Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Sunday, 24 March 2013

အဖြူရောင် ဂရုဏာ


ဂရုဏာဆိုတာ တစုံတဦး ဆင်းရဲဒုက္ခရောက်တဲ့အခါ စိတ်နှလုံးတုန်လှုပ်ခြင်း၊ စာနာသနားခြင်းလို့ ဆိုပါတယ်။ ဆင်းရဲဒုက္ခရောက်နေသူကို ကူညီဖေးမခြင်းဟာ ဂရုဏာလုပ်ငန်းကို ကာယကံမြောက် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးရုံတွေမှာ စေတနာအပြည့်နဲ့ အလုပ်လုပ်ကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေဟာ ဂရုဏာလုပ်ငန်းကို ကာယကံမြောက် လုပ်ဆောင်နေသူတွေမို့ ရင်နဲ့အမျှ ဂရုဏာ ဖြစ်စရာတွေကို များစွာကြုံတွေ့ ကြရပါတယ်။ ကျွန်မရဲ့ လုပ်သက်တလျှောက်မှာ ကြုံခဲ့တာတွေ အများကြီထဲက မလေးရှားမှာဆုံခဲ့တဲ့ မြန်မာလူနာ တစ်ယောက်အကြောင်းကို သတိတရ ပြန်ပြောပြချင်ပါတယ်။
ကျွန်မ ကွာလာလမ်ပူက တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်တုန်းက သူနာပြုကျောင်းသူတွေနဲ့အတူ ဆေးရုံကို ရံဖန်ရံခါ လိုက်ရပါတယ်။ ပူထရာဂျာယာဆေးရုံ (Putrajaya Hospital)နဲ့ ဆာဒန်းဆေးရုံ (Hospital Serdang)ကို ကျွန်မသွားခဲ့ပါတယ်။ ပူထရာဂျာယာဆေးရုံက မလေးရှားနိုင်ငံရဲ့ ပထမတန်းစား ဆေးရုံဖြစ်လို့ မလေးရှားနိုင်ငံသား လူနာတွေကို အများဆုံးတွေ့ရပါတယ်။ ဆာဒန်းဆေးရုံကို သွားရင်တော့ မြန်မာလူနာတွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ခွဲစိပ်ကုသဆောင်မှာ ကျော့ဆိုတဲ့မိန်းကလေး တယောက်ကို ဆုံရဖူးပါတယ်။ ဧည့်ချိန်မဟုတ်ရင် သူ့ခင်မျာတယောက်ထဲ။ ဘာသာစကားမတတ်တော့ ဆရာဝန်တွေ၊ သူနာပြုတွေကို ပြောချင်တာမပြောတတ်နဲ့မို့ တော်တော် အားငယ်နေရှာတယ်။ ကျွန်မ ဆေးရုံသွားတဲ့နေ့နဲ့ကြုံရင် လိုအပ်တာမေးပေး၊ စကားပြန်လုပ်ပေး တာလောက်တော့ ကူညီပေးခဲ့ပါတယ်။ တခါတလေ ဗမာစကား ကောင်းကောင်း မပြောတတ်တဲ့ ချင်းလူနာတွေနဲ့တွေ့ရင် ကျွန်မ ဘာသာပြန်လုပ်ပေးရတာ တော်တော်လေး အခက်တွေ့ပါတယ်။ မလေးရှားမှာ အနေကြာတဲ့ ဗမာလူနာတွေဆိုရင် အင်္ဂလိပ်လို မပြောတတ်ပေမဲ့ မလေးစကား ပြောတတ်တော့ အဆင်ပြေကြပါတယ်။
အရိုးကုသဆောင်မှာဆုံခဲ့တဲ့ မြန်မာတစ်ယောက်ရဲ့ အဖြစ်ကတော့ နာကျင်စရာကောင်းလှ ပါတယ်။ အလုပ်လုပ်ရင်း လျှပ်စစ်ကြိုးခွေ လက်မောင်းပေါ်ပြုတ်ကျလို့ လက်တစ်ဖက်ဖြတ် လိုက်ရပါတယ်။ ကျွန်မ ဆေးရုံသွားတဲ့နေ့မှာ ဒဏ်ရာရထားတဲ့လက်ရဲ့ တံတောင်ဆစ်အောက်ပိုင်းက မည်းပြီးပျက်စီး နေပါပြီ။ လျှပ်စစ်ကြိုးလောင်တဲ့ဒဏ်ရာက အင်မတန်နာ ပါတယ်။ နာကျင်တဲ့မှုကို ကြိတ်မှိတ်ခံရင်း မှိန်းရှာပါတယ်။
သူ့ရဲ့လက်ကိုင်ဖုန်းနဲ့ အရပ်ဆယ်မျက်နှာ မေတ္တာပို့တေးသံကို ခပ်တိုးတိုး ဖွင့်ထား လို့မို့ မြန်မာမှန်း ကျွန်မ ချက်ချင်းသိလိုက်ပါတယ်။ မြန်မာပြည်မှာ ဒီထက်ဆိုးတဲ့ မြင်ကွင်းကိုတွေ့ခဲ့ဖူး ပါတယ်။ ဒါပေမဲ့ မလေးရှားဆေးရုံမှာ မြန်မာလူငယ်တယောက်ကို ခုလိုမြင်ရတာ ရင်ထဲတော်တော် မကောင်းပါဘူး။ အသက်က (၂၄)နှစ်ပဲ ရှိသေးတယ်။ ဆရာဝန်တွေက လက်ကိုချက်ချင်း မဖြတ်သေးပဲ ပိုးသတ်ဆေးထိုး၊ အနာဆေးထည့်ပေးပြီး တပတ်လောက် စောင့်ကြည့်ပါတယ်။ ဒဏ်ရာအခြေအနေ ပိုပိုဆိုးလာလို့ တံတောင်ဆစ် အထက်ပိုင်းကိုဖြတ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။
ကံအကြောင်းအကျိုးတွေ တိုက်ဆိုင်ပုံက တခါတလေ အံ့သြစရာကောင်းပါတယ်။ သူငယ်ချင်း နှစ်ယောက် အတူတူအလုပ်လုပ်နေတုန်း လျှပ်စစ်ကြိုးခွေ ပြုတ်ကျလာတာကိုမြင်လို့ လွတ်ရာကို အတူပြေးကြတယ်လို့ ဆိုပါတယ်။ သူငယ်ချင်းကတော့ လွတ်သွားပါတယ်။ သူကတော့ ပြေးရင်းချော်လဲသွားလို့ လက်မောင်းကို ထိသွားတယ်လို့ ပြောပါတယ်။ အကြောင်းအကျိုးတွေ တိုက်ဆိုင်လာရင် ပြေးလို့မလွတ်ဘူးဆိုတာကို သံဝေဂယူနိုင်ပါတယ်။ အလုပ်ရှင်တွေ လုပ်ငန်းခွင် လုံခြုံမှုရေးကို အရေးမထားတာက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ နိုင်ငံခြားမှာ မြန်မာတွေ ပုံစံအမျိုးမျိုးနဲ့ ထိခိုက်နစ်နာရတာ မရေတွက်နိုင်အောင်ရှိပါတယ်။ မိမိတကိုယ်ရေ လုံခြုံရေးအတွက် လုပ်ငန်းခွင်မှာ၊ လမ်းသွားတဲ့အခါမှာ ဘာဝနာပွားပြီး သတိရှိရှိလုပ်ကိုင်ကြဖို့ သတိပေးချင်ပါတယ်။
လက်တဖက် ဖြတ်လိုက်ရတယ်ဆိုတဲ့ လူငယ်လေးက ရည်ရည်မွန်မွန်လေးပါ။ မလေးရှားကို ရောက်တာ တနှစ်တောင်မပြည့်သေးလို့ အကြွေးတောင် မကျေသေးဘူးလို့ ပြောပါတယ်။ ဆေးရုံဆင်းပြီနောက်ပိုင်း နစ်နာကြေးတွေရပေမဲ့၊ လန်းဆန်းတက်ကြွတဲ့အရွယ် လူငယ် တယောက်ရဲ့ လက်တဖက်ဟာ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ရတဲ့ အရာမှမဟုတ်တာ။ စိတ်သက်သာ ရာရအောင် တရားစကားတွေနဲ့ ကျွန်မနှစ်သိမ့်အားပေးခဲ့ပေမဲ့ ကျွန်မကိုယ်တိုင် သူ့နေရာမှာဆိုရင် ခံနိုင်ရည် ရှိမယ်မထင်ဘူး။ ခွဲစိတ်ခန်းမ၀င်ခင်တနေ့မှာ ကျွန်မ ကျောင်းသူတွေနဲ့အတူ အရိုးကုသ ဆောင်မှာ ရှိနေခဲ့ပါတယ်။ ကျောင်းသူတွေ အဖျားတိုင်းတော့ ကိုယ်အပူချိန် အရမ်းမြင့်နေပါတယ်။ တာဝန်ကျ သူနာပြုက လူနာကို ရေပတ်တင်ပေးဖို့ ကျောင်းသူကို ခိုင်းလိုက်ပါတယ်။ မြန်မာလူနာမို့ ကျွန်မ ကျောင်းသူလေးနဲ့အတူ ရေပတ်တင်ပေးခဲ့ပါတယ်။
လူမျိုးဘာသာမရွေး စေတနာ၊ မေတ္တာ၊ ဂရုဏာ အပြည့်နဲ့ လူနာတွေကို ပြုစုပေးရမှာ ကျွန်မတို့ သူနာပြုတွေရဲ့တာဝန်ပါ။ မြန်မာလူမျိုးချင်း၊ မိဝေးဖဝေး တနယ်တကျေး ရောက်နေသူချင်းမို့ ပိုပြီးဂရုဏာ ဖြစ်မိပါတယ်။ နာကျင်မှု ၀မ်းနည်းမှုတွေနဲ့ ပူလောင်သောက ရောက်နေသူကို စာနာစိတ်နဲ့ ဖေးမကူညီခဲ့ပါတယ်။ ပူပြင်းတဲ့နွေရာသီမှာ လေပြေလေးတချက်ဝှေ့လို့ တခဏလေး အေးချမ်းသွားစေချင်တဲ့ စေတနာကြောင့် ကြင်ကြင်နာနာ ပြုစုပေးသလိုတော့ ဖြစ်သွားပါတယ်။ အဲဒီလေပြေ တချက်အဝှေ့မှာ ဝေဒနာတခု ဖြစ်တည်သွားနိုင်တယ် ဆိုတာကိုလည်း ကျွန်မနားလည် ပါတယ်။ ကျွန်မရဲ့ ဖြူစင်တဲ့စေတနာ၊ အဖြူရောင်ဂရုဏာကို သိသာမြင်သာအောင် ပြခဲ့ပါတယ်။ ကာယကံရှင် နားလည်လိမ့်မယ်လို့ ထင်ပါတယ်။
အတွေ့အကြုံတွေကို ပြန်ဆန်းစစ်တတ်တဲ့ အကျင့်ရှိနေတဲ့ ကျွန်မ ဒီအကြောင်းကိုလည်း ပြန်ပြီး တွေးကြည့်မိပါတယ်။ ပြန်ကြည့်လိုက်တိုင်း အဖြူရောင်ပဲဆိုတာကို ကြည်ကြည်လင်လင် မြင်နေရပါ တယ်။ ဆယ်နှစ်ကျော်ငယ်တဲ့ ကောင်လေးတယောက်ကို တွယ်တာမိဖို့အထိ ကျွန်မ အသဲနှလုံးက နုပျိုမနေတော့တာ အမှန်။ အဖြူရောင် ဂရုဏာကြောင့် ဝေဒနာတခု ဖြစ်တည်သွားတယ် ဆိုရင်တော့ သိမ်မွေ့သောဝေဒနာ၊ လှပသော ခံစားမှုတခုလို့ မှတ်ယူချင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..
စံပယ်ဖြူ
ဆုံခဲ့သော မောင်ငယ်တစ်ဦးအတွက် အမှတ်တရေ၇းပါသည်။

No comments:

Post a Comment