နှလုံးလှ ပရဟိတလူငယ်များ
သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) ရန်ပုံငွေအဖြစ် ကျင်းပသော (၆၆)ကြိမ်မြောက် အာဇာနည်နေ့
အထိမ်းအမှတ် စာပေဟောပြောပွဲကို ဇူလိုင်လ (၁၄)ရက်နေ့တွင် SM ခန်းမ၌ ကျင်းပခဲ့ပါသည်။
ရန်ကုန် နာရေးကူညီမှုအသင်း ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့မှ လာရောက်ဟောပြောခဲ့
ပါသည်။ အခမ်းအနား မစတင်မှီ ဗိုလ်ချုပ်အောင်ဆန်းနှင့်အကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို
အလေးပြုပြီး၊ နိုင်ငံတော်သီချင်းကို သီိဆိုကြသည်။
ပညာတန်ခိုးနှင့် ပရဟိတလူမျိုးခေါင်းစဉ်ဖြင့်
ကိုဂျင်မှီမှ ပထမဆုံးဟောပြော ပါသည်။ စာပေဟောပြောပွဲသှို့ တက်ရောက်လာကြသော ပုရိတ်သတ်များကို
ကိုဂျင်မီက ရင်ထဲကလာသော စကားဖြင့် မင်္ဂလာပါဟု လှိုက်လှိုက်လှဲလှဲနုတ်ဆက်၍ ဟောပြောပွဲကို
စတင်ပါသည်။ ဟောပြောကျင်းပရန် (၄)လခန့် ကြိုတင်ပြင်ထား ခဲ့သော်လည်း လတ်တလော ဖြစ်ပေါ်နေသော
အခြေအနေများကြောင့် လာရန်သင့်မသင့် စုံးစမ်းခဲ့ရပါသည်။ မလေးရှားအဖွဲ့များက ယခုလိုအခြေအနေမျိုးတွင်
လာရန်ပို၍လိုအပ်ကြောင်း ပြောသဖြင့် လာခဲ့ကြပါသည်။ ပြည်ပရောက်မြန်မာများအတွက် ခွန်များမျှဝေပေးရန်
ရောက်လာခြင်းဖြစ်သည်။
မြန်မာလူမျိုးများသည်
ပညာကိုတန်ဖိုးထား၍ ပရဟိတကို မြတ်နိုးသော လူမျိုးဖြစ်သည်။ ပညာတန်ခိုးနှင့် ပရဟိတ လူမျိုးသာလျှင်
ကမ္ဘာမှာ အထက်တန်းသို့ ရောက်နိုင်သည်။ မြန်မာတို့သည် ပညာကို တန်ဖိုးထားပါလျှက် ပရဟိတကို
မြတ်နိုးပါလျှက် အောက်ကျနောက်ကျ ဖြစ်နေရခြင်းမှာ နှစ်ပေါင်းငါးဆယ်ကျော် ရက်ရက်စက်စက်
ဖျက်ဆီးခံ ခဲ့ရသောကြောင့် ဖြစ်သည်။ ပညာဆိုသည်မှာ အမှန်တရားကို ထိုးထွင်းသိမြင်နိုင်ခြင်းကို
ဆိုလိုသည်။ ပညာဟုဆိုလျှင် အတန်းပညာနှင့် မပြီး၊ အတန်းပညာသည် အမှန်တရားကို ထိုးထွင်းသိမြင်နိုင်ရန်
အထောက်အကူ ပြုသည်။ အခြေခံပညာ အားနည်းသည့်အခါ အမှန်ကိုသိခွင့်မရ၊ လမ်းလွဲသွားကြသည်။
၁၉၈၈ ၀န်းကျင်က ပညာရေးသည် ယခုအချိန်ထက်စာလျှင် မဆိုးသေးဟုဆိုနိုင်သော်လည်း၊ ထိုအချိန်ကတည်းက
သင်ထောက်ကူ ပစ္စည်းများ မလုံလောက်ခြင်း၊ လက်တွေ့လေ့လာရန်လိုအပ်သော ပစ္စည်းကိရိယာများ
ပျက်စီးယိုယွင်းနေခြင်းတို့ကြောင့် ထိရောက်စွာ သင်ကြားခွင့်မရခဲ့သည့် တက္ကသိုလ်ကျောင်းက
အတွေ့အကြုံများကို ပြောပြခဲ့ပါသည်။ သိပ္ပံပညာရှင် ဖြစ်ချင်သောကြောင့် ရူပဗေဒ ဘာသာရပ်ကို
သင်ယူခဲ့သော ကိုဂျင်မီသည် ရည်းမှန်းချက်နှင့် ဝေးခဲ့ရသည်။
အခြေခံပညာအားနည်း၍
အမှန်တရားကို သိခွင့်မရသော မြန်မာပြည်သူများသည် အကြောက်တရားများကြောင့် အမှန်ကိုထုတ်
မပြောရဲကြပေ။ အကြောက်တရားတွင် ရိုးသားသော အကြောက်တရားနှင့် မရိုးသားသော အကြောက်တရားဟူ၍
နှစ်မျိုးရှိသည်။ မိမိဆွေမျိုး အသိုင်းအ၀ိုင်း ထိခိုက်နစ်နာမည်ကို စိုးရိမ်၍ကြောက်ခြင်းသည်
ရိုးသားသော အကြောက်တရားဖြစ်သည်။ မိမိကြီးပွားချမ်းသာရေးအတွက် အထက်ဖား အောက်ဖိလုပ်ခြင်းသည်
မရိုးသားသော ကြောက်ခြင်းဖြစ်သည်။ အမှန်တရားကို မြတ်နိုးသော မြန်မာလူမျိုးများသည် အမှန်တရားကို
ပြခွင့်မရပါက နှလုံးသားထဲတွင် သိမ်းဆည်းထားပြီး၊ အခွင့်အရေးရပါက အမှန်ကို ထုတ်ဖော်ပြောကြသည်။ ၈၈ အရေးအခင်းကြီးသည် အမှန်ကို ထုတ်ဖော်ပြသော
သာဓကဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် အခွင့်အရေးရခိုက် အမှန်တရားကို ပြလိုက်ခြင်း
ဖြစ်သည်။ မကြာသေးခင် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည်လည်း အမှန်တရားကို ဖွင့်ပြလိုက်ခြင်းဖြစ်သည်။
အမှန်တရားကို မြတ်နိုးစိတ်၊
ကိုယ်မှတပါး တခြားသူကို စောင့်ရှောက်တတ်သော ပရဟိတစိတ်ထားများသည် ဘိုးစဉ်ဘောင်ဆက်က ရှိခဲ့ကြသည်။
ရေချမ်းအိုးစဉ် တည်ခြင်းကစ၍ သူတပါးအကျိုးကို လိုလားတတ်သော မြန်မာများဖြစ်သည်။ ပရဟိတတွင်
I (ငါ) ကိုမသုံးပဲ၊ we (ငါတို့) ဟုသာသုံးသည်။ အာဏာရှင်များက I ကို ကြီးထွားအောင်လုပ်သည်။
We ဆိုသော အသုံးအနှုန်းကို မကြိုက်၊ အုပ်စုဖွဲ့ဖြင်းကို မလိုလားပေ။ အာဏာရှင်သည် ဗုဒ္ဓဘာသာ၏
ရန်သူဖြစ်သည်။ လူငယ်များကို ပျိုးထောင်ရာတွင် တာဝန်ယူတတ်သော I ကို လေ့ကျင့်ပေးရင်း၊
ပရဟိတစိတ်ကို ပျိုးထောင်ပေးရန် လိုအပ်သည်။ ပညာတန်ခိုးဖြင့် ပရဟိတလူမျိုးများဖြစ်အောင်
ကြိုးစားကြရန် တိုက်တွန်း၍ နိဂုံးချုပ်ပါသည်။
ကိုဂျင်မီ ဟောပြောပြီးနောက်
ဆရာမဒေါ်သန်းမြင့်အောင်မှ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့်
ငြိမ်းချမ်းသော လူ့ဘောင် ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ငြိမ်းချမ်းသော လူ့ဘောင်ကို တည်ဆောက်ရန် အရပ်ဖက်လူ့အဖွဲ့အစည်း
ခိုင်ခိုင် မာမာရှိရန် လိုအပ်သည်ဟု နိဒါန်းချီ၍ မြန်မာပြည်လူထုကို တြိဂံပုံနှင့် နှိုင်းယှဉ်ပြခဲ့သည်။
တြိဂံ၏ ထိပ်ပိုင်းလေးသည် လူဦးရေအလွန်နဲသော အစိုးရ၊ အာဏာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်။
၎င်းထိပ်ပိုင်းမှ လူများသည် ပြည်သူလူထုဖက်ကို မျက်နှာမူရန်လိုအပ် ပါသည်။ လက်ရှိအာဏာရှင်များ
စီးပွားရေးလုပ်ငန်းရှင်များသည် ပြည်သူဖက် မျက်နှာမမူ၊ အင်မတန်ဆိုးရွားပါသည်။ တြိဂံ၏
အလယ်ပိုင်းတွင်မူ ပညာရှိ ပညာတတ်လူတန်းစားများ ရှိကြသည်။ ထိုပညာတတ် လူတန်းစားများသည်လည်း
ပြည်သူလူထုဖက်သို့ မျက်နှာမူရပါမည်။ ပညာတတ်များသည် ပြည်သူဖက်သို့ မျက်နှာမမူဘဲ အစိုးရဖက်သို့
မျက်နှာမူပါက အလွန်အန္တရာယ်ရှိပါသည်။ အစိုးရ၀န်ထမ်းများ ဖြစ်ကြသော အချို့ပညာရှိပညာတတ်များသည်
ပြည်သူဖက်သို့ မျက်နှာမူခွင့်မရသဖြင့် ပင်စင်ယူပြီးမှသာ ပြည်သူကို အကျိုးပြုနိုင်ကြသည်။
တြဂံအောက်ပိုင်းသည် အခြေခံလူထု ဖြစ်သည်။ ငြိမ်းချမ်းသော လူ့ဘောင်အတွက် ပရဟိတသမားတွေ
စေတနာတူရန်လိုအပ်သည်။ တရားမျှတ လွပ်လပ်ခြင်း ရှိရမည်။ အာဇာနည်များကို အားကျစိတ်နှင့်
အာဇာနည်စိတ်ဓာတ်များရှိရန် လူငယ်များကို လေ့ကျင့်သင်ကြားရမည်။ ငြိမ်းချမ်းသော လူ့ဘောင်
အဖွဲ့အစည်းကို စုပေါင်းတည်ဆောက်ကြရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။
စာရေးဆရာ မင်းကိုနိုင်မှ နောက်ဆုံးခံတပ်ဖြင့် ခုခံတော်လှန်ခြင်း ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။
အာဏာရှင်စနစ်ကို ဘယ်လိုခံတပ် ဘယ်လိုလက်နက်မျိုးဖြင့် ခုခံကြမလဲဆိုတာကို ၀ိုင်းဝန်းအဖြေရှာကြရန်
လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ပါသည်။ မြန်မာပြည်သူများသည် ဖျော်ဖြေရေးတွင် နစ်မြုပ်နေကြသည်။
အမျိုးသမီးများက ကိုရီးယားကားများနှင့် အချိန်ကုန်နေကြပြီး၊ အမျိုးသားများက ဘောလုံးပွဲများနှင့်
အချိန်ကုန် နေကြသည်ကို တွေ့ရသည်။ သို့အတွက် စာဖတ်ချိန်သွားသည်။ တွေးခေါ်နိုင်သော စွမ်းရည်များကျဆင်းလာသည်။
အကျိုးဆက်အနေဖြင့် ၀ါဒဖြန့်ချီရေးသမားတို့၏ နောက်လိုက်များ ဖြစ်ရတော့သည်။
ဆရာမင်းကိုနိုင်ကိုယ်တိုင်ပင်
ထောင်ထဲတွင်နှစ်ပေါင်းရှည်ကြာ နေခဲ့ရသောကြောင့် အပြင်လောကနှင့် ကင်းကွာနေခဲ့သဖြင့်
အတွေ့အကြုံများစွာ ရှိသူတွေက ၀ိုင်းဝန်းအကြံပေး ပူပေါင်းဆောင်ရွက်ကြရန် တောင်းဆိုပါသည်။
အပြင်လောကနှင့် ကင်းကွာခဲ့သဖြင့် ထောင်မှပြန်လွတ်လာသောအခါ ကြုံရသော အဖြစ်အပျက် အချို့ကို
ရယ်စရာနှော၍ ပြောပြခဲ့ပါသည်။ ထောင်မှထွက်လာခါစ ရှောပင်းစင်တာတွင် ဓာတ်လှေခါးစီးစဉ်
မီးပျက်၍ ဓာတ်လှေခါးရပ်သွားသည်ကို မသိလိုက်။ အခြားဓာတ်လှေခါးစီးသူများက ခြေထောက်နှင့်
ရှောက်တက်သွားသည်ကို သတိမပြုမိပဲ ဘာကြောင့်ထိုသူများက မိမိထက်အရင် အပေါ်သို့အရင်ရောက်ကြသလဲဟု
တွေးမိကြောင်း၊ အတူလိုက်လာသော ညီမများကပြောမှ မီးပျက်သဖြင့် ဓာတ်လှေခါး ရပ်သွားမှန်း
သိလိုက်ရသည်။ မြန်မာပြည်သည် မီးပျက်နေသဖြင့် နောက်ကျကျန်နေခဲ့ပြီး၊ သူများတွေက ကျော်တက်သွားခြင်း
ဖြစ်သည်ဟု ပြောပါသည်။
မြန်မာပြည်တွင် အကျင့်ပျက်ချစားနေသော
လာဒ်ပေးလာဒ်ယူမှုနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် ၀န်ထမ်းများ အကြားတွင်လည်းကောင်း၊ ၀န်ထမ်းအချင်းချင်း
ကြားတွင်လည်းကောင်း ယုံကြည်မှုများ ပျောက်ဆုံးနေကြသည့် အဖြစ်ကိုလည်း မြင်သာအောင် ပြောဟောခဲ့ပါသည်။
ရဲစခန်းတွင် ထောက်ခံစာလို ၍သွားတောင်းပါက ငွေပေးမှ အဆင်ပြေသည်။ ထိုသို့ထောက်ခံစာ တောင်းသူထဲတွင်
ကျောင်းဆရာမလည်း ပါနိုင်သည်။ ရဲဝန်းထမ်း၏ သားသမီးများကို ကျောင်းသွားအပ်သောအခါ ဆရာမကို
အလှူငွေပေးမှ အဆင်ပြေသည်။ ကျောင်းသားမိဘများတွင် ဆေးရုံဝန်ထမ်းများလည်း ပါဝင်သည်။ နေမကောင်း၍
ဆေးရုံသို့သွားပါက ငွေပေးမှကောင်းကောင်း ဆောင်ရွက်ပေး ကြသည်။ သည်လိုအကျင့်များကြောင့်
ပြည်သူများ၏ ယုံကြည်မှုကို မရကြတော့သည့်အဖြစ်ကို ဘုရားသခင်ထံမှ ပြန်စာ ဟုအမည်ရသော စာတစ်ပုဒ်အကြောင်း ပြောပြ၍ ဥပမာပေးခဲ့သည်။
ဘုရားသခင်ထံမှ ပြန်စာ ၀တ္ထုဇာတ်လမ်းထဲတွင် အဖိုးကြီးအဖွားကြီး လင်မယားနှစ်ယောက်က
ကောင်းကင်ဘုံသို့ လိပ်မူ၍ ဘုရားသခင်ထံ သို့စာရေးလိုက်သည်။ မိုးခေါင်၍ စပါးမစိုက်နိုင်သောကြောင့် စားစရာမရှိတော့ပါ၊ ငွေတစ်ရာလောက်
ချေးပေးပါရန် ဘုရားသခင်ထံ စာရေးလိုက်သည်။ စာတိုက်ဝန်ထမ်းများသည် ထိုစာကို ကောင်းကင်ဘုံသို့
ပို့ပေးရန်မဖြစ်နိုင်သဖြင့် စာပါအကြောင်းအရာကို ဖတ်ကြည့်သောအခါ အဖိုးအဖွား လင်မယားအား
ဂရုဏာဖြစ်ကြသဖြင့် အလှူငွေများစုပြီး စာတိုက်တဆင့် ငွေငါးဆယ် ပို့ပေးလိုက်သည်။ စာတိုက်မှပို့လိုက်သော
ငွေရသောအခါ အဖိုးကြီးက ၀မ်းသာအားရဖြင့် ဘုရားသခင်ပို့လိုက်သော ငွေရကြောင်း အဖွားကြီးကို
ပြောလိုက်၏။ အဖွားကြီးက ငွေငါးဆယ်သာရကြောင်း သိရသောအခါ ဘုရားသခင်က ပေးသောငွေတစ်ရာကို
စာတိုက် ၀န်ထမ်းများက ငါးဆယ်ဖြတ်ယူထားတယ်ဟု မကျေမနပ်ဆဲလိုက်သည်ဟု ရေးထားပါသည်။ ဖြတ်စားခြင်း၊
လာဒ်ယူခြင်းများ အကျင့်ဖြစ်နေသဖြင့် ပြည်သူများ၏ ယုံကြည်မှုမရတော့သည့် အခြေအနေကို သုံးသပ်ဟောပြော
ခဲ့ပါသည်။
ထိုအခြအနေများကို
ပြုပြင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ကြရမည်။ ပညာတတ်များ သတ္တိရှိရန်လိုအပ်သည်။ ပညာလူ့အဖွဲ့အစည်း
ဖြစ်ရန်လိုသည်။ ပညာလူ့အဖွဲ့အစည်း မဖြစ်ပါက လက်နက်အဖွဲ့အစည်း ဖြစ်သွားလိမ့်မည်။ နိုင်ငံတကာတွင်
မြန်မာအများစု နိမ့်ကျသောအလုပ်၊ အောက်ခြေအလုပ်များသာ လုပ်နေရခြင်းသည် ပညာမတတ်သော ကြောင့်ဖြစ်သည်။
ရုပ်ဝတ္ထုအရာတွင် နှောင့်နှေးနေသည်ကို မကြောက်ပါ၊ ကျွန်စိတ်ဖြင့် ကျိုးနွှံနေကြခြင်းကိုသာ
ကြောက်ပါသည်။ ပညာလူ့အဖွဲ့အစည်းဖြစ်အောင် ၀ိုင်းဝန်းကြိုးစားကြရန် တိုက်တွန်း၍ ဟောပြောပွဲကို
နိဂုံးချုပ်ခဲ့ ပါသည်။
မလေးရှားနိုင်ငံတွင်ထုတ်ဝေသော အပြင်စီးမဂ္ဂဇင်း သြဂုတ်လ ၂၀၁၃တွင် ဆရာဦးသက်ဆွေမှ ဖြည့်စွက်ရေးသား ဖော်ပြထားသည်။ မှတ်သားမိသမျှ ပြန်လည်ရေးသားရာတွင် မှားယွင်းမှု တစ်စုံတစ်ရာ ရှိနေပါလျှင် ဟောပြောသူများကို အနူးအညွှတ် တောင်းပန်အပ် ပါသည်။
No comments:
Post a Comment