Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....
Showing posts with label သုတ၊ရသဆောင်းပါး. Show all posts
Showing posts with label သုတ၊ရသဆောင်းပါး. Show all posts

Thursday, 4 October 2018

သူနာပြုများအတွက် လုပ်ငန်းခွင်တွင် လိုအပ်နေသော အပြန်အလှန်လေးစားမှု

လူ့အသိုင်းအဝိုင်းမှာ တစ်ဦးနဲ့တစ်ဦး ပတ်သက်ဆက်ဆံကြတဲ့အခါ အပြန်အလှန်လေးစားမှု (Mutual Respect)ရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လူမှုအဖွဲ့အစည်းတွေမှာ၊ လုပ်ငန်းခွင်မှာ အပေါင်းအသင်းလုပ်ဖော်ကိုင်ဖက်များအချင်းချင်း အပြန်အလှန်လေးစားမှုရှိမှသာ ညီညွတ်မှုအင်အားနဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ အချင်းချင်း အပြန်အလှန်လေးစားမှုမရှိဘဲ တစ်ဦးက တစ်ဦးကို အထင်သေးနှိမ့်ချမယ်၊ နိုင်ထက်စီးနင်းဆက် ဆံမယ်၊ ရန်လိုအမုန်းပွားနေကြ မယ်ဆိုရင် ညီညွတ်မှုပျက်ပြားပြီး ပန်းတိုင်နဲ့ အလှမ်းဝေးနေမှာဖြစ် ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမှာဆိုရင် ပြည်သူတွေ ကျန်းမာရေးတိုးတက်ကောင်းမွန် စေရေးဆိုတဲ့ ရည်မှန်းချက်အောင် မြင်ဖို့ ပူးပေါင်းဆောင်ရွက်ကြရာ မှာ ကျန်းမာရေးဝန်ထမ်းအချင်း ချင်း အပြန်အလှန်လေးစားကြရ မှာဖြစ်သလို ကျန်းမာရေးဝန်ထမ်း နဲ့ လူနာရှင်ပြည်သူများအပြန်အ လှန်လေးစားမှုရှိကြဖို့ လိုအပ်ပါ တယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ မကြာခဏ ဖြစ်ပေါ်နေတဲ့ ပြဿ နာတွေဟာ အပြန်အလှန်လေး စားမှု  အားနည်းချို့တဲ့နေမှု ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့်ကျန်းမာရေးဝန်ထမ်းဦးရေ အများဆုံးဖြစ်တဲ့ သူနာပြုတွေဟာ လုပ် ငန်းခွင်မှာလည်းစိတ်ဖိစီးမှုများပါတယ်၊ ဖိနှိပ်မှုခံနေရတယ်ဆိုတာ ရှေးဆယ်စုနှစ်ပေါင်းများစွာကတည်းကဖြစ်နေတဲ့ တကယ့်အရှိတရားတစ်ခုပါ။ အကျိုးဆက်တွေကတော့ သူနာပြုတွေလုပ်ငန်းခွင်မှာ မပျော်ရွှင်မှုကြောင့် သူနာပြုအလုပ်ကို စွန့်ခွာသွားခြင်း၊ အလုပ်ထွက်တဲ့ သူနာပြုအရေအတွက် များလာသဖြင့် သူနာပြုအင်အား လုံလောက်မှုမရှိခြင်း၊ သူနာပြုအင်အားမလုံလောက်တဲ့အတွက် ထိရောက်သော ပြုစုစောင့်ရှောက်မှုမပေးနိုင်ခြင်းတွေ ဖြစ်လာပါတယ်။။။

 သူနာပြုတွေရဲ့ခံစားချက် ကို ကျွန်မတို့သူနာပြုတွေသာ နား လည်ဆုံးမို့ ကုစားရန်လိုအပ်ချက် များကို ဒီနေ့ဆွေးနွေးတင်ပြလိုပါ တယ်။ ကျွန်မက သူနာပြုတစ်ယောက်ဖြစ်တဲ့အတွက် သူနာပြုတွေဘက်က ရပ်တည်ပြီး ရေးတယ်ဆိုပေမယ့် ပြည်သူတစ်ယောက်ရဲ့ရှုထောင့်ကနေကြည့်ပြီး အတတ်နိုင်ဆုံး မျှမျှတတဖြစ်အောင်ကြိုးစားထားပါတယ်။

ကျန်းမာရေးဝန်ထမ်း အချင်းချင်း အပြန်အလှန်လေးစားမှု
....................    ...............

ရောဂါကာကွယ်ရေး၊ ကုသ ရေးလုပ်ငန်းတွေမှာ ကျန်းမာရေး ဝန်ထမ်းအချင်းချင်း သဟဇာတ ဖြစ်မှသာ လုပ်ငန်းခွင်သာယာပြီး ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုကို ပေးနိုင်မှာဖြစ် ပါတယ်။ အထူးသဖြင့် ဆရာဝန် နှင့် သူနာပြုအကြား ဆက်ဆံရေး အဆင်ပြေဖို့ အလွန်ကို အရေးကြီး ပါတယ်။ ဆက်ဆံရေးအဆင်ပြေ ဖို့ဆိုရင် တစ်ဦးအပေါ် တစ်ဦး မေတ္တာထားလျက် အပြန်အလှန် လေးစားကြဖို့ လိုပါတယ်။ သူနာပြုက ဆရာဝန်ကို လေးစားရမှာဖြစ်သလို ဆရာဝန်ကလည်း သူနာပြုကို ဝန်ထမ်းတစ်ယောက်အဖြစ် လေးစားရမှာဖြစ်ပါတယ်။

ဆေးရုံဝန်ထမ်းအားလုံးဟာ လူနာတွေ ရောဂါသက်သာ ပျောက်ကင်းရေးကို အဓိကဦး တည်ချက်ထားရမှာဖြစ်ပါတယ်။   လူနာတစ်ယောက် ရောဂါသက် သာလို့ ပြုံးရွှင်စွာနဲ့ ဆေးရုံက ဆင်း သွားတဲ့အချိန်၊ ဆေးရုံက ဝန် ဆောင်မှုကို ကျေနပ်လို့ ကျေးဇူး တင်စကားပြောပြီး နှုတ်ဆက်သွား တဲ့ အချိန်ဟာ ဆရာဝန်တွေ၊ သူ နာပြုတွေအတွက် စိတ်ကျေနပ် စရာ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီလိုကျေနပ်စရာကောင်းတဲ့ အခြေအနေဖြစ်ဖို့ ဆရာဝန်၊ သူနာပြုနဲ့ ဆေးရုံဝန်ထမ်းအားလုံးက တာဝန်ကိုယ်စီကျေကြလျက်အတူတကွ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ တစ်ဦးအပေါ်တစ်ဦး အမြင်တွေကြည်လင်ကြပြီး ပြဿနာတစ်စုံတစ်ရာရှိရင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအဖြေရှာ၍ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြောရတာ လွယ်သ လောက် လက်တွေ့မှာ ခက်ခဲရှုပ် ထွေးတဲ့ ပြဿနာတွေကြုံရင် တစ် ဦးအပေါ် တစ်ဦးက အပြစ်တင်၊အပြစ်ပုံချတာတွေကို ရှောင်ပြီး စိတ်ခံစားချက်ကို ရှေ့တန်းမတင် ဘဲ ရင့်ကျက်သော ဆင်ခြင်တုံတ ရားနဲ့ ဖြေရှင်းဆောင်ရွက်သင့်ပါ တယ်။

 ဆေးရုံ၊ ဆေးခန်းတွေမှာ မကျန်းမာတဲ့လူနာတွေ၊ ကုသပြု စုတဲ့အပေါ် ပူပန်နေတဲ့၊ စိတ်တိုင်းမကျတဲ့ လူနာရှင်တွေနဲ့ အလုပ်လုပ်ရတာ စိတ်ဖိစီးမှုတွေ သိပ်များပါတယ်။ ဝန်ထမ်းအင်အားမလုံလောက်တဲ့ အခြေအနေမျိုးမှာ အမှားအယွင်းအပြစ်အနာအဆာရှိနိုင်သလိုပေါ့ဆမှု၊ မကျွမ်းကျင်မှုတွေ ကြောင့် မလိုလားအပ်သော ဆိုး ကျိုးတွေလည်း ဖြစ်ပေါ်နိုင်ပါ တယ်။ မှားယွင်းပေါ့ဆမှုများ ကြောင့် မလိုလားအပ်သော ပြဿ နာတွေဖြစ်လာရင် မိသားစုစိတ် ဓာတ်ထားပြီး သတ်မှတ်ထား သော ဆေးရုံစည်းကမ်း၊ ဝန်ထမ်း စည်းကမ်းတွေနဲ့အညီ ဖြေရှင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အ ကြီးအကဲက လက်အောက်ဝန် ထမ်းကိုဖြစ်စေ၊ ဝန်ထမ်းအချင်း ချင်းဖြစ်စေ အမှားအယွင်းတစ်စုံ တစ်ရာကြောင့် ကိုယ်ထိလက် ရောက်တုံ့ပြန်ခြင်း (Physical Abuse)၊ နှုတ်ဖြင့် ဆူပူကြိမ်း မောင်းခြင်း( Verbal Abuse) တွေ လုပ်ခွင့်မရှိရပါဘူး။ ဆရာဝန်က သူနာပြုကို ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ၊ နှုတ်ဖြင့် ဆူပူ ပြောဆိုတာတွေ မကြာခဏဖြစ် နေတာဟာ လူနာများ၏ရောဂါ သက်သာပျောက်ကင်းရေးအ တွက် အတူပူးပေါင်းဆောင်ရွက်မှု ကို အားနည်းစေတဲ့ မလိုလားအပ် သော အခြေအနေတွေ ဖြစ်ပါ တယ်။

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမှာ ဆရာဝန်က အဓိက ကျတဲ့ ဦးနှောက်တစ်စုံဖြစ်တယ် ဆိုရင် သူနာပြုက နှလုံးတစ်ခုလို အသက်ရှင်ဖို့ လည်ပတ်နေရတဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခု ပါ။ ဦးနှောက်နဲ့ နှလုံးဟန်ချက်ညီ ညီ လည်ပတ်မှ အသက်ရှင်ကျန်း မာဖို့ ဖြစ်နိုင်သလို ဆရာဝန်နဲ့ သူ နာပြုဆက်ဆံရေးအဆင်ပြေပြီး အတူပူးပေါင်းဆောင်ရွက်မှသာ လျှင် လူနာများကို ထိရောက် သော ပြုစုစောင့်ရှောက်မှုပေးနိုင် မှာဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦး ချင်းစီတိုင်းဟာ သူ့အခန်းကဏ္ဍနဲ့ သူ အရေးပါတယ်။ မတူညီတဲ့ နောက်ခံအခြေအနေနဲ့ အတွေ့အ ကြုံရှိကြတယ်။ အားနည်းချက်၊ အားသာချက်ကိုယ်စီရှိကြတယ် ဆိုတာကို သတိမူပြီး ဝန်ထမ်းအား လုံးကို တန်ဖိုးထားလေးစားဖို့ လို အပ်ပါတယ်။ တန်ဖိုးထားလေး စားခံရတဲ့အခါ မိမိကိုယ်ကိုယ် ယုံ ကြည်မှုတိုးလာမယ်။ မိမိအလုပ် အပေါ် ကျေနပ်မှုရှိလာပါလိမ့်မယ်။ ထိုမှတစ်ဆင့် လူနာများထိရောက် သော ပြုစုစောင့်ရှောက်မှုရရေးအ တွက် အာရုံစိုက်ပြီး ကြိုးစားအား ထုတ်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

သူနာပြုအချင်းချင်းအပြန်အလှန် လေးစားမှု
.................   .........................

 ထို့အပြင်သူနာပြုအချင်းချင်းအပြန်အလှန်လေးစားမှုရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အစဉ်အလာအားဖြင့် အငယ်(ဂျူနီယာ)က အကြီး(စီနီယာ)ကို လေးစားရ တယ်၊ ရိုသေရပါတယ်။ အမှန်ဆို ရင် ဂျူနီယာနဲ့ စီနီယာအပြန်အ လှန် လေးစားချစ်ခင်တာမျိုးဖြစ် သင့်ပါတယ်။ အငယ်က အကြီး ကို ရိုသေလေးစားမယ်၊ အကြီးက အငယ်ကို ချစ်ခင်လေးစားစွာနဲ့ သင်ပြပေးတာ၊ လက်တွဲခေါ်တာ မျိုး ဖြစ်ရပါမယ်။ ထိုနည်းတူစွာ ရာထူးအဆင့်အတန်းအရ ရာထူး ငယ်တဲ့လူက မိမိထက်ရာထူးမြင့် တဲ့သူကို ရိုသေလေးစားရမှာဖြစ် သလို ရာထူးကြီးတဲ့သူက ငယ်တဲ့ လူကို တန်ဖိုးထားလေးစားတတ် ဖို့ လိုအပ်ပါတယ်။ သူနာပြုအကြီး အကဲတွေ၊ စီနီယာတွေက အငယ် တွေအပေါ် စာနာစိတ်နဲ့ နားလည် ပေးခြင်း၊ သဘောထားကြီးစွာ သည်းခံခွင့်လွှတ်နိုင်ခြင်း၊ တရားမျှတစွာ စီမံခန့်ခွဲခြင်း၊ ကျင့်ဝတ်စည်းကမ်းတွေကို စံပြဖြစ်အောင် လိုက်နာကျင့်သုံးခြင်းဖြင့် စံနမူနာ ကောင်းတွေပြဖို့ လိုအပ်ပါတယ်။

သူနာပြုသစ္စာဓိဋ္ဌာန်မှာ ပါတဲ့‘သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များကို စောင့်ထိန်း၍ သူနာပြုအချင်းချင်း ထာဝစဉ်စည်းလုံးညီညွတ်ရန် အမြဲတစေဆောင်ရွက်ပါအံ့’ လို့ ကတိသစ္စာပြုခဲ့ကြပြီး ဖြစ်ပါတယ်။ သူနာပြုအချင်းချင်း စည်းလုံးညီညွတ်ဖို့ဆိုရင် အပြန်အလှန် ချစ်ခင်လေးစားမှုကို အခြေခံ၍ တစ်ဦးချင်းစီရဲ့အားနည်းချက်၊ အား သာချက်တွေကို အသိအမှတ်ပြုလက်ခံပြီး အလုပ်တာဝန်တွေကို ညီညွတ်စွာအတူပူးပေါင်းဆောင်ရွက်ကြရင် အလုပ်ပြီးမြောက်တဲ့အပြင် လုပ်ငန်းခွင်သာယာမှုကို ဖန်တီးနိုင်ပါတယ်။ ထိုမှတစ်ဆင့်သူနာပြုစုမှုအရည်အသွေးတိုးတက်ကောင်းမွန်အောင် ကြိုးစားပြီး သူနာပြုများရဲ့အခန်းကဏ္ဍကို မြှင့်တင်ကြရမှာ ဖြစ်ပါတယ်။

သူနာပြုအချင်းချင်း အပြန် အလှန် လေးစားချစ်ခင်မှုလို့ဆိုရာ မှာ ဆေးရုံတွေမှာ လက်တွေ့လေ့ လာနေသော သူနာပြုကျောင်းသူ ကျောင်းသား၊ သင်တန်းသားများ လည်း ပါဝင်ပါတယ်။ သူနာပြု ကျောင်းသားတွေ လက်တွေ့လေ့ လာရာမှာ လိုအပ်သော ကူညီပံ့ပိုး မှုနဲ့ သင်ကြားပြသမှုတွေ ပေးရန် လိုအပ်ပါတယ်။ လူငယ်တွေက တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သလို သူနာပြုကျောင်းသားကျောင်းသူ တွေဟာ အနာဂတ်တိုင်းပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ရာမှာ တာဝန်လွှဲ ပြောင်းယူမယ့် လူငယ်လေးတွေ ပါ။ ရိုးသားပွင့်လင်းသော ကျောင်း သားလူငယ်တွေကို ကျွန်မတို့ တန်ဖိုးထားလေးစားရမယ်။ ဆေး ရုံပတ်ဝန်းကျင်ဟာ ကျောင်းသား လူငယ်တွေရဲ့ စိတ်ဓာတ်ကို ရိုက် ချိုးတာမျိုးမဖြစ်စေသင့်ပါဘူး။ အထူးသဖြင့် နယ်မြို့က ဆေးရုံ တွေမှာ သူနာပြုသင်တန်းသူတွေ ကို အောက်ခြေသိမ်းအလုံးစုံခိုင်း စရာလို့ သဘောထားတာ၊ စည်း ကမ်းကို အကြောင်းပြပြီး ပိပြားနေအောင် ဖိနှိပ်ထားတာတွေဟာ မွန်မြတ်လှသော သူနာပြုစုခြင်း ပညာရပ်အပေါ် တန်ဖိုးထားမြတ် နိုးလိုစိတ်ကို ချိုးနှိမ်လိုက်သလို ဖြစ်တတ်ပါတယ်။

ခေတ်စနစ်တွေ ပြောင်းလဲ လာပြီး နည်းပညာတွေ လျင်မြန် စွာ တိုးတက်နေတဲ့ခေတ်မှာ ကျွန် မတို့ သူနာပြုတွေက မျက်ခြည်ပြတ်ကျန်မနေဖို့ လိုပါတယ်။ လက်ရှိအနေထားနဲ့ မလျော်ညီ တော့တဲ့ ခေတ်ဟောင်းက အတွေး အခေါ်နဲ့ နည်းစနစ်တွေကို ထားခဲ့ ပြီး အသုံးဝင်သေးတဲ့ နည်းစနစ် တွေကိုသာ လက်ဆင့်ကမ်းထိန်း သိမ်းရမှာဖြစ်ပါတယ်။ ဥပမာအား ဖြင့် လူနာကို ဗဟိုပြုသော သူနာ ပြုစုမှု (Patient- Centered Nursing Care) ပေးနိုင်ဖို့အတွက်  သူနာပြုတွေရဲ့တာဝန်ချိန်အများ စုဟာ လူနာ၏ရောဂါအခြေအနေ ကို သိရှိအောင် စစ်ဆေးအကဲခတ် ပြီး လိုအပ်သော ပြုစုစောင့်ရှောက် မှုပေးခြင်းအတွက် အသုံးချနိုင် အောင် စီမံခန့်ခွဲသင့်ပါတယ်။ တိုးတက်နေတဲ့ခေတ်နဲ့အညီ သူနာပြုစုခြင်းဆိုင်ရာ နည်းပညာ အသစ်တွေ၊ အချက်အလက်တွေ ကို စဉ်ဆက်မပြတ် လေ့လာနိုင်ဖို့ တာဝန်ချိန်တွေကို မျှတအောင် စီစဉ်ပေးရပါမယ်။ သူနာပြုစုခြင်း နှင့် မသက်ဆိုင်သော သန့်ရှင်းရေး အလုပ်များ၊ စာရေးအလုပ်များ နှင့် တစ်ခါတစ်ရံ လူနာနှင့်မသက် ဆိုင်သော ဆရာဝန်၏ဝေယျာဝစ္စဆောင်ရွက်ပေးရခြင်းများ (ကော်ဖီဖျော်ပေးရခြင်း၊ ကော်ဖီပန်းကန် ဆေးရခြင်း) စသည့်အလုပ်များကို အခြားသက်ဆိုင်ရာ ဝန်ထမ်းအား လုပ်စေပြီး သူနာပြုများ သူနာပြုစု ခြင်း အလုပ်ကို အဓိကထားလုပ် နိုင်မှသာ လူနာများနဲ့ အပြန်အ လှန် နားလည်ယုံကြည်မှုတွေ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ထိုမှတစ်ဆင့် ထိရောက်သာ သူ နာပြုစုမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းနှင့် လူနာရှင် ပြည်သူများကြား အပြန်အလှန်လေးစားမှု
................  ....................................

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအောင်မြင်ဖို့ဆိုရင် ကျန်း မာရေးဝန်ထမ်းနှင့် လူနာရှင်ပြည် သူများ အပြန်အလှန်လေးစားမှု ရှိကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။

သတင်းမီဒီယာတွေ ပွင့် လင်းလာတဲ့ခေတ်မှာ ဆေးရုံ၊ ဆေး ခန်းများအပေါ် ပြည်သူတွေရဲ့ မကျေနပ်ချက်၊ အပြစ်တင်ဝေဖန် ချက်တွေကို နားလျှံအောင် ကြား နေရသလို လူနာရှင်များက ဆေးရုံဝန်ထမ်းတွေပေါ် ရိုင်းပျစော်ကား မှုနဲ့ ကိုယ်ထိလက်ရောက်ကျူး လွန်မှုတွေ မကြာခဏဖြစ်နေတာ စိတ်မကောင်းစရာပါ။ ဒီလိုဖြစ်ရ တာဟာ အခြေခံအကြောင်းရင်း ပေါင်းများစွာကြောင့် အပြန်အ လှန်နားလည်ပေးနိုင်မှုနဲ့ သည်းခံနိုင်မှုရေချိန်ကျဆင်းသွားလို့ဖြစ်ပါတယ်။ ဟိုတုန်းက စနစ်ဆိုးမှာ လူဖြစ်လာရတဲ့ ကျွန်မတို့ပြည်သူ တွေ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရပိုင် ခွင့်နဲ့ ဆေးကုသခွင့် ကောင်းစွာ မရလို့ ထိခိုက်နစ်နာခဲ့ကြတာတွေ ဟာ တကယ်ကို နာကြည်းစရာပါ။ အာဏာရှင်စနစ်အောက်မှာ အ ကြောက်တရားတွေ ကိန်းအောင်း နေတော့ မကျေနပ်ချက်တွေကို မျိုသိပ်ထားခဲ့သမျှ၊ ကြောက်စရာ မလိုတော့တဲ့အချိန်မှာ ပွင့်အန်ကျ လာတယ်လို့ ထင်ပါတယ်။ ပြုပြင် ပြောင်းလဲရေးအပေါ် မျှော်လင့် ချက်သိပ်ကြီးတဲ့ ပြည်သူတွေက အခမဲ့ဆေးကုသခွင့်တွေ ရချင် တယ်။ ဆရာဝန်တွေ၊ သူနာပြု တွေက လေးစားသမှုနဲ့ ဂရုတစိုက် ကုသပေးတာ၊ ပြုစုစောင့်ရှောက် မှုပေးတာကို လိုချင်ကြတယ်။ မျှော်လင့်သလို ဖြစ်မလာနိုင်သေး တဲ့ အခြေအနေ အကြောင်းရင်း တွေကို လူထုနားလည်အောင် တာဝန်ရှိသူများက ရှင်းပြဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ပတ်သက်လို့ အရည်အသွေး ပြည့်ဝ၍ အန္တရာယ်ကင်းသော ဆေးကုသမှုကို နိုင်ငံသားတိုင်း တန်းတူခံစားခွင့်ရှိပါတယ်။ လူ တိုင်း ကျန်းမာရေးဝန်ထမ်းများရဲ့ လေးစားသမှုနဲ့ ပြုစုကုသပေးတဲ့ ဝန်ဆောင်မှုကို ရခွင့်ရှိပါတယ်။  လူတိုင်း ကျန်းမာရေးဆိုင်ရာ သ တင်းအချက်အလက်တွေကို သိ ခွင့်ရှိတယ်။ ရောဂါဖြစ်ရင် ဆေး ကုသမှု၊ ခွဲစိတ်မှုနဲ့ပတ်သက်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိ ခွင့်ရှိပြီး သင့်တော်တဲ့ကုထုံးတွေ ကို လူနာကိုယ်တိုင် (သို့မဟုတ်) မိသားစုဝင်တွေက လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့်ရှိပါတယ်။ လူနာနဲ့လူနာရှင်များ ကျန်းမာရေး ဗဟုသုတပြည့်စုံပြီး သင့်တော်မှန် ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ပညာပေးလုပ်ငန်းတွေ၊ စွမ်း ဆောင်ရည် မြှင့်တင်ပေးမှုတွေကို ကျန်းမာရေးဝန်ထမ်းများက ထိ ထိရောက်ရောက် ဆောင်ရွက်ကြ ရမှာဖြစ်ပါတယ်။

လူနာများရသင့်သော အခွင့်အရေးတွေကို လေးစားလိုက်နာ နိုင်ဖို့အတွက်ဆိုရင် ကျန်းမာရေး ဝန်ထမ်းတွေအားလုံး အခြေခံလို အပ်ချက်နဲ့ ပြည့်စုံပြီး ပညာပြည့်ဝ  ဖို့ လိုပါတယ်။ ဝန်ထမ်းတွေကိုယ် တိုင်က ရသင့်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေတော့ လူသားချင်းစာနာ ဖို့၊ လူ့အခွင့်အရေးကို လေးစား တတ်ဖို့ တိုက်တွန်းရင် သဘာဝ မကျဘူးထင်ပါတယ်။ ဟိုတုန်းက ဝန်ထမ်းတွေ လစာမလောက်ဘဲ အလုပ်လုပ်ခဲ့ရတယ်။ ယနေ့အ ချိန်မှာ ဝန်ထမ်းလစာက တစ် ကိုယ်ရေလုံလောက်ရုံသာ ရပါ သေးတယ်။ လူမှုရေး၊ ကုသိုလ် ရေးနဲ့ သားသမီးပညာရေးစရိတ် တွေအတွက် လုံလောက်သော လစာမရကြသေးပါ။ အခြေခံလို အပ်ချက်တွေ မပြည့်စုံတဲ့အပြင် လုပ်ငန်းခွင်မသာယာခြင်း၊ ဝန် ထမ်းအချင်းချင်း ဖိနှိပ်ခြင်း၊ ဝန် ထမ်းအင်အားမလုံလောက်ခြင်း စတဲ့အခြေအနေတွေဟာ ဆေးရုံ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် ကို ကျဆင်းစေပါတယ်။ ဝန် ဆောင်မှုအပေါ် မကျေနပ်တဲ့ လူနာရှင်များရဲ့ ပြဿနာရှာခြင်း၊ တိုင်တန်းခြင်းတွေ များလာတဲ့အ ခါ ဖိစီးမှုတွေ ပိုများလာပြီး လုပ် ငန်းခွင်ကို စွန့်ခွာလိုစိတ်တွေဖြစ် ပေါ်လာပါတယ်။ ဒါကြောင့်မို့ အလုပ်ထွက်မှုနဲ့ လုပ်ငန်းခွင်ကို စွန့်ခွာမှုအရေအတွက်အများဆုံး ဖြစ်နေတဲ့ သူနာပြုအရေးကို လွှတ်တော်မှာ ဆွေးနွေးတင်ပြသွားတာ ကို ကျေးဇူးအထူးတင်ပါတယ်။

ဆေးရုံတွေမှာ သူနာပြုတွေ က လူနာနဲ့ အများဆုံးထိတွေ့ ဆက်ဆံရတာမို့ သူနာပြုနဲ့ လူနာ အကြား ဆက်ဆံရေးအဆင်မပြေမှု က ပိုပြီး သိသာထင်ရှားပါတယ်။ ရောဂါဝေဒနာခံစားနေရတဲ့ လူနာ တွေကို စာနာစိတ်နဲ့ ပြုစုပေးရ မယ့် သူနာပြုတွေဟာလည်း လူ သားတွေမို့ စိတ်ခံစားချက်ရှိကြပါ တယ်။ လူတိုင်းမလုပ်နိုင်တဲ့ သူနာပြုအလုပ်ကို ရွေးချယ်တယ်ဆိုက တည်းက နူးညံ့၍ စာနာတတ်သောစိတ်ဓာတ်အခံရှိပြီးသားဖြစ်ပါ တယ်။ လုပ်ငန်းခွင်သဘာဝနဲ့ ပတ် ဝန်းကျင်လွှမ်းမိုးမှုတွေကြောင့် သူနာပြုအချို့နဲ့ မာကျောခက် ထန်သော ဆက်ဆံရေးကို ပြုပြင် ဖို့ လိုအပ်တာ မှန်ပါတယ်။ လူနာ ရှင်ပြည်သူတွေအနေနဲ့ကလည်း သူနာပြုများအပေါ် အထင်သေး စိတ်၊ အပြစ်ရှာလိုစိတ်တွေမထား ဘဲ ဝန်ထမ်းတစ်ယောက်အဖြစ် လေးစားဖို့တော့ လိုပါတယ်။ အ ပြန်အလှန်လေးစားကြတဲ့အခါ ဆက်ဆံရေးတွေ ပြေလည်သွား မှာ သေချာပါတယ်။

 လူတန်းစားအလွှာအသီး သီးက လာတဲ့ လူနာတွေ၊ ပြည်သူ တွေဟာ တန်ဖိုးကိုယ်စီရှိကြပါ တယ်။ ထို့အတူ ဆေးရုံဝန်ထမ်း တွေနဲ့ သူနာပြုတွေဟာလည်း တန်ဖိုးရှိသော ပြည်သူ့ဝန်ထမ်း တွေပါ။ တစ်ဦးအပေါ် တစ်ဦးက တန်ဖိုးထားလေးစားကြမယ်ဆို ရင် ဆက်ဆံရေးတွေ အဆင်ပြေ ကြလို့ လူနာ၏ရောဂါသက်သာ ပျောက်ကင်းရေးကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။ အပြန်အလှန်လေးစားမှုကို အခြေ ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာသဖြင့် မြန်မာပြည်သားများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

(ဖော်ပြပါ ဆောင်းပါးသည်စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Tuesday, 1 November 2016

ဒီမိုကရေစီကို နားလည်ကြည့်ခြင်း


ဒီမိုကရေစီစနှစ်နဲ့ ပတ်သက်လို့ ကျွန်မ မှတ်သားနားလည်ထားတဲ့ အခြေခံသဘောတရားတွေကို ကိုယ်ပိုင်အတွေးနဲ့ ပေါင်းစပ်ပြီး စာတပုဒ်ရေးလိုက် ပါတယ်။ ဒီစာကို ရေးတဲ့အခါမှာ နိုင်ငံရေးကို ကျွမ်းကျင်သူအနေနဲ့ ရေးခြင်းမဟုတ်၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သာမန်ပြည်သူ တယောက်အနေနဲ့ ရေးတဲ့စာလို့ မှတ်ယူစေချင် ပါတယ်။
ဒီမိုကရေစီဆိုတဲ့ စကားကို ၁၉၈၈ အရေးအခင်းမှာ စပြီးကြားဖူးခဲ့ပေမဲ့ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိခဲ့ ပါဘူး။ ဘာမှန်းမသိဘဲ နေလာရင်း ဆယ်တန်းရောက်တော့ မြန်မာစာဆရာက စာသင်ရင်း၊ ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးခွန်းတခုမေး ပါတယ်။ ကျောင်းစာကလွဲရင် ဘာမှမသိတဲ့ ကျွန်မ ဆရာ့အမေးကို မဖြေနိုင်ဘဲ ပါးစပ် အဟောင်းသားနဲ့ နေခဲ့ရပါတယ်။ အတန်းထဲက ယောက်ျားလေး သူငယ်ချင်းယောက်က ထဖြေပါတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိပြီး၊ အစိုးရကို ပြည်သူများက လွတ်လပ်စွာ ရွေးချယ်တင်မြောက် တဲ့စနစ် လို့ဖြေပါတယ်။ ကျွန်မလား ဘာမှမသိတဲ့ နလပိန်းတုံးဆိုတော့ ဖြေနိုင်တဲ့ သူငယ်ချင်းကို စိတ်ထဲက ချီးကျူး လိုက်ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းအောင်၊ ဘွဲ့ရလို့ လုပ်ငန်းခွင် ၀င်တဲ့အချိန်တွေအထိ ဒီမိုကရေစီအကြောင်း သေချာ နားမလည်ခဲ့သလို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။
နိုင်ငံခြားကို ထွက်လာပြီးတဲ့ နောက်ပိုင်း အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးဖြစ်တဲ့အတွက် အင်တာနက်က သတင်းတွေ၊ ဘလော့ဂါတွေရေးတဲ့ စာတွေကို ဖတ်မိရာက နိုင်ငံရေး အခြေအနေတွေကို စိတ်ဝင်တစား လေ့လာဖြစ်ခဲ့ပါတယ်။ အိပ်ပျော်နေတဲ့ ကျွန်မတို့လို လူတစုကို လှုပ်နိုးပေးခဲ့တဲ့ ဘလော့ဂါတွေကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေး ရေချိန်မြင့်ခဲ့တာကို သိပ်ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားလာတယ်၊ မြန်မာပြည်ကို ပြောင်းလဲ တိုးတက်စေချင်တယ်ဆိုတော့ နိုင်ငံရေးအကြောင်းနဲ့ ဒီမိုကရေစီ သဘောတရားကို လက်လှမ်း မှီသလောက် လေ့လာခဲ့ပါတယ်။ ကိုယ်တိုင် နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ချက် မရှိပေမဲ့၊ ခေါင်းဆောင်ကောင်းတွေကို ၀န်းရံ အားပေးနိုင်ဖို့ လေ့လာခြင်း ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့လူတိုင်း အခြေခံနိုင်ငံရေး သဘောတရားတွေကို နားလည်ထားသင့် ပါတယ်။
ဒီမိုကရေစီစနစ်မှာ  သိပ်ကိုအနှစ်သာရရှိတဲ့ အခြေခံသဘောတရားတွေ ရှိပါတယ်။ နိုင်ငံရေး တိုင်းပြည်အရေးတွေမှာ နိုင်ငံသားတွေအားလုံး ပါဝင်ခြင်း၊ နိုင်ငံသားအားလုံး တန်းတူ အခွင့်အရေးရှိခြင်း၊ လူ့အခွင့်အရေးကို   လေးစားလိုက်နာခြင်း၊ နိုင်ငံအရေး အမြင်မတူမှုများကို နားလည်သီးခံနိုင်စွမ်းရှိခြင်း၊ ရွေးကောက်ခံ ပုဂ္ဂိုလ်များက တာဝန်ခံမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း၊ သတ်မှတ်ထားသော အချိန်ကာလတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ပေါင်းစုံပါဝင်ခြင်း၊ စီးပွားရေး လွတ်လပ်ခွင့်ရှိခြင်း၊ အာဏာကို အလွဲသုံးစားပြုမှုနှင့် အကျင့်ပျက် ခြစားမှုကို ထိန်းချုပ်နိုင်ခြင်းနဲ့ တရားဥပဒေ စိုးမိုးခြင်း စတဲ့ ဒီမိုကရေစီ အခြေခံသဘောတရားတွေ ရှိပါတယ်။

Saturday, 18 June 2016

စိတ်ဓာတ်ခွန်အားပေးသော ထိုမိခင်


 “ သင့်ရဲ့ကြောက်စိတ်က သင်မှန်တယ်ထင်တဲ့အရာကိုလုပ်ဖို့ တားမြစ်တာကို ဘယ်တော့မှ ခွင့်မပြုပါနဲ့ ” လို့ ကမ္ဘာကျော် အဆိုအမိန့်ကို ပြောဆိုရေးသားတဲ့ ထိုမိခင်ကို ဂါရ၀တဲ့ စာတပုဒ် ရေးချင်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးထုအတွက် စံပြမိခင်၊ မြန်မာပြည်အပြင်ဘက် ရောက်နေသူတွေအတွက် စိတ်ဓာတ်ခွန်အားတွေ ပေးတဲ့ထိုမိခင်။ ထိုမိခင်ရဲ့ကျေးဇူးတရားတွေကို ကျွန်မ ဉာဏ်ရှိသလောက် ဖော်ထုတ်ရေးဖွဲ့ချင်ပါတယ်။ မိခင်အရင်းထက် ပိုပြီးချစ်ခင်လေးစား သလားလို့မေးရင်၊ မိခင်အရင်းနဲ့ ထပ်တူချစ်ခင်လေးစားတယ်လို့ ဖြေပါ့မယ်။
ထိုမိခင်နဲ့ ကျွန်မ နှလုံးသားချင်းမနီးစပ်ခင် အချိန်တုန်းက သူမကို ကျွန်မသိခဲ့တာက လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်။ ၁၉၈၈ အရေးအခင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လာတယ်၊ ဒီမိုကရေစီအရေး လှုပ်ရှားတယ်။ အဲဒီအချိန်တုန်းက ကျွန်မက ကလေးသာသာ ရှိသေးတော့ ဘာမှနားမလည်ပေမဲ့ ဗိုလ်ချုပ်ရဲ့သမီးမို့ ဒေါ်အောင် ဆန်းစုကြည်ကို အများနည်းတူ သဘောကျခဲ့ပါတယ်။ ဒီနေ့မြန်မာပြည်က ကလေးငယ်တွေ အများစု အမေစုမှ အမေစုဖြစ်နေသလိုမျိုး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူမရဲ့အောင်မြင်မှု သြဇာလွှမ်းမိုးနိုင်မှုဟာ ဗိုလ်ချုပ်အောင်ဆန်းကြောင့်လို့ ၀န်ခံထားပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားကြတော့ သူမအပေါ် ကျွန်မစိတ်ဝင်စားမှု မရှိတော့ဘူး။ မြန်မာပြည်မှာနေခဲ့တဲ့ အနှစ် (၃၀)အတွင်း ကျွန်မက နိုင်ငံရေးနဲ့ပတ်သက်ရင် ဘာမှနားမလည် စိတ်မ၀င်စားတဲ့ နလဘိန်းတုံးတယောက်ပါ။ ဒါပေမဲ့ အစိုးရပိုင်သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆဲရေးနေကြတာ၊ ဆန္ဒခံယူပွဲတွေလုပ်ပြီး တရားဝင် ဆဲနေကြတာကို တော်တော်လေး အော့နှလုံးနာခဲ့ပါတယ်။ ဆရာတယောက် ကျွန်မကို ပြောပြဖူးတဲ့စကားကိုလည်း စိတ်ဘ၀င်မကျခဲ့ပါ။ သမီးသိလား ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားသစ္စာဖောက်၊ မြန်မာနိုင်ငံသား ရည်စားရှိရက်နဲ့ သစ္စာဖောက်ပြီး နိုင်ငံခြားသားကို လက်ထပ်ခဲ့တာ။ ဆရာပြောပြတုန်းက ကျွန်မဘာမှပြန်မပြောပဲ နားထောင်ခဲ့ပေမဲ့ ဘာကြောင့် ရယ်မသိ ဆရာပြောတာကို အမှန်လို့မမှတ်ခဲ့ဘူး။
 နိုရီကိုရေးတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို မသီတာ(စမ်းချောင်း) ဘာသာပြန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင် စာအုပ်ကိုဖတ်ရတော့မှ ဆရာ့စကားက ၀ါဒဖြန့်သူ တွေဆီက လက်ဆင့်ကမ်းရလာတာလို့ နားလည်လိုက်တယ်။ တကယ်တော့ မြန်မာ ပညာတတ် တဦးက ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံခဲ့တာ။ ခုနေများ ဆရာသက်ရှိထင်ရှားရှိနေသေးရင် ကျွန်မပြန်ဖြေရှင်း ပြောပြချင်မိပါတယ်။ လူမျိုးစွဲမကင်းတဲ့ကျွန်မလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားနဲ့လက်ထပ်တာကို စိတ်ထဲဘ၀င်မကျသူပါ။ နိုရီကို ပြောပြလို့ စိတ်သဘောထား နူးညံ့ပြီး ဒေါ်အောင်ဆန်း စုကြည်ကို မြတ်နိုးကြင်နာတဲ့ မိုက်ကယ်အဲရစ်နဲ့ ကင်တို့ညီအကို နှစ်ယောက်အကြောင်းကိုသိခွင့်ရလို့ သူတို့အပေါ် စာနာ နားလည်ခဲ့ပါတယ်။ ဒီစာအုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအကြား နှလုံးသားချင်းနီးစပ်စေတဲ့ အကြောင်းရင်း တခုလည်း ဖြစ်ပါတယ်။ ဒီအတွက် စာရေးသူ နိုရီကိုနဲ့ ဘာသာပြန်သူ ဆရာမ မသီတာ (စမ်းချောင်း) ကို သိပ်ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှစ်ရှည်အကျယ်ချုပ်ကျနေတဲ့ ကာလအတွင်းမှာ ဘယ်လိုစိတ်နဲ့ နေခဲ့သလဲ ဆိုတာကို လူတွေစိတ်ဝင်စားကြတယ်။ ဓမ္မကို အဖော်ပြုပြီးနေတဲ့အတွက် သီလ သမာဓိ ဉာဏ်ပညာတွေ ပိုပြီးတိုးပွား ရင့်ကျက်လာတယ်။ စာအုပ်တွေကို မိတ်ဆွေဖွဲ့နေတဲ့အတွက် တယောက်ထဲ အထီးကျန် နေ့ရက်တွေဟာ အဓိပ္ပာယ်ရှိရှိ ကုန်လွန်ခဲ့တယ်။ ဓမ္မကပေးသော ကြောက်စိတ်ကင်းတဲ့ ဖြောင့်မတ် တည်ကြည်မှု၊ စာအုပ်တွေကပေးတဲ့ အသိအမြင်ကြွယ်ဝမှုတွေကို ပေါင်းစပ်ပြီး ရေးလိုက်တဲ့ သူမရဲ့ စာတွေက စာဖတ်သူတွေရဲ့ နှလုံးသားကို ဖွင့်ပေးနိုင်ခဲ့တယ်။ မေတ္တာနဲ့ သစ္စာတရားကို အခြေခံပြီး ရေးတဲ့စာ၊ ပြောသမျှ စကားတွေဟာ အများပြည်သူတွေ့ရဲ့ နှလုံးသားကို ပွင့်လင်းစေပါတယ်။ ခေါင်းဆောင်ကောင်း၊ ဆရာကောင်းတွေနဲ့ စာရေးသူတွေဟာ အများပြည်သူတွေကို ရှေ့ဆောင် လမ်းပြရာမှာ နှလုံသားကို အရင်ဖွင့်ပေးရမယ်လို့ ဆိုပါတယ်။ နှလုံးသား ပွင့်သွားပြီဆိုရင် ဘာပဲပြောပြော ထိရောက်တယ်၊ သြဇာငြောင်းနိုင်ပါတယ်။
လောကသဘာဝနဲ့ လူ့သဘောတွေကို ပကတိ အရှိတိုင်း မြင်နိုင်တဲ့ သူမမှာ ကျွန်မတို့ လိုက်မမှီတဲ့ အတွေးအခေါ် ရှိတယ်။ လောကဓမ္မကို ကောင်းကောင်းနားလည်သူမို့ မှန်တာကို ပြောရဲလုပ်ရဲအောင်၊ အမှန်တရားဘက်က သတ္တိရှိရှိ ရပ်တည်ရဲအောင် စံနမူနာကောင်း ပြတယ်။ သဘာဝ အရှိတရားကို အရှိတိုင်း လက်ခံပြီး၊ ဟန်ဆောင်မှုကင်းတယ်။ သူမရဲ့ရိုးသားပွင့်လင်းမှုနဲ့ အမှန်တရားကို မြတ်နိုးမှုက မြန်မာပြည်က ပညာတတ်လူတန်းစား အများစုကို လွှမ်းမိုးနိုင်ခဲ့တယ်။ သူမရဲ့ မေတ္တာတရားကြီးမားမှုက မြန်မာပြည်က အောက်ခြေ လူတန်းစားများရဲ့ ယုံကြည် အားကိုးမှုကို သိမ်းပိုက်နိုင်ခဲ့တယ်။ ပြည်ပရောက် မြန်မာပြည်သားများအတွက်တော့ သူမပြောတဲ့ စကားတွေက စိတ်ဓာတ်ခွန်အား ဖြစ်စေပြီး၊ သူမရဲ့ကြိုးစားအားထုတ်မှုတိုင်းဟာ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေ ဖြစ်ပါတယ်။ ရွှေရောင်အပြုံး ကိုယ်စီနဲ့ ပြည်တော်ပြန်ဝင်ဖို့ အခွင့်အခါကောင်းကို မျှော်နေကြပါတယ်။
သူများတိုင်းပြည်မှာ တော်သလိုနေကြရတဲ့ ကျွန်မတို့မှာ အမည်ဖော်လို့မရတဲ့ ဝေဒနာ ကိုယ်စီရှိပါတယ်။ အလုပ်ထဲမှာ မတရားတာတွေ မြင်နေရရင် ရေငုံနှုတ်ဆိတ်နေရပြီး၊ ရေလိုက်ငါးလိုက် နေရာတာတွေ ရှိတယ်။ မကျေနပ်ချက်တွေ ရှိပေမဲ့ မနိုင်လို့ သီးခံနေရတာတွေ ရှိတယ်။ မကျေနပ်ချက်တွေ ပေါက်ကွဲမထွက်အောင် ကိုယ့်စိတ်ကို နှိပ်ကွပ်ထိန်းချုပ်ရင်း အတွေ့အကြုံတွေ ရင့်ကျက်လာခဲ့တယ်။ ဘာသာတရား အဆုံးအမတွေ၊ စာပေကပေးတဲ့ အသိတွေနဲ့ စိတ်ဒဏ်ရာ ဝေဒနာတွေကို ကုစားရာမှာ ထိုမိခင်ရဲ့ပညာရှိစကားတွေဟာ ခွန်အား ဖြည့်ဆေးတခွက်လို အစွမ်းထက်ပါတယ်။ သူမရဲ့စိတ်သဘောထားနဲ့ အပြုအမူတွေကို လေးစား အားကျတဲ့စိတ်က သူစိမ်းတရံတွေအကြား ဘ၀ကိုဆောက်တည်ရာမှာ အများကြီး အထောက် အကူပေးပါတယ်။ ပြင်ပ ရုပ်ဝတ္ထုပစ္စည်းတွေထက် နှလုံးရည်ပြည့်ဝမှုကို ဦးစားပေးတဲ့ ထိုမိခင်ရဲ့ အဆုံးအမတွေက လောကဓံကို ရင်ဆိုင်ရာမှာ စိတ်ဓာတ်ကြံ့ခိုင်မှုရှိအောင် အားဖြည့်ပေးပါတယ်။
နိုဘယ်ဆုရှင် လူထုခေါင်းဆောင်ရဲ့ဂုဏ်သတင်းကြောင့် ကမ္ဘာ့အလယ်မှာ ကျွန်မတို့ မြန်မာတွေ ဂုဏ်ယူစရာ ဖြစ်ရတယ်။ သူမကို ဝေဖန်အပြစ်တင်ကြတဲ့ ပြည်တွင်းပြည်ပက စာတတ်ပုဂ္ဂိုလ် အချို့ကို ဥပေက္ခာသဘောနဲ့ တုန့်ပြန်နိုင်တာ ပညာရှိဆန်ပါတယ်။ ပြဿနာပေါင်း သောင်း ခြောက်ထောင်ကို ဘယ်လိုများဖြေရှင်းနိုင်မှာပါလိမ့်လို့ ကျွန်မတို့ ပူပန်နေချိန်မှာ ထိုမိခင်က ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းတွေ မြန်နေဆဲ။ သူမရဲ့ယုံကြည်မှုက ပြည်သူတွေရဲ့စွမ်းရည်ကို ယုံကြည်စိတ်ချခြင်းသာဖြစ်တယ်။ ပြည်သူတွေနဲ့ တသားတည်းရှိနေသူမို့ မြန်မာတွေ ဉာဏ်ရည်မနိမ့်ဘူး၊ အခွင့်အလမ်းကောင်းတွေသာ လိုအပ်တာလို့ ပြောနိုင်တာဖြစ်တယ်။ ရေခံ မြေခံကောင်းတဲ့ မြန်မာပြည်ဖွား ကျွန်မတို့တွေအားလုံးဟာ မျိုးစေ့ကောင်းကြပါတယ်။ ဒီမျိုးစေ့ကောင်းတွေက ပေါက်လာတဲ့ အပင်တွေ ဖွံ့ဖြိုးသန်မာပြီး၊ အသီးအပွင့်တွေ ဝေဆာဖို့ ပညာအလင်းရောင်တွေ လိုအပ်တာ။
ဗြဟ္မစိုရ်တရား (၄)ပါးကို လက်တွေ့ကျင့်သုံးခြင်းဖြင့် လူမျိုးဘာသာ အသားရောင်ခွဲခြားခြင်း၊ ရန်သူမိတ်ဆွေ ခွဲခြားခြင်းမရှိဘဲ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ အဂတိလေးပါး ကင်းရှင်းရေး၊ လူတိုင်း၏မွေးရာပါ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကိုယ်နှင့်အသက်ကို မငဲ့ကွက်ပဲ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သံဃာတော်များအား လျှောက်ထားချက်ကို ပြည်သူတယောက်အနေနဲ့ ကြိုဆိုထောက်ခံပါတယ်။ မြင်သာ ထင်သာရှိသော ပြောင်းလဲ တိုးတက်မှုကို ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ရဲရဲဝံ့ဝံ့ ဖွင့်ဟ လျှောက်ထားချက် ကိုလည်း သဘောကျ နှစ်ခြိုက်ပါတယ်။ တရားသဘောတွေကို အကြွင်းမဲ့ ယုံကြည်သော ထိုမိခင်၊ ပြည်သူတွေအပေါ် ယုံကြည်သော ထိုမိခင်။ ထိုမိခင်ရဲ့ယုံကြည်ချက်၊ ပြည်သူများရဲ့ မျှော်လင့် ချက်တွေ ပြည့်ဝပါစေ။ ထိုမိခင်ရဲ့ ဆန္ဒအတိုင်း ပြည်သူတွေက သူမကိုမလိုအပ်တော့တဲ့အချိန်ထိ အသက်ရှည် ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။

စံပယ်ဖြူ


Thursday, 5 May 2016

လူမျိုးရေး ဘာသာရေး နာတာရှည်ရောဂါ


မြန်မာပြည်နဲ့ ကမ္ဘာနိုင်ငံ အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဟာ ကုစားရခက်တဲ့ နာတာရှည်ရောဂါလို ဖြစ်နေပါတယ်။ ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ခေါင်းဆောင်တွေ နည်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်ခဲ့ ကြသော်လည်း ကျွန်မတို့ရဲ့ ကမ္ဘာမြေ ခုထိငြိမ်းချမ်းရေး မရနိုင်သေးဘူး။ ဒဏ်ရာတွေ ဗရပွ၊ ဆင်းရဲမွဲတေခြင်း၊ နာတာရှည်ရောဂါ ပေါင်းစုံနဲ့အတူ အနာရောဂါ ထူပြောနေတဲ့ ကျွန်မတို့ရဲ့ မြန်မာပြည်ကို နလန်ထူနိုင်အောင် ကြိုးပမ်းကြရာမှာ ဘယ်လို ဆေးစွမ်းကောင်းတွေနဲ့ ကုစားကြမှာပါလိမ့်လို့ စဉ်းစားတွေးတောရင်း စာတပုဒ် ရေးလိုက်ပါတယ်။
မျိုးချစ်စိတ်ဆိုတာ မွေးရာပါ ဗီဇတခုမို့ လူတိုင်း တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်ကြပါတယ်။ လူတွေ ကိုယ့်ရဲ့ မိသားစုနဲ့ ဆွေမျိုးတွေကို ချစ်ခင်တွယ်တာကြတယ်၊ မွေးရပ်ဇာတိကို ချစ်ကြတယ် စတဲ့ အခြေခံ မျိုးချစ်စိတ်ကနေ နယ်ပယ်ကျယ်ပြန့်လာတဲ့အခါ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်လာတယ်။ ဒါဟာ အင်မတန် လူသားဆန်တဲ့ သဘာဝတခု ဖြစ်ပါတယ်။ မိမိလူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို အမြတ်တနိုး စောင့်ထိန်းလိုက်နာခြင်း၊ မိမိဘာသာတရား အဆုံးအမတွေကို လိုက်နာကျင့်သုံးခြင်း စတဲ့ မျိုးချစ်စိတ် ဘာသာချစ်ဟာ အင်မတန် ရိုးစင်းပြီး နှစ်သက်ဖွယ်ကောင်းပါတယ်။ ဒီလိုရိုးစင်းတဲ့ အမျိုးဘာသာ ချစ်စိတ်ကို တဆင့်မြင့်လိုက်ရင် မိမိလူမျိုးကောင်းစားရေး၊ မိမိယုံကြည် ကိုးကွယ်တဲ့ဘာသာ ရေရှည်တည့်တံ့ ခိုင်မြဲရေးအတွက် အသင်းအဖွဲ့တွေ ဖွဲ့စည်းတည်ထောင် လာကြတယ်။ အမျိုးကိုချစ်တဲ့ ပင်ကိုယ်ဗီဇက စေ့ဆော်မှုကြောင့် ကိုယ့်လူမျိုးကို   မြင့်အောင် သာအောင် ကြိုးစားကြတယ်။
သတိဥာဏ်ပညာ ပြည့်ဝသူတွေက  ကိုယ်ကျင့်တရား ကောင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဖြင့် လူမျိုးဂုဏ်ကို မြင့်ကြတယ်။ ကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း စတဲ့ နှလုံးရည်များ ပြည့်စုံစေခြင်းဖြင့် မိမိလူမျိုးရဲ့ အဆင့်အတန်းကို မြင့်တင်ကြတယ်။ သီလလုံခြုံခြင်း၊ စိတ်သဘောထား ကြီးမြတ်ခြင်း၊ လူမျိုးခြား ဘာသာခြားကို လေစားချစ်ခင်ခြင်းဖြင့် မိမိတို့ ဘာသာတရားရဲ့ မြင့်မြတ်ခြင်းကို ပြကြတယ်။ ဘာသာတရား အဆုံးအမကို ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့ လိုက်နာကျင့်သုံးပြီး၊ မိမိတို့ မျိုးဆက်တွေရဲ့ နှလုံးသားမှာ ဘာသာတရား အဆုံးအမတွေ အမြစ်တွယ်နေအောင် လေ့ကျင့်ပျိုးထောင် ပေးကြတယ်။ ဒီလို လူမျိုးရေး ဘာသာရေး အသိစိတ်ဓာတ်မျိုး နိုးကြားဖို့က လူသားတိုင်းရဲ့ ဘ၀ပေး တာဝန် တခုလို့ ကျွန်မ ယုံကြည်ပါတယ်။

Friday, 8 January 2016

အလွှာ မခြားသောအခါ




မြန်မာပြည်မှာ အမှိုက်ကောက် သန့်ရှင်းရေးလုပ်ကြတာနဲ့ ပတ်သက်ပြီး ကျွန်မ စဉ်းစားမိတာတွေကို စာတပုဒ်ရေးလိုက် ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ရဲ့အလှကို အမှိုက်တွေက ဖုံးကွယ်ထားသလိုပဲ၊ လောကရဲ့ တကယ့်အလှကို အလွှာတွေ၊ အပေါ်ယံ ပကာသနတွေဟာ ဖုံးကွယ်ထားကြတယ်။ ပြည်သူတွေနဲ့ တသားတည်းရှိတဲ့ အမေစုက အဲ့ဒီအလွှာတွေ ပကာသနတွေကို ဖယ်ရှားလိုက်ပြီး၊ လောကအလှကို ဖွင့်ပြလိုက်တယ်။ မိမိကိုယ်ကို အများပြည်သူနဲ့ တတန်းတည်းထားပြီး၊ နိုင်ငံသားတွေရဲ့ တာဝန်ကို ကိုယ်တိုင်ပါဝင် လုပ်ဆောင်ပြတယ်။ ကိုယ်တိုင်ပါဝင်ပြီး နောက်လိုက်ငယ်သားတွေ လိုက်နာချင်အောင် စံနမူနာကောင်း ပြလိုက်တယ်။ အမေစုက သူ့ရဲ့ခေါင်းဆောင်မှု အနုပညာကို ပညာသားပါပါ ထုတ်သုံးလိုက်ပုံက သိပ်လှပါတယ်။ 

ကိုယ်တိုင်လည်းဝင်မပါ၊ သူများလုပ်တာကို အပြစ်ရှာ ဝေဖန်သူတွေကိုတော့ ကျွန်မက ဘာမှမပြောလိုဘူး။ လူထုခေါင်းဆောင်ရဲ့ ညွှန်ကြားမှုကို အပေါ်ယံမဟုတ် တကယ်ဝိုင်းဝန်းလုပ်ကြတဲ့ သူတွေကို ချီးကျုးပါတယ်။ တကယ်ကို လေးစားပါတယ်။ အမှိုက်ကောက် သန့်ရှင်းရေးလုပ်တာကို အစပြုပြီး၊ စည်းကမ်းတကျ အမှိုက်ပြစ်တတ်တဲ့ အကျင့်တွေရှိလာအောင် ပညာပေးစည်းရုံးမှုတွေ ထိထိရောက်ရောက် လုပ်နိုင်ရင် ဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်ပါလိမ့်မယ်။ မြင်မကောင်းတဲ့ အမှိုက်ပုံတွေ မြောင်းပုပ်တွေ မရှိတော့ရင် သဘာဝအတိုင်းရှိနေတဲ့ မြန်မာပြည်ရဲ့ အလှကို ပြန်မြင်ရတော့မှာ။ ပတ်ဝန်းကျင်သန့်ရှင်းလို့ ကူးစက်ရောဂါ အန္တရာယ်တွေလည်း လျော့သွားတော့မယ်။ နိုင်ငံသားကောင်း ပီသာစွာ စည်းကမ်းရှိခြင်း၊ တာဝန်သိတတ်ခြင်းစတဲ့ အရည်အသွေးကောင်းတွေ ရှိလာပါလိမ့်မယ်။

ခေါင်လုံမှ တံစက်လုံမယ်၊ မိဘကောင်းမှ သားသမီးကောင်းမယ်လို့ ငယ်ငယ်က အမေရိုက်သွင်း ပေးခဲ့တဲ့ အယူအဆက ကျွန်မ ဦးနှောက်ထဲမှာ စွဲနေပါတယ်။ မိဘကောင်း၊ ဆရာကောင်းတွေကြောင့် ကျွန်မ လူလားမြောက်ခဲ့ ပါတယ်။ ကျွန်မ ကိုယ်တိုင် ဆရာဖြစ်လာတဲ့အခါ၊ ဆရာကောင်းမှ တပည့်ကောင်း မယ်ဆိုတဲ့ ယုံကြည်ချက်ကို စွဲကိုင်ထားပါတယ်။  မိဘတွေက သားသမီးတွေကို စံနမူနာကောင်း ပြဖို့လိုအပ်သလို၊ ဆရာသမားတွေက တပည့်တွေကို စံနမူနာကောင်းတွေ ပြရမှာ ဖြစ်ပါတယ်။ ထို့အတူပဲ တိုင်းပြည်တပြည်မှာ ခေါင်းဆောင်က နိုင်ငံသားတွေအတွက် စံပြပုဂ္ဂိုလ် ဖြစ်ရပါမယ်။  ခေါင်းဆောင်ကောင်းမှ တိုင်းပြည်ကောင်းမယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။ မြန်မာပြည်မှာ ခေါင်းဆောင်မကောင်းလို့ တိုင်းသူပြည်သားတွေ ဆင်းရဲတွင်း နက်နေကြတယ်။ ခေါင်းဆောင်ကောင်း ရှိနေလျှက်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခွင့် မရတာကလည်း အင်မတန် နစ်နာပါတယ်။

တိုင်းပြည်ကို အုပ်ချုပ်တဲ့ အကြီးအကဲများနဲ့ အုပ်ချုပ်သူ လူတန်းစားတွေဟာ ပဒေသရာဇ်ခေတ်က ရှင်ဘုရင် မှုးမတ်တွေလို ပြည်သူတွေနဲ့ လူတန်းစားအလွှာ ခြားမနေသင့်ပါဘူး။ လူတန်းစား အလွှာခြားနေရင် ရင်းနှီးချစ်ခင်မှုနဲ့ အပြန်အလှန် နားလည်မှု မရှိကြတဲ့အတွက် ယုံကြည်မှုကို တည်ဆောက်ဖို့ ခက်ပါတယ်။ ပြည်သူနဲ့ ခေါင်းဆောင်ကြားမှာ အလွှာမခြားတဲ့အခါ ရင်းနှီးပွင့်လင်းမှုရှိတဲ့အတွက် အပြန်အလှန်နားလည်မှုကို ရနိုင်တယ်။ တဦးကိုတဦး နားလည်တဲ့အခါ၊ ယုံကြည်မှုတွေ ခိုင်မြဲလာမယ်။ လူတယောက်စီတိုင်းကို မိမိကိုယ်နဲ့ ထပ်တူ တန်ဖိုးထား တတ်လာမယ်။ ဒီမူကို ကျင့်သုံးတဲ့ အမေစုနဲ့ ပြည်သူတွေကြားမှာ အလွှာခြားမနေသည့်အတွက် အမြင်တွေကြည်လင် ပွင့်လင်းပါတယ်။ 

ကျွန်မ ကျောင်းပြီးခါစက ရန်ကုန်မှာ ဖွံ့ဖြိုးရေးသင်တန်း တခုတက်ဖူးပါတယ်။ သင်တန်းဆရာ ဆွေးနွေးသွားတဲ့ အချက်တခုကို သတိရမိပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ ပြည်သူလူထု ပါဝင်လာအောင် စည်းရုံးနိုင်ရပါမယ်။ ပြည်သူလုထုက စိတ်အားထက်သန်စွာ ပါဝင်လာစေဖို့ အမိန့်အာဏာသုံးရင် မအောင်မြင်နိုင်ဘူး။ Live with them, talk to them လို့ဆိုပါတယ်။ လူထုနဲ့ အတူနေ၊ သူတို့အသံကို နားထောင်၊ ပြီးရင်သူတို့နဲ့ ပြောဆိုဆွေးနွေးရင်း လူထုက နားလည်လက်ခံလာအောင် စည်းရုံးရမယ်လို့ ဆိုပါတယ်။ လူထုနဲ့ အတူနေတဲ့အခါ သူတို့ရဲ့ဘ၀၊ သူတို့သဘောထားကို ပိုပြီးနားလည်လာပါတယ်။

ပြည်သူ့အသံကို အမြဲနားထောင်ပြီး၊ ပြည်သူတွေနဲ့ တသားတည်း ဖြစ်နေတဲ့ အမေစုက ပြည်သူတွေရဲ့ သဘောထားကို နားလည်တယ်။ အောက်ခြေက လူတွေရဲ့ လိုအပ်ချက်တွေကို မြင်တယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးပြီး၊ စွမ်းဆောင်ရည်တွေ မြင့်တင်ပေးဖို့ အားထုတ်တယ်။ လူထုစွမ်းအားနဲ့ တိုင်းပြည်ကို တည်ဆောက်နိုင်တယ်လို့ ယုံကြည်တယ်။ လူတွေရဲ့ စိတ်သဘောကို နားလည်တဲ့ အမေစုက ပြည်သူတွေကို ယုံတယ်လို့ မကြာခဏ ပြောတာကို ကြားနေရတယ်။ ယုံကြည်ခံရတဲ့အခါ လူတွေက ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်မှု ရှိလာပါတယ်။ ငါလည်း တထောင့် တနေရာက ၀င်ပါနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိလာတယ်။ ယုံကြည်ခံရတဲ့အခါ တာဝန်ယူလိုစိတ်လည်း ရှိလာပါတယ်။ 

Monday, 30 November 2015

ကျွန်မတို့ တာဝန်ကျေခဲ့ ကြတယ်




သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်မ အပါအ၀င် တာဝန်ကျေခဲ့ကြသော မြန်မာနိုင်ငံသား အားလုံးကို ဂုဏ်ပြုမှတ်တမ်းစာတပုဒ် ရေးလိုက်ပါတယ်။ ပြည်သူတယောက်က ပြည်သူတွေကို ဂုဏ်ပြုတဲ့စာ၊ ကိုယ့်ကိုကိုယ် ပြန်ပြီးဂုဏ်ပြုစာလည်း ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတလျှောက်လုံးမှာ ပြည်သူတွေ တာဝန်ကျေခဲ့ကြတယ်လို့ နိုင်ငံရေးသမားတွေ သုံးသပ်ကြတဲ့အတိုင်း၊ ၂၀၁၅မှာ ပြည်သူတရပ်လုံးနဲ့အတူ တာဝန်ကျေခွင့် ရခဲ့တာကို ကျွန်မ ကျေနပ်ပါတယ်၊၊ နောင်မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ပြီး၊ အသဲကြားက မဲပြားတွေကို ပုံအောပေးခဲ့ကြသူ အားလုံးကို လေးစားဂုဏ်ယူပါတယ်။

မှတ်မှတ်ရရ တသက်လုံးမှာ ဒီတကြိမ်တည်း မဲပေးခွင့် ကြုံပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျွန်မ ၅တန်းပဲ ရှိသေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ဘူး။ ဒီတကြိမ်တော့ အမိအရ မဲပေးချင်လွန်းလို့။ ဆာဘားကနေ ကွာလာလမ်ပူ၊ ကွာလာလမ်ပူကနေ ရန်ကုန်၊ လေယဉ်ခရီးစရိတ် အကုန်ခံပြီး မဲပြန်ပေးခဲ့ ပါတယ်။ ပထမအကြိမ် မဲစာရင်းမှာ ကျွန်မ နံမယ်မပါလို့ ပြန်လျှောက်ရတယ်။ ကိုယ်တိုင်လည်း မဲထည့်ရင်း၊ နီးစပ်ရာ ဆွေမျိုးတွေကို စည်းရုံးဖို့ စိတ်ကူးနဲ့ ပြန်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ ကျွန်မ ဆွေမျိုးတွေကို ဘာမှပြောစရာ မလိုဘူး၊ အမေစု ဘက်တော်သားတွေ ဖြစ်နေကြတယ်။ ကျေးလက်တောရွာက လူတွေအများစုဟာ ယုံကြည်အားကိုးရသော အစိုးရနဲ့ မကြုံဘူးတော့ အစိုးရကို မယုံချင်ကြဘူး။ ကိုယ်လုပ်မှ ကိုယ်စားရမယ်လို့ ယုံကြည်ကြတယ်။ နိုင်ငံရေးကို စိတ်မ၀င်းစား ကြဘူး။ ဒါပေမဲ့ ပြောင်းအလဲကို မြင်ချင်လို့ NLD ကို မဲပေးခဲ့ကြတယ်။ နားလည်တဲ့လူတွေက အမေစုနဲ့ အမေစုကို ၀န်းရံကြသူတွေကို ယုံကြည်လို့ မဲပေးကြတယ်။ 

ရွေးကောက်ပွဲမတိုင်မှီ ကာလတွေမှာ NLD အောင်နိုင်ရေးအတွက် အချိန်ကုန်ခံ၊ ဖုန်းဘေလ် အကုန်ခံပြီး၊ နီးစပ်ရာ အချင်းချင်း မဲဆွယ်ကြတယ်။ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျက်နှာကနေ ပညာပေးမဲဆွယ်ကြတယ်။ မြို့ပေါ်က အမြင်ကျယ်သူတွေက ရွာက အသိဆွေမျိုးတွေကို လှမ်းဆွယ်ကြတယ်။ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ အများစု ပြည်သူတွေရဲ့ နှလုံးသားကို ဖွင့်ပေးခဲ့ ကြတယ်။ ပြည်သူတွေကို အားကိုးပြီး နိုင်ငံရေးလုပ်တဲ့ အမေအိုကိုယ်တိုင် အပင်ပန်းခံပြီး၊ မြန်မာပြည်အနှံ့ နယ်လှည့်ပြီး ဟောပြောစည်းရုံး ခဲ့တယ်။ ဒါပေမဲ့ အချို့ရွာတွေမှာ မဲထည့်နည်း ပညာပေးမှု အားနည်းပါတယ်။ နုံခြာတဲ့ ရွာသားတွေ တံဆိပ်တုံးထုပြီး မဲပေးရတော့ ပယ်မဲဖြစ်သွားတာ အတော်များပါတယ်။ မဲထည့်ပုံထည့်နည်းကို တအိမ်ဝင် တအိမ်ထွက် လိုက်ပြပေးထားတဲ့ ကျွန်မတို့ ရွာမှာတောင် ပယ်မဲတွေ ရှိတယ်။ တချို့ရွာက မဲရုံတွေမှာ ကိုယ်စားတံဆိပ်တုံး ထုပေးလို့ ပြသနာတက်တာတွေ ရှိပါတယ်။

Monday, 26 October 2015

နံနက်ခင်းများကို ကျော်လွန်၍ ဘ၀နေမွန်းတည့်ချိန်ဝယ်




ငယ်ရွယ်နုပျိုတဲ့ ကလေးဘ၀၊ လူငယ်ဘ၀က နံနက်ခင်းလို လန်းဆန်းတဲ့ ဘ၀အစိတ်အပိုင်းဆိုရင်၊ လူလတ်ပိုင်းအရွယ်က ဘ၀ရဲ့ မွန်းတည့်ချိန် ဖြစ်ပါလိမ့်မယ်။ ငယ်ငယ်က အသက်လေးဆယ်မှာ ဘ၀ စတယ်ဆိုတာကို လက်မခံပေမဲ့ အသက်ကလေးရလာတော့ ဟုတ်သလိုလို။ အသက် ၃၅နှစ်ကျော်လို့ ၄၀ နားကပ်လာရင် လူ့သက်တမ်း တ၀က်ကျိုးပြီမို့ နေမွန်းတည့်ချိန် ၁၂ နာရီအချိန်ကို ချဉ်းကပ်လာပြီ။ ဒါမေမဲ့ ဘ၀ မစရသေး၊ စုန်လိုက် ဆန်လိုက်နဲ့ ဘယ်ကိုမှ ခရီးမရောက်သေးပဲ နေ့တ၀က်ကျိုးသွားကို သတိထားလိုက် မိပါတယ်။ ကုန်ဆုံးခဲ့တဲ့ ဘ၀မနက်ခင်းတွေကို ပြန်ကြည့်ရင်း၊ ကျန်တဲ့ နေ့တ၀က်ကို ဘယ်လို ရှေ့ဆက်မလဲ စဉ်းစားရင်း စာတပုဒ် ရေးလိုက်မိပါတယ်။

မိဘအရိပ်ခိုလုံခဲ့တဲ့ အချိန်တုန်းက ဘ၀ဟာ ဆောင်းနံနက်ခင်းတွေလို အေးချမ်းခဲ့ပါတယ်။ မိဘတွေ စားဝတ်နေရေး ကြပ်တည်းလို့ စိတ်ညစ်နေပေမဲ့ ကလေးပီပီ ပူပင်ရမှန်း မသိခဲ့ဘူး။ မနက်မိုးလင်းရင် လွယ်အိပ်ကိုလွယ် ထမင်းဗူးသယ်ပြီး ကျောင်းကိုသွားလို့ ကျောင်းနေပျော်ခဲ့တယ်။ ပညာလိုချင်တဲ့ သားသမီးတွေအတွက် အလုပ်သိပ်လုပ်တဲ့ လယ်သမား ကျွန်မတို့အဖေက လူတကာထက်ပိုပြီး ပင်ပန်းဆင်းရဲ ခံနိုင်ခဲ့ပါတယ်။ စည်းစနစ်ကျပြီး အိမ်ရှင်မကောင်း ပီသတဲ့အမေရဲ့ ထိန်းကွပ်မှုကြောင့် ကျွန်မ ကောင်းစွာလူလားမြောက်ခဲ့ ပါတယ်။ စီးပွားရေး အဆင်မပြေတဲ့ကြားက ကျွန်မကို သူနာပြု တက္ကသိုလ် ရောက်အောင်ပို့ခဲ့ ပါတယ်။ ၁၉၉၆-၂၀၀၀ တုန်းက ပညာသင်စရိတ်တွေ ခုလောက်မများပေမဲ့ လယ်သမားတယောက်အတွက် ကျွန်မရဲ့ ကျောင်းစရိတ်တွေဟာ ၀န်ပိစေပါတယ်။ သူများတိုင်းပြည်မှာလို ပညာသင် ထောက်ပံ့ကြေးတွေရရင် မိဘတွေ ၀န်ပိမှာမဟုတ်ဘူး။ သားသမီးတွေ ပညာရေးအတွက် အဖေ အလုပ်ကြိုးစားခဲ့ပေမဲ့ လုပ်ရင်းမြုပ်ရင်း၊ အကြွေးသံသရာလည် ခဲ့ပါတယ်။

ကျွန်မ ကျောင်းပြီးတဲ့ အချိန်မှာ ဘ၀ရဲ့ ဆောင်းနံနက်ခင်းတွေဟာ နွေလို့ပူတဲ့ ရာသီကို ပြောင်းလာခဲ့ ပါတယ်။ အိမ်မှာလည်း အဆင်မပြေ၊ အစိုးရ၀န်ထမ်းအလုပ်ကို ဖက်တွယ်မိရက်သား ဖြစ်နေတော့ လစာမလောက်လို့ အပြင်ဆေးခန်း ပြေးလုပ်ခဲ့ရတယ်။ ဒီအကြောင်းတွေကို အရင်ကရေးပြီးသားမို့ ထပ်မရေးတော့ဘူး။ ကိုယ်ရေးကိုယ်တာ အဆင်မပြေတဲ့ အကြောင်းတွေနဲ့ အစိုးရ၀န်ထမ်းဘ၀အပေါ် မကျေနပ်ချက်တွေ များလာတော့ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ် ခဲ့တယ်။ စင်္ကာပူသွားဖို့ ကြိုးစားခဲ့ပေမဲ့ မလေးရှားနဲ့ပဲ ရေစက်ပါခဲ့တယ်။ ရောက်စက တော်တော်လေး မပျော်ပေမဲ့ ကြာတော့လည်း နေသားကျသွား ပါတယ်။ အတိုးပေါ် အတက်ပေါက်နေတဲ့ အဖေ့ အကြွေးတွေကို ကျွန်မတို့ မောင်နှမ နှစ်ယောက် မလေးရှားမှာ နှစ်နဲ့ချီ အလုပ်လုပ်ပြီး ပြန်ဆပ်ခဲ့ ပါတယ်။ အရင်ကယူထားတဲ့ အကြွေး ၃ သိန်းက နှစ်ရှည်အတိုးတွေ တွက်လိုက်တဲ့အခါ ၁၀ သိန်းကျော် ဖြစ်သွားပါတယ်။ အတိုးမတွက်ပဲ အရင်းတိုင်းပဲ ပြန်ယူတဲ့ အကြွေးရှင်တွေ လည်းရှိပါတယ်။ သန့်ရှင်းတဲ့ လစာငွေနဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်တဲ့အတွက် ရွာပြန်တဲ့အခါ လူတွေအားလုံးကို ပြုံးပြနှုတ်ဆက် နိုင်ပါတယ်။

Monday, 27 July 2015

ရွှေပင်လယ်ကြီး ကာဆီးထားလို့…




ကျွန်မရဲ့ ဘ၀ရထား ဆိုက်ရောက်လာတဲ့ ဆာဘားပြည်နယ်ရဲ့ မြို့တော် ကိုတာကင်နာဘာလူးမြို့က နေ့စဉ်ဘ၀အကြောင်းကို ပြန်လည်မျှဝေ ချင်ပါတယ်။                                                         KK လို့အတိုကောက်ခေါ်တဲ့ Kota Kinabalu မြို့က ပင်လယ်ကြီး ပတ်လည်ဝိုင်းထားတဲ့ သာယာသောမြို့လေးမို့ ခရီးသွားဧည့်သည်တွေ ပျော်မွေ့တဲ့ မြို့လေးပါ။ ဘ၀ရထားပေါ်မှာ အဆင်ပြေသလို သွားနေတဲ့ ကျွန်မလည်း ဆားဘားရောက် ဧည့်သည့်ပါပဲ။ ဒီမြို့မှာ ပျော်နေတယ်လို့ မဆိုချင်သော်လည်း၊ နေပျော်တယ်တဲ့ နေရာလေးပါ။ 

ဆာဘားပြည်နယ်က တိုင်းရင်းသားလူမျိုးစုံ စုပေါင်းနေထိုင်တဲ့ ဒေသပါ။ ပို့ဆောင်ဆက်သွယ်ရေး စရိတ်ကြီးလို့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်စရိတ်တွေ ကွာလာလမ်ပူမှာထက် ပိုဈေးကြီးပါတယ်။ ပတ်ဝန်းကျင် စိမ်းစိမ်းစိုစို ရှိပြီး၊ ဆိတ်ငြိမ်တဲ့ မြို့လေးမို့ ကျွန်မ သဘောကျပါတယ်။ ကွာလာလမ်ပူမှာလို စိတ်မွန်းကြပ်စရာတွေ မရှိဘူး။ လေရှူလို့ကောင်းတယ်။ အသက်ရှုချောင် ပါတယ်။ ရာသီဥတုက ပူတဲ့အချိန် မတရားပူပြီး၊ မိုးရွာရင်လည်း မို့သက်လေပြင်း ကျလေ့ရှိပါတယ်။ ရာသီဥတု ကြည်လင်နေရင် ပင်လယ်ရေပြင်မှာ ယိမ်းကသလို ဟန်ချက်ညီတဲ့ လှိုင်းလုံးတွေကို မြင်ရတာ စိတ်ကြည်နူးစရာ ကောင်းပါတယ်။ မိုးသည်းလေထန်ရင် ဒေါသတကြီး ရိုက်ခတ်လာတဲ့ လှိုင်းလုံးကြီးတွေကို မြင်ရတာ ရင်သပ်ရှုမောစရာ။ ဧရာဝတီတိုင်းမှာ မြစ်ချောင်းအင်းအိုင်တွေနဲ့ပဲ ရင်းနှီးခဲ့တဲ့ ကျွန်မ အခု ပင်လယ်ကြီးနဲ့ နီးနီးကပ်ကပ် နေရတော့ ပင်လယ်ကြီးရဲ့ အလှနဲ့ အားမာန်ကို ခံစားသိခွင့်ရ ပါတယ်။

Tuesday, 2 June 2015

ရှေ့ဆောင်ကောင်းသော အမေ




မရိုးနိုင်တဲ့ အမေ့အကြောင်းကို အရင်က ရေးဖူးပေမဲ့ ထပ်ရေးချင်ပါတယ်။ လူတိုင်းအတွက် အမေဆိုတာ မိုးကောင်းကင်လို၊ မြင့်မိုရ်တောင်လို အံ့မခန်း ကြီးမြတ်သူတွေ ဖြစ်ပါတယ်။ မိခင်အရင်းအခြာ မဟုတ်သော်လည်း မိခင်နှင့်တူသော အမေများကို  ရံဖန်ရံခါ ကြုံရတွေ့ရတတ်ပါတယ်။ မိခင်တယောက်လို ကြင်နာညှာတာ တတ်သော ဆရာမများ၊ အလုပ်ရှင် အမျိုးသမီးများကို အမေလို (motherly) ချစ်ခင်တတ်သူလို့ တင်စားတတ်ကြ ပါတယ်။ ဒီအကြောင်းကို စဉ်းစားမိရင်း ရှေ့ဆောင်လမ်းပြကောင်းသော ကျွန်မရဲ့ မွေးမိခင်အကြောင်းနဲ့ မြန်မာပြည်ရဲ့ ဂန္ဓ၀င် မိခင်အကြာင်း ဆက်စပ်စဉ်းစားမိတာတွေကို ၀ါသနာအရ စာတပုဒ် ချရေးလိုက်ပါတယ်။

ကျွန်မတို့အမေက တောရွာက သာမန်အိမ်ရှင်မ တယောက်ဖြစ်ပေမဲ့ သားသမီးတွေကို ဆုံးမထိန်းကွပ်တဲ့ နေရာမှာ ပညာတတ်မိန်းမတွေထက် မညံ့ခဲ့တာကို ကျွန်မအမြဲ ဂုဏ်ယူမိပါတယ်။ အမေက ရှေးဆန်သော အဖွားရဲ့ အုပ်ထိန်းမှု အောက်မှာ ကြီးပြင်းခဲ့တာမို့ အတွေးအခေါ်က ရှေးဆန်တယ်။ ဘီးစပတ်နဲ့ လည်ပင်းအလုံးကွပ် ရင်ဖုံးအင်္ကျီ အမြဲဝတ်တဲ့ ကျွန်မတို့အမေက ခေတ်မမှီဘူးလို့တော့ ဆိုနိုင်ပါတယ်။ အမေ့ရဲ့ လွှမ်းမိုးမှုကြောင့် ထင်ပါတယ်။ ကျွန်မလည်း တခါတလေ အဘွားကြီးဆန်ဆန် တွေးတတ်ပါတယ်။ သိမ်းထုတ်သေချာ ဆိုတဲ့စကားအတိုင်း ပစ္စည်းကို စနစ်တကျကိုင်တွယ် သိမ်းဆည်းတတ်တဲ့ အမေ့ရဲ့အကျင့်ကို ငယ်ငယ်က မသိစိတ်ထဲကနေ သင်ယူခဲ့မိတာကို ကြီးလာမှ သတိထားမိပါတယ်။ ကိုယ်အားကိုယ်ကိုး စိတ်ရှိအောင် လေ့ကျင့်ပေးခဲ့တာတွေ၊ မချမ်းသာပေမဲ့ ပေးကမ်း ရက်ရောတတ်အောင် ရှေ့ဆောင်လမ်းပြခဲ့တာတွေကို ပြန်တွေးမိတိုင်း အမေ့ကို လွမ်းမိပါတယ်။

ကျွန်မ ငယ်ငယ်က သိပ်ပြီးလိမ္မာရိုကျိုးတဲ့ ကလေးတယောက် မဟုတ်ခဲ့ဘူး။ နဲနဲစွာချင်တယ်။ ခိုင်းရင် မလုပ်ချင်ဘူး။ ကျောင်းစာကလွဲရင် ကျန်တာတွေလုပ်ဖို့ သိပ်ပျင်းပါတယ်။ ဒါပေမဲ့ အမေ့ကိုတော့ ကြောက်ရပါတယ်။ သားသမီးတွေကို အလိုမလိုက်တဲ့ အမေ့ကို ကြီးလာမှ ကျေးဇူးတင်ရမှန်း သိလာပါတယ်။ နွေရာသီကျောင်းပိတ်ရက် တခုမှာ ကျွန်မ နေကုန်နေခန်း ထမင်းပြန်မစားပဲ သူများအိမ်မှာ သွားနေပြီးဆော့ကစားမိလို့ ကောင်းကောင်း အရိုက်ခံရပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အမှတ်သညာကောင်း ရှိခဲ့တယ်လို့ ဆိုရပါမယ်။ အရိုက်ခံရပြီးတဲ့ နောက်ပိုင်း ကျွန်မ ကစားချိန်တန်ကစားပြီး၊ ပြန်ချိန်တန်ရင် အိမ်ကိုပြန်ပါတယ်။ 

ကျွန်မ သစ်ပင်ပေါ်တက်လို့ အရိုက်ခံရတာ လည်းရှိသေးတယ်။ ရွာမှာ နွေရာသီဆို သစ်ပင်တွေ ခုတ်လှဲပြီး ထင်းခွဲကြပါတယ်။ ခုချန်ထိ ကျွန်မတို့ရွာမှာ ထင်းမီးနဲ့ ထမင်းချက်တုန်းပါ။ ကိုယ်ပိုင်သစ်ပင် မရှိတဲ့သူတွေက ထင်းချောက်ကိုင်းတွေ လိုက်စုကြပါတယ်။ တချို့က အပင်ပေါ်က ပြုတ်ကျတဲ့ သစ်ကိုင်းချောက်တွေကို လိုက်ကောက်ပြီး စုပါတယ်။ အချို့က အပင်ပေါ်တက်ပြီး၊ သစ်ကိုင်းချောက်တွေကို ချိုးယူကြပါတယ်။ အတုမြင် အတတ်သင်လို့ ဆိုရမလား။ ကျွန်မ ဘယ်က ဘယ်လိုစိတ်ကူး ရမှန်းမသိ အိမ်ရှေ့က မန်ကျည်းပင်ပေါ်တက်ပြီး၊ မန်ကျည်းကိုင်း အချောက်တွေ ချွေချ၊ ထင်းချောင်းတွေ စုမိပါတယ်။ ဒါကို အမေက ချက်ချင်းမြင်ပါတယ်။ အပင်ပေါ်က ပြန်ဆင်းလာဖို့ အမေက အေးအေးဆေးဆေး ပဲခေါ်ပါတယ်။ တုတ်ကိုင်ပြီး ခေါ်ရင် ကြောက်အားလန့်အားနဲ့ အပင်ပေါ်က ပြုတ်ကျမှာ စိုးလို့ပါ။ အပင်အောက်ကို ရောက်တော့ အရိုက်ခံရပါတယ်။ အဲဒီနောက်ပိုင်း ခုချိန်ထိ ကျွန်မ သစ်ပင်ပေါ် မတက်တော့ဘူး။

ရွာက ကျွန်မတို့ အိမ်ရှေ့မှာ မျှော့ပေါတဲ့ ချောင်းဦးတိုလေးရှိ ပါတယ်။ မျှော့ဆိုတဲ့ သတ္တ၀ါက အမျိုးသမီး လမ်းကြောင်းထဲကို ၀င်သွားရင် ပြန်မထွက်လာတော့ဘူး၊ လူကိုယ်ထဲမှာ သွေးစုပ်ပြီး မျိုးပွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အမေက ကျွန်မကို ချောင်းထဲဆင်းပြီး ရေမကူးဖို့ တားမြစ်ပါတယ်။ ကျွန်မ မျှော့ကို သိပ်ကြောက်ပါတယ်၊ အမေ့ရိုက်မှာကိုလည်း ကြောက်ပါတယ်။ ဒါပေမဲ့ အမေလစ်ရင် ကျွန်မ ရေဆင်းကူး ပါတယ်။ ရေမြင်ရင် ကူးချင်တယ်၊ တောင်ကိုမြင်ရင် တက်ချင်တယ်။ သဘာဝတရားကို မြတ်နိုးတဲ့ ကျွန်မရဲ့ ပင်ကိုယ်ဗီဇကို ကြောက်ခြင်းဆိုတဲ့အရာက မတားဆီးနိုင်တာကို ပြန်တွေးကြည့်မိတိုင်း ကိုယ်ဘာသာ သဘောကျမိပါတယ်။ အမေကတော့ သူပြင်လို့မရတဲ့ ကျွန်မရဲ့ ဗီဇအချို့ကို လက်လျှော့ ထားရပါတယ်။ 

Monday, 1 December 2014

ဌာနေသို့ တခေါက်တခါ



ကျွန်မ၏ နေရပ်ဌာနီသို့ တခေါက်ပြန်ရောက်ခဲ့တဲ့ အကြောင်းတွေကို မိုးမခကို ပြန်ပြီးဖောက်သယ် ချချင်ပါတယ်။ အရင်ဆောင်းပါးတွေမှာ ကျွန်မတို့ ရွာအကြောင်း ရေးဖူးပါတယ်။ ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ရွာ ဖြစ်ပါတယ်။ ဗမာလူမျိုး အများဆုံးနေထိုင်ပြီး၊ ကရင်အိမ်ခြေ (၅၀)နဲ့ မွတ်စလင်အိမ်ခြေ(၂၀) လောက်ရှိတဲ့ ရွာပါ။ စံပြကျေးရွာလို့ သတ်မှတ်ထားတဲ့ ကျွန်မတို့ရွာမှာ (၉၆၉)အဖွဲ့လည်း ခိုင်ခိုင်မာမာ ရှိနေပြီဖြစ်ပါတယ်။  
 
ရွာမှာ တပတ်လောက်နေတဲ့ အချိန်လေးမှာ ဆွေးမျိုးတွေဆီ အိမ်လည်ရတာနဲ့ မအားလပ်နိုင်ပါ။ အခါတလေမှ ပြန်တာဆိုတော့ ဟိုအိမ်က ထမင်းခေါ်ကျွေးလိုက် ဒီအိမ်က ထမင်းခေါ်ကျွေးလိုက်နဲ့ ဟင်းကောင်းလည်း စားခဲ့ရပါတယ်။ နိုဝင်ဘာလ ဆောင်းလေအေးဝင်စဖြစ်ပြီး၊ ဆောင်းရနံ့တွေ ရတာကို သဘောကျပါတယ်။ အချိန်အခါမဟုတ် မိုးတွေရွာလို့ စပါးနဲ့ ပဲတွေ လေးလွင့်ပျက်စီးရလို့ ရွာကလူတွေ စိတ်ပျက်စွာ ညည်းညူကြပါတယ်။ ရွာသီဥတု ဖောက်ပြန်ခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ဒဏ်ကို လှိမ့်နေအောင် ခံကြရတာ တောင်သူလယ်သမားတွေ။ အခုဆိုရွာတွေမှာ အလုပ်သမားတွေ ရှားသွားလို့ အလုပ်တွေ နှောင့်နှေးကြ ပါတယ်။ ရွာက လူတွေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်တွေမှာ အလုပ်သွားကြတယ်။ ရွာမှာ ကျန်ခဲ့တဲ့ လူတွေက အလုပ်ကြမ်းမလုပ်ကြသူတွေ။ နှစ်လုံးထီ၊ သုံးလုံးထီဖြတ်ရောင်းပြီး သက်တောင့် သက်သာနေကြသူတွေ ဖြစ်ပါတယ်။ ဘွဲ့ရစာတတ်သူတွေပေါတဲ့ ကျွန်မတို့ရွာမှာ အရက်သမားနဲ့ လောင်းကစားတွေလည်း ပေါပါတယ်။

Tuesday, 21 October 2014

ဒိုင်းခင်ခင်ကို ခံစားကြည့်ခြင်း




ငယ်ငယ်က မောင်ဖေငယ်လို အချစ်မျိုး ဆိုတဲ့သီချင်းကို နားရည်ဝခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်းခင်ခင်ရဲ့ ဘ၀ရာဇ၀င် ဇာတ်လမ်းကို ကျွန်မ စိတ်မ၀င်စားခဲ့ပါ။ ဆရာမ စိမ့်(ပညာရေး) ရဲ့ ဒိုင်းခင်ခင် ၀တ္ထုကို ဖတ်လိုက်ရတော့ ဒိုင်းခင်ခင်ရဲ့ ဘ၀ရာဇ၀င်က ကျွန်မ နှလုံးသားမှာ စွဲကျန်နေခဲ့ပါတယ်။ ဇာတ်က သိပ်နာလွန်းပြီး၊ စာရေးသူရဲ့ အဖွဲ့အနွဲ့ ကောင်းတွေကြောင့်၊ စာဖတ်ရင်း မျက်ရည်ကျရပါတယ်။ သတိ သံဝေဂတွေလည်း တော်တော်ရလိုက်ပါတယ်။ အချိန်ရရင် ဒိုင်းခင်ခင်နဲ့ ပတ်သက်လို့ ကျွန်မ ခံစားမိတာ၊ စဉ်းစားဆင်ခြင် မိတာတွေကို စာတပုဒ်ရေးဖို့ စိတ်ကူးရှိခဲ့တာကို အကောင်အထည်ဖော် ရေးလိုက်ပါတယ်။
ကျွန်မက စာအုပ်ကောင်းတွေ ဖတ်ရရင် သူငယ်ချင်း မိတ်ဆွေတွေကို ပေးဖတ်လေ့ရှိပါတယ်။ ဒိုင်းခင်ခင် ၀တ္ထုကို ဖတ်ရတဲ့လူတိုင်းက ဒိုင်းခင်ခင်ဘက်ကနေ နာကျင်ခံစား ကြပါတယ်။ သီပေါမင်းက ဘုရင်ဖြစ်ပြီး၊ ယောက်ျားမပီသဘူးလို့ မှတ်ချက်ချကြပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း စဉ်းစာဥာဏ်နည်းသော ကတိသစ္စာ မတည်သော သီပေါဘုရင်ကို  အထင်ကြီးလေးစားလို့ မရပါ။ မိဖုရားမြောက်မယ်လို့ အလွယ်တကူ ကတိပေးပြီး၊ အရိုးခံ မိန်းမပျိုလေးကို အနိုင်ယူသိမ်းပိုက်တယ်။ ဘုရင်မို့ မငြင်းဆန်ရဲတာကို အခွင့်ကောင်းယူတယ်။ ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင် ဘုရင်စနှစ်မှာ မိန်းမလှ ဖြစ်ရတဲ့ ဘ၀က မသက်သာပါလားလို့ တွေးမိပါတယ်။ လှပချောမောတဲ့ ဒိုင်းခင်ခင်ကို စွဲလန်းနှစ်သက်မိတဲ့ သီပေါမင်းရဲ့ ချစ်ခြင်းဟာ ရယူလိုစိတ် တခုကိုသာသိတဲ့ ချစ်ခြင်း၊ တာဝန်ယူမှုကင်းသော ချစ်ခြင်း။ ရယူလိုမှုဆန္ဒကို ရှေ့တန်းတင်ပြီး၊ အမျိုးကောင်းသမီးတွေကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အသိမရှိခြင်း သာဖြစ်ပါတယ်။
ရက်စက်လွန်းတဲ့ စုဖုရားလတ်ကိုတော့ သီပေါမင်းအပေါ် အချစ်ကြီးတာလို့ ကျွန်မ မမြင်ပါဘူး။ အတ္တသိပ်ကြီးတာ လို့ပဲမြင်ပါတယ်။  မုန့်ကိုသာဝေစားနိုင်မယ်၊ အချစ်ကို ဝေမစားနိုင်ဘူးဆိုတာကို ကျွန်မ နားလည်လို့ ရတယ်။ တလင်တမယားစနှစ်ကို ကျင့်သုံးချင်တာကိုလည်း ကျွန်မလက်ခံပါတယ်။ ဒါပေမဲ့ မိန်းမသားချင်း စာနာစိတ်ကင်းမဲ့တဲ့ စုဖုရားလတ်ရဲ့ စရိုက်၊ အမအရင်းခေါက်ခေါက် အပေါ်လည်း ညှာတာစိတ်မရှိတဲ့ စရိုက်ကို စက်ဆုပ်မိပါတယ်။ ဥာဏ်ပညာနဲ့ ဆင်ခြင်နိုင်စွမ်းမရှိပဲ  နန်းတွင်းရေး တိုင်ပြည်အရေးမှာ ၀င်စွက်ဖက်ပြီး၊ အရာရာတိုင်းမှာ အတ္တကိုရှေ့တန်းတင် စဉ်းစားဆုံးဖြတ်ခဲ့တဲ့အတွက် မြန်မာ့သမိုင်းနဲ့ စုဖုရားလတ်ရဲ့ ရာဇ၀င်က အကျည်းတန်ခဲ့ ပါတယ်။
မြေနိမ်ရာ လှံစိုက်ကြတဲ့ အသိုက်အ၀န်းမှာ အမျိုးကောင်းသမီး ဒိုင်းခင်ခင်ရဲ့ဘ၀ မရှုမလှ ကြွေပျက်ခဲ့ရတာ ရင်နင့်စရာကောင်း ပါတယ်။ ဒိုင်းခင်ခင်က မိဖုရား ဖြစ်ရမယ်ဆိုတဲ့ သီပေါဘုရင်ရဲ့ ကတိစကားအပေါ် သာယာတပ်မက်သွားတယ်လို့ စာဖတ်သူတဦးက ကောက်ချက်ချပါတယ်။ အဲဒီခေတ်အခါက မိန်းမသားတွေ မိဖုရားဘ၀ကို မက်မောကြတာ မဆန်းဘူးလို့ပဲ ဆိုရမှာပါ။ နန်းတွင်းသူဘ၀ကို အလိုမတူပဲ အကြောက်တရားကြောင့် လက်ခံခဲ့ရတယ်။ သီပေါမင်း ခြေတော်တင်တာကို မငြင်းရဲလို့ လိုက်လျောခဲ့ရာက သီပေါမင်းကို ချစ်ကြိုက်စွဲလန်းသွားတယ်။ နောက်ဆုံး ပြန်ရလိုက်တဲ့ အချစ်ဆုလာဒ်က စုဖုရားလတ်ရဲ့ အမျက်တော်ရှမှုကြောင့် မာယာပရိယာယ် ထောင်ချောက်ထဲက ရာဇဒါဏ်။ တနွယ်ငင် တစင်ပါ၊ အပြစ်မဲ့တဲ့ မိဘနှစ်ပါးလည်း သေဒါဏ်ရခဲ့တယ်။ ပါးစပ်ထဲကလာတဲ့ ဥပဒေနဲ့ စီရင်ချက်ချတဲ့ ရှင်ဘုရင်တွေခေတ်က အစဉ်အလာတွေကို ကျွန်မ ကြောက်ရွံ့ တုန်လှုပ်မိပါတယ်။
ချစ်သူကောင်းစားရေးကို ဦးစားပေးတဲ့ တောင်သမန်လယ်စား မောင်ဖေငယ်ကိုတော့ စာပေသမားမို့ လေးစားစိတ်ဖြစ်မိသလို

Friday, 12 September 2014

မလေးရှားလူငယ်များနှင့် ပညာရေးအခွင့်အလမ်း

လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်ပဲဆိုတာကို အစိုးရတိုင်း နားလည်မယ်ထင်ပါတယ်။ လူငယ်တွေရဲ့ ဘ၀ကို ပညာနဲ့မြှင့်တင်ပေးရမယ် ဆိုတာကိုလည်း မြန်မာပြည်အစိုးရ  အပါအ၀င် တိုင်းပြည်ခေါင်းဆောင် မှန်သမျှ သိကြပြီသားပါ။ ဒါပေမဲ့ တိုင်းပြည်အပေါ် တကယ်စေတနာရှိတဲ့ ခေါင်းဆောင်းတွေသာ  လူငယ်တွေ အညွှန့်တလူလူနဲ့ ပညာရဲရင့် ပွဲလယ်တင့်အောင် မြေဆီကြွေး ရေလောင်းပေး ကြပါတယ်။ လက်ရှိမြန်မာပြည် ပညာရေး အခြေအနေကြည့်ရင် အမျိုးကိုအင်မတန်ချစ်သော လူကြီးမင်းများရဲ့ စေတနာကို ထင်ထင်ရှားရှား မြင်ရပါတယ်။

တိုးတက်တဲ့ အနောက်နိုင်ငံတွေနဲ့ မယှဉ်ပဲ မလေးရှားနိုင်ငံနဲ့ ယှဉ်လိုက်ရင်တောင် မြန်မာပြည် ပညာရေးက အများကြီး နောက်ကျကျန်နေပြီ။ ယခုလက်ရှိ မလေးရှားစိုးရ လက်ထက်မှာ တရားဥပဒေ စိုးမိုးမှု အားနည်းနေပြီး၊ လူမျိုးဘာသာခွဲခြားမှုနဲ့ နိုင်ငံရေးမှာ ခြစားမှုတွေ ရှိနေပေမဲ့၊ အစိုးရက တိုင်းပြည်အပေါ် စေတနာ ရှိနေတာကို တွေ့ရပါတယ်။ အစိုးရသည် ပြည်သူလူထုအကျိုးကို
 ဆောင်ရွက်ရမယ် ဆိုတဲ့စိတ်ဓာတ်  ရှိတာကိုလည်းတွေ့ ရပါတယ်။ တိုင်းပြည် အနာဂတ်   ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ လူငယ်တွေကို ပညာပြည့်ဝအောင် ထောက်ပံ့ပေးထားပါတယ်။ ယခုလက်ရှိ အခြေအနေမှာ မလေးရှားလူငယ်တွေရဲ့ ပညာရေးနဲ့  အခွင့်အလမ်းတွေကို ကျွန်မ သိမြင်မိသလောက် တင်ပြလိုပါတယ်။

မလေးရှားမှာ ကျောင်းနေအရွယ် ကလေးကိုးဆယ် ရာခိုင်နှုန်းကျော် စာသင်ကျောင်းကို ရောက်ကြပါတယ်။ ၂၀၁၂ခုနှစ် စာရင်းအရ မလေးရှားနိုင်ငံ စာတတ်မြောက်သူဦးရေး (၉၃) ရာခိုင်နှုန်းကျော် ရှိတယ်လို့ မလေးရှားအစိုးရက တရားဝင် ထုတ်ပြန်ကြေညာထား ပါတယ်။ ဝေးလံခေါင်ပါးတဲ့ တောရွာတွေက ဆင်းရဲတဲ့ လူအနည်းစုဟာ သူတို့သားသမီးတွေကို ကျောင်းမပို့နိုင်ကြဖူးလို့ ဆိုပါတယ်။ မြို့ပေါ်မှာတော့ ကလေးတိုင်းကျောင်းတက် ရပါတယ်။ မိဘကကျောင်းမထားပေးနိုင်တဲ့ ကလေးတွေနဲ့ မိဘမဲ့ကလေးတွေကို လူမှုရေးအဖွဲ့အစည်းတွေက စောင့်ရှောက်ပြီး ပညာသင်ပေးပါတယ်။ မလေးရှားမှာ သူတို့နိုင်ငံသား စစ်စစ်ထဲက ကလေးအလုပ်သမား မရှိပါ။ တရားမ၀င် ရောက်လာတဲ့ နိုင်ငံခြားသား ကလေးအလုပ်သမား တော့ရှိတယ်လို့ ဆိုပါတယ်။

Friday, 11 July 2014

ကွာလာလမ်ပူတခွင် ခရီးနှင်



 သွားပါများ ခရီးရောက်ဆိုသလို နိုင်ငံအနှံ့ကို ကျွန်မ မရောက်ပေမဲ့ မလေးရှားရောက် မြန်မာမိန်းကလေးတစ်ယောက် ကွာလာလမ်ပူမှာ ကျက်စားနေထိုင်ရင်း တွေ့ရတာတွေကို စမြုံ့ပြန်ပြောပြချင် ပါတယ်။ ရောက်တဲ့အရပ်မှာ ကျွန်မ ပျော်အောင်မနေတတ်ပေမဲ့ တွေ့တဲ့လူနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရင်း ကွာလမ်ပူမှာ တော်တော်လေးကို နေသားကျနေပါပြီ။ မလေးရှားရောက် မြန်မာတွေကို အရောင်အမျိုးမျိုး ပြောင်းပေးတဲ့မြို့။ ကဗျာဆရာတွေအတွက် ရေးစရာမကုန်နိုင်တဲ့မြို့။ ဒီမြို့မှာ ကျွန်မ နေခဲ့တာ ငါးနှစ်ပြည့်တော့မယ်။ ကွာလာလမ်ပူကို မရောက်ခင်က စရင်ဘန်း (Seremban) မြို့လေးမှာ နှစ်နှစ်လုပ်ခဲ့တာ ပေါင်းလိုက်ရင် မလေးရှားမှာ  ကျင်လည်နေတာ(၇)နှစ်ရှိပြီ။
 
 အသက်အန္တရာယ် လုံခြုံမှုမရှိတဲ့ မလေးရှားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာတွေ ကျီးလန့်တွေလို ထိတ်ထိတ်လန့်လန့်နဲ့ သွားလာနေ ရပါတယ်။ ကွာလာလမ်ပူကို ရန်ကုန်လိုသဘောထားပြီး သွားလာနေတဲ့ ကျွန်မ လူတိုင်းနီးပါးကြုံဖူးတဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ကျွန်မရုံးခန်းမှာ Laptopနဲ့ လက်ကိုင်ဖုန်း အသစ်စက်စက်ကလေး အခိုးခံခဲ့ရတယ်။ မကြာသေးခင်ကပဲ ညနေအိမ်အပြန်လမ်းမှာ Laptop တစ်လုံး ထပ်ပြီးအလုခံလိုက်ရပါတယ်။ သမင်မွေးလိုက် ကျားစားလိုက်ဆိုတဲ့ စကားပုံက မလေးရှားမှာ ငွေလာရှာတဲ့ မြန်မာတွေအတွက် ရည်ရွယ်ခဲ့ဟန်တူပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက မြန်မာမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ မနက်စောစော အလုပ်သွားတဲ့လမ်းမှာ အိတ်ကိုလုတာ၊ ကောင်မလေးက လွတ်မပေးပဲ ပြန်လုလို့ လည်းပင်းကို ဓားနဲ့ထိုးသွားတာ ပွဲချင်းပြီး ဆုံးသွားပါတယ်။ မလေးရှားမှာ ဒီလို အဖြစ်ဆိုးတွေ မရေနိုင်မတွက်နိုင်။ 

ရာဇ၀တ်မှုတွေပေါပေမဲ့ စီးပွားရေးအခြေအနေ ကောင်းတဲ့ မလေးရှားမှာ လုပ်သက်ဆယ်နှစ်ကျော်လောက်ရှိတဲ့ လူလတ်ပိုင်းတွေ အားလုံးနီးပါး ကားစီးနိုင်ကြပါတယ်။ ကား၊ ရထားတွေ အချိန်မမှန်တာကြောင့်ရယ်၊ လမ်းလျှောက်ရင် လုံခြုံမှုမရှိတာရယ်ကြောင့် တတ်နိုင်တဲ့လူတိုင်း ကိုယ်ပိုင်ကားမောင်းပြီး အလုပ်သွားကြပါတယ်။ မနက်ရုံးသွားချိန်နဲ့ ညနေရုံးပြန်ချိန်တွေဆို ယာဉ်ကြောတွေပိတ်ပြီး ခရီးသွားရတာ အချိန်တွေ အလွန်ကြန့်ကြာပါတယ်။ ကိုယ်ပိုင်ကား မရှိတဲ့ကျွန်မကတော့ ကားမှတ်တိုင်ကို လမ်းလျှောက်၊ ရထားဘူတာကို ကားစီးသွား၊ ဆင်းတဲ့ရထားဘူတာကနေ ကားပြန်စီး၊ လမ်းလျှောက်ရတာ အချိန်ကုန်လူပင်ပန်းပြီး စိတ်ပျက်စရာတွေ မကြာခဏ ကြုံရပါတယ်။ ကားခပေးဖို့ အကြွေမဆောင်ခဲ့မိရင်တော့ ရန်ကုန်မှာလိုပဲ စပယ်ယာ ငေါက်တာခံရပါတယ်။ တခါတလေ ခရီးသယ်နဲ့ စပယ်ယာ ရန်ဖြစ်ကြတာကိုမြင်ရင် ရန်ကုန်ကို သတိရလို့ ကျွန်မ ပြုံးမိပါတယ်။ ရန်ကုန်မှာတုန်းက လိုင်းကားတိုးစီးရတဲ့ ဒုက္ခကို မမေ့သေးဘူး။

စိတ်မွန်းကြပ်စရာကောင်းတဲ့ ကွာလာလမ်ပူုမြို့မှာ မနက်စောစောလေကို ရှူပြီး လမ်းလျှောက်ရတာ စိတ်ကိုကြည်လင် စေပါတယ်။ လေ့ကျင့်ခန်းလည်းဖြစ်၊ ပတ်ဝန်းကျင်နဲ့လည်း ရင်းရင်းနှီးနှီးထိတွေ့ခွင့်ရတာမို့ လမ်းလျှောက်ရတာကို ကျွန်မသဘောကျ ပါတယ်။ ကျွန်မ ဘယ်လောက်ထိလမ်းလျှောက်လဲဆို ပေါချောင်ကောင်း ဖိနပ်ဝယ်ရင် တစ်လထက်ပိုမစီးရဘူး။ အကောင်းစားဖိနပ်ဝယ်ရင် သုံးလထက်ပိုမစီးပါ။ ဒါပေမဲ့ အလုခံရပြီးတဲ့ နောက်ပိုင်းမှာတော့ လမ်းလျှောက်ရမှာကို လန့်သွားပြီမို့ အပြင်ထွက်ရမဲ့ ကိစ္စဆို တတ်နိုင်သလေက် ရှောင်နေလိုက်ပါတယ်။ စိတ်လုံခြုံမှု မရှိတော့ပဲ ခြေထောက်တွေ မရှိတော့သလို ခံစားရပါတယ်။ ဆိုင်ကယ်သမားမြင်ရင် သံသယနဲ့ ထိတ်လန့်နေရ အဖြစ်၊ လူတွေအပေါ် ယုံကြည်မှုကင်းမဲ့ နေရတဲ့အဖြစ်က အရိုးခံတောင်သူလယ်သမား၊ ရွာသားတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မအတွက် စိတ်ဒုက္ခဖြစ်ပါတယ်။ 

Wednesday, 25 December 2013

ကျင့်ဝတ်ညီစေ







ကျင့်ဝတ် (Ethics) ဆိုသည်မှာ လူ့အဖွဲ့အစည်းက လက်ခံသတ်မှတ်ထားသော အကျင့်စာရိတ္တကောင်းများ သို့မဟုတ် အပြစ်ကင်းသော အမူအကျင့်များ ဖြစ်သည်။ မိမိအပြုအမူကြောင့် တစ်စုံတစ်ယောက် ထိခိုက်နစ်နာမှု မရှိအောင် ရှောင်ကြည်ခြင်းသည် ကျင့်ဝတ်များကို စောင့်ထိန်းခြင်းဖြစ်သည်။  လူတစ်ဦးစီတိုင်း၊ အဖွဲ့အစည်းတိုင်း လိုက်နာကျင့်သုံးရမည့် အခြေခံ ကျင့်ဝတ်ဆိုင်ရာ နိယာမများ (Ethical principles) မှာ ကောင်းကျိုးဖြစ်စေခြင်း (Beneficience)၊ ဆိုးကျိုးနည်းနိုင်သမျှနည်းစေခြင်း (Least harms/nonmaleficence) နှင့် တရားမျှတ လွတ်လပ်ခွင့်ကို လေးစားလိုက်နာခြင်း (Respect for automony and justice) တို့ဖြစ်သည်။ လူပီသသော လူတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်သူမှန်လျှင် လူ့ကျင့်ဝတ်စည်းကမ်းများကို လိုက်နာကြ ပါသည်။ ပညာရှင်အဖြစ် ရပ်တည်သူများသည် မိမိတို့၏ အတတ်၊ပညာ အဆင့်အတန်းကို ကျင့်ဝတ်လိုက်နာခြင်းဟူသော စံချိန်ဖြင့် တိုင်းတာရပေမည်။

ကောင်းကျိုးကို ဖြစ်စေခြင်းဆိုသည့် နိယာမအရ နေ့စဉ်ဘ၀ကိုဖြတ်ကျော်ရင်း ပြုသမျှကာယကံမှု၊ ပြောသမျှ ၀စီကံမှုနဲ့ ကြံစည်သမျှ မနောကံစိတ်ကူးများသည် ကောင်းကျိုးကိုသာ ရှေးရှုဦးတည်ရပါမည်။ မိခင်သည် သားသမီးများ၏ ကောင်းကျိုးကိုသာ ကြံစည်ဆောင်ရွက် သကဲ့သို့ ကျွန်မတို့တတွေ လူသားအားလုံးအပေါ် စေတနာ မေတ္တာစိတ်ထားပြီး ကောင်းကျိုးဖြစ်စေသော အမှုကို အမြဲဆောင်ရွက် ရပေမည်။ ကောင်းမှုမှန်သမျှ အကုန်လုပ်ရပါမည်။ မကောင်းမှု မှန်သမျှကို ရှောင်ကြည်ပါလျှင် ဆိုးကျိုးနည်းနိုင်သမျှ နည်းစေခြင်း ဟူသော နိယာမကို လိုက်နာခြင်း ဖြစ်လေသည်။ မိမိအကျိုးစီးပွားအတွက် သူတပါး ဆုံးရှုံးနစ်နာမှု မရှိအောင် သတိထားရှောင်ကြဉ် အပ်ပေသည်။ သူလည်းချမ်းသာ ကိုယ်လည်းရွှင်လန်း ၀မ်းမြောက်ရသည့် သူနိုင်ကိုယ်နိုင် (Win-win situation) ဖြစ်အောင် အမြဲစဉ်းစား ဆောင်ရွက်သင့်သည်။ 

Friday, 22 November 2013

အမျိုးသမီးများ လောကကိုအလှဆင်နိုင်ဖို့




မိသားစုတစုမှာ အရေးကြီးဆုံးလူဖြစ်တဲ့ မိခင် သို့မဟုတ် အိမ်ရှင်မတွေရဲ့ တန်ဖိုးကို လူတိုင်းနားလည်ကြ ပါတယ်။ မိခင်ကောင်းတွေက သားကောင်းရတနာတွေ မွေးထုတ်ပေးကြတယ်။ အိမ်ရှင်မကောင်းတွေကြောင့် အမျိုးသားများ အောင်မြင်သော ဘ၀ကိုရနိုင်ကြ ပါတယ်။ ငြိမ်းချမ်းသာယာသော လူ့ဘောင်ကို တည်ဆောက်ရာမှာလည်း အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီး ပါတယ်။
ကျွန်မ ငယ်ငယ်တုန်းက မိန်းကလေးဖြစ်ရတဲ့ ဘ၀ကို သိပ်သဘောမကျ ခဲ့ ပါဘူး။ အကိုမောင်တွေလို လွတ်လွတ်လပ်လပ် နေလို့ရတဲ့ ယောင်္ကျားဘ၀ကို ပိုသဘောကျခဲ့ ပါတယ်။ မှီးကောင်ပေါက် အရွယ်ရောက်လာတော့ စိတ်ရူးပေါက်ပြီး၊ ယောင်္ကျားလေးလို နေချင်စိတ်ဖြစ်မိ ပါသေးတယ်။ အဲဒီအချိန်တုန်းက စိုးမြတ်သူဇာတို့၊ လင်းဇာနည်ဇော်တို့ ထမိန်တိုတို ရှပ်အင်္ကျီ၊ တီရှပ်တွေဝတ်ပြီး၊ ဗွီဒီယိုရိုက် ပြက္ခဒိန်ထုတ်တာ ခေတ်စားနေတဲ့ အချိန်ပါ။ ကျွန်မလည်း ယောက်ျားဝတ် ရှပ်အင်္ကျီဝတ်ချင်တာ၊ အမေက မ၀ယ်ပေးလို့ အကိုတွေဆီမှာ တောင်းဝတ်ရပါတယ်။ ရှပ်အင်္ကျီ ဖိုးယိုဖားယားနဲ့ လျှောက်သွားနေတဲ့ ကျွန်မကို အမေနဲ့ အဖေ တော်တော် မျက်စိစပါးမွှေး စူးခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မအဖြစ်နေပုံက တော်တော်ရယ်စရာကောင်း ပါတယ်။ 
မှီးကောင်ပေါက်အရွယ်ကိုကျော်လို့ တည်ငြိမ်သွား တဲ့အချိန်ရောက်တော့ ဘိုင်းကောင်းကျောက်ဖိ မဟုတ်သော်လည်း ဣနြေ္ဒသိက္ခာရှိရှိ နေတတ်ခဲ့ပါတယ်။ အမေ့ကျေးဇူးကြောင့် မိန်းမသားများ စောင့်စည်းအပ်သော ကျင့်ဝတ် သိက္ခာတွေကို ခိုင်ခိုင်မြဲမြဲ စောင့်ထိန်းနိုင်ခဲ့ ပါတယ်။ ချစ်ခြင်းမေတ္တာတွေအကြောင်းကို သိနားလည်တတ်တဲ့ အချိန်ရောက်တော့ မေတ္တာစိတ်ကြီးသော မိန်းမသားဖြစ်ရတာကို ကျေနပ်လာခဲ့ ပါတယ်။  မိဘညီအကိုမောင်ညီမများ၊ သားသမီးနဲ့ ချစ်သူလင်သားအပေါ် ထားရှိတဲ့ မိန်းမသားများရဲ့ မေတ္တာတရားဟာ ကြီးကျယ်မြင့်မြတ်လွန်း ပါတယ်။ မိဘများ အသက်ကြီးလာရင် သားထက် သမီးတွေအပေါ် အားကိုးအားထားကြတယ်၊ သမီးအိမ်မှာ နေရတာ ပိုပြီးစိတ်လုံခြုံမှု ရှိကြပါတယ်။ နှမချမ်းသာရင် မောင်အိမ်ဦးခန်းမှာ နေရမယ်ဆိုတဲ့ ရှေးမြန်မာတို့ရဲ့ ဆိုရိုးစကားကို ကြည့်ရင် မိန်မများရဲ့ မောင်နှမသားရင်းစိတ်ဓာတ်ကို နှစ်သက်ဖွယ်တွေ့ရ ပါတယ်။ မောင်နှမအချင်းချင်း တစိတ်တ၀မ်းတည်း ချစ်ခင်သင့်မြတ် စေဖို့ကိုလည်း မိခင်တွေက လေ့ကျင့်သင်ပြကြတာ ဖြစ်ပါတယ်။ သားသမီးတွေ အပေါ်ထားတဲ့ မိခင်မေတ္တာကိုတော့ စာဖွဲ့လို့မကုန်နိုင်သလို လူတိုင်းလည်း နားလည်ကြပါတယ်။

Sunday, 29 September 2013

အမှန်တရားကို စူးစမ်းကြည့်မိခြင်း




ကွာလာလမ်ပူမှာ ကျင်းပသွားတဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နှလုံးလှ စာပေဟောပြောပွဲ မှတ်တမ်းအကျဉ်းကို ရေးရင်း တွေ့ကြုံခဲ့တာတွေ၊ တွေးမိတာလေးတွေကို စာတပုဒ်ရေးချင်လာ ပါတယ်။ အချိန်တွေပိုနေလို့ မဟုတ်ပေမဲ့ မြင်သမျှ ကြားသမျှကို ပြန်တွေးပြန်ရေးချင်ကြတာ စာရေးသူတွေရဲ့ ၀ါသနာပါ။ ပညာဆိုတာ အမှန်တရားကို ထိုးထွင်း သိမြင်ခြင်းဖြစ်တယ်၊ အခြေခံပညာ အားနည်းတဲ့အခါ အမှန်တရားကို သိခွင့်မရပဲ လမ်းလွဲသွားကြတယ်လို့ ကိုဂျင်မီက ပြောပါတယ်။ ရုပ်ဝတ္ထုတွေ နှောင့်နှေးနေတာကို မကြောက်ပါ၊ ကျွန်စိတ်နဲ့ ကျိုးနွံခြင်းကိုသာ ကြောက်ရပါတယ်လို့ ကိုမင်းကိုနိုင် ပြောသွားတာကိုလည်း လေးလေးနက်နက် စဉ်းစားစရာပါ။ အစိုးရနဲ့ ပညာတတ်လူတန်းစားတွေ ပြည်သူလူထုဘက် မျက်နှာမူဖို့လိုတယ်လို့ ဆရာမ ဒေါ်သန်းမြင့်အောင် ပြောသွားတာကိုတော့ လက်တွေ့ကျင့်သုံး ကြမှသာ ကျွန်မတို့တိုင်းပြည် ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။

ကိုဂျင်မီပြောသလို အခြေခံပညာ အားနည်းလို့ အမှန်တရားကို မမြင်တတ်မကြည်တတ်၊ ကြောက်အောင် ခြောက်ထားလို့ အမှန်တရားကို ရှာဖွေတတ်တဲ့ အကျင့်တွေပျောက်ခဲ့ရတဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ ကျွန်မတို့လူမျိုးတွေရဲ့ ဘ၀နဲ့ စိတ်ဓာတ် အရည်အသွေးတွေ နိမ့်ကျပျက်စီးခဲ့ရတယ်။ အသက်သုံးဆယ်တိတိ ပြည့်တဲ့အထိ ကျွန်မ မြန်မာပြည်မှာ နေခဲ့ပါတယ်။ ဘာဆိုဘာမှ ကောင်းကောင်းနားမလည်ခဲ့ဘူး။ အိပ်ပျော်နေခဲ့ လိုက်ပုံများ၊ နွားခြေရာကွက်လေးထဲမှာ ကိုယ့်ကိုကိုယ်လဲ အဟုတ်ကြီးထင်ခဲ့ မိလေရဲ့။ မလေးရှားကို ရောက်လာ ခါစကဆို ရန်ကုန်နဲ့ ဘာမှမကွာဘူးလို့ မှတ်ချက်ချမိဖူးပါတယ်။   နေတာကြာလာတော့မှ ကွားခြားတာတွေကို မြင်တတ်လာပါတယ်။ မလေးရှားနိုင်ငံသားတွေ   မြန်မာတွေထက် ပိုမတော်ပါဘူးလို့လည်း မှတ်ချက်ချခဲ့ဖူးပါတယ်။ 

အခြေခံအားဖြင့် လူတွေအားလုံး အတူတူပဲလို့ ပြောနိုင်ပေမဲ့ ပညာတတ်ခြင်း မတတ်ခြင်းအပေါ်မှာ မူတည်ပြီး၊ ပြုမူကျင့်ကြံတာတွေ ကွာခြားပါတယ်။ပညာရှိသော ပညာတတ်များဟာ အမှန်တရားကို မြင်နိုင်အောင်လမ်းကြောင်း ပေးကြပါတယ်။ ပြောရဲဆိုရဲအောင်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိ ရပ်တည်နိုင်အောင် ပံ့ပိုးကူညီပေးကြ ပါတယ်။ အာဏာရှင်တွေ၊ အမြတ်ကြီးစား လုပ်ငန်းရှင်တွေ အမှန်တရားကို မြင်နိုင်အောင် အားပေးကြပါသလား။ အမှန်ကို မြင်တတ်ပြောတတ်တဲ့လူဆို အာဏာရှင်တွေက ရန်သူလို သဘောထားကြပါတယ်။ လုပ်ငန်းရှင်တွေဟာလည်း အမှန်ကိုပြောတဲ့ ၀န်ထမ်းမျိုးကို မကြိုက်တတ်ပါဘူး။ ခိုင်းတာအကုန်လုပ် ပြန်မပြောတဲ့ ၀န်ထမ်း၊ နာခံရိုကျိုးတဲ့ ၀န်ထမ်းမျိုးဆို သိပ်ကြိုက်ကြ ပါတယ်။ ဘ၀ရပ်တည်ရေးအတွက် အမှန်တရားကို ရှာကြည့်မနေပဲ ခိုင်းတာလုပ် နေရမယ်ဆိုရင် လူတစ်ယောက်အဖြစ် အသက်ရှင်ရတာ မတန်ဘူးထင်ပါတယ်။ 

Saturday, 31 August 2013

ရေးပါ အမှန်ကိုရိုးသားစွာရေးပါ



သြဂုတ်လ ၃၁  ဘလော့ဂါများနေ့ အမှတ်တရ စာတစ်ပုဒ်ရေးချင် ပါတယ်။ မနှစ်တုန်းကလည်း ဘလော့ဂါနေ့မှန်း မသိလိုက်ပေမဲ့ မနေ့ကဝေဒနာ ဆိုတဲ့စာတစ်ပုဒ်ကို ရေးဖြစ်လိုက် ပါတယ်။ ကျွန်မ ဘလော့ရေးတာ (၂) နှစ်ရှိပါပြီ။ လာဖတ်တဲ့သူ ပြောရလောက်အောင် မများပေမဲ့ ကျွန်မစာတွေ ဆက်ရေးနေပါတယ်။ မလေးရှားကထုတ်တဲ့ အပြင်စီး မဂ္ဂဇင်းမှာတော့ အမြဲရေးဖြစ်တယ်။ မြန်မာနက်ဝပ် နဲ့ မေတ္တာဥယျဉ်မှာ ကျွန်မရေးတဲ့ စာအချို့တင်ဖြစ်ပါတယ်။ စာရေးတာကို ၀ါသနာပါလို့ ကျွန်မရေးပါတယ်။ စာရေးခြင်း စာဖတ်ခြင်းအလုပ်ကို မြတ်နိုးလို့ ကျွန်မအချိန်တွေကို စာပေအတွက် များများသုံးနိုင်အောင် ကြိုးစားပါတယ်။
 
ကျွန်မ ဘလော့မရေးခင်က စီနီယာဝါရင့်ဘလော့ဂါများရဲ့ စာတွေလိုက်ဖတ်ပြီး သူတို့ကို လေးစားအားကျခဲ့ပါတယ်။ အတွေ့အကြုံ ဗဟုသုတတွေကို မျှဝေချင်ကြလို့ အချိန်ကုန်ခံပြီး အလကားရေးသား နေကြတဲ့ ဘလော့ဂါများကို လေးစားတဲ့အကြောင်း စာရေးဆရာမ ဒေါ်နုနုရည် (အင်းဝ)ရဲ့ ဂုဏ်ပြုစာကိုဖတ်မိဖူး ပါတယ်။  အချို့က ရေးချင်တဲ့စာကို လွတ်လွတ်လပ်လပ် ရေးရအောင် ဘလော့မှာရေးတယ်။ တချို့ကတော့ မရေးရမနေနိုင်လို့ ရေးတယ်၊ အချို့ကလည်း အထီးကျန်ဝေဒနာကို ကုစားဖို့ ဘလော့ရေးတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် စာဖတ်သူတွေ နှစ်သက်ရာစာကို လွတ်လွတ်လပ်လပ် ဖတ်နိုင်အောင် မိမိတို့အားသန်သလို ရေးကြတာ ကောင်းပါတယ်။ နယ်ပယ်ပေါင်းစုံက အတွေ့အကြုံတွေကို အတွေးရှုထောင့်မျိုးစုံနဲ့ ရေးကြတာ လိုက်ဖတ်လို့တောင် မကုန်နိုင်ဘူး။

စာပေပညာရှင်တွေ ၀ါသနာရှင်တွေ စာရေးကြတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာနဲ့ အိုင်တီပညာရှင်တွေ စာရေးကြတယ်။ ထို့အတူပဲ ကျောင်းဆရာမ၊ သူနာပြုနဲ့ အိမ်ရှင်မတွေ စာရေးကြရင်သိပ်ကောင်း ပါတယ်။ တွေ့ကြုံ ခဲ့သမျှကို ပြန်ဆင်ခြင်သုံးသပ်ပြီး စာတွေရေးရင် ဘ၀စာမျက်နှာတွေဟာ အက္ခရာတင်ကျန်ရစ် ပါလိမ့်မယ်။ စာရေးခြင်းနဲ့ ပတ်သက်ပြီး၊ ပြန်လည်ဆင်ခြင်းသုံးခြင်း ( Reflection) အကြောင်း အနည်းငယ် ထည့်ရေးချင်ပါတယ်။ ပညာရပ်တိုင်း နယ်ပယ်တိုင်းမှာ ပြန်လည်ဆင်ခြင်သုံးသပ်တဲ့ အလေ့အကျင့် Reflective practice ရှိမှသာ တိုးတက်နိုင်ပါတယ်။ နောက်ကြောင်းပြန်တွေးကြတယ်၊ အရင်ကအကြောင်းတွေကို စမြုံ့ပြန်ပြောကြတယ် ဆိုတာဟာလည်း Reflection လို့ဆိုနိုင်ပါတယ်။ ပြန်တွေး ပြန်ပြောတဲ့ အကြောင်းအရာတွေထဲက တရားနည်းလမ်းမကျတာတွေ အားနည်းချက်တွေကို အမှန်တိုင်းပြန်မြင်နိုင်ပြီး၊ ဘယ်လိုပြုပြင်သင့်တယ် ဆိုတာကို တွေးနိုင် သုံးသပ်နိုင်ရင်တော့ (Critical Reflection) အဆင့်ကို ရောက်ပါတယ်။ တွေးနိုင် သုံးသပ်နိုင်ပြီး၊ ဖတ်ကောင်းတဲ့ စာတွေရေးနိုင်ဖို့ စာဖတ်အားကောင်းဖို့ လိုပြန်ပါတယ်။

ဆင်ခြင်သုံးသပ်မိသမျှကို အများသိအောင် ပြန်ရေးတာကတော့ (Reflective writing) ဖြစ်ပါတယ်။ ဂဘ်စ်ရဲ့ ပြန်လည်ဆင်ခြင်နည်း ပုံစံ (Gibb’s Model of Reflection) ဥပမာပေးပြီး၊ ပြန်လည်ဆင်ခြင် စားရေးနည်းလေးကို အကျဉ်းချုံး ဖော်ပြချင်ပါတယ်။ ဒီမော်ဒယ်က လွယ်ကူရှင်းလင်းလို့ လူကြိုက်များပါတယ်။ သူနာပြု ဘာသာရပ်မှာ Reflective Assignments ရေးရင် ဒီမော်ဒယ်ကို တော်တော်များ သုံးကြတာကို တွေ့ရပါတယ်။ အခြားပညာရပ် နယ်ပယ်တွေမှာလည်း သုံးလို့ကောင်းပါတယ်။ 

ပထမဆုံးအဆင့်မှာ ရေးသားတင်ပြခြင်း (သို့) ဖော်ထုတ်ပြောပြခြင်း (Description) ဖြစ်ပါတယ်။ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်ကို အစီအစဉ် တကျရေးမယ်။ စာဖတ်သူနားလည်အောင် ရှင်းရှင်းလင်းလင်းနဲ့ စိတ်ဝင်စားစရာ ဖြစ်အောင်ရေးမယ်။ စာရေးတဲ့ အလေ့အကျင့် များလားရင် အရေးအသား ပိုမိုကောင်းမွန် ပြေပြစ်လာပါလိမ့်မယ်။ အကြောင်းအရာလေး တစ်ခုကို ကျွန်မပြောကြည့် ပါမယ်။ ကျောက်ကပ်မကောင်းတဲ့ လူနာတွေ တပတ်သုံးကြိမ် ကျောက်ကပ်ဆေးပြီး အသက်ရှင်ရပါတယ်။ မြန်မာပြည်မှာတော့ ပိုက်ဆံချမ်းသာမှသာ နှစ်ရှည်လများ ကျောက်ကပ်ဆေးဖို့ ဖြစ်နိုင်ပါတယ်။ မလေးရှားမှာတော့ ဆင်းရဲသားတွေ ကျောက်ကပ်ဆေးနိုင်အောင် စေတနာရှင် အဖွဲ့အစည်းတွေက ကူညီကြပါတယ်။ ဒီအကြောင်းကို တွေးရင်းရေးရင်းက ကျောက်ကပ်မဆေးနိုင်လို့ ဝေဒနာကို မချိမဆန့် ခံစားရတဲ့ မြန်မာပြည်က လူနာတွေကို ကျွန်မမျက်စိထဲ ပြန်မြင်ယောင်မိပါတယ်။ တွေးပြီး စိတ်မကောင်း ဖြစ်ရတဲ့ ခံစားချက် (Feeling) ဆိုတဲ့အဆင့်ကို ရောက်လာပါတယ်။ 

ခံစားချက်တွေ အတွေးတွေဆိုတာ အင်မတန် အဖိုးတန်တဲ့ နာမ်ပစ္စည်းတွေပါ။ ခံစားရတဲ့အခါ ကျွန်မတို့ တွေးခေါ်တဲ့ ပုံစံတွေပြောင်းသွား ပါတယ်။ ခံစားရလို့ စာနာတတ်လာတယ်။ ကိုယ်တိုင်ခံစားရတာတွေကို သူများတွေသိအောင် ရေးလိုက်တဲ့အခါ အဲဒီခံစားချက်တွေက စာဖတ်သူတွေဆီ ကူးသွားတယ်။ စာဖတ်သူတွေရဲ့ နှလုံးသားကို ထိရှသွားတယ်။ စာဖတ်ခြင်းကရတဲ့ ရသတွေဟာ လူတွေရဲ့ အတွေးအခေါ်ကို ပုံစံပြောင်းပေးနိုင်ပါတယ်။ ခံစားရလို့ တွေးမိရာက ပြန်လည်သုံးသပ်တဲ့အဆင့်  (Evaluation) ကိုရောက်လာပါတယ်။
 


Gibbs Model of Reflection, 1988

Tuesday, 30 July 2013

ဘ၀ပညာ ဘိုးဘွားတွေဆီမှာရှာ




မြန်မာဖတ်စာမှာသင်ရတဲ့ အဖိုးအိုနဲ့ သားသုံးယောက်အကြောင်းကို မှတ်မှိကြပါလိမ့်မယ်။ အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ၊ တရွာတကျီဆောက်ပါ၊ ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ လို့ အဖိုးအိုက သားတွေကို ဆုံးမခဲ့တဲ့ စကားသုံးခွန်းဟာ ဘ၀တခုတည်ဆောက်ရာမှာ အရေးပါသော ပညာရှိစကား ဖြစ်ပါတယ်။ ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ ဆိုတဲ့စကားနဲ့ ပတ်သက်ပြီး၊ ကျွန်မရဲ့ အတွေးအမြင် အချို့ကို ကိုယ်တွေ့သဘောနဲ့ယှဉ်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။

အသက်အရွယ်အိုမင်းလာတဲ့ အဖိုးအိုအဖွားအိုတွေ ဦးခေါင်းကို တည့်အောင်မထိန်းနိုင်တော့ပဲ ဒူးနှစ်လုံးကြား ခေါင်းဝင်နေတဲ့ အခြေအရောက်နေကြတာကမို့  ဦးခေါင်သုံးလုံးရှိသူအဖြစ် တင်စားခြင်းဖြစ် ပါတယ်။ ပထမအရွယ်၊ ဒုတိယအရွယ်နဲ့ တတိယအရွယ် အရွယ်သုံးပါးက အတွေ့ကြုံတွေရှိနေကြလို့ အဖိုးအဖွားတွေဟာ တကယ်လည်း ဦးနှောက် သုံးခုရှိကြသူတွေပါ။ ကျွန်မတို့ထက်အရင် လူဖြစ်ခဲ့ကြသူတွေမို့ ကျွန်မတို့ မသိသေးတာတွေကို တွေ့ကြ၊ကြုံကြ၊ သိပြီးနေကြသူတွေဖြစ်တဲ့ အဖိုးအိုအဖွားအိုတွေကို မှီဝဲဆည်းကပ် နည်းယူကြဖို့လိုပါတယ်။ ယူတတ်မယ်ဆိုရင် သုံးမကုန်နိုင်တဲ့ ဘ၀ပညာတွေကို အဖိုးအို အဖွားအိုတွေဆီက ရယူနိုင်ပါတယ်။ အနီးစပ်ဆုံးဖြစ်တဲ့ မိဘဖိုးဖွားတွေဟာ ကျွန်မတို့ရဲ့ လက်ဦးဆရာ ငယ်ဆရာတွေပဲဖြစ်ပါတယ်။

ကျွန်မ ငယ်ငယ်က အမေ့ဘက်က အဖိုးနဲ့အဖွားနဲ့ပဲ ရင်းနှီးခဲ့ပါတယ်။ အဖေ့ဘက်က အဖိုးနဲ့အဖွားက အသက်တိုကြသူတွေမို့ ကျွန်မ မမြင်ဖူးလိုက်ပါ။ အမေဘက်က ကျွန်မရဲ့ အဖိုးနဲ့အဖွားနှစ်ယောက်လုံး မြေးတွေအပေါ် သံယောဇဉ်ကြီးကြ ပါတယ်။ အဖိုးရဲ့အကြောင်းကို ကျွန်မရေးတဲ့ ကရင်ဈေးရောင်း ဆောင်းပါးမှာ အနည်းငယ် ထည့်ရေးခဲ့ပါတယ်။ သဘောထားဖြောင့်တဲ့ ကျွန်မတို့အဖိုးဟာ ခွတီးခွကျသိပ်နိုင် ပါတယ်။ သူ့အင်းကငါးတွေကို အမျိုးတွေက စိတ်ကြိုက်သယ်နေတာကို အဒေါ်တွေက မကျေနပ်လို့ ပြောမိရင် အဖိုးက သိပ်စိတ်ဆိုးပါတယ်။ ကျွန်မအဒေါ်တွေ အိမ်ရှေ့မှာ အလှပန်းတွေစိုက်ထားတာကိုလည်း အဖိုးက မျက်စိစပါးမွှေးစူးပါတယ်။ အိမ်ကိုလာတဲ့ ဧည့်သည်တွေက ပန်းတွေစိုက်ထားတာ သိပ်လှတာပဲလို့ ပြောရင် အဖိုးက ဘ၀င်မကျပါဘူး။ အခုနေသာ အဖိုးရှိနေသေးရင် ပန်းတွေစိုက်တာကို ဘာလို့မကြိုက်တာ လဲလို့ ကျွန်မမေးချင်ပါတယ်။ ငယ်ငယ်ကတော့ အဖိုးကြောက်ရတော့ မမေးရဲခဲ့ပါဘူး။ ထမင်းစားပြီးရင် ဗိုက်တင်းတယ်လို့ ညည်းမိရင် အဆူခံရပါတယ်။ ထမင်းစားရင် အစာကြေလွယ်အောင် ဗိုက်ပြည့်ရုံပဲ စားရမယ်၊ မဆန့်ရင်ကာ မစားရဘူးလို့ အဖိုးက ဆုံးမပါတယ်။

ဘုန်းကြီးကျောင်းသား ကျွန်မအဖိုးဟာ ပညာရှိတယောက် မဟုတ်ပေမဲ့ သူတော်ကောင်း တယောက်လို့တော့ ပြောနိုင်ပါတယ်။ ၀ါတွင်းသုံးလမှာ ဥပုဉ်နေ့တိုင်း မပျက်မကွက် ဥပုဉ်စောင့်ပါတယ်။ အခါတွင်းဆိုရင် သင်္ကြန် အကြိုနေ့ကနေ နှစ်ဆန်းတရက်နေ့ထိ ဥပုဉ်နဲ့ပဲနေပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ ၀ါသနာမပါတဲ့ အဖိုးဟာ ဘုန်းကြီးဆိုရင် သိက္ခာပုဒ်များနဲ့ ညီအောင်နေမှ ကြည်ညိုပါတယ်။ သမီးငါးယောက်မွေးထားတဲ့ အဖိုးဟာ သူ့သမီးတွေကို သူများယောက်ျားကလွဲရင် ဘယ်သူနဲ့မဆို သဘောတူတယ်လို့ ဆိုပါတယ်။ အဲဒီစာရိတ္တ သွေးကို အမေကောင်းကောင်း အမွေရခဲ့ပါတယ်။ ဗုဒ္ဓစာပေ ကျန်းဂန်တတ်ကျွမ်းတဲ့ အဖိုးကို မရှင်းမလင်းတာ ရှိရင် အကုန်မေးလို့ ရပါတယ်။ ငယ်ငယ်က မေးရကောင်းမှန်း မသိခဲ့တဲ့ကျွန်မ ခုနေများအဖိုးရှိနေသေးရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ 

Saturday, 13 July 2013

ကံ၊ စိတ်၊ ဥတု၊ အာဟာရ




ကျန်းမာရေး မကောင်းလို့ ငွေကုန်လူပန်း ဖြစ်နေကြတဲ့ လူနာတွေအတွက် စိတ်မသက်မသာဖြစ်မိလို့ ကျန်းမာခြင်းရဲ့ အကြောင်းတရားတွေဖြစ်တဲ့ ကံ၊စိတ်၊ဥတု၊ အာဟာရ အကြောင်းကို စာတစ်ပုဒ်ရေးဖို့ စိတ်ကူးမိပါတယ်။ မြန်မာတိုင်းရင်း ဆေးပညာနဲ့ ပတ်သက်ပြီးကျွန်မမှာ ဗဟုသုတအခြေခံ မရှိတဲ့အတွက် ကျွန်မလေ့လာမှတ်သားထားတဲ့ အနောက်တိုင်း ဆေးပညာအယူအဆနဲ့ လူနေမှုဘ၀ အတွေးအမြင်အချို့ကို ဆက်စပ်ပြီး ဆွေးနွေးတင်ပြ သွားပါမယ်။

နံပါတ်တစ် အရေးကြီးဆုံးအကြောင်းကတော့ ကံပဲဖြစ်ပါတယ်။ ကံကြောင့် လူတွေကျန်းမာကြတယ်၊ အနာရောဂါ ထူပြောကြတယ်။ ကံဆိုတဲ့နေရာမှာ အတိတ်ဘ၀ကပြုခဲ့တဲ့ကံ၊ ယခုဘ၀ပြုခဲ့တဲ့ကံ နှစ်မျိုးလုံးနဲ့ ဆိုင်ပါတယ်။ အရင်ဘ၀က သီလမလုံတဲ့လူ၊ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့လူတွေဟာ အနာရောဂါထူပြောတတ်တယ် ဆိုတာကို ကံ၊ကံ၏ အကျိုးကို ယုံကြည်သူတိုင်း လက်ခံကြပါလိမ့်မယ်။ ဘယ်သူမပြု မိမိမှုဆိုသလို အရင်ဘ၀က မကောင်းခဲ့လို့ ဒီဘ၀မကျန်းမမာ ဖြစ်နေရသူတွေ နောင်ဘ၀ကောင်းအောင် သီလစောင့်ဖို့လို ပါတယ်။ သီလစင်ကြယ်ရင်၊ ၀ိပသနာ ဘာဝနာပွားနိုင်ရင် ယခုဘ၀ခံစားနေရတဲ့ ဝေဒနာအချို့ကို သက်သာစေနိုင်ပါတယ်။ အရင်ဘ၀က သီလအားကောင်းခဲ့လို့ ကျန်းမာနေသူတွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ပြုမူ ဖို့လိုအပ်ပါတယ်။ အချိန်မှန်အိပ်၊ မျှတတဲ့ အာဟာရကို အချိန်မှန်စား၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး၊ ကိုယ်အလေးချိန် ထိန်းရပါမယ်။ ဆေးလိပ်သောက်တာရှောင်ရမယ်။ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ရမယ်။ အတိတ်ကံ ကောင်းပါလျှက်၊ ဒီဘ၀ပြုတဲ့ကံ မကောင်းရင်၊ ဆင်ဆင်ခြင်ခြင်မနေရင် ရောဂါထူပါလိမ့်မယ်။

ဒုတိယ အရေးကြီးဆုံးအကြောင်းက စိတ်ပါ။ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဟာ တိုက်ရိုက်ကို ဆက်စပ်နေ ပါတယ်။ ယခုအဖြစ်များနေတဲ့ နှလုံးရောဂါ၊ ဆီးချို၊သွေးတိုး၊ လေဖြတ်ရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အစားအသောက်၊ လူနေမှုစနစ်နဲ့ စိတ်ဖိစီးမှု များလို့ ဖြစ်ရတဲ့ရောဂါတွေ ဖြစ်ပါတယ်။ မလေးရှားမှာ အလုပ်လုပ်နေကြတဲ့ အသက်နှစ်ဆယ် သုံးဆယ်အရွယ်အချို့တွေ သွေးတိုးရှိကြတယ်။ ဆွေမျိုးမိသားစုရဲ့ အကြင်နာ မေတ္တာတွေနဲ့ ကင်းကွာနေရပြီး၊ အဆင်မပြေတာ မကျေနပ်စရာတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှု ဒဏ်တွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါရကြတယ်။ လူနေမှုစနစ် ကမောက်ကမ နိုင်လှပြီး၊ စိတ်ဖိစီးမှုတွေ သိပ်များကြတဲ့ မြန်မာပြည်ကလူတွေ ရောဂါဘယ ထူပြောကြတယ်။ ဆေးကုစရာ ပိုက်ဆံမရှိလို့ အသက်တိုကြတယ်။ အာဖရိကန် နိုင်ငံတွေပြီးရင် မြန်မာပြည်ရဲ့ ပျမ်းမျှလူ့သက်တမ်းဟာ ကမ္ဘာမှာအနိမ့်ဆုံး ဖြစ်နေပါတယ်။

Wednesday, 29 May 2013

၂၁ ရာစုချွေတာရေး


ဆရာပီမိုးနင်းရေးတဲ့ အချိန်နဲ့ချွေတာရေး စာအုပ်ကို လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေ ဖတ်ဖူးကြပါလိမ့်မယ်။ ပြောင်းလဲတိုးတက်နေတဲ့ ၂၁ရာစုက မျိုးဆက်သစ်တွေအတွက် အသုံးဝင်ဆဲ စာအုပ်ဖြစ်ပါတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေနောက် မနားတမ်းလိုက်ကြပြီး၊ ပျော်ရွှင်မှုကို အပြင်လောကမှာ လိုက်ရှာနေကြတဲ့သူတွေ ချွေတာရေးလမ်းစဉ်ကို ကျင့်သုံးနိုင်မှသာ ပျော်ရွှင်မှု အစစ်အမှန်ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ချွေတာရေး ဆိုတဲ့နေရာမှာ အချိန်၊ ငွေကြေးနဲ့ သဘာဝအရင်းအမြစ်တွေ အားလုံးကို အလေအလွင့်မရှိအောင် သုံးစွဲကြဖို့ ဖြစ်ပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ အချိန်ရဲ့ အဖိုးတန်ပုံကို မသိတဲ့သူလူ ရှိမယ်မထင်ဘူး။ သိသိကြီးနဲ့ ကျွန်မတို့ အချိန်တွေ ဖြုန်းနေကြပါတယ်။ ကျွန်မတို့ တခါတလေ ပျင်းနေကြတယ်၊ တွေဝေကြတယ်။ စိတ်လေလွင့်ပြီး အချိန်ဖြုန်းမိ တာတွေရှိတယ်။ ဆရာပီမိုးနင်းက အချိန်အတိုအစလေးတွေကအစ အလဟသဖြစ်မသွားအောင် သုံးသင့် တယ်လို့ ရေးထားပါတယ်။ ဥပမာ ရထားစီးရင်း၊ ကားစောင့်ရင်း ဘာဝနာပွားနေမယ်ဆိုရင် အဲဒီအချိန် အတိုအစလေးတွေက အကျိုးရှိရှိ ကုန်သွားပါတယ်။ အချိန်တိုင်း နေ့တိုင်း ကုသိုလ်၊ပညာ၊ဥစ္စာ တခုခုကို ရအောင်ယူမယ်လို့ သံဋိဓ္ဓာန်ချပြီး၊ မဖြစ်မနေ ရအောင်ကြိုးစား ကြဖို့လိုပါတယ်။ အကျိုးရှိရှိကုန်သွားတဲ့ နေ့ရက်မျိုးမှာဆိုရင် ကိုယ့်ကိုကိုယ် အားရကျေနပ်ပြီး၊ ယုံကြည်မှုတွေ တိုးလာပါတယ်။ အဲဒီလိုနေ့ရက် တွေများလာရင် ယုံကြည်မှုတွေ ပြည့်လျှံလာပြီး၊ ကျေနပ်ပျော်ရွှင်ရတဲ့ နေ့တွေများလာမှာပါ။ ကုန်သွားတဲ့ အချိန်တိုင်းဟာ မိမိအတွက် သို့မဟုတ် တစုံတယောက်အတွက် အကျိုးရှိတာမျိုးဖြစ်အောင် ကြိုးစားရင်း ကျွန်မတို့ ၀ီရိယပါရမီ ဖြည့်ကျင့်သင့်ပါတယ်။ 

အချိန်ကို အသုံးချတဲ့ အခါမှာလဲ အိပ်ချိန်၊ နားချိန်၊ အလုပ်လုပ်ချိန်ကို မျှတအောင်သုံးဖို့လိုပါတယ်။ အထူးသဖြင့် အိပ်ချိန်မှန်ဖို့လိုပါတယ်။ ညဥ့်နက်သန်းခေါင်ကျော်တဲ့အထိ မအိပ်မနေ အင်တာနက်နဲ့ ဖေ့ဘွတ်ကို သုံးနေကြတာတွေဟာလည်း မလိုလားအပ်တဲ့ အချိန်ဖြုန်းခြင်းတွေ ဖြစ်ပါတယ်။ အင်တာနက်မှာ စာဖတ်ချင်လို့၊ ပညာသင်ချင်လို့ဆိုရင်လည်း၊ လူတယောက်အတွက် လိုအပ်တဲ့အိပ်ချိန်ပြည့်အောင် အိပ်စက် အနားယူ ရမှာဖြစ်ပါတယ်။ အိပ်ချိန်တန်အိပ်၊ နားချိန်တန်နားမှာသာ နောက်တနေ့ မိုးလင်းရင် လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင်မှာဖြစ်လို့ အလုပ်တွင်ကျယ် ပါတယ်။ တခြားနည်းလမ်းတွေနဲ့ အချိန်ဖြုန်းတတ်တဲ့ အကျင့်တွေရှိနေရင် အဲဒီအကျင့်တွေကို ပျောက်အောင်ကြိုးစား ပြုပြင်သင့်ပါတယ်။ အချိန်ကို ကောင်းကောင်း အသုံးချတတ်သူတွေဟာ ဘ၀မှာ အနည်းနဲ့အများ အောင်မြင်မှုရကြသလို ပျော်ရွှင်မှုကို အတိုင်းအတာ တခုလောက် ရရှိသူတွေ ဖြစ်ပါတယ်။

အချိန်ကို အကျိုးရှိရှိသုံးဖို့ လိုအပ်သလို ငွေကိုချွေတာသုံဖို့လည်း အရေးကြီးပါတယ်။ လိုချင်စရာတွေ များစွာရှိ နေတဲ့ ခေတ်အခါကြီးမှာ ငွေကိုချွေတာသုံးစွဲနိုင်တာတောင် တော်ရုံမကျပါဘူး။ ၀င်ငွေနဲ့မမျှလို့ အားမတန်ရင် လိုချင်ရချင်တဲ့ စိတ်ဆန္ဒကို ချိုးနှိမ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ တတ်နိုင်လို့ ပစ္စည်းတခု ၀ယ်တော့မယ်ဆိုရင် ကိုယ့်အတွက် တကယ်လိုအပ်သလား၊ ၀ယ်ပြီးရင် တကယ်သုံးဖြစ်မှာလားဆိုတာကို သေသေချာချာ စဉ်းစား ပြီးမှ ၀ယ်သင့်ပါတယ်။ ၀ယ်ပြီးမှ မကြိုက်လို့၊ အသုံးမ၀င်လို့ ချောင်ထိုးထားရင် ကုန်သွားတဲ့ငွေတွေ အလကား ဖြစ်သွားတာ နှမျောစရာကောင်းပါတယ်။ တရုတ်မိတ်ဆွေတယောက် အကြံပေးတဲ့ နည်းလမ်းကောင်းလေး ရှိပါတယ်။ ဈေးဝယ်ထွက်တော့မယ်ဆိုရင် ထမင်းစားပြီး ဗိုက်ပြည့်တဲ့အချိန်ကို ထွက်ပါတဲ့။ ဗိုက်ပြည့်နေရင် လိုတဲ့ပစ္စည်းလောက်ပဲ ၀ယ်ဖြစ်တယ်။ ဗိုက်ဆာနေတဲ့အချိန် ဈေးဝယ်ရင် လိုတာရော မလိုအပ်တာတွေပါ ၀ယ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။ သူအကြံပေးတဲ့အတိုင်း ကျွန်မစမ်းကြည့်တာ တကယ်မှန်ပါတယ်။ ဗိုက်ဆာနေတဲ့ အချိန်မှာဆိုရင် စိတ်အလိုမပြည့်ဖြစ်နေတော့ တွေ့သမျှပစ္စည်းကို လိုချင်စိတ်ဖြစ်ပြီး ၀ယ်မိကြ ပါတယ်။ ဗိုက်ပြည့်နေရင် စိတ်အလိုပြည့်နေတာမို့ အပိုဆာရပစ္စည်းတွေဝယ်ဖို့ စိတ်မ၀င်စားတော့ပါဘူး။ နည်းလမ်း ကောင်းလေးမို့ စမ်းကြည့်ကြပါလို့ စာဖတ်သူတွေကို တိုက်တွန်းချင်ပါတယ်။