Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Monday 23 February 2015

မြန်မာပြည်တခွင် ခရီးနှင်




 မြန်မာပြည် ပြန်ရောက်နေချိန် ကားစီး၊ ရထားစီရင်း လမ်းခရီးမှာ တွေ့ကြုံခဲ့သမျှကို ပြန်ပြီးဖောက်သယ်ချ လိုက်ပါတယ်။ မြန်မာပြည်တခွင်လို့ ဆိုပေမဲ့ ရန်ကုန်မြို့တွင်း လိုင်းကားစီးရတဲ့ အဖြစ်သနစ်တွေကို အဓိကရေးချင်တာပါ။ မန္တလေးခရီးစဉ်ကိုပါ ကြုံလို့ထည့်ရေးလိုက် ပါတယ်။ မြန်မာပြည်က နေ့စဉ် ခရီးသွား ပြည်သူများရဲ့ လက်တွေ့ခံဘ၀ ကိုယ်တွေ့ခံစားပြီး ပြန်လည်မျှဝေ လိုက်ပါတယ်။ 
 
ခရီးလမ်း အဆင်ပြေချောမွေ့ရေးဟာ အများပြည်သူတွေရဲ့ နေ့စဉ်ဘ၀အတွက် အရေးပါတဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။ ခရီးလမ်းအဆင်ပြေမှု ဆိုရာမှာ အချိန်လည်းမှန်၊ အန္တရာယ်ကင်းပြီး၊ သက်တောင့်သက်သာ ရှိဖို့လိုအပ်ပါတယ်။ အထူးသဖြင့် နေ့စဉ်အလုပ်သွား ကျောင်းသွားရတဲ့သူတွေ သက်တောင့်သက်သာရှိပြီး၊ အန္တရာယ်ကင်းစေချင် ပါတယ်။ ရန်ကုန်မြို့ကြီးမှာ အဲဒီလိုဖြစ်ဖို့ မျှော်လင့်ချက်က ကြာလေဝေးလေ ဖြစ်နေပါတယ်။ မနက်စောစောထ အလုပ်ကိုသွား၊ လမ်းမှာကားကကြပ် လမ်းကပိတ်၊ စိတ်ရှုပ် စိတ်ပျက်ရ။ တနေကုန် အလုပ်လုပ်ပြီး ညနေရောက်တော့ ကြပ်ညှပ်နေတဲ့ ကားကိုစီးပြီးပြန်ရ။ စိတ်ပန်း လူပန်းရတဲ့အထဲ ကားထဲမှာ အနံ့ပေါင်းစုံ။ တနေ့ရတဲ့ ၀င်ငွေနဲ့မတန်အောင် စိတ်အင်အား လူအင်အားတွေ ဆုံးရှုံးနေပါတယ်။ ဖုန်ပေါတဲ့ ရန်ကုန်မြို့မှာ ကားစီးရင်း ဖုန်ရှု။ မှတ်တိုင်မှာ ကားစောင့်ရင်းလည်း ဖုန်တွေက နှာခေါင်းထဲဝင်၊ မျက်လုံးထဲဝင်။ ညစ်ညမ်းတဲ့လေနဲ့ ဖုန်တွေကို နေ့စဉ်ရှု နေရတာ ကျန်းမာရေးထိခိုက်ပါတယ်။

ကျွန်မ ရန်ကုန်မြေကို စနင်းခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ ဟိုတုန်းကလိုင်းကားစီးတယ်။ ခုလည်း လိုင်းကားပဲ စီးပါတယ်။ မော်တော်ယာဉ် လိုင်းပေါင်းစုံရှိတဲ့ ရန်ကုန်မှာ ကျွန်မ မစီးဖူးတဲ့ ယာဉ်လိုင်း မရှိသလောက်ပါ။ ရွာကို ပြန်တဲ့အခါ ဒဂုန်ဧရာ အဝေးပြေးဝင်းကို သွားဖို့ဆိုရင် မထသ (၃၂)၊ (၃၆)၊ ရွှေဧည့်သည် (၂)ကို စီးရပါတယ်။ သက်တမ်းကြာမြင့်ပြီး၊ ခပ်ကြမ်းကြမ်း မရပ်မနားမောင်းခဲ့တဲ့ ကားတွေကို အစားထိုးခြင်း ပြုပြင်ခြင်း ရှိပုံမပေါ်။ ရွှေဧည့်သည် ကားပေါ်မှာဆို ထိုင်ခုံတွေက စုတ်ပြတ်နေပါတယ်။ အဲဒီထိုင်ခုံ အစုတ်တွေပေါ် ထိုင်စီးရတာ စိတ်ထဲ မအီမလည် ဖြစ်မိပါတယ်။ လိုင်းကားစီးတဲ့သူတွေက ထိုင်ခုံအစုတ်တွေနဲ့ပဲ တန်တယ်ထင်ပါရဲ့။ လူကိုလူလို တန်ဖိုးထားတတ်တဲ့ အကျင့်တွေ ပျောက်ဆုံးနေတဲ့ ကျွန်မတို့ တိုင်းပြည်မှာ လိုင်းကားစီးရတဲ့ လူတွေရဲ့ဘ၀က နှစ်ပြားတောင် မတန်သလို ခံစားရပါတယ်။