Welcome!
ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....
Friday, 27 July 2012
ဥယျာဉ်မှူး၏ အတွေးစုများ..
`တောင်.... တောင်...တောင်တောင်..တောင်`
`ဟေး..ဟေး...........`
ကျောင်းဆင်းသံချောင်းခေါက်သံကြား လို့ကျောင်းသားတွေ ပျော်မြူးနေကြတယ်။ ဒီနေ့ သောကြာနေ့ဆိုတော့ သူတို့တွေပိုပျော်နေကြတယ်။ ကျွန်မလည်း ဒီနေ့အတွက် သင်ခန်းစာပြီးသွားပြီမို့ စာသင်ရပ်လိုက်ပြီး..... 
 `သားတို့သမီးတို့ရေ.. စနေတနင်္ဂနွေ ကျောင်းပိတ်ရက်မှာ စာစာစီစာကုံးရေးခိုင်းထားတာ သတိရတယ်နော်`
`သတိရပါတယ်ဆရာမ၊ ကျွန်ုပ်ဧ။်ရည်မှန်းချက် ခေါင်းစဉ်နဲ့ စာစီစာကုံးရေးလာ ရပါမယ်ဆရာမ`
`အေးဟုတ်တယ်.. တနင်္လာနေ့မှာအားလုံးစုံ ရမယ်နော်`
`ဟုတ်ကဲ့ပါဆရာမ`
`နောက်ပြီး.. ကျောင်းပိတ်ရက်မှာ ဘာတွေလုပ်ဖို့ ဆရာမမှာထားသေးလဲ သားတို့သမီးတို့`
`အိမ်စာတွေအကုန်ပြီးအောင်လုပ်ရမယ်၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကစားရမယ်၊ မိဘကိုအိမ်အလုပ်တွေ ၀ိုင်းကူရပါမယ်ဆရာမ`
`နောက်တခုကျန်သေးတယ်ကွယ်`
`ကျောင်းစာကြည့်တိုက်က ငှားထားတဲ့စာအုပ်တစ်အုပ် ပြီးအောင်ဖတ်လာရပါမယ် ဆရာမ`
`အေးဟုတ်ပြီ.... သားတို့သမီးတို့ မင်္ဂလာပါကွယ်`
`မင်္ဂလာပါဆရာမ..ကျေးဇူးတင်ပါတယ်ဆရာမ`
ကျောင်းဖွင့်ရက် တပတ်ရဲ့နောက်ဆုံးနေ့ကုန်သွားပြီမို့ ကျွန်မစိတ်ထဲမှာလည်း ပေါ့ပါးနေပါတယ်။ အိမ်ကိုဖြေးဖြေး အေးအေး လမ်းလျှောက်ပြန်ရင်း ခေါင်းထဲအတွေးတွေ တသီကြီးဝင်လာပါတယ်။ မနက်ဖြန်စနေနေ့မှာ ရွာဦးဘုန်း ကြီးကျောင်းကို ဆွမ်းချက်ပို့ပြီး၊ လျှော်ဖွတ်သန့်ရှင်းရေးလုပ် ရအုံး မယ်။ တနင်္ဂနွေနေ့ တစ်ရက်တော့ စာအုပ်ဖတ်ပြီး နှပ်ရမယ်။
ရှေ့အပတ်ကျရင်တော့ ကျောင်းသားတွေကို စာစီစာကုံးရေးခိုင်းထားတဲ့ ကျွန်ုပ်ဧ။်ရည်မှန်းချက်အကြောင်း ဆွေးနွေးဖို့စိတ်ကူးထားတယ်။ တပတ်ကိုတစ်အုပ် ဖတ်ခိုင်းထားတဲ့စာတွေထဲက အကြောင်းအရာတွေကိုလည်း စကားဝိုင်းပုံစံလေးလုပ်ပေးပြီး၊ အသိချင်းဖလှယ်တတ်တဲ့ အကျင့် လဲရ ပျော်စရာလည်းဖြစ်အောင် စီစဉ်ပေးရအုံး မယ်။ ခေတ်ကာလရဲ့ လိုအပ်ချက်အရ ကျောင်းသားတွေကို ကျောင်းသင်ခန်းစာထဲက ဖတ်စာတွေပဲသင်လို့ မလုံ လောက်တော့ဘူး။ သင်ရိုးညွှန်းတမ်းပြင်ပ သင်ယူမှုအခွင့်အရေးတွေရအောင် ဖန်တီးပေးဖို့နဲ့ ကျောင်းသားတွေ စာကိုစိတ်ဝင်တစား သင်ယူလိုစိတ်ဖြစ်အောင် ကြိုးစားဆောင်ရွက်နိုင်ဖို့ ကျောင်းအုပ်ဆရာကြီးနဲ့ ကျွန်မတို့ဆရာ၊ ဆရာမများက ဆွေးနွေးပွဲပုံစံမျိုးနဲ့ တပတ်တခါ အစည်းအဝေးထိုင်ကြ ရပါတယ်။
ဒီရွာကျောင်းကို သံယောဇဉ်ကြီးလှတဲ့ ဆရာကြီးဟာ ကျောင်းမှာရောရွာမှာပါ စံပြဆရာကြီးပါ။ ဒီရွာသူ ကျွန်မ ကတော့ ဆရာကြီးရဲ့အရိပ်အောက်မှာ ပညာသင်ကြားခဲ့ပြီး၊ ပညာရေးတက္ကသိုလ်က ဘွဲ့ရလို့ ဆရာ့လက်အောက် မှာပဲ ကျောင်းဆရာမပြန်ဖြစ်ခဲ့ ရပါတယ်။ ဆရာကြီးက သူ့လက် အောက်ကဆရာ၊ ဆရာမအားလုံးကို သူ့ခြေရာ နင်းပြီး ထူးချွန်ထက်မြက်တဲ့ ဆရာကောင်းတွေဖြစ်အောင် အမြဲလေ့ကျင့်တိုက်တွန်း ပါတယ်။
ပညာရေးစနစ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျောင်းဆရာ၊ဆရာမများရဲ့ အခန်းကဏ္ဍဟာ အရေးကြီးဆုံးပဲ မဟုတ်ပါလား။ ဘယ်လောက်ကောင်းမွန်တဲ့ ပညာရေးမူဝါဒတွေနဲ့ သင်ရိုးညွှန်း တမ်းတွေရှိနေပါစေ၊ ဆရာများက စေတနာ၊၀ါသနာအပြည့်နဲ့ အားကြိုးမာန်တက်ရှိပါမှ ဆရာကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေပြည့်ဝအောင် ပြင်ဆင်ထားပါမှ လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်ပါလိမ့်မယ်။ သင်ကြားရေးနည်းစနစ်တွေကို အမြဲမပြတ်ဆန်း သစ်တီထွင်ကြရာမှာ ဦးဆောင်လမ်းပြဖြစ်ရမဲ့ ကျွန်မတို့ဆရာများက ခေတ်ရှေ့ပြေးနေဖို့လိုပါတယ်။
သင်ယူစရာတွေ မကုန်နိုင်လောက်အောင် ခေတ်မှီတိုးတက်နေတဲ့ ယနေ့လူ့ဘောင်လောကရဲ့ လိုအပ်ချက်စံနှုန်း တွေကို မှီအောင်လိုက်နိုင်ဖို့ ကျွန်မတို့ပြင်ဆင်နေရ ပါတယ်။ အခြေခံပညာသင်ကြားနေတဲ့ ကျောင်းသားများ အနေနဲ့ ပညာရပ်တစ်ခုစီတိုင်းရဲ့ အခြေခံကျတဲ့ အချက်အလက်တွေကို ကောင်းစွာနားလည် သဘောပေါက်ထားဖို့ အရေးကြီးပါတယ်။ အဲဒီအခြေခံအသိလေးတွေနဲ့ ဆိုင်ရာအဆင့်မြင့်ပညာကို သင်ယူကြပြီး၊ ဘ၀အတွေ့အကြုံ လုပ်ငန်းအတွေ့အကြုံတွေအရ ထိုးထွင်းချဲ့ထွင်သိမြင်နိုင်တဲ့ ပညာရှင်တွေ့ဖြစ်လာဖို့ကို စာသင်ကျောင်းများက အုပ်မြစ်ချပေးရမှာဖြစ် ပါတယ်။ အသိပညာတွေဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ အချင်းချင်းဗဟုသုတအမြင်များ ဖလှယ်တတ်ဖို့၊ အပေးအယူညီညွတ်မျှတစွာ ပေါင်းသင်းဆက်ဆံတတ်ဖို့၊ အသင်းအဖွဲ့တွေမှာ ပူးပေါင်းဆောင်ရွက် တတ်ဖို့ကိုလည်း ကျွန်မတို့ဆရာများကဦးဆောင်ပြီး စံနမူနာကောင်းဖြစ်အောင် နေပြရပါတယ်။
ပြုပြင်ရလွယ်တဲ့ ကျောင်းသားလူငယ်တွေရဲ့ နှလုံးသားမှာတာဝန်သိစိတ်၊ ပရဟိတစိတ်တွေနဲ့ အတူ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်တဲ့စိတ်ဓာတ် အရည်အသွေးတွေရှိအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့က စာသင်ကျောင်းများ ရဲ့တာဝန်ပါ။ ယနေ့လူငယ် နောင်ဝယ်လူကြီး၊ စာသင်ကျောင်းမှသည် အလုပ်ခွင်ကိုရောက်သွားကြမဲ့ လူငယ်များ ကို စည်းကမ်းသေ၀တ်သော၊ အကြင်နာတရားပြည့်ဝသော၊ ရိုးသားဖြောင့်မတ်၍ ဘာသာလူမျိုးအသားအရောင် မခွဲခြားတတ်သော အနာဂတ်ခေါင်းဆောင်းကောင်းတွေ ဖြစ်အောင်မွေးထုတ်ပေးဖို့က စာသင်ကျောင်းများရဲ့ အဓိကပန်းတိုင်။ နုနယ်တဲ့လူငယ်လေးများရဲ့ နှလုံးသားမှာ လူသားဆန်ပြီးသာတူညီမျှ တရားမျှတမှုကို မြတ်နိုးတဲ့ စိတ်၊ သူတပါးအရေးကိစ္စကို ထည့်သွင်းစဉ်းစားတတ်တဲ့ စာနာတဲ့စိတ်၊ လူ့အခွင့် အရေးကိုလေးစားတတ်တဲ့စိတ်၊ သဘာဝတရားကို ချစ်မြတ်နိုးတတ်တဲ့စိတ်တွေ ကိန်းနေဖို့လိုပါတယ်။ ခေတ်စနစ်တွေ နည်းပညာတွေဘယ်လိုပဲ ပြောင်းလဲနေပါစေ၊ ဒီအခြေခံစိတ်သဘောထားတွေ ကျောင်းသားတွေရဲ့ရင်ထဲမှာ ခိုင်မာစွာအမြစ်တွယ်နေဖို့ မျိုးစေ့ချ၊ ရေးလောင်းပေါင်းသင်းလို့ မြေသြဇာကျွေးပေးရမှာက စာသင်ကျောင်းများရဲ့ ဘယ်သောအခါမှ မပြောင်းလဲသော အမြဲတမ်းမှန်ကန်သောတာဝန်ကြီး တရပ်ပါ။
ပညာကိုအခြေခံတဲ့ လူ့ဘောင်တစ်ခုဖန်တီးတည်ဆောက်ဖို့ဆိုရင် လူတိုင်းတန်းတူပညာသင်ကြား ခွင့်ရဖို့နဲ့ ဆင်းရဲနွမ်းပါးခြင်းကို လျှော့ချနိုင်ဖို့လိုပါတယ်။ ကျောင်းနေအရွယ် ကလေးတိုင်းပညာသင် ကြားခွင့်ရဖို့အတွက် ရွာလူကြီးနဲ့ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာများစုပေါင်းဖွဲ့စည်း ထားတဲ့ မိဘဆရာအသင်းက ထိထိရောက်ရောက်ဆောင်ရွက်ပေးကြတာ အားရစရာပါ။ ဆင်းရဲတဲ့ ကျောင်းသားတွေ အတွက် ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံနဲ့ကျောင်းဝင်ကြေးတွေကို ရံပုံငွေထားပြီး စီမံပေးကြတာ အင်မတန်ကျေးဇူး တင်စရာ ကောင်းလှပါတယ်။
ကျွန်မကတော့ တပည့်တွေအားလုံးကို ကျောင်းနေပျော်ပြီး စာတော်စေချင်တယ်။ အခြေခံပညာ ရေသောက်မြစ် ခိုင်မာဖို့အတွက် နေ့စဉ်ရေလောင်းသလို အသိပညာတွေပေးရင်းနဲ့ စာရိတ္တသတ္တိတွေပြည့်စုံပြီး၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ ငယ်စဉ်ကတည်းက အသားတကျဖြစ်အောင် လေ့ကျင့်ပေးပါတယ်။ ကျောင်းသားလူငယ်တွေရဲ့ အသိစိတ်ထဲမှာ မိမိလူမျိုးရဲ့သမိုင်းကြောင်း၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာကောင်းတွေကို မြတ်နိုးတန်ဖိုးတတ်ဖို့လိုတယ်လို့ ယနေ့ပညာရှင်များက လက်ခံထားကြပါတယ်။
ကျွန်မတပည့်တွေ ကျောင်းနေစဉ်အရွယ်ကတည်းက နိုင်ငံသားကောင်းပီသပြီး၊ နောင်အနာတ်မှာ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့က ကျွန်မရဲ့မျှော်လင့်ချက်ပါ။ ဒီရွာလေးမှာပညာ သင်ခဲ့ဖူးတဲ့ကျောင်းသား လေးတစ်ယောက်ဟာ နောင်တချိန်မှာ ကမ္ဘာကလေးစားရတဲ့ နိုင်ငံတော် သမ္မတတစ်ယောက်ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ကျွန်မရဲ့တပည့်တွေထဲက တယောက်တလေသို့မဟုတ် တချို့တလေဟာ ဗိုလ်ချုပ် အောင်ဆန်းလို၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်လို အထင်ကရပုဂ္ဂိုလ်မျိုးတွေ ဖြစ်လာနိုင်တာပဲ။ ဒါမှမဟုတ်ရင်လည်း ပညာရှင်အဖြစ်နဲ့ မိမိတို့ကျွမ်းကျင်တဲ့ အခန်းကဏ္ဍကနေ တိုင်းပြည်အကျိုးအတွက် တတပ် တအား ပါဝင်ဆောင်ရွက်ပေးနိုင်တဲ့ လူရည်ချွန်တွေ ဖြစ်လာနိုင်ပါတယ်။
နောင်အနာဂတ်မှာ ကျောင်းဆရာဆရာမ၊ တက္ကသိုလ်ကထိက ဖြစ်မဲ့သူများက သမားဂုဏ်နဲ့ပြည့် ပြီး၊ မိမိဆိုင်ရာ ဘာသာရပ်နဲ့ သင်ကြားမှုအတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ ပို့ချနိုင်ကြလို့။ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်နဲ့ လိုက်လျောညီထွေဖြစ်ပြီး၊ စနစ်ကျတဲ့သင်ကြားမှုသင်ယူမှု နယ်ပယ်ဝန်းကျင်ဖြစ်အောင် အမြဲပြုပြင်ကြံဆနိုင်ကြ လို့။ စည်းကမ်းပြည့်ဝပြီး၊ ဘက်စုံကောင်းမွန်တဲ့ နိုင်ငံတကာအဆင့်မှီ ပညာတတ်တွေကို မွေးထုတ်ပေးနိုင်ကြ မယ်ဆိုရင် အနာဂတ်မြန်မာပြည်ဟာ ပညာတန်းခိုးကြောင့် တိုးတက်မြင့်မားလိုက်မဲ့ ဖြစ်ခြင်း။ ကျွန်မတပည့်တွေ ထဲက အချို့တော့ ဒီလိုစွမ်းဆောင်နိုင်တဲ့ ပညာတတ်တွေဖြစ်လာနိုင်တယ်လို့ အကောင်းမြင်မိပါတယ်။
ဆရာဝန်၊သူနာပြုများနဲ့ ကျန်းမာရေးဝန်ထမ်းများက အခြေခံကျန်းမာရေး စောင့်ရှေက်မှုလုပ်ငန်းတွေကို လူမျိုး ဘာသာအဆင့်အတန်း မခွဲခြားပဲ ထိထိရောက်ရောက် ဆောင်ရွက်ကြလို့။ စဉ်ဆက်မ ပြတ်သင်ယူလေ့လာမှုနဲ့ အတူ လုပ်ငန်းအတွေ့အကြုံတွေ ရင့်ကျက်လာတဲ့အခါမှာ တိုးတက်ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှေက်မှု မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြလို့။ သူတို့ခေတ်မှာ နိုင်ငံတကာအဆင့်မှီ ကျန်းမာရေး ၀န်ထမ်းကောင်းတွေကို ရာနှုန်းပြည့်မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ်ကောလိပ်တွေ တည်ထောင်နိုင်ကြရင် (၂၁)ရာစုနှောင်းပိုင်းမှာ မြန်မာပြည်သားတိုင်းနီးပါး ကျန်းမာကြလို့ ကုန်ထုတ်စွမ်းအားတွေမြင့်မားလာပြီး တိုင်းပြည် သာယာဝပြောလာကောင်းပါရဲ့။
သိပ္ပံပညာရှင်များ၊ နည်းပညာအင်ဂျင်နီယာများနဲ့ အခြားသောပညာရှင်များက မိမိတို့ကျွမ်းကျင်ရာ နယ်ပယ်ကနေ ဆက်သွယ်ရေးကွန်ယက်နဲ့ နည်းပညာတွေကို နိုင်ငံတကာအဆင့်မှီအောင် ကြိုးစားဆောင်ရွက်ကြလို့။ ဆရာစား မချန် ကြီးမြတ်သောစိတ်နှလုံးတွေနဲ့ စုပေါင်းညီညာစွာ လက်တွဲကြိုးပမ်းကြလို့ ဘက်ပေါင်းစုံက ပြောင်းလဲ တိုးတက်လာရင်တော့ ကျွန်မတို့ရွာလည်း ဖွံ့ဖြိုးလာကောင်းပါရဲ့။ ညဆိုရင်တရွာလုံးမီးတွေလင်းပြီး၊ ကွန်ပျူတာ အင်တာနက်ကို ရွာတွေမှာသုံးနိုင်တဲ့ အခြေအနေမျိုးကို ကျွန်မမြင်သွားချင်ပါသေးတယ်။
အင်း..ကျွန်မရဲ့မျှော်လင့်ချက်အိမ်မက်တွေ တကယ်ဖြစ်လာမယ်ဆိုရင်တော့ တပြားမှမရှိပေမဲ့ တပည့်မရှား ပီတိစားပြီးအားရှိနေရတဲ့ ကျောင်းဆရာမဘ၀နဲ့ နေပျော်သေပျော်ပြီလို့ တွေးမိပါတယ်ရှင်။ ခေါင်းဆောင်လောင်းတွေရဲ့ ဥယျာဉ်မှူးဘ၀ကို ဂုဏ်ယူတတ်ကြတဲ့ ဆရာများကိုဂါရ၀ပြု ဦးညွှတ်ရင်း.....
စံပါယ်ဖြူ
No comments:
Post a Comment