Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Tuesday 1 November 2016

ဒီမိုကရေစီကို နားလည်ကြည့်ခြင်း


ဒီမိုကရေစီစနှစ်နဲ့ ပတ်သက်လို့ ကျွန်မ မှတ်သားနားလည်ထားတဲ့ အခြေခံသဘောတရားတွေကို ကိုယ်ပိုင်အတွေးနဲ့ ပေါင်းစပ်ပြီး စာတပုဒ်ရေးလိုက် ပါတယ်။ ဒီစာကို ရေးတဲ့အခါမှာ နိုင်ငံရေးကို ကျွမ်းကျင်သူအနေနဲ့ ရေးခြင်းမဟုတ်၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သာမန်ပြည်သူ တယောက်အနေနဲ့ ရေးတဲ့စာလို့ မှတ်ယူစေချင် ပါတယ်။
ဒီမိုကရေစီဆိုတဲ့ စကားကို ၁၉၈၈ အရေးအခင်းမှာ စပြီးကြားဖူးခဲ့ပေမဲ့ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိခဲ့ ပါဘူး။ ဘာမှန်းမသိဘဲ နေလာရင်း ဆယ်တန်းရောက်တော့ မြန်မာစာဆရာက စာသင်ရင်း၊ ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးခွန်းတခုမေး ပါတယ်။ ကျောင်းစာကလွဲရင် ဘာမှမသိတဲ့ ကျွန်မ ဆရာ့အမေးကို မဖြေနိုင်ဘဲ ပါးစပ် အဟောင်းသားနဲ့ နေခဲ့ရပါတယ်။ အတန်းထဲက ယောက်ျားလေး သူငယ်ချင်းယောက်က ထဖြေပါတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိပြီး၊ အစိုးရကို ပြည်သူများက လွတ်လပ်စွာ ရွေးချယ်တင်မြောက် တဲ့စနစ် လို့ဖြေပါတယ်။ ကျွန်မလား ဘာမှမသိတဲ့ နလပိန်းတုံးဆိုတော့ ဖြေနိုင်တဲ့ သူငယ်ချင်းကို စိတ်ထဲက ချီးကျူး လိုက်ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းအောင်၊ ဘွဲ့ရလို့ လုပ်ငန်းခွင် ၀င်တဲ့အချိန်တွေအထိ ဒီမိုကရေစီအကြောင်း သေချာ နားမလည်ခဲ့သလို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။
နိုင်ငံခြားကို ထွက်လာပြီးတဲ့ နောက်ပိုင်း အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးဖြစ်တဲ့အတွက် အင်တာနက်က သတင်းတွေ၊ ဘလော့ဂါတွေရေးတဲ့ စာတွေကို ဖတ်မိရာက နိုင်ငံရေး အခြေအနေတွေကို စိတ်ဝင်တစား လေ့လာဖြစ်ခဲ့ပါတယ်။ အိပ်ပျော်နေတဲ့ ကျွန်မတို့လို လူတစုကို လှုပ်နိုးပေးခဲ့တဲ့ ဘလော့ဂါတွေကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေး ရေချိန်မြင့်ခဲ့တာကို သိပ်ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားလာတယ်၊ မြန်မာပြည်ကို ပြောင်းလဲ တိုးတက်စေချင်တယ်ဆိုတော့ နိုင်ငံရေးအကြောင်းနဲ့ ဒီမိုကရေစီ သဘောတရားကို လက်လှမ်း မှီသလောက် လေ့လာခဲ့ပါတယ်။ ကိုယ်တိုင် နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ချက် မရှိပေမဲ့၊ ခေါင်းဆောင်ကောင်းတွေကို ၀န်းရံ အားပေးနိုင်ဖို့ လေ့လာခြင်း ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့လူတိုင်း အခြေခံနိုင်ငံရေး သဘောတရားတွေကို နားလည်ထားသင့် ပါတယ်။
ဒီမိုကရေစီစနစ်မှာ  သိပ်ကိုအနှစ်သာရရှိတဲ့ အခြေခံသဘောတရားတွေ ရှိပါတယ်။ နိုင်ငံရေး တိုင်းပြည်အရေးတွေမှာ နိုင်ငံသားတွေအားလုံး ပါဝင်ခြင်း၊ နိုင်ငံသားအားလုံး တန်းတူ အခွင့်အရေးရှိခြင်း၊ လူ့အခွင့်အရေးကို   လေးစားလိုက်နာခြင်း၊ နိုင်ငံအရေး အမြင်မတူမှုများကို နားလည်သီးခံနိုင်စွမ်းရှိခြင်း၊ ရွေးကောက်ခံ ပုဂ္ဂိုလ်များက တာဝန်ခံမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း၊ သတ်မှတ်ထားသော အချိန်ကာလတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ပေါင်းစုံပါဝင်ခြင်း၊ စီးပွားရေး လွတ်လပ်ခွင့်ရှိခြင်း၊ အာဏာကို အလွဲသုံးစားပြုမှုနှင့် အကျင့်ပျက် ခြစားမှုကို ထိန်းချုပ်နိုင်ခြင်းနဲ့ တရားဥပဒေ စိုးမိုးခြင်း စတဲ့ ဒီမိုကရေစီ အခြေခံသဘောတရားတွေ ရှိပါတယ်။

နိုင်ငံသားအားလုံး ပါဝင်တယ်ဆိုရာမှာ မိမိတို့ ယုံကြည်တဲ့ နိုင်ငံရေးပါတီကို ရွေးကောက်တင်မြောက်ခြင်း၊တိုင်းပြည်ရဲ့ အရေးကြီးကိစ္စရပ်တွေ (ဥပမာ- မြစ်ဆုံစီမံကိန်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ)မှာ သဘောထား ခံယူချက်ပေးခြင်း၊ ပရဟိတနဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ ပါဝင်အကျိုးပြုခြင်းတွေအပြင်၊ တိုင်းပြည်အတွက် အခွန်ပေးဆောင်ခြင်းတွေ အားလုံးပါဝင်ပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတွေရဲ့ မွေးရာပါအခွင့်အရေး ရပိုင်ခွင့်တွေနဲ့အ တူ မွေးရာပါတာဝန်တွေလည်း ရှိနေပါတယ်။ တာဝန်မယူလိုပဲ အခွင့်အရေးကိုပဲ တောင်းဆိုနေလို့ မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီစနစ်ကို လိုလားတယ်ဆိုရင် နိုင်ငံသားအခွင့်အရေးကို ရအောင်ယူတတ်ရမယ်၊ နိုင်ငံသားတယာက်ရဲ့ တာဝန်ကိုလဲ ကျေပွန်ရပါမယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အေးချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ဆိုရင် နိုင်ငံသားတွေ တာဝန်ယူတတ်တဲ့ အကျင့်တွေ ရှိမှဖြစ်နိုင်ပါတယ်။
ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံမှာ နိုင်ငံသားအခွင့်အရေးကို အားလုံးတန်းတူ ရကြပါတယ်။ လူမျိုး၊ ဘာသာ၊ အသားအရောင် ခွဲခြားတာတွေ မရှိရပါဘူး။ လူကို လူလို တန်ဖိုးထားပြီး၊ နိုင်ငံသားအားလုံးကို တန်းတူ တန်ဖိုးထား လေးစားချစ်ခင်ရမှာ ဖြစ်ပါတယ်။ ဆူကြုံ နိမ့်မြင့် အလွှာအသီးသီးက လူသားတဦးစီတိုင်းရဲ့ ဂုဏ်သိက္ခာကို လေးစားလျှက် အခွင့်အရေးကို သာတူညီမျှ ခံစားခွင့်ရှိခြင်းဟာ ဒီမိုကရေစီ ယဉ်ကျေးမှု ဖြစ်ပါတယ်။ နိုင်ငံသား တဦးချင်စီရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို အလေးထား ကာကွယ်စောင့်ထိန်း ကြရမယ်။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေး၍ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်မာရေးစောင့်မှု ခံရခွင့်၊ မတရား ညှည်းပန်း နှိပ်စက်ခံရခြင်းမှ ကင်းလွတ်ခွင့်၊ ကျွန်ပြုခိုင်းစေခြင်းမှ ကင်းလွတ်ခွင့်၊ အသက်အိုးအိမ် စည်းစိမ် ဥစ္စာများကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှု ရပိုင်ခွင့် စတဲ့အခြေခံ လူ့အခွင့်အရေးတွေ ရှိပါတယ်။ မိမိကိုယ်တိုင် ဒီအခွင့်အရေးတွေ ရပိုင်ခွင့်ရှိသလို နိုင်ငံအတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသား  ပြည်သူတွေ အားလုံးလည်း တန်းတူအခွင့်အရေး ရခွင့်ရှိပါတယ်။
ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံရေး အမြင်မတူမှုများကို နားလည်သီးခံနိုင်မှု (political tolerance) ရှိဖို့ လိုပါတယ်။ လူများစု သဘောတူညီချက်နဲ့ စီမံအုပ်ချုပ်ရာမှာ လူနည်းစုရဲ့ အခွင့်အရေးနဲ့ သူတို့အမြင်ကိုလည်း ထည့်သွင်းစဉ်းစား အလေးထားဖို့လိုပါတယ်။ ဒီမိုကရေစီရဲ့ အဓိကရည်မှန်းချက်ပန်းတိုင်ဟာ လူ့ပတ်ဝန်းကျင်အတွက် အကောင်းဆုံးနဲ့ သင့်မြတ်လျော်ကန်ဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်ပြီး၊ ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်ကို တည်ဆောက်ဖို့သာ ဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာ အင်အားကြီးတဲ့ လူများစုက လူနည်းစုကို အနိုင်ကျင့် လျစ်လျှူရှုတာတွေ မလုပ်ရပါဘူး။ ထို့အတူပဲ သဘောထားအမြင်မတူတဲ့ သူတွေကို ရန်သူလို့ သဘောမထားပဲ အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်း အဖြေရှာရင်း အတူလက်တွဲနေနိုင်ဖို့ လိုပါတယ်။ အမြင်ချင်းမတူလို့ အပြန်အလှန် ထိုးနှက်တိုက်ခိုက်နေကြမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်း တွေကြည့်မယ်ဆိုရင် ဒီမိုကရေစီဆိုတာ တမိုးအောက်မှာ ရှိနေတဲ့လူတွေ အတူလက်တွဲ နေထိုင်ကြတဲ့   ဖြစ်စဉ်တခုပါ။ အချင်းချင်း တိုင်ပင်ညှိနိုင်းရင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ စိတ်ဘသ၀င်မကျတာတွေကို သီးခံအလျှော့ပေးရင်း သာလှည့်နာတလှည့် လိုက်လျောညီထွေ နေထိုင်တဲ့ လူနေမှုအနုပညာလို့ ဆိုနိုင်ပါတယ်။
ဒီမိုကရေစီစနစ် ထွန်းကားဖို့ဆိုရင် တရားဥပဒေ စိုးမိုးမှု ရှိရမယ်။လွှတ်တော်က အတည်ပြု ပြဌာန်းထားတဲ့ ဥပဒေကို နိုင်ငံတော် သမ္မတအပါအ၀င် နိုင်ငံသားအားလုံးက တပြေးညီ လေးစားလိုက်နာရမယ်။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဘူး။ ဥပဒေကို မလိုက်နာရင် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကို အားလုံးတပြေးညီ ခံယူရမယ်။ ထို့အတူ ဥပဒေ ရေးဆွဲရာမှာ တရားမျှတမှုပြီး၊ လူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှုပေးတဲ့ ဥပဒေမျိုး ဖြစ်ဖို့လိုပါတယ်။ နိုင်ငံသားအားလုံး တရားဥပဒေရဲ့ အကာအကွယ်အောက်မှာ လုံခြုံမှု ရှိဖို့လိုအပ်ပါတယ်။
ဒီမိုကရေစီစနစ်ထွန်းကားရင် နိုင်ငံသားတွေ လွတ်လပ်မှုနဲ့ လုံခြုံမှုအပြည့်ရှိတယ်။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်သင်ကြားခွင့်တွေရှိသလို မိမိဝါသနာပါရာ အလုပ်ကို လွတ်လပ်စွာ ရွေးချယ်အသက်မွေး ခွင့်တွေရှိတယ်။ လွတ်လပ်တဲ့ အတွေးအခေါ်တွေ ရှင်သန်ဖွံ့ဖြိုးတဲ့အတွက် တီထွင်ကြံဆမှုတွေ အတွေးအခေါ်တွေ မြင့်ကြတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုမှာ လွတ်လပ်မှုနဲ့ တာဝန်က အတူရှိနေပါတယ် (Freedom comes together with responsibility)။ ထို့အတူပဲ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုရာမှာ မိမိရဲ့ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ပြောခွင့်ရေးခွင့်ရှိတယ်။ မိမိပြောဆိုရေးသားတဲ့အပေါ် ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားလုပ်ပြီး မမှန်တဲ့သတင်းရေးခြင်း၊ လူတဦးတယောက်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ကြံသတင်းရေးခြင်း၊ လူမျိုးရေး ဘာသားရေး အမုန်းပွားမှုတွေဖြစ်အောင် လှုံ့ဆော်ရေးသားမှုတွေကိုတော့ ဥပဒေနဲ့ ကန့်သတ်ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ လူတယောက်က နိုင်ငံအကြီးအကဲ တယောက်ရဲ့ လုပ်ဆောင်ချက်ကို သဘောမတူရင် သဘောမတူဘူးလို့ ပြောခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ်သဘောမကျတဲ့ နိုင်ငံအကြီးအကဲကို လုပ်ကြံဖို့အထိ ပြောဆိုကြံစည်လာရင် ရာဇ၀တ်မှု မြောက်သွားပါတယ်။
ဒီမိုကရေစီတိုင်းပြည်တခုမှာ စစ်တပ်က တိုင်းပြည်ကို ကာကွယ်ဖို့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံရေးပါတီ သို့မဟုတ် အဖွဲ့အစည်း တခုခုကို ကိုယ်စားပြု အထောက်အပံ့ ပေးရန်မဟုတ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေမှာ စစ်တပ်အကြီးအကဲတွေက အကြံပြုဆွေးနွေးမှုတွေပေးနိုင်ပေမဲ့ အစိုးရကသာ အတည်ပြုဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။ စစ်တပ်က တိုင်းပြည်ရဲ့ အကာအကွယ် အုတ်တံတိုင်း တခုလို ရှိနေရမှာဖြစ်ပြီး၊ အခြားဌာနဆိုင်ရာ အမှုထမ်းတွေလို ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို တာဝန်ခံရမယ်၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သစ္စာစောင့်သိရပါမယ်။ စစ်တပ်က တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို လွှမ်းမိုးချုပ်ကိုင်ခွင့် မရှိရပါဘူး။
ပြည်သူတွေ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရအဖွဲ့ဟာ မိမိတို့ရဲ့ ဆောင်ရွက်ချက် အားလုံးအပေါ် တာဝန်ယူရပါမယ်။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီဖို့လိုပါတယ်။ ထို့အတူပဲ တိုင်းပြည်ထဲမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေမှန်သမျှကို ပြည်သူတွေက ပွင့်ပွင့်လင်းလင်း သိမြင်ခွင့်ဆိုတဲ့ ပွင့်လင်းမြင်သာမှု (transparency) ရှိရမယ်။ သတင်းစာ မီဒီယာတွေက သတင်းအမှန်ကို ရေးသားဖော်ထုတ်ခွင့် ရှိသလို ပြည်သူတွေကလည်း သတင်းအမှန်ကို သိခွင့်ရှိတယ်။ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အစိုးရဖြစ်ဖို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို အပြည့်အ၀ ရဖို့လိုပါတယ်။ လုပ်ပိုင်အာဏာ အပြည့်အ၀ မရှိပဲ တာဝန်ခံပေးရုံ ဆိုရင်တော့ အစိုးရအဖွဲ့ကို အနိုင်ကျင့်နေခြင်းသာ ဖြစ်လိမ့်မယ်။
မြန်မာပြည်မှာ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အစိုးရသစ်တက်လာတယ်။ သို့သော် အခြေခံဥပဒေအရ လွတ်တော်မှာ စစ်တပ်က ၂၅% နေရာယူ ထားတယ်။ စစ်တပ်က အရာရှိအများစု နေရာယူထားတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြည်နယ်နဲ့တိုင်း ၀န်ကြီးတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာမရှိပဲ စစ်တပ်ကခန့်ထားတဲ့ ပြည်ထဲရေး ၀န်ကြီးလက်အောက်မှာ ရှိနေတယ်။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို စစ်တပ်က ချုပ်ကိုင်ခွင့်  ပေးထာတဲ့ အခြေခံဥပဒေအောက်မှာ ကျွန်မတို့ ပြည်သူတွေရထားတာ ဒီမိုကရေစီ အတုအယောင် (pseudo democracy) လို့ဆိုရင် မလွန်ဘူးထင်ပါတယ်။ သြဇာအာဏာ အပြည့်အ၀မရှိပဲ မနိုင်ဝန်ထမ်းနေရတဲ့ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ကြတဲ့အခါ ရှုထော့င်ပေါင်းစုံကနေ ကြည့်ပြီးဝေဖန်သင့်ပါတယ်။ ပြည်သူထောက်ခံအား ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အပြစ်ရှာ ဝေဖန်နေကြမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။
ဒီမိုကရေစီစနစ် အောင်မြင်ဖို့ဆိုရင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အခြေခံဥပဒေ ရှိဖို့လိုတယ်။ အစိုးရရဲ့ ခေါင်းဆောင်မှု အရည်အချင်းရှိ ဖို့လိုတယ်။ ဘက်မလိုက်ပဲ ဝေဖန်တယ်ဆိုသော သတင်းမီဒီယာတွေက အစိုးရနဲ့ ပြည်သူတွေအပေါ် ရိုးသားဖို့လိုပါတယ်။ ပြည်သူတွေကိုယ်စား ပြည်သူ့အသံကို ဖွင့်ဟရေးသားပါတယ်ဆိုရင် ပြည်သူ့ သဘောထားအမှန်ကိုသာ ရေးသင့်ပါတယ်။ အစိုးရကို စောင့်ကြည့်ရမဲ့  ပြည်သူတွေအနေနဲ့ အကြားအမြင် ဗဟုသုတရှိပြီး၊ အမှားအမှန်ကို ပိုင်းခြားနိုင်တဲ့ ဥာဏ်ပညာ ရှိဖို့လိုတယ်။ ပြည်သူတွေ မျက်စိလည်အောင်၊ ခံယူချက်တွေေ၀၀ါးသွားအောင် ၀ါဒဖြန့်မှုတွေအပေါ် အလွယ်တကူ လက်မခံပဲ ဆင်ခြင်သုံးသပ်နိုင်ရမယ်။ စိတ်ခံစားချက်ကို ရှေ့တန်းမတင်ပဲ တည်ငြိမ်ရင့်ကျက်တဲ့ စိတ်သဘောထားတွေ  မွေးမြူရမယ်။ မျက်တောင်မွှေးတဆုံးကို မကြည့်ပဲ ရေရှည်အကျိုးကို မျှော်ကြည့်နိုင်တဲ့ အရည်အချင်းတွေ လိုအပ်ပါတယ်။ ပြည်သူတွေက အစိုးရရဲ့ ခေါင်းဆောင်မှု အရည်အချင်းကို အားကိုးရမှာ ဖြစ်သလို၊ အစိုးရက ပြည်သူတွေရဲ့ စောင့်ကြည့် အကဲခတ်နိုင်တဲ့ အရည်အချင်းကို အားကိုးပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ဆောင်ရွက် ရမှာဖြစ်ပါတယ်။
မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ထွန်းကားဖို့ လိုအပ်ချက်တွေ မပြည်စုံသေးတာကို ကျွန်မတို့ ပြည်သူတွေ ကောင်းစွာ သဘောပေါက်စေချင်လို့ ဒီစာကို နားလည်လွယ်အောင် ကြိုးစားရေးလိုက်ပါတယ်။ ရှေ့ဆက်ရမဲ့ ခရီးရှည်ကြီးမှာ ပြည်တွေရဲ့ အရည်အချင်း၊ ခေါင်းဆောင်ကောင်းကို အားပေးထောက်ခံရမဲ့ ကျွန်မတို့ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီးပါတယ်။ ကိုယ့်မြေ ကိုယ့်တိုင်းပြည်ကို ငြိမ်းချမ်းသာယာစေချင်တဲ့ ကျွန်မတို့ တိုင်းရင်းသား ညီအကို မောင်နှမတွေရဲ့ စိတ်ဆန္ဒတွေ ပြည့်ဝဖို့၊ ကျွန်မတို့ ပြည်သူတွေကိုယ်တိုင် ဥာဏ်ပညာနဲ့ ရင့်ကျက်မှုတွေနဲ့ စုပေါင်းညီညာစွာ ပန်းတိုင်ကို အတူလျှောက်လှမ်းရမှာ ဖြစ်ပါတယ်။ စိတ်သဘောထား ကြီးမြတ်ခြင်းများနဲ့ နိုင်ငံသား အခွင့်အရေးနဲ့ တာဝန်ကို ရယူထမ်းဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။


စံပယ်ဖြူ

No comments:

Post a Comment