ကျွန်တော်က
ဘုန်းကြီးကျောင်းသား၊ သူရင်းငှား။ ကျောင်းဆရာရဲ့ အဖေပေါ့ဗျာ။ ကျွန်တော့် နံမည်က ဘုံဆိုင်။
အမေက ကောက်စိုက်သမ၊ ကြုံရာကျပန်း အလုပ်လုပ်တယ်။ အမေ့ အရင်ယောက်ျားက လယ်ကွင်းထဲမှာ ပိုးထိပြီးဆုံးသွားလို့
ကျွန်တာ့်အမေ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့တယ်။
လင်မရှိတဲ့
မိန်းမကို လူမလေးစားဘူးဆိုတာ မှန်မလားတော့ မသိဘူးဗျ။ ကျွန်တော့်အမေဟာ ရွာက လူတကာရဲ့
အသုံးတော်ခံဖြစ်ခဲ့တယ် ဆိုလားပဲ။ ကျွန်တော့်ကို ကိုယ်ဝန်ရတော့ ဘယ်သူနဲ့ရတာလဲ ဆိုတာ
အမေကိုယ်တိုင်မသိရှာဘူး။ သူ့ဆီလာတဲ့ ယောက်ျားတွေအားလုံးနဲ့ဆိုင်လို့ ကျွန်တော့်ကို
မွေးတော့ ဘုံဆိုင်လို့ အမေကိုယ်တိုင် နံမယ်ပေးခဲ့တယ်။
ကျွန်တော့်အတွက်တော့
အဖေဘယ်သူလဲဆိုတာ သိရလို့လည်း ဘာမှထူးပါဘူးဗျာ။ အမေ့ကိုလည်း ကျွန်တော် အပြစ်မတင်ချင်ဘူး။
အမေ ကျွေးမွေးစောင့်ရှောက်ခဲ့လို ကျွန်တော်လူဖြစ်ခဲ့တာ။ အမေ့ကို ကျွန်တော်ချစ်တယ်။
ကျွန်တော်တို့ ဘေးအိမ်ကလူတွေ ဆန်မရှိလို့ ဗိုက်မှောက်နေရတဲ့ အချိန်မှာ အမေက သူ့နည်းသူ့ဟန်နဲ့
ကျွန်တော့်ကို ထမင်းနှပ်မှန်အောင် ကျွေးခဲ့တယ်ဗျ။
ကျွန်တော်
ကျောင်းမတက်ရဘူး။ သူများတွေ ကျောင်းသွားတာတွေ့ရင် ကျွန်တော်လည်း ကျောင်းသွားချင်တယ်။
ကျွန်တော် စာဖတ်တတ်ချင်တယ်။ ရွာအလယ်ပိုင်းက အောင်ကြီးက ဘုန်းကြီးကျောင်းသား လုပ်တယ်။
ဆရာတော်ကြီးနဲ့အတူ ဆွမ်းခံလိုက်တဲ့ အောင်ကြီးကို ကျွန်တော်အားကျမိတယ်။ စာတတ်ချင်ရင်
ဘုန်းကြီးကျောင်းသား လုပ်ပါလားလို့ အောင်ကြီးက ပြောတယ်။
ကျွန်တော်
ဘုန်းကြီး ကျောင်းသားလုပ်ချင်တယ်လို့ အမေ့ကိုပြောတော့
အမေကခွင့်ပြုတယ်။ ဒီလိုနဲ့ ကျွန်တော် ဘုန်းကြီးကျောင်းသား ဖြစ်ခဲ့တယ်ဆိုပါတော့ဗျာ။
ဘုန်းကြီးကျောင်းမှာ နေရတာလား ပျော်တာပေါ့ဗျာ။ စာလည်းသင်ရတယ်။ ဟင်းကောင်းလည်းစားရတယ်။
ကျွန်တော်တို့ လူမွဲတွေအတွက်တော့ ဘုန်းကြီးဆွမ်းကျန်တွေက ဟင်းကောင်းပဲဗျို့။ ညညဆို
ခြင်ထောင်နဲ့ အိပ်ရတယ်ဗျ။ အမေ့အိမ်မှာတုန်းက ခြင်ထောင်မရှိလို့ ကျွန်တော်တို့သားအမိ
ခြင်တွေကို ညတိုင်းသွေးလှူရတာ ကုသိုလ်ရရင် သိပ်ကောင်းမှာပဲ။
ဘုန်းကြီးကျောင်းသားလုပ်ရတာ
တကယ်အလုပ်လုပ်ရင် သက်သာလှတာဟုတ်ဘူး။ အကောင်းဘက်က တွေးရင်တော့ ကုသိုလ်လည်းရ ၀မ်းလည်းဝတယ်
ပေါ့ဗျာ။ ဆရာတော်ကြီးက အမြဲဆုံးမတယ်။ ဝေယျာဝစ္စလုပ်တဲ့ ကုသိုလ်ဟာ သီလစောင့်သလို ကုသိုလ်ရတယ်။
ငွေမကုန်ပဲ အလကားရတဲ့ ကုသိုလ်တွေတဲ့။
ဆရာတော်ကြီးက
အားရင်စာဖတ်ခိုင်းတဲ့ ကျေးဇူးကြောင့် ကျွန်တော် အတန်းပညာမတတ်ပေမဲ့ စာပေနဲ့ ရင်းနှီးခွင့်
ရခဲ့တယ်။ ဆရာတော်ကြီးရဲ့ ကျေးဇူးတွေဟာ ကျွန်တော့် တစ်သံသရာလုံး ဆပ်လို့တောင် ကျေတော့မယ်မထင်ဘူးဗျာ။
ကျွန်တော်အသက်
နှစ်ဆယ်လောက်ရောက်တော့ အမေက မကျန်းမာတော့ဘူး။ ကျွန်တော့်ကို လယ်ရှင်တွေဆီမှာ သူရင်းငှား
အလုပ်လုပ်စေချင်တယ်။ ဆရာတော်ကြီးကို ခွင့်တောင်းတော့ ဆုံးမစကားတခွန်းပဲ ပြောလွှတ်လိုက်တယ်။
တသက်လုံး ရိုးသားပြီး သစ္စာရှိပါစေ၊ ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်စေနဲ့တဲ့။ ဆရာတော်ရဲ့
ဆုံးမစကားက ကျွန်တော့်နှလုံးသားထဲအထိ စိမ့်ဝင်သွားတယ်။
လယ်ထဲမဆင်းဖူတဲ့
ဘုန်းကြီးကျောင်းထွက် ကျွန်တော် သူရင်းငှားလုပ်တော့မှ တကယ် ကျွတ်တော့တာပဲဗျို့။ ပင်ပန်းသလားမမေးနဲ့။
ကျွန်တော့်ရဲ့ ပထမအလုပ်ရှင်က လယ်ဧက တစ်ရာကျော်ပိုင်တယ်။ ဘယ်လောက်ချမ်းသာလဲဆိုတာ စဉ်းစားသားကြည့်တော့။
ကျွန်တော်တို့ သူရင်းငှားတွေကို ချည်ရည်ဟင်း၊ ပဲဟင်းနဲ့ ငါးပိရည်ပဲကျွေးတာ။ ဘုန်းကြီးကျောင်းမှာ
ဟင်းကောင်း စားခဲ့ရတဲ့ကျွန်တော် ထွားကြိုင်းသန်မာပြီးသားမို့ ပင်ပန်းဒဏ်ကိုပေမဲ့ ချည်ရည်ဟင်း၊
ပဲဟင်းနဲ့ အသက်ဆက်နေရတာကိုတော့ ခံနိုင်ရည်သိပ်မရှိလှဘူး။ အမေက ခြောက်လစာ ငွေကြိုယူထားလို့
အကြွေးကျေတဲ့ထိ ကျွန်တော် ကြိတ်မှိတ်ပြီးလုပ်ခဲ့ ပါတယ်။
ကျိကျိတက်ချမ်းသာတဲ့
ကျွန်တော့အလုပ်ရှင်ရဲ့ မဟာအတွေးအခေါ်ကြီးကို ပြောပြချင်သေး တယ်ဗျ။ သီတင်းကျွတ်လို အခါကြီးရက်ကြီးတွေမှာ
အလုပ်သမားတွေက သူ့ကိုကန်တော့ရင် ကျန်းမာပါစေလို့ဆုပေးတယ်။ ချမ်းသာပါစေဆိုတဲ့ ဆုကို
ဘယ်တော့မှမပေးတဲ့ဗျ။ ဆုတောင်းပြည့် လို့ ချမ်းသာသွားရင် သူ့ဆီမှာ သူရင်းငှားလုပ်မှာ
မဟုတ်တော့ဘူး။ သူ့အလုပ်ကို ကျန်းကျန်းမာမာနဲ့ လုပ်နိုင်အောင် ကျန်းမာပါစေလို့ ဆုပေးတယ်ဆိုပဲ။
ချမ်းသာသလောက် အတ္တကြီးတာကို ကြည့်ပြီး တရားကျမိပါရဲ့ဗျာ။
အရင်အလုပ်ရှင်ဆီက
ကြွေးကျေတော့ ရွာတဖက်ကမ်းက ကိုကရင်ကြီးအိမ်မှာ ပြောင်းလုပ်တယ်။ ကိုကရင်ကြီးက လယ်ဧက
နှစ်ဆယ်လောက်ပဲပိုင်တယ်။ ရိုးရိုးကုတ်ကုတ်နဲ့ အလုပ်ကြိုးစားလို့ ချောင်ချောင် လည်လည်နေနိုင်တာ။
လယ်ထဲမှာ ကိုကရင်က ကျွန်တော်နဲ့နေလည်စာ အတူစား တာဗျ။ ညနေ အလုပ်ပြန်ရင် ကိုကရင်ရယ်၊
သူ့မိန်းမ မရီရယ်၊ သားသမီးတွေအားလုံး ကျွန်တော်နဲ့ ထမင်းတ၀ိုင်းတည်း အတူစားကြတယ်။ သူတို့အသားဟင်းချက်ရင်
ကျွန်တော်လည်းအသားဟင်း စားရတယ်။ တခါတလေ မရီက မီးဖိုချောင်စားရိတ်ခိုပြီး၊ ချည်ရည်ဟင်းချက်တဲ့အခါ
အားလုံး အတူတူ ချည်ရည်ဟင်း စားရတာပေါ့ဗျာ။ ကျွန်တော်နဲ့ နေတိုင်း အတူတူအလုပ်လုပ်၊ ထမင်းကို
အတူလက်ဆုံစားတဲ့ ကိုကရင်ကို ကျွန်တော် အကိုကြီးလို ချစ်ခင်မိပါတယ်။
မရီကလည်း
အိမ်ရှင်ပီသတယ်။ သဒ္ဓါတရား အပြည့်ရှိတယ်ဗျ။ ဆွမ်းခံကြွတဲ့ သံဃာတော်တွေကို မနက်တိုင်း
ဆွမ်းလောင်းတယ်။ ၀င်ငွေနဲ့မျှအောင် စီစစ်သုံးတယ်။ ဟင်းရွက်ဖိုး အကုန် သက်သာအောင် ခြံထဲမှာ
အပင်တွေစုံအောင် စိုက်ထားသေးတယ်။ ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီးတွေ ၀ယ်စရာမလိုပဲ စိတ်ကြိုက်စားရတယ်ဗျာ။
စိတ်ထားကောင်းတဲ့
ကိုကရင်တို့လင်မယား သားသမီးမွေးရကျိုးလဲနပ်တယ်ဗျို့။ သားသမီး နှစ်ယောက်လုံး လိမ္မာပြီး
ပညာထူးချွန်တယ်။ သူတို့မောင်နှစ်မကို ကျွန်တော်က ညီလေး၊ညီမလေး အရင်းလိုချစ်တယ်။ အကြီးမ
အပျိုရွယ်ရောက်လာတော့ တချို့လူတွေက ကျွန်တော်ကို မြောက်ထိုး ပင့်ကော် လုပ်ကြတယ်ဗျ။
ကောင်မလေးကို ရအောင်ပိုးပါလား၊ စွံလောက်တယ်လို့ မြှောက်ပေးကြ တယ်။ ကြံကြီး စည်ရဗျာ။
ကျွန်တော့် အလုပ်ရှင်၊ ကျေးဇူးရှင်ရဲ့ သမီးနုနုထွတ်ထွတ်လေးကို စိတ်နဲ့တောင် မပြစ်မှားဘူး။
ကျေးဇူးသိတတ်စွာ နှမအရင်းလို စောင့်ရှောက်ချင်တဲ့ စိတ်ပဲရှိတယ်။
ကျွန်တော်
ပညာမတတ်ပေမဲ့ စာတတ်ပေတတ် အခံရှိတော့ စဉ်းစားတတ်ပါတယ်ဗျာ။ လူဆိုတာ ကိုယ့်နေရာ ကိုယ်သိပြီး၊
ကိုယ်နဲ့သင့်တော်ရာကို မှန်းရမှာပေါ့။ ရွာအရှေ့ပိုင်းက ချောစုကို ကျွန်တော် သဘောကျတယ်။
ညိုချောလေးဗျာ။ အနေအထိုင် ကျစ်လစ်တယ်။ ကျွန်တော်တို့လို မျက်နှာမွဲတွေထဲမှာ ချောစုလို
မိန်းကလေးမျိုးကို ရှာလို့တွေ့ခဲတယ်။ မျက်နှာမွဲပေမဲ့ ဣနြေ္ဒရှိတဲ့ ပန်းခရေလို မိန်းကလေးမျိုးပေါ့ဗျာ။
သူ့ကိုပိုးတဲ့ယောက်ျားတွေထဲက ကျွန်တော့်ကိုပဲ ပြန်ကြိုက်တာဗျ။ ကျွန်တော် အချစ်ကံတော့
မမွဲလှဘူးလို့တွေးပြီး ဘ၀င်တောင်မြင့် ခဲ့တယ်ခင်မျ။
ကျွန်တော်နဲ့ချောစု
ယူကြတော့မယ်ဆိုတော့ ကိုကရင်က မင်္ဂလာဆောင်ပေးတယ်ဗျာ။
ဘယ်လောက် ကျေးဇူးတင်စရာ ကောင်းလိုက်သလဲ။
ကျွန်တော့်လုပ်အားခတွေ အမေ့ကို တစ်ဝက်ပေးပြီး၊ တစ်ဝက်ကို စုထားခဲ့တယ်။ အဲဒီငွေတွေ မင်္ဂလာစရိတ်အတွက်
သုံးဖို့မလိုတော့ ၀ါးအိမ်လေးတစ်လုံး ဆောက်နိုင်သွားတယ်။ ချောစုကို တဲအိုပျက်ထက်သာတဲ့
အဆင့်မှာ ထားနိုင်လို့ စိတ်ထဲတော်တော် ကျေနပ်မိတယ်ဗျာ။
ကျွန်တော်အိမ်ထောင်ကျပြီး
တစ်နှစ်ကြာတော့ သားလေးတစ်ယောက် ရတယ်။ ကျွန်တော် ဖခင်မေတ္တာကို မခံစားခဲ့ရပေမဲ့ သားကိုတော့
ရှိမျှမေတ္တာတွေ ပုံအောပေးခဲ့တယ်။ သားကို ကျွန်တော် တုန်နေအောင်ချစ်တယ်။ ကျွန်တော် အတန်းပညာမသင်ခဲ့ရလို့
သားကိုပညာတတ် တစ်ယောက်ဖြစ်စေချင်တယ်။
ကျွန်တော်သားကို
ကျောင်းဆရာလုပ်ဖို့ တိုက်တွန်းခဲ့တယ်။ သားကျောင်းဆရာ ဖြစ်လာတဲ့အချိန် ကျရင် ရွာမှာ
စာမတတ်တဲ့ကလေး တစ်ယောက်မှ မရှိစေချင်ဘူးလို့ ကျွန်တော်ပြောတယ်။ ဆင်းရဲသားတိုင်း ပညာတတ်ဘွဲ့ရ
ဖြစ်ရမယ်လို့ ကျွန်တော်မပြောလိုဘူး။ ဆင်းရဲချမ်းသာမရွေး ကျောင်းနေ အရွယ်ကလေးတိုင်း
စာသင်ခွင့် ရစေချင်တယ်။ ဘွဲ့တွေ ရာထူးတွေ မရှိရင်နေ စာရေးတတ် ဖတ်တတ်လို့ အကောင်းအဆိုးကို
ပိုင်းခြားနိုင်တဲ့ အသိတွေရှိစေချင်တယ်။
ကိုကရင်ရဲ့
ကျေးဇူးကြောင့် သားကကျောင်းဆရာ ဖြစ်လာတယ်။ ရွာမှာ အထက်တန်းကျောင်းရှိလို့ သားကို ဆယ်တန်းအောင်တဲ့အထိ
ကျွန်တော် ကျောင်းထားပေးနိုင်ခဲ့တယ်။ ဆယ်တန်း အောင်တော့ ပညာရေးကောလိပ် တက်ခွင့်ရတယ်။
ကျွန်တော့်လုပ်ခနဲ့ သားကျောင်းစရိတ် ဘယ်လောက်မလဲဗျာ။ ကိုကရင်ကပဲ သားကောလိပ်ကျောင်း
ပြီးတဲ့အထိ တာဝန်ယူထောက်ပံ့ ပေးခဲ့တယ်။ တကယ်ကို ကျေးဇူးကြီးပါတယ်။ ကိုကရင်လို အလုပ်ရှင်ဆီမှာ
ကျေးဇူးကြွေးတွေ ကျေအောင် ဆယ်ဘ၀ ကျွန်ခံရမယ်ဆိုရင်တောင် ကျွန်တော် ရဲရဲကြီး ကျွန်ခံနိုင်တယ်ဗျ။
တကယ်ပြောတာ။
သားကျောင်းဆရာဖြစ်တော့
လစာဘယ်လောက်ရလဲ သိချင်လား။ လွန်ခဲ့တဲ့ ဆယ့်နှစ်တုန်းက ကျပ်ငါးထောင်။ လယ်ရှင်ရဲ့ သူရင်းငှား
ကျွန်တော့်လစာနဲ့ အတူတူပဲဗျ။ ဟားဟား။ ကျွန်တော်က လယ်ထဲဆင်းပြီး ရွှံ့ရုန်းရတယ်။ သားက
မိုးရေလုံ နေပူလုံတဲ့ စာသင်ကျောင်းမှာ စာသင်ရတယ်။ ဒါပဲကွာတယ်။ ကျွန်တော်ကမှ ကိုကရင်အိမ်မှာ
တစ်နေ့ကို ထမင်းသုံးနှပ် အလကားစားရသေး တယ်။ သားက သူ့အမေ ချက်ပေးတာကို ပြန်စားရတယ်။
သားက
တကိုယ်ရေတကာရမို့ တော်ပေသေးတယ်။ ဟိုဘက်ရွာက မူလတန်းကျောင်းအုပ်ဆရာဆို မယားနဲ့
သားနဲ့မို့
လစာဘယ်လိုလုပ် လောက်မှာလဲဗျ။ ကျောင်းဖွင့်ရက် ညနေပိုင်းနဲ့ ကျောင်းပိတ် ရက်တွေမှာ ဆိုက်ကားနင်းပြီး
ဝင်ငွေရှာ ရတယ်။ ကြားလို့ ကောင်းကြသေးလားဗျာ။
မယုံမရှိနဲ့ဗျို့။
အဲဒါတကယ့် ဖြစ်ရပ်မှန်။ ဒီကျောင်းဆရာ အသုံးမကျလို့ ဆိုက်ကားနင်းရတယ်လို့ ပညာတတ် တချို့က
ပြောကြပါလိမ့်မယ်။ ကျွန်တော့်ကတော့ ဆိုက်ကားနင်းပြီး ကျောင်းဆရာဘ၀ကို ဖက်တွယ်ထားတာကို
အံ့သြချီးကျူး ပါတယ်။
ရွာမှာ
လယ်ပိုင်ရှိတဲ့ ကျောင်းဆရာတွေ လယ်ထဲဆင်းရတယ်ဗျ။ မဟုတ်ရင်ကျောင်းဆရာတွေ ထမင်းငတ်တယ်ဆိုတဲ့
ရာဇ၀င်ကြီး တွင်သွားလိမ့်မယ်။ လယ်ပိုင်မရှိတဲ့ ကျောင်းဆရာတွေကတော့ အရောင်းအ၀ယ်လေးလုပ်ပြီး
ဝင်ငွေရှာရတာပေါ့ဗျာ။ ကျောင်းဆရာမ တချို့လည်း မြို့ကအထည် တွေ ယူရောင်းပြီး၊ အထည်သယ်တပိုင်း
ဖြစ်နေကြတယ်။
သားက
လုပ်သက်လေးငါးနှစ်လောက် ရလာတော့ ကျောင်းအုပ်ရဲ့ ယုံကြည်အားကိုးမှုရလာတယ်။ မိဘဆရာအသင်းရဲ့
အတွင်းရေးမှူး ဖြစ်လာတယ်ဗျ။ အဲဒီအချိန်မှာ အသက်ငါးနှစ်ပြည့်တဲ့ ကလေးတိုင်း ကျောင်းအပ်ရမယ်ဆိုတဲ့
ညွှန်ကြားချက်တွေ စလာတယ်။ ကျွန်တော့်သားဗျ။ အဲဒီ အခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်။ မိဘဆရာအသင်းက
အဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖတွေကို ကောင်းကောင်းစည်းရုံးပြီး၊ ဆင်းရဲတဲ့ ကလေးတိုင်း ကျောင်းတက်ရအောင်
စီစဉ်ခဲ့တယ်။ ဆင်းရဲတဲ့ကလေးတွေအတွက် ကျောင်းအပ် စရိတ်၊ စာအုပ်ဖိုး၊ ကျောင်းဝတ်စုံနဲ့
ကျောင်းအသုံးအဆောင် ပစ္စည်းတွေကို မိဘဆရာအသင်း ရံပုံငွေနဲ့ ကုန်ကျခံခဲ့တယ်။ သားကပဲ ရွာကကျောင်းသားဟောင်းတွေကို
ဦးဆောင်ပြီး အသင်းရံပုံငွေ ရအောင်ရှာခဲ့တယ်။
ရပ်ရွာတိုးတက်ရေးအတွက်
ညီညီညာညာ ဆောင်ရွက်ကြရင် ဘာလို့မဖြစ်ရမှာလဲဗျ။ ခုကြည့် သားနဲ့ လူကြီးလူငယ်တွေ စုပေါင်းပြီး ရွာမှာ စာမတတ်သူ ပပျောက်အောင်
လုပ်နေကြတာ ဖြစ်တာပဲ။ မနက်ကျောင်းသွားချိန်ဆို ကလေးတွေအားလုံး ကျောင်းသွားကြတာ ဘယ်လောက်
ကြည်နူးစရာ ကောင်းလဲ။ ကျွန်တော် မသင်ခဲ့ရတဲ့စာတွေ သူတို့သင်ကြရတာ တကယ်ဝမ်းသာတယ်။ သားအတွက်လည်း
ဂုဏ်ယူတယ်။ သားက ကျွန်တော့် ရည်မှန်းချက်တွေ ပြည့်အောင် လုပ်ပေးခဲ့တာကို ပီတိအဖြစ်ဆုံးပဲဗျာ။
ကျွန်တော်က
အဖမဲ့သား လူမွဲတစ်ယောက်အနေနဲ့ လောကကောင်းကျိုးကို ဘာမှဖြစ်ဖြစ်မြောက် မြောက် မလုပ်ပေးနိုင်ပါဘူး။
ဒါပေမဲ့ ကျွန်တော် တတ်နိုင်တာတွေတော့ လုပ်ခဲ့ပါတယ်ဗျာ။ ဘုန်းကြီးကျောင်းသားဘ၀မှာ ဆရာတော်ဘုရားကို
တာဝန်ကျေအောင် ဝေယျာဝစ္စပြုခဲ့တယ်။ သူရင်းငှားလုပ်ပြီး အမေ့ကို လုပ်ကျွေးခဲ့တယ်။ ကျွန်တော့်အလုပ်ရှင်
ကျေးဇူးရှင်ဖြစ်တဲ့ ကိုကရင်တို့ မိစားစုအပေါ်လည်း သစ္စာစောင့်သိခဲ့တယ်။ ကျွန်တော့် မယားချောစုအပေါ်လည်း
မဖေါက်မပြန် သစ္စာရှိခဲ့တယ်။ ကျွန်တော့် သားရတနာကိုလည်း ကျောင်းဆရာကောင်း တစ်ယောက်ဖြစ်အောင်
သွန်သင်ဆုံးမ လမ်းပြပေးနိုင်ခဲ့တယ်ဗျာ။အဲဒါတွေ အားလုံးအတွက် ကျွန်တော်ကျေနပ်တယ်။
မနေရလို့
သေရတော့မယ်ဆိုရင် ကျွန်တော့်ဘ၀နောက်ကြောင်းမှာ နောင်တရစရာတွေ ဘာမှမရှိဘူးဗျ။ ခင်ဗျားတို့
အားမကျဘူးလား။ ဘုံဆိုင်ဆိုတဲ့ သွားလေသူတစ်ယောက်ကို သားနဲ့ မယားရယ်၊ ကိုကရင်တို့ မိသားစုရယ်ကလွဲပြီး
ဘယ်သူကမှ အမှတ်ရနေမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဘုံဆိုင်ရဲ့ ရာဇ၀င်ဆိုးကိုလည်း ဘယ်သူကမှ
ပြောရစ်မှာမဟုတ်လို့ ကျွန်တော် အသေဖြောင့် တယ်ဗျ။ သေခါနီး အာရုံမှာ ပေါ်လာမှာတွေက ပြုခဲ့တဲ့
ဝေယျာဝစ္စ ကုသိုလ်တွေ၊ ကျွန်တော့်ရဲ့ သီလနဲ့ သစ္စာတရားတွေဗျာ။ ဘာလိုသေးလဲ။
လူ့ဘ၀က
တိုတိုလေးပါဗျာ။ မိတ်ဆွေတို့အားလုံး လူဖြစ်ရကျိုးနပ်အောင် ကျွန်တော်က လေရှည်ပြီး ပြောနေတာဗျို့။
သဘောမကျရင်တော့ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ ကျွန်တော် ဘုံဆိုင် ကတော့ နောင်ဘဝ
လူဖြစ်ချင်သေးတယ်။ သားလို စာတတ်ပေတတ် ကျောင်းဆရာ တစ်ယောက် ဖြစ်ချင် တယ်ဗျ။ ဒီဘ၀ ဖြည့်ဆည်းခဲ့သမျှ
ကုသိုလ်ကံပါရမီတွေဟာ နောင်ဘ၀ ပညာပြည့်ဝဖို့ အထောက်အပံ့ ဖြစ်ပါစေသတည်းလို့ ကျွန်တော်
ဆုတောင်းမိတယ်ဗျာ။
ဆက်လက်ကြိုးစားပါအုံးမည်
စံပယ်ဖြူ
မှတ်ချက်။
။ ရွှေအမြုတေမဂ္ဂဇင်းသို့ အီးမေးဖြင့်ပို့ထားသော စာမူဖြစ်ပါသည်။ အကြောင်းပြန်စာ မရသဖြင့်
ကျွန်မ ဘလော့ပေါ်တင်လိုက်ခြင်း ဖြစ်သည်။
Great, thanks friend.
ReplyDelete