆရာမ၊ သူနာပြုနဲ့ အိမ်ရှင်မတွေ စာရေးကြရင်သိပ်ကောင်း ပါတယ်။ တွေ့ကြုံ ခဲ့သမျှကို ပြန်ဆင်ခြင်သုံးသပ်ပြီး စာတွေရေးရင် ဘ၀စာမျက်နှာတွေဟာ အက္ခရာတင်ကျန်ရစ် ပါလိမ့်မယ်။ စာရေးခြင်းနဲ့ ပတ်သက်ပြီး၊ ပြန်လည်ဆင်ခြင်းသုံးခြင်း ( Reflection) အကြောင်း အနည်းငယ် ထည့်ရေးချင်ပါတယ်။ ပညာရပ်တိုင်း နယ်ပယ်တိုင်းမှာ ပြန်လည်ဆင်ခြင်သုံးသပ်တဲ့ အလေ့အကျင့် Reflective practice ရှိမှသာ တိုးတက်နိုင်ပါတယ်။ နောက်ကြောင်းပြန်တွေးကြတယ်၊ အရင်ကအကြောင်းတွေကို စမြုံ့ပြန်ပြောကြတယ် ဆိုတာဟာလည်း Reflection လို့ဆိုနိုင်ပါတယ်။ ပြန်တွေး ပြန်ပြောတဲ့ အကြောင်းအရာတွေထဲက တရားနည်းလမ်းမကျတာတွေ အားနည်းချက်တွေကို အမှန်တိုင်းပြန်မြင်နိုင်ပြီး၊ ဘယ်လိုပြုပြင်သင့်တယ် ဆိုတာကို တွေးနိုင် သုံးသပ်နိုင်ရင်တော့ (Critical Reflection) အဆင့်ကို ရောက်ပါတယ်။ တွေးနိုင် သုံးသပ်နိုင်ပြီး၊ ဖတ်ကောင်းတဲ့ စာတွေရေးနိုင်ဖို့ စာဖတ်အားကောင်းဖို့ လိုပြန်ပါတယ်။

ဆင်ခြင်သုံးသပ်မိသမျှကို အများသိအောင် ပြန်ရေးတာကတော့ (Reflective writing) ဖြစ်ပါတယ်။ ဂဘ်စ်ရဲ့ ပြန်လည်ဆင်ခြင်နည်း ပုံစံ (Gibb’s Model of Reflection) ဥပမာပေးပြီး၊ ပြန်လည်ဆင်ခြင် စားရေးနည်းလေးကို အကျဉ်းချုံး ဖော်ပြချင်ပါတယ်။ ဒီမော်ဒယ်က လွယ်ကူရှင်းလင်းလို့ လူကြိုက်များပါတယ်။ သူနာပြု ဘာသာရပ်မှာ Reflective Assignments ရေးရင် ဒီမော်ဒယ်ကို တော်တော်များ သုံးကြတာကို တွေ့ရပါတယ်။ အခြားပညာရပ် နယ်ပယ်တွေမှာလည်း သုံးလို့ကောင်းပါတယ်။ 

ပထမဆုံးအဆင့်မှာ ရေးသားတင်ပြခြင်း (သို့) ဖော်ထုတ်ပြောပြခြင်း (Description) ဖြစ်ပါတယ်။ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်ကို အစီအစဉ် တကျရေးမယ်။ စာဖတ်သူနားလည်အောင် ရှင်းရှင်းလင်းလင်းနဲ့ စိတ်ဝင်စားစရာ ဖြစ်အောင်ရေးမယ်။ စာရေးတဲ့ အလေ့အကျင့် များလားရင် အရေးအသား ပိုမိုကောင်းမွန် ပြေပြစ်လာပါလိမ့်မယ်။ အကြောင်းအရာလေး တစ်ခုကို ကျွန်မပြောကြည့် ပါမယ်။ ကျောက်ကပ်မကောင်းတဲ့ လူနာတွေ တပတ်သုံးကြိမ် ကျောက်ကပ်ဆေးပြီး အသက်ရှင်ရပါတယ်။ မြန်မာပြည်မှာတော့ ပိုက်ဆံချမ်းသာမှသာ နှစ်ရှည်လများ ကျောက်ကပ်ဆေးဖို့ ဖြစ်နိုင်ပါတယ်။ မလေးရှားမှာတော့ ဆင်းရဲသားတွေ ကျောက်ကပ်ဆေးနိုင်အောင် စေတနာရှင် အဖွဲ့အစည်းတွေက ကူညီကြပါတယ်။ ဒီအကြောင်းကို တွေးရင်းရေးရင်းက ကျောက်ကပ်မဆေးနိုင်လို့ ဝေဒနာကို မချိမဆန့် ခံစားရတဲ့ မြန်မာပြည်က လူနာတွေကို ကျွန်မမျက်စိထဲ ပြန်မြင်ယောင်မိပါတယ်။ တွေးပြီး စိတ်မကောင်း ဖြစ်ရတဲ့ ခံစားချက် (Feeling) ဆိုတဲ့အဆင့်ကို ရောက်လာပါတယ်။ 

ခံစားချက်တွေ အတွေးတွေဆိုတာ အင်မတန် အဖိုးတန်တဲ့ နာမ်ပစ္စည်းတွေပါ။ ခံစားရတဲ့အခါ ကျွန်မတို့ တွေးခေါ်တဲ့ ပုံစံတွေပြောင်းသွား ပါတယ်။ ခံစားရလို့ စာနာတတ်လာတယ်။ ကိုယ်တိုင်ခံစားရတာတွေကို သူများတွေသိအောင် ရေးလိုက်တဲ့အခါ အဲဒီခံစားချက်တွေက စာဖတ်သူတွေဆီ ကူးသွားတယ်။ စာဖတ်သူတွေရဲ့ နှလုံးသားကို ထိရှသွားတယ်။ စာဖတ်ခြင်းကရတဲ့ ရသတွေဟာ လူတွေရဲ့ အတွေးအခေါ်ကို ပုံစံပြောင်းပေးနိုင်ပါတယ်။ ခံစားရလို့ တွေးမိရာက ပြန်လည်သုံးသပ်တဲ့အဆင့်  (Evaluation) ကိုရောက်လာပါတယ်။
 


Gibbs Model of Reflection, 1988

Sunday, 4 August 2013

သစ္စာ (မင်းကိုနိုင်)

အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏၀ိဥာဏ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိဥာဏ်  ပူးကပ်ဝင်၍
ကျွန်ုအားထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်
မထောက်မညှာ ပြုခဲ့ပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ် အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုအသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းပဲ
တာဝန်တရပ် ကျေပွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဥာဏ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုကြပါလေ။

မင်းကိုနိုင်

အပြင်စီးမဂ္ဂဇင်း၊ သြဂုတ်လ ၂၀၁၃တွင် ဖော်ပြသော မင်းကိုနိုင်၏ ကဗျာ သို့မဟုတ် သစ္စာစကားကို          ၈၈ ငွေရတု အမှတ်တရအဖြစ် ကျွန်မ၏ဘလော့တွင် ရေးတင်မိပါသည်။

သစ္စာတရားကို မြတ်နိုးသူ၊ သစ္စာစောင့်သိသူတိုင်းကို အလေးပြု ဦးညွှတ်လျက်

နှလုံးလှ စာပေဟောပြောပွဲ (ဇူလိုင် ၂၀၁၃၊ ၆၆ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)



 
နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) ရန်ပုံငွေအဖြစ် ကျင်းပသော (၆၆)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ဇူလိုင်လ (၁၄)ရက်နေ့တွင် SM ခန်းမ ကျင်းပခဲ့ပါသည်။ ရန်ကုန် နာရေးကူညီမှုအသင်း ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့မှ လာရောက်ဟောပြောခဲ့ ပါသည်။ အခမ်းအနား မစတင်မှီ ဗိုလ်ချုပ်အောင်ဆန်းနှင့်အကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို အလေးပြုပြီး၊ နိုင်ငံတော်သီချင်းကို သီိဆိုကြသည်။
ပညာတန်ခိုးနှင့် ပရဟိတလူမျိုးခေါင်းစဉ်ဖြင့် ကိုဂျင်မှီမှ ပထမဆုံးဟောပြော ပါသည်။ စာပေဟောပြောပွဲသှို့ တက်ရောက်လာကြသော ပုရိတ်သတ်များကို ကိုဂျင်မီက ရင်ထဲကလာသော စကားဖြင့် မင်္ဂလာပါဟု လှိုက်လှိုက်လှဲလှဲနုတ်ဆက်၍ ဟောပြောပွဲကို စတင်ပါသည်။ ဟောပြောကျင်းပရန် (၄)လခန့် ကြိုတင်ပြင်ထား ခဲ့သော်လည်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကြောင့် လာရန်သင့်မသင့် စုံးစမ်းခဲ့ရပါသည်။ မလေးရှားအဖွဲ့များက ယခုလိုအခြေအနေမျိုးတွင် လာရန်ပို၍လိုအပ်ကြောင်း ပြောသဖြင့် လာခဲ့ကြပါသည်။ ပြည်ပရောက်မြန်မာများအတွက် ခွန်များမျှဝေပေးရန် ရောက်လာခြင်းဖြစ်သည်။
မြန်မာလူမျိုးများသည် ပညာကိုတန်ဖိုးထား၍ ပရဟိတကို မြတ်နိုးသော လူမျိုးဖြစ်သည်။ ပညာတန်ခိုးနှင့် ပရဟိတ လူမျိုးသာလျှင် ကမ္ဘာမှာ အထက်တန်းသို့ ရောက်နိုင်သည်။ မြန်မာတို့သည် ပညာကို တန်ဖိုးထားပါလျှက် ပရဟိတကို မြတ်နိုးပါလျှက် အောက်ကျနောက်ကျ ဖြစ်နေရခြင်းမှာ နှစ်ပေါင်းငါးဆယ်ကျော် ရက်ရက်စက်စက် ဖျက်ဆီးခံ ခဲ့ရသောကြောင့် ဖြစ်သည်။ ပညာဆိုသည်မှာ အမှန်တရားကို ထိုးထွင်းသိမြင်နိုင်ခြင်းကို ဆိုလိုသည်။ ပညာဟုဆိုလျှင် အတန်းပညာနှင့် မပြီး၊ အတန်းပညာသည် အမှန်တရားကို ထိုးထွင်းသိမြင်နိုင်ရန် အထောက်အကူ ပြုသည်။ အခြေခံပညာ အားနည်းသည့်အခါ အမှန်ကိုသိခွင့်မရ၊ လမ်းလွဲသွားကြသည်။ ၁၉၈၈ ၀န်းကျင်က ပညာရေးသည် ယခုအချိန်ထက်စာလျှင် မဆိုးသေးဟုဆိုနိုင်သော်လည်း၊ ထိုအချိန်ကတည်းက သင်ထောက်ကူ ပစ္စည်းများ မလုံလောက်ခြင်း၊ လက်တွေ့လေ့လာရန်လိုအပ်သော ပစ္စည်းကိရိယာများ ပျက်စီးယိုယွင်းနေခြင်းတို့ကြောင့် ထိရောက်စွာ သင်ကြားခွင့်မရခဲ့သည့် တက္ကသိုလ်ကျောင်းက အတွေ့အကြုံများကို ပြောပြခဲ့ပါသည်။ သိပ္ပံပညာရှင် ဖြစ်ချင်သောကြောင့် ရူပဗေဒ ဘာသာရပ်ကို သင်ယူခဲ့သော ကိုဂျင်မီသည် ရည်းမှန်းချက်နှင့် ဝေးခဲ့ရသည်။
အခြေခံပညာအားနည်း၍ အမှန်တရားကို သိခွင့်မရသော မြန်မာပြည်သူများသည် အကြောက်တရားများကြောင့် အမှန်ကိုထုတ် မပြောရဲကြပေ။ အကြောက်တရားတွင် ရိုးသားသော အကြောက်တရားနှင့် မရိုးသားသော အကြောက်တရားဟူ၍ နှစ်မျိုးရှိသည်။ မိမိဆွေမျိုး အသိုင်းအ၀ိုင်း ထိခိုက်နစ်နာမည်ကို စိုးရိမ်၍ကြောက်ခြင်းသည် ရိုးသားသော အကြောက်တရားဖြစ်သည်။ မိမိကြီးပွားချမ်းသာရေးအတွက် အထက်ဖား အောက်ဖိလုပ်ခြင်းသည် မရိုးသားသော ကြောက်ခြင်းဖြစ်သည်။ အမှန်တရားကို မြတ်နိုးသော မြန်မာလူမျိုးများသည် အမှန်တရားကို ပြခွင့်မရပါက နှလုံးသားထဲတွင် သိမ်းဆည်းထားပြီး၊ အခွင့်အရေးရပါက အမှန်ကို ထုတ်ဖော်ပြောကြသည်။            ၈၈ အရေးအခင်းကြီးသည် အမှန်ကို ထုတ်ဖော်ပြသော သာဓကဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် အခွင့်အရေးရခိုက် အမှန်တရားကို ပြလိုက်ခြင်း ဖြစ်သည်။ မကြာသေးခင် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည်လည်း အမှန်တရားကို ဖွင့်ပြလိုက်ခြင်းဖြစ်သည်။

Tuesday, 30 July 2013

ဘ၀ပညာ ဘိုးဘွားတွေဆီမှာရှာ




မြန်မာဖတ်စာမှာသင်ရတဲ့ အဖိုးအိုနဲ့ သားသုံးယောက်အကြောင်းကို မှတ်မှိကြပါလိမ့်မယ်။ အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ၊ တရွာတကျီဆောက်ပါ၊ ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ လို့ အဖိုးအိုက သားတွေကို ဆုံးမခဲ့တဲ့ စကားသုံးခွန်းဟာ ဘ၀တခုတည်ဆောက်ရာမှာ အရေးပါသော ပညာရှိစကား ဖြစ်ပါတယ်။ ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ ဆိုတဲ့စကားနဲ့ ပတ်သက်ပြီး၊ ကျွန်မရဲ့ အတွေးအမြင် အချို့ကို ကိုယ်တွေ့သဘောနဲ့ယှဉ်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။

အသက်အရွယ်အိုမင်းလာတဲ့ အဖိုးအိုအဖွားအိုတွေ ဦးခေါင်းကို တည့်အောင်မထိန်းနိုင်တော့ပဲ ဒူးနှစ်လုံးကြား ခေါင်းဝင်နေတဲ့ အခြေအရောက်နေကြတာကမို့  ဦးခေါင်သုံးလုံးရှိသူအဖြစ် တင်စားခြင်းဖြစ် ပါတယ်။ ပထမအရွယ်၊ ဒုတိယအရွယ်နဲ့ တတိယအရွယ် အရွယ်သုံးပါးက အတွေ့ကြုံတွေရှိနေကြလို့ အဖိုးအဖွားတွေဟာ တကယ်လည်း ဦးနှောက် သုံးခုရှိကြသူတွေပါ။ ကျွန်မတို့ထက်အရင် လူဖြစ်ခဲ့ကြသူတွေမို့ ကျွန်မတို့ မသိသေးတာတွေကို တွေ့ကြ၊ကြုံကြ၊ သိပြီးနေကြသူတွေဖြစ်တဲ့ အဖိုးအိုအဖွားအိုတွေကို မှီဝဲဆည်းကပ် နည်းယူကြဖို့လိုပါတယ်။ ယူတတ်မယ်ဆိုရင် သုံးမကုန်နိုင်တဲ့ ဘ၀ပညာတွေကို အဖိုးအို အဖွားအိုတွေဆီက ရယူနိုင်ပါတယ်။ အနီးစပ်ဆုံးဖြစ်တဲ့ မိဘဖိုးဖွားတွေဟာ ကျွန်မတို့ရဲ့ လက်ဦးဆရာ ငယ်ဆရာတွေပဲဖြစ်ပါတယ်။

ကျွန်မ ငယ်ငယ်က အမေ့ဘက်က အဖိုးနဲ့အဖွားနဲ့ပဲ ရင်းနှီးခဲ့ပါတယ်။ အဖေ့ဘက်က အဖိုးနဲ့အဖွားက အသက်တိုကြသူတွေမို့ ကျွန်မ မမြင်ဖူးလိုက်ပါ။ အမေဘက်က ကျွန်မရဲ့ အဖိုးနဲ့အဖွားနှစ်ယောက်လုံး မြေးတွေအပေါ် သံယောဇဉ်ကြီးကြ ပါတယ်။ အဖိုးရဲ့အကြောင်းကို ကျွန်မရေးတဲ့ ကရင်ဈေးရောင်း ဆောင်းပါးမှာ အနည်းငယ် ထည့်ရေးခဲ့ပါတယ်။ သဘောထားဖြောင့်တဲ့ ကျွန်မတို့အဖိုးဟာ ခွတီးခွကျသိပ်နိုင် ပါတယ်။ သူ့အင်းကငါးတွေကို အမျိုးတွေက စိတ်ကြိုက်သယ်နေတာကို အဒေါ်တွေက မကျေနပ်လို့ ပြောမိရင် အဖိုးက သိပ်စိတ်ဆိုးပါတယ်။ ကျွန်မအဒေါ်တွေ အိမ်ရှေ့မှာ အလှပန်းတွေစိုက်ထားတာကိုလည်း အဖိုးက မျက်စိစပါးမွှေးစူးပါတယ်။ အိမ်ကိုလာတဲ့ ဧည့်သည်တွေက ပန်းတွေစိုက်ထားတာ သိပ်လှတာပဲလို့ ပြောရင် အဖိုးက ဘ၀င်မကျပါဘူး။ အခုနေသာ အဖိုးရှိနေသေးရင် ပန်းတွေစိုက်တာကို ဘာလို့မကြိုက်တာ လဲလို့ ကျွန်မမေးချင်ပါတယ်။ ငယ်ငယ်ကတော့ အဖိုးကြောက်ရတော့ မမေးရဲခဲ့ပါဘူး။ ထမင်းစားပြီးရင် ဗိုက်တင်းတယ်လို့ ညည်းမိရင် အဆူခံရပါတယ်။ ထမင်းစားရင် အစာကြေလွယ်အောင် ဗိုက်ပြည့်ရုံပဲ စားရမယ်၊ မဆန့်ရင်ကာ မစားရဘူးလို့ အဖိုးက ဆုံးမပါတယ်။

ဘုန်းကြီးကျောင်းသား ကျွန်မအဖိုးဟာ ပညာရှိတယောက် မဟုတ်ပေမဲ့ သူတော်ကောင်း တယောက်လို့တော့ ပြောနိုင်ပါတယ်။ ၀ါတွင်းသုံးလမှာ ဥပုဉ်နေ့တိုင်း မပျက်မကွက် ဥပုဉ်စောင့်ပါတယ်။ အခါတွင်းဆိုရင် သင်္ကြန် အကြိုနေ့ကနေ နှစ်ဆန်းတရက်နေ့ထိ ဥပုဉ်နဲ့ပဲနေပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ ၀ါသနာမပါတဲ့ အဖိုးဟာ ဘုန်းကြီးဆိုရင် သိက္ခာပုဒ်များနဲ့ ညီအောင်နေမှ ကြည်ညိုပါတယ်။ သမီးငါးယောက်မွေးထားတဲ့ အဖိုးဟာ သူ့သမီးတွေကို သူများယောက်ျားကလွဲရင် ဘယ်သူနဲ့မဆို သဘောတူတယ်လို့ ဆိုပါတယ်။ အဲဒီစာရိတ္တ သွေးကို အမေကောင်းကောင်း အမွေရခဲ့ပါတယ်။ ဗုဒ္ဓစာပေ ကျန်းဂန်တတ်ကျွမ်းတဲ့ အဖိုးကို မရှင်းမလင်းတာ ရှိရင် အကုန်မေးလို့ ရပါတယ်။ ငယ်ငယ်က မေးရကောင်းမှန်း မသိခဲ့တဲ့ကျွန်မ ခုနေများအဖိုးရှိနေသေးရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ 

Saturday, 13 July 2013

ကံ၊ စိတ်၊ ဥတု၊ အာဟာရ




ကျန်းမာရေး မကောင်းလို့ ငွေကုန်လူပန်း ဖြစ်နေကြတဲ့ လူနာတွေအတွက် စိတ်မသက်မသာဖြစ်မိလို့ ကျန်းမာခြင်းရဲ့ အကြောင်းတရားတွေဖြစ်တဲ့ ကံ၊စိတ်၊ဥတု၊ အာဟာရ အကြောင်းကို စာတစ်ပုဒ်ရေးဖို့ စိတ်ကူးမိပါတယ်။ မြန်မာတိုင်းရင်း ဆေးပညာနဲ့ ပတ်သက်ပြီးကျွန်မမှာ ဗဟုသုတအခြေခံ မရှိတဲ့အတွက် ကျွန်မလေ့လာမှတ်သားထားတဲ့ အနောက်တိုင်း ဆေးပညာအယူအဆနဲ့ လူနေမှုဘ၀ အတွေးအမြင်အချို့ကို ဆက်စပ်ပြီး ဆွေးနွေးတင်ပြ သွားပါမယ်။

နံပါတ်တစ် အရေးကြီးဆုံးအကြောင်းကတော့ ကံပဲဖြစ်ပါတယ်။ ကံကြောင့် လူတွေကျန်းမာကြတယ်၊ အနာရောဂါ ထူပြောကြတယ်။ ကံဆိုတဲ့နေရာမှာ အတိတ်ဘ၀ကပြုခဲ့တဲ့ကံ၊ ယခုဘ၀ပြုခဲ့တဲ့ကံ နှစ်မျိုးလုံးနဲ့ ဆိုင်ပါတယ်။ အရင်ဘ၀က သီလမလုံတဲ့လူ၊ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့လူတွေဟာ အနာရောဂါထူပြောတတ်တယ် ဆိုတာကို ကံ၊ကံ၏ အကျိုးကို ယုံကြည်သူတိုင်း လက်ခံကြပါလိမ့်မယ်။ ဘယ်သူမပြု မိမိမှုဆိုသလို အရင်ဘ၀က မကောင်းခဲ့လို့ ဒီဘ၀မကျန်းမမာ ဖြစ်နေရသူတွေ နောင်ဘ၀ကောင်းအောင် သီလစောင့်ဖို့လို ပါတယ်။ သီလစင်ကြယ်ရင်၊ ၀ိပသနာ ဘာဝနာပွားနိုင်ရင် ယခုဘ၀ခံစားနေရတဲ့ ဝေဒနာအချို့ကို သက်သာစေနိုင်ပါတယ်။ အရင်ဘ၀က သီလအားကောင်းခဲ့လို့ ကျန်းမာနေသူတွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ပြုမူ ဖို့လိုအပ်ပါတယ်။ အချိန်မှန်အိပ်၊ မျှတတဲ့ အာဟာရကို အချိန်မှန်စား၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး၊ ကိုယ်အလေးချိန် ထိန်းရပါမယ်။ ဆေးလိပ်သောက်တာရှောင်ရမယ်။ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ရမယ်။ အတိတ်ကံ ကောင်းပါလျှက်၊ ဒီဘ၀ပြုတဲ့ကံ မကောင်းရင်၊ ဆင်ဆင်ခြင်ခြင်မနေရင် ရောဂါထူပါလိမ့်မယ်။

ဒုတိယ အရေးကြီးဆုံးအကြောင်းက စိတ်ပါ။ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဟာ တိုက်ရိုက်ကို ဆက်စပ်နေ ပါတယ်။ ယခုအဖြစ်များနေတဲ့ နှလုံးရောဂါ၊ ဆီးချို၊သွေးတိုး၊ လေဖြတ်ရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အစားအသောက်၊ လူနေမှုစနစ်နဲ့ စိတ်ဖိစီးမှု များလို့ ဖြစ်ရတဲ့ရောဂါတွေ ဖြစ်ပါတယ်။ မလေးရှားမှာ အလုပ်လုပ်နေကြတဲ့ အသက်နှစ်ဆယ် သုံးဆယ်အရွယ်အချို့တွေ သွေးတိုးရှိကြတယ်။ ဆွေမျိုးမိသားစုရဲ့ အကြင်နာ မေတ္တာတွေနဲ့ ကင်းကွာနေရပြီး၊ အဆင်မပြေတာ မကျေနပ်စရာတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှု ဒဏ်တွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါရကြတယ်။ လူနေမှုစနစ် ကမောက်ကမ နိုင်လှပြီး၊ စိတ်ဖိစီးမှုတွေ သိပ်များကြတဲ့ မြန်မာပြည်ကလူတွေ ရောဂါဘယ ထူပြောကြတယ်။ ဆေးကုစရာ ပိုက်ဆံမရှိလို့ အသက်တိုကြတယ်။ အာဖရိကန် နိုင်ငံတွေပြီးရင် မြန်မာပြည်ရဲ့ ပျမ်းမျှလူ့သက်တမ်းဟာ ကမ္ဘာမှာအနိမ့်ဆုံး ဖြစ်နေပါတယ်။

Saturday, 29 June 2013

မြေနိမ့်ရာလှံစိုက်...

အရှိန်အ၀ါ အားကောင်းတဲ့ တိုင်းမဂ္ဂဇင်းက အင်းအားချည့်နဲ့နေတဲ့ မြန်မာပြည်က ဗုဒ္ဒဘာသာတွေကို တဖက်စောင်း ဝေဖန်ရေးသားမှုဟာ မြေနိမ့်ရာ လှံစိုက်ခံရသလို ခံစားရပါတယ်။ မြေနိမ့်ရာ အရပ်မှာ စည်ပင်ထွန်းကားတဲ့ ကျွန်မတို့ရဲ့ သာသနာတော် လှံစူးခံနေရပြီ။ အမှန်ကို ရေးတာဆိုရင် နှစ်ဖက်စလုံးက လွန်တာတွေကို ရေးရမယ်မဟုတ်လား။ မကျေနပ်တဲ့ ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ တုန့်ပြန်မှုကို  မှုစရာမလိုတော့ မိမိလိုရာဆွဲ ရေးထားတာ ကျင့်ဝတ်ညီပါရဲ့လား။ မိမိသာသနာ လူမျိုးနဲ့ တိုင်းပြည်အကျိုး တစ်စုံတရာအတွက် အားနည်းသူ လူမျိုးစုကို စော်ကားရမဲ့ အလုပ်မျိုး ကျွန်မတို့ ဘယ်တော့မှ မလုပ်ကြစို့နဲ့။

Hannah Beech ရဲ့အရေးအသားကြောင့် ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပြီ။ သူပြောသလို ကျွန်မတို့ အကြမ်းဖက်သမားတွေ မဟုတ်ဖူးဆိုတာကို အလုပ်နဲ့ သက်သေပြဖို့ တစ်လမ်းပဲရှိပါတယ်။ စင်ကြယ်ဖြောင့်မတ်သော မြတ်စွာဘုရား အဆုံးအမတွေကို နှလုံးသားထဲမှာ အမြဲထည့်ထားပြီး၊ စည်းကမ်းရှိခြင်း ညီညွတ်ခြင်းတွေနဲ့ သိက္ခာပြန်ဆယ် ကြရအောင်ပါ။ လှံစိုက်ခံရလို့ နာကျင်တဲ့ ဝေနာကို ကြိတ်မှတ်သည်းခံရင်း၊ အနာကျက်အောင် မေတ္တာဆေးလုံး သောက်သုံးလိုက်ပါ။   မြတ်စွာဘုရားက ၇န်လိုမုန်းတီးမှု ကဲ့ရဲ့ဝေဖန်မှုတွေကို မေတ္တာနဲ့ တုန့်ပြန်ဖို့သာ ဆုံးမတော်မူတယ် မဟုတ်လား။

Saturday, 22 June 2013

Incredible Beauty











Beauty is the quality that gives pleasure to the senses. People says there are five senses; vision, auditory, olfactory (smell), taste and touch. There is one more sense; our mind that is responsible for our thoughts and feelings. If something pleases our mind, it can be a beautiful thing. Yet beauty of jasmine flowers gives pleasure to our sense of vision and smell. So to the beauty of charity, it gives pleasure to the mind of the persons who are in need. 

The synonym for charity is brotherly love; one takes the troubles to help the others with border-less love, regardless of race and religion. The act of charity can be in group or individual, public or private, even it can be significant or unnoticeable. 

Who know about the insignificant charity work, but it has incredible beauty, keeps up in the innocent world? Where it is? Who are they? Yet, that is a wonderful country in South East Asia where Buddhism culture has been flourishing. Those people are they who love charity and inner peace, Myanmar people, especially those living in villages.  

There is a lovely culture that they build the stand for water pot. If you travel around, you do not need to bring water along, you can get drinking water from the water-pot stands at every village, usually located at the roadside under the shady tree. Sometimes, they build ordinary rest-house attached together with water-pot stand.


Sunday, 16 June 2013

ကျွန်မတို့ရွာကို သက်သေတည်



မလေးရှားမှာ ပြသနာတွေဖြစ်တယ်ဆိုတော့ ရွာကအကိုတွေ အမျိုးတွေက စိတ်ပူကြတယ်။ သူငယ်ချင်းတွေက သတင်းမေးကြတယ်။ ဘေးရန်ကင်းလျှက် ရှိကြောင်းပါ၊ ကိစ္စရှိလို့ အပြင်ထွက်ချင်ရင်တော့ နည်းနည်းသတိထား ရတာပေါ့လို့ စိတ်မပူအောင် ဖြေလိုက်ပါတယ်။ မလေးရှားရောက်နေကြတဲ့ မြန်မာတွေအတွက် အသက်ဘေး အန္တရာယ် လုံခြုံမှုမရှိတာ ဟိုအရင်ကတည်းပါ။ မလေးရှာရောက် မြန်မာတွေအကြောင်း ထိမိပြောင်မြောက်စွာ ရေးထားတဲ့ စာ၊ကဗျာတွေကို ဖတ်ဖူးကြပါလိမ့်မယ်။
 
 မလေးရှားကို ကျွန်မရောက်တာ ခြောက်နှစ်ကျော်ခဲ့ ပါပြီ။ ပျော်လားမေးရင် မပျော်ဘူးလို့ ဖြေချင်ပါတယ်။ အဆင်ပြေလားမေးရင် ဒီလိုပါပဲလို့ ဖြေပါမယ်။ မလေးရှားရောက်မြန်မာ ငါးဆယ်ရာခိုင်နှုန်းကျော်က ကျွန်မလိုပဲ ဖြေကြမှာ သေချာပါတယ်။ ဒီလိုဆို ပြန်လာကြလေလို့ ပြောရင်တော့ ရွှေပြည်တော် ပြန်နိုင်ဖို့ ဝေးနေပါကြောင်း ကိုယ့်ဝမ်းနာတာ ကိုယ်ပဲသိကြ ပါတယ်။ အပြင်မထွက်ပဲ အခန်းထဲမှာကုတ်နေရင်း အင်တာနက်က စာတွေဖတ်နေ လိုက်ပါတယ်။ အထူးသဖြင့် သာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်တာတွေ ရှာဖတ်ဖြစ်ပါတယ်။ ဖတ်ရင်း စာတစ်ပုဒ်လောက် ရေးချင်စိတ် ဖြစ်လာပါတယ်။ စာရေးရင် ကိုယ်တိုင်သိသော အကြောင်းအရာကို ရေးပါလို့ စာရေးဆရာမ မစန္ဒာက မလေးရှားစာပေ ဟောပြောပွဲမှာ ပြောခဲ့ပါတယ်။ ဆရာမစကားကို မြေ၀ယ်မကျ နားထောင်ပြီး ကျွန်မသိတဲ့ ရွာကအကြောင်းတွေကို ရေးလိုက်ပါတယ်။ 

 

Saturday, 15 June 2013

ထိုင်လျှက် အိပ်တတ်သူတို့အကြောင်း




ကျွန်မတခါတလေ စိတ်ကောင်းဝင်တဲ့အခါ တရားလေး ဘာလေးနာတယ်။ ချမ်းမြေ့ဆရာတော်ရဲ့ တရားတွေကို ရံဖန်ရံခါ နာဖြစ်ပါတယ်။ ချမ်းမြေ့ဆရာတော်က လေသံအေးအေးနဲ့ တရားဟောပြီး၊ တခါတလေ ရယ်စရာလေးတွေ ထည့်ဟောတတ်ပါတယ်။ တချို့ယောဂီတွေ တရားထိုင်ရင်း အိပ်ငိုက်တာ၊ အိပ်ပျော်နေတာတွေကို မြင်ရတာ ဆရာတော်အတွက် ရိုးနေမှာပါ။ ဒါကြောင့် ဆရာတော်က တရားထိုင်တဲ့သူတွေဟာ ထိုင်လျှက်လဲ အိပ်တတ်တယ်လို့ ဆိုပါတယ်။ တရားထိုင်တဲ့သူတွေမှ မဟုတ်ဘူး သူနာပြုတွေလည်း ထိုင်လျှက်အိပ်တတ်ပါတယ်ဘုရားလို့ ကျွန်မ စိတ်ထဲကနေ ဆရာတော်ကို ပြန်လျှောက်မိပါတယ်။
 
အမှန်ပြောတာပါ၊ သူနာပြုတွေ ထိုင်လျှက်ငုတ်တုတ် အိပ်တတ်ကြပါတယ်။ ဒီအကြောင်းကို ပြောချင်လို့ ချမ်းမြေ့ဆရာတော် ပြောစကားနဲ့ နိဒါန်းပျိုးလိုက်တာပါ။ ညအချိန်မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းတွေကို စွန့်လွတ်ပြီး အလုပ်လုပ်ရတဲ့ သူနာပြုတွေရဲ့ ဘ၀တစ်စိတ် တစ်ဒေသကို မြင်သာအောင် ဖွင့်ပြပါရစေ။ ငယ်ငယ်က ကျွန်မရဲ့ စိတ်ကူးယဉ်အိမ်မက်တွေမှာ သူနာပြုဆရာမပုံရိပ်တွေ လုံးဝရှိမနေခဲ့ပေမဲ့ ကျွန်မ သူနာပြုတစ်ယောက်ဖြစ် လာပါတယ်။ ရွေးချယ်ခွင့်တွေ မရှိသလောက်နည်းတဲ့ မြန်မာပြည်က ကျွန်မတို့မျိုးဆက်မှာ အိပ်မက်နဲ့လက်တွေ့ ကွာဟမှုတွေဟာ ဘာမှမထူးဆန်းဘူးလို့ပဲ ပြောရမှာပါ။ လက်တွေ့ဘ၀နဲ့ သဟဇာတဖြစ်အောင် ကြိုးစားနေထိုင်ရင်းက သူနာပြုတစ်ယောက် ဖြစ်ရတဲ့အပေါ် ကျေနပ်နေတတ်ခဲ့ပါတယ်။ ငယ်ငယ်က တစ်ညအိပ်ရေးပျက်ရင် ညပေါင်းများစွာ အတိုးချပြီး အိပ်ခဲ့ဖူးပါရဲ့။ လက်တွေ့ဘ၀ကို သူနာပြုအလုပ်နဲ့ ရပ်တည်တဲ့အချိန်ရောက်လာတော့ မအိပ်ရတဲ့ ညပေါင်းများစွာကို တစ်ညလောက် နှစ်ခြိုက်စွာအိပ်ပြီး ကျေနပ်ခဲ့ရပါတယ်။


ကျောင်းပြီးခါစကညဂျူတီကျရင် အော်ငိုချင်စိတ် ဖြစ်မိပါတယ်။ နောင်တော့လည်း အကျင့်ရသွားခဲ့ပါတယ်။ အထူးသူနာပြု (Special nurse) လည်း လုပ်ခဲ့ရပါတယ်။ လူနာဘေးနားက ထိုင်ခုံမှာ ငုတ်တုတ်ထိုင်ပြီး အိပ်ပျော်ခဲ့ရတာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ထိုင်ခုံ နောက်မှီကို ခေါင်းလေးမှီုပြီး၊ မှေးစက်ရာက နိုးလာရင် ဇက်ကြောတွေ နာကျင်နေပါတော့တယ်။ ညတာဝန်ကျတာ အိပ်ဖို့မဟုတ်ဘူးလို့ ပြောချင်လား။

Sunday, 9 June 2013

FRIEND: သူငယ်ချင်း


A friend is someone who sticks with us not only during good times but especially so during difficult times. It is during bad times that will see who our real friends are! They will stand by us and give us the moral, spiritual and emotional support we need. Fair weather friends will leave as soon as they see us in trouble.
မိတ်ဆွေသူငယ်ချင်းဆိုတာ  ကျွန်မတို့ရဲ့ သာယာလှပသော အချိန်တွေမှာသာမဟုတ်ပဲ အထူးသဖြင့် အခက်အခဲ တွေ့နေချိန်များမှာပါ  မခွဲမခွာ အတူတကွရှိနေပေးသူ ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခရောက်နေချိန်ဟာ ဘယ်သူဟာဖြင့် မိတ်ဆွေသူငယ်ချင်း အစစ်အမှန်လဲဆိုတာကို ကျွန်မတို့သိမြင်နိုင်တဲ့ အချိန်ဖြစ်ပါတယ်။ မိတ်ဆွေ အစစ်အမှန်တွေက ကျွန်မတို့ အနားမှာရပ်တည်ပြီး၊ ကျွန်မတို့လိုအပ်တဲ့ စာရိတ္တပိုင်းဆိုင်ရာ၊ ဘာသာတရားနဲ့ စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှုတွေ ပေးပါတယ်။ သာမှပေါင်းတဲ့ သူငယ်ချင်းတွေကတော့ ကျွန်မတို့ ဒုက္ခရောက်နေတာကိုမြင်ရင် ချက်ခင်းဆိုသလို ရှောင်ခွာသွားကြမှာ ပါလိမ့်မယ်။

We will also know who our real friends are when the going is good. Real friends will share our joy and happiness. Real friends will celebrate with us sincerely. Others whom we thought to be genuine friends may instead be jealous of our success and may try to avoid us or worse, malign us. Be very careful in selecting friends. Wisdom and discernment are needed in seeking good friends.
မိတ်ဆွေစစ်တွေကို ကျွန်မတို့ အဆင်ပြေအောင်မြင်နေချိန်မှာလဲ သိမြင်နိုင်ပါတယ်။ မိတ်ဆွေစစ်တွေဟာ ကျွန်မတို့ရဲ့ ပျော်ရွှင်မှု အောင်မြင်မှုကို အတူမျှဝေခံစားကြ ပါတယ်။ မိတ်ဆွေစစ်တွေက ကျွန်မတို့ကို ရိုးသားဖြူစင်စွာ ဂုဏ်ပြုချီးမြှင့် ကြပါလိမ့်မယ်။ မိတ်ဆွေစစ်လို့ ကျွန်မတို့ထင်ထားတဲ့ လူအချို့ကတော့ဖြင့် ကျွန်မတို့ရဲ့ အောင်မြင်မှုအပေါ် မနာလိုဖြစ်ကြပြီး ရှောင်ဖယ်ကြမယ်၊ ဒီထက်ဆိုးနိုင်တာက ကျွန်မတို့ကို ဒုက္ခရောက်အောင် ချောက်တွန်းကြ ပါလိမ့်မယ်။ မိတ်ဆွေသူငယ်ချင်း ရွေးချယ်ရာမှာ အလွန်ကိုပဲ သတိရှိ ရပါမယ်။ သူငယ်ချင်းကောင်းကို ရှာဖွေရာမှာ သတိဥာဏ် ပညာရှိဖို့ လိုပါတယ်။

Wednesday, 29 May 2013

၂၁ ရာစုချွေတာရေး


ဆရာပီမိုးနင်းရေးတဲ့ အချိန်နဲ့ချွေတာရေး စာအုပ်ကို လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေ ဖတ်ဖူးကြပါလိမ့်မယ်။ ပြောင်းလဲတိုးတက်နေတဲ့ ၂၁ရာစုက မျိုးဆက်သစ်တွေအတွက် အသုံးဝင်ဆဲ စာအုပ်ဖြစ်ပါတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေနောက် မနားတမ်းလိုက်ကြပြီး၊ ပျော်ရွှင်မှုကို အပြင်လောကမှာ လိုက်ရှာနေကြတဲ့သူတွေ ချွေတာရေးလမ်းစဉ်ကို ကျင့်သုံးနိုင်မှသာ ပျော်ရွှင်မှု အစစ်အမှန်ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ချွေတာရေး ဆိုတဲ့နေရာမှာ အချိန်၊ ငွေကြေးနဲ့ သဘာဝအရင်းအမြစ်တွေ အားလုံးကို အလေအလွင့်မရှိအောင် သုံးစွဲကြဖို့ ဖြစ်ပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ အချိန်ရဲ့ အဖိုးတန်ပုံကို မသိတဲ့သူလူ ရှိမယ်မထင်ဘူး။ သိသိကြီးနဲ့ ကျွန်မတို့ အချိန်တွေ ဖြုန်းနေကြပါတယ်။ ကျွန်မတို့ တခါတလေ ပျင်းနေကြတယ်၊ တွေဝေကြတယ်။ စိတ်လေလွင့်ပြီး အချိန်ဖြုန်းမိ တာတွေရှိတယ်။ ဆရာပီမိုးနင်းက အချိန်အတိုအစလေးတွေကအစ အလဟသဖြစ်မသွားအောင် သုံးသင့် တယ်လို့ ရေးထားပါတယ်။ ဥပမာ ရထားစီးရင်း၊ ကားစောင့်ရင်း ဘာဝနာပွားနေမယ်ဆိုရင် အဲဒီအချိန် အတိုအစလေးတွေက အကျိုးရှိရှိ ကုန်သွားပါတယ်။ အချိန်တိုင်း နေ့တိုင်း ကုသိုလ်၊ပညာ၊ဥစ္စာ တခုခုကို ရအောင်ယူမယ်လို့ သံဋိဓ္ဓာန်ချပြီး၊ မဖြစ်မနေ ရအောင်ကြိုးစား ကြဖို့လိုပါတယ်။ အကျိုးရှိရှိကုန်သွားတဲ့ နေ့ရက်မျိုးမှာဆိုရင် ကိုယ့်ကိုကိုယ် အားရကျေနပ်ပြီး၊ ယုံကြည်မှုတွေ တိုးလာပါတယ်။ အဲဒီလိုနေ့ရက် တွေများလာရင် ယုံကြည်မှုတွေ ပြည့်လျှံလာပြီး၊ ကျေနပ်ပျော်ရွှင်ရတဲ့ နေ့တွေများလာမှာပါ။ ကုန်သွားတဲ့ အချိန်တိုင်းဟာ မိမိအတွက် သို့မဟုတ် တစုံတယောက်အတွက် အကျိုးရှိတာမျိုးဖြစ်အောင် ကြိုးစားရင်း ကျွန်မတို့ ၀ီရိယပါရမီ ဖြည့်ကျင့်သင့်ပါတယ်။ 

အချိန်ကို အသုံးချတဲ့ အခါမှာလဲ အိပ်ချိန်၊ နားချိန်၊ အလုပ်လုပ်ချိန်ကို မျှတအောင်သုံးဖို့လိုပါတယ်။ အထူးသဖြင့် အိပ်ချိန်မှန်ဖို့လိုပါတယ်။ ညဥ့်နက်သန်းခေါင်ကျော်တဲ့အထိ မအိပ်မနေ အင်တာနက်နဲ့ ဖေ့ဘွတ်ကို သုံးနေကြတာတွေဟာလည်း မလိုလားအပ်တဲ့ အချိန်ဖြုန်းခြင်းတွေ ဖြစ်ပါတယ်။ အင်တာနက်မှာ စာဖတ်ချင်လို့၊ ပညာသင်ချင်လို့ဆိုရင်လည်း၊ လူတယောက်အတွက် လိုအပ်တဲ့အိပ်ချိန်ပြည့်အောင် အိပ်စက် အနားယူ ရမှာဖြစ်ပါတယ်။ အိပ်ချိန်တန်အိပ်၊ နားချိန်တန်နားမှာသာ နောက်တနေ့ မိုးလင်းရင် လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင်မှာဖြစ်လို့ အလုပ်တွင်ကျယ် ပါတယ်။ တခြားနည်းလမ်းတွေနဲ့ အချိန်ဖြုန်းတတ်တဲ့ အကျင့်တွေရှိနေရင် အဲဒီအကျင့်တွေကို ပျောက်အောင်ကြိုးစား ပြုပြင်သင့်ပါတယ်။ အချိန်ကို ကောင်းကောင်း အသုံးချတတ်သူတွေဟာ ဘ၀မှာ အနည်းနဲ့အများ အောင်မြင်မှုရကြသလို ပျော်ရွှင်မှုကို အတိုင်းအတာ တခုလောက် ရရှိသူတွေ ဖြစ်ပါတယ်။

အချိန်ကို အကျိုးရှိရှိသုံးဖို့ လိုအပ်သလို ငွေကိုချွေတာသုံဖို့လည်း အရေးကြီးပါတယ်။ လိုချင်စရာတွေ များစွာရှိ နေတဲ့ ခေတ်အခါကြီးမှာ ငွေကိုချွေတာသုံးစွဲနိုင်တာတောင် တော်ရုံမကျပါဘူး။ ၀င်ငွေနဲ့မမျှလို့ အားမတန်ရင် လိုချင်ရချင်တဲ့ စိတ်ဆန္ဒကို ချိုးနှိမ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ တတ်နိုင်လို့ ပစ္စည်းတခု ၀ယ်တော့မယ်ဆိုရင် ကိုယ့်အတွက် တကယ်လိုအပ်သလား၊ ၀ယ်ပြီးရင် တကယ်သုံးဖြစ်မှာလားဆိုတာကို သေသေချာချာ စဉ်းစား ပြီးမှ ၀ယ်သင့်ပါတယ်။ ၀ယ်ပြီးမှ မကြိုက်လို့၊ အသုံးမ၀င်လို့ ချောင်ထိုးထားရင် ကုန်သွားတဲ့ငွေတွေ အလကား ဖြစ်သွားတာ နှမျောစရာကောင်းပါတယ်။ တရုတ်မိတ်ဆွေတယောက် အကြံပေးတဲ့ နည်းလမ်းကောင်းလေး ရှိပါတယ်။ ဈေးဝယ်ထွက်တော့မယ်ဆိုရင် ထမင်းစားပြီး ဗိုက်ပြည့်တဲ့အချိန်ကို ထွက်ပါတဲ့။ ဗိုက်ပြည့်နေရင် လိုတဲ့ပစ္စည်းလောက်ပဲ ၀ယ်ဖြစ်တယ်။ ဗိုက်ဆာနေတဲ့အချိန် ဈေးဝယ်ရင် လိုတာရော မလိုအပ်တာတွေပါ ၀ယ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။ သူအကြံပေးတဲ့အတိုင်း ကျွန်မစမ်းကြည့်တာ တကယ်မှန်ပါတယ်။ ဗိုက်ဆာနေတဲ့ အချိန်မှာဆိုရင် စိတ်အလိုမပြည့်ဖြစ်နေတော့ တွေ့သမျှပစ္စည်းကို လိုချင်စိတ်ဖြစ်ပြီး ၀ယ်မိကြ ပါတယ်။ ဗိုက်ပြည့်နေရင် စိတ်အလိုပြည့်နေတာမို့ အပိုဆာရပစ္စည်းတွေဝယ်ဖို့ စိတ်မ၀င်စားတော့ပါဘူး။ နည်းလမ်း ကောင်းလေးမို့ စမ်းကြည့်ကြပါလို့ စာဖတ်သူတွေကို တိုက်တွန်းချင်ပါတယ်။ 

Saturday, 18 May 2013

ကျွန်တော် ဘုံဆိုင်






 ကျွန်တော်က ဘုန်းကြီးကျောင်းသား၊ သူရင်းငှား။ ကျောင်းဆရာရဲ့ အဖေပေါ့ဗျာ။ ကျွန်တော့် နံမည်က ဘုံဆိုင်။ အမေက ကောက်စိုက်သမ၊ ကြုံရာကျပန်း အလုပ်လုပ်တယ်။ အမေ့ အရင်ယောက်ျားက လယ်ကွင်းထဲမှာ ပိုးထိပြီးဆုံးသွားလို့ ကျွန်တာ့်အမေ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့တယ်။

လင်မရှိတဲ့ မိန်းမကို လူမလေးစားဘူးဆိုတာ မှန်မလားတော့ မသိဘူးဗျ။ ကျွန်တော့်အမေဟာ ရွာက လူတကာရဲ့ အသုံးတော်ခံဖြစ်ခဲ့တယ် ဆိုလားပဲ။ ကျွန်တော့်ကို ကိုယ်ဝန်ရတော့ ဘယ်သူနဲ့ရတာလဲ ဆိုတာ အမေကိုယ်တိုင်မသိရှာဘူး။ သူ့ဆီလာတဲ့ ယောက်ျားတွေအားလုံးနဲ့ဆိုင်လို့ ကျွန်တော့်ကို မွေးတော့ ဘုံဆိုင်လို့ အမေကိုယ်တိုင် နံမယ်ပေးခဲ့တယ်။ 

ကျွန်တော့်အတွက်တော့ အဖေဘယ်သူလဲဆိုတာ သိရလို့လည်း ဘာမှထူးပါဘူးဗျာ။ အမေ့ကိုလည်း ကျွန်တော် အပြစ်မတင်ချင်ဘူး။ အမေ ကျွေးမွေးစောင့်ရှောက်ခဲ့လို ကျွန်တော်လူဖြစ်ခဲ့တာ။ အမေ့ကို ကျွန်တော်ချစ်တယ်။ ကျွန်တော်တို့ ဘေးအိမ်ကလူတွေ ဆန်မရှိလို့ ဗိုက်မှောက်နေရတဲ့ အချိန်မှာ အမေက သူ့နည်းသူ့ဟန်နဲ့ ကျွန်တော့်ကို ထမင်းနှပ်မှန်အောင်  ကျွေးခဲ့တယ်ဗျ။

Sunday, 12 May 2013

စေတနာတွေ ဝေဒနာဖြစ်ရတဲ့အခါ



သူနာပြူ မိခင်ကြီး ဖလော့ရန့်နိုက်တင်ဂေးရဲ့မွေးနေ့ မေလ (၁၂)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ အထိမ်းအမှတ်အဖြစ် စာတစ်ပုဒ်ရေးလိုက်ပါတယ်။ အတွေ့အကြုံတွေကို စိတ်ဝင်စားစရာဖြစ်အောင် စီကာပတ်ကုံးရေးပြီး၊ ကျန်းမာရေးဗဟုသုတတွေ ထည့်ထည့်ရေးတာ ကျွန်မရဲ့ ပညာပေးနည်းတစ်ခုပါ။ ကျန်းမာရေးဆောင်းပါး သီးသန့်ရေးရင် စိတ်ဝင်စားသူနည်းပြီး၊ အတွေ့အကြုံလေးတွေနဲ့ ယှဉ်ရေးရင် စာဖတ်သူတွေအတွက် ကျန်းမာရေးအသိတွေနဲ့အတူ အရေးထားတွေစရာလေးတွေလည်း ရသွားမယ်လို့ မျှော်လင့်ပါတယ်။

ဘွဲ့လွန်အတွက် ကျောင်းစရိတ်လိုလို့ တက္ကသိုလ်နဲ့ နီးတဲ့ဆေးခန်းမှာ ခဏ၀င်လုပ်နေပါတယ်။ ဆေးခန်းက အထွေထွေရောဂါ ကုသမှုနဲ့အတူ  Alternative medicine လို့ခေါ်တဲ့  အနောက်တိုင်းဆေးပညာနဲ့ မတူတဲ့ သီးခြားကုထုံးတွေနဲ့ ရောဂါကာကွယ်ကုသခြင်း ၀န်ဆောင်မှုတွေလည်းပေးပါတယ်။ အပ်စိုက်ကုထုံး Acupuncture therapy၊ အိပ်မွေ့ချကုထုံး Hypnotherapy၊ သွေးကြောထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်သတ္ထုတွေနဲ့ အဆီတွေကို ဖြိုခွဲပေးတဲ့ကုထုံး Chelation therapy စတဲ့ကုထုံးတွေဖြစ်ပါတယ်။ အခြားအခြား ထူးထူးဆန်း ဆန်းကုထုံးတွေလည်း အများကြီးရှိပါတယ်။ အချို့ ကုထုံးတွေက လူနာတွေအတွက် အကျိုးရှိပေမဲ့ အချို့ကုထုံးတွေက အန္တရာယ်ရှိပါတယ်။ စင်္ကာပူနဲ့ အနောက်နိုင်ငံ အချို့မှာတော့  ခိုင်မာတဲ့ သုတေသန အထောက်အထားတွေ ရှိမှသာ ဒီကုထုံးတွေကို ခွင့်ပြုပါတယ်။ မလေးရှားမှာတော့ တင်းကြပ်တဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်မှ တော်တော်အားနည်းနေ ပါတယ်။ ငွေလိုလို့ ဒီအလုပ်ကို အခိုက်အတန့် လုပ်နေရပေမဲ့ အချို့ကုထုံးတွေကို ကျွန်မတော်တော်လေး ဘ၀င်မတွေ့ပါဘူး။

ပညာရေးနဲ့ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းတွေမှာ ငွေမျက်နှာပဲကြည့်ပြီး လုပ်ကြရင် လူ့ပတ်ဝန်းကျင် အတွက် အလွန်အန္တရာယ်များပါတယ်။ Chelation therapy လိုကုထုံးမျိုးဆိုရင် ရေရှည်မှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ဆရာဝန်၊သူနာပြုနဲ့ ကျန်းမာရးစောင့်ရှောက်မှု လုပ်ငန်းမှာ ပါဝင်ပတ်သက်သူမှန်သမျှ လူနာတွေရဲ့ကောင်းကျိုးကိုသာ အစဉ်ဆောင်ရွက်ပြီး၊ အန္တရာယ်ဖြစ်စေမဲ့ ဆောင်ရွက်ချက်မှန်သမျှကို ရှောင်ကြည်ရမယ်ဆိုတဲ့ ကျင့်ဝတ်တွေကို စောင့်စည်းလိုက်နာ ကြဖို့လိုပါတယ်။ လူနာတွေရဲ့ ကျန်းမားရေး အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန် အပြုအမူတွေ၊ ရောဂါကုထုံးနဲ့ ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို အမှန်အတိုင်း ပြောပြ ရှင်းပြရမဲ့ ကျင့်ဝတ်တွေရှိတယ်။ ဝေဒနာ ခံစားနေရတဲ့လူနာတွေ ရောဂါကုသရေးနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ကျန်းမာရေးဝန်ထမ်းတွေက ကူညီပေးနိုင်ရပါမယ်။ ဒီကျင့်ဝတ်တာဝန်တွေကို မဖောက်ဖျက်ချင်တဲ့ ကျွန်မအတွက် ယ္ခုဆေးခန်းက အလုပ်တွေဟာ တော်တော်လေး သဟာဇာတ မဖြစ်ပါဘူး။ 

ရင်သားကင်ဆာ ဖြစ်နေတဲ့ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ယောက် ခွဲစိတ်ကုသမှုကို ရှောင်နိုင်ဖို့ နည်းလမ်းရှာရင်း ကျွန်မလုပ်နေတဲ့ ဆေးခန်းက ဆရာဝန်ဆီ ရောက်လာပါတယ်။ သူမရဲ့ ရင်သားအကြိတ်က ကင်ဆာဖြစ်စပဲ ရှိသေးတယ်။ တခြားနေရာတွေကို မပြန့်သေးဘူး။ အချိန်မှီခွဲစိတ်ကုသမှု ခံယူမယ်၊ ကင်ဆာဆဲလ်အခြေအနေ ပေါ်မူတည်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှု ခံယူမယ်ဆိုရင် လုံးဝပျောက် ကင်းနိုငိတဲ့အခြေအနေမှာ ရှိပါတယ်။ ပြဿနာက ရင်သားကို မဖြတ်ချင်ဘူး ဖြစ်နေပါတယ်။ မြန်မာပြည်က လူတွေအများစု ကျန်းမာရေး ဗဟုသုတအားနည်းလို့ ရောဂါကို သိတာနောက်ကျကြတယ်။ ငွေကြေးမတတ် နိုင်လို့ ထိရောက်တဲ့ ကုသမှုတွေ မရကြဘူး။ ကင်ဆာကို နောက်ကျမှ သိရပြီး၊ အဆုတ်ထဲ၊ အရိုးထဲ ပျံ့သွားလို့ ဝေဒနာကို မချိမဆန့်ခံစား နေရတဲ့လလူနာတွေကို မကြခဏ တွေ့ခဲ့ဖူးပါတယ်။အခုကျွန်မတွေ့ရတဲ့ လူနာကတော့ ရင်သားမဖြတ်ချင် တာကြောင့် ဒုက္ခရောက်တော့မယ်။

Wednesday, 1 May 2013

အလင်းရောင်ဆာသော ပန်းကလေးများ



ပန်းတွေပွင့်ဖို့ ရေနဲ့မြေဆီ အာဟာရလိုတယ်။ နေရောင်ခြည်ရဲ့ အလင်းရောင် ကောင်ကောင်းရဖို့လိုတယ်။ အလင်းရောင်ဖျော့နေရင် ပန်းတွေအစွမ်းကုန် လန်းခွင့်မရနိုင်ပါ။ အလင်းရောင်မှိန်တဲ့ လောကအလယ်မှာ ဘ၀အတွက် ရုန်းကန်ရင်း ပညာအလင်းရောင်ကို လိုချင်တပ်မက်နေကြတဲ့ လူငယ်လေးတွေရဲ့အတွက် ရင်နင့်အောင်ခံစားရတဲ့ ဝေဒနာတွေကို ဒီစာရေးပြီး ဖွင့်အန်လိုက်မိ ပါတယ်။ ဝေဒနာတွေကို ကဗျာအလင်္ကာ မြောက်အောင် မဖန်တီးတတ်လို့ စာလုံးတွေအဖြစ်နဲ့ပဲ စီကုံးလိုက်ပါတယ်။
 
တကယ်တော့ ဝေဒနာတွေကို စုထားကြာပြီ။ ကျွန်မချစ်သော ရွှေကရင်တစ်ယောက်နဲ့ ချက်တင်းလုပ်ရင်း ခံစားချက်တွေ စုပုံလာလို့ စာရေးဖြစ်သွားပါတယ်။ အဲဒီ ကရင်လေးက ကျွန်မဘလော့မှာ စာလာဖတ်ရင်း၊ ကရင်အချင်းချင်းမို့ Gmail မှာ မိတ်ဆက်ပြီး ခင်သွားကြတာ။ မြန်မာတွေကို ရွှေမြန်မာလို့ဆိုတော့၊ ကရင်တွေကို ကျွန်မက ရွှေကရင်လို့ ကိုယ့်ဘာသာ အရောင်တင်လိုက်တာပါ။ ရိုးသားသော၊ သစ္စာရှိသော ကရင်တွေရဲ့ဘ၀က ရွှေရောင်လို ၀င်းမနေကြပါဘူး။ ကရင်အများစု ခပ်မှိန်မှိန် အလင်းရောင်အောက် မှာ ဆူးခင်းလမ်းကို ခက်ခဲပင်ပန်းစွာ လျှောက်ကြရသူတွေပါ။ အခြားတိုင်းရင်းသားတွေနဲ့ ပြည်တွင်းပြည်ပက မြန်မာတွေရဲ့ ဘ၀တွေကလည်း အတူတူပါပဲလေ။

Wednesday, 17 April 2013

ဒီနှစ်သင်္ကြန်



တစ်နှစ်ကူးသွားပြန်လည်း မလေးရှားမှာ သောင်တင်နေဆဲမို့ မလေးရှားမှာ သင်္ကြန်နဲ့ နှစ်သစ်ဆင်နွှဲ ခဲ့တဲ့အကြောင်းလေးကို အမှတ်တရ ပြန်ရေးလိုက်ပါတယ်။ သင်္ကြန်အကြိုနေ့မှာ ပီတလင်းဂျာယာက ရတနာယာမ ဘုန်းကြီးကျောင်းက သင်္ကြန်ကို သူငယ်ချင်းနဲ့အတူ သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဘုရားကန်တော့၊ ဆရာတော်ကို နှုတ်ဆက်ဦးချပြီး၊ မုန့်ဟင်းခါးနဲ့စားပါတယ်။ မုန့်ဟင်းခါးစားပြီးတော့ ရွှေရင်အေးကို အားပေးလိုက်ပါသေးတယ်။ မနက်ဆယ်နာရီမှာ ဆရာတော်တရားဟော ပါတယ်။

ဆရာတော်က သင်္ကြန်မှာ လူစုံတုန်း (အထူးသဖြင့် သင်္ကြန်မှာ ပျော်ချင်တဲ့လူငယ်တွေ စုစုရုံးရုံးရှိကြတုန်း) အရေးကြီးဆုံး တရားအဆုံးအမတွေကို လိုရင်တိုရှင်းနဲ့ ထိထိရောက်ရောက် ဟောကြားခဲ့ပါတယ်။ စည်းကမ်း ရှိပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းဖြင့် အမျိုးဘာသာကို စောင့်ရှောက်ကြဖို့ ဆုံးမပါတယ်။ သီလလုံပြီး၊ ကိုယ်ကျင့်ကောင်းအောင် စောင့်ထိန်းခြင်းဖြင့် သာသနာတော်ကို စောင့်ရှောက်ဖို့ အလေးအနက် ဆုံးမပါ တယ်။  ဗုဒ္ဒဘာသာမြန်မာပြည်ကို တကယ်ချစ်ကြသူတွေ ဆရာတော်ဆုံးမတဲ့အတိုင်း နေနိုင်ကြပြီဆို လုံလောက်ပါတယ်။ အဲဒီလိုနေကြရင် ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာတွေ အများစုနေတဲ့ တိုင်းပြည်ဖြစ်နေမှာပါ။ တခြားဘယ်ဘာသာဝင်ကိုမှ ပုတ်ခတ်ပြောဆိုနေဖို့ မလိုပါဘူး။ လူမျိုးဘာသာမရွေး လူသတ္တ၀ါအားလုံးကို ကျွန်မတို့ မေတ္တာထားရမယ် မဟုတ်လား။ မြန်မာပြည်ကြီးကို တကယ်ငြိမ်းချမ်း စေချင်တယ်ဆိုရင် လူတိုင်းကို ချစ်နိုင်အောင် ကျွန်မတို့ ကြိုးစားရမှာပါ။ ရန်လိုမုန်းတီးမှုတွေကို သင်္ကြန်ရေနဲ့ ဆေးကြောပစ်နိုင်ကြပါစေ။ နှစ်သစ်မှာ စိတ်သစ် အမြင်သစ်တွေရလို့၊ မတူညီကွဲပြားကြသူတွေ ချစ်ချစ်ခင်ခင် ရှိကြပါစေလို့ ဆုတောင်းပါတယ်။



တရားနာ ရေစက်ချပြီးတော့ ဘုန်းကြီးဆွမ်းကပ် ပါတယ်။ ပြီးတော့ ကျွန်မတို့ နေ့လည်စာ စားကြပါတယ်။ သင်္ကြန်းပိုးဝင် နေကြသူတွေကတော့ ပျော်ရွှင်မြူးထူးစွာ ရေကစားနေကြပါတယ်။ ကွာလာလမ်ပူက ဘုန်းကြီးကျောင်းတွေ မြန်မာပြည်မှာလို ကျယ်ကျယ်ဝန်းဝန်း မရှိတော့ သူတို့တွေ ရတဲ့နေရာကျဥ်းကျဉ်းမှာ ပွဲဖြစ်အောင် ကစားရပါတယ်။ အဆိုအကတွေဖျော်ဖြေဖို့ မဏ္ဍခပ်တန်တန်လေးကိုလည်း ဆောက်ထား ပါသေးတယ်။ မျောက်ရှုံးအောင် ရေဆော့နေကြပေမဲ့ မိုက်မိုက်ရိုင်းရိုင်း မဟုတ်ကြတာ စိတ်ချမ်းသာရ ပါတယ်။ သူတို့ရေကစားနေကြတာကို ကြည့်ပြီး ကျွန်မ၀င်ကစား ချင်စိတ်တောင်ဖြစ်မိပါတယ်။
အ၀တ်ရေစိုနဲ့ အိမ်ပြန်ဖို့ မဖြစ်နိုင်လို့ ထိုင်ပဲကြည်နေခဲ့ပါတယ်။ ရေကစားတဲ့သူတွေ ပျော်နေတာကို မြင်နေရတာ စိတ်ချမ်းသာစရာ ကောင်းပါတယ်။ မဏ္ဍပေါ်မှာတော့ အဆိုအကတွေနဲ့ ပွဲဖြစ်နေပါတယ်။ သံချပ်ထိုးတဲ့ အစီအစဉ်လည်း ပါပါတယ်။

Saturday, 6 April 2013

သင်္ကြန်ရောက်ပြန်ပြီ





 ပိတောက်ပန်းတွေ ပွင့်နေပြီ... သင်္ကြန်ရောက် ပြန်ပြီရော ....
ရင်ထဲကအလွမ်းတွေ ပိတောက်ပန်းလို ဝေေ၀ဆာဆာ ဖူးပွင့်နေတုန်းပဲ အတူးရယ်..
နှစ်တွေကြာခဲ့ပေမဲ့ ရင်ထဲက အလွမ်းဒဏ်ရာက မပျောက်နိုင်သေးဘူး...
ဥသြငှက်တွန်သံကြားရင် အလွမ်းဒဏ်ရာက ပိုပိုနာလာတယ်။
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်း၊ အသဲနှလုံးကို ပုံအပ်ပြီး ချစ်ခဲ့ရတဲ့ ချစ်းဦးသူမို့ ဘယ်လိုမှ မမေ့နိုင်ဘူး လို့ဆိုရင် ကျေကျေနပ်နပ်ကြီး ပြုံးနေမယ်လို့ အောက်မေ့မိတယ် အတူး..
ငါ့အနားမှာ တခြားယောက် ရှိမနေတာကိုလဲ နင်ကျေနပ်တယ် မဟုတ်လား..
နင့်ကို လွမ်းနေရတဲ့ ဘ၀ကိုပဲ ငါကျေနပ်ပါတယ် အတူး..
အတူးဆိုတဲ့ ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်ကို ချစ်ခဲ့မိတဲ့အတွက် ငါဘယ်တော့မှ နောင်တရ မရဘူး။
ဒါပေမဲ့..အတူးကို လူလိမ္မာလေးတစ်ယောက်အ ဖြစ် သက်ဆိုးရှည်အောင် မထိန်းနိုင်ခဲ့တာ ကိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ငါတကယ် ညံ့တဲ့သူပါ။

xxxxxxxxx xxxxxxxxxxxxxxxxx  xxxxxxxxxxxxxxxx
အဖြစ်အပျက်တွေက ငါ့ရဲ့အာရုဏ်မှာ မနေ့တနေ့ကလို မြင်ယောင်နေတုန်း....။
ငယ်ငယ်က တို့နှစ်ယောက် ကစားအတူ၊ ကျောင်းသွားလည်း အတူတူ။
ကျောင်းသွားရင် နင့်စက်ဘီးနောက်က လိုက်ရတာ ငါသိပ်ပျော်ခဲ့တယ်။
သင်္ကြန်မှာ အတူပျော်ခဲ့တာတွေကို အမှတ်ရဆုံးပဲ အတူးရေ..
အမှတ်ရဆို သင်္ကြန်နဲ့ ငါက ဖွားဘက်တော်။ ငါက သင်္ကြန်မှာမွေးတဲ့ သင်္ကြန်သမီးပျို။ ဆယ့်နှစ်လရာသီမှာ သင်္ကြန်ကျတဲ့ တန်ခူးလကို အချစ်ဆုံး။
နင်ကတော့ ပျော်ချင် ကဲချင်လို့ သင်္ကြန်ကို ချစ်တာနော် အတူး..အဲဒါကြောင့်ပေါ့..
ငယ်ငယ်တုန်းဆို ငယ်သေးလို့မို့ နင်ဆိုးခဲ့တယ်။  ကြီးလာပြန်တော့လည်း အဖတ်ဆယ်မရအောင် နင်ဆိုးခဲ့ ပွေခဲ့တယ်။ အဲဒီလောက်ဆိုးတဲ့ နင့်ကို ဘာကြောင့်ချစ်ခဲ့သလဲဆိုရင် ချစ်လို့ကို ချစ်တာ။
တို့ငယ်ငယ်တုန်းက ရိုးရာသင်္ကြန်ပွဲတွေ ခုလိုသရုပ်မပျက်သေးတာ မှတ်မှိနေသေးတယ်။ သင်္ကြန် မဏ္ဍမှာ ရေးကစားရင်း မုန့်လုံးရေပေါ် လုပ်စားကြတယ်။
နင်လေ ငယ်ငယ်ကတည်းက ဇာတိပြခဲ့ တာနော်။ ရေလောင်းရင် ကောင်းကောင်း မလောင်းချင် ဘူး။ ခွက်စောင်းခုပ်တယ်။ အေးစက်နေတဲ့ ရေခဲရေနဲ့ လောင်းတယ်။ ပြောစကားကို ဘယ်တော့မှ နားမထောင်ဘူး။
ဆယ်ကျော်သက်အရွယ် ရောက်လာတော့ နင်လတ်လျားလတ်လျား လုပ်ချင်လာတယ်နော်။ ကျောင်းပြေးရင် မခေါ်တော့ဘူး၊ ဆေးလိပ်နဲ့ အရက်သောက်ရင် သေခန်းပြတ်ဆိုလို့  နင်ငြိမ်သွားခဲ့ တယ်။ နင်ငါ့ကို ကြိတ်ပိုးနေတဲ့အချိန်မို့ ငါ့စကားအောင်ခဲ့တယ်။
ငယ်ငယ်လေးထဲက ရင်းနှီးခဲ့ကြတဲ့ တို့နှစ်ဦးရဲ့ရင်မှာ အချစ်ဆိုတဲ့အရာက စောစောစီးစီး မွေးဖွားလာခဲ့တယ်နော်။ စူးရဲတဲ့ နင့်ရဲ့အကြည့်တွေကို ရင်ဆိုင်ရတိုင်း ငါ့ရင်မှာ ပူသလို နွေးသလိုကြီး။
ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ရင် အဖြေပေးမယ်လို့ ကတိပေးခဲ့လို့ နင်စားကြိုးစားခဲ့တယ်။ ဆယ်တန်းအောင် စာရင်းထွက်တဲ့နေ့မှာ နင့်ကိုငါ အဖြေပေးခဲ့တယ်နော်။ ချစ်သူတွေ ဖြစ်ခါစတော့ နှစ်ဦးသား မိုးမမြင် လေမမြင်။ 
အချစ်ဦးပေးတဲ့ အနမ်းတွေ ပါးပြင်မှာ ခုထိနွေးနေတုန်းပဲ အတူးရယ်..

Sunday, 24 March 2013

အဖြူရောင် ဂရုဏာ


ဂရုဏာဆိုတာ တစုံတဦး ဆင်းရဲဒုက္ခရောက်တဲ့အခါ စိတ်နှလုံးတုန်လှုပ်ခြင်း၊ စာနာသနားခြင်းလို့ ဆိုပါတယ်။ ဆင်းရဲဒုက္ခရောက်နေသူကို ကူညီဖေးမခြင်းဟာ ဂရုဏာလုပ်ငန်းကို ကာယကံမြောက် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးရုံတွေမှာ စေတနာအပြည့်နဲ့ အလုပ်လုပ်ကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေဟာ ဂရုဏာလုပ်ငန်းကို ကာယကံမြောက် လုပ်ဆောင်နေသူတွေမို့ ရင်နဲ့အမျှ ဂရုဏာ ဖြစ်စရာတွေကို များစွာကြုံတွေ့ ကြရပါတယ်။ ကျွန်မရဲ့ လုပ်သက်တလျှောက်မှာ ကြုံခဲ့တာတွေ အများကြီထဲက မလေးရှားမှာဆုံခဲ့တဲ့ မြန်မာလူနာ တစ်ယောက်အကြောင်းကို သတိတရ ပြန်ပြောပြချင်ပါတယ်။
ကျွန်မ ကွာလာလမ်ပူက တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်တုန်းက သူနာပြုကျောင်းသူတွေနဲ့အတူ ဆေးရုံကို ရံဖန်ရံခါ လိုက်ရပါတယ်။ ပူထရာဂျာယာဆေးရုံ (Putrajaya Hospital)နဲ့ ဆာဒန်းဆေးရုံ (Hospital Serdang)ကို ကျွန်မသွားခဲ့ပါတယ်။ ပူထရာဂျာယာဆေးရုံက မလေးရှားနိုင်ငံရဲ့ ပထမတန်းစား ဆေးရုံဖြစ်လို့ မလေးရှားနိုင်ငံသား လူနာတွေကို အများဆုံးတွေ့ရပါတယ်။ ဆာဒန်းဆေးရုံကို သွားရင်တော့ မြန်မာလူနာတွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ခွဲစိပ်ကုသဆောင်မှာ ကျော့ဆိုတဲ့မိန်းကလေး တယောက်ကို ဆုံရဖူးပါတယ်။ ဧည့်ချိန်မဟုတ်ရင် သူ့ခင်မျာတယောက်ထဲ။ ဘာသာစကားမတတ်တော့ ဆရာဝန်တွေ၊ သူနာပြုတွေကို ပြောချင်တာမပြောတတ်နဲ့မို့ တော်တော် အားငယ်နေရှာတယ်။ ကျွန်မ ဆေးရုံသွားတဲ့နေ့နဲ့ကြုံရင် လိုအပ်တာမေးပေး၊ စကားပြန်လုပ်ပေး တာလောက်တော့ ကူညီပေးခဲ့ပါတယ်။ တခါတလေ ဗမာစကား ကောင်းကောင်း မပြောတတ်တဲ့ ချင်းလူနာတွေနဲ့တွေ့ရင် ကျွန်မ ဘာသာပြန်လုပ်ပေးရတာ တော်တော်လေး အခက်တွေ့ပါတယ်။ မလေးရှားမှာ အနေကြာတဲ့ ဗမာလူနာတွေဆိုရင် အင်္ဂလိပ်လို မပြောတတ်ပေမဲ့ မလေးစကား ပြောတတ်တော့ အဆင်ပြေကြပါတယ်။
အရိုးကုသဆောင်မှာဆုံခဲ့တဲ့ မြန်မာတစ်ယောက်ရဲ့ အဖြစ်ကတော့ နာကျင်စရာကောင်းလှ ပါတယ်။ အလုပ်လုပ်ရင်း လျှပ်စစ်ကြိုးခွေ လက်မောင်းပေါ်ပြုတ်ကျလို့ လက်တစ်ဖက်ဖြတ် လိုက်ရပါတယ်။ ကျွန်မ ဆေးရုံသွားတဲ့နေ့မှာ ဒဏ်ရာရထားတဲ့လက်ရဲ့ တံတောင်ဆစ်အောက်ပိုင်းက မည်းပြီးပျက်စီး နေပါပြီ။ လျှပ်စစ်ကြိုးလောင်တဲ့ဒဏ်ရာက အင်မတန်နာ ပါတယ်။ နာကျင်တဲ့မှုကို ကြိတ်မှိတ်ခံရင်း မှိန်းရှာပါတယ်။

Wednesday, 20 March 2013

ရွာဖျားက သူဌေးကုန်း


လယ်ယာမြေတွေ ပေါများတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ ကျွန်မကြီးပြင်းခဲ့ပါတယ်။ ရွာရဲ့အရှေ့ပိုင်း ကျွန်မတို့ နေတဲ့အစုကို  အရှေ့စုလို့ခေါ်ပါတယ်။ ကျွန်မတို့အရှေ့စုလေးရဲ့ အစွန်အဖျားမှာ သူဌေးကုန်းလေး ရှိပါတယ်။ အိမ်ခြေတစ်ဆယ် လောက်ရှိပါလိမ့်မယ်။ ကျွန်မသတိရလွမ်းမိတဲ့ သူဌေးကုန်းက လူတွေအကြောင်းကို စာမျက်နှာပေါ် အက္ခရာတင်လိုက်ချင် ပါတယ်။
သူဌေးကုန်းလေးက ရွာအစွန်အဖျားမှာရှိတာမို့ ရွာကလူတွေက ရွာဖျားလို့ပဲ ခေါ်ဝေါ်သမုတ်ပါတယ်။ ရွာဖျားက လူတစ်စုဟာ ဆင်းရဲနုံခြာလွန်းလို့ အမေက သူဌေးကုန်းလို့ အမည်ပေးလိုက်တာ ဖြစ်ပါတယ်။ ထမင်းကို မနက်တစ်နပ်၊ ညနေတစ်နှပ် ပုံမှန်အောင်စားနေရတဲ့ နေ့ရက်တွေဟာ သူဌေးကုန်းကလူတွေအတွက် လှပသောနေ့ရက်တွေ ဖြစ်ပါတယ်။ ထမင်းနပ်မှန်အောင် အသက်မွေးကြတဲ့ အလုပ်တွေကတော့ ကြုံရာ ကျပန်း၊ ကပ်ပါးအလုပ်ပဲ ဖြစ်ပါတယ်။ မိုးရာသီစပါးစိုက်ချိန်ဆိုရင် အမျိုးသားတွေက လယ်ရှင်တွေဆီမှာ သူရင်းငှား၊ နေ့စားနဲ့ ပျိုးနှုတ်တဲ့အလုပ်တွေ လုပ်ကြပြီး၊ အမျိုးသမီးတွေက ကောက်စိုက်ကြပါတယ်။ လယ်စိုက်ချိန်ဟာ သူဌေးကုန်းကလူတွေ ထမင်းနှပ်မှန်အောင် စားရတဲ့အချိန် ဖြစ်ပါတယ်။

Monday, 25 February 2013

အပယ်ခံပန်း၏ ရင်တွင်းဖြစ်

ရိပ်မွန်ဓမ္မာရုံမှ ဆရာတော် တရားဟောသံကို ကြည်လင်ပြတ်သားစွာ ကြားနေရသည်။ တရားသံက ကျွန်မ နှလုံးသားကို ငြိမ်သက်အေးချမ်းစေပါသည်။ တရားဓမ္မဖြင့်သာ လူသတ္တ၀ါတို့တို့အား တည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင် စွမ်းဆောင်နိုင်သည်ဟု ဆရာတော်မိန့်ကြားမှုကို နှစ်သက်လွန်းသဖြင့် မျက်ရည်ပင် လည်ရပါသည်။
မှန်လှပါအရှင် ဘုရား။

အမေနှင့် အထီးကျန်စွာ ဘ၀ကိုဖြတ်သန်းခဲ့သော နှစ်ဆယ်ကျော် ကျွန်မတသက် သည်လိုတရားမျိုး တကြိမ်တခါမှ မနားဖူးခဲ့ပါ။ ဗုဒ္ဓဘာသာဖြစ်သော အမေသည် တရားလည်းမနာ၊ ဘုန်းကြီးကျောင်းလည်း သွားလေ့မရှိ။ ကျွန်မတို့နေသော အိမ်ရာအတွင်းရှိ ရိပ်မွန်ဓမ္မာရုံသည် ကျွန်မတို့ သားအမိအတွက် မတန်မရာ နေရာ ဖြစ်နေသည်။ ရိပ်မွန်ဓမ္မာရုံမှ နှစ်စဉ်ကျင်းပသော ၀ါဆိုအလှူ၊ ကထိန်အလှူများကို သဒ္ဓါစိတ်ပေါ်လို့ သွားမိရင်တောင် ကျွန်မတို့ သားအမိကို အရေးလုပ်ခေါ်ပြောမည့်သူ ရှိမည်မထင်။

အမေသွားသော နေရာများမှာ ရှော့ပင်းစင်တာ၊ ခေတ်မှီဗျူတီစလွန်း။ ထိုနေရာများကသာ အမေ့ကို ပျူငှာစွာ ကြိုဆိုကြသည်။ အမေရှေ့ဆက်ရပ်တည်ရန်  လှပကျော့ရှင်း နေဖို့လိုသည်။
အမေသည် တသက်လုံးလှနေပါ မည်လား။
အမေအိုလာ လို့အလှတွေ ပျက်ယွင်းလာတဲ့အခါ ကျွန်မတို့ သားအမိ ဘယ်လိုစခန်းသွား ရပါမည်လဲ။
ကျွန်မဘ၀ရှေ့ရေးအတွက် အမေ ဘာတွေစဉ်းစားထားသလဲ ကျွန်မသိလိုပါသည်။
တစ်လကို တစ်ကြိမ် နှစ်ကြိမ်ရောက်လာ တတ်သော အဖေဆိုသည့် လူကြီးကို ကျွန်မ မခင်တွယ်ပါ။
အငယ်အနှောင်း များသော အဖေ့ကို တဏှာရူးကြီးလို့ စိတ်က ပြစ်မှားနေမိသဖြင့် နေ့စဉ်အပြစ်များ ရနေသည်။

သားအမိဖြစ်နေသော်လည်း ကျွန်မက အမေ့လို ပါရမီမပါပေ။
ကျွန်မရုပ်ရည် အတော်အတန် ကြည့်ကောင်း သော်လည်း အလှပြင်သော အလုပ်ကို ကျွန်မ ၀ါသနာမပါ။
အပယ်ခံ ပန်းတပွင့် လှနေလို့လည်း တင့်တယ် လာမည်မဟုတ်။

အချို့ယောက်ျားများ၏ အကြည့်များကို ကျွန်မ ရွံမုန်းမိပါသည်။
အမေနှင့် အဖေတို့၏ သမီးဖြစ်ရသည့်အတွက် ယောက်ျားများက ကျွန်မကို မြတ်နိုးတန်ဖိုး ထားစရာ မိန်းကလေးလို့ မမြင်ကြတော့။
ငယ်ငယ်ကတည်းက ပျောက်ဆုံးခဲ့သော ယုံကြည်ချက်များ အသက်ကြီးလာလေ အစရှာမရတော့လေ ဖြစ်လာခဲ့သည်။ ဒဏ်ရာများနဲ့ နာကျင်ခဲ့ရသော ငယ်ဘ၀ နေ့ရက်ကိုလည်း မမေ့နိုင်ခဲ့ပါ။

ကျွန်မ ငယ်ငယ်က အခြားကလေးများနည်းတူ ပျော်ရွှင်လွတ်လပ်စွာ ကစားခွင့်မရခဲ့ပါ။
ညနေရောက်လျှင် ကလေးများအားလုံး အိမ်ရာမြေကွက်လပ်သို့ ဆင်း၍ကစားကြသည်။
ကျွန်မလည်း သူတို့နှင့်အတူ သွားဆင်းကစားခဲ့ ပါသည်။ ကျွန်မသွားကစားပြီဆိုရင်  အခြားကလေးတွေကို မိဘများက ပြန်ခေါ်သွား ကြသည်။
သူတို့မိဘများက ကျွန်မနှင့်အတူ မကစားစေလိုသောကြောင့် ပြန်ခေါ်သွားကြ ခြင်းဖြစ်လေသည်။
တိတ်တိတ်ပုန်း မယားငယ်ရဲ့ သမီးဟာ ဂုဏ်သရေရှိ လူကြီးလူကောင်း သားသမီးတွေနဲ့ အတူကစားဖို့ မတူမတန်ဘူးလား။

မသိနားမလည်တဲ့ အရွယ်ကတည်းက သိမ်ငယ်စိတ်တွေ ရင်မှာအမြစ်တွယ် နေခဲ့ပါသည်။

Wednesday, 20 February 2013

အလှမျက်နှာ ချိုသောအပြုံး


အလှတရားဆိုတာ ရှာဖွေကြည့်တတ်ရင် နေရာတိုင်းမှာ ရှိနေပါတယ်။ လောကကြီးဘယ်လောက် လှနေနေ အလှတရားကိုခံစားတတ်တဲ့ နှလုံးသားမရှိရင် ရှိရှိသမျှအရာအားလုံးဟာ အကြည်းတန်နေ ပါတယ်။ ပျော်ရာမှာမနေရတဲ့ ကျွန်မတို့လို အဝေးရောက်နေသူတွေရဲ့ နှလုံးသားမှာ အနာတရတွေ များလွန်းတော့ အလှတရားကို ခံစားတတ်တဲ့ ဓာတ်သဘာဝတွေ တဖြေးဖြေးယုတ်လျော့ လာကြပါတယ်။ တကယ့်အလှကို လှတယ်လို့မထင်တော့ပဲ၊ မလှတာတွေကို အလှကြီးလှတယ် ခမ်းနားထည်ဝါတယ်လို့ ထင်ယောင်ထင်မှား ဖြစ်လာကြပါတယ်။

Thursday, 17 January 2013

ရှင်ဘုရင်ကြီး ဖွဲစားသည်

စာမရေးတာကြာတော့ တစ်ခုခုရေးချင်စိတ် ဖြစ်တာနဲ့ ရှင်ဘုရင်ကြီး ဖွဲစားတဲ့ ပုံပြင်အကြောင်း ရေးဖို့စိတ်ကူးမိပါတယ်။ ငယ်ငယ်က ကြားဖူးခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပါ။ တကယ်အဖြစ်မှန်လား၊ ဒဏ္ဍာရီ ပုံပြင်လားတော့ မသိပါ။ အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့ မရစကောင်းဘူးဆိုတာကို ဒီပုံပြင်ကနေ သင်ခန်းစာရခဲ့ ပါတယ်။
တခါတုန်းက ရှင်ဘုရင်တစ်ပါးဟာ မှူးမတ်တွေနဲ့အတူ တိုင်းခန်းလှည့်လည် ပါတယ်။ တနေရာ ရောက်တော့ ဘုရင်က ဖွဲနုတွေကိုတွေ့ပြီး ဘာမှန်းမသိလို့ လက်နဲ့တို့ပြီး လျက်ကြည့် ပါတယ်။

Saturday, 12 January 2013

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲမှတ်တမ်း


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သော ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲ အခမ်းအနားကို ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့တွင် SM ကုန်တိုက်ခန်းမ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဆရာဦးသက်ဆွေမှ အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာမ မစန္ဒာမှ ၀တ္ထုတပုဒ်ကို ဖန်တီးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကျော်ရင်မြင့်မှ ဘ၀ဇာတ်ခုံပေါ်က ခေတ်သစ်ပုံပြင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ)မှ အပြောင်းအလဲအား ရှာကြည့်ခြင်းနှင့် ဘေးမှရပ်ကြည့်သူ၏ အမြင် ခေါင်းစဉ်ဖြင့်လည်းကောင်း  ဟောပြောခဲ့ကြသည်။
စာရေးဆရာမ မစန္ဒာမှ ၀တ္ထုတပုဒ်ကို ဖန်တီးခြင်း ခေါင်းစဉ်ကို ပထမဆုံးဟောပြောခဲ့သည်။ စာရေးဆရာ (၃)မျိုး ရှိသည်။ အချို့စာရေးဆရာများသည် အပြောကောင်းသည်၊ စာရေးမကောင်း၊ အချို့က စာရေး ကောင်းသည် အပြောမကောင်း၊ အချို့က အပြောလည်းကောင်း အရေးလည်းကောင်း ကြသည်။ စာရေးဆရာ (၃)မျိုးရှိသကဲ့သို့ စာအမျိုးအစားလည်း (၃)မျိုးရှိသည်။ ပထမတမျိုးမှာ ကွမ်းရေနှင့်တူသော အပျော်ဖတ် စာများ ဖြစ်သည်။ ကွမ်းကို အတော်အတန် ၀ါးပြီးလျှင် ကွမ်းရည်များကို ထွေးပြစ်ရသည်။ ကြာကြာဆက်၍ ၀ါးပြီးလျှင် ကွမ်းဖတ်အားလုံးကို ထွေးထုတ်ပြစ်ရသည်။ အပျော်ဖတ်သက်သက်ဖြစ်သော စာများသည် အရည်လည်းမရ အဖတ်လည်းမရသဖြင့် ကွမ်းရည်တူသော စာဖြစ်သည်ဟု ဆိုပါသည်။ ဒုတိယ စာအမျိုးအစားမှာ ကြံရည်နှင့်တူသော စာဖြစ်သည်။ ကြံကို အရည်ညှစ်လျှင် အဖတ်ကိုပြစ်ရပြီး၊ အရသာ ရှိသော ကြံရည်ကိုသောက်ရသည်။ ၀တ္ထုသည် ကြံရည်နှင့်တူသော စာဖြစ်သည်။ အသိုင်းအ      ၀ိုင်းနှင့် ရေးဖွဲ့ထားသော ၀တ္ထုတပုဒ်တွင် မလိုအပ်သည်များကိုဖယ်၍ ကြံရည်နှင့်တူသော အနှစ်သာရရှိသည့် စာများ မှတ်သားစရာကျန်သည်။ တတိယစာ အမျိုးအစားမှာ နို့မလိုင်နှင့်တူသော စာဖြစ်သည်။ ထိုစာမျိုးသည် အရည်ရော အဖတ်ပါရသော အာဟာရပြည့်ဝသည် စာပေဖြစ်သည်ဟု ဆိုပါသည်။
ဝတ္ထုရေးခြင်းကို ငါးဖမ်းခြင်းနှင့် နိုင်းပြခဲ့သည်။ ၀တ္ထုတိုရေးခြင်းသည် မှိန်းနှင့်ထိုး၍ ငါးဖမ်းခြင်းနှင့်တူသည်။ ငါးကိုစောင့်၍ ချက်ကောင်းမိအောင် မှိန်းနှင့်ထိုးနိုင်မှ ငါးတကောင်ရသည်။ ထို့နည်းတူပင် ၀တ္ထုတိုရေးသူ သည် ငါးရအောင် ထိထိမိမိရေးနိုင်ရသည်။ ၀တ္ထုရှည်ရေးခြင်းသည်  ပိုက်ကွန်ဖြင့် ငါးဖမ်းခြင်းဖြစ်သည်။ ပိုက်ကွန်ဖြင့် ငါးဖမ်းလျှင် အကောင်ရေများစွာ ရသကဲ့သို့ ၀တ္ထုရှည်ရေးသားခြင်းဖြင့် စာရေးသူပေးလိုသော မက်ဆေ့များကို များများပေးနိုင်သည်။ သို့သော်လည်း တခါတရံ ရေသာကျယ်၍ ငါးမရတာမျိုး ဖြစ်နိုင်သည်။ စာရေးမည်ဆိုလျှင် မိမိပိုင်နိုင်သော အကြောင်းအရာကို ထိထိမိမိရေးနိုင်ပါလျှင် ငါးများများ ရနိုင်သည်။ ၀တ္ထုရေးခြင်းသည် ရင်ထဲမှစကားကို စာဖြင့်ပြောခြင်းဖြစ်သည်။ စာရေးသူနှင့်သိသော လူများအကြောင်းကို အခြားသူများသိအောင် စာရေးပြောခြင်း၊ မျှဝေခံစားနိုင်အောင် ရေးခြင်းဖြစ်သဖြင့် အတင်းပြောခြင်း ဟုဆိုနိုင် သည်။ စာရေး၍အတင်းပြောခြင်း၊ မိမိသိသော အကြောင်းအရာများကို အများသိအောင်ရေးခြင်း၌ ရသပါ အောင်ရေးရသည်။ တွေးရပါသည်။ အတွေးမှန်မှ အရေးမှန်မည်ဟု ဆိုပါသည်။
စာရေးရာတွင် မိမိကိုယ်တိုင် တွေ့ကြုံရသော အကြောင်းအရာများကို အခြေခံ၍ရေးမှသာ ထိထိမိမိ ရေးသားနိုင်ကြောင်းကို ဆရာမ မစန္ဒာက သူမ၏ ဆဋ္ဌဂံဝတ္ထု ရေးဖြစ်ခဲ့ပုံနှင့် ဥပမာပေး ဟောပြောခဲ့သည်။ မစန္ဒာသည် စာစရေး၍ နံမည်ရခါစ အချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ဘ၀အကြောင်းကို ၀တ္ထု ရေးချင်ခဲ့သည်။ သို့သော် ကိုယ်တိုင်ကိုယ်ဝန်ဆောင်ဖူးသည့် အတွေ့အကြုံမရှိသဖြင့် ရေး၍မရခဲ့။ ဆေးကျောင်းသူများနှင့်အတူ မွေးခန်းသို့လိုက်၍ ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးသည်ကို သွားကြည့်ခဲ့သော်လည်း၊ ကိုယ်ဝန်ဆောင် မီးဖွားသည့် မိခင်များအကြောင်း မရေးနိုင်ခဲ့ပါ။ ဆရာမ မစန္ဒာကိုယ်တိုင် အိမ်ထောင်ကျ ကလေးမွေးပြီး၊ အတွေ့အကြုံများ စုံလာသောအချိန်ရောက်မှ ကိုယ်ဝန် ဆောင်မိခင်ဘ၀ကို သရုပ်ဖော်ထားသည့် ဆဋ္ဌဂံ ၀တ္ထုကို ရေးဖြစ်ခဲ့သည်။ ထို့ကြောင့် ကိုယ်တကယ်သိသော အကြောင်းအရာကို ရေးသင့်ကြောင်းနှင့် မသိသောအကြောင်းအရာကို ရေးလျှင် မပီပြင်နိုင်ကြောင်း ဟောပြောအကြံပေး ပါသည်။
ဆရာမ မစန္ဒာမှ သူမရေးခဲ့သော ၀တ္ထုအချို့အကြောင်း မှတ်သားစရာများကို ဟောပြောခဲ့ပြီး၊ ငွေတာရီ ရေးစပ်ခဲ့သော သာသည့်မြေသို့ ကဗျာနောက်ဆုံးပိုဒ်ဖြစ်သည့်
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။
ကိုရွတ်ဆို

Sunday, 6 January 2013

အချစ်အကြောင်း မသိခဲ့ဘူး


တနေ့မိုးလင်းခဲ့ ပြန်ပါပြီ။
မိသန်အတွက် လှသော တနင်္ဂနွေမနက်တွေ ပျောက်ဆုံးသွားခဲ့ပြီ။
မည်သူ့ ကိုမှ အပြစ်လည်း မတင်လိုတော့ပေ။ ကိုယ်ဘ၀နဲ့ ကိုယ့်အကြောင်းသာ ရှိပါစေတော့။
အရင်တုန်းကဆို မိသန်အိပ်ရာထလျှင် အမက ကော်ဖီနဲ့ထမင်းကြော်ကို အဆင်သင့်ပြင်ပေးထားဧ။်။ အလုပ်ပိတ်သော တနင်္ဂနွေတွင် သောက်ရသော ကော်ဖီက ပိုအရသရှိသည်ဟု ထင်သည်။
မနက်စာ စားပြီးလျှင် အမက လျှော်ဖွတ် သန့်ရှင်းရေးတွေ လုပ်သည်။ မိသန်က ဈေးသွားပြီး၊ တပတ်စာ ဟင်းသီးဟင်းရွက်နှင့်၊ ဈေးချိုသော ငါး၊ပုစွန် အဆင်ပြေသလို ၀ယ်ခြမ်းခဲ့ဧ။်။
မိသန်ဝယ်လာသမျှကို အမက သင့်သလို ချက်ပြုတ်၊ သိမ်းဆည်းလေ့ရှိဧ။်။ စိတ်ရှည် သိမ်ဆည်း ထားသိုတတ်သော အမကို အိမ်ထောင်ဖက်ကောင်းနှင့် တွေ့ရလိမ့်မည်ဟု မိသန်ယုံကြည် ခဲ့မိသည်။ သို့သော် အထင်နှင့် လက်တွေ့ တော်တော်လေး လွဲချော်နေလေပြီ။
ညီအမနှစ်ယောက် နေ့လည်စာ စားပြီးလျှင်  နှစ်သက်ရာ စာအုပ်ကိုယ်စီနှင့် အသံတိတ်နေကြဧ။်။
ညနေစာ စောစောစားပြီးလျှင် ရွှေတိဂုံဘုရားကို သွားကြသည်။ ဒီလိုလှပသော တနင်္ဂနွေနေ့တွေကို မိသန်ချစ်ပါသည်။ မပြည့်စုံသော်လည်း အမနှင့် အေးအတူ ပူအမျှ နေရသောဘ၀သည် မိသန်အတွက် လုံခြုံခဲ့ ပါသည်။