Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Tuesday 1 May 2012

သင့်ကျောက်ကပ်ကို ကာကွယ်ပါ


စရန်ဘန်း (Seremban) မြို့က မာဝါကျောက်ကပ်ဆေးသောဌာန (Mawar Haemodialysis Center) မှာလုပ်ခဲ့တုန်းက အတွေ့အကြုံ တချို့ကို ရေးသားဖော်ပြလိုပါတယ်။ ကျောက်ရောဂါ လူနာတွေအကြောင်း လည်းသိရ၊ မိမိတို့ရဲ့ ကျောက်ကပ်ကို ရောဂါမရအောင် ကာကွယ်ဖို့လည်း သတိရသွားစေဖို့ပါ။ မလေးရှားကို ပထမအကြိမ်လာတော့ စရန်ဘန်း မှာ (၂)နှစ်လုပ်ခဲ့ပါတယ်။ ပျော်ခဲ့သလားလို့မေးရင်တော့ ချိုသောခါးသော အတွေ့အကြုံများနဲ့အတူ ဘ၀ပေး အသိတချို့ ရလိုက်တယ်လို့ ဖြေချင်ပါတယ်။
ပုံမှန်အားဖြင့် လူတိုင်းမှာ ကျောက်ကပ်(၂)ခု ရှိတယ်ဆိုတာ သိကြမှာပါ။ ကျောက်ကပ်တစ်လုံး မကောင်းရင် ကျန်တဲ့တစ်လုံးနဲ့ အသက်ရှင်နိုင်ပါတယ်။ (၂)ခုလုံး ပျက်စီးသွားရင်တော့ ကျောက်ကပ်အစားထိုးခြင်း သို့မဟုတ် ကျောက်ကပ်ဆေးခြင်း (Dialysis) ဖြင့်သာ အသက်ရှင်နိုင်ပါတယ်။ ကျောက်ကပ်အစားထိုးဖို့ ဆိုတာအလှူရှင်ရှိဖို့လိုပြီး၊ ငွေကုန်များတာကြောင့် လူနာအများစုဟာ တစ်ပတ်ကို(၃)ကြိမ် ကျောက်ကပ် ဆေးပြီး အသက်ရှင်နေကြရပါတယ်။ မြန်မာပြည်မှာတော့ အပြင်ဆေးခန်းမှာ ကျောက်ကပ်တခါဆေးရင် ကျပ် ၅၀၀၀၀ (၂၀၀၇ခုနှစ်တုန်းကပါ)၊ တပတ် (၃)ကြိမ်ဆိုရင် တစ်သိန်းခွဲ၊ တစ်လကို ၆သိန်း၊ အခြားစရိတ် တွေနဲ့ပေါင်းလိုက်ရင် ၇သိန်း ၈သိန်းလောက် လစဉ်ကုန်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ချမ်းသာတဲ့ကျောက် ကပ်ရောဂါသည်တွေပဲ အသက်ရှင်ဖို့အခွင့်အရေး ရှိကြပါတယ်။ပိုက်ဆံမရှိရင်တော့ နောက်ဆုံးအချိန်ကို စောင့်နေရုံပဲရှိပါတယ်။ အစိုးရဆေးရုံကြီးတွေမှာ ကျောက်ကပ်ဆေးရင် စရိတ်သက်သာပေမဲ့ စက်အရေ အတွက်လုံလောက်အောင် မရှိပါဘူး။ ကျောက်ကပ်ဆေးဖို့ မတတ်နိုင်တဲ့အတွက် ဝေဒနာကို အလူးအလဲ ခံရင်း.....

 ဆုံးပါးသွားရတဲ့ လူနာတွေကို ကျွန်မမျက်စိထဲ ပြန်မြင်ယောင်နေပါသေးတယ်။
မလေးရှားမှာတော့ ပိုက်ဆံချမ်းသာတဲ့ လူနာတွေက သူတို့အဆင်ပြေတဲ့ နေရာမှာကျောက်ကပ်ဆေး ကြပါ တယ်။ တချို့ကတော့ အစိုးရထောက်ပံ့မှုနဲ့ ကျောက်ကပ်ဆေးကြပါတယ်။ ဆင်းရဲပြီး အစိုးရထောက်ပံ့မှု မရတဲ့လူနာတွေအတွက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေက အခမဲ့ သို့မဟုတ် စရိတ်သက်သာစွာနဲ့ ကျောက်ကပ်ဆေးနိုင်အောင် စီစဉ်ပေးကြပါတယ်။ ကျွန်မလုပ်ခဲ့တဲ့ ဌာနဆိုရင် အလှူငွေတွေနဲ့ရပ်တည်ပြီး၊ အပြင်ပုဂ္ဂလိဌာနတွေထက် စရိတ်ထက်ဝက်ကျော်သက်သာစွာ ၀န်ဆောင်ပေးတဲ့ အဖွဲ့အစည်းတခုပါ။ မြန်မာလူ မျိုးတွေနဲ့ယှဉ်ရင် မလေးရှားလူမျိုးတွေ အများကြီးကံကောင်းကြပါတယ်။ ကျွန်မရဲ့ လူနာတွေ ထဲက ကျောင်းဆရာတွေ၊ ၀န်ထမ်းတွေဆိုရင် ကျောက်ကပ်ဆေးတဲ့စရိတ်နဲ့ ဆေးကုစရိတ်တွေအားလုံးကို အစိုးရကပေးပါတယ်။ သူတို့သားသမီးတွေအားလုံး အစိုးရစရိတ်နဲ့ တက္ကသိုလ်တက်နိုင်ကြပါတယ်။
မလေးရှားက သူနာပြုတွေဆိုရင်လည်း ရပိုင်ခွင့်တွေအပြည့် ရရှိကြပါတယ်။ သူနာပြုတွေ အခြေခံလို အပ်ချက်တွေ့နဲ့ ပြည့်စုံပြီး၊ ပညာပြည့်ဝမှသာ စိတ်ဓါတ်အင်အားအပြည့်နဲ့ ကျွမ်းကျင်လိမ္မာစွာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ တတပ်တအား ပါဝင်ဦးဆောင်နိုင်မှာပါ။ အထက်တန်းလွှာ စာရင်းမှာပါတဲ့ မာဝါက သူနာပြုအုပ်ဆိုရင် စည်းကမ်းရှိကြီးပြီး၊  ဌာနခွဲပေါင်းများစွာရှိတဲ့ ကျောက်ကပ်ဌာန တခုလုံးအပေါ် သြဇာ ညောင်းပါတယ်။ သူနာပြုတွေ၊ အကူဝန်ထမ်းတွေရဲ့ ကိစ္စ၊ လူနာတွေရဲ့ အရေးကိစ္စမှန်သမျှကို သူနာပြုအုပ်ကပဲ စီမံခန့်ခွဲပါတယ်။ စားဝတ်နေရေးပြည့်စုံပြီး၊ သာယာတဲ့မိသားစုဘ၀ကို ရရှိထားတဲ့ ကျွန်မရဲ့အကြီးအကဲ မန်နေဂျာဆိုရင် သူနာပြုအုပ်လိုပဲ အလုပ်အပေါ်တာဝန်ကျေပြီး အဂတိလိုက်စားခြင်း ကင်းပါတယ်။ မြန်မာပြည်က သူနာပြုတွေလည်း ရပိုင်ခွင့် (Right)နဲ့ လုပ်ပိုင်ခွင့်(Authority) အပြည့် အ၀ရဖို့လိုပြီး၊ ရပိုင်ခွင့်အာဏာကို အလွဲသုံးစားမလုပ်ပဲ လူသားဆန်စွာ အကျိုးပြုကြဖို့လိုပါတယ်။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီးစွာ သူနာပြုတွေရဲ့ အခန်းကဏ္ဍ (Role) နဲ့ သူနာပြု ပညာရေးတွေကို တိုးတက်အောင် အရင်းအနှီးများစွာ စိုက်ထုတ်ခဲ့ကြတဲ့အတွက် သူတို့နိုင်ငံသားတွေမှာ ကျန်းမာရေးအခြေအနေနဲ့ ဘ၀အရည်အသွေး (Quality of Life)တွေ တိုးတက်မြင့်မားကြ ပါတယ်။
မာဝါ (Mawar) က၀န်ထမ်းတွေ အကြောင်းကို ဆက်ပြောပါအုံးမယ်။ လုပ်ဖော်ကိုင်ဖက် သူနာပြုတွေ တချို့ တော့ကောင်းကြပါတယ်။ နှိပ်ကွပ်တတ်၊ ချောက်တွန်းတတ်တဲ့ ၀န်ထမ်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ စကားအလွန်များ၍ ပျင်းကြသော အကူဝန်ထမ်းများ (Dialysis Assistants) နဲ့အလုပ်လုပ်ရတာ အလွန် စိတ်ပျက်စရာကောင်း ပါတယ်။ သူတို့နဲ့တွေ့မှပဲ စကားများများ ပြောရတဲ့အလုပ်ကို ကျွန်မစိတ်ကုန်သွားပါ တယ်။ မြန်မာသူနာပြုတွေကို ရှိတယ်လို့ကို သဘောမထားကြပါဘူး။ သူနာပြုအုပ် လာပြီဆိုရင်တော့ သူတို့ တွေအလုပ်ရှုပ်နေကြ ပါတော့တယ်။ ကျွန်မတာဝန်ချိန်မဟုတ်တဲ့ တရက်မှာ အကူဝန်ထမ်းနှစ်ယောက် လူနာဆောင်ရဲ့ အစွန်ဆုံးမှာ စကားဖောင်ဖွဲ့ နေလိုက်ကြတာ၊ အနားကလူနာ လက်မောင်းမှာထိုးထားတဲ့ အပ်ပြုပ်ပြီး သွေးတွေထွက်နေတာကို မသိကြပါဘူး။ လူနာကလည်း အိပ်ပျော်နေတော့ မသိလိုက်ပါဘူး။ သွေးထွက်လွန်ပြီး လူနာရှော့ (Shock)ရသွားတော့မှ အရေးပေါ်ကုသမှုလုပ်ပြီး ဆေးရုံပို့လိုက်ရတဲ့ အဖြစ်ပါ။ မလေးရှားမှာ ဒါမျိုးတွေလည်းရှိ ပါတယ်။

မလေး၊တရုတ်၊ အင်ဒီးယန်း လူမျိုးစုံတဲ့ ကျွန်မရဲ့လူနာတွေ တချို့လည်း စိတ်သဘောထားကောင်းကြ ပါတယ်။ တချို့ဆိုရင် မြန်မာပြည်ကလာတဲ့ သူနာပြုတွေဆိုပြီး ရောက်ရောက်ချင်းပဲ ကျွန်မတို့ကို ချစ်ခင်ကြ ပါတယ်။ တချို့ကျတော့ ရောက်စတုန်းက အကြောင်းမသိတော့ အထင်သေးကြပြီး၊ နောက်ပိုင်း မြန်မာ သူနာပြုတွေ အလုပ်ကြိုးစားတယ် စိတ်စေတနာ ကောင်းကြတယ်ဆိုတာသိတော့ သဘောကျလက်ခံသွား ကြပါတယ်။ မြန်မာဆိုရင် မျက်စိမှိတ်ပြီး အထင်သေးကြတဲ့ လူနာတွေလည်း ရှိပါတယ်။ အချို့လူနာတွေရဲ့ သားသမီးတွေဆိုရင် လုပ်ငန်းရှင်တွေမို့ မြန်မာအလုပ်သမားတွေ အကြောင်းကို ကောင်းကောင်းသိကြပါ တယ်။ မြန်မာတွေ ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်လို့ ချီးကျူးကြပါတယ်။ ခပ်ပေပေ မြန်မာတွေနဲ့တွေ့တဲ့ အလုပ်ရှင်တွေကတော့၊ မြန်မာတွေ အလုပ်တော့လုပ်ပါတယ်၊ ဒါပေမဲ့ အရက်အလွန် သောက်ကြတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး၊စီးပွါးရေး အမြင်ကျယ်တဲ့ လူနာရှင်အချို့နဲ့ မိတ်ဆွေအချို့ကတော့ မြန်မာပြည် အခြေအနေ ကောင်းလာရင် သွားပြီးရင်းနှီး မြှုပ်နှံဖို့စိတ်ကူးရှိတယ်လို့ ဆိုကြပါတယ်။ သူတို့တွေ ဒေါ်အောင်ဆန်းစုကြည် ကို အထင်ကြီးလေးစား ကြပါတယ်။ မလေးရှားကလူနာအချို့ မြန်မာတွေလိုပဲ စေတနာကောင်းကြပါတယ်။ တပတ်ကို(၃)ရက် အမြဲကျောက်ကပ် လာဆေးရတာမို့ ဆေးရုံကလူနာတွေထက် ပိုပြီးရင်းနှီးပါတယ်။ ဆရာမတွေကို စားစရာပေးတတ်တဲ့ ဓလေ့ရှိကြပါတယ်။ မလေးရှားမှာပေါတဲ့ ကြက်မောက်သီးဆိုရင် ကျွန်မ တို့ ၀ယ်စားစရာမလိုပါဘူး။ တချို့စေတနာပိုကြတဲ့ လူနာတွေဆိုရင် လာမဲ့မနက်မ အပင်ပေါ်ကခူးပြီး ယူလာ ပေးကြပါတယ်။ လတ်လတ်ဆတ်ဆတ် ကြက်မောက်သီးတွေဟာ စားလို့အလွန်ချို ပါတယ်။
ဘ၀အကျိုးပေးမျိုးစုံနဲ့ ရှင်သန်နေကြတဲ့ ကျွန်မရဲ့လူနာတွေထဲက လူ(Luu)ရဲ့ အကြောင်းကိုလည်း ပြောပြ ချင်ပါတယ်။ လူက ကျောက်ကပ်ဆေးဖို့ ထောက်ပံ့ကြေးရပေမဲ့ နေစရိတ်၊စားစရိတ်အတွက် ညစောင့် အလုပ်လုပ်ပါတယ်။ ညဖက်မှာ မအိပ်ရတော့ ကျောက်ကပ်ဆေးတဲ့ (၄)နာရီအတွင်းမှာ စောင်ကိုခေါင်းမူး ခြုံပြီး အိပ်နေပါတော့တယ်။ ကျောက်ကပ်ဆေးတဲ့စက်က လူနာရဲ့သွေးလွှတ်ကြောက သွေးတွေကို ကျောက်ကပ်ဆေးသော ကိရိယာ (Dialyser)ဆီရောက်အောင် ပံ့(pump)နဲ့လည်ပြီး ပို့ပေးပါတယ်။ ၄င်း Dialyser က ကျောက်ကပ်တခုကဲ့သို့ သွေးထဲက အညစ်အကြေးနဲ့ သတ်မှတ်ထားတဲ့ ရေပမာဏကို စွန့်ထုတ်ပေးပြီး ပါတယ်။ သန့်စင်သွားတဲ့သွေးတွေကို သွေးပြန်ပိုက်နဲ့ ပြန်ပို့ပေးပါတယ်။ ကျောက်ကပ်ဆေး နေစဉ်မှာ Dialyser  နဲ့ ပိုက်တွေထဲမှာ လူနာရဲ့သွေးတွေ ၂၀၀မီလီလီတာ လောက်ရှိနေပြီး လူနာရဲ့အခြေ အနေ၊ ကိုယ်အလေးချိန်တိုးမှု အပေါ်မူတည်ပြီး ကျွန်မတို့စက်မှာ ချိန်ထားတဲ့အတိုင်း ရေတွေကိုစွန့်ထုတ် ပေးတာမို. လူနာအချိန်မရွေး သွေးပေါင်ကျနိုင်ပါတယ်။ ဒါကြောင့်မို့ လူနာတိုင်းကို တနာရီခြား သွေးပေါင် ချိန်ပေးရပါတယ်။ ဒါပေမဲ့ လူက သူအိပ်နေတုန်း သွေးပေါင်ချန်တိုင်းတာကို မကြိုက်ပါဘူး။ တရက်မှာ ၀န်ထမ်းတယောက်ကို ပြန်အော်လို့ မန်နေဂျာက နားလည်အောင် သွားချော့ပြီး ရှင်းပြရပါတယ်။
လူကအသဲရောင် အသားဝါဘီပိုးရော စီပိုးပါရှိတာမို့ သူ့အတွက်စက်တလုံး သီးသန့်ထားပေး ရပါတယ်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (၃)ရက်က လူကျောက်ကပ်ဆေးရမဲ့နေ့ပါ။ လူလိုပဲ ဘီပိုးရောစီပိုးပါရှိတဲ့ အခြားလူနာအမျိုးသမီးက အင်္ဂါ၊ကြာသပတေး၊ စနေမှာ လာဆေးပါတယ်။ တနေ့မှာတော့ လူတယောက် သောကြာနေ့ မလာနိုင်လို့ စနေနေ့ကြီးရောက်ချ လာပါတယ်။ မန်နေဂျာကို ကြိုပြောထား ပြီးသားတဲ့။ ဖြစ်ချင်တော့ မန်နေဂျာ ခွင့်ယူတဲ့နေ့မှာပါ။ လူရဲ့ကိစ္စကိုလည်းဘာမှမှာမထားခဲ့ပါဘူး။ လူ ရောက်လာတဲ့ အချိန်မှာ အခြားလူနာအမျိုးသမီးက သူ့ရက်မို့ အားလုံးအဆင်သင့် ပြင်ဆင်ပြီးနေပြီ။ ဒီတော့ လူနာအမျိုး သမီး ပြီးအောင်စောင့်ပေးပါ လို့ပဲပြောရပါတယ်။ ကြိုတင်တောင်ပန်ထားရဲ့နဲ့ ရအောင်မစီစဉ်ပေးနိုင်တာ ကို လူက အကြီးအကျယ် စိတ်ဆိုးပါတယ်။ ကျွန်မလည်း အပျော့ပြောင်းဆုံး လေသံနဲ့ရှင်းပြရပါတယ်။
တောင်းပန်ရှင်းပြပြီ ပြေလည်သွားတော့ လူနာစောင့်တွေ နေတဲ့ဆိုဖာခုံမှာ သွားအိပ်နေလိုက်မယ်၊ စက်အား တာနဲ့ချက်ချင်း လာခေါ်ပေးပါလို့ ကျွန်မကို အမိန့်တော်ချွေသွား ပါတယ်။ ကျွန်မလည်း လူနာအမျိုးသမီး ပြီးသွားတာနဲ့ စက်ကိုအမြန်ဆုံးပြင်၊ လူ့ရဲ့လက်မောင်းမှာ အပ်နှစ်ချောင်းထိုးပြီး စက်ဆင်ပေးလိုက်ပါတယ်။ အားလုံးပြီးသွားတော့ ကျွန်မက အိုကေရဲ့လား လူ၊ နင်ကငါ့ရဲ့ အကြီးအကဲပါပဲ (You are my boss) လို့ ရွတ်လိုက်ပါတယ်။ လူကသဘော ကျစွာပြုံးပြီး ကျေးဇူးတင်ပါတယ်လို့ ပြောရှာပါတယ်။ အမြဲမှုန်ကုပ်ကုပ်နဲ့ ဘယ်တော့မှမရွှင်လန်းတဲ့ လူရဲ့ မျက်နှာပေါ်က ကျွန်မပထမဆုံးမြင်ဖူးတဲ့ အပြုံးပါ။ ကျန်းမာရေးချွတ်ယွင်း ရင် ဘ၀မှာတစုံတရာ ဆုံးရှုံးသွားတယ်လို့ဆိုရင် အဲဒီတစုံတရာဟာ ပျော်ရွှင်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ဆင်းရဲခြင်းနဲ့ မကျန်းမာခြင်း ပေါင်းလိုက်တော့ လူရဲ့ဘ၀မှာ ပျော်ရွှင်စရာတွေ ဆိတ်သုဉ်းခန်းခြောက် နေတာကို ကျွန်မဂရုဏာဖြစ်မိပါတယ်။ လူ လိုပဲ တချို့အရွယ်ကောင်း လူနာတွေ နာတာရှည်ကျောက်ကပ် ရောဂါဖြစ်ပြီး၊ ပုံမှန်ကျောက်ကပ် ဆေးရတဲ့နောက်ပိုင်း ရည်းစားပစ်သွားလို့ တကိုယ်တည်း အထီးကျန်စွာ နေကြရတဲ့လူနာတွေလည်း ရှိပါတယ်။ ဒီအကြောင်းလေးတွေကိုဖတ်ပြီး စာဖတ်သူတွေရထားတဲ့ ကျန်းမာ ခြင်းဆုလာဒ်ကြီးကို ဂရုစိုက်စောင့်ရှောက်ကြစေချင် ပါတယ်။
ကျောက်ကပ် ရောဂါဖြစ်ရတဲ့ အဓိက ကြောင်းရင်းက သွေးတိုးနဲ့ဆီးချိုပါ။ မွေးရာပါချွတ်ယွင်းချက်များ၊ သွေထွက်လွန်ခြင်း၊ အရေဓာတ် အလွန်အမင်းခန်းခြောက်ခြင်း၊ ခွဲစိတ်ကုသပြီး နောက်ဆက်တွဲဆိုးကျိုး စသောကျောက်ကပ် ပျက်စီးစေတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။ သွေးတိုးနဲ့ဆီးချိုကိုတော့ အနေအထိုင် အစားအသောက် ဆင်ခြင်ခြင်းဖြင့် ကြိုတင်ကာကွယ် နိုင်ပါတယ်။ မိဘတွေမှာ သွေးတိုးနဲ့ ဆီးချိုရှိရင် ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။ အချို့သော ဆေးဝါးများဟာ ကျောက်ကပ်ကို ပျက်စီးစေတတ်ပါတယ်။ ဆရာဝန်မညွှန်ပဲ ဆေးမသောက်သင့် ပါဘူး။ ထို့အတူပဲ တိုင်းရင်းဆေးအချို့ဟာ ကျောက်ကပ်ကို ထိခိုက် စေပါတယ်။ ဖြစ်နိုင်ရင်ဆေးဝါး အကူအညီမလိုပဲ ကျန်းမာအောင် နေကြစေလိုပါတယ်။အချိန်မှန်အိပ်မယ်။ အချိုပေါ့၊ အငန်ပေါ့၊ ဆီနဲ၍ အာဟာရပြည့်ဝသော အစားအစာတွေကို အချိန်မှန်စားမယ်။ ကွမ်း၊ အရက်၊ ဆေးလိပ်ရှောင်မယ်၊ အပျော်အပါးမလိုက် စားဘူး၊ လေ့ကျင့်ခန်းပုံမှန် လုပ်မယ်ဆိုရင် ငယ်ရွယ်သူတွေ အတွက် ဘာဆေးမှမလိုပါဘူး။ ငွေကုန်ကြေးကျ သက်သာစွာနဲ့ ကျန်းကျန်းမာမာ နေကြရအောင်ပါ။
`အနာဂတ်နိုင်ငံတော်အတွက်.... လူတိုင်းကျန်းနာဖို့လိုသည်.....` ဆိုတဲ့ သီချင်းစာသားနဲ့ ကျွန်မ နိဂုံးချုပ် ချင်ပါတယ်။ အုတ်တချပ်၊သဲတပွင့် ဖြစ်တဲ့ကျွန်မတို့တွေ ကျန်းမာမှ အလုပ်တွေများများလုပ် နိုင်မှာပါ။ အလုပ်များများ လုပ်နိုင်တဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေတိုးလာပြီး၊ အခက်အခဲတွေကို ရင်ဆိုင်ကျော် လွှားနိုင်တဲ့သတ္တိတွေ၊ တာဝန်တွေပိုယူနိုင်တဲ့ စွမ်းရည်တွေရလာတာမို့ ဘ၀ဟာပျော်ရွှင်စရာ ကောင်းလာ ပါလိမ့်မယ်။ မြန်မာပြည်သားများနဲ့ ကမ္ဘာလူသားများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သ လိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ

စံပယ်ဖြူ


အပြင်စီးမဂ္ဂဇင်း၊ မေလ ၂၀၁၂။

စာကြွင်း- ကလေးငယ်တွေ အာသီးရောင်ရင် ထိထိရောက်ရောက် ကုသဖို့လိုပါတယ်။အာသီးရောင်ဖြစ်စေတဲ့ ရောဂါပိုးဟာ နှလုံးကိုရောက်သွားရင် လေးဘက်နာနှလုံးရောဂါ၊ အဆစ်အမြစ်တွေကို ရောက်သွားရင် လေးဘက်နာအဆစ်ရောင်ရောဂါ၊ ကျောက်ကပ်ကိုရောက်သွားရင် ကျောက်ကပ်ရောင်ရောဂါဖြစ်စေပြီး နာတာရှည်ကျောက်ကပ်ရောဂါနဲ့ ကျောက်ကပ်ပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။




4 comments:

  1. you are very good in writing story. you should choose qualitative method for your thesis.

    ReplyDelete
  2. thanks you for knowleg

    ReplyDelete
  3. ကောင်းလိုက်တာ။ ကျေးဇူးပါဆရာမေ၇..

    ReplyDelete
  4. ကျန်းမာရေးနဲ့ ပတ်သက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု စာစုလေးတွေဖတ်ရတာ ကျေနပ်မိပါတယ်

    ReplyDelete