တစ်နှစ်ကူးသွားပြန်လည်း
မလေးရှားမှာ သောင်တင်နေဆဲမို့ မလေးရှားမှာ သင်္ကြန်နဲ့ နှစ်သစ်ဆင်နွှဲ ခဲ့တဲ့အကြောင်းလေးကို
အမှတ်တရ ပြန်ရေးလိုက်ပါတယ်။ သင်္ကြန်အကြိုနေ့မှာ ပီတလင်းဂျာယာက ရတနာယာမ ဘုန်းကြီးကျောင်းက
သင်္ကြန်ကို သူငယ်ချင်းနဲ့အတူ သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဘုရားကန်တော့၊ ဆရာတော်ကို
နှုတ်ဆက်ဦးချပြီး၊ မုန့်ဟင်းခါးနဲ့စားပါတယ်။ မုန့်ဟင်းခါးစားပြီးတော့ ရွှေရင်အေးကို
အားပေးလိုက်ပါသေးတယ်။ မနက်ဆယ်နာရီမှာ ဆရာတော်တရားဟော ပါတယ်။
ဆရာတော်က
သင်္ကြန်မှာ လူစုံတုန်း (အထူးသဖြင့် သင်္ကြန်မှာ ပျော်ချင်တဲ့လူငယ်တွေ စုစုရုံးရုံးရှိကြတုန်း)
အရေးကြီးဆုံး တရားအဆုံးအမတွေကို လိုရင်တိုရှင်းနဲ့ ထိထိရောက်ရောက် ဟောကြားခဲ့ပါတယ်။
စည်းကမ်း ရှိပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းဖြင့် အမျိုးဘာသာကို စောင့်ရှောက်ကြဖို့
ဆုံးမပါတယ်။ သီလလုံပြီး၊ ကိုယ်ကျင့်ကောင်းအောင် စောင့်ထိန်းခြင်းဖြင့် သာသနာတော်ကို
စောင့်ရှောက်ဖို့ အလေးအနက် ဆုံးမပါ တယ်။ ဗုဒ္ဒဘာသာမြန်မာပြည်ကို
တကယ်ချစ်ကြသူတွေ ဆရာတော်ဆုံးမတဲ့အတိုင်း နေနိုင်ကြပြီဆို လုံလောက်ပါတယ်။ အဲဒီလိုနေကြရင်
ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာတွေ အများစုနေတဲ့ တိုင်းပြည်ဖြစ်နေမှာပါ။ တခြားဘယ်ဘာသာဝင်ကိုမှ
ပုတ်ခတ်ပြောဆိုနေဖို့ မလိုပါဘူး။ လူမျိုးဘာသာမရွေး လူသတ္တ၀ါအားလုံးကို ကျွန်မတို့ မေတ္တာထားရမယ်
မဟုတ်လား။ မြန်မာပြည်ကြီးကို တကယ်ငြိမ်းချမ်း စေချင်တယ်ဆိုရင် လူတိုင်းကို ချစ်နိုင်အောင်
ကျွန်မတို့ ကြိုးစားရမှာပါ။ ရန်လိုမုန်းတီးမှုတွေကို သင်္ကြန်ရေနဲ့ ဆေးကြောပစ်နိုင်ကြပါစေ။
နှစ်သစ်မှာ စိတ်သစ် အမြင်သစ်တွေရလို့၊ မတူညီကွဲပြားကြသူတွေ ချစ်ချစ်ခင်ခင် ရှိကြပါစေလို့
ဆုတောင်းပါတယ်။
တရားနာ
ရေစက်ချပြီးတော့ ဘုန်းကြီးဆွမ်းကပ် ပါတယ်။ ပြီးတော့ ကျွန်မတို့ နေ့လည်စာ စားကြပါတယ်။
သင်္ကြန်းပိုးဝင် နေကြသူတွေကတော့ ပျော်ရွှင်မြူးထူးစွာ ရေကစားနေကြပါတယ်။ ကွာလာလမ်ပူက ဘုန်းကြီးကျောင်းတွေ
မြန်မာပြည်မှာလို ကျယ်ကျယ်ဝန်းဝန်း မရှိတော့ သူတို့တွေ ရတဲ့နေရာကျဥ်းကျဉ်းမှာ ပွဲဖြစ်အောင်
ကစားရပါတယ်။ အဆိုအကတွေဖျော်ဖြေဖို့ မဏ္ဍခပ်တန်တန်လေးကိုလည်း ဆောက်ထား ပါသေးတယ်။ မျောက်ရှုံးအောင်
ရေဆော့နေကြပေမဲ့ မိုက်မိုက်ရိုင်းရိုင်း မဟုတ်ကြတာ စိတ်ချမ်းသာရ ပါတယ်။ သူတို့ရေကစားနေကြတာကို
ကြည့်ပြီး ကျွန်မ၀င်ကစား ချင်စိတ်တောင်ဖြစ်မိပါတယ်။
အ၀တ်ရေစိုနဲ့ အိမ်ပြန်ဖို့ မဖြစ်နိုင်လို့ ထိုင်ပဲကြည်နေခဲ့ပါတယ်။ ရေကစားတဲ့သူတွေ ပျော်နေတာကို မြင်နေရတာ စိတ်ချမ်းသာစရာ ကောင်းပါတယ်။ မဏ္ဍပေါ်မှာတော့ အဆိုအကတွေနဲ့ ပွဲဖြစ်နေပါတယ်။ သံချပ်ထိုးတဲ့ အစီအစဉ်လည်း ပါပါတယ်။
အ၀တ်ရေစိုနဲ့ အိမ်ပြန်ဖို့ မဖြစ်နိုင်လို့ ထိုင်ပဲကြည်နေခဲ့ပါတယ်။ ရေကစားတဲ့သူတွေ ပျော်နေတာကို မြင်နေရတာ စိတ်ချမ်းသာစရာ ကောင်းပါတယ်။ မဏ္ဍပေါ်မှာတော့ အဆိုအကတွေနဲ့ ပွဲဖြစ်နေပါတယ်။ သံချပ်ထိုးတဲ့ အစီအစဉ်လည်း ပါပါတယ်။
ဆိုကြ
ကကြတဲ့ ကလေးတွေ၊ သံချပ်ထိုးတဲ့ လူငယ်လေးတွေ အားလုံးပဲ ချစ်စရာကောင်းပါတယ်။ သံချပ်အဖွဲ့က
လူငယ်ငါးယောက်ဟာ ဖြတ်ဖြတ်လတ်လတ် ရဲရဲရင့်ရင့်ရှိလှပါတယ်။ သင်္ကြန်ပွဲလာ ပုရိတ်သတ်ရဲ့
နှလုံးသားထဲ ဦးနှောက်ထဲကို တိုင်းပြည်ချစ်စိတ်
မျိုးချစ်စိတ်တွေ စိမ့်ဝင်သွားအောင် အားနဲ့မာန်နဲ့ သံချပ်တိုင်ကြတာကို ကျွန်မ သဘောကျလို့
ပန်းကုံးပေးခဲ့ ပါတယ်။ စင်ပေါ်ကလူတွေကို ပန်းကုံးတက်ပေးတာ ကျွန်မအတွက် ဒါပထမဆုံးအကြိမ်
ဖြစ်ပါတယ်။ ပန်းကုံးလား။ တစ်ကုံးကို ရင်းဂစ် တစ်ဆယ်ပေးရတယ်။ ငါးယောက်ဆိုတော့ ငါးဆယ်ကျပါတယ်။
မြန်မာငွေနဲ့ တွက်ရင်ကျပ် တစ်သောင်းကျော် ပေါ့။ ပန်းကုံးရောင်းရတဲ့ငွေကို ဘုန်းကြီးကျောင်းကို
ပြန်လှူတာဆိုတော့ ကုသိုလ်ရပါတယ်။ ဒီလူငယ်လေးတွေ အသက်ကြီးလာတာနဲ့အမျှ တိုင်းပြည်အတွက်
ပိုပိုပြီး အလုပ်လုပ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။
သင်္ကြန်
အကြတ်နေ့နဲ့ အတက်နေ့မှာ ဘာမှအလုပ်ဖြစ်ဘူး။ အလုပ်သွားတယ်။ တကယ်ဆို သင်္ကြန်အတက် နေ့က ကျွန်မမွေးနေ့။
မွေးနေ့မှာ ကျွန်မဘာမှ ထွေထွေထူးထူးမလုပ်ခဲ့ဘူး။ ၃၁ နှစ်ပြည့်တုန်းက တစ်ခါပဲ မွေးနေ့လုပ်ဖူးတယ်။
အဲဒီနေ့မှာပဲ သေရာပါလောက်တဲ့ ဒဏ်ရာတစ်ခု ရလိုက်တယ်။ နောင်နှစ်တွေမှာ အရင်ကလိုပဲ မွေးနေ့မလုပ်ပဲ
နေလိုက်တယ်။ လူတစ်ယောက်ကို တစ်မျိုးစီပေါ့နော်။ ကျွန်မကိုမွေးတာ သင်္ကြန် အတက်နေ့ ညမှာဆိုတော့
နှစ်သစ်မကူးခင်လေးမှာ။ ကျွန်မက မိဿဖွား။ မိဿဖွားတွေရဲ့ ဘ၀က ခက်ခဲပင်ပန်းတယ်။ ကျွန်မရဲ့
ကျောပြင်မှာ နေပူခံမှဲ့က ပြူးနေတာပဲ။ အဲဒီမှဲ့သာ မျက်နှာပေါ်မှာရှိရင် တော်တော်လှမှာ။
သင်္ကြန်အကြောင်းပြောရင်း နေပူခံမှဲ့ဆီကို ရောက်သွားတယ်။ မှတ်မှတ်ရရ နှစ်ဆန်း တစ်ရက်နေ့
ဘုရားမှာ လုပ်ပေးသွားဖြစ်ခဲ့တယ်။
ကလန်း
မာဒူးမှာ မလေးရှားတရုတ် ဗုဒ္ဓဘာသာတွေက တောရကျောင်း
(တရားရိပ်သာ) ဆောက်နေပါတယ်။ ကျောင်းဝင်းထဲ မှာ ရွှေတိပုံစေတီတော်နဲ့ ပုံစံတူစေတီတစ်ဆူ
တည်းထားပါတယ်။ ယောဂီဆောင်တွေ အချို့လည်းဆောက်ထား ပြီးပါပြီ။ မလေးရှားရောက်မြန်မာတွေ
မကြာခဏ လုပ်အားပေးသွား ကြပါတယ်။ ဒီနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ ၇ရက်သားသမီးများ နာရေးကူညီမှုအသင်း
(ကပုန်း) က အသင်းနှစ်ပတ်လည် အထိမ်းအမှတ် လုပ်အားပေး သွားဖို့စီစဉ်ကြပါတယ်။ လုပ်အားပေးတွေကို
ကျွေးမွေးဖို့ သက်သတ်လွတ် ချက်ပြုတ်လှူဒါန်း ကြပါတယ်။ ကျွန်မကတော့ လိုက်သွားပြီး လိုတာလေးတွေ
ကူလုပ်ပေးရုံပါ။ ကျွန်မကို လိုက်ဖို့ခေါ်တဲ့ အန်တီညိုက တို့ဟူးသုတ် လှူပါတယ်။ တို့ဟူးကို
အိမ်မှာကျို၊ လိုတဲ့အဆာပလာတွေ သယ်သွားပြီး ဟိုရောက်မှသုတ်တာပါ။ တခြားအဖွဲ့တွေက ပဲငါးပိချက်၊
ပဲကုလားဟင်းနဲ့ မှိုကန်းစွန်းကြော် အသီးသီး ချက်ကြပါတယ်။ စေတနာလည်းကောင်း၊ အချက်အပြုတ်ကလည်း
တော်ကြတော့ ဟင်းတွေအားလုံး စားကောင်းပါတယ်။ ကိုယ်စားဖို့တောင် ကောင်းကောင်း မချက်တတ်တဲ့
ကျွန်မ အားရပါးရ တွယ်လိုက်ပါတယ်။ တော်တော်စားကောင်းတာ။
နေ့လည်စာ
စားသောက် သိမ်းဆည်းပြီးတော့ လုပ်အားပေးပြန်စကြပါတယ်။
နေပူကျဲကျဲမှာ ပျော်ပျော်ပါးပါး လုပ်အားလာပေးတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ နှလုံးသားအလှကို
ဘယ်လိုမျိုးတွေ မှီနိုင်မလဲ။ မြန်မာနှစ် သစ်ကူးတဲ့နေ့မှာ အပင်ပန်းခံပြီး လုပ်အားလှူကြတာ
အလွန်ကို မင်္ဂလာရှိပါတယ်။ ငွေကြေးတတ်နိုင်တဲ့ တရုတ်တွေရဲ့ သာသနာပြုအလှူမှာ မြန်မာတွေက
လုပ်အားဒါနနဲ့ ပါရမီဖြည့်ကြတာ ၀မ်းမြောက်စရာ ကောင်းလှပါတယ်။ တောရရိပ်သာဆောက်လှူဖို့
မြေ၀ယ်တဲ့ တရုတ်သူဌေးက အတိတ်ပါရမီ အားကောင်းတဲ့ သူတော်ကောင်းတစ်ယောက် လို့ဆိုရပါမယ်။
သမဓ ၀ိပဿနာ အကြောင်းတွေ သူတော်တော်သိပါတယ်။ သမာဓိအားကောင်း ပုဂ္ဂိုလ်မြတ် တစ်ဦးပါ။
အသက်ငါးဆယ်ကျော် အိမ်ထောင်မပြုတဲ့ လူပျိုကြီး။ အိပ်မက်ရလို့ ဒီရိပ်သာကျောင်းကို ဆောက်လှူတယ်လို့
ပြောပါတယ်။ မလေးရှားမှာ ဗုဒ္ဓဘာသာကို ယုံကြည်
မှီခိုတဲ့ တရုတ်တွေ တော်တော်များများရှိနေကလည်း ၀မ်းမြောက်စရာပါ။
ဒီနှစ်သင်္ကြန်
နှစ်သစ်ကူးမှာ အကျိုးရှိတာလေးတွေ လုပ်ဖြစ်လိုက်တဲ့အတွက် ကျေနပ်မိပါတယ်။ မြန်မာပြည်
အနယ်နယ် အရပ်ရပ်ကနေ လာပြီးဆုံဆည်းကြသူတွေ တရွာတည်းသား တနယ်တည်းသားတွေလို ရင်းနှီး သွားကြတာ
ကျွန်မတို့မြန်မာတွေရဲ့ ချစ်စရာအလှပဲမဟုတ်လား။ ညီညီညွတ်ညွတ်နဲ့ အစေးကပ်ကြတဲ့အခါ စုပေါင်းအလုပ်လုပ်ရတာ
ပျော်စရာလည်းကောင်း အလုပ်လည်းပြီးမြောက်ပါတယ်။ နှစ်သစ်မှာ ညီညွတ်ခြင်းရဲ့ အသီးအပွင့်ကို
စားသုံးလိုက်ရလို့ ၀ါဂွမ်းကိုဆီထိသလို ကြည်နူးပီတိဖြစ်မိတဲ့အကြောင်း ၀မ်းမြောက်ဝမ်းသာ
မှတ်တမ်းရေးလိုက် ပါတယ်။
သင်္ကြန်ချစ်သူတစ်ဦး
၁၇၊၄၊၂၀၁၃
ကြည့်ပြီး ပျော်ရွှင်ရ
ReplyDeleteပျေင်ခုန်မိတယ