Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Friday 22 November 2013

အမျိုးသမီးများ လောကကိုအလှဆင်နိုင်ဖို့




မိသားစုတစုမှာ အရေးကြီးဆုံးလူဖြစ်တဲ့ မိခင် သို့မဟုတ် အိမ်ရှင်မတွေရဲ့ တန်ဖိုးကို လူတိုင်းနားလည်ကြ ပါတယ်။ မိခင်ကောင်းတွေက သားကောင်းရတနာတွေ မွေးထုတ်ပေးကြတယ်။ အိမ်ရှင်မကောင်းတွေကြောင့် အမျိုးသားများ အောင်မြင်သော ဘ၀ကိုရနိုင်ကြ ပါတယ်။ ငြိမ်းချမ်းသာယာသော လူ့ဘောင်ကို တည်ဆောက်ရာမှာလည်း အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီး ပါတယ်။
ကျွန်မ ငယ်ငယ်တုန်းက မိန်းကလေးဖြစ်ရတဲ့ ဘ၀ကို သိပ်သဘောမကျ ခဲ့ ပါဘူး။ အကိုမောင်တွေလို လွတ်လွတ်လပ်လပ် နေလို့ရတဲ့ ယောင်္ကျားဘ၀ကို ပိုသဘောကျခဲ့ ပါတယ်။ မှီးကောင်ပေါက် အရွယ်ရောက်လာတော့ စိတ်ရူးပေါက်ပြီး၊ ယောင်္ကျားလေးလို နေချင်စိတ်ဖြစ်မိ ပါသေးတယ်။ အဲဒီအချိန်တုန်းက စိုးမြတ်သူဇာတို့၊ လင်းဇာနည်ဇော်တို့ ထမိန်တိုတို ရှပ်အင်္ကျီ၊ တီရှပ်တွေဝတ်ပြီး၊ ဗွီဒီယိုရိုက် ပြက္ခဒိန်ထုတ်တာ ခေတ်စားနေတဲ့ အချိန်ပါ။ ကျွန်မလည်း ယောက်ျားဝတ် ရှပ်အင်္ကျီဝတ်ချင်တာ၊ အမေက မ၀ယ်ပေးလို့ အကိုတွေဆီမှာ တောင်းဝတ်ရပါတယ်။ ရှပ်အင်္ကျီ ဖိုးယိုဖားယားနဲ့ လျှောက်သွားနေတဲ့ ကျွန်မကို အမေနဲ့ အဖေ တော်တော် မျက်စိစပါးမွှေး စူးခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မအဖြစ်နေပုံက တော်တော်ရယ်စရာကောင်း ပါတယ်။ 
မှီးကောင်ပေါက်အရွယ်ကိုကျော်လို့ တည်ငြိမ်သွား တဲ့အချိန်ရောက်တော့ ဘိုင်းကောင်းကျောက်ဖိ မဟုတ်သော်လည်း ဣနြေ္ဒသိက္ခာရှိရှိ နေတတ်ခဲ့ပါတယ်။ အမေ့ကျေးဇူးကြောင့် မိန်းမသားများ စောင့်စည်းအပ်သော ကျင့်ဝတ် သိက္ခာတွေကို ခိုင်ခိုင်မြဲမြဲ စောင့်ထိန်းနိုင်ခဲ့ ပါတယ်။ ချစ်ခြင်းမေတ္တာတွေအကြောင်းကို သိနားလည်တတ်တဲ့ အချိန်ရောက်တော့ မေတ္တာစိတ်ကြီးသော မိန်းမသားဖြစ်ရတာကို ကျေနပ်လာခဲ့ ပါတယ်။  မိဘညီအကိုမောင်ညီမများ၊ သားသမီးနဲ့ ချစ်သူလင်သားအပေါ် ထားရှိတဲ့ မိန်းမသားများရဲ့ မေတ္တာတရားဟာ ကြီးကျယ်မြင့်မြတ်လွန်း ပါတယ်။ မိဘများ အသက်ကြီးလာရင် သားထက် သမီးတွေအပေါ် အားကိုးအားထားကြတယ်၊ သမီးအိမ်မှာ နေရတာ ပိုပြီးစိတ်လုံခြုံမှု ရှိကြပါတယ်။ နှမချမ်းသာရင် မောင်အိမ်ဦးခန်းမှာ နေရမယ်ဆိုတဲ့ ရှေးမြန်မာတို့ရဲ့ ဆိုရိုးစကားကို ကြည့်ရင် မိန်မများရဲ့ မောင်နှမသားရင်းစိတ်ဓာတ်ကို နှစ်သက်ဖွယ်တွေ့ရ ပါတယ်။ မောင်နှမအချင်းချင်း တစိတ်တ၀မ်းတည်း ချစ်ခင်သင့်မြတ် စေဖို့ကိုလည်း မိခင်တွေက လေ့ကျင့်သင်ပြကြတာ ဖြစ်ပါတယ်။ သားသမီးတွေ အပေါ်ထားတဲ့ မိခင်မေတ္တာကိုတော့ စာဖွဲ့လို့မကုန်နိုင်သလို လူတိုင်းလည်း နားလည်ကြပါတယ်။
ချစ်သူရည်းစား လင်းမယားချစ်ခြင်းတွေမှာလည်း ယောက်ျားတွေထက်စာရင် မိန်းမတွေ အချစ်ကြီးကြသလို သစ္စာတရားကို တန်ဖိုးထားကြ ပါတယ်။ ချွင်းချက်လေးများတော့ ရှိပါတယ်။ ချစ်ခြင်းနဲ့ပတ်သက်လာရင် မိန်းမတွေက ယောင်္ကျားတွေလို လက်တွေ့မဆန်၊ မျက်စိစုံမှိတ် ချစ်ကြလို့ ဒုက္ခရောက်ကြတယ်။ ချစ်လွန်းလို့ ပုံအပ်မိတဲ့အခါ ဖက်ရွက်လို ထိရှလွယ်တဲ့ မိန်းမသားဘ၀ ကြေမွပျက်စီး ကြရတယ်။ မိခင်လောင်းတွေရဲ့ ဘ၀ကို နင်းချေ ဖျက်ဆီးတာဟာ အနာဂတ်မှာ လူဖြစ်လာမဲ့ မျိုးဆက်တွေကို လူစဉ်မမှီအောင် ဖျက်ဆီးနေတာနဲ့ တူပါတယ်။ ချစ်ခြင်းမေတ္တာတွေ အရောင်ဆိုးခံ ဖျက်ဆီးခံခဲ့ရတဲ့  မိခင်တယောက်ဟာ သားသမီးတွေကို မေတ္တာစစ်တွေအကြောင်း ပြောပြနိုင်လိမ့်မယ် မဟုတ်ပါ။ ငွေကြောင့် ဘ၀ပျက်ခဲ့ဘူးတဲ့ မိခင်တယောက်ဟာ အကြင်တရားတွေအကြောင်း၊ အားနည်းသူကို တွဲကူရမဲ့ အကြောင်းတွေကို သားသမီးတွေ နားလည်အောင် ပြောဖို့အင်အား မရှိနိုင်မယ် မထင်ပါ။ စိတ်ဒါဏ်ရာတွေနဲ့ လောကကြီးကို မကျေနပ်ဖြစ်နေတဲ့ မိန်းကလေးတွေ မိခင်ဖြစ်လာတဲ့အခါ သားသမီးတွေကို အကောင်းမြင်စိတ်ရှိပြီး၊ နှလုံးသွင်းမှန်ကန်အောင် ရှေ့ဆောင်လမ်းပြနိုင်လိမ့်မယ် မဟုတ်ပါ။
မိန်းမသားများဘ၀ တင့်တယ်စွာ ပွင့်လန်းခွင့်ရမှသာ မိခင်ဘ၀ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်ပါ လိမ့်မယ်။ 

ကိုယ်ကျင့်စင်ကြယ်၍ မေတ္တာနဲ့ သစ္စာတရားကို တန်းဖိုးထားတတ်သော အမျိုးသမီးများသာ သားကောင်းမိခင် ဖြစ်နိုင်ပါတယ်။ ယဉ်ကျေးသောမိခင်က သားသမီးတွေကို လိမ္မာယဉ်ကျေးအောင် ဆုံးမပြုပြင်ပါလိမ့်မယ်။ တရားဓမ္မကို ချစ်မြတ်နိုးတဲ့ မိခင်က သားသမီးတွေကို ဓမ္မလမ်းကြောင်းပေါ်ရောက်အောင် ပို့ပေးပါလိမ့်မယ်။ အတ္တနည်း၍ သူ့အကျိုးကို လိုလားတတ်တဲ့ မိခင်က သားသမီးတွေ ပရဟိတစိတ်ရှိအောင် ရှေ့ဆောင်လမ်းပြ ပါလိမ့်မယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးသော မိခင်က ငြိမ်းချမ်းသော မိသားစုဘ၀ကို ကြိုးစားတည်ဆောက်ပြီး၊ သူမရဲ့သာသမီးတွေ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတတ်အောင် သင်ပေးပါလိမ့်မယ်။
မိခင်များ၊ အိမ်ရှင်မများ မဟုတ်သော တကိုယ်တည်းနေ အမျိုးသမီးများလည်း မိမိတို့ ရပ်တည်တဲ့နယ်ပယ် အသီးသီးကနေ လောကငြိမ်းချမ်း သာယာရေးကို ကူညီတည်ဆောက်နိုင်ပါတယ်။ စာသင်ခန်းက ကျောင်းဆရာမများ တပည့်တွေ လိမ္မာယဉ်ကျေးအောင်၊ စည်းကမ်းလိုက်နာတဲ့အကျင့်တွေ စွဲမြဲနေအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ယဉ်းကျေး၍ စည်းကမ်းရှိသောကျောင်းသားများ တက္ကသိုလ်ကျောင်းကို ရောက်လာတဲ့အခါ တက္ကသိုလ်နည်းပြ ဆရာမများက ကျောင်းသားလူငယ်တွေ အမှန်တရားကိုမြင်တတ်ပြီး၊ ငြိမ်းချမ်းရေးကို မြတ်နိုးတတ်အောင် လေ့ကျင့် ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင် ဌာနဆိုင်ရာအသီးသီးမှာ ရှိနေကြတဲ့ အမျိုးသမီးများ မျိုးဆက်သစ် လူငယ်များအတွက် တရားမျှတ၍ ကျင့်ဝတ်ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သော အင်စတီးကျူးရှင်တွေ ဖန်တီးတည်ဆောက်ပေး နိုင်ပါတယ်။ အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းနဲ့ အောက်ခြေ၀န်ထမ်း အားလုံး အပေါ် အပြန်အလှန် လေးစားချစ်ခင်တတ်တဲ့ အကျင့်ကောင်းတွေရစေဖို့ ရာထူးကြီးတဲ့သူက စံနမူနာပြရမှာ ဖြစ်ပါ တယ်။ လုပ်ငန်းခွင် ငြိမ်းချမ်းသာယာပြီး၊ အလုပ်မှာပျော်နေမှသာ လူငယ်တွေရဲ့ အနာဂတ် လှပနိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းသော လူ့ဘောင်ကို တည်ဆောက်ရေးမှာ တတပ်တအား ပါဝင်နိုင်ဖို့အတွက် ကျွန်မတို့ အမျိုးသမီးတွေ ပညာပြည့်ဝဖို့ လိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်၊ တက္ကသိုလ်ပညာနဲ့ အဆင်မြင့်ပညာတွေ မသင်ရတဲ့ အမျိုးသမီးတွေ စာပေဗဟုသုတနဲ့ ပြည့်စုံဖို့လိုပါတယ်။ စာများများဖတ်မှသာ အသိဥာဏ်တွေပွင့်လင်းပြီး၊ အရာရာကို ကိုယ်ပိုင်ဥာဏ်နဲ့ တွေးခေါ်သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းလျှက်၊ သူတပါးယဉ်းကျေးမှုကို လေးစားတတ်ခြင်း၊ မိမိအမျိုးဘာသာကို ကာကွယ်စောင့်ရှောက်ရင်း လူမျိုးဘာသာ မတူသူများကို လေးစားချစ်ခင်တတ်ခြင်းတွေ မျိုးဆက်သစ်တွေရဲ့ နှလုံးသားမှာ အမြစ်တွယ်နေစေဖို့ မိခင်များ ဆရာများက စံနမူနာပြပြီး မျိုးစေ့ကောင်းတွေ ပျိုးချပေးရမှာ ဖြစ်ပါတယ်။
ကျွန်မသဘောမကျသော အမျိုးသမီးများရဲ့ အပြစ်များကိုလည်း ထောက်ပြချင်ပါတယ်။ အတင်းပြောခြင်း၊ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း အရေမရ အဖတ်မရ စကားများခြင်းဖြင့် အချိန်နှင့် စိတ်ဓာတ် အင်းအားများ မဖြုန်းတီးသင့်ပါ။ ရှေ့နောက်မဆင်ခြင် စကားကို လက်လွတ်စပယ်ပြောခြင်း၊ လောကွတ်ချော်ပြီး အလွယ်တကူ ကတိပေးခြင်းတွေဟာ ကိုယ်ရည်ကိုယ်သွေးကို ကျဆင်းစေပါတယ်။ ဆိုခဲစေ မြဲစေ၊ ပြောပြီး စကားတည်ပါမှ တခွန်းဆို ဆိုသလောက် သြဇာညောင်းနိုင်ပါတယ်။ အသေးအမွှားကိစ္စလေးတွေကို အချိန်ကုန်ခံပြီး အရေးကြီးခွင်ကျယ် လုပ်တတ်တဲ့အကျင့်ကြောင်လည်း အရေးကြီးတဲ့ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းစေ ပါတယ်။ ဂုဏ်တုဂုဏ်ပြိုင်ခြင်း၊ အလှချင်းပြိုင် ပကာသနပြိုင်ကြတာတွေဟာ အချင်းချင်း သွေးစည်းညီညွတ်မှုကို ပျက်ပြားစေတဲ့ မလိုလားအပ်သော ပြိုင်ဆိုင်မှုတွေ ဖြစ်ပါတယ်။ တကယ်တမ်း ကျွန်မတို့ ပြိုင်သင့်ကြတာက ရိုးသားမှု၊ ကိုယ်ကျင့်သီလစင်ကြယ်မှုနဲ့ စိတ်သဘောထားကြီးမှုတွေ ဖြစ်ပါတယ်။
စိတ်သဘောထားကြီသူ ဖြစ်ဖို့ဆိုရင် ကျွန်မတို့ စိတ်ခံစားမှုဥာဏ်ရည် (emotional intelligence) မြင့်အောင် လေ့ကျင့် ရပါမယ်။ ဒီအချက်ကတော့ အမျိုးသားများနဲ့လည်း သက်ဆိုင်ပါတယ်။ စိတ်ခံစားမှုဥာဏ်ရည် ဆိုသည်မှာ မိမိရဲ့ စိတ်ခံစားမှုကို သတိထားဆန်းစစ်နိုင်ခြင်း၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ခြင်း၊ တခြားလူတွေရဲ့ စိတ်ခံစားမှုကို နားလည်စာနာတတ်ပြီး အပြုသဘောဆောင်စွာ တုန့်ပြန်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ စိတ်ခံစားမှု ဥာဏ်ရည်နိမ့်ရင် ကျိုးကြောင်း ဆင်ခြင်မှုနဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်မှု မရှိတဲ့အတွက် ရန်လိုမုန်းတီးစိတ်၊ ရန်ငြိုးဖွဲ့လိုစိတ်တွေ ကိန်းအောင်း လွယ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ အဓိဂရုဏ်းတွေဟာ စိတ်ခံစားမှုဥာဏ်ရည် နိမ့်ကျပြီး၊ ကိုယ်နဲ့မတူ ရန်သူလို့ သေးသိမ်သော သဘောထားရှိသူတွေကြောင့် ဖြစ်ပါတယ်။ အဓိဂရုဏ်းပါဝင်သူ မီးလောင်ရာ လေပင့်သူ ဘာသာဝင်အားလုံးကို ဆိုလိုပါတယ်။ စိတ်ခံစားမှု ဥာဏ်ရည်နိမ့်တဲ့လူဦးရေ တိုးပွားမြင့်မားလာခဲ့ရင် ကမ္ဘာကြီး မီးဟုန်းဟုန်း တောက်လောင် ပျက်စီးသွားပါလိမ့်မယ်။ ခုလည်း ကမ္ဘာအနှံ့မှာ မီးတွေအမျိုးမျိုးလောင်နေတာ တုန်လှုပ်စရာ ကောင်းလွန်းပါတယ်။
မီးတွေငြိမ်းပြီး၊ ကမ္ဘာမြေ ငြိမ်ချမ်းစေဖို့ အမျိုးသမီးများ မိခင်များ စိတ်ခံစားမှု ဥာဏ်ရည်မြင့်ကြပြီး၊ သားသမီးများ တပည့်များနဲ့ လက်အောက်ငယ်သားတွေ စိတ်ခံစားမှု ဥာဏ်ရည်မြင့်အောင် သင်ကြားဆုံးမနိုင်တဲ့ အရည်အချင်းတွေ ရှိကြရပါမယ်။ စိတ်ခံစားမှု ဥာဏ်ရည်မြင့်တဲ့သူတွေဟာ ပေါင်းရသင်းရလွယ်ကူတယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေတတ်ကြတယ်။ လောကဓံကို တည်ငြိမ်စွာရင်ဆိုင် နိုင်ကြပါတယ်။ စိတ်ခံစားမှု ဥာဏ်ရည်မြင့်တင်ရေး အတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအချက်က ကိုယ့်စိတ်ကိုယ်စစ် ကိုယ့်အကြောင်းကိုယ် သိနားလည်ခြင်း (self-awareness)  ပဲဖြစ်ပါတယ်။ မိမိကိုယ်ကို မညာစတမ်း၊ မလှည်းစားစတမ်း အရှိတိုင်းရိုးသားစွာ ပြန်မြင်တတ်ရမှာ ဖြစ်ပါတယ်။ အရှိကိုအရှိတိုင်း  မြင်တတ်သွားပြီးဆို အရာရာကို ကျိုးကြောင်းဆီလျော်စွာ တုန့်ပြန်ဆောင်ရွက်နိုင် ပါတယ်။
စိတ်ခံစားမှု ဥာဏ်ရည်မြင့်တင်ရေးအတွက် အသိဥာဏ်ပွင့်လင်းမှု (open-minded) ရှိရပါမယ်။ ကိုယ်သိတာ ကိုယ်ယုံကြည်တာသာ အမှန်လို့ဆုပ်ကိုင်မထားပဲ၊ တခြားလူရဲ့ အယူအဆကို ဆန်းစစ်လေ့လာတဲ့ အကျင့်တွေ ရှိသင့်ပါတယ်။ အတွေးအခေါ် အယူအဆသစ်တွကို လေ့လာဆန်းစစ်နိုင်ရန် အတွေ့အကြုံ ဗဟုသုတရှိဖို့ လိုပြန်ပါတယ်။ စာမဖတ်ရင် မျက်စိမှိတ်ယုံဖို့နဲ့ မျက်စိမှိတ်ဆန့်ကျင့်ဖို့ လောက်ပဲသိကြပါလိမ့်မယ်။ မြန်မာလူမျိုး အများစု ကောလဟာလတွေကို သေချာမလေ့လာပဲ ယုံကြည်လက်ခံတတ်ကြပြီး၊ မိမိသဘောထားနဲ့ မတိုက်ဆိုင်ရင် ဆန့်ကျင်လိုကြတာဟာ စာပေဗဟုသုတ အားနည်းလို့ ဖြစ်ပါတယ်။ အိမ်ရှင်မများ အမျိုးသမီးများ အားရင်အတင်းပြော လေကန်နေကြမဲ့အစား စာဖတ်စေချင်ပါတယ်။ 
မြန်မာအမျိုးသမီးများ ပညာပြည့်ဝပြီး၊ သတိဥာဏ်ညာရှိသူများဖြစ်စေဖို့ အမျိုးသားများက ကူညီထောက်ပံ့ ပေးရမှာဖြစ် ပါတယ်။ အမျိုသမီးများကို တန်ဖိုးထား နေရာပေးရမယ်။ အမျိုးသမီးများ ဘ၀လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက် ပေးရမယ်။ ဘ၀တသက်တာ လက်တွဲဖို့ လက်ထပ်ယူထားတဲ့ ဇနီးမယားအပေါ် မြတ်နိုးကြင်နာစွာနဲ့ သစ္စာရှိစွာ ပေါင်းသင်းစောင့်ရှောက် စေချင်ပါတယ်။ တာဝန်မယူနိုင်၍ဖြစ်စေ ဘ၀လက်တွဲဖော်အဖြစ် မရည်ရွယ်သော မိန်းကလေးများကို  နှမချင်းစာနာ စိတ်တွေထားပြီး မိတ်ဆွေသူငယ်ချင်းကောင်း ပီသစွာ ကူညီစောင့်ရှောက် သင့်ပါတယ်။ အကင်းမပါးသော မိန်းကလေးများနဲ့ အညှာလွယ်သော မိန်ကလေးများကို အခွင့်ကောင်းယူ သိမ်းပိုက်တာတွေဟာ မိခင်လောင်းတွေကို အညွှန်ချိုးနေကြတာ ဖြစ်ပါတယ်။ ကျေးဇူးပြု၍ စောင့်ရှောက်ပေးကြလို့ မေတ္တာရပ်ခံချင်ပါတယ်။ သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဖူးသူမရှိဘူးလို့ မြတ်စွာဘုရားဟောကြားတော်မူခဲ့ ပါတယ်။ အညာလွယ်သော မလိမ်မိုးမလိမ်မာ မိန်းကလေးတွေဟာ အတိတ်ဘ၀တခုခုမှာ  ကျွန်မတို့ရဲ့ ညီမငယ်လေးတွေ ဖြစ်ခဲ့ဖူးမှာပဲလို့ နှလုံးသွင်းဆင်ခြင်ပြီး ၀ိုင်းဝန်းစောင့်ရှောက်သင့်ပါတယ်။
မြန်မာအမျိုးသမီးများ ဘ၀အရည်အသွေး မြင့်မားမှသာ မျိုးဆက်သစ်များရဲ့ ဘ၀တွေ တောက်ပလန်းဆန်းပြီး၊ ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ ဘ၀ကိုမြင့်တင်ဖို့ အခြေခံပညာ အုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသမီးများ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ဖို့ လုံလောက်သောဝင်ငွေရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေဖို့လည်းလို ပါတယ်။ ဘာသာတရား ကိုင်းရှိုင်းကြပြီး၊ စာရိတ္တ သတ္တိတွေ ရဲရင့်ခိုင်မာစေရန် စားဝတ်နေရေး ဖူလုံဖို့လိုပါတယ်။ မေတ္တာစိတ်ကြီးသော အမျိုးသမီးများ လောကိုအလှဆင်နိုင်သူများဖြစ်အောင် လိုအပ်သော လူမှုစီးပွားရေး အခြေအနေတရပ်ကို ဖန်းတီးပေနိုင်ကြပါစေလို့သာ ဆုတောင်းမိပါတယ်။ 


ရွှင်လန်းမြေ့ကြပါစေ…

စံပယ်ဖြူ


အပြင်စီးမဂ္ဂဇင်း၊ ဒီဇင်ဘာလ ၂၀၁၃။



3 comments:

  1. fri, nice to read. I learned something from your post and I catch some insights. However, as ma sandar said, don't put too many things in short essay.

    ReplyDelete
    Replies
    1. Yes friend, it is good comment.
      I think most of my articles are like that :) putting so many issues in.

      Delete
  2. အများကြီးသိခဲ့ရပြီး မှတ်သားစရာလေးတွေလဲရလဲ့တယ်စံပယ်လေးရေ

    ReplyDelete