မလေးရှားမှာ ပြသနာတွေဖြစ်တယ်ဆိုတော့
ရွာကအကိုတွေ အမျိုးတွေက စိတ်ပူကြတယ်။ သူငယ်ချင်းတွေက သတင်းမေးကြတယ်။ ဘေးရန်ကင်းလျှက်
ရှိကြောင်းပါ၊ ကိစ္စရှိလို့ အပြင်ထွက်ချင်ရင်တော့ နည်းနည်းသတိထား ရတာပေါ့လို့ စိတ်မပူအောင်
ဖြေလိုက်ပါတယ်။ မလေးရှားရောက်နေကြတဲ့ မြန်မာတွေအတွက် အသက်ဘေး အန္တရာယ် လုံခြုံမှုမရှိတာ
ဟိုအရင်ကတည်းပါ။ မလေးရှာရောက် မြန်မာတွေအကြောင်း ထိမိပြောင်မြောက်စွာ ရေးထားတဲ့ စာ၊ကဗျာတွေကို
ဖတ်ဖူးကြပါလိမ့်မယ်။
မလေးရှားကို ကျွန်မရောက်တာ ခြောက်နှစ်ကျော်ခဲ့ ပါပြီ။
ပျော်လားမေးရင် မပျော်ဘူးလို့ ဖြေချင်ပါတယ်။ အဆင်ပြေလားမေးရင် ဒီလိုပါပဲလို့ ဖြေပါမယ်။
မလေးရှားရောက်မြန်မာ ငါးဆယ်ရာခိုင်နှုန်းကျော်က ကျွန်မလိုပဲ ဖြေကြမှာ သေချာပါတယ်။ ဒီလိုဆို
ပြန်လာကြလေလို့ ပြောရင်တော့ ရွှေပြည်တော် ပြန်နိုင်ဖို့ ဝေးနေပါကြောင်း ကိုယ့်ဝမ်းနာတာ
ကိုယ်ပဲသိကြ ပါတယ်။ အပြင်မထွက်ပဲ အခန်းထဲမှာကုတ်နေရင်း အင်တာနက်က စာတွေဖတ်နေ လိုက်ပါတယ်။
အထူးသဖြင့် သာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်တာတွေ ရှာဖတ်ဖြစ်ပါတယ်။ ဖတ်ရင်း စာတစ်ပုဒ်လောက်
ရေးချင်စိတ် ဖြစ်လာပါတယ်။ စာရေးရင် ကိုယ်တိုင်သိသော အကြောင်းအရာကို ရေးပါလို့ စာရေးဆရာမ
မစန္ဒာက မလေးရှားစာပေ ဟောပြောပွဲမှာ ပြောခဲ့ပါတယ်။ ဆရာမစကားကို မြေ၀ယ်မကျ နားထောင်ပြီး
ကျွန်မသိတဲ့ ရွာကအကြောင်းတွေကို ရေးလိုက်ပါတယ်။
ကျွန်မတို့ရွာက ကျုံပျော်မြို့နယ်
မိုးကြိုးပစ်ရွာ ဖြစ်ပါတယ်။ ကျွန်မတို့ရွာက အခြားဘေးရွာလေးတွေနဲ့ ယှဉ်ရင် ပညာရေး၊ စီးပွားရေး၊
လူမှုရေးမှာ အနည်းငယ် ပိုဖွံ့ဖြိုးတယ်လို ဆိုနိုင်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆန်စပါး
ကုန်ပစ္စည်း အရောင်းအ၀ယ်လုပ်ပြီး အသက်မွေးကြပါတယ်။ကျွန်မအဖေကတော့ အကြွေးပတ်လည်ဝိုင်းနေတဲ့
ကရင်အမျိုသား လယ်သမားတစ်ယောက်ပါ။ (အဖေကွယ်လွန်ခဲ့တာ ငါးနှစ်ရှိပါပြီ။) ရွာမှာ ဗမာလူဦးရေ
ပိုများပါတယ်။ ကျွန်မတို့ ကရင်တွေက လယ်တီစုလို့ခေါ်တဲ့ ရွာအရှေ့ပိုင်းမှာ နေပါတယ်။ အများစုက
ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင် စုစုပေါင်း ဆယ်အိမ်ပြည့်မယ် မထင်ဘူး၊ ရွာမြောက်ပိုင်းမှာ
မွတ်စလင်တွေ ရှိပါတယ်။ အိမ်ခြေ နှစ်ဆယ်လောက် ရှိပါလိမ့်မယ်။ ရွာကမွတ်စလင်တွေ ပတ်ဝန်းကျင်က
ကရင်ဗမာတွေနဲ့ ချစ်ချစ်ခင်ခင် မဟုတ်သော်လည်း သင့်သင့်မြတ်မြတ် ရှိကြပါတယ်။
ရွာမှာ မွတ်စလင်တွေနေတဲ့အစုကို
ကုလားစုလို့ခေါ်ကြ ပါတယ်။ ကျွန်မသုံးတန်းလေးတန်းတုန်းက သင်္ချာသင်တဲ့ ဆရာဦးဝင်းလှိုင်က
မွတ်စလင်တစ်ယောက်ပါ။ ဆရာက သင်္ချာသိပ်တော်ပါတယ်။ ဆရာက အသင်အပြကောင်းသလို အရိုက်လည်းကြမ်းပါတယ်။
ဆရာရိုက်တာ သိပ်နာပါတယ်။ ဒါပေမဲ့ ဆရာ့ကို အနန္ဒဂိုဏ်းဝင် ဆရာတစ်ယောက်အဖြစ် ချစ်ခင်လေးစားခဲ့
ပါတယ်။ ဆရာ့ကျေးဇူးကြောင့် ကျွန်မတို့ သင်္ချာကောင်းကောင်း တတ်ခဲ့ပါတယ်။ အလယ်တန်းနဲ့
အထက်တန်းမှာ ဆုံခဲ့တဲ့ မွတ်စလင် ဆရာ၊ဆရာမတွေဟာလည်း ဆရာစိတ်ရှိကြပါတယ်။
ကျွန်မတို့ ရွာမှာ
ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဘာသာဝင်တွေ ကိုယ့်အလုပ်ကိုယ်လုပ်ကြပြီး၊ ရန်မစောင်ပဲ နေကြတာမို့
ပြသနာ ကြီးကြီးမားမား မရှိခဲ့ပါ။ လူငယ်ကိစ္စ လေးတွေတော့ ရှိကြပါတယ်။ ငယ်သူတို့ သဘာဝ
ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဘာသာဝင်တွေ ချစ်ကြိုက်ကြရင် မိဘတွေက သဘောမတူလို့ ခွဲကြ၊ အသဲကွဲ
ကြတာမျိုးတွေ ရှိပါတယ်။ ပြသနာမရှိခဲ့ဘူး ဆိုပေမဲ့ ကြီးကျယ်တဲ့ ကိစ္စလေးတစ်ခုတော့ ရှိခဲ့ပါတယ်။
မွတ်စလင်ကျောင်းဆရာနဲ့ ကရင်ခရစ်ယာန် ကျောင်းဆရာမ တစ်ယောက်ရဲ့ ဇာတ်လမ်းပါ။ သူတို့နှစ်ယောက်
ဂရက်ရှည်ရွာက မူလတန်းကျောင်းမှာ အတူတာဝန်ကျရာက ရည်းစားဖြစ်ပြီး၊ အချစ်နယ်ကျွံခဲ့ ကြတယ်။
ဆရာမက ကိုယ်ဝန်ရလာတဲ့ အချိန်ရောက်တော့ ကျောင်းဆရာဘက်က ဘာသာမတူလို့ မပေးစားနိုင်ဘူး
ဖြစ်လာပါတယ်။ ကျောင်းဆရာမဘက်က တရားစွဲတာကို ကျောင်းဆရာမိသားစုက ငွေအင်အားနဲ့ အနိုင်ယူခဲ့ပါတယ်။
ကျောင်းဆရာ အရေးယူမခံရပဲ အလုပ်ထုတ်ခံ ရတာလောက်နဲ့ ပြီးသွားခဲ့ပါတယ်။
ကျွန်မတို့ မိန်းမသားတွေ
ယုံလွယ်မိရင် ဒုက္ခကို ကိုယ်တိုင်ရင်စီးခံ ကြရမယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ အပြောကောင်းရုပ်ချောတဲ့
ကျောင်းဆရာကို ယုံလို့ပုံအပ်ခဲ့တဲ့ ရပ်လဒ်က လက်မထပ်ပဲ ကလေးမွေးရတဲ့ ဘ၀ကိုရောက်ခဲ့ ပါတယ်။
ကျောင်းဆရာမ ဘက်ကနေပြီး တနယ်လုံးက မကျေနပ်ကြပါဘူး။ အမှိုက်ဖွမဲ့သူ မရှိလေတော့ အဓိကရုဏ်း
လည်းမဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်တုန်းက အင်တာနက်တွေ ခေတ်မစားသေး တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တကယ်တမ်း မကျေနပ်ဖြစ်ကြမယ်ဆိုရင် ကျောင်းဆရာမိသားစုနဲ့ တရားရုံးကိုပါ မကျေနပ်ဖြစ်ရပါ။ ငွေပေးရင်တရားနိုင်တဲ့ ဥပဒေ စနစ်ကြောင့်
မြန်မာအမျိုး ကောင်းသမီးတွေကို သူတစ်ပါး စော်ကားခွင့်ရနေတယ်လို့ သုံးသပ်ရမှာပါ။ စစ်မှန်တဲ့
တရားဥပဒေ စိုးမိုးရေးဆိုတာရှိနေရင် ဒီလိုစော်ကားရဲကြမှာ မဟုတ်ဘူးလို့ ထင်မြင်မိပါတယ်။
အမှုပြီးသွားတဲ့နောက်ပိုင်း
ကျောင်းဆရာ အိမ်ထောင်ကျသွားတယ်လို့ သိရပါတယ်။ သားသမီးချင်း ကိုယ်ချင်းမစာနာတဲ့ ကျောင်းဆရာမိသားစုကို
တနယ်လုံးက အရိုသေတန် သွားကြပါတယ်။ ယဉ်ကျေးသော အသိုင်းအ၀ိုင်းကပေးတဲ့ လူမှုရေးအပြစ်ဒါဏ်ကို
သူတို့ ထိုက်ထိုက်တန်တန် ရလိုက်ပါတယ်။ ကျွန်မတို့နယ်မှာ မိုးရာသီရောက်ရင် တရွာနဲ့တရွာဘောလုံးပြိုင်ပွဲတွေ
ရှိပါတယ်။ ဘောလုံးပြိုင်ပွဲတစ်ခုမှာ အမှုဖြစ်ခဲ့တဲ့ ကျောင်းဆရာလူထွက် ပါဝင်ကစား ခဲ့ပါတယ်။
ပြိုင်ပွဲမှာ ကစားရင်း ကျောင်းဆရာမရဲ့ တပည့်ဟောင်းတွေက ချက်ကောင်းကိုစောင့်ပြီး ကျောင်းဆရာ
လူထွက်ရဲ့ခြေထောက်ကို ကန်ချိုးလိုက်ကြပါတယ်။ အမြင်ကပ်လို့ တမင်ရိုက်ချိုးမှန်းသိလို့
သူတို့ဖာသာ ဆေးကုလိုက် ကြပါတယ်။ ကျွန်မ အပါအ၀င် တနယ်လုံးက ကောင်းတယ်လို့ ကောင်းချီးထောပနာ
ပြုကြပါတယ်။ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ကျောင်းဆရာမဖက်ကနေ ကျွန်မ နာကျင်ခဲ့ပါတယ်။ နှမချင်းမစာနာတဲ့
ကျောင်းဆရာကိုလည်း ရွံမုန်းမိခဲ့ပါတယ်။ ဒါပေမဲ့ မွတ်စလင်ဘာသာဝင်တွေကို မုန်းတီးတဲ့အထိတော့ ခံစားချက်မပြင်းထန်ခဲ့ပါဘူး။
အဲဒီလောက်ထိ မဖြစ်သင့်ဘူးလို့လည်း ထင်ပါတယ်။
ဒီအဖြစ်မှန်ကို ရေးရတဲ့
အဓိကအကြောင်းရင်းက ငွေများတရားနိုင်တဲ့ မြန်မာပြည် တရားစီရင်ရေးစနစ်ကို မြင်သာစေချင်လို့
ဖြစ်ပါတယ်။ ငွေပေးရင်ရတယ်ဆိုတော့ လူတွေက ဥပဒေကို လေးစားလိုက်နာစရာလို့ မထင်မှတ်တော့ပါ။
လူ့ကျင့်ဝတ် စည်းကမ်းတွေကိုလိုက်နာတဲ့ အကျင့်တွေ တဖြည်းဖြည်း ပျောက်ဆုံးလာတယ်။
ငွေရှိရင် အာဏာရှိရင် ဘာမဆိုဖြစ်တယ်လို့ ခံယူလာကြပြီး၊ ကိုယ်ချင်းစာတရားတွေ ကင်းမဲ့လာကြတယ်။
စာနာစိတ် မေတ္တာစိတ်တွေ ခေါင်းပါးလာတာနဲ့အမျှ အမုန်းတရားတွေကို အလွယ်တကူ လက်ခံလာကြတယ်။
အမုန်းပွားအောင် အမှိုက်ဖွတဲ့သူက ဖွတယ်။ မုန်းကြတယ်။ ရန်ပွဲတွေ၊ အဓိကရုဏ်းတွေ ဖြစ်လာကြတယ်။
ဒီလိုပဲ မုန်းနေကြတော့ မှာလား။
အစဉ်အလာအရ ယဉ်ကျေးခဲ့ကြတဲ့
မြန်မာတွေရဲ့ နှလုံးသားမှာ အမုန်းဓာတ်ခံ အားကောင်းအောင် မြေဆီကျွေး ရေလောင်းနေကြတာတွေကို
ရပ်တန့်စေချင်ပါတယ်။ အမျိုးဘာသာကို ချစ်လွန်းလို့ပါ ဆိုသူတွေ ဆိုင်ရာဘာသာတရား အဆုံးအမကို
တကယ်လိုက်နာ ကြသလားဆိုတာ ပြန်ဆန်းစစ်ကြဖို့ လိုပါတယ်။ ကျွန်မတို့ ရွာမှာတော့ ခုချိန်ထိ
အဓိကရုဏ်းတွေ မဖြစ်သေးလို့ တော်ပါသေးတယ်။ မြို့တိုင်း ရွာတိုင်းမှာ အဓိကရုဏ်း ဖြစ်ခြင်းမှကင်းဝေးပါစေ။ ရန်လိုမုန်းတီးမှုတွေ ကင်းရှင်းကြပါစေ။
စံပယ်ဖြူ
ကြိုက်တယ်ဗျို့။
ReplyDeleteလူချင်းရန်မဖြစ်၇င် ဘာသာချင်းရန်မဖြစ်ပါဘူး။ တဲ့။
ဖတ်ကောင်းတဲ့ဆောင်းပါးကောင်းလေးတပုဒ်ပါ။ ဆက်လက်ရေးသားနိုင်ပါစေ။
ReplyDeleteGood One! and I agree with you! sis!
ReplyDelete