ကွာလာလမ်ပူမှာ ကျင်းပသွားတဲ့
အာဇာနည်နေ့ အထိမ်းအမှတ် နှလုံးလှ စာပေဟောပြောပွဲ မှတ်တမ်းအကျဉ်းကို ရေးရင်း တွေ့ကြုံခဲ့တာတွေ၊
တွေးမိတာလေးတွေကို စာတပုဒ်ရေးချင်လာ ပါတယ်။ အချိန်တွေပိုနေလို့ မဟုတ်ပေမဲ့ မြင်သမျှ
ကြားသမျှကို ပြန်တွေးပြန်ရေးချင်ကြတာ စာရေးသူတွေရဲ့ ၀ါသနာပါ။ ပညာဆိုတာ အမှန်တရားကို
ထိုးထွင်း သိမြင်ခြင်းဖြစ်တယ်၊ အခြေခံပညာ အားနည်းတဲ့အခါ အမှန်တရားကို သိခွင့်မရပဲ လမ်းလွဲသွားကြတယ်လို့
ကိုဂျင်မီက ပြောပါတယ်။ ရုပ်ဝတ္ထုတွေ နှောင့်နှေးနေတာကို မကြောက်ပါ၊ ကျွန်စိတ်နဲ့ ကျိုးနွံခြင်းကိုသာ
ကြောက်ရပါတယ်လို့ ကိုမင်းကိုနိုင် ပြောသွားတာကိုလည်း လေးလေးနက်နက် စဉ်းစားစရာပါ။ အစိုးရနဲ့
ပညာတတ်လူတန်းစားတွေ ပြည်သူလူထုဘက် မျက်နှာမူဖို့လိုတယ်လို့ ဆရာမ ဒေါ်သန်းမြင့်အောင်
ပြောသွားတာကိုတော့ လက်တွေ့ကျင့်သုံး ကြမှသာ ကျွန်မတို့တိုင်းပြည် ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။
ကိုဂျင်မီပြောသလို
အခြေခံပညာ အားနည်းလို့ အမှန်တရားကို မမြင်တတ်မကြည်တတ်၊ ကြောက်အောင် ခြောက်ထားလို့ အမှန်တရားကို
ရှာဖွေတတ်တဲ့ အကျင့်တွေပျောက်ခဲ့ရတဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ ကျွန်မတို့လူမျိုးတွေရဲ့
ဘ၀နဲ့ စိတ်ဓာတ် အရည်အသွေးတွေ နိမ့်ကျပျက်စီးခဲ့ရတယ်။ အသက်သုံးဆယ်တိတိ ပြည့်တဲ့အထိ ကျွန်မ
မြန်မာပြည်မှာ နေခဲ့ပါတယ်။ ဘာဆိုဘာမှ ကောင်းကောင်းနားမလည်ခဲ့ဘူး။ အိပ်ပျော်နေခဲ့ လိုက်ပုံများ၊
နွားခြေရာကွက်လေးထဲမှာ ကိုယ့်ကိုကိုယ်လဲ အဟုတ်ကြီးထင်ခဲ့ မိလေရဲ့။ မလေးရှားကို ရောက်လာ
ခါစကဆို ရန်ကုန်နဲ့ ဘာမှမကွာဘူးလို့ မှတ်ချက်ချမိဖူးပါတယ်။ နေတာကြာလာတော့မှ ကွားခြားတာတွေကို
မြင်တတ်လာပါတယ်။ မလေးရှားနိုင်ငံသားတွေ မြန်မာတွေထက် ပိုမတော်ပါဘူးလို့လည်း မှတ်ချက်ချခဲ့ဖူးပါတယ်။
အခြေခံအားဖြင့် လူတွေအားလုံး
အတူတူပဲလို့ ပြောနိုင်ပေမဲ့ ပညာတတ်ခြင်း မတတ်ခြင်းအပေါ်မှာ မူတည်ပြီး၊ ပြုမူကျင့်ကြံတာတွေ
ကွာခြားပါတယ်။ပညာရှိသော ပညာတတ်များဟာ အမှန်တရားကို မြင်နိုင်အောင်လမ်းကြောင်း ပေးကြပါတယ်။
ပြောရဲဆိုရဲအောင်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိ ရပ်တည်နိုင်အောင် ပံ့ပိုးကူညီပေးကြ
ပါတယ်။ အာဏာရှင်တွေ၊ အမြတ်ကြီးစား လုပ်ငန်းရှင်တွေ အမှန်တရားကို မြင်နိုင်အောင် အားပေးကြပါသလား။
အမှန်ကို မြင်တတ်ပြောတတ်တဲ့လူဆို အာဏာရှင်တွေက ရန်သူလို သဘောထားကြပါတယ်။ လုပ်ငန်းရှင်တွေဟာလည်း
အမှန်ကိုပြောတဲ့ ၀န်ထမ်းမျိုးကို မကြိုက်တတ်ပါဘူး။ ခိုင်းတာအကုန်လုပ် ပြန်မပြောတဲ့
ဝန်ထမ်း၊ နာခံရိုကျိုးတဲ့ ၀န်ထမ်းမျိုးဆို သိပ်ကြိုက်ကြ ပါတယ်။ ဘ၀ရပ်တည်ရေးအတွက် အမှန်တရားကို
ရှာကြည့်မနေပဲ ခိုင်းတာလုပ် နေရမယ်ဆိုရင် လူတစ်ယောက်အဖြစ် အသက်ရှင်ရတာ မတန်ဘူးထင်ပါတယ်။
၂၀၀၀ခုနှစ် ကျောင်းပြီးကတည်းက
အလုပ်လုပ်ခဲ့တဲ့ ကျွန်မရဲ့ လုပ်သက်တလျှောက်မှာ မမှန်ကန်တာတွေ လွဲချော် တိမ်းစောင်းနေတာတွေကို
တွေမြင်ခဲ့ပေမဲ့ မြင်ရင်မြင်တယ်လို့ပဲ မှတ်ပြီးပါးစပ်ပိတ်နေခဲ့ ရတာတွေကို နည်းနည်း
လောက် ပြန်အန်ထုတ်ချင် ပါတယ်။ ဟင်္သာတမြို့က သူနာပြုသင်တန်းကျောင်း အသစ်မှာ ဒုနည်းပြအဖြစ်
အစိုးရ ၀န်ထမ်းဘ၀ကို စခဲ့ပါတယ်။ သူနာပြုသင်တန်းကျောင်း အဆောက်အအုံမရှိ၊ ဘာပစ္စည်း ကိရိယာမှမရှိပဲ
ကျောင်းအသစ်ဖွင့်တာ မြန်မာပြည်မှာပဲ ရှိပါတယ်။ ပထမဆုံးအပတ်စဉ် သင်တန်းသူ (၂၀)ယောက်ရယ်၊
ကျောင်းအုပ်ရယ်၊ ကျွန်မနဲ့ နည့်းပြတစ်ယောက်ရယ်ပဲရှိ ပါတယ်။ ဟင်္သာတဆေးရုံးက သံဃာဆောင်ကို
ယာယီ သင်တန်းကျောင်း လုပ်လိုက်ကြပါတယ်။ သန့်ရှင်းရေးဝန်ထမ်း မခန့်ရသေးတော့ ကျောင်းသူတွေက
သန့်ရှင်းရေး တာဝန်ယူကြရပါတယ်။ စာရေး မရှိသေးတော့ ကျွန်မက စာရေးအလုပ် ပြာတာအလုပ်ကို
မတတ်တတတ် နဲ့လုပ်ရပါတယ်။ မြန်မာစာလက်နှိပ်စက် အဟောင်းလေးပဲရှိလို့ မေးခွန်းရိုက်ချင်ရင်
ဟင်္သာတကောလိပ်ကို စက်ဘီးနင်းပြီး သွားရိုက်ရပါတယ်။
ကျောင်းအုပ်က သူနာပြုတက္ကသိုလ်မှာတုန်းက
ကျွန်မတို့ကို စာသင်ခဲ့တဲ့ဆရာမ ဖြစ်နေတော့ ကျွန်မ နားမလည်တာ တွေကို သင်လည်းပေး၊ အားကိုးပြီးလည်းခိုင်းပါတယ်။
ကျွန်မကို ထန်းတက်လက်မှတ် ရထားတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတော့
တနေကုန်နီးပါး စာသင်ပြီး၊ ရှိသမျှအလုပ်တွေ သိမ်းကြုံးလုပ် ခဲ့ရတာ မောတယ်လို့ မထင်ခဲ့ပါဘူး။
လစာနဲ့မလောက်လို့ အပြင်ဆေးခန်းလည်း ပြေးလုပ်ခဲ့ပါသေးတယ်။ ရွာက အမျိုးတွေက အောက်ဆိုက်မရဘူးလားမေးတာကို
ဘာပြန်ဖြေရမှန်း မသိခဲ့ပါဘူး။ ငယ်ငယ်ကစာတော်လို့ ကျွန်မကို အထင်ကြီးခဲ့တဲ့ ရွာသားတွေ၊
အမျိုးတွေက အောက်ဆိုက်မရှာတတ်တဲ့ ကျွန်မကို ညံ့တယ်လို့ ထင်သွားကြပါတယ်။ ခေတ်စနစ်က အဲဒီလို
လွဲချော်ခဲ့တာပါ။
သင်တန်းကျောင်းအသစ်မို့
တယ်လီဖုန်းလျှောက်ဖို့၊ သင်တန်းကျောင်း မြေဂရံလျှောက်ဖို့ ဌာနဆိုင်ရာတွေကို သွားတဲ့အခါ
ကိုယ်ရေးကိုယ်တာကိစ္စ မဟုတ်ပေမဲ့လည်း အလှူငွေပေးရပါတယ်။ အထက်ကို ပြန်တောင်းလို့ရအောင်
ငွေရပြေစာပေးပါဆိုတော့ ပေးလို့မရပါဘူးတဲ့။ စားဖို့တောင် လစာလောက်အောင်မရတဲ့ ကျောင်းအုပ်နဲ့
ဝန်းထမ်းတွေ အိတ်စိုက်ပြီး ဘယ်ပေးနိုင်မှာလဲ။ ကြည့်ကျဲ့လုပ်လိုက်ကြ ပါတယ်။ ဌာနဆိုင်ရာ
အကြီးအကဲတွေ နယ်ကိုလာရင် ရာထူးအဆင့်အတန်းနဲ့အညီ ကြိုဆိုရမယ်လို့ ညွှန်ကြားချက်ရှိပါတယ်။
သူတို့လာရင် ကြိုဆိုဧည့်ခံရတဲ့ စရိတ်ကိုလည်း ကြည့်ကျဲ့ဖြေရှင်းရတာ တော်တော်ကို ဘ၀င်မကျစရာပါ။
ဝန်ကြီးများ၊ တိုင်းမှူးများလာလို့ ပြန်သွားရင် ပါသွားတဲ့ လက်ဆောင်ပစ္စည်းတွေက ကားဘယ်နှစ်စီး။
ဟင်္သာတမှာဆိုရင် ဒေသထွက် ပဲဆီ၊ငါးခြောက်၊ ပုစွန်ခြောက်နဲ့ ကညွှတ်ပင်။ စားလောက်အောင် လစာမရတဲ့
ဝန်ထမ်းတွေ ဒီပစ္စည်းတွေကို ဘယ်လိုငွေနဲ့ ၀ယ်ကြသလဲဆိုတာကို ၀န်ကြီးတွေ တိုင်းမှူးတွေ
စဉ်းစားဖို့ အချိန်မရဘူးထင် ပါတယ်။ ဒါတွေပေးစရာ မလိုဘူးလို့ ဘယ်လူကြီးကမှ မပြောဘူး။
မူမမှန်တဲ့ အစဉ်အလာကြီးကို သဘောတူလက်ခံကြတယ်။ အမှန်နဲ့အမှား ပြောင်းပြန်ဇောက်ထိုး ဖြစ်နေတဲ့အကြောင်းတွေကို
ရေးမယ်ဆိုရင် ရေးလို့မကုန်နိုင်ပါ။
ရန်ကုန်က ပုဂ္ဂလိက
ဆေးရုံဆေးခန်းတွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေဟာလည်း စာဖွဲ့လိုမကုန်နိုင်အောင်ပါ။ အစိုးရအလုပ်
မ၀င်ခင် ဘုရင့်နောင်က နိုက်တင်ဂေးဆေးခန်းနဲ့ စမ်းချောင်းက ဆာကူရာဆေးခန်းမှာ လုပ်ခဲ့ပါတယ်။
ရန်ကုန်သူနာပြု တက္ကသိုလ်ကို ဒုနည်းပြအနေနဲ့ ပြန်ရောက်တော့ မဟာမြိုင်ဆေးခန်းနဲ့ သျှင်ပါကူဆေးခန်းမှာ
ညသူနာပြုလုပ်ခဲ့ ပါတယ်။ ကျွန်မလုပ်ခဲ့တာ ပုဂ္ဂလိကဆေးကုဌာနတွေမို့ လူနာရှင်တွေနဲ့ ဆက်ဆံရေး
အဆင်ပြေအောင်၊ ၀န်ဆောင်မှုကို ကျေနပ်အောင် ဂရုစိုက်ရပါတယ်။ Customer is always
right ဆိုတဲ့ လုပ်ငန်းရှင် များရဲ့ဆောင်ပုဒ်အရ လူနာနဲ့ လူနာရှင်တွေကို customer လိုဆက်ဆံရတာကို
ကျွန်မက သဘောမတူ ပါဘူး။ ငွေကြေးကြောင့် မဟုတ်ပဲ မကျန်းမာတဲ့လူနာတွေ ရောဂါဝေဒနာ သက်သာအောင်၊
ဆွေမျိုးမိသားစုတွေ စိတ်ပူပန်မှု လျော့ကျအောင် ရင်ထဲနှလုံးသားထဲက လာသောစေတနာနဲ့ ၀န်ဆောင်ပေးရမယ်လို့သာ
ကျွန်မ ယုံကြည်လက်ခံနိုင် ပါတယ်။
ဆေးရုံလာတဲ့သူတွေကို
custumer လို့ သဘောထားမိရင်၊ မကျေနပ်လို့ ရန်တွေ့စော်ကားခံရတဲ့အခါ မာနတရားတွေ ချိုးဖဲ့ခံရသလို
နာကျင်ခံစားရ ပါလိမ့်မယ်။ လူနာကို ဝေဒနာခံစားနေရတဲ့ လူမမာလို့မြင်ပြီး၊ ဆွေးမျိုးမိသားစုကို
စာနာစိတ်နဲ့ ကူညီဆောင်ရွက်ပေးတဲ့အခါ စေတနာကို နားမလည်ပဲ အပြစ်တင်ရန်တွေ့ရင် ခွင့်လွှတ်စိတ်နဲ့အတူ
သီးခံစိတ်တွေ မွေးမြူလာနိုင်ပါတယ်။ Customer’s rights ထက် Patient’s rights ကိုသာ ကျွန်မ
လေးစားလိုက်နာ ချင်စိတ်ရှိပါတယ်။ ထို့အတူပဲ ၀န်ဆောင်မှုပေးနေတဲ့ ၀န်ထမ်းအားလုံး လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်
လေးစားစွာ ဆက်ဆံခံရမှု (The right to be respected as a human ) ကိုရသင့်ပါတယ်။ ရန်ကုန်က
ပုဂ္ဂလိကဆေးရုံတွေမှာ လုပ်တဲ့ဝန်ထမ်းတွေအားလုံး အထူးကုဆရာဝန်ကြီးတွေ မငြိုငြင်အောင်
အထူးသတိထားရ ပါတယ်။ Specialist is always right လို့ဆိုရမှာပါ။ အချို့အထူးကု သမားတော်ကြီးတွေ
သူနာပြုတက္ကသိုလ်က ဘွဲ့ရသူနာပြုများကို ကြည့်မရလို့ အပြစ်ကို ဆီလိုအပေါက်ရှာပြီး၊ လူနာရှင်တွေရှေ့မှာ
စော်ကားပြောသမျှကိုလည်း ပါးစပ်ပိတ်ပြီး နာခံခဲ့ရပါတယ်။ မတရားပြောတာတွေကို တုန့်ပြန်ခွင့်မရလို့
အခါးလုံးတွေကို မြိုချရင်း၊ ကိုယ်ထက်နိမ့်နေတဲ့သူကို နိုင်လို့ရတိုင်း နှိမ့်ချစော်ကားတာဟာ
မှန်သောကျင့်စဉ် မဟုတ်ဘူးလို့သာ ဆင်ခြင်ခဲ့ပါတယ်။
မြန်မာပြည်မှာ (၆)နှစ်ကျော်
အလုပ်လုပ်ခဲ့ပြီး၊ ငွေရှာဖို့ မလေးရှားကို ရောက်ခဲ့ပါတယ်။ နာခံလွယ်တဲ့ အကျင့်တွေ ခေါက်ရိုးကျိုးနေပြီးသားမို့
မြန်မာသူနာပြုတွေကို ကြိုက်ကြပါတယ်။ ချိုချဉ်ဖန်ခါး ဘ၀အရသာ စုံအောင်မြည်းစမ်း လိုက်ရပါတယ်။
မြန်မာတွေ အနွံတာခံ တတ်မှန်းသိတော့ လူနာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက မြန်မာအိမ်ဖော် ခေါ်ပေးပါလားလို့
မကြာခဏ တောင်းဆိုကြ ပါတယ်။ မြန်မာမိန်းကလေးတွေ စားသောက်ဆိုင်နဲ့ စက်ရုံတွေမှာပဲ လုပ်ကြတယ်လို့
ကြည့်ကောင်းအောင် ပြန်ပြောလိုက်ရ ပါတယ်။ နာခံရိုကျိုးသူတွေကို ခိုင်းစားဖို့အတွက် ကြိုက်ကြတာ
ပါလားလို့ နာနာကျင်ကျင် တွေးလိုက်မိပါတယ်။ မြန်မာတွေက မတရားတာတွေ့လည်း ရေငုံနှုတ်ပိတ်နေကြပြီး၊
ခိုင်းကောင်းတာကြောင့် very good လို့ ချီးမွမ်းတာကို ဂုဏ်ယူစရာလို့ ထင်ခဲ့မိပါတယ်။
အမှန်ကိုပြောတတ်တဲ့လူ၊ ငုံ့မခံတတ်တဲ့လူဆို မလုပ်နိုင်ရင်ပြန်(Go back)လို့ပဲ ပြောမှာပါ။
ပြည်တော်မပြန်နိုင်ပဲ နိုင်ငံအနှံ့မှာ အငုံ့စိတ်နဲ့ ကျိုးနွံစွာ လုပ်နေရတဲ့ ကျွန်မတို့လူမျိုးတွေ
မြန်မာ အချင်းချင်းကျတော့ သေးသေးလေးတောင် အတင်မခံနိုင်ကြ တော့ဘူး။ သူတကာကို သီးခံနေရတော့
အချင်းချင်း အနွံတာခံနိုင်မှု အားနည်းကုန်တယ်။ အချင်းချင်းကို ယုံကြည်မှု မထားချင်တော့တာ
စိတ်မကောင်းစရာပါ။
မလေးရှားမှာ ကျွန်မ
ထိတွေ့ဆက်ဆံဖူးတဲ့ လူနာတွေ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေဟာ အလွှာပေါင်းစုံကမို့ သူတို့နိုင်ငံသားတွေရဲ့
စိတ်ဓာတ်အဆင့်အတန်းဟာ ပညာတတ်ခြင်း မတတ်ခြင်းအပေါ်မှာ အခြေခံပြီး ကွာခြားသွားတယ် ဆိုတာကို
မြင်ရပါတယ်။ ပညာပြည့်ဝတဲ့ သူတွေဟာ သူများလူမျိုးရဲ့ အားသာချက်ကို အသိအမှတ်ပြု တတ်ကြတယ်။
အားနည်းသူကို နှိမ်မယ်၊ ကိုယ့်ထက်သာတဲ့သူကို ဆွဲချမယ်ဆိုတဲ့ အကျင့်တွေ မရှိကြပါဘူး။
ပညာတတ်သော၊ နှလုံးကောင်းရှိသော လုပ်ငန်းရှင် အကြီးအကဲတွေဟာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ်
ညှာတာဖေးမပြီး၊ လူကိုလူလို တန်ဖိုးထား ပါတယ်။ ပညာမဲ့သော အလုပ်ရှင်တွေကတော့ အလုပ်သမားဝန်ထမ်းတွေရဲ့
အခွင့်အရေးကို လျစ်လျူရှုကြ ပါတယ်။
မလေးးရှားပညာရေးက
အဆင့်မမြင့်လှဘူးဆိုပေမဲ့ မြန်မာပြည်ထက်သာတယ် ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။ တက္ကသိုလ်
ကျောင်းသားအများစု စည်းကမ်းရှိကြတယ်။ အခွင့်အလမ်းတွေ ရှိနေတော့ ကိုယ်ပိုင်အရည်အချင်းနဲ့
အလုပ်ကောင်းကောင်း ရအောင်ကြိုးစားချင်စိတ် ရှိကြတယ်။ ဘယ်တက္ကသိုလ်ကျောင်းသားမှ ကျူရှင်မယူကြပါ။
ဘွဲ့ရတစ်ယောက်ဟာ သူသင်ကြားအောင်မြင်ခဲ့တဲ့ ဘာသာရပ်ကို အခြေခံကျကျ တတ်မြောက်ကျွမ်းကျင်ပြီး၊
လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချ နိုင်ကြပါတယ်။ ခေတ်မှီ၍ ပညာတတ်သော မလေးရှား နိုင်ငံသားတွေ
ကိုယ်ပိုင်ယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းကြတာ လေးစားစရာကောင်း ပါတယ်။ လုံခြုံစွာဝတ်စား
ဆင်ယင်တဲ့ မလေးတွေ အင်ဒီယန်းတွေ အနောက်တိုင်းမဆန်သော်လည်း ကမ္ဘာအနှံ့ ခေါင်းမော့ပြီး
သွားလာနိုင်ကြ ပါတယ်။
ပညာရဲရင့် ပွဲလယ်တင့်ပြီး၊
လူကို လူလိုတန်ဖိုးထားတတ်သော ပညာလူ့ဘောင် အဖွဲ့အစည်းကို တည်ဆောက်ဖို့ ကျွန်မတို့ ကိုယ်ပိုင်အခွင့်အရေးကို
ရအောင်ယူတတ်ပြီး၊ တပါးသူရဲ့ အခွင့်အရေးကို လေးစားတတ်ရပါမယ်။ အမှန်တရားဘက်က သတ္တိရှိရှိ
ရပ်တည်ပြီး၊ အမှန်ကိုမြင်တတ်အောင် လမ်းပြပေးနိုင်သော ခေါင်းဆောင်ကောင်းတွေ များများမွေးထုတ်နိုင်အောင်
ကြိုးစားကြရပါမယ်။ လူဦးရေ သန်း(၆၀)မှာ အမှန်တရားကို မြင်တတ်ပြီး၊ အခြေခံ လူထုကို မျက်နှာမူလိုတဲ့
ပညာတတ်ပုဂ္ဂိုလ် အရေအတွက် လုံလောက်အောင် မရှိသေးဘူးလို့ မြင်ပါတယ်။ အောက်ခြေလူထုကို
မျက်နှာမူသော ပညာတတ်ခေါင်းဆောင်တွေ များများပေါ်လာဖို့ မျိုးဆက်သစ်တွေကို ကျွန်မတို့
အားကိုးရပါမယ်။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အယူအဆတွေ၊ အရိုးစွဲနေတဲ့အကျင့်တွေ မျိုးဆက်သစ်တွေဆီ
ပါမလာဖို့ အလွန်ပဲ အရေးကြီး ပါတယ်။ ရာထူးရဖို့ ငွေရှာဖို့ထက် လောကကို အလှဆင်ဖို့ ပညာသင်တာမျိုး
ဖြစ်အောင် ဦးတည်ချက်တွေ ပြင်ပေးရပါမယ်။
လူငယ်တွေရဲ့ စိတ်ဓာတ်ကို
မချိုးနှိမ်မိဖို့ အရေးကြီးသလို အောက်ခြေမလွတ်အောင်၊ အခြခံပညာ အားကောင်းအောင် ပျိုးထောင်းပေး
ရမှာဖြစ်ပါတယ်။ မျိုးဆက်သစ်တွေကို သြဇာညောင်းနိုင်ဖို့ ကျွန်မတို့က စံပြဖြစ်အောင် နေပြနိုင်ဖို့
လိုပါတယ်။ ကိုယ်ပိုင်အရည်အချင်းကို အပြည့်အ၀ ယုံကြည်အားကိုးလျှက်၊ ဘယ်သူမှတွန်းထုတ်လို့မရနိုင်တဲ့
နေရာတစ်ခုမှာ ရပ်တည်ပြပြီး၊ လူငယ်တွေကို ဆွဲခေါ်ရပါမယ်။ ရှေ့ဆောင်လမ်းပြတဲ့ လူတွေက အောက်ခြေမလွတ်ပဲ
အခြေခံလူတန်းစားတွေဘက် အမြဲမျက်နှာမူ ရပ်တည်ပေးမှ ဖြစ်မှာပါ။ မြန်မာ ပညာတတ်အများစု
အောက်ခြေလွတ် ကြတယ်လို့ဆိုရင် မလွန်ဘူးထင်ပါတယ်။ အခြေခံအလွှာက ပေါက်ဖွားခဲ့တဲ့ ကျွန်မ
ကိုယ်တိုင်လည်း တကယ်ကို အောက်ခြေလွတ်ခဲ့ ပါတယ်။
ဆရာမတင်ချင်တဲ့ စိတ်ဓာတ်တွေ၊ ဆရာစားချန်တတ်တဲ့ အကျင့်တွေ၊ သူများထက် နှာတဖျား သာနေချင်တဲ့
အတ္တတွေကို စွဲကိုင်ထားသရွေ့ ပညာလူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ ခဲယဉ်းနေမှာပါ။
ကျွန်မ ဖတ်မှတ်လေ့လာခဲ့တဲ့
စာတွေ၊ အတွေ့အကြုံတွေက ရခဲ့တဲ့အသိတွေ၊ တွေ့ဆုံခဲ့ဖူးတဲ့ ဆူကြုံနိမ့်မြင့် လူမျိုး ပေါင်းစုံဆီက
ရခဲ့တဲ့သင်ခန်းစာတွေကို အခြေခံပြီး၊ ဥာဏ်မှီသလောက် စဉ်းစားပြီး ဒီဆောင်းပါးကို ရေးလိုက်ခြင်းဖြစ်လို့
ပြည့်စုံမှုမရှိနိုင်ပါ။ နောင်များ ဥာဏ်မှီတဲ့အခါ ထပ်မံဖြည့်စွက်ပြီး ရေးပါအုံးမယ်။
အမှန်တရားကို ထိုးထွင်းမြင်နိုင်သော ပညာမျက်လုံး သို့မဟုတ် လွတ်လပ်ခြင်း တံခါးကိုဖွင့်နိုင်တဲ့
အသိပညာသော့ကို ပိုင်ဆိုင်ထားရင် ကျွန်စိတ်နဲ့ ရိုကျိုးနေစရာ မလိုတော့သလို၊ အမှန်ဘက်ကို
ရဲရဲရပ်တည်ဝံ့တဲ့ သတ္တိတွေ ရှိလာကြမှာဖြစ်လို့
ငြိမ်းချမ်းသော ပညာလူ့အဖွဲ့အစည်းကို ၀ိုင်းဝန်းတည်ဆောက်ကြစို့လို့ တိုက်တွန်းအပ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
စံပယ်ဖြူ
အပြင်စီးမဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၃။
No comments:
Post a Comment