Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....
Showing posts with label ရောက်တတ်ရာရာ. Show all posts
Showing posts with label ရောက်တတ်ရာရာ. Show all posts

Wednesday, 15 April 2015

အဆင်မပြေမှုများနဲ့ မြန်မာပြည်




မြန်မာပြည်ကို (၅)လတိတိ ပြန်ရောက်နေချိန်မှာ စိတ်ဘ၀င်မကျစရာ အကြောင်းအရာတွေကို ပေါင်းစုပြီး စာတပုဒ် ချရေးလိုက် ပါတယ်။ ဘယ်အရာမဆို အဆင်ပြေသလို လုပ်နေကျတဲ့အကျင့်၊ နားလည်မှုနဲ့ လုပ်ကြတယ်ဆိုတဲ့ ဓလေ့တွေ အရိုးစွဲနေတာ သူ့ဟာသူတော့ အဆင်ပြေနေကြ ပါတယ်။ အရာရာတိုင်းကို စည်းကမ်းတကျ၊ စနစ်တကျ ဖြစ်စေချင်သူတွေအတွက် အဲဒီနားလည်မှု ဆိုတဲ့ဟာတွေက စိတ်ဘ၀င်မကျ စရာပါ။ အသေးအမွှား ကိစ္စလေးတွေလို့ ထင်ရပေမဲ့ ပြုပြင်သင့်တာတွေမို့ မြင်တွေ့ခဲ့သမျှကို ပြန်လည်မျှဝေလိုက် ပါတယ်။

မြန်မာပြည် ပြန်ရောက်တုန်း သက်တမ်းကုန် နေပြီဖြစ်တဲ့ ကျွန်မရဲ့ သူနာပြုလိုင်စင်ကို သက်တမ်းတိုးဖို့ သူနာပြု သားဖွားကောင်စီမှာ ဖောင်သွားယူပြီး၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရပါတယ်။ ရဲစခန်းထောက်ခံစာပါ လိုအပ်တဲ့အတွက် ရွာပြန်တော့ ကျုံပျော်မြို့နယ် ရဲစခန်းမှာ ထောက်ခံစာ သွားယူပါတယ်။ ရဲစခန်းက လိုတာတွေ မေးပြီး ထောက်ခံစာကို အလွယ်တကူ ပေးလိုက်ပါတယ်။ တထောင်ကျပ် ပေးရမယ်ဆိုလို့ ကျွန်မ အလွယ်တကူပဲ ပေးလိုက်ပါတယ်။ ငွေတထောင်ကျပ်ကို ရဲက သူ့အင်္ကျီအိတ်ထဲ ထည့်လိုက်ပါတယ်။ တကယ်ဆို ငွေရပြေစာလေး ထုတ်ပေးရမယ်။ ကောက်ယူထားတဲ့ ငွေတထောင်ကျပ်က တိုင်းပြည် ဘဏ္ဍာ သို့မဟုတ် ဌာနဆိုင်ရာ အသုံးစရိတ်အတွက် စားရင်ဝင်သွားရမယ် မဟုတ်လား။ ထောက်ခံစာ တခါထုတ်ပေးရင် ငွေတထောင်၊ လူတရာ လာတဲ့အခါ ငွေတသိန်း၊ ဒီငွေတွေ ဌာနအသုံးစရိတ် မဖြစ်တော့ပဲ ဇီးသီးပန်းကန် မှောက်ကျသလို ဟိုလွင့်ကျ ဒီလွင့်ကျ။ နှစ်ပေါင်းများစွာ ဒီလိုပဲ အဆင်ပြေနေတဲ့ ကိစ္စလေးက ကျွန်မ စိတ်ထဲမှာတော့ အဆင်မပြေပါ။ 

ဌာနဆိုင်ရာ အသီးသီးမှာ ဒီလိုအသေးအမွှားကစလို့ ငွေကြေးပမာဏ များစွာအထိ လေ့လွင့်နေလို့ တတိုင်းပြည်လုံး မွဲပြာကျ နေတာကို သိကြပြီးသားပါ။ ဇီးသီးထုတ် ပေါက်ကျတဲ့ အဖြစ်ကလေးတခုကိုလည်း ရယ်စရာအဖြစ် ပြောပြချင်သေးတယ်။ မလေးရှားမှာ သိကျွမ်းခဲ့တဲ့ ကရင်လေးတယောက် သူ့ရဲ့ဆယ်တန်းအောင်လက်မှတ်နဲ့ အမှတ်စားရင်ကို နိုတြီပြန်ပြီး ပို့ပေးဖို့ အကူအညီတောင်းလို့ ကျွန်မ အကျိုးဆောင်ပေးလိုက် ပါတယ်။ အမှတ်စာရင်း မူရင်း မရှိတော့လို့ အာစီတူးက ဇွဲကပင်ဆောင်မှာ သွားယူပေးရတယ်။ ငွေလေးရာကျပ်ပဲ ပေးရတယ်။ ချက်ချင်းထုတ် ပေးလိုက်ပါတယ်။ ငွေလေးရာကျတယ်ဆိုတော့ ကျွန်မက ငါးရာတန် ပေးလိုက်ပါတယ်။ ငွေကောက်တဲ့ ၀န်ထမ်းက အကြွေတရာ မရှိဘူးလို့ပြောပါတယ်။ ဒါနဲ့ ကျွန်မက ငွေလေးရာကျပ် အကြွေကို အိတ်ထဲမှာ ရှာပြီးပေးမယ် လုပ်တော့ ၀န်ထမ်း အမျိုးသမီးက၊ မဟုတ်ဘူးအမ ကျွန်မက တရာ မရှိတာလို့ ဆိုပါတယ်။ ကျွန်မလည်း အူကြောင်ကြောင် ဖြစ်သွားရာ သဘောပေါက် လိုက်ပါတယ်။ အမ်းရမဲ့ ငွေတရာကို မယူတော့နဲ့လို့ ဆိုလိုတာပါ။ အစိုးရဌာနတွေကို သွားရင် သူတို့သဘောတွေကို ဘာသာပြန်တတ်ဖို့ လိုပါတယ်။ ငွေတရာ ဘာမှမပြောပလောက်ဘူး ဆိုပေမဲ့ ဒါလည်း လေလွင့်တမျိုးပါ။ ငွေတရာကျပ်တွေ ပေါင်းလိုက်ရင် ထောင်၊သောင်း၊ သိန်းဂဏန်းတွေ ဖြစ်လာတယ် မဟုတ်လား။

အဆင်ပြေသလို လုပ်စားနေကြရတဲ့ ကျွန်မတို့ တိုင်းပြည်မှာ နှလုံးထီ၊ သုံးလုံးထီရောဂါဟာ ကင်ဆာလို့ အမြစ်စွဲ နေပါတယ်။ ငွေကို လွယ်လွယ်ရချင်တော့ နှလုံးထီထိုး၊ ဒိုင်ခံကြတာ လူနည်းစု ချမ်းသာသွားကြပြီး၊ အများစုကတော့ မွဲသွားကြပါတယ်။ ရှိတာတွေ အကုန်ပြောင်လို့ ကြွေးပတ်လည် ၀ိုင်းနေပေမဲ့ အမြစ်စွဲနေတဲ့ ရောဂါက ပျောက်မသွား ပါဘူး။ ကြားက အမြတ်ထွက်တဲ့ သူတွေကတော့ ပြည်သူ့ရဲများ ဖြစ်ပါတယ်။ ချဲဒိုင်ခံတဲ့သူတွေ၊ ကော်မရှင်စားတဲ့ သူတွေက အဖမ်းမခံရအောင် ရဲတွေကို ဆက်ကြေးအမြဲပေး ရပါတယ်။ ခုနောက်ပိုင်း ချဲဒိုင်ခံတဲ့လူတွေ နည်းသွားတာကြောင့် ဆက်ကြေးရတာ နည်းသွားတယ်။ ကျွန်မတို့ရွာမှာ ဆက်ကြေးလာယူတဲ့ ရဲတယောက်က တွက်ခြေမကိုက်တော့ဘူးလို့ ညည်းတယ်ဆိုလို့ ကျွန်မ စိတ်ပျက်မိ ပါတယ်။ ရဲတွေ တွက်ခြေကိုက်ဖို့ ကျွန်မတို့ ရွာသားတွေ  မွဲဆေးဖော်တဲ့ အလုပ်ကို ဆက်လုပ်ရမလို ဖြစ်နေပါတယ်။ 

Monday, 23 February 2015

မြန်မာပြည်တခွင် ခရီးနှင်




 မြန်မာပြည် ပြန်ရောက်နေချိန် ကားစီး၊ ရထားစီရင်း လမ်းခရီးမှာ တွေ့ကြုံခဲ့သမျှကို ပြန်ပြီးဖောက်သယ်ချ လိုက်ပါတယ်။ မြန်မာပြည်တခွင်လို့ ဆိုပေမဲ့ ရန်ကုန်မြို့တွင်း လိုင်းကားစီးရတဲ့ အဖြစ်သနစ်တွေကို အဓိကရေးချင်တာပါ။ မန္တလေးခရီးစဉ်ကိုပါ ကြုံလို့ထည့်ရေးလိုက် ပါတယ်။ မြန်မာပြည်က နေ့စဉ် ခရီးသွား ပြည်သူများရဲ့ လက်တွေ့ခံဘ၀ ကိုယ်တွေ့ခံစားပြီး ပြန်လည်မျှဝေ လိုက်ပါတယ်။ 
 
ခရီးလမ်း အဆင်ပြေချောမွေ့ရေးဟာ အများပြည်သူတွေရဲ့ နေ့စဉ်ဘ၀အတွက် အရေးပါတဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။ ခရီးလမ်းအဆင်ပြေမှု ဆိုရာမှာ အချိန်လည်းမှန်၊ အန္တရာယ်ကင်းပြီး၊ သက်တောင့်သက်သာ ရှိဖို့လိုအပ်ပါတယ်။ အထူးသဖြင့် နေ့စဉ်အလုပ်သွား ကျောင်းသွားရတဲ့သူတွေ သက်တောင့်သက်သာရှိပြီး၊ အန္တရာယ်ကင်းစေချင် ပါတယ်။ ရန်ကုန်မြို့ကြီးမှာ အဲဒီလိုဖြစ်ဖို့ မျှော်လင့်ချက်က ကြာလေဝေးလေ ဖြစ်နေပါတယ်။ မနက်စောစောထ အလုပ်ကိုသွား၊ လမ်းမှာကားကကြပ် လမ်းကပိတ်၊ စိတ်ရှုပ် စိတ်ပျက်ရ။ တနေကုန် အလုပ်လုပ်ပြီး ညနေရောက်တော့ ကြပ်ညှပ်နေတဲ့ ကားကိုစီးပြီးပြန်ရ။ စိတ်ပန်း လူပန်းရတဲ့အထဲ ကားထဲမှာ အနံ့ပေါင်းစုံ။ တနေ့ရတဲ့ ၀င်ငွေနဲ့မတန်အောင် စိတ်အင်အား လူအင်အားတွေ ဆုံးရှုံးနေပါတယ်။ ဖုန်ပေါတဲ့ ရန်ကုန်မြို့မှာ ကားစီးရင်း ဖုန်ရှု။ မှတ်တိုင်မှာ ကားစောင့်ရင်းလည်း ဖုန်တွေက နှာခေါင်းထဲဝင်၊ မျက်လုံးထဲဝင်။ ညစ်ညမ်းတဲ့လေနဲ့ ဖုန်တွေကို နေ့စဉ်ရှု နေရတာ ကျန်းမာရေးထိခိုက်ပါတယ်။

ကျွန်မ ရန်ကုန်မြေကို စနင်းခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ ဟိုတုန်းကလိုင်းကားစီးတယ်။ ခုလည်း လိုင်းကားပဲ စီးပါတယ်။ မော်တော်ယာဉ် လိုင်းပေါင်းစုံရှိတဲ့ ရန်ကုန်မှာ ကျွန်မ မစီးဖူးတဲ့ ယာဉ်လိုင်း မရှိသလောက်ပါ။ ရွာကို ပြန်တဲ့အခါ ဒဂုန်ဧရာ အဝေးပြေးဝင်းကို သွားဖို့ဆိုရင် မထသ (၃၂)၊ (၃၆)၊ ရွှေဧည့်သည် (၂)ကို စီးရပါတယ်။ သက်တမ်းကြာမြင့်ပြီး၊ ခပ်ကြမ်းကြမ်း မရပ်မနားမောင်းခဲ့တဲ့ ကားတွေကို အစားထိုးခြင်း ပြုပြင်ခြင်း ရှိပုံမပေါ်။ ရွှေဧည့်သည် ကားပေါ်မှာဆို ထိုင်ခုံတွေက စုတ်ပြတ်နေပါတယ်။ အဲဒီထိုင်ခုံ အစုတ်တွေပေါ် ထိုင်စီးရတာ စိတ်ထဲ မအီမလည် ဖြစ်မိပါတယ်။ လိုင်းကားစီးတဲ့သူတွေက ထိုင်ခုံအစုတ်တွေနဲ့ပဲ တန်တယ်ထင်ပါရဲ့။ လူကိုလူလို တန်ဖိုးထားတတ်တဲ့ အကျင့်တွေ ပျောက်ဆုံးနေတဲ့ ကျွန်မတို့ တိုင်းပြည်မှာ လိုင်းကားစီးရတဲ့ လူတွေရဲ့ဘ၀က နှစ်ပြားတောင် မတန်သလို ခံစားရပါတယ်။

Saturday, 15 November 2014

ရန်ကုန်သို့ တခေါက်ပြန်ရောက်ခြင်း




နှစ်နှစ်ကျော်လောက် ပြန်မရောက်ဖြစ်ခဲ့တဲ့ ရန်ကုန်ကို တခေါက်ပြန်ရောက် လာပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်တုန်းက နေပျော်စရာကောင်းသေးတဲ့ ရန်ကုန်။ မိတ်ဆွေသူငယ်ချင်းကောင်း၊ ဆရာသမားကောင်းတွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ ရန်ကုန်။ ရန်ကုန်က ကျွန်မရဲ့ မွေးရပ်မြေ မဟုတ်ပေမဲ့ ကျွန်မဘ၀ရဲ့ အစိတ်အပိုင်းတခုပါ။ ရန်ကုန်မှာ ပညာသင်၊ ရန်ကုန်မှာ ရုန်းကန်လှုပ်ရှားရင်း ဘ၀ပေးအသိတွေ ရခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်ရင် ကျွန်မ ရန်ကုန်မှာပဲ နေဖြစ်ပါတယ်။ မိဘနှစ်ပါး မရှိတော့ပြီမို့ ရွာပြန်ရင်လည်း တပတ်ဆယ်ရက်ထက် ပိုပြီး မနေနိုင်တော့ပါ။ ရန်ကုန်မှာ အိမ်မရှိပေမဲ့ သူငယ်ချင်းအိမ်မှာ စတည်းချနေပြီး၊ အခြားမြို့က သူငယ်ချင်းတွေဆီသွားလည်လိုက်၊ လူမှုရေးကိစ္စလေးတွေ အနည်းအကျဉ်း ကူညီပေးလိုက်နဲ့ လယ်ယာပြန်စားရေး လုပ်နေရပါတယ်။

ရန်ကုန်ကို အခုတခေါက်ပြန်လာတဲ့ ခရီးစဉ်မှာ ဖောက်သယ်ချစရာလေးတွေ ရှိပါတယ်။ နိုဝင်ဘာလထဲမှာ မြန်မာလေကြောင်းလိုင်းက ကွာလာလမ်ပူမှ ရန်ကုန် ခရီးစဉ်အတွက် (၂)ရက်ပဲ ရှိပါတယ်။ ဘာကြောင့်လဲတော့ မသိပါ။ မလေးရှားလေကြာင်းကို လောလောဆယ် မစီးချင်သေးတာကြောင့် အေးရှားလေကြောင်းနဲ့ ပြန်လာပါတယ်။ ကွာလာလမ်ပူလေဆိပ်ကို အလာမှာ ကျွန်မ နမော်နမဲ့ နိုင်တာတွေကိုတော့ မရေးပဲ ချန်ခဲ့လိုက်ပါတယ်။ လေဆိပ်ကို အချိန်မှီရုံလေး ရောက်ခဲ့ပါတယ်။ လေယဉ်ပေါ်ရောက်တော့ ကျွန်မဘေးခုံမှာ ကျွန်မထက် အသက်ငယ်တဲ့ ကိုရွှေမြန်မာနှစ်ယောက်။ အေးအေးလူလူပါပဲ။ လမ်းတ၀က်လောက်ရောက်တော့   လေယဉ်မယ်က   လေဆိပ်အ၀င် (Arrival card) နဲ့ အကောက်ခွန် ပုံစံတွေ ဖြည့်ဖို့ စာရွက်တွေ လိုက်ဝေပါတယ်။ အင်္ဂလိပ်လို ပုံစံကို မဖြည့်တတ်လို့ ကျွန်မဘေးက တယောက်ကိုဖြည့်ပေးခဲ့ ရပါတယ်။ ကျွန်မဘေး တယောက်ကျော်ကတော့ ကျွန်မ ဖြည့်ထားတဲ့ ပုံစံကို နမုနာကြည့်ပြီး၊ သူ့ဖာသာဖြည့်ပါတယ်။ သူနားမလည်ရင် ကျွန်မကို မေးပြီးဖြည့် ပါတယ်။ ကျွန်မ စိတ်ထဲကနေ မဆိုးပါလို့ မှတ်ချက်ပေးလိုက်ပါတယ်။

အချိန် နှစ်နာရီကျော် ပျံသန်းပြီးတဲ့နောက် အဲအေးရှား လေယာဉ် ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ ပါတယ်။ လေဆိပ်အ၀င် လ၀ကမှာ တန်းစီ၊ ကျွန်မအလှည့်ရောက်တော့ လ၀က အရာရှိကို ပတ်စပို့နဲ့ ဖြည့်ထားပြီးသား လေဆိပ်အ၀င်ကဒ်ကို ပေးလိုက်ပါတယ်။ သူစစ်ဆေးနေတာကို စောင့်နေရင်း ဟိုဘက်က တယောက်ကို ပိုက်ဆံ (၃၀) တောင်းတာကြားလိုက်ပါတယ်။ မလေးရှားက   ပြန်လာတဲ့သူကို တောင်းတဲ့ ငွေ(၃၀)ဆိုတာ ရင်းဂစ်(၃၀) ဖြစ်ပါလိမ့်မယ်။ မြန်မာငွေ (၉၀၀၀)ကျပ် ၀န်းကျင်။ ဘာအတွက် တောင်းတာလည်းလို့ သိချင်ပေမဲ့ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို ၀င်စွက်ဖက်ဖို့ မသင့်တော်လို့ နားပဲထောင်နေ လိုက်ရပါတယ်။ ပုံစံဖြည့်ထားတာ မပြည့်စုံတာကြောင့်လည်း   ဖြစ်နိုင်ပါတယ်။ ငွေကိုးထောင်ကျပ် ၀န်းကျင်က သုံးသိန်းအောက် အများကြီးနဲတယ် မဟုတ်လား။ ဒါမျိုးတွေ ရိုးနေပြီဆိုပေမဲ့ ကျွန်မစိတ်ထဲ မတရားအနိုင်ကျင့်တာလို့ပဲ မြင်ပါတယ်။

Saturday, 15 March 2014

အောက်ကို ငုံ့ကြည့်၍ အထက်သို့ မော့ကြည့်ခြင်း




ကျွန်မတို့ အဖေ မကြာခဏ နှစ်သိမ့်ဆုံးမဖူးတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ အပေါ်ကိုချည်း မော့မကြည်နဲ့ ကိုယ့်အောက်ကိုငုံ့ကြည်ပါ တဲ့။ မျှော်မှန်းတိုင်း မဖြစ်တဲ့ဘ၀အပေါ် အလိုမကျဖြစ်တတ်တဲ့ ကျွန်မကို လောကဓံနဲ့ သဟဇာတဖြစ်အောင် အဖေက ဖြေသိမ့်ပေးတာပါ။ ကရင်လူမျိုးပီသစွာ ရိုးသားပြီး ရောင့်ရဲတတ်တဲ့ လယ်သမား ကျွန်မတို့အဖေဟာ ဘ၀တစ်လျှောက်လုံး ပင်ပန်းဆင်းရဲခြင်း လောကဓံနဲ့ ကောင်းစွာမိတ်ဆွေဖွဲ့ သွားသူပါ။ လူ့အောက်ကျလို့ မသေနိုင်ဘူး၊ လူပိလို့မသေနိုင်ဘူး ဆိုတဲ့ဆောင်ပုဒ်က ကျွန်မတို့ အဖေ အမြဲဆောင်ထားတဲ့ ဆောင်ပုဒ်ပါ။ လူပိပြီး နလန်မထူနိုင်တဲ့ အဖေ့ဘ၀ရုပ်ပုံလွှာဟာ ကရင်များရဲ့ ဘ၀တစ်စိတ်တစ်ဒေသကို ထင်ဟပ်နေပါတယ်။

လူလူချင်း ဖိတာကို မကြိုက်တတ်တဲ့ ကျွန်မကို အဖေက သိပ်မလွှမ်းမိုးနိုင်ပါဘူး။ အဖေ့လို ကျွန်မ အားနာတတ်ပေမဲ့၊ မဟုတ်ရင်မခံတတ်တဲ့ အမေကသာ ကျွန်မဘ၀ တစ်ခုလုံးကို လွှမ်းမိုးခဲ့ပါတယ်။ အဖေပြောသလို ကျွန်မ အောက်ကို မကြာခဏငုံ့ကြည်ပါတယ်။ အပေါ်ကိုလည်း မော့ကြည့်မိပါတယ်။ ငယ်ငယ်က အောက်ကိုငုံ့ကြည့်ရင် အဖေတွေးသလို တွေးပြီးစိတ်ကို ဖြေသိမ့်ပါတယ်။ ကိုယ့်ထက်ဆင်းရဲ နိမ့်ကျတဲ့ သူတွေအများကြီး ရှိနေပါသေးလား၊ ကိုယ်ရထားတဲ့ ဘ၀က သူတို့တွေထက်စာရင် တော်ပါသေးတယ်ပေါ့။ အပေါ်ကို မော့ကြည့်မိရင်တော့ အပေါ်ကလူတွေကို အားကျစိတ်ဖြစ်ပြီး၊ ကြိုးစားချင်စိတ်တွေ ဖြစ်လာပါတယ်။ ငယ်ငယ်က စိတ်အားတက်ကြွနေချိန်မို့ လောကဓံကို ဘယ်တော့မှ အရှုံးမပေးဘူးလို့ စိန်ခေါ်ခဲ့ပါတယ်။ တကယ်လက်တွေ့မှာတော့ အနိုင်ရလို့ လှောင်ပြုံးပြုံးနေတဲ့ လောကဓံကို ကျွန်မ လက်မြောက် အရှုံးပေးချင်နေပြီ။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျနိုင်တဲ့ ဘ၀မှာ နေသားကျအောင် ကြိုးစားနေရင်း အချိန်တွေကုန် အသက်တွေ ကြီးလာပြီ။ လူလတ်ပိုင်းအရွယ်ကို ရောက်လာပြီဆိုတော့ အောက်ကိုငုံ့ကြည့်ပြီး၊ အတွေးတွေက ပြောင်းသွားပါတယ်။ ရခဲလှတဲ့ လူ့ဘ၀ကို ရလာပြီး၊ လူဖြစ်ရကျိုးမနှပ်တဲ့ ဘ၀တွေ။ လူလိုမစားရ၊ လူလိုမနေရတဲ့ ဘ၀တွေ။ အဖြစ်သနစ်ပေါင်းစုံကို မြင်ရတိုင်း ရွှေရင်မချောင် ရွှေရင်ဆို့ရပါတယ်။ ဒီလူတွေကို ကျွန်မတို့ ဒီအတိုင်းပဲ ငုံ့ကြည့်နေရမလား။ အောက်ခြေလူတန်းစားတွေ လူနဲ့တူအောင် နေရဖို့ အပေါ်ကလူတွေမှာ တာဝန်မရှိဘူးလား။ ပြောသာပြောရတယ်၊ အပေါ်နဲ့အောက် အလှမ်းကွာဝေးလွန်းတော့ သဲသဲကွဲကွဲ မြင်ကြလိမ့်မယ်မထင်ဘူး။ 

ကျွန်မက တောသူတောင်းသားတွေနဲ့ တသားတည်းတစ်ထပ်တည်း နေထိုင်ကြီးပြင်းခဲ့သူမို့ မျက်လုံးနဲ့လည်း မြင်တယ်။ နှလုံးသားနဲ့လည်း မြင်ပါတယ်။ တနေကုန် ခါးကိုကုန်းပြီး သမန်းမြေထဲကို ကောက်ပင်တွေ စိုက်ခဲ့ဖူးတယ်။ လယ်ကန်သင်းရိုးပေါ်မှာ ကောက်စိုက်သမတွေနဲ့ အတူတူ ပဲဟင်းရည်ကို မြိန်ယှက်စွာ သောက်ခဲ့ဖူးပါတယ်။ လယ်တွေ ကိုင်းတွေ မြစ်ချောင်းတွေပေါတဲ့ ကျွန်မတို့ ဧရာဝတီတိုင်းမှာ ဆန်ကြမ်းနဲ့ ဟင်းချိုအရည်ကျဲကျဲကို သောက်ပြီး တင်းတိမ်နေရတဲ့ လူတွေရှိတယ်။ နေ့စဉ် ငရုတ်သီးဆားထောင်းနဲ့ ထမင်းမိန်နေရတဲ့လူတွေ အများကြီးရှိတယ်။ ငရုတ်သီး မ၀ယ်နိုငိတဲ့အခါ ဆားနဲ့ပဲ ပြီးသွားရတာတွေ ရှိပါတယ်။ ချက်စရာ ဆန်မရှိတဲ့အခါ ထမင်းရည် ရှာတောင်းသောက် နေရတဲ့ အဖြစ်တွေ တကယ်ရှိပါတယ်။ ကျွန်မရွာသားတွေ ဆင်းရဲတဲ့ အကြောင်းကို မကြာခဏ စာထဲထည့်ရေး ပြီးသားမို့ အကျယ်ချဲ့ မပြောလိုတော့ပါ။ ဆင်းရဲခြင်းရဲ့ အကြောင်းတွေ၊ ဆင်းရဲခြင်းမှ လွတ်မြောက်ကြောင်းတွေကို ကျွန်မ ဥာဏ်မှီသလောက် စဉ်းစားကြည့် မိပါတယ်။ 

တချို့က ဆင်းရဲတဲ့သူကို မသနားနဲ့လို့ ပြောကြပါတယ်။ မလိမ္မာလို့ ဆင်းရဲကြတာ၊ အလုပ်မကြိုးစားလို့ ဆင်းရဲကြတာကို သနားစရာ မလိုဘူးလို့ ယူဆကြပါတယ်။ ယုတ်တိဗေဒအရ မှန်တယ်လို့ ဆိုနိုင်ပေမဲ့ လူသားဆန်ဆန် တွေးမယ်ဆိုရင် မလိမ္မာတဲ့လူကို လိမ္မာအောင် ပြုပြင်တည့်မတ်ပေး ရမှာပါ။ ဆင်းရဲတဲ့ သူတွေ အများစုဟာ အသိဥာဏ်နည်းကြတယ်။ အလုပ်ကို ရေသာခိုချင်ကြတယ်။ အသောက်အစား လောင်းကစားမှာ မွေ့လျော်ကြပါတယ်။ ဒါကြောင့်မို့ ဆင်းရဲနွမ်းပါးသူတွေကို စားစရာပေးရုံ ငွေချေးပေးရုံနဲ့ ဆင်းရဲခြင်းက လွန်မြောက်နိုင်မှာ မဟုတ်ပါဘူး။ (Life Skills) လို့ခေါ်တဲ့ ဘ၀နေထိုင်နည်းတွေ ကျွမ်းကျင်လာအောင် လူလိမ္မာ ဆိုသူတွေက ရှေ့ဆောင်လမ်းပြ ပေးရမှာပါ။ စီးပွားရေး လုပ်ငန်းရှင်များ၊ အုပ်ချုပ်သူ လူတန်းစားများက အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ တန်ရာတန်ကြေး လုပ်ခရပြီး၊ အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်တွေကို ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ 

လူ့ဘ၀သက်တမ်း တိုတိုလေးမှာ ကျွန်မတို့ လူအချင်းချင်း မေတ္တာထားကြပြီး၊ အားနည်းသူတွေကို ဂရုဏာစိတ်နဲ့ တွဲကူဖေးမ ကြရမယ် မဟုတ်လား။ ဒါပေမဲ့ အပေါ်ကလူတွေ အောက်ကိုငုံ့မကြည့် ကြဘူး။ တချို့က မမြင်ချင် ယောင်ဆောင်ကြတယ်။ တချို့က မျက်မှန်စိမ်းတပ်ပြီးကြည့်တော့ တကယ်အရှိကို မမြင်ကြဘူး။  အဲဒီလူတွေကို ကျွန်မမော့ ကြည့်မိပါတယ်။ မော့သာကြည့်ရတယ် ကျွန်မက အထက်တန်းလွှာမှာ နေဖူးသူ မဟုတ်တော့ အထက်တန်းစားတွေရဲ့ ဘ၀ကို  နားမလည်နိုင်တာ အမှန်။ ကျွန်မကိုယ်တိုင် အဲဒီနေရာကိုရောက်ရင် သူတို့လိုပဲဖြစ်မလား ဆိုတာတော့ တကယ်မရောက်ဖူးပဲ ပြောရခက်ပါတယ်။ နောက်ဘ၀များ အထက်တန်းလွှာမှာ လူဖြစ်ပြီး စာရေးဆရာမဖြစ်ခဲ့ရင် လူ့မလိုင်တွေအကြောင်း ကျွန်မစာတွေ ရေးချင်ပါတယ်။ ဒီဘ၀မှာ ဒီခန္ဓာတည်သရွေ့တော့ ကျွန်မရွာသားတွေအကြောင်းနဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ဘ၀ထဲက ထွက်လာတဲ့ စာတွေကို ရေးအားရှိသလောက် ရေးနေမှာပါ။ 

Saturday, 29 June 2013

မြေနိမ့်ရာလှံစိုက်...

အရှိန်အ၀ါ အားကောင်းတဲ့ တိုင်းမဂ္ဂဇင်းက အင်းအားချည့်နဲ့နေတဲ့ မြန်မာပြည်က ဗုဒ္ဒဘာသာတွေကို တဖက်စောင်း ဝေဖန်ရေးသားမှုဟာ မြေနိမ့်ရာ လှံစိုက်ခံရသလို ခံစားရပါတယ်။ မြေနိမ့်ရာ အရပ်မှာ စည်ပင်ထွန်းကားတဲ့ ကျွန်မတို့ရဲ့ သာသနာတော် လှံစူးခံနေရပြီ။ အမှန်ကို ရေးတာဆိုရင် နှစ်ဖက်စလုံးက လွန်တာတွေကို ရေးရမယ်မဟုတ်လား။ မကျေနပ်တဲ့ ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ တုန့်ပြန်မှုကို  မှုစရာမလိုတော့ မိမိလိုရာဆွဲ ရေးထားတာ ကျင့်ဝတ်ညီပါရဲ့လား။ မိမိသာသနာ လူမျိုးနဲ့ တိုင်းပြည်အကျိုး တစ်စုံတရာအတွက် အားနည်းသူ လူမျိုးစုကို စော်ကားရမဲ့ အလုပ်မျိုး ကျွန်မတို့ ဘယ်တော့မှ မလုပ်ကြစို့နဲ့။

Hannah Beech ရဲ့အရေးအသားကြောင့် ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပြီ။ သူပြောသလို ကျွန်မတို့ အကြမ်းဖက်သမားတွေ မဟုတ်ဖူးဆိုတာကို အလုပ်နဲ့ သက်သေပြဖို့ တစ်လမ်းပဲရှိပါတယ်။ စင်ကြယ်ဖြောင့်မတ်သော မြတ်စွာဘုရား အဆုံးအမတွေကို နှလုံးသားထဲမှာ အမြဲထည့်ထားပြီး၊ စည်းကမ်းရှိခြင်း ညီညွတ်ခြင်းတွေနဲ့ သိက္ခာပြန်ဆယ် ကြရအောင်ပါ။ လှံစိုက်ခံရလို့ နာကျင်တဲ့ ဝေနာကို ကြိတ်မှတ်သည်းခံရင်း၊ အနာကျက်အောင် မေတ္တာဆေးလုံး သောက်သုံးလိုက်ပါ။   မြတ်စွာဘုရားက ၇န်လိုမုန်းတီးမှု ကဲ့ရဲ့ဝေဖန်မှုတွေကို မေတ္တာနဲ့ တုန့်ပြန်ဖို့သာ ဆုံးမတော်မူတယ် မဟုတ်လား။

Sunday, 16 June 2013

ကျွန်မတို့ရွာကို သက်သေတည်



မလေးရှားမှာ ပြသနာတွေဖြစ်တယ်ဆိုတော့ ရွာကအကိုတွေ အမျိုးတွေက စိတ်ပူကြတယ်။ သူငယ်ချင်းတွေက သတင်းမေးကြတယ်။ ဘေးရန်ကင်းလျှက် ရှိကြောင်းပါ၊ ကိစ္စရှိလို့ အပြင်ထွက်ချင်ရင်တော့ နည်းနည်းသတိထား ရတာပေါ့လို့ စိတ်မပူအောင် ဖြေလိုက်ပါတယ်။ မလေးရှားရောက်နေကြတဲ့ မြန်မာတွေအတွက် အသက်ဘေး အန္တရာယ် လုံခြုံမှုမရှိတာ ဟိုအရင်ကတည်းပါ။ မလေးရှာရောက် မြန်မာတွေအကြောင်း ထိမိပြောင်မြောက်စွာ ရေးထားတဲ့ စာ၊ကဗျာတွေကို ဖတ်ဖူးကြပါလိမ့်မယ်။
 
 မလေးရှားကို ကျွန်မရောက်တာ ခြောက်နှစ်ကျော်ခဲ့ ပါပြီ။ ပျော်လားမေးရင် မပျော်ဘူးလို့ ဖြေချင်ပါတယ်။ အဆင်ပြေလားမေးရင် ဒီလိုပါပဲလို့ ဖြေပါမယ်။ မလေးရှားရောက်မြန်မာ ငါးဆယ်ရာခိုင်နှုန်းကျော်က ကျွန်မလိုပဲ ဖြေကြမှာ သေချာပါတယ်။ ဒီလိုဆို ပြန်လာကြလေလို့ ပြောရင်တော့ ရွှေပြည်တော် ပြန်နိုင်ဖို့ ဝေးနေပါကြောင်း ကိုယ့်ဝမ်းနာတာ ကိုယ်ပဲသိကြ ပါတယ်။ အပြင်မထွက်ပဲ အခန်းထဲမှာကုတ်နေရင်း အင်တာနက်က စာတွေဖတ်နေ လိုက်ပါတယ်။ အထူးသဖြင့် သာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်တာတွေ ရှာဖတ်ဖြစ်ပါတယ်။ ဖတ်ရင်း စာတစ်ပုဒ်လောက် ရေးချင်စိတ် ဖြစ်လာပါတယ်။ စာရေးရင် ကိုယ်တိုင်သိသော အကြောင်းအရာကို ရေးပါလို့ စာရေးဆရာမ မစန္ဒာက မလေးရှားစာပေ ဟောပြောပွဲမှာ ပြောခဲ့ပါတယ်။ ဆရာမစကားကို မြေ၀ယ်မကျ နားထောင်ပြီး ကျွန်မသိတဲ့ ရွာကအကြောင်းတွေကို ရေးလိုက်ပါတယ်။ 

 

Saturday, 15 June 2013

ထိုင်လျှက် အိပ်တတ်သူတို့အကြောင်း




ကျွန်မတခါတလေ စိတ်ကောင်းဝင်တဲ့အခါ တရားလေး ဘာလေးနာတယ်။ ချမ်းမြေ့ဆရာတော်ရဲ့ တရားတွေကို ရံဖန်ရံခါ နာဖြစ်ပါတယ်။ ချမ်းမြေ့ဆရာတော်က လေသံအေးအေးနဲ့ တရားဟောပြီး၊ တခါတလေ ရယ်စရာလေးတွေ ထည့်ဟောတတ်ပါတယ်။ တချို့ယောဂီတွေ တရားထိုင်ရင်း အိပ်ငိုက်တာ၊ အိပ်ပျော်နေတာတွေကို မြင်ရတာ ဆရာတော်အတွက် ရိုးနေမှာပါ။ ဒါကြောင့် ဆရာတော်က တရားထိုင်တဲ့သူတွေဟာ ထိုင်လျှက်လဲ အိပ်တတ်တယ်လို့ ဆိုပါတယ်။ တရားထိုင်တဲ့သူတွေမှ မဟုတ်ဘူး သူနာပြုတွေလည်း ထိုင်လျှက်အိပ်တတ်ပါတယ်ဘုရားလို့ ကျွန်မ စိတ်ထဲကနေ ဆရာတော်ကို ပြန်လျှောက်မိပါတယ်။
 
အမှန်ပြောတာပါ၊ သူနာပြုတွေ ထိုင်လျှက်ငုတ်တုတ် အိပ်တတ်ကြပါတယ်။ ဒီအကြောင်းကို ပြောချင်လို့ ချမ်းမြေ့ဆရာတော် ပြောစကားနဲ့ နိဒါန်းပျိုးလိုက်တာပါ။ ညအချိန်မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းတွေကို စွန့်လွတ်ပြီး အလုပ်လုပ်ရတဲ့ သူနာပြုတွေရဲ့ ဘ၀တစ်စိတ် တစ်ဒေသကို မြင်သာအောင် ဖွင့်ပြပါရစေ။ ငယ်ငယ်က ကျွန်မရဲ့ စိတ်ကူးယဉ်အိမ်မက်တွေမှာ သူနာပြုဆရာမပုံရိပ်တွေ လုံးဝရှိမနေခဲ့ပေမဲ့ ကျွန်မ သူနာပြုတစ်ယောက်ဖြစ် လာပါတယ်။ ရွေးချယ်ခွင့်တွေ မရှိသလောက်နည်းတဲ့ မြန်မာပြည်က ကျွန်မတို့မျိုးဆက်မှာ အိပ်မက်နဲ့လက်တွေ့ ကွာဟမှုတွေဟာ ဘာမှမထူးဆန်းဘူးလို့ပဲ ပြောရမှာပါ။ လက်တွေ့ဘ၀နဲ့ သဟဇာတဖြစ်အောင် ကြိုးစားနေထိုင်ရင်းက သူနာပြုတစ်ယောက် ဖြစ်ရတဲ့အပေါ် ကျေနပ်နေတတ်ခဲ့ပါတယ်။ ငယ်ငယ်က တစ်ညအိပ်ရေးပျက်ရင် ညပေါင်းများစွာ အတိုးချပြီး အိပ်ခဲ့ဖူးပါရဲ့။ လက်တွေ့ဘ၀ကို သူနာပြုအလုပ်နဲ့ ရပ်တည်တဲ့အချိန်ရောက်လာတော့ မအိပ်ရတဲ့ ညပေါင်းများစွာကို တစ်ညလောက် နှစ်ခြိုက်စွာအိပ်ပြီး ကျေနပ်ခဲ့ရပါတယ်။


ကျောင်းပြီးခါစကညဂျူတီကျရင် အော်ငိုချင်စိတ် ဖြစ်မိပါတယ်။ နောင်တော့လည်း အကျင့်ရသွားခဲ့ပါတယ်။ အထူးသူနာပြု (Special nurse) လည်း လုပ်ခဲ့ရပါတယ်။ လူနာဘေးနားက ထိုင်ခုံမှာ ငုတ်တုတ်ထိုင်ပြီး အိပ်ပျော်ခဲ့ရတာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ထိုင်ခုံ နောက်မှီကို ခေါင်းလေးမှီုပြီး၊ မှေးစက်ရာက နိုးလာရင် ဇက်ကြောတွေ နာကျင်နေပါတော့တယ်။ ညတာဝန်ကျတာ အိပ်ဖို့မဟုတ်ဘူးလို့ ပြောချင်လား။

Wednesday, 20 February 2013

အလှမျက်နှာ ချိုသောအပြုံး


အလှတရားဆိုတာ ရှာဖွေကြည့်တတ်ရင် နေရာတိုင်းမှာ ရှိနေပါတယ်။ လောကကြီးဘယ်လောက် လှနေနေ အလှတရားကိုခံစားတတ်တဲ့ နှလုံးသားမရှိရင် ရှိရှိသမျှအရာအားလုံးဟာ အကြည်းတန်နေ ပါတယ်။ ပျော်ရာမှာမနေရတဲ့ ကျွန်မတို့လို အဝေးရောက်နေသူတွေရဲ့ နှလုံးသားမှာ အနာတရတွေ များလွန်းတော့ အလှတရားကို ခံစားတတ်တဲ့ ဓာတ်သဘာဝတွေ တဖြေးဖြေးယုတ်လျော့ လာကြပါတယ်။ တကယ့်အလှကို လှတယ်လို့မထင်တော့ပဲ၊ မလှတာတွေကို အလှကြီးလှတယ် ခမ်းနားထည်ဝါတယ်လို့ ထင်ယောင်ထင်မှား ဖြစ်လာကြပါတယ်။

Thursday, 17 January 2013

ရှင်ဘုရင်ကြီး ဖွဲစားသည်

စာမရေးတာကြာတော့ တစ်ခုခုရေးချင်စိတ် ဖြစ်တာနဲ့ ရှင်ဘုရင်ကြီး ဖွဲစားတဲ့ ပုံပြင်အကြောင်း ရေးဖို့စိတ်ကူးမိပါတယ်။ ငယ်ငယ်က ကြားဖူးခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပါ။ တကယ်အဖြစ်မှန်လား၊ ဒဏ္ဍာရီ ပုံပြင်လားတော့ မသိပါ။ အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့ မရစကောင်းဘူးဆိုတာကို ဒီပုံပြင်ကနေ သင်ခန်းစာရခဲ့ ပါတယ်။
တခါတုန်းက ရှင်ဘုရင်တစ်ပါးဟာ မှူးမတ်တွေနဲ့အတူ တိုင်းခန်းလှည့်လည် ပါတယ်။ တနေရာ ရောက်တော့ ဘုရင်က ဖွဲနုတွေကိုတွေ့ပြီး ဘာမှန်းမသိလို့ လက်နဲ့တို့ပြီး လျက်ကြည့် ပါတယ်။

Monday, 1 October 2012

ဒရယ်ဖို

စာရေးဆရာ ချစ်စံဝင်းရေးတဲ့ စာတစ်ပုဒ်ထဲက ဟာသဆန်ဆန် ဒရယ်ဖိုအကြောင်းလေး ပြန်ပြောပြချင်တယ်။
တောကျွမ်းတဲ့ မုဆိုးတွေ ဒရယ်မောင်နှံကိုတွေ့ရင် အမကို ဘယ်တော့မှ အရင်မပြစ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ အမကို အရင်ပြစ်လိုက်ရင် ဒရယ်ဖိုက သူ့အသက်ဘေးလွတ်အောင် အမှီးတန်းနေအောင် ထွက်ပြေးသွားတာ။ အဲဒီတော့ ဒရယ်တစ်ကောင်ပဲ မိတယ်။
နှစ်ကောင်လုံးမိချင်ရင် ဒရယ်ဖိုကို အရင်ပြစ်ရတယ်တဲ့။ ဒရယ်ဖိုကို မြှားမှန်သွားရင် ဒရယ်မလေးမှာ ချစ်သူကိုပြစ်မပြေး နိုင်ပဲ အနားကမခွာနိုင် ဖြစ်နေတော့၊ မုဆိုး ဒုတိယအကြိမ် ပြစ်တဲ့ မြှားမှန်ပြီး သေပွဲဝင်ရှာတယ် ဆိုပဲ။ မုဆိုးကတော့ ဒရယ်နှစ်ကောင် တပြိုင်တည်း ဖမ်းလိုက်နိုင်တာပေါ့။
ယောက်ျားတွေကို ဒရယ်ဖိုနဲ့တော့ မနှိုင်းချင်ပါဘူး။
ဇီဇာကြောင်တယ်လို့ ပြန်ပြောမှာကြောက်လို့...:D

ဘာရယ်ဟုတ်ဘူး။ ပျော်စေပျက်စေရေးလိုက် တာပါ။

ပျော်ရွှင်ကြပါစေ...

စံပယ်ဖြူ

Wednesday, 5 September 2012

အပျင်းရောဂါစွဲကပ်လာ မြန်စွာကုဖို့ပြင်...


မူလတန်းဖတ်စာမှာ သင်ရတဲ့ ပျင်းရိခြင်းအကြောင်း (၆)ပါးကို မှတ်မှိကြလားမသိဘူး။ စောသည်၊ဆာသည်၊ နောက်ကျသည်နှင့် အေးသည်၊ ပူသည်၊ ပြည့်အင့်သည်ဆိုတဲ့ ပျင်းရိခြင်းအကြောင်းတွေကို ကျွန်မတော့ အလွတ်ရနေသေးတယ်။ တခါတလေ ဘာအကြောင်းမှမရှိပဲ ပျင်းတာလည်းရှိသေးတယ်။ (Being lazy without reason) အကြောင်းမရှိပဲ ပျင်းရိခြင်းမျိုးပါ။
ကျွန်မရဲ့ အပျင်းကြီးတဲ့ ၀ါသနာဗီဇအကြောင်းကို ပြောပြချင်တယ်။ ပျင်းတာကို အားကျစေချင်လို့ မဟုတ်ဘူး။ ပြောပြစရာတွေရှိနေလို့။ ငယ်ငယ်က ကျွန်မအင်မတန် ပျင်းတယ်။ အပျင်းထူလွန်းတဲ့ ကျွန်မကို အစ်မက ဘာပြောလဲသိလား။ နင်တနေ့တနေ့ အပျင်းရည်ထွက်တာကို စုထားရင် တနေ့ရေတစ်ပုံးလောက်ရမယ်လို့ ပြောပါတယ်။ တခါတလေကျတော့ ချစ်စနိုးနဲ့ ကျွန်မကိုစာသားလေး တစ်ခုရွတ်ပြပါတယ်။ “အပျင်းရောဂါ စွဲကပ်လာ မြန်စွာကုဖို့ပြင်.. မကုစားပဲအပျင်းစွဲ ငမွဲငတေပင် “ ဆိုတဲ့ စာကိုရွတ်ပြတယ်။ ငယ်သေးတော့