Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Wednesday 15 April 2015

အဆင်မပြေမှုများနဲ့ မြန်မာပြည်




မြန်မာပြည်ကို (၅)လတိတိ ပြန်ရောက်နေချိန်မှာ စိတ်ဘ၀င်မကျစရာ အကြောင်းအရာတွေကို ပေါင်းစုပြီး စာတပုဒ် ချရေးလိုက် ပါတယ်။ ဘယ်အရာမဆို အဆင်ပြေသလို လုပ်နေကျတဲ့အကျင့်၊ နားလည်မှုနဲ့ လုပ်ကြတယ်ဆိုတဲ့ ဓလေ့တွေ အရိုးစွဲနေတာ သူ့ဟာသူတော့ အဆင်ပြေနေကြ ပါတယ်။ အရာရာတိုင်းကို စည်းကမ်းတကျ၊ စနစ်တကျ ဖြစ်စေချင်သူတွေအတွက် အဲဒီနားလည်မှု ဆိုတဲ့ဟာတွေက စိတ်ဘ၀င်မကျ စရာပါ။ အသေးအမွှား ကိစ္စလေးတွေလို့ ထင်ရပေမဲ့ ပြုပြင်သင့်တာတွေမို့ မြင်တွေ့ခဲ့သမျှကို ပြန်လည်မျှဝေလိုက် ပါတယ်။

မြန်မာပြည် ပြန်ရောက်တုန်း သက်တမ်းကုန် နေပြီဖြစ်တဲ့ ကျွန်မရဲ့ သူနာပြုလိုင်စင်ကို သက်တမ်းတိုးဖို့ သူနာပြု သားဖွားကောင်စီမှာ ဖောင်သွားယူပြီး၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရပါတယ်။ ရဲစခန်းထောက်ခံစာပါ လိုအပ်တဲ့အတွက် ရွာပြန်တော့ ကျုံပျော်မြို့နယ် ရဲစခန်းမှာ ထောက်ခံစာ သွားယူပါတယ်။ ရဲစခန်းက လိုတာတွေ မေးပြီး ထောက်ခံစာကို အလွယ်တကူ ပေးလိုက်ပါတယ်။ တထောင်ကျပ် ပေးရမယ်ဆိုလို့ ကျွန်မ အလွယ်တကူပဲ ပေးလိုက်ပါတယ်။ ငွေတထောင်ကျပ်ကို ရဲက သူ့အင်္ကျီအိတ်ထဲ ထည့်လိုက်ပါတယ်။ တကယ်ဆို ငွေရပြေစာလေး ထုတ်ပေးရမယ်။ ကောက်ယူထားတဲ့ ငွေတထောင်ကျပ်က တိုင်းပြည် ဘဏ္ဍာ သို့မဟုတ် ဌာနဆိုင်ရာ အသုံးစရိတ်အတွက် စားရင်ဝင်သွားရမယ် မဟုတ်လား။ ထောက်ခံစာ တခါထုတ်ပေးရင် ငွေတထောင်၊ လူတရာ လာတဲ့အခါ ငွေတသိန်း၊ ဒီငွေတွေ ဌာနအသုံးစရိတ် မဖြစ်တော့ပဲ ဇီးသီးပန်းကန် မှောက်ကျသလို ဟိုလွင့်ကျ ဒီလွင့်ကျ။ နှစ်ပေါင်းများစွာ ဒီလိုပဲ အဆင်ပြေနေတဲ့ ကိစ္စလေးက ကျွန်မ စိတ်ထဲမှာတော့ အဆင်မပြေပါ။ 

ဌာနဆိုင်ရာ အသီးသီးမှာ ဒီလိုအသေးအမွှားကစလို့ ငွေကြေးပမာဏ များစွာအထိ လေ့လွင့်နေလို့ တတိုင်းပြည်လုံး မွဲပြာကျ နေတာကို သိကြပြီးသားပါ။ ဇီးသီးထုတ် ပေါက်ကျတဲ့ အဖြစ်ကလေးတခုကိုလည်း ရယ်စရာအဖြစ် ပြောပြချင်သေးတယ်။ မလေးရှားမှာ သိကျွမ်းခဲ့တဲ့ ကရင်လေးတယောက် သူ့ရဲ့ဆယ်တန်းအောင်လက်မှတ်နဲ့ အမှတ်စားရင်ကို နိုတြီပြန်ပြီး ပို့ပေးဖို့ အကူအညီတောင်းလို့ ကျွန်မ အကျိုးဆောင်ပေးလိုက် ပါတယ်။ အမှတ်စာရင်း မူရင်း မရှိတော့လို့ အာစီတူးက ဇွဲကပင်ဆောင်မှာ သွားယူပေးရတယ်။ ငွေလေးရာကျပ်ပဲ ပေးရတယ်။ ချက်ချင်းထုတ် ပေးလိုက်ပါတယ်။ ငွေလေးရာကျတယ်ဆိုတော့ ကျွန်မက ငါးရာတန် ပေးလိုက်ပါတယ်။ ငွေကောက်တဲ့ ၀န်ထမ်းက အကြွေတရာ မရှိဘူးလို့ပြောပါတယ်။ ဒါနဲ့ ကျွန်မက ငွေလေးရာကျပ် အကြွေကို အိတ်ထဲမှာ ရှာပြီးပေးမယ် လုပ်တော့ ၀န်ထမ်း အမျိုးသမီးက၊ မဟုတ်ဘူးအမ ကျွန်မက တရာ မရှိတာလို့ ဆိုပါတယ်။ ကျွန်မလည်း အူကြောင်ကြောင် ဖြစ်သွားရာ သဘောပေါက် လိုက်ပါတယ်။ အမ်းရမဲ့ ငွေတရာကို မယူတော့နဲ့လို့ ဆိုလိုတာပါ။ အစိုးရဌာနတွေကို သွားရင် သူတို့သဘောတွေကို ဘာသာပြန်တတ်ဖို့ လိုပါတယ်။ ငွေတရာ ဘာမှမပြောပလောက်ဘူး ဆိုပေမဲ့ ဒါလည်း လေလွင့်တမျိုးပါ။ ငွေတရာကျပ်တွေ ပေါင်းလိုက်ရင် ထောင်၊သောင်း၊ သိန်းဂဏန်းတွေ ဖြစ်လာတယ် မဟုတ်လား။

အဆင်ပြေသလို လုပ်စားနေကြရတဲ့ ကျွန်မတို့ တိုင်းပြည်မှာ နှလုံးထီ၊ သုံးလုံးထီရောဂါဟာ ကင်ဆာလို့ အမြစ်စွဲ နေပါတယ်။ ငွေကို လွယ်လွယ်ရချင်တော့ နှလုံးထီထိုး၊ ဒိုင်ခံကြတာ လူနည်းစု ချမ်းသာသွားကြပြီး၊ အများစုကတော့ မွဲသွားကြပါတယ်။ ရှိတာတွေ အကုန်ပြောင်လို့ ကြွေးပတ်လည် ၀ိုင်းနေပေမဲ့ အမြစ်စွဲနေတဲ့ ရောဂါက ပျောက်မသွား ပါဘူး။ ကြားက အမြတ်ထွက်တဲ့ သူတွေကတော့ ပြည်သူ့ရဲများ ဖြစ်ပါတယ်။ ချဲဒိုင်ခံတဲ့သူတွေ၊ ကော်မရှင်စားတဲ့ သူတွေက အဖမ်းမခံရအောင် ရဲတွေကို ဆက်ကြေးအမြဲပေး ရပါတယ်။ ခုနောက်ပိုင်း ချဲဒိုင်ခံတဲ့လူတွေ နည်းသွားတာကြောင့် ဆက်ကြေးရတာ နည်းသွားတယ်။ ကျွန်မတို့ရွာမှာ ဆက်ကြေးလာယူတဲ့ ရဲတယောက်က တွက်ခြေမကိုက်တော့ဘူးလို့ ညည်းတယ်ဆိုလို့ ကျွန်မ စိတ်ပျက်မိ ပါတယ်။ ရဲတွေ တွက်ခြေကိုက်ဖို့ ကျွန်မတို့ ရွာသားတွေ  မွဲဆေးဖော်တဲ့ အလုပ်ကို ဆက်လုပ်ရမလို ဖြစ်နေပါတယ်။