Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Sunday 12 May 2013

စေတနာတွေ ဝေဒနာဖြစ်ရတဲ့အခါ



သူနာပြူ မိခင်ကြီး ဖလော့ရန့်နိုက်တင်ဂေးရဲ့မွေးနေ့ မေလ (၁၂)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ အထိမ်းအမှတ်အဖြစ် စာတစ်ပုဒ်ရေးလိုက်ပါတယ်။ အတွေ့အကြုံတွေကို စိတ်ဝင်စားစရာဖြစ်အောင် စီကာပတ်ကုံးရေးပြီး၊ ကျန်းမာရေးဗဟုသုတတွေ ထည့်ထည့်ရေးတာ ကျွန်မရဲ့ ပညာပေးနည်းတစ်ခုပါ။ ကျန်းမာရေးဆောင်းပါး သီးသန့်ရေးရင် စိတ်ဝင်စားသူနည်းပြီး၊ အတွေ့အကြုံလေးတွေနဲ့ ယှဉ်ရေးရင် စာဖတ်သူတွေအတွက် ကျန်းမာရေးအသိတွေနဲ့အတူ အရေးထားတွေစရာလေးတွေလည်း ရသွားမယ်လို့ မျှော်လင့်ပါတယ်။

ဘွဲ့လွန်အတွက် ကျောင်းစရိတ်လိုလို့ တက္ကသိုလ်နဲ့ နီးတဲ့ဆေးခန်းမှာ ခဏ၀င်လုပ်နေပါတယ်။ ဆေးခန်းက အထွေထွေရောဂါ ကုသမှုနဲ့အတူ  Alternative medicine လို့ခေါ်တဲ့  အနောက်တိုင်းဆေးပညာနဲ့ မတူတဲ့ သီးခြားကုထုံးတွေနဲ့ ရောဂါကာကွယ်ကုသခြင်း ၀န်ဆောင်မှုတွေလည်းပေးပါတယ်။ အပ်စိုက်ကုထုံး Acupuncture therapy၊ အိပ်မွေ့ချကုထုံး Hypnotherapy၊ သွေးကြောထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်သတ္ထုတွေနဲ့ အဆီတွေကို ဖြိုခွဲပေးတဲ့ကုထုံး Chelation therapy စတဲ့ကုထုံးတွေဖြစ်ပါတယ်။ အခြားအခြား ထူးထူးဆန်း ဆန်းကုထုံးတွေလည်း အများကြီးရှိပါတယ်။ အချို့ ကုထုံးတွေက လူနာတွေအတွက် အကျိုးရှိပေမဲ့ အချို့ကုထုံးတွေက အန္တရာယ်ရှိပါတယ်။ စင်္ကာပူနဲ့ အနောက်နိုင်ငံ အချို့မှာတော့  ခိုင်မာတဲ့ သုတေသန အထောက်အထားတွေ ရှိမှသာ ဒီကုထုံးတွေကို ခွင့်ပြုပါတယ်။ မလေးရှားမှာတော့ တင်းကြပ်တဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်မှ တော်တော်အားနည်းနေ ပါတယ်။ ငွေလိုလို့ ဒီအလုပ်ကို အခိုက်အတန့် လုပ်နေရပေမဲ့ အချို့ကုထုံးတွေကို ကျွန်မတော်တော်လေး ဘ၀င်မတွေ့ပါဘူး။

ပညာရေးနဲ့ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းတွေမှာ ငွေမျက်နှာပဲကြည့်ပြီး လုပ်ကြရင် လူ့ပတ်ဝန်းကျင် အတွက် အလွန်အန္တရာယ်များပါတယ်။ Chelation therapy လိုကုထုံးမျိုးဆိုရင် ရေရှည်မှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ဆရာဝန်၊သူနာပြုနဲ့ ကျန်းမာရးစောင့်ရှောက်မှု လုပ်ငန်းမှာ ပါဝင်ပတ်သက်သူမှန်သမျှ လူနာတွေရဲ့ကောင်းကျိုးကိုသာ အစဉ်ဆောင်ရွက်ပြီး၊ အန္တရာယ်ဖြစ်စေမဲ့ ဆောင်ရွက်ချက်မှန်သမျှကို ရှောင်ကြည်ရမယ်ဆိုတဲ့ ကျင့်ဝတ်တွေကို စောင့်စည်းလိုက်နာ ကြဖို့လိုပါတယ်။ လူနာတွေရဲ့ ကျန်းမားရေး အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန် အပြုအမူတွေ၊ ရောဂါကုထုံးနဲ့ ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို အမှန်အတိုင်း ပြောပြ ရှင်းပြရမဲ့ ကျင့်ဝတ်တွေရှိတယ်။ ဝေဒနာ ခံစားနေရတဲ့လူနာတွေ ရောဂါကုသရေးနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ကျန်းမာရေးဝန်ထမ်းတွေက ကူညီပေးနိုင်ရပါမယ်။ ဒီကျင့်ဝတ်တာဝန်တွေကို မဖောက်ဖျက်ချင်တဲ့ ကျွန်မအတွက် ယ္ခုဆေးခန်းက အလုပ်တွေဟာ တော်တော်လေး သဟာဇာတ မဖြစ်ပါဘူး။ 

ရင်သားကင်ဆာ ဖြစ်နေတဲ့ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ယောက် ခွဲစိတ်ကုသမှုကို ရှောင်နိုင်ဖို့ နည်းလမ်းရှာရင်း ကျွန်မလုပ်နေတဲ့ ဆေးခန်းက ဆရာဝန်ဆီ ရောက်လာပါတယ်။ သူမရဲ့ ရင်သားအကြိတ်က ကင်ဆာဖြစ်စပဲ ရှိသေးတယ်။ တခြားနေရာတွေကို မပြန့်သေးဘူး။ အချိန်မှီခွဲစိတ်ကုသမှု ခံယူမယ်၊ ကင်ဆာဆဲလ်အခြေအနေ ပေါ်မူတည်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှု ခံယူမယ်ဆိုရင် လုံးဝပျောက် ကင်းနိုငိတဲ့အခြေအနေမှာ ရှိပါတယ်။ ပြဿနာက ရင်သားကို မဖြတ်ချင်ဘူး ဖြစ်နေပါတယ်။ မြန်မာပြည်က လူတွေအများစု ကျန်းမာရေး ဗဟုသုတအားနည်းလို့ ရောဂါကို သိတာနောက်ကျကြတယ်။ ငွေကြေးမတတ် နိုင်လို့ ထိရောက်တဲ့ ကုသမှုတွေ မရကြဘူး။ ကင်ဆာကို နောက်ကျမှ သိရပြီး၊ အဆုတ်ထဲ၊ အရိုးထဲ ပျံ့သွားလို့ ဝေဒနာကို မချိမဆန့်ခံစား နေရတဲ့လလူနာတွေကို မကြခဏ တွေ့ခဲ့ဖူးပါတယ်။အခုကျွန်မတွေ့ရတဲ့ လူနာကတော့ ရင်သားမဖြတ်ချင် တာကြောင့် ဒုက္ခရောက်တော့မယ်။

ကျွန်မရဲ့ အလုပ်ရှင်ဆရာဝန်က လူနာတွေကို မအိုဆေး၊ နုပျိုဆေးတွေပေးပြီး၊ အနာမျိုး (၉၆)ပါးကို Alternative နည်းတွေနဲ့ ကုဖို့ကြိုးစားနေတဲ့ ဆရာဝန်။ တကယ်တော့ ဆရာဝန်က စိတ်ကောင်းရှိတယ်။ အပြောကောင်းတယ်။ ချမ်းသာတယ်။ ဗုဒ္ဒဘာသာကို အထင်ကြီးလေးစားတဲ့ ပန်ချာပီတစ်ယောက်ပါ။ ဒါတွေလုပ်ဖို့ ဘယ်အရာက သူ့ကိုစေ့ဆော်လည်းဆိုတာ ကျွန်မနားမလည်ဘူး။ လောဘရဲ့သားကောင် ဖြစ်နေသလိုပဲ။ Alternative ကုထုံးရဲ့ ဆိုးကျိုးတွေကို လုံးဝထည့်မစဉ်းစားဘူး။ သူ့ဆီလာတဲ့ လူတော်တော် များများကို မလိုအပ်တဲ့ ကုထုံးတွေပေးလို့  လူနာတွေ ကုန်သွားတဲ့ငွေက မလိုအပ်တဲ့ နေရာကို စီးနေတယ် လို့ပဲ ကျွန်မမြင်ပါတယ်။ ရင်သားကင်ဆာဖြစ်တဲ့ အမျိုးသမီးကိုလည်း သူရဲ့ကုထုံးတွေနဲ့ ကောင်းသွား စေရမယ်လို့ ကတိပေးတယ်။ 
ရင်သားကို ဖြတ်စရာမလိုဘူး။ အကြိတ်ကိုပဲ ခွဲထုတ်ပစ်ပြီး သူ့ဆေးနဲ့ပဲ ဆက်ကုပေးမယ်။ ဆေးရုံမှာ အကြိတ်သွားခွဲဖို့ကိုလည်း အချိန်ဆွဲခိုင်းထားတယ်။ ကင်ဆာဆဲလ်တွေက ရက်အနည်းငယ်အတွင်းမှာ အများကြီးပြန့်ပွားနိုင်တာ။ ခွဲစိတ်ဖို့ အချိန်ဆွဲတာ အင်မတန် အန္တရာယ်များ ပါတယ်။ ဆရာဝန်က သူ့ရဲ့ဆေးတွေဟာ ကင်ဆာဆဲလ်တွေကို သတ်ပေးတယ်လို့ ယုံကြည်နေတယ်။
ရှေ့ဖြစ်လာမဲ့ နောက်ဆက်တွဲ ပြဿနာတွေကို မြင်နေလို့ ကျွန်မလူနာကို ကြိုးစားစည်းရုံးကြည့် ပါတယ်။ ကင်ဆာက ဖြစ်ခါစပဲ ရှိသေးတာမို့ ရင်သားကို အမြန်ဆုံး ဖြတ်ထုတ်ပြီး၊ ကင်ဆာရောဂါ အထူးကု ဆရာဝန်တွေရဲ့ ကုသမှုကို လိုက်နာရင် လုံးဝပျောက်သွားနိုင်တယ်။ မခွဲပဲ အချိန်ဆွဲထားရင် ကင်ဆာဆဲလ် တွေပျံ့ပြီး ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရလိမ့်မယ်။ အခုဆရာဝန်ပေးတဲ့ ကုထုံးတွေက ကျန်းမာရေး ပိုကောင်းဖို့ အထောက်အပံ့ ပေးလိမ့်မယ်။ ကင်ဆာတော့ ပျောက်မသွားနိုင်ဘူးလို့ ရှင်းပြပါတယ်။ ဒါပေမဲ့ ကျွန်မ မအောင်မြင်ပါဘူး။ သူနာပြုတစ်ယောက်ပြောတဲ့ စကားထက် ဆရာဝန်ပြောတဲ့ စကားကိုပဲ သူယုံနေတယ်။  ရင်သားဖြတ်ဖို့ အကြံပေးတာကို မနှစ်မြို့ဘူးဆိုတာ နားလည်လိုက်တဲ့ အချိန်မှာ စေတနာတွေ ဝေဒနာ ဖြစ်သွားခဲ့ပါတယ်။ စေတနာမှန်တဲ့ ကျွန်မအတွက် ဘာမှဆုံးရှုံး မသွားဘူးလို့တော့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူနာပြုတစ်ယောက် အနေနဲ့ ကျွန်မရှုံးပါတယ်။ သူနာပြုတွေရဲ့ တာဝန်က လူနာကို ပြုစုပေးတာထက် ပိုပါတယ်။ လူနာတွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အေင် ကျန်းမာရေး ပညာပေးရမယ်။ လူနာတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ပေးရမယ်။ အခုလူနာကို မှန်ကန်တဲ့ ကုသမှုယူဖို့ မကူညီနိုင်တာ ကျွန်မ ညံ့ပါတယ်။ ကျွန်မ ညံ့ခဲ့တာတွေဟာလည်း စာဖွဲ့လို့ မကုန်နိုင်အောင် ရှိခဲ့ပါတယ်။ 

မြန်မာတစ်ယောက်ပြောတဲ့ စေတနာစကားကို မြန်မာတွေ နားဝင်မယ်လို့ ယုံကြည်တဲ့အတွက် ဝေဒနာကို ကြေငြာရင်း ပညာပေးဆွေးနွေးချင်ပါတယ်။ ကင်ဆာရောဂါက ကာကွယ်ဖို့ခက်ပေမဲ့ ဆင်ဆင်ခြင်ခြင်နေထိုင် စားသောက်ရင် ကင်ဆာဖြစ်နိုင်ခြေ နည်းပါတယ်။ စည်သွပ်အစားအစာတွေ၊ တာရှည်ခံအောင်စီမံထားတဲ့ အစားအစာ တွေကို တတ်နိုင်သမျှရှောင်ပြီး၊ လတ်ဆတ်တဲ့ သားငါးသီးနှံတွေကို အိမ်မှာချက်ပြုတ်စားနိုင်ရင် အကောင်းဆုံး ပါပဲ။ ပိုးသတ်ဆေးနဲ့ ဟော်မုန်းတွေသုံးတဲ့ သစ်သီးနဲ့ ဟင်းရွက်တွေကို စားနေရတာ ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါ။ အန္တရာယ်ကင်းချင်ရင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရမလို ဖြစ်နေပါတယ်။ မှိုတက်တဲ့ အစားအစာတွေ၊ မသန့်တဲ့ဆီနဲ့ ကြော်ထားတဲ့ စားစရာတွေကိုလည်း ရှောင်ဖို့လိုပါ တယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်းခြင့်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင် ပါတယ်။ အ၀လွန်ခြင်း၊ အဆီများခြင်းဟာ ကင်ဆာအန္တရာယ်ရှိပါတယ်။

ဆေးလိပ်သောက်ရင် အဆုတ်၊လည်ချောင်း၊ အစာအိမ်၊ အူမကြီး၊ မုန့်ကျိုအိတ်၊ ရင်သားနဲ့ သားအိမ်ခေါင်း ကင်ဆာတွေဖြစ်နိုင်တာမို့ ဆေးလိပ်ကို ရှောင်ဖို့လိုပါတယ်။ အရက်ကို အလွန်အကျွံသောက်ရင် အသဲ၊ အစာအိမ် အူလမ်းကြောင်း၊ မုန့်ကျိုအိတ်နဲ့ ရင်းသားကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ အရက်ကို အလွန်အကျွံ မသောက်သင့်ပါဘူး။ ရေ၊လေနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်လည်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ပါတယ်။ ပတ်ဝန်ကျင် ညစ်ညမ်းမှုကို ၀ိုင်းဝန်းကာကွယ် ကြရပါမယ်။ စိတ်ကျရောဂါ၊ အိမ်မပျော်တဲ့ ရောဂါ၊ အခြားစိတ်ရောဂါနဲ့ စိတ်ဖိစီးမှုတွေဟာ ကိုယ်ခံအားကို ကျစေပြီး၊ ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက် တွေကို ခုခံနိုင်မှု အားနည်းတာကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။ အကောင်းမြင်စိတ်ရှိပြီး၊ လောကဓံ အဆိုးအကောင်းမှန်သမျှကို သင့်တင့်လျှောက်ပတ်စွာ   နှလုံးသွင်းတတ်ရင် စိတ်ကျန်းမာပျော်ရွှင်ပြီး၊ ကင်ဆာရောဂါကို အတိုင်းအတာ တစ်ခုထိ ကာကွယ်နိုင်ပါတယ်။ ဗုဒ္ဒဘာသာဆိုရင် မြတ်စွာဘုရားရဲ့ အဆုံးအမမှန်သမျှကို နှလုံးသားထဲ ထည့်ထားနိုင်ရင် ကျန်းမာသုခကို ခံစားနိုင်ပါတယ်။ ကျန်းမာချင်ရင် ကျွန်မတို့ စိတ်ကိုပြင်နိုင်အောင် ကြိုးစား ရမှာပါ။

မိဘမျိုးရိုးမှာ ကင်ဆာရှိတဲ့သူတွေ ပိုပြီးသတိထားဖို့ လိုပါတယ်။ ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေကို သိထားသင့်ပါတယ်။ ပုံမှန် ဆီးသွား ၀မ်းသွားသည့် ပုံစံပြောင်းလဲလာခြင်း။ ဥပမာ- ၀မ်းအလွန်ချုပ်ခြင်း၊ ၀မ်းအမည်းရောင်သွားခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးထဲသွေးပါခြင်း စတဲ့လက္ခဏာတွေဟာ အစာအိမ် အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကင်ဆာဖြစ်နိုင်ပါတယ်။ အဖုအကြိတ်များပေါ်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ မျိုရခက်ခြင်း၊ အသံသြခြင်းတွေဟာ ကင်ဆာဖြစ်မဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ဓမ္မတာသွေး အလွန်အမင်းဆင်းခြင်း၊ အဖြူဆင်းများခြင်းတွေဟာ မျိုးပွားအင်္ဂါမှာ ကင်ဆာဖြစ်နိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ နာတာရှည် ခေါင်းကိုက်ခြင်းနှင့် နာကျင်ကိုက်ခဲခြင်းတွေ ရှိလာရင်လည်း ထိရောက်တဲ့ ကုသစစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ ဥပမာ-နောက်ကြောနာတယ်ဆိုရင် အဆုတ်ကင်ဆာ ဖြစ်နေနိုင်ပါတယ်။ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို အမြဲသတိထား စစ်ဆေးနေဖို့လိုပါတယ်။ အမျိုးသမီးများ မိမိတို့ရင်သားကို အကြိတ်ရှိမရှိ နေ့စဉ်ရေးချိုးတိုင်း စမ်းကြည့်ရပါမယ်။ အမျိုးသားများလည်း မိမိတို့ရင်သားနဲ့ ဝှေးစေ့ကို စမ်းကြည့်ရပါမယ်။ အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာနဲ့    ဝှေးစေ့ကင်ဆာကို နောက်ကျမှ သိရတာတွေ များနေပါတယ်။

ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေ  ပေါ်နေပြီဆိုရင် ဆရာဝန်ကိုချက်ချင်းပြပြီး၊ ညွှန်ကြားတဲ့ စစ်ဆေးမှုတွေ လုပ်ရပါမယ်။ ရောဂါတွေ့ပြီဆိုရင်လည်း လိုအပ်တဲ့ ကုသမှုတွေကို ထိထိရောက်ရောက် ခံယူရပါမယ်။ မြန်မာ ပြည်မှာတော့ ဆေးမှီးတိုနဲ့ ကုတဲ့ပြဿနာ ရှိနေပါတယ်။ တချို့ကလည်း ပိုက်ဆံမတတ်နိုင် ကြလို့ပါ။ အန္တရာယ်ရှိတဲ့ Alternative ကုထုံးတွေ မြန်မာပြည်ထဲ စိမ့်ဝင်လာမဲ့ အလားအလာတွေ ရှိပါတယ်။ ကျွန်မ အခုလုပ်နေတဲ့ ဆေးခန်းမှာ ရှယ်ယာဝင် တစ်ယောက်က မြန်မာပြည်မှာ ဌာနခွဲဖွင့်ချင်တယ်လို့ ပြောလာပါတယ်။ ကျွန်မကို စီမံခန့်ခွဲပေး နိုင်မလားလို့ မေးပါတယ်။ ကျွန်မ ငြင်းလိုက်ပါတယ်။ မြန်မာပြည်ပြန်နိုင်တဲ့ အချိန်ရောက်ရင် ကျွန်မ စိတ်အားထက်သန်တဲ့ သင်ကြားရေးကို ပြန်လုပ်ချင်ပါတယ်။ အရေးကြီးတဲ့ ရောဂါကာကွယ်ရေးတွေ၊ ကျန်းမာရေး မြင့်တင်ရေးတွေ လုပ်ချင်တယ်။ ကျွန်မ သင်ခဲ့တဲ့ ပညာနဲ့ ဆင်းရဲဒုက္ခ တွေခံပြီး ရခဲ့တဲ့ အတွေ့အကြုံတွေကို Alternative တွေအတွက် အသုံးမချနိုင်ပါဘူး။ အခြားအဆက် အသွယ်တွေနဲ့ ၀င်လာကြရင် သက်ဆိုင်ရာတာဝန်ရှိသူတွေက နိုင်ငံတကာအဆင့်မှီ စည်းမျဉ်းစည်းကမ်း တွေနဲ့ ထိန်းချုပ်နိုင် ဖို့လိုပါတယ်။ 

စေတနာတွေကနေ သောမနဿ ဝေဒနာဖြစ်အောင် ပြောင်းချင်လို့ နေ့တစ်ဝက် အကုန်ခံပြီး တတ်သလောက် မှတ်သလောက် ရေးသားတင်ပြ လိုက်ပါတယ်။ စာဖတ်သူတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။


စံပယ်ဖြူ
၁၂၊ ၀၅၊ ၂၀၁၃



စာကြွင်း။ ။ သုတေသန အထောက်အထားများအရ တရုတ်အပ်စိုက်ကုထုံးသည် ဘေးထွက်ဆိုးကျိုးမရှိ၊ နာကျင်ကိုက်ခဲမှုဝေဒနာ၊ လေဖြတ်ရောဂါနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများနှင့် နာတာရှည်ရောဂါသည် များတွင်ဖြစ်လေ့ရှိသော ရောဂါလက္ခာများကို သက်သာပျောက်ကင်းစေသည်။
 

No comments:

Post a Comment