စာမရေးတာကြာတော့ တစ်ခုခုရေးချင်စိတ် ဖြစ်တာနဲ့ ရှင်ဘုရင်ကြီး ဖွဲစားတဲ့ ပုံပြင်အကြောင်း ရေးဖို့စိတ်ကူးမိပါတယ်။ ငယ်ငယ်က ကြားဖူးခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပါ။ တကယ်အဖြစ်မှန်လား၊ ဒဏ္ဍာရီ ပုံပြင်လားတော့ မသိပါ။ အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့ မရစကောင်းဘူးဆိုတာကို ဒီပုံပြင်ကနေ သင်ခန်းစာရခဲ့ ပါတယ်။
တခါတုန်းက ရှင်ဘုရင်တစ်ပါးဟာ မှူးမတ်တွေနဲ့အတူ တိုင်းခန်းလှည့်လည် ပါတယ်။ တနေရာ ရောက်တော့ ဘုရင်က ဖွဲနုတွေကိုတွေ့ပြီး ဘာမှန်းမသိလို့ လက်နဲ့တို့ပြီး လျက်ကြည့် ပါတယ်။
ဖွဲနုကို တောသားတွေ ကောင်းကောင်းသိ ပါလိမ့်မယ်။ စပါးကို ဆန်ကြိတ်ရင် စပါးခွံတွေဟာ ဖွဲကြမ်း၊ ရိုးရိုးဖွဲနဲ့ ဖွဲနုဆိုပြီး သုံးမျိုးထွက် ပါတယ်။ ဖွဲကြမ်းကို မီးစာအဖြစ်သုံးပြီး၊ မကြမ်းလွန်း မနုလွန်းတဲ့ ရိုးရိုးဖွဲကို ၀က်စာအဖြစ်သုံး ပါတယ်။ ဖွဲနုကိုတော့ လယ်သမားတွေက နွားစာကျွေးကြသလို၊ ငါးမွေးတဲ့လူတွေက ငါးစားအဖြစ် သုံးကြပါ တယ်။ ဖွဲသုံးမျိုးမှာ ဖွဲနုက ဈေးအကောင်းဆုံး ဖြစ်ပါတယ်။
ရှင်ဘုရင်အများစုဟာ အရပ်သားတွေနဲ့ ကင်းကွာနေကြတာမို့ ဖွဲနုဆိုတဲ့ ဝေါဟာရကို ကြားဖူးမှာ မဟုတ်သလို၊ ဖွဲနုဆိုတာ ဦးဂျိုနဲ့လားလို့ မေးကြပါလိမ့်မယ်။ ဒီလိုပဲ ပုံပြင်ထဲက ရှင်ဘုရင်ဟာလည်း ဖွဲနုကို ဘာမှန်းမသိတော့ လျက်ကြည့်ရာက ကြိုက်သွားလို့ ဆက်ပြီးလျက်စားနေပါတယ်။ ရှင်ဘုရင် ဖွဲတွေစားနေတာကို မှူးမတ်တစ်ယောက်က မြင်သွားတော့ ဖွဲက ၀က်စာ၊နွားစာဖြစ်တယ်၊ လူတွေစားတာ မဟုတ်ဘူးလို့ လျှောက်ပါတယ်။ အဲဒီလိုသိတော့ ဘုရင်က ရှက်လည်းရှက်၊ သူဖွဲစားတာကို တခြားမှူးမတ်နဲ့ ပြည်သူတွေ သိမှာကို စိုးရိမ်သွားပါတယ်။ ဒါကြောင့် သူဖွဲစားတာကို ဘယ်သူ့မှမပြောရ၊ ပြောရင်သေဒဏ် ပေးမယ်လို့ အမိန့်ပေးလိုက် ပါတယ်။ ကျွန်မတို့ ကိုယ်တိုင် ရှင်ဘုရင်ရဲ့နေရာမှာဆိုရင် ကိုယ့်ရဲ့ဂုဏ် သိက္ခာကို သြဇာအာဏာနဲ့ ကာကွယ်မိမလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ (ကိုယ့်ကိုကိုယ် ပြန်မေးပြီး၊ ကိုယ်ကိုကိုယ်ပဲ အမှန်တိုင်း ပြန်ဖြေကြည့် ကြပါနော်)။
မှူးမတ်ကတော့ သေဒဏ်ပေးမှာကို ကြောက်တော့ ရှင်ဘုရင်ဖွဲစားတာကို ဘယ်သူ့ကိုမှာ မပြောရဲဘူး။ လူ့သဘာဝအတိုင်း မပြောပါနဲ့ဆိုရင် သိပ်ပြောချင် တယ်လေ။ သူ့ခင်မျာ ဘယ်သူကိုမှ ပြောလို့မဖြစ်တော့၊ တောထဲကိုသွား၊ သစ်ခေါင်းထဲဝင်ပြီး၊ ရှင်ဘုရင်ကြီး ဖွဲစားသည်လို့ စိတ်ကျေနပ်တဲ့အထိ အားရပါးရ အော်ပြောလိုက်ပါတယ်။ နောင်နှစ်အနည်းငယ် ကြာလာတော့ ရွာသားတစုက ဆန်ဖွတ်တဲ့ မောင်းထောင်းဆုံလုပ်ဖို့ ရှင်ဘုရင်ကြီး ဖွဲစားသည်လို့ ၀င်အော်ခဲ့တဲ့ သစ်ခေါင်းကို ခုတ်ယူသွားပါတယ်။ အဲဒီမှာ ဇာတ်လမ်းပြန်စ ပါတော့တယ်။ ဆုံကို တစ်ချက်ထောင်းလိုက်တိုင်း ရှင်ဘုရင်ကြီးဖွဲစားသည်လို့ အသံမြည်ပါတယ်။ နံရံတွေမှာ နားရွက်တွေရှိတယ် ဆိုတဲ့စကားလိုပဲ သစ်ပင်မှာလဲ နားရွက်ရှိပါတယ်၊ ပါးစပ်ရှိပါတယ်လို့ ပြောရမလိုပါ။ မကောင်းမှုဟာ ဆိတ်ကွယ်ရာမရှိ ဆိုသလိုပဲ အမှန်တရားဟာ ဖုံးကွယ်ထားလို့ ရကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာကို ဒီပုံပြင်ကနေ သင်ခန်းစာ ရခဲ့ပါတယ်။
လူတွေ ကိုယ်မှန်တယ်ထင်တဲ့ လမ်းကိုလွတ်လပ်စွာ ရွေးချယ်လျှောက်လှမ်းကြရာမှာ ကိုယ်လုပ်ဆောင်ခဲ့ သမျှတွေဟာ တနည်းနည်းနဲ့တော့ မှတ်တမ်းဝင်၊ သမိုင်းတွင်ကျန်ခဲ့ မှာပဲဖြစ်ပါတယ်။ တမင်ရည်ရွယ်တာပဲ ဖြစ်ဖြစ်၊ အမှတ်မထင် ပြုမိမှားခဲ့တာပဲဖြစ်ဖြစ် မိမိရဲ့ပြုခဲ့သမျှတွေက သမိုင်းမှာ ကျန်ရစ်နေမှာပါ။ ကိုယ့်ရဲ့ ရာဇ၀င် ဘယ်လိုကျန်အောင် ထားခဲ့မလဲဆိုတာကိုလည်း လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိကြပါတယ်။
ကျွန်မစဉ်းစားကြည့်မိတာ ပြောပါတယ်။ ရှင်ဘုရင်လိုပဲ ကျွန်မတို့ ဖွဲ့ကိုစားလို့ ရတယ်ထင်လို့ စားလိုက်မိ တယ်။ ဒီလို စားလိုက်မိတယ် ဆိုတာကို အရှိတိုင်း၊ အမှန်တိုင်း ရိုးသားစွာလက်ခံနိုင်တဲ့ သတ္တိတွေရှိကြ မလားလို့လေ။ (ဖွဲစားမိရင် စားမိတယ်ပေါ့)။ မသိရင်မသိဘူး။ မသိလို့၊ အမှန်ကိုမမြင်ခဲ့လို့ အမှားလုပ်ခဲ့ မိတာကို ပြန်မြင်ပြီး အမှန်တိုင်း ၀န်ခံရဲတဲ့ သတ္တိတွေရှိကြမယ်။ ကိုယ့်ရဲ့ ပကတိအခြေအနေကို အရှိတိုင်း ဟန်ဆောင်မှုကင်းစွာ နေကြမယ်၊ ရိုးသားကြမယ်ဆိုရင် ကမ္ဘာမြေကြီးက တော်တော်လှနေမှာပဲ။
ရိုးသားဖြောင့်မတ်ခြင်းဆိုတဲ့ ရာဇ၀င်ကို လူတိုင်းရေးနိုင်ကြရင် ကမ္ဘာပျက်တော့မှာ မဟုတ်ဘူးလိုလဲ တွေးမိပါရဲ့...
ဘယ်သူတွေ သမိုင်းကို ဘယ်လိုရေးရေး..ကိုယ့်သမိုင်းကြောင်းကို လှအောင်ရေးဖို့ ကျွန်မတို့ ကိုယ်တိုင်မှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။
စာဖတ်သူများကိုလေးစားလျှက်...
စံပယ်ဖြူ
No comments:
Post a Comment