ဆရာပီမိုးနင်းရေးတဲ့ အချိန်နဲ့ချွေတာရေး စာအုပ်ကို လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေ ဖတ်ဖူးကြပါလိမ့်မယ်။ ပြောင်းလဲတိုးတက်နေတဲ့ ၂၁ရာစုက မျိုးဆက်သစ်တွေအတွက် အသုံးဝင်ဆဲ စာအုပ်ဖြစ်ပါတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေနောက် မနားတမ်းလိုက်ကြပြီး၊ ပျော်ရွှင်မှုကို အပြင်လောကမှာ လိုက်ရှာနေကြတဲ့သူတွေ ချွေတာရေးလမ်းစဉ်ကို ကျင့်သုံးနိုင်မှသာ ပျော်ရွှင်မှု အစစ်အမှန်ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ချွေတာရေး ဆိုတဲ့နေရာမှာ အချိန်၊ ငွေကြေးနဲ့ သဘာဝအရင်းအမြစ်တွေ အားလုံးကို အလေအလွင့်မရှိအောင် သုံးစွဲကြဖို့ ဖြစ်ပါတယ်။
အရေးကြီးဆုံးဖြစ်တဲ့
အချိန်ရဲ့ အဖိုးတန်ပုံကို မသိတဲ့သူလူ ရှိမယ်မထင်ဘူး။ သိသိကြီးနဲ့ ကျွန်မတို့ အချိန်တွေ
ဖြုန်းနေကြပါတယ်။ ကျွန်မတို့ တခါတလေ ပျင်းနေကြတယ်၊ တွေဝေကြတယ်။ စိတ်လေလွင့်ပြီး အချိန်ဖြုန်းမိ
တာတွေရှိတယ်။ ဆရာပီမိုးနင်းက အချိန်အတိုအစလေးတွေကအစ အလဟသဖြစ်မသွားအောင် သုံးသင့် တယ်လို့
ရေးထားပါတယ်။ ဥပမာ ရထားစီးရင်း၊ ကားစောင့်ရင်း ဘာဝနာပွားနေမယ်ဆိုရင် အဲဒီအချိန် အတိုအစလေးတွေက
အကျိုးရှိရှိ ကုန်သွားပါတယ်။ အချိန်တိုင်း နေ့တိုင်း ကုသိုလ်၊ပညာ၊ဥစ္စာ တခုခုကို ရအောင်ယူမယ်လို့
သံဋိဓ္ဓာန်ချပြီး၊ မဖြစ်မနေ ရအောင်ကြိုးစား ကြဖို့လိုပါတယ်။ အကျိုးရှိရှိကုန်သွားတဲ့
နေ့ရက်မျိုးမှာဆိုရင် ကိုယ့်ကိုကိုယ် အားရကျေနပ်ပြီး၊ ယုံကြည်မှုတွေ တိုးလာပါတယ်။ အဲဒီလိုနေ့ရက်
တွေများလာရင် ယုံကြည်မှုတွေ ပြည့်လျှံလာပြီး၊ ကျေနပ်ပျော်ရွှင်ရတဲ့ နေ့တွေများလာမှာပါ။
ကုန်သွားတဲ့ အချိန်တိုင်းဟာ မိမိအတွက် သို့မဟုတ် တစုံတယောက်အတွက် အကျိုးရှိတာမျိုးဖြစ်အောင်
ကြိုးစားရင်း ကျွန်မတို့ ၀ီရိယပါရမီ ဖြည့်ကျင့်သင့်ပါတယ်။
အချိန်ကို
အသုံးချတဲ့ အခါမှာလဲ အိပ်ချိန်၊ နားချိန်၊ အလုပ်လုပ်ချိန်ကို မျှတအောင်သုံးဖို့လိုပါတယ်။
အထူးသဖြင့် အိပ်ချိန်မှန်ဖို့လိုပါတယ်။ ညဥ့်နက်သန်းခေါင်ကျော်တဲ့အထိ မအိပ်မနေ အင်တာနက်နဲ့
ဖေ့ဘွတ်ကို သုံးနေကြတာတွေဟာလည်း မလိုလားအပ်တဲ့ အချိန်ဖြုန်းခြင်းတွေ ဖြစ်ပါတယ်။ အင်တာနက်မှာ
စာဖတ်ချင်လို့၊ ပညာသင်ချင်လို့ဆိုရင်လည်း၊ လူတယောက်အတွက် လိုအပ်တဲ့အိပ်ချိန်ပြည့်အောင်
အိပ်စက် အနားယူ ရမှာဖြစ်ပါတယ်။ အိပ်ချိန်တန်အိပ်၊ နားချိန်တန်နားမှာသာ နောက်တနေ့ မိုးလင်းရင်
လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင်မှာဖြစ်လို့ အလုပ်တွင်ကျယ် ပါတယ်။ တခြားနည်းလမ်းတွေနဲ့
အချိန်ဖြုန်းတတ်တဲ့ အကျင့်တွေရှိနေရင် အဲဒီအကျင့်တွေကို ပျောက်အောင်ကြိုးစား ပြုပြင်သင့်ပါတယ်။
အချိန်ကို ကောင်းကောင်း အသုံးချတတ်သူတွေဟာ ဘ၀မှာ အနည်းနဲ့အများ အောင်မြင်မှုရကြသလို
ပျော်ရွှင်မှုကို အတိုင်းအတာ တခုလောက် ရရှိသူတွေ ဖြစ်ပါတယ်။
အချိန်ကို
အကျိုးရှိရှိသုံးဖို့ လိုအပ်သလို ငွေကိုချွေတာသုံဖို့လည်း အရေးကြီးပါတယ်။ လိုချင်စရာတွေ
များစွာရှိ နေတဲ့ ခေတ်အခါကြီးမှာ ငွေကိုချွေတာသုံးစွဲနိုင်တာတောင် တော်ရုံမကျပါဘူး။
ဝင်ငွေနဲ့မမျှလို့ အားမတန်ရင် လိုချင်ရချင်တဲ့ စိတ်ဆန္ဒကို ချိုးနှိမ်နိုင်ဖို့လည်း
လိုအပ်ပါတယ်။ တတ်နိုင်လို့ ပစ္စည်းတခု ၀ယ်တော့မယ်ဆိုရင် ကိုယ့်အတွက် တကယ်လိုအပ်သလား၊
ဝယ်ပြီးရင် တကယ်သုံးဖြစ်မှာလားဆိုတာကို သေသေချာချာ စဉ်းစား ပြီးမှ ၀ယ်သင့်ပါတယ်။ ၀ယ်ပြီးမှ
မကြိုက်လို့၊ အသုံးမ၀င်လို့ ချောင်ထိုးထားရင် ကုန်သွားတဲ့ငွေတွေ အလကား ဖြစ်သွားတာ နှမျောစရာကောင်းပါတယ်။
တရုတ်မိတ်ဆွေတယောက် အကြံပေးတဲ့ နည်းလမ်းကောင်းလေး ရှိပါတယ်။ ဈေးဝယ်ထွက်တော့မယ်ဆိုရင်
ထမင်းစားပြီး ဗိုက်ပြည့်တဲ့အချိန်ကို ထွက်ပါတဲ့။ ဗိုက်ပြည့်နေရင် လိုတဲ့ပစ္စည်းလောက်ပဲ
ဝယ်ဖြစ်တယ်။ ဗိုက်ဆာနေတဲ့အချိန် ဈေးဝယ်ရင် လိုတာရော မလိုအပ်တာတွေပါ ၀ယ်ဖြစ်သွားတယ်လို့
ဆိုပါတယ်။ သူအကြံပေးတဲ့အတိုင်း ကျွန်မစမ်းကြည့်တာ တကယ်မှန်ပါတယ်။ ဗိုက်ဆာနေတဲ့ အချိန်မှာဆိုရင်
စိတ်အလိုမပြည့်ဖြစ်နေတော့ တွေ့သမျှပစ္စည်းကို လိုချင်စိတ်ဖြစ်ပြီး ၀ယ်မိကြ ပါတယ်။ ဗိုက်ပြည့်နေရင်
စိတ်အလိုပြည့်နေတာမို့ အပိုဆာရပစ္စည်းတွေဝယ်ဖို့ စိတ်မ၀င်စားတော့ပါဘူး။ နည်းလမ်း ကောင်းလေးမို့
စမ်းကြည့်ကြပါလို့ စာဖတ်သူတွေကို တိုက်တွန်းချင်ပါတယ်။
ဘ၀ပေးအခြေအနေအရ
ချွေတာရေးလမ်းစဉ်ကို မဖြစ်မနေကျင့်သုံးနေရတဲ့ ကျွန်မ အကျင့်ရလာတော့ ခြိုးခြံရတာကို နှစ်သက်သဘောကျ လာပါတယ်။ စည်းစနစ်ကျတဲ့ အမေ့ရဲ့ ကျင့်စဉ်တွေကို
ကျွန်မ တ၀က်လောက်တော့ မှီအောင်လိုက်နိုင်ခဲ့ ပါတယ်။ နားမလည်တဲ့သူတွေက ကျွန်မကို ကပ်စေးနဲတယ်လို့
ဝေဖန်ရင်တော့ လျစ်လျူရှုထားလိုက်ပါတယ်။ လေးလံတဲ့ ၀န်ထုတ်ကိုထမ်းပြီး ဘ၀လမ်းကို လျှောက်ရသူတွေ ချွေတာရေးကိုမသိရင် ရပ်တည်ဖို့ မလွယ်ပါဘူး။တကယ်တော့ ခြိုးခြံချွေတာခြင်းဟာ ကပ်စေးနဲခြင်းနဲ့
မတူပါဘူး။ ခြိုးခြံချွေတာတယ်ဆိုတာ မကုန်သင့်တာ မကုန်အောင်၊ အလေအလွင့် မဖြစ်အောင်သုံးစွဲခြင်း၊
မလိုအပ်ဘဲ အပိုငွေမကုန်စေခြင်း ဖြစ်ပါတယ်။ ကပ်စေးနဲတယ် ဆိုတာကတော့ ၊ မသုံးရက် မစားရက်၊
နှမြော တွန့်တိုစွာ တပြားကိုနှစ်ပြားရအောင် ခွာနေခြင်း ဖြစ်ပါတယ်။ ခြိုးခြံချွေတာသူအချို့
ငွေကိုသူ့နေရာနဲ့သူ အကျိုးရှိရှိသုံးပြီး ပေးကမ်းရက်ရောကြပေမဲ့ ကပ်စေးနဲသူတွေဟာ ပေးကမ်း လှူဒါန်းဖို့ကို
နှမျောတွန့်တို တတ်ကြပါတယ်။
ကျွန်မ
လေ့လာကြည့်မိသလောက် ကာယအား ဥာဏအားစစ်စစ်ကို အရင်းအနှီးပြုပြီး မကြောင့်မကျ နေနိုင်သူတွေဟာ
ငွေကို စနစ်တကျ သုံးစွဲတတ်သူတွေဖြစ်တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ခြိုးခြံချွေတာ ပြည်ချမ်းသာ
ဆိုတဲ့စကားအတိုင်း လူတိုင်း မိသားစုတိုင်း စနစ်တကျ ခြိုးခြံချွေတာတတ်ကြရင် တိုင်းပြည်
သာယာဝပြောနိုင် ပါတယ်။ ငွေကိုအပိုမကုန်စေရအောင် မီးဖိုချောင်သုံးပစ္စည်းနဲ့ အခြားအသုံးအဆောင်
ပစ္စည်းတွေကို အလေအလွင့်မရှိအောင် စည်းကမ်းတကျ သုံးစွဲတတ်ဖို့လိုပါတယ်။ ကျွန်မတို့
နေ့စဉ်အစား စားကြပါတယ်။ အိမ်မှာချက်တာဆိုရင် ကုန်နိုင်သလောက် တိုင်းထွာချက်ပြုတ်ပြီး၊
ဆိုင်မှာစားရင်လည်း ကုန်နိုင်သလောက်ပဲ မှာစားသင့်ပါတယ်။ မလေးရှားက ကျွန်မမိတ်ဆွေတွေ
အချင်ချင်း သတိပေးကြတဲ့ စကားတခွန်းရှိပါတယ်။ အချို့တိုင်းပြည်တွေကလူတွေ အာဟာရလုံလောက်အောင်
မစားရတဲ့ အခြေအနေမျိုးမှာ စားနိုင်သောက်နိုင်တဲ့သူတွေက စားစရာတွေကို အလဟသဖြစ်အောင်
မဖြုန်းသင့်ဘူးလို့ ဆိုကြပါ တယ်။ စားမကုန်လို့ ပစ်လိုက်ရတာမျိုး မဖြစ်အောင် စီမံခန့်ခွဲနိုင်ကြရင်
ပိုလျှံလာမဲ့ စားသောက်ကုန်တွေကို မရှိဆင်းရဲသားတွေအတွက် အာဟာရကောင်းကောင်း ထောက်ပံ့ပေးနိုင် ပါလိမ့်မယ်။
လူအချင်းချင်း ငှဲ့ညှာ စိတ်ထားပြီး၊ ချွေတာရေးစနစ်ကို ကျင့်သုံးတာ အင်မတန်မွန်မြတ်တဲ့
ကျင့်စဉ်ဖြစ်ပါတယ်။
ငွေကိုချွေတာသုံးပြီး၊
သဘာဝအရင်းအမြစ်တွေကို စနစ်တကျသုံးစွဲကြဖို့ ၂၁ရာစု လူသားတွေအတွက် အလွန်ပဲ အရေးကြီးပါတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လူတိုင်းမှာ တာဝန်ရှိတာမို့ သဘာဝ အရင်းအမြစ်တွေဖြစ်တဲ့
ရေ၊မြေ၊သစ်ပင်တွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ ချွေတာရေးစနစ်ကို လိုက်နာ ကျင့်သုံးကြရပါမယ်။
ရေထုညစ်ညမ်းမှုတွေကြောင့် သောက်သုံးရေ ရှားပါးလာမဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့
ရေကိုချွေတာသုံးစွဲ ရမယ်။ မြေဆီပြုန်းတီးမှုနဲ့ ရာသီဥတုဖောက်ပြန်မှုကို လျော့နည်းစေဖို့
သစ်ပင်တွေကို ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ စက္ကူနဲ့ သစ်ပင်ကထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့ကို
ချွေတာသုံးစွဲ ပြီး၊ တခါသုံးပစ္စည်းတွေကို လျှော့သုံး၊ ပြန်သုံးလို့ရတဲ့ ပစ္စည်းမှန်သမျှကိုပြန်သုံး၊
ပြန်လည်ပြုပြင် အသုံးချတဲ့ စနစ်ကို လူတိုင်းကျင့်သုံးဖို့လိုပါတယ်။ ခေတ်မှီတဲ့အမြင်တွေရှိကြပြီး၊
စနစ်တကျ အမှိုက်ပြစ်တဲ့ အလေ့အကျင့် ကောင်းတွေကို လိုက်နာခြင်းဖြင့် လူ့ပတ်ဝန်းကျင်
သာယာလှပရေးအတွက် တနိုင်တပိုင် တာဝန်ယူကြ စေချင်ပါတယ်။ အမှိုက်ပစ်တဲ့ အခါမှာ ပြန်လည်ပြုပြင်
အသုံးချလို့ ရတဲ့ စက္ကူ၊ပလပ်စတစ်နဲ့ ပုလင်းတွေ ဗူးတွေကို သီးသန့်စုဆောင်းသင့်ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံချက်ကို ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေကို
လိုက်နာပြီး၊ ပြန်လည်ပြုပြင်အသုံးချလို့ရတဲ့ ပစ္စည်းတွေကို စုဆောင်းရေးမှာ ပါဝင်ကူညီကြရင်း
ကမ္ဘာမြေကို သက်တမ်းရှည်အောင် ၀ိုင်းဝန်းကြိုးစားကြရမှာ ဖြစ်ပါတယ်။
တချို့အသေးအမွှား
ကိစ္စလေးတွေဟာ အင်မတန် အရာရောက်ပါတယ်။ ချွေတာရေးစနစ်ကို လူအနည်းစုပဲ ကျင့်သုံးရင် ခရီးမရောက်နိုင်ပေမဲ့၊
လူတိုင်းကျင့်သုံးကြရင်၊ တသက်တာကျင့်သုံးကြရင် ကမ္ဘာ့စီးပွားပျက် ကပ်ကြီးကို ကာကွယ်နိုင်တယ်လို့
ပညာရှင်တွေက ပြောပါတယ်။ အချိန်ကို အကျိုးရှိရှိအသုံးချရင် အလုပ်များများပြီးမြောက်လို့
ကုန်ထုတ်စွမ်းအားတွေ တိုးမြှင့်လာမယ်။ ငွေကိုချွေတာသုံးစွဲရင် အပိုအလျှံစုဆောင်း မိပြီး၊
စားဝတ်နေရေး ချောင်လည်ကြမယ်။ သဘာဝ အရင်းအမြစ်တွေကို ချွေတာသုံးစွဲရင် ရာသီဥတုမျှတလို့
သီးနှံရိက္ခာတွေ ပေါများမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင် စိမ်းလန်းသာယာပြီး၊ လူနေမှုဘ၀တွေ
တိုးတက်မြင့်မား စေဖို့ ရှေးလူကြီးတွေရဲ့ ချွေတာရေးစနစ်ကို အတုယူသင့်ပါတယ်။ ရှေးတုန်းက
ဘိုးဘွားတွေလို ခြိုးခြံစွာကျင့်ပြီး၊ လိုချင်ဆန္ဒတွေ နဲပါးကြရင် မတရားလောဘနဲ့ ငွေနောက်လိုက်ချင်တဲ့
စိတ်တွေလျော့နည်းသွား မှာမို့ ပျော်ရွှင်အေးချမ်းတဲ့ဘ၀ကို တည်ဆောက်နိုင် ပါတယ်။ ခြိုးခြံနေထိုင်ရင်းက
အလိုဆန္ဒ နဲသွားတဲ့အခါ စည်းစိမ်ဥစ္စာတွေအပေါ် တွယ်တာမက်မောစိတ်တွေ့ လျော့လျော့လာပြီး၊
ပေးကမ်းမျှ ဝေချင်စိတ်၊ သူ့အကျိုး ကိုသာ လိုလားတဲ့စိတ်တွေ ပွားများလာမှာဖြစ်ပါတယ်။
ရုပ်ဝတ္ထုပစ္စည်းတွေ၊
ပကာသနဂုဏ်ဒြပ်တွေကို ပိုင်ဆိုင်ထားရင် ဘ၀မှာပျော်ရွှင်မယ်၊ အောင်မြင်တယ်လို့ ယူဆကြရင်
အဲဒီအရာတွေနောက်လိုက်ရတာ အင်မတန် စိတ်မောစရာကောင်းပါတယ်။ ပျော်ရွှင်မှု အစစ်အမှန်ကို
ကျွန်မတို့ရဲ့ နှလုံးသားထဲမှာပဲ ပြန်ရှာကြည့်လို့ ရနိုင်ပါတယ်။ အပြင်လောကမှာ ရှာလို့မရနိုင်တာ
အမှန်ပါ။ လူတွေမက်မောကြတဲ့ ဂုဏ်တွေ၊ငွေတွေ၊ အသိုင်းအ၀ိုင်းတွေဟာ တခဏတာ စိတ်သာယာမှု
ဖြစ်စေပြီး၊ ဒီအရာတွေ မရှိတော့တဲ့အခါ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းသွားပါလိမ့်မယ်။ ခြိုးခြံချွေတာတဲ့
အကျင့် ရှိထားရင် ရေပွက်ပမာ မမြဲသောအရာတွေ ပျက်စီးသွားအခါမှာလည်း ဘ၀မှာ နေတတ်ကျေနပ်
နေပါတယ်။ ဘ၀အကျိုးပေးကောင်းလို့ ခြိုးခြံချွေတာထားသမျှ ပစ္စည်းဥစ္စာတွေ ပိုလျှံပေါများနေရင်
လိုအပ်နေသူတွေကို မျှဝေပေးရတာ ပိုပြီးကျေနပ်စရာကောင်း ပါတယ်။ အပေးကိုသာသိ၍ အယူကိုမသိ
သောသူဟာ ဘ၀မှာ အောင်မြင်တဲ့သူ ဖြစ်တယ်ဆိုတဲ့ ဒသနကို လက်ခံယုံကြည်တယ်ဆိုရင် ချွေတာရေးဖြင့်
အောင်မြင်သော ဘ၀ကို တည်ဆောက်ကြစို့လို့ ၂၁ရာစု မျိုးဆက်များကို တိုက်တွန်းချင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
စံပယ်ဖြူ
အပြင်စီးမဂ္ဂဇင်း၊ ဇွန်လ ၂၀၁၃။
No comments:
Post a Comment