သြဂုတ်လ ၃၁ ဘလော့ဂါများနေ့ အမှတ်တရ စာတစ်ပုဒ်ရေးချင် ပါတယ်။
မနှစ်တုန်းကလည်း ဘလော့ဂါနေ့မှန်း မသိလိုက်ပေမဲ့ မနေ့ကဝေဒနာ ဆိုတဲ့စာတစ်ပုဒ်ကို ရေးဖြစ်လိုက် ပါတယ်။ ကျွန်မ ဘလော့ရေးတာ
(၂) နှစ်ရှိပါပြီ။ လာဖတ်တဲ့သူ ပြောရလောက်အောင် မများပေမဲ့ ကျွန်မစာတွေ ဆက်ရေးနေပါတယ်။
မလေးရှားကထုတ်တဲ့ အပြင်စီး မဂ္ဂဇင်းမှာတော့ အမြဲရေးဖြစ်တယ်။ မြန်မာနက်ဝပ် နဲ့ မေတ္တာဥယျဉ်မှာ ကျွန်မရေးတဲ့ စာအချို့တင်ဖြစ်ပါတယ်။ စာရေးတာကို
ဝါသနာပါလို့ ကျွန်မရေးပါတယ်။ စာရေးခြင်း စာဖတ်ခြင်းအလုပ်ကို မြတ်နိုးလို့ ကျွန်မအချိန်တွေကို
စာပေအတွက် များများသုံးနိုင်အောင် ကြိုးစားပါတယ်။
ကျွန်မ ဘလော့မရေးခင်က
စီနီယာဝါရင့်ဘလော့ဂါများရဲ့ စာတွေလိုက်ဖတ်ပြီး သူတို့ကို လေးစားအားကျခဲ့ပါတယ်။ အတွေ့အကြုံ
ဗဟုသုတတွေကို မျှဝေချင်ကြလို့ အချိန်ကုန်ခံပြီး အလကားရေးသား နေကြတဲ့ ဘလော့ဂါများကို
လေးစားတဲ့အကြောင်း စာရေးဆရာမ ဒေါ်နုနုရည် (အင်းဝ)ရဲ့ ဂုဏ်ပြုစာကိုဖတ်မိဖူး ပါတယ်။ အချို့က ရေးချင်တဲ့စာကို လွတ်လွတ်လပ်လပ် ရေးရအောင်
ဘလော့မှာရေးတယ်။ တချို့ကတော့ မရေးရမနေနိုင်လို့ ရေးတယ်၊ အချို့ကလည်း အထီးကျန်ဝေဒနာကို
ကုစားဖို့ ဘလော့ရေးတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် စာဖတ်သူတွေ နှစ်သက်ရာစာကို လွတ်လွတ်လပ်လပ်
ဖတ်နိုင်အောင် မိမိတို့အားသန်သလို ရေးကြတာ ကောင်းပါတယ်။ နယ်ပယ်ပေါင်းစုံက အတွေ့အကြုံတွေကို
အတွေးရှုထောင့်မျိုးစုံနဲ့ ရေးကြတာ လိုက်ဖတ်လို့တောင် မကုန်နိုင်ဘူး။
စာပေပညာရှင်တွေ ၀ါသနာရှင်တွေ
စာရေးကြတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာနဲ့ အိုင်တီပညာရှင်တွေ စာရေးကြတယ်။ ထို့အတူပဲ ကျောင်းဆရာမ၊
သူနာပြုနဲ့ အိမ်ရှင်မတွေ စာရေးကြရင်သိပ်ကောင်း ပါတယ်။ တွေ့ကြုံ ခဲ့သမျှကို ပြန်ဆင်ခြင်သုံးသပ်ပြီး
စာတွေရေးရင် ဘ၀စာမျက်နှာတွေဟာ အက္ခရာတင်ကျန်ရစ် ပါလိမ့်မယ်။ စာရေးခြင်းနဲ့ ပတ်သက်ပြီး၊
ပြန်လည်ဆင်ခြင်းသုံးခြင်း ( Reflection) အကြောင်း အနည်းငယ် ထည့်ရေးချင်ပါတယ်။ ပညာရပ်တိုင်း
နယ်ပယ်တိုင်းမှာ ပြန်လည်ဆင်ခြင်သုံးသပ်တဲ့ အလေ့အကျင့် Reflective practice ရှိမှသာ
တိုးတက်နိုင်ပါတယ်။ နောက်ကြောင်းပြန်တွေးကြတယ်၊ အရင်ကအကြောင်းတွေကို စမြုံ့ပြန်ပြောကြတယ်
ဆိုတာဟာလည်း Reflection လို့ဆိုနိုင်ပါတယ်။ ပြန်တွေး ပြန်ပြောတဲ့ အကြောင်းအရာတွေထဲက
တရားနည်းလမ်းမကျတာတွေ အားနည်းချက်တွေကို အမှန်တိုင်းပြန်မြင်နိုင်ပြီး၊ ဘယ်လိုပြုပြင်သင့်တယ်
ဆိုတာကို တွေးနိုင် သုံးသပ်နိုင်ရင်တော့ (Critical Reflection) အဆင့်ကို ရောက်ပါတယ်။
တွေးနိုင် သုံးသပ်နိုင်ပြီး၊ ဖတ်ကောင်းတဲ့ စာတွေရေးနိုင်ဖို့ စာဖတ်အားကောင်းဖို့ လိုပြန်ပါတယ်။
ဆင်ခြင်သုံးသပ်မိသမျှကို
အများသိအောင် ပြန်ရေးတာကတော့ (Reflective writing) ဖြစ်ပါတယ်။ ဂဘ်စ်ရဲ့ ပြန်လည်ဆင်ခြင်နည်း
ပုံစံ (Gibb’s Model of Reflection) ဥပမာပေးပြီး၊ ပြန်လည်ဆင်ခြင် စားရေးနည်းလေးကို
အကျဉ်းချုံး ဖော်ပြချင်ပါတယ်။ ဒီမော်ဒယ်က လွယ်ကူရှင်းလင်းလို့ လူကြိုက်များပါတယ်။
သူနာပြု ဘာသာရပ်မှာ Reflective Assignments ရေးရင် ဒီမော်ဒယ်ကို တော်တော်များ သုံးကြတာကို
တွေ့ရပါတယ်။ အခြားပညာရပ် နယ်ပယ်တွေမှာလည်း သုံးလို့ကောင်းပါတယ်။
ပထမဆုံးအဆင့်မှာ ရေးသားတင်ပြခြင်း
(သို့) ဖော်ထုတ်ပြောပြခြင်း (Description) ဖြစ်ပါတယ်။ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်ကို
အစီအစဉ် တကျရေးမယ်။ စာဖတ်သူနားလည်အောင် ရှင်းရှင်းလင်းလင်းနဲ့ စိတ်ဝင်စားစရာ ဖြစ်အောင်ရေးမယ်။
စာရေးတဲ့ အလေ့အကျင့် များလားရင် အရေးအသား ပိုမိုကောင်းမွန် ပြေပြစ်လာပါလိမ့်မယ်။ အကြောင်းအရာလေး
တစ်ခုကို ကျွန်မပြောကြည့် ပါမယ်။ ကျောက်ကပ်မကောင်းတဲ့ လူနာတွေ တပတ်သုံးကြိမ် ကျောက်ကပ်ဆေးပြီး
အသက်ရှင်ရပါတယ်။ မြန်မာပြည်မှာတော့ ပိုက်ဆံချမ်းသာမှသာ နှစ်ရှည်လများ ကျောက်ကပ်ဆေးဖို့
ဖြစ်နိုင်ပါတယ်။ မလေးရှားမှာတော့ ဆင်းရဲသားတွေ ကျောက်ကပ်ဆေးနိုင်အောင် စေတနာရှင် အဖွဲ့အစည်းတွေက
ကူညီကြပါတယ်။ ဒီအကြောင်းကို တွေးရင်းရေးရင်းက ကျောက်ကပ်မဆေးနိုင်လို့ ဝေဒနာကို မချိမဆန့်
ခံစားရတဲ့ မြန်မာပြည်က လူနာတွေကို ကျွန်မမျက်စိထဲ ပြန်မြင်ယောင်မိပါတယ်။ တွေးပြီး စိတ်မကောင်း
ဖြစ်ရတဲ့ ခံစားချက် (Feeling) ဆိုတဲ့အဆင့်ကို ရောက်လာပါတယ်။
ခံစားချက်တွေ အတွေးတွေဆိုတာ
အင်မတန် အဖိုးတန်တဲ့ နာမ်ပစ္စည်းတွေပါ။ ခံစားရတဲ့အခါ ကျွန်မတို့ တွေးခေါ်တဲ့ ပုံစံတွေပြောင်းသွား
ပါတယ်။ ခံစားရလို့ စာနာတတ်လာတယ်။ ကိုယ်တိုင်ခံစားရတာတွေကို သူများတွေသိအောင် ရေးလိုက်တဲ့အခါ
အဲဒီခံစားချက်တွေက စာဖတ်သူတွေဆီ ကူးသွားတယ်။ စာဖတ်သူတွေရဲ့ နှလုံးသားကို ထိရှသွားတယ်။
စာဖတ်ခြင်းကရတဲ့ ရသတွေဟာ လူတွေရဲ့ အတွေးအခေါ်ကို ပုံစံပြောင်းပေးနိုင်ပါတယ်။ ခံစားရလို့
တွေးမိရာက ပြန်လည်သုံးသပ်တဲ့အဆင့်  (Evaluation) ကိုရောက်လာပါတယ်။
Gibbs Model of
Reflection, 1988
တွေ့ကြုံခံစားရတာတွေကို
ပြန်လည်သုံးသပ်တဲ့နေရာမှာ အဆိုးအကောင်း၊ အားနည်းချက် အားသာချက်တွေကို မြင်အောင်ကြည့်ရ
ပါတယ်။ မလေးရှားနိုင်ငံမှာ စီးပွားရေး အထိုက်အလျှောက် ဖွံ့ဖြိုးပြီး၊ နိုင်ငံသားတွေ
လူမှုရေးတာဝန် သိတတ်ကြတော့ ကျောက်ကပ်ရောဂါရှင်တွေ အသက်ရှည်ပြီး၊ ဘ၀အရည်အသွေးတွေ တိုးတက်ကောင်းမွန်အောင်
တတ်နိုင်သလောက် ကူညီဖေးမ ကြပါတယ်။ မြန်မာပြည်မှာတော့ ကိုယ့်ဘ၀ကိုတောင် အနိုင်နိုင်ရုန်းနေကြရ၊
ဆင်းရဲမွဲတေကြရတော့၊ လူမှုရေးတာဝန် လူအများစု မလုပ်နိုင်ကြဘူး၊ လုပ်နိုင်တဲ့သူတွေမှာလည်း
လိုအပ်တဲ့နေရာတွေက များနေတော့ ကျောက်ကပ်ရောဂါရှင်တွေကို ကူညီဖို့အထိ မတတ်နိုင်ကြဘူး။
နိုင်ငံရေး၊ စီးပွားရေး ချွတ်ခြုံကျခြင်းရဲ့ အကျိုးရလဒ်တွေကို မြန်မာပြည်သူတွေ ခံစားနေကြရတယ်။
ဒီလိုလက်ရှိ အခြေအနေကို ဆင်ခြင်သုံးသပ်ရင်းက အသေးစိပ် ခွဲခြမ်းစိပ်ဖြာလေ့လာတဲ့
Analysis အဆင့်ထိ တိုးတက်စဉ်းစား လာနိုင်ပါတယ်။ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်တတ်ရန် အတွေးအခေါ်ရင့်ကျက်ဖို့
လိုပါတယ်။
မြန်မာပြည်ကလူတွေ
ဘာကြောင့်ဆင်းရဲနေကြသလဲ၊ လူမှုရေးတာဝန်တွေ ဘာကြောင့် အင်တိုင်အားတိုက် မလုပ်နိုင်ကြသလဲ
ဆိုတဲ့အချက်တွေကို သေးစိပ်လေ့လာတဲ့အခါ အကြောင်းရင်းက ပေါ်လာတာကို မြင်တွေ့ ရပါလိမ့်မယ်။
အကြောင်းရင်းကို မြင်တဲ့လူတွေက ရေးကြထောက်ပြတာကို ဖတ်ရတဲ့အခါ အမှန်ကိုသိမြင်ခွင့် ရလာတယ်။
မူမမှန်တဲ့ အခြေအနေကို ပြုပြင်သင့်တယ်ဆိုတာကို မြင်လာကြတယ်။ နောက်တဆင့်တက်ပြီး ကျွန်မတို့
တစ်ဦးချင်းစီ ဘာတွေလုပ်နိုင်သလဲဆိုတာကို ကြံဆနည်းလမ်းရှာကြတယ်ဆိုရင် Conclusion အဆင့်ကို
ရောက်လာပါတယ်။ ရှုထောင့်အမြင်မျိုးစုံကနေ တွေးမြင်လို့ ရလာတဲ့ ပြောင်းလဲရေး နည်းလမ်းကောင်းတွေကို
စာတွေရေးသား အမြင်ချင်းဖလှယ်ကြ၊ အပြုသဘော ဝေဖန်ကြရင် အမြင်တွေပွင့်လင်းလာပြီး၊ အကောင်းဘက်ကို
ဦးတည်လာပါတယ်။
ပြန်လည်ဆင်ခြင် သုံးသပ်ရာမှာ
နောက်ဆုံးအဆင့်ဖြစ်တဲ့ (ပြုပြင်ရေး)လုပ်ငန်းစဉ် Action plan ကိုထည့်သွင်း စဉ်းစားမှ
ပြီးပြည့်စုံပါမယ်။ အခြေအနေတစ်ခုဟာ ဘာကြောင့် (why) ဘယ်သူကြောင့်(who) လို့ေoဖန်နိုင်ရုံနဲ့
မပြီးပါဘူး။ ဘယ်လိုကောင်းအောင်လုပ်ရမလဲ (how)ကိုပါ စဉ်းစားအဖြေရှာ စီမံချက်ချရပါမယ်။
ကျောက်ကပ်မဆေး နိုင်တဲ့ လူနာတွေကို ဥပမာပြန်ကြည့်လိုက်ရင် သူတို့ကို ဘယ်လိုကူညီပေးနိုင်လဲ
ဆိုတာစဉ်းစားရ ပါမယ်။ စင်္ကာပူ၊ မလေးရှားနဲ့ အခြားနိုင်ငံတွေမှာ အမျိုးသားကျောက်ကပ်ဖောင်ဒေးရှင်း
(National Kidney Foundation)လိုအဖွဲ့အစည်းတွေက လူတိုင်းကျောက်ကပ်ဆေးနိုင်အောင် စီမံပေးကြတယ်။
မြန်မာပြည်မှာ ဒီလိုအဖွဲ့အစည်းရှိလာအောင် ဆောင်ရွက်မယ်။ အင်အားရှိတဲ့သူတွေကို စုစည်းပြီး၊
အလှူငွေတွေရအောင် စည်းရုံးကြမယ်။ ကျောက်ကပ် ရောဂါရှင်တွေရဲ့ ဘ၀ကို စာနာတတ်အောင်၊ ကူညီလှူဒါန်းချင်အောင်
စာတွေရေးသား ပညာပေးကြမယ်။
ဂဘ်စ်ရဲ့ မော်ဒယ်
အတိုင်းပြန်ကြည့်လိုက်တော့ ကျောက်ကပ်မဆေးနိုင်တဲ့ လူနာတွေကို မြင်တွေ့ခဲ့ရာက ခံစားရတယ်၊
သုံးသပ်မိတယ်၊ အခြေအနေ ကြောင်းရင်းတွေကို အသေးစိပ်လေ့လာမိပြီး၊ ဘယ်လိုကောင်းအောင်
လုပ်ရမလဲဆိုတာကို နည်းလမ်းရှာ၊ စီမံချက်ချနိုင်တဲ့ အဆင့်ထိ တိုးတက်လာတာကို တွေ့ရပါတယ်။
လက်တွေ့ ကောင်အထည်ဖော်နိုင်ဖို့ အတွက်တော့ အကြောင်းအရာတွေ များစွာအပေါ် မူတည်ပါတယ်။
အနည်းဆုံးတော့ ပြန်တွေးတဲ့အခါ အမှန်တရားကို မြင်တတ်လာပါတယ်။ လူတွေဟာ စက်ရုပ်တွေမဟုတ်လို့
အမြဲတွေးနေ ပြန်ဆင်ခြင် နေဖို့လိုအပ်ပါတယ်။ လောကငြိမ်းချမ်း သာယာဖို့ အမြဲပြန်တွေး၊
ပြန်ဆင်ခြင်ပြီး၊ မကောင်းတာတွေကိုပြင်၊ ကောင်းနေတာတွေကို ပိုကောင်းအောင် ကြိုစားကြရပါမယ်။
ပြန်တွေးပြန်မြင်သမျှကို စာတွေရေးသား မျှဝေခြင်းဖြင့် ထူးခြားဆန်းသစ်တဲ့ အမြင်တွေကို
စာဖတ်သူတွေ သိခွင့်ရပါတယ်။
စာရေးဖို့ ၀ါသနာပါတဲ့လူတိုင်းကို
စာရေးပါလို့ ကျွန်မက အားပေးချင်ပါတယ်။ ကောင်းသောစေတနာထားပြီး ရေးပါ။ အမှန်ကိုရေးပါ
လို့လည်းမေတ္တာရပ်ခံချင်ပါတယ်။ မှန်သော်လည်း စာဖတ်သူတွေအတွက် အကျိုးရှိစေမဲ့ စာမျိုးဖြစ်မှ
အချိန်ကုန်ခံရေးသင့် ပါတယ်။ မိမိရေးတဲ့စာကြောင့် လူလူချင်းအမုန်းပွားစေတာ၊ အဓိကရုဏ်း
၇န်ပွဲတွေ ဖြစ်တာမျိုး မဖြစ်သင့်ပါ။ လောကငြိမ်းချမ်းရေးကို တည်ဆောက်ချင်လို့ စာရေးတာမျိုးပဲ
ဖြစ်စေချင်ပါတယ်။ လွတ်လပ်စွာ ရေးသားခွင့်ကို နှစ်သက်ကြတဲ့ စာရေးသူတွေအားလုံး စာဖတ်သူများရဲ့
လွတ်လပ်စွာ တွေးခေါ်ခွင့်ကို လေးစားရ ပါမယ်။ စာဖတ်သူတွေ အမြင်ကျဉ်း၊ အတွေးဘောင်ကျဉ်းသွားအောင်
မရေးသင့်ပါ။
အမှန်ကို ရိုးသားစွာရေးရင်
စာရေးသူဘ၀ကို ရပ်တည်ရတာ အင်မတန် အရသာရှိပါတယ်။ ရိုးသားစွာရေးသော စာတွေကို ဖတ်ရတဲ့အခါမျာလည်း
အင်မတန်ကို အရသာရှိလှပါတယ်။ ရိုးသားခြင်းရဲ့ အရသာကို စားသုံးဖူးသူများ အသိဆုံး ဖြစ်ပါလိမ့်မယ်။
မစားမိဖူးသေးသူများ အရသာကို သိသွားစေဖို့ စာရေးသူတိုင်း ရိုးသားကြစေချင်ပါတယ်။ စာသိပ်မဖတ်တဲ့သူတွေ၊
ကြုံလို့အပျင်းပြေတစ်ပုဒ်လောက် ဖတ်မိသူတွေ အရသာပျက်တဲ့ စာတွေဖတ်မိသွားရင် စာပေတန်ဖိုးကို
သိခွင့်မရလိုက်ပဲ အမြင်တွေ တိမ်းစောင်းသွား နိုင်ပါတယ်။ တစ်ပုဒ်ထဲ ဖတ်မိလိုက်ရာက အရသာကောင်းကို
သိသွားရင် စာဖတ်ခြင်းကို မွေ့လျော်လာပါလိမ့်မယ်။
ဒီနေ့ ဘလောဂါများနေ့မှာ
အမှတ်တရပြောချင်တာကတော့ စာေ၇းနေသူများ၊ စာရေးဖို့ ရည်ရွယ်ချက်ရှိသူများ စာတွေရေးကြပါ၊
အမှန်ကိုရိုးသားစွာရေးပါလို့ …..
ရိုးသားခြင်းရဲ့ အသီးအပွင့်တွေကို
မှီဝဲစားသုံး အားယူပြီး၊ ငြိမ်းချမ်းသော လူ့ဘောင်ကို ကြိုးစားတည်ဆောက်ပါစို့။
ကျေးဇူးတင်ပါတယ်။
စံပယ်ဖြူ
No comments:
Post a Comment