Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Wednesday, 1 May 2013

အလင်းရောင်ဆာသော ပန်းကလေးများ



ပန်းတွေပွင့်ဖို့ ရေနဲ့မြေဆီ အာဟာရလိုတယ်။ နေရောင်ခြည်ရဲ့ အလင်းရောင် ကောင်ကောင်းရဖို့လိုတယ်။ အလင်းရောင်ဖျော့နေရင် ပန်းတွေအစွမ်းကုန် လန်းခွင့်မရနိုင်ပါ။ အလင်းရောင်မှိန်တဲ့ လောကအလယ်မှာ ဘ၀အတွက် ရုန်းကန်ရင်း ပညာအလင်းရောင်ကို လိုချင်တပ်မက်နေကြတဲ့ လူငယ်လေးတွေရဲ့အတွက် ရင်နင့်အောင်ခံစားရတဲ့ ဝေဒနာတွေကို ဒီစာရေးပြီး ဖွင့်အန်လိုက်မိ ပါတယ်။ ဝေဒနာတွေကို ကဗျာအလင်္ကာ မြောက်အောင် မဖန်တီးတတ်လို့ စာလုံးတွေအဖြစ်နဲ့ပဲ စီကုံးလိုက်ပါတယ်။
 
တကယ်တော့ ဝေဒနာတွေကို စုထားကြာပြီ။ ကျွန်မချစ်သော ရွှေကရင်တစ်ယောက်နဲ့ ချက်တင်းလုပ်ရင်း ခံစားချက်တွေ စုပုံလာလို့ စာရေးဖြစ်သွားပါတယ်။ အဲဒီ ကရင်လေးက ကျွန်မဘလော့မှာ စာလာဖတ်ရင်း၊ ကရင်အချင်းချင်းမို့ Gmail မှာ မိတ်ဆက်ပြီး ခင်သွားကြတာ။ မြန်မာတွေကို ရွှေမြန်မာလို့ဆိုတော့၊ ကရင်တွေကို ကျွန်မက ရွှေကရင်လို့ ကိုယ့်ဘာသာ အရောင်တင်လိုက်တာပါ။ ရိုးသားသော၊ သစ္စာရှိသော ကရင်တွေရဲ့ဘ၀က ရွှေရောင်လို ၀င်းမနေကြပါဘူး။ ကရင်အများစု ခပ်မှိန်မှိန် အလင်းရောင်အောက် မှာ ဆူးခင်းလမ်းကို ခက်ခဲပင်ပန်းစွာ လျှောက်ကြရသူတွေပါ။ အခြားတိုင်းရင်းသားတွေနဲ့ ပြည်တွင်းပြည်ပက မြန်မာတွေရဲ့ ဘ၀တွေကလည်း အတူတူပါပဲလေ။


ကျွန်မ ၁၉၉၅မှာ ကျုံပျော်မြို့မှာ ဆယ်တန်းအောင်ခဲ့ပါတယ်။ ဆယ်တန်းအတူတူအောင်တဲ့ သူငယ်ချင်းတွေ   နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ဒေးတက္ကသိုလ်တက်နိုင်ကြတယ်။ ကျန်တဲ့ ရှစ်ရာနှုန်းက အဝေးသင် တက္ကသိုလ် ပဲတက်နိုင်ကြပါတယ်။ မြန်မာပြည် အဝေးသင်ပညာရေး စနစ်က သိကြတဲ့အတိုင်းပဲ။ ၁၉၉၆ အရေးအခင်းမှာ တက္ကသိုလ်တွေ နှစ်ရှည်ပိတ်လိုက်တော့ သူငယ်ချင်းတွေ ယောင်ချာချာ ဖြစ်ကုန်ကြတယ်။ ကျွန်မက သူနာပြုတက္ကသိုလ် တက်တာဆိုတော့ မှတ်မှတ်ရရ သက္ကရာဇ် ၂၀၀၀မှာ ကျောင်းပြီးသွားတယ်။ ဘ၀လမ်းပေါ်ကို လက်တွေ့ရောက်လာ ခဲ့ပါတယ်။ ဆယ်တန်းတုန်းက ကျွန်မတို့အားလုံး ရည်းမှန်းကြီးပြီး၊ ရွှေရောင်အိမ်မက် ကိုယ်စီရှိခဲ့ကြသူတွေပါ။ လက်တွေ့မှာတော့ အလင်းရောင်မရှိလို့ လမ်းစပျောက်ခဲ့သူတွေ အစုလိုက်အပြုံလိုက်။ မြန်မာပြည် တက္ကသိုလ်ပညာရေးကို အ၀ီစိရောက်အောင် ဆွဲချခဲ့ကြတာ စိတ်နာစရာ အကောင်းဆုံးပဲ။

မြန်မာပြည်က လက်ရှိတက္ကသိုလ်တွေကို မတက်နိုင်တဲ့သူတွေကလည်း တစ်ပုံကြီး။ ဆယ်တန်းအောင်ပြီး၊ တက္ကသိုလ်မတက်ပဲ မလေးရှားရောက်လာသူတွေ အများကြီး။ သူတို့တွေ အခွင့်အရေးရရင် ပညာဆက်သင် ချင်ကြတယ်။ နိုင်ငံခြားမှာ ပညာသင်နိုင်ဖို့ ဆိုတာလည်းမလွယ်ဘူး။ ပညာသင်ထောက်းပံ့ကြေးကို လူတိုင်း ရဖို့ မလွယ်ဘူး။ ချက်တင်းထိုင်ရင်း ခင်သွားတယ်ဆိုတဲ့ ကရင်က ဆယ်တန်းအောင်ပြီး၊ ပညာဆက်သင် ချင်ပေမဲ့ မတက်နိုင်လို့ မလေးရှားကို ရောက်လာတာ။ အလုပ်လုပ်လို့ရတဲ့ငွေကို မိဘ၊ညီညီမတွေကို ပို့ပေးနေရတယ်။ ကျောင်းတက်ဖို့ ဘယ်လိုငွေစုနိုင်မလဲ။ ကျွန်မ သူ့ကို ဘယ်လိုကူညီပေးရမှန်း မသိဘူး။ အချိန်ရရင် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာပညာကို အင်တာနက်ကနေ လေ့လာပါလို့ အကြံပေးရတယ်။ အင်္ဂလိပ်စာရိုက်ပြီး ချက်တင်းထိုင်တာ၊ သူအင်္ဂလိပ် မညံ့ဘူး။ ညံ့နေတာက ကံဇာတာ။

ပညာသင်ချင်တဲ့ သူတွေဆို ကျွန်မက သိပ်ကိုယ်ချင်းစာတယ်။ ကျွန်မကိုယ်တိုင် မြန်မာပြည်မှာ မတက်ခဲ့ရတဲ့ သူနာပြုမဟာသိပ္ပံဘွဲ့ကို မလေးရှားမှာ ရအောင်တက်တယ်။ တခြားနိုင်ငံတွေမှာတက်ရင် ကျောင်းစားရိတ် မတတ်နိုင်လို့ မလေးရှားမှာပဲ တက်တာပါ။ ကျောင်းစရိတ် အလောက်မငနဲ့ ဘွဲ့လွန်ပြီးအောင် တက်မယ်လို့ မျက်စိမှတ် ဆုံးဖြတ်ခဲ့တယ်။ငွေလိုတဲ့အခါ ဟိုချေးဒီချေးပေါ့။ တကယ်ပါ၊ ငွေကြေးမပြည့်စုံပဲ ပညာသင်ရတာ အင်မတန် စိတ်ဖိစီးမှု များပါတယ်။ မလေးရှားမှာ လုပ်သက်ဆယ်နှစ်ကျော်ရှိတဲ့ သူနာပြုတိုင်း ကိုယ်ပိုင်အိမ်နဲ့ကားနဲ့  နေနိုင်ကြတယ်။ ကျွန်မနဲ့ ဘွဲ့လွန် အတူတူတက်တဲ့ သူငယ်ချင်းတွေ အားလုံး ကားမောင်းပြီး ကျောင်းတက်ကြတယ်။ လိုင်းကားစီးပြီး လက်ချာတက်တဲ့ ကျွန်မကို ညနေပြန်ရင် အိမ်ပြန်ပို့ပေးကြတယ်။ သူတို့ ကျွန်မအပေါ် ဂရုဏာဖြစ်ကြတယ်ဆိုတာကို နှုတ်ကမပြောပေမဲ့ ကျွန်မသိတယ်။
သတိရလို့ ကြားဖြတ်ပြောချင်တာ ရှိသေးတယ်။ စင်္ကာပူမှာ ကျွန်မ သူငယ်ချင်းတွေ အများကြီးရှိလို့ အလည် တစ်ခေါက် ရောက်ဖြစ်ပါတယ်။ မြန်မာစားသောက်ဆိုင်မှာ သူငယ်ချင်းတွေဆုံပြီး ညနေစာ စားကြပါတယ်။ ဆိုင်က စားပွဲထိုးတွေက မြန်မာကျောင်းသားလေးတွေ။ ကျောင်းအားချိန်မှာ အချိန်ပိုင်း အလုပ်လုပ်ကြတာ။ စားပွဲထိုးအလုပ်ကို ပျော်ပျော်ရွှင်လုပ်နေကြတဲ့ သူတို့မျက်နှာတွေက လန်းဆန်းနေတာပဲ။ လန်းဆန်းဆို သူတို့မှာ ရွှေရောင်အနာဂတ်တွေ ကိုယ်စီရှိနေကြတယ်။ ကျောင်းပြီးရင် စိတ်ကြိုက်အလုပ်ကို လုပ်နိုင်တော့ မှာ။ မလေးရှားက တရုတ်စားသောက်ဆိုင်တွေတိုင်းမှာ မြန်မာစားပွဲထိုးတွေ ရှိတယ်။ သူတို့မျက်နှာတွေ မလန်းနိုင်ကြဘူး။ မြန်မာပြည်မှာ အဝေးသင်ဘွဲ့ရခဲ့တဲ့ သူတွေ။ ပညာသင် တပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ သူတွေ။ ပညာသင်ချင်လျှက်နဲ့ ပန်းကန်ဆေးနေရသူတွေ။ ရွှေရောင်အိပ်မက် ပျောက်ဆုံးနေရသူတွေ။ 

လူတိုင်းမှာ ဘ၀ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားချင်တဲ့ ဆန္ဒအာသီသ ရှိကြတယ်လို့ သီအိုရစ် Edward L. Deci နဲ့ Richard M. Ryan ကဆိုပါတယ်။ ဖွံ့ဖြိုးတိုးတက်လိုတဲ့ ဆန္ဒပြည့်ဝစေဖို့ အထောက်အပံ့ကောင်း လိုအပ်တယ်လို့ ပြောပါတယ်။ လိုအပ်တဲ့ အခြေခံအထောက်အပံ့ မရကြတဲ့အခါ လူတွေဘ၀ကို အရှုံးပေး တတ်ကြတယ်၊ ဘ၀မှာ ကျေနပ်မှုမရဘူးလို့ တင်ပြထားပါတယ်။အခြေခံလိုအပ်ချက်တွေ (Basic needs) မပြည့်စုံကြလို့ မြန်မာတွေ ဘ၀အရည်အသွေးတွေ ကျဆင်းနေကြခြင်းက သက်သေပြနေပါတယ်။ မပြည့်စုံ ခြင်းဟာ ဘ၀တက်လမ်းကို နှေးကွေးစေတယ်ဆိုတာ ကျွန်မကိုယ်တိုင်တွေ့ခဲ့တဲ့ အမှန်တရားတစ်ခုပါ။ အခက်အခဲ မုန်တိုင်းပြင်းလွန်းလို့ ကျရှုံးခဲ့တဲ့ လူတွေကို ကျွန်မ ဘယ်တော့မှ အထင်မသေးဘူး။ မုန်တိုင်းကြမ်း ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး၊ အောင်မြင်လာသူတွေကိုတော့ လေးလေးစားစား အလေးပြု ဦးညွတ်ပါတယ်။ ကျွန်မ ကိုယ်တိုင်တော့ ကိုယ့်ကိုယ်ကို ပြန်ပြီးအလေးပြုနိုင်အောင် ကြိုးစားနေဆဲပါ။ 

မျိုးဆက်သစ်တွေအတွက် ပညာအလင်းရောင် ကောင်းကောင်းရစေချင်တယ်။ ဒါပေမဲ့ ကျွန်မ ဘာမှမတတ် နိုင်ဘူး။ စကားလုံးတွေနဲ့ အားပေးရုံလောက်ပဲ တတ်နိုင်တယ်။ အခြေအနေအရ တက္ကသိုလ်ပညာ မသင်ရ သူတွေ အသိပညာနဲ့ ဘ၀ပညာတွေ သင်ကြစေချင်တယ်။ စာတွေများများဖတ်ပါ။ စာပေဗဟုသုတွေက ဘ၀ကို ပုံဖော်ပေးပါတယ်။ အင်္ဂလိပ်စာနဲ့ ကွန်ပြူတာကို ဆယ်တန်းမအောင်၊ ဘွဲ့မရလည်း သင်လို့ရတယ်။ မြန်မာပြည် ခုထက်ပိုပွင့်လင်းလာတဲ့အခါ အင်္ဂလိပ်စကား ပြောနိုင်ရင် အလုပ်ဖြစ်တယ်။ အသက်မွေး ၀မ်းကျောင်း ပညာတစ်ခုခု တတ်ထားရင်လည်း ရပ်တည်ဖို့ပိုလွယ်တယ်။ ပေါင်းသင်းဆက်ဆံရေး ပညာ၊ လူနေမှုအနုပညာတွေက အတန်းပညာထက် ပိုနက်နဲတယ်။ ရွေးချယ်ခွင့်မရှိတဲ့ ဘ၀အခြေအနေကို လက်ခံနိုင်အောင် ကြိုးစားရင်း ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေကြရမယ်။

အခြေအနေပေးလို့ အေးချမ်းစွာ ပညာသင်ခွင့်ရတဲ့ မောင်ညီမတွေကိုလည်း ကျွန်မက မေတ္တာရပ်ခံချင် ပါတယ်။ အချိန်ရှိခိုက် လုံ့လစိုက်ပြီး၊ ပညာကိုကြိုးကြိုးစားစား သင်ယူစေချင်ပါတယ်။ အချိန်တွေ၊ငွေတွေ ကုန်သွားတာနဲ့ ထိုက်တန်တဲ့ ပညာရအောင်ယူဖို့ တိုက်တွန်းချင်ပါတယ်။ မိမိတို့ စိတ်ဝင်စားတဲ့ ဘာသာရပ်ကို တစိုက်မတ်မတ် သင်ယူကြပြီး၊ ကျွမ်းကျင်လာတဲ့အခါ ပညာအလင်းတွေ ပြန်ပြီးဖြန့်ဝေ စေချင်တယ်။ ပညာသင်ခွင့်မရတဲ့ ညီနောင်များရဲ့ မျိုးဆက်သစ်တွေကို တာဝန်ယူစေချင်တယ်။ 

ကျွန်မတို့ ပညာသင်ကြတာ ချစ်ခြင်းတရားတွေ မျှဝေဖို့ပါ။ ပညာဖြင့် ငြိမ်းချမ်းသာယာတဲ့ လောကကို ဖန်တီးတည်ဆောက် ကြဖို့ပါ။ ဘ၀ရပ်တည်ဖို့၊ နေရာကောင်းတခုရဖို့အတွက် ပညာသင်တယ်ဆိုရင် အင်မတန် ကျဉ်းမြောင်းပါတယ်။ အလင်းရောင်ကို ဆာလောင်မွတ်သိပ်နေတဲ့ ပန်းပွင့်တွေကို အလင်းရောင်ပေးနိုင်မှ ကျွန်မတို့ ချစ်တဲ့ ရောင်စုံပန်းတွေ လန်းဆန်းလို့ ကမ္ဘာမြေကြီး သာယာလှပ နိုင်မှာဖြစ်ပါတယ်။ မှောင်နေတဲ့ နေရာတွေကို အလင်းရောင်ပေးနိုင်သူ၊ ရောင်စုံအလှပန်းတွေ ပျိုးနိုင်သူဖြစ်အောင် ကျွန်မတို့ ကြိုးစားကြရအောင်ပါ။


စာဖတ်သူများကို လေးစားလျှက်..


စံပယ်ဖြူ

၀၁၊၀၅၊၂၀၁၃။



3 comments:

  1. ကမ္ဘာပေါ်မှာ မစံပယ်ဖြူလိုမျိုး ၊အတွေးအခေါ်၊ စိတ်ရင်းသဘောထားကောင်းကောင်း ရှိတဲ့လူ များများ ပေါ်ပေါက်လာပါစေ။
    ထာဝရလေးစားလျက်............
    (စောအဲထွန့်)

    ReplyDelete
  2. yes, i agree it. I like education. It is like the light in the dark as you told.

    ReplyDelete