လွမ်းတယ်ဆိုတာ အင်မတန်လှပတဲ့ ခံစားမှုလို့ဆိုကြပါတယ်။ ဒီလို နူးညံ့သိမ်မွေ့တဲ့ ခံစားမှုမျိုး လူတိုင်းခံစားဖူး ကြပါ လိမ့်မယ်။ ချစ်ခင်မြတ်နိုးတဲ့သူတွေကို လွမ်းကြတယ်။ ပျော်ရွှင်ကြည်နူးခဲ့ရတာတွေကို လွမ်းကြတယ်။ သာယာလှပတဲ့ အရပ်ဒေသကို လွမ်းကြတယ်။ တခါတလေ အမှတ်တမဲ့ အဖြစ်အပျက်လေးတွေကို ပြန်ပြောင်းသတိရ အောက်မေ့ တတ်ကြပါတယ်။ ကျွန်မငယ်ငယ်က ဆယ်တန်းအောင်ပြီးတဲ့ အချိန်ထိ လွမ်းစရာဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ ရွာမှာချို့ချို့တဲ့တဲ့ ပညာသင်ခဲ့ရပေမဲ့ မိစုံဖစုံ မောင်နှမတွေ စုံစုံလင်လင်နဲ့မို့ ဘ၀ဟာပြည့်စုံနေသလို ရှိခဲ့ပါတယ်။ မိဘအရိပ်ကို ခိုလှုံနေချိန်မို့ စားဝတ်နေရေး ဘ၀အရေးတွေ ဘာမှပူပင်စရာမလိုပဲ လွတ်လတ်ပေါ့ပါးခဲ့တဲ့ ငယ်ဘ၀ကို.....
.. အခုမှပြန်လွမ်းနေတတ် ပါတယ်။
ဆယ်တန်းအောင်ပြီး ရန်ကုန်ရောက်တော့ ကျွန်မ ရွာကိုမလွမ်းခဲ့ပါဘူး။ ကျွန်မတို့ရွာထက် အစစအရာရာ သာလွန် ခမ်းနားတဲ့ ရန်ကုန်မြို့မှာ ကျွန်မပျော်ပါတယ်။ အသိပညာတွေ အတတ်ပညာတွေ သင်ယူဆည်းပူးရင်း ဘ၀အတွေ့ အကြုံတွေ ရင့်ကျက်မှုတွေရစေတဲ့ ရန်ကုန်ကို ကျွန်မချစ်ပါတယ်။ နောက်တော့ ငယ်ရွယ်သူသဘာဝ ချစ်ဦးသူကို ကျွန်မလွမ်းတတ်ခဲ့ပါတယ်။ အဲဒီတုန်းက ချစ်သူဆီ အလွမ်းကဗျာတွေ ရေးပို့ခဲ့တဲ့ကျွန်မ ခုချိန်မှာ ကာရံရှာလို့ မရတော့ပါဘူး။ မြန်မာပြည်မှာနေခဲ့တဲ့ အချိန်တွေတုန်းက ဒီထက်ပိုပြီး ကျွန်မ မလွမ်းတတ်ခဲ့ပါဘူး။
တကယ်တော့ အလွမ်းတွေ ခံစားချက်တွေဆိုတာ အခြေအနေ အချိန်အခါကိုလိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘောပါ။ တပြည်တရွာမှာ ဘ၀အတွက်ရုန်းကန်လှုပ်ရှားရင်း စိတ်မပျော်တဲ့အခါ တမလွန်က အဖေနဲ့အမေကို ကျွန်မလွမ်း ပါတယ်။ ကျွန်မဘ၀ကို တည့်မတ်စွာရပါတည်နိုင်အောင် ပဲ့ကိုင်ထိန်းကျောင်းခဲ့တဲ့ အမေ့ကို ပိုလွမ်းပါတယ်။ ခုချိန်မှာ နှလုံးသားရေးထက် ဘ၀အရေးကို ဦးစားပေပြီး ကျွန်မကိုစွန့်ခွါသွားတဲ့ ရည်းစားဦးကို လွမ်းလို့မရတော့ပေမဲ့ အမေနဲ့ အဖေကို ကျွန်မရင်ထဲက နက်နက်ရှိုင်းရှိုင်းလွမ်းပါတယ်။ မိဘနှစ်ပါးရဲ့ မေတ္တာနဲ့ ဘ၀တကွေ့မှာ ဆုံတွေ့ကြရင်း ချစ်ခင် ကြင်နာမိတဲ့ ချစ်သူရဲ့မေတ္တာ ယှဉ်လို့မှမရနိုင်ပဲ။ အလွမ်းတွေဆိုတာ မေတ္တာတရားနဲ့ တိုက်ရိုက်အချိုးညီ ပါတယ်။
ပကာသနကင်းတဲ့ သဘာဝတရားဟာလည်း လှပတဲ့အလွမ်းတွေကို မွေးဖွားစေတယ်လို့ ကျွန်မခံစားမိပါတယ်။ မြန်မာ ပြည်ကိုလွမ်းတတ်နေပြီ ဖြစ်တဲ့ကျွန်မ ရန်ကုန်မြို့ထက် ရွာကိုပိုလွမ်းပါတယ်။ မိုးရာသီမှာ စိမ်းညှို့နေပြီး၊ ဆောင်းရာသီ မှာ ရွှေရောင်မှည့်ဝင်းနေတဲ့ လယ်ကွင်းပြင်ကြီးကို ကျွန်မလွမ်းပါတယ်။ မီးမလင်းတဲ့ကျွန်မတို့ရွာက လသာညများကို တမ်းတမ်းတတ လွမ်းပါတယ်။ လွမ်းတတ်ပြန်တော့လည်း ငယ်ငယ်က ကျွန်မတို့မောင်နှမ ဘရုတ်ကျခဲ့တာကအစ လွမ်းစရာကောင်းနေ ပါတယ်။ မောင်နှမတွေထဲမှာ ကျွန်မကနို့ညှာ မောင်လေးကအငယ်ဆုံး။ ငယ်ငယ်ကချူချာတဲ့ ကျွန်မကို အမေက၀က်သားဟင်း မစားခိုင်းပါဘူး။ အိမ်မှာဝက်သားဟင်းချက်ရင် ကျွန်မအတွက် ငါးကြော်သို့မဟုတ်၊ ဘဲဥကြော်ပေးပါတယ်။ ဒါပေမဲ့ လူကြီးတွေမသိအောင် ကျွန်မတို့မောင်နှမ ဟင်းလဲစားကြပါတယ်။ ဒီလိုနဲ့ပဲ ၀က်သားဟင်းချက်တိုင်း ကျွန်မ၀က်သားစားဖြစ်ခဲ့ ပါတယ်။ ကျွန်မမောင်က လူဆိုး။ ဟင်လဲစားတုန်းက ကြည်ကြည်ဖြူဖြူ။ အတူကစားတဲ့အခါ သူအနိုင်လိုချင်ရင်တော့ ၀က်သားဟင်းစားတာ တိုင်ပြောလိုက်မှာနော်ဆိုရင် ကျွန်မမှာ သူ့အလိုလိုက်ပြီးအလျှော့ပေး ခဲ့ရပါတယ်။ ဒီလိုဘရုတ်ကျခဲ့တာတွေက ခုချိန်မှာ လွမ်းစရာဖြစ်နေပါတယ်။
ကျောင်းပြီးတဲ့ အချိန်ကစပြီး ခုချိန်ထိကြုံတွေ့ရတဲ့ အတွေ့အကြုံတွေထက် ရွာကအတွေ့အကြုံတွေကိုပဲ ကျွန်မပြန်လွမ်း ချင်ပါတယ်။ ဆယ်နှစ်ကျော် ကျွန်မရဲ့လုပ်သက်မှာ စေတနာကိုနားလည်တတ်တဲ့ လူနာတွေနဲ့ထိတွေ့ ဆက်ဆံရတာ တေ၊ွ ကျောင်းသူတွေကို စာသင်စာပြရတဲ့ အချိန်တွေကလွဲရင် အလုပ်နဲ့ပတ်သက်ပြီး ထူးထူးခြားခြား လွမ်းစရာမရှိ သလိုပါပဲ။ အလုပ်မလုပ်တော့ပဲ အနားယူတဲ့အချိန်ကျမှသာ အလုပ်အကြောင်း ပြန်လွမ်းမိမယ် ထင်ပါရဲ့။ ခုနေချိန် တော့ ရွာမှာတုန်းက ကရင်နှစ်သစ်ကူးရောက်တိုင်း ပျော်ပျော်ရွှင်ရွှင် ကရင်ဒုံးယိမ်းကခဲ့တာကို ပြန်လွမ်းပါတယ်။ အမေစိုက်တဲ့ဟင်းရွက်တွေကို ရွာထဲလှည့်ရောင်းရတာကိုတောင် ကျွန်မလွမ်းပါတယ်။ ရွာကလူနေမှုဘ၀က ရိုးရှင်းပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတယ်။ မြို့ပြလူမှုဆက်ဆံရေးလို အပေါ်ယံဟန်ဆောင်မှုတေ၊ွ ရင်ထဲကလာတာ မဟုတ်တဲ့ လောက၀တ်ပြုရတာမျိုးတွေ မရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုအပြည့် ရှိပါတယ်။ တောသူ တောင်သားတွေရဲ့ဘ၀ကို ကျွန်မကိုယ်တိုင် ခံစားခဲ့စားရလို့ အလွမ်းတွေက ခမ်းနားဝေဆာနေတယ်လို့ ထင်ပါတယ်။ ကောက်စိုက်သမတွေနဲ့အတူ ကျွန်မလယ်ထဲမှာ ပျော်ပျော်ရွှင်ရွှင် ကောက်စိုက်ခဲ့ဖူးပါတယ်။ နေပူထဲ မိုးရွာထဲမှာ တနေကုန်ခါးကုန်းပြီး ကောက်စိုက်ရတာ တကယ်ပင်ပန်း ပါတယ်။ ဒါပေမဲ့ ကောက်စိုက်သမတွေက သူ့ဓလေ့နဲ့သူ ပျော်နေကြပါတယ်။ အဲဒီတုန်း ပျော်စရာတမျိုးကောင်းခဲ့တာကို ကျွန်မပြန်လွမ်းပါတယ်။
ကုသိုလ်ကံ အကျိုးပေးမကောင်းလှတဲ့ ကျွန်မဘ၀မှာ မိတ်ဆွေသူငယ်ချင်းကောင်းတွေ ဆရာသမားကောင်းတွေနဲ့ ကြုံဆုံခဲ့ရတာမို့ ကံကောင်းခြင်းလက်ဆောင် အချို့ကိုရထားတယ်လို့ ဆိုရပါမယ်။ တခါတလေ သူငယ်ချင်းတွေကို ကျွန်မလွမ်းသလို ဆရာများကို ကျွန်မလွမ်းပါတယ်။ အထူးသဖြင့်တော့ ရွာကဆရာများကို ကျွန်မပိုလွမ်းပါတယ်။ ကျွန်မမျိုးဆက်အထိ ရွာကဆရာများဟာ အခြေခံပညာကို မြို့ကကျောင်းသားတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် သင်ပေးကြပါတယ်။ မူလတန်းတုန်းကဆိုရင် ဆရာမတွေက ညပိုင်းသူတို့အိမ်မှာ စာကျက်ဖို့ ညကျောင်းတက်စေ ပါတယ်။ တွံတေးသိန်းတန်ရဲ့ အသီးတရာအညှာတခု ဆိုတဲ့သီချင်းထဲကလို မထည်ဝါလှတဲ့ ကျွန်မတို့ရွာကျောင်းက တကယ်လွမ်းစရာကောင်း ပါတယ်။
ရွာမှာမိုးရာသီဆို ရွှံ့ဗွက်ရုန်းပြီး ကျောင်းသွားရတာပါ။ ညီမ၀မ်းကွဲတယောက်ဆိုရင် ခြေထောက်တချောင်း လုံး ဗွက်ထဲကျွံသွားလို့ အကြီးတန်းက ကျောင်းသားတွေဝိုင်းပြီး ဆွဲနှုတ်ပေးခဲ့ရပါတယ်။ ကျွန်မကျတော့ ချောက်ထဲ ပြုတ်ကျတာ။ ကျွန်မတို့ကျောင်းသွားတဲ့လမ်းမှာ ၀ါးလုံးတံတားလေး ခင်းထားတဲ့ ချောက�8ဆက်တခေတ်မှာ အလွမ်း တွေက အံ့မခန်းပဲလို့ ဆိုရပါမယ်။ ဘ၀တွေကိုရင်းနှီး၊ နှလုံးသားတွေ မာနတွေ မျက်ရည်တွေကို ပေးဆပ်ပြီးရကြတဲ့ အလွမ်းတွေမို့ အဖိုးတန်ပါတယ်လို့တောင် ကျွန်မ မပြောရဲ�န်သတိထားရ ပါတယ်။ ပိန်ညောင်ညောင်နဲ့ သူငယ်တန်းပဲ ရှိသေးတဲ့ကျွန်မ ထီးတဖက်လွယ်အိပ်ကတဖက၊် ဗွက်တွေနဲ့ချော်နေတဲ့ တံတားကိုကြိုးစားလျှောက်ရင်း ချောက်ထဲ ချော်ကျသွားပါတယ်။ ကံကောင်းချင်တော့ မိုးဦးကျခါစမို့ ချောက်ထဲမှာရေလည်းမရှိသေးဘူး၊ မြေကလည်းပျော့တော့ ထိခိုက်ဒါဏ်ရာမရခဲ့ပါဘူး။ ကလေးတယောက် ပြုတ်ကျလို့ဆိုတော့ ထုံးစံအတိုင်း အကြီးတန်းကကျောင်းသား တယောက်က အပြေးအလွား ကျွန်မကိုဆင်းကောက် ပါတယ်။ ကောင်းသွားတာတခုက ကျွန်မပြုတ်ကျပြီးနောက်ပိုင်း ချောက်ရဲ့ဘေးတဖက်မှာ လူကူးလမ်းဖြစ်အောင် ရွာကလူတွေ စုပေါင်းပြီးလမ်းဖို့လိုက် ကြပါတယ်။ ဒီလို အဖြစ်အပျက် တွေက မွန်းကြပ်တဲ့မြို့ပြက အတွေ့အကြုံတွေထက် ပိုလို့လွမ်းစရာကောင်း ပါတယ်။ သမ္မတရုံမှာ ရုပ်ရှင်ကြည့်ရတာ ထက် ရွာမှာမိုးရွာရင် မိုးရေထွက်ချိုးရတာက ပိုပြီးပျော်စရာကောင်းတာ အမှန်ပါ။ ရုပ်ရှင်ကြည့်ရတာက ပိုက်ဆံကုန်ပြီး၊ လွမ်းစရာဘာမှ ကျန်မနေပါဘူး။ မိုးရေချိုးရတာ ငွေမကုန်တဲ့အပြင် သဘာဝအလျောက် ရွာကျလာတဲ့ သန့်စင်အေးမြ တဲ့မိုးရေတွေနဲ့ထိတွေ့ရပြီး လွတ်လပ်စွာပျော်ရွှင်ခဲ့ရတာမို့ တကယ်လွမ်းစရာကောင်း ပါတယ်။
နိုင်ငံခြားကိုရောက်နေကြတဲ့ မြန်မာတွေ မြန်မာပြည်ကို မလွမ်းဘူးဆိုရင်တောင် မြန်မာ့အစားအစာတွေကို တခါ တလေတော့လွမ်းကြမှာပါ။ ကျွန်မကတော့ ရွှေတောင်တန်းက ကြေးအိုးထက်၊ ကုန်းထက်က ကြက်ဆီထမင်းထက် ရွာအလှူက ဆယ့်နှစ်မျိုးဟင်းချိုကို လွမ်းပါတယ်။ ကျွန်မတို့နယ်မှာ ဆယ့်နှစ်မျိုးဟင်းချိုစစ်စစ်ကို သူဌေးတွေရဲ့ အလှူ မင်္ဂလာဆောင်တွေမှာပဲ ချက်နိုင်တာပါ။ ပြီးတော့ အင်မတန်အရသာရှိတဲ့ ဘုန်းကြီးကျောင်းက ဟင်းပေါင်းကိုလည်း လွမ်းပါတယ်။ ဟင်းပေါင်းဆိုတာ ဘုန်းကြီးကျောင်းက ပိုနေတဲ့ဟင်းအကျန်တွေ အကုန်လုံးကို ရောပေါင်းပြီး ချက်ထား တဲ့ဟင်းပါ။ တခါတလေ ကျွန်မ ကိုယ်ချက်တဲ့ထမင်းဟင်းကို ကိုယ့်ဘာသာစားလို့ အဆင်မပြေဖြစ်ရတဲ့အခါ အမေချက် တဲ့ ငါးပြေမဟင်းနဲ့ ငါးပိရည်ကို ကျွန်မလွမ်းပါတယ်။ ကျွန်မချက်တဲ့ ငါးပြေမဟင်းကိုတော့ အမေ့လက်ရာမမှီဘူးလို့ အကိုတွေက မှတ်ချက်ပေးပါတယ်။ မှန်တာပေါ့။ သားသမီးတွေစားဖို့ စေတနာမေတ္တာ အပြည့်နဲ့ချက်တဲ့ အမေ့လက် ရာကို ဟင်းကောင်းဖြစ်အောင်သာ ချက်တဲ့ကျွန်မရဲ့လက်ရာက ဘယ်လိုယှဉ်လို့နိုင်မှာလဲ။ အမေချက်တဲ့ဟင်းကို စားခွင့်မရတော့တဲ့ ကျွန်မ အိပ်မက်တွေနဲ့ပဲ အလွမ်းဖြေရပါတယ်။ အိမ်မက်ထဲမှာတော့ အမေကအသက်ရှင်နေတုန်း။ အမေနဲ့ကျွန်မ စကားတွေပြောနေ ကြတယ်။
လွမ်းစရာအကြောင်းတွေကို စာဖွဲ့လို့တော့ ကုန်နိုင်မယ်မထင်ဘူး။ ၂၁ရာစုက ကျွန်မတို့မျိုးဆက်တခေတ်မှာ အလွမ်း တွေက အံ့မခန်းပဲလို့ ဆိုရပါမယ်။ ဘ၀တွေကိုရင်းနှီး၊ နှလုံးသားတွေ မာနတွေ မျက်ရည်တွေကို ပေးဆပ်ပြီးရကြတဲ့ အလွမ်းတွေမို့ အဖိုးတန်ပါတယ်လို့တောင် ကျွန်မ မပြောရဲဘူး။ ဘယ်လိုအခြေအနေနဲ့ပဲ လွမ်းနေနေ ကိုယ်ကျင့်တရား နဲ့ဗြဟ္မစိုရ်တရားတွေကို မစွန့်ပယ်ကြဘူးဆိုရင် လွမ်းရတာနဲ့ထိုက်တန်တဲ့ လွတ်လပ်သော ပျော်ရွှင်ချမ်းမြေ့မှုတွေကို တနေ့တော့ ပိုင်ဆိုင်ရလိမ့်မယ်ဆိုတာကို ယုံကြည်ကြစေချင် ပါတယ်။ ပေးဆပ်စရာအကြွေး (၀ဋ်ကြွေး)တွေ ကြေသွား တဲ့တနေ့ ခါးသီးတဲ့အလွမ်းတွေ ပြီးဆုံးသွားတဲ့တနေ့ မွေးရပ်ဌာနီကို ပြန်ကြရမယ်၊ လွမ်းရတဲ့အမိမြေကို ပြန်ပြီးအလှ ဆင်ကြရမယ်ဆိုတဲ့ စိတ်ကူးလေးတွေနဲ့ လွမ်းတတ်ကြပါစေလို့တော့ ဆန္ဒပြုမိပါတယ်။
(စံပယ်ဖြူ)
nice
ReplyDeleteသိပ်ကြိုက်ပါတယ်။ အံ့မခန်းအလွမ်းတွေ စမ်းေ၇ထဲမျှောချင်ပြီကွယ်......။
ReplyDelete