Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Wednesday, 20 March 2013

ရွာဖျားက သူဌေးကုန်း


လယ်ယာမြေတွေ ပေါများတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ ကျွန်မကြီးပြင်းခဲ့ပါတယ်။ ရွာရဲ့အရှေ့ပိုင်း ကျွန်မတို့ နေတဲ့အစုကို  အရှေ့စုလို့ခေါ်ပါတယ်။ ကျွန်မတို့အရှေ့စုလေးရဲ့ အစွန်အဖျားမှာ သူဌေးကုန်းလေး ရှိပါတယ်။ အိမ်ခြေတစ်ဆယ် လောက်ရှိပါလိမ့်မယ်။ ကျွန်မသတိရလွမ်းမိတဲ့ သူဌေးကုန်းက လူတွေအကြောင်းကို စာမျက်နှာပေါ် အက္ခရာတင်လိုက်ချင် ပါတယ်။
သူဌေးကုန်းလေးက ရွာအစွန်အဖျားမှာရှိတာမို့ ရွာကလူတွေက ရွာဖျားလို့ပဲ ခေါ်ဝေါ်သမုတ်ပါတယ်။ ရွာဖျားက လူတစ်စုဟာ ဆင်းရဲနုံခြာလွန်းလို့ အမေက သူဌေးကုန်းလို့ အမည်ပေးလိုက်တာ ဖြစ်ပါတယ်။ ထမင်းကို မနက်တစ်နပ်၊ ညနေတစ်နှပ် ပုံမှန်အောင်စားနေရတဲ့ နေ့ရက်တွေဟာ သူဌေးကုန်းကလူတွေအတွက် လှပသောနေ့ရက်တွေ ဖြစ်ပါတယ်။ ထမင်းနပ်မှန်အောင် အသက်မွေးကြတဲ့ အလုပ်တွေကတော့ ကြုံရာ ကျပန်း၊ ကပ်ပါးအလုပ်ပဲ ဖြစ်ပါတယ်။ မိုးရာသီစပါးစိုက်ချိန်ဆိုရင် အမျိုးသားတွေက လယ်ရှင်တွေဆီမှာ သူရင်းငှား၊ နေ့စားနဲ့ ပျိုးနှုတ်တဲ့အလုပ်တွေ လုပ်ကြပြီး၊ အမျိုးသမီးတွေက ကောက်စိုက်ကြပါတယ်။ လယ်စိုက်ချိန်ဟာ သူဌေးကုန်းကလူတွေ ထမင်းနှပ်မှန်အောင် စားရတဲ့အချိန် ဖြစ်ပါတယ်။


လယ်စိုက်ချိန်ကုန်သွားရင် အလုပ်တွေပါးသွားသလို ဆန်တွေလည်းဈေးတက် လာပါပြီ။ တချို့က လယ်ထဲ ကိုင်းထဲမှာ ဖား၊ငါး ရှာရောင်းပြီး ဆန်ဖိုးရအောင် ရှာကြပါတယ်။ သူဌေးကုန်းက ကလေးတွေ ကျောင်းမသွား ရပါဘူး။ ကျောင်းသွားရတယ်ဆိုရင်လည်း သူငယ်တန်း၊ ပထမတန်းလောက်နဲ့ ကျောင်းထွက် ကြပါတယ်။ မိကတွေက ကျောင်းစရိတ် မတတ်နိုင်ကြသလို၊ သူတို့ကလေးတွေဟာလည်း ကျောင်းမှာမပျော် ကြပါဘူး။ အဲဒီကလေးတွေ  ကန်စွန်းရွက်ခူးရောင်း လယ်ပုစွန်လုံးနှိုက်ရောင်းပြီး ဆန်ဖိုးရအောင်ရှာ ကြပါတယ်။ မြွေဝင်အောင်းနေတဲ့ ပုစွန်လုံးတွင်းကို နှိုက်မိရင်တော့ ကံဆိုးသူအဖြစ် ဘ၀ပြောင်းသွား ကြရပါတယ်။ ဒီလိုရှာကြံ လို့ရတဲ့ဝင်ငွေဟာ ဆန်ဈေးကြီးတဲ့ မိုးရာသီမှာ မိသားစုအားလုံး အူမတောင့်ဖို့အတွက် မလုံလောက်ပါဘူး။ ညနေစာ ထမင်းမချက်ရပဲ မီးခိုးတိတ်တဲ့ ညနေအချို့ကို ယဉ်ပါးစွာ ဖြတ်ကျော်နိုင်ကြတဲ့ လူတစ်စုပါ။
မြန်မာပြည်ရဲ့ စပါးကျီဖြစ်တဲ့ ဧရာဝတီတိုင်းက မြို့ရွာအနှံ့အပြားမှာ ဆန်မရှိလို့ ထမင်းမစား ကြရတဲ့အဖြစ် မျိုးတွေရှိနေတာ ရာဇ၀င်ရိုင်းလွန်း ပါတယ်။ သနားလို့ ပေးကမ်းမဲ့သူမရှိလေတော့၊ ငါ့ဝမ်းပူဆာ မနေသာလို့ ဆန်ရအောင် ဖြေရှင်းကြတဲ့ နည်းလမ်းတွေက ဆင်းရဲတွင်းကို ပိုလို့နက်စေပါတယ်။ အိမ်မှာရှိသမျှ အိုးခွက်၊ ပန်းကန်းနဲ့ အ၀တ်အစားတွေကို ရသလောက်နဲ့ ပေါင်နှံပြီး ဆန်ဝယ်စားကြပါတယ်။ ဥာဏ်ကြီးရှင် အိမ်ရှင်မ အချို့က ဈေးကြီးကြီးနဲ့ အကြွေးရောင်းတဲ့ အထည်သယ်တွေဆီမှာ မတန်တဆဈေးနဲ့ အကြွေးဝယ် ပါတယ်။ ပြီးတော့ ၀ယ်ဈေးရဲ့ ထက်ဝက်ငွေနဲ့ ပေါင်ပြီး ထမင်းစားရအောင် ဖန်တီးကြပါတယ်။ လုံချည်တထည် ငါးထောင်နဲ့ဝယ်၊ နှစ်ထောင့်ငါးရာလောက်နဲ့ ပေါင်ပြီးဆန်ဝယ်တယ်။ ပေါင်တဲ့ပစ္စည်းက ပြန်မရွေးနိုင်တာ များပါတယ်။ အချိန်တန် အထည်သယ်ကို ဆပ်ရတဲ့ငွေက ငါးထောင်ဖြစ်ပါတယ်။
နောက်ထပ်ဖြေရှင်းနည်း တခုက လယ်ရှင်တွေဆီမှာ ကောက်ရိတ်ပေး ငွေကြိုချေးကြပါတယ်။ တရက် ကောက်ရိတ်ခ ငွေတထောင်နှုန်းဆိုရင် ငွေသုံးရာ ကြိုတင်ယူပြီး၊ အချိန်တန်တော့ တရက်ကောက်ရိတ်ပေး ရပါတယ်။ ကောက်ရိတ်သိမ်းချိန် ရောက်တဲ့အခါ နေ့စဉ်ဝင် ငွေတထောင်ရ ရမဲ့အစား အကြွေးတွေ ရိတ်ဆပ်ကြရပါတယ်။ ကောက်ရိပ်သိမ်းချိန် ကုန်သွားပြန်တော့ မိုးရာသီလယ်စိုက်ချိန် အတွက် ကောက်စိုက်ပေး ငွေကြိုယူကြပြန်တယ်။ ကောက်ရိတ်ပေးယူတဲ့ နည်းအတိုင်း တကယ်ရမဲ့ လုပ်အားခရဲ့ သုံးပုံတပုံပဲ ရတာဖြစ်ပါတယ်။ ဒီလိုနဲ့ အကြွေးသံသရာ လည်နေကြပါတယ်။ ဆပ်နိုင်တဲ့ အကြွေးတွေရှိသလို မဆပ်နိုင်တဲ့ အကြွေးတွေလည်း ရှိပါတယ်။ ဆင်းရဲတော့ ကတိမတည်နိုင်ကြသလို၊ ပညာမဲ့တော့ အကောင်းအဆိုးကို မပိုင်းခြားနိုင်ကြပါ။
မိရိုးဖလာ အစဉ်အလာအရ ဗုဒ္ဓဘာသာ ဖြစ်နေကြတဲ့ ကျွန်မရွာသား သူဌေးကုန်းကလူတွေ ငါးပါးသီလ မလုံနိုင်ကြပါဘူး။ ဆင်းရဲပြီး လူ့အခွင့်အရေး ဆုံးရှူံးနေကြသူတွေ သီလမလုံနိုင်ကြပေမဲ့၊ သူများရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ဖျက်ဆီးကြသူတွေတော့ မဟုတ်ကြပါ။ ၀မ်းစာအတွက် ငါးရှာ၊ဖားရှားပြီး တိရစ္ဆာန်တွေကို သတ်နေရပေမဲ့ သူတို့တွေ လူမသတ်ဘူး။ ဆာလောင်တဲ့ အစာအိမ်ကအမိန့်ကို မလွန်ဆန် နိုင်လို့ အတိုအထွာလေးတွေ ခိုးယူတတ်ကြပေမဲ့၊ လာဒ်စားသော အများပိုင်ပစ္စည်းကို ထင်သလိုသုံးသော လူကြီးမင်းတွေလို တိုင်းပြည်ကိုမွဲအောင် မလုပ်ကြပါ။ မုသားကို ရေလိုသုံးနေကြပေမဲ့ သူတို့ရဲ့မုသားစကား တွေဟာ လူတွေဘ၀ပျက် လောက်အောင်အပြစ်မကြီးပါဘူး။
ကိုယ်ကျင့်သီလ စောင့်ထိန်းရမှန်း မသိတဲ့ သူဌေးကုန်းက မိန်းမယောက်ျားတွေ အိမ်ထောင်ရေး ဖောက်ပြန် ကြပေမဲ့ သူတပါးသမီးပျိုတွေကို ခြေတော်တင် ကြသူတွေမဟုတ်ပါဘူး။ သူတို့ရဲ့ သမီးပျိုတွေကိုသာ ကြောင်သူတော် အချို့က ပျော်ကြံအသုံးတော်ခံ ကြတာဖြစ်ပါတယ်။ ရေရောတဲ့ တောအရက်ကိုသောက်ပြီး ရမ်းကားကြသူတွေ အကောင်းစာအရက်နဲ့ ဇိမ်ခံနေကြသူတွေလို တရားဥပဒေကို ငွေနဲ့မပြုပြင်နိုင်ကြပါ။ ပြစ်မှုကျူးလွန်ရင် ထိပ်တုံးခပ်ခံရ၊ ထောင်ကျကြပါတယ်။ ဆင်းရဲသားတွေ အပြစ်မကျူးလွန်ရ၊ ငွေနဲ့အာဏာ ရှိရင် ထင်သလိုလုပ်နိုင်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။
ကျန်းမာရေး ဗဟုသုတမရှိကြတဲ့ သူဌေးကုန်းကလူတွေ ရောဂါကာကွယ်ရေးတွေ အကြောင်းမသိကြပါ။ သိပါတယ်ဆိုရင်တောင် ကျန်မာရေးအတွက် လိုအပ်တဲ့ အာဟာရတွေကို မှီဝဲနိုင်ကြသူတွေ မဟုတ်ပါ။ ရောဂါဖြစ်ရင် ဆေးမီးတိုတွေဟာ သူတို့ရဲ့ဆေးစွမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းဆိုတာ သူတို့နဲ့ မဆိုင်တဲ့နေရာလို့ သဘောထားကြပါတယ်။ ငွေမပါပဲဆေးရုံသွားတက်ရင် လိုအပ်တဲ့ဆေးဝါးတွေနဲ့ ကုမပေး နိုင်တာ တကယ့်ဖြစ်ရပ်တွေပါ။ ထိရောက်တဲ့ကုသမှုမရပဲ ရေတိမ်နစ်ရတဲ့ အဖြစ်တွေကလည်း တပုံကြီးပါ။ စာရေးဆရာ ကြယ်နီလိုသာ ၀တ္ထုတွေရေးတတ်ရင် သူဌေးကုန်းက လူတွေအကြောင်း ဇာတ်လမ်းစုံကို အပြောင်မြောက်ဆုံး ၀တ္ထုဖြစ်အောင် ရေးဖွဲ့ချင်ပါတယ်။
မြန်မာပြည် အနှံ့အပြားမှာ စားရမဲ့သောက်ရမဲ့ အဖြစ်တွေ၊ ဆင်းရဲတွင်းနက်နေတဲ့ လူဦးရေကလည်း တိုးပွား လို့သာနေပါတယ်။ ရွာတိုင်းမှာ သူဌေးကုန်းကလူတွေလို ဆင်းရဲသား လူဦးရေက ၃၀% ကနေ ၅၀% လောက်ရှိပါတယ်။ ဒီလူတွေကနေ ပေါက်ဖွားလာတဲ့ ဆွေစဉ်မျိုးဆက် အားလုံးပညာသင်ခွင့်မရ၊ ဆင်းရဲမွဲတေ နေကြတာ မတရားဘူးလို့ ထင်ပါတယ်။ သူတို့သားသမီးတွေ ကလေးသူငယ်များ အခွင့်အရေး (childrenrights) တွေကို ရာနှုန်းပြည့် ဆုံးရှူံးနေကြပါတယ်။ သူတို့တွေ လူ့အခွင့်အရေး၊ ကလေးသူငယ်များ အခွင့်အရေး ဆိုတာတွေကို မကြားဖူးကြသလို၊ အခွင့်အရေးတွေကို တောင်းယူရတယ် ဆိုတာကိုလည်း မသိကြပါဘူး။
သူဌေးကုန်းကလူတွေဟာ ငယ်ငယ်က ကျွန်မရဲ့ ကစားဖော်၊ လယ်ထဲဆင်းဖော်တွေ ဖြစ်ပါတယ်။ သူဌေးကုန်းက အမျိုးသားအချို့ အဖေ့ဆီမှာ သူရင်းငှားလုပ်ဖူးကြတာမို့ မောင်နှလိုသံယောဇဉ် ရှိပါတယ်။ တခါတလေ ရွာကို သတိရမိတဲ့အခါ သူဌေးကုန်းက လူတစုကိုလည်း သတိရမိပါတယ်။ သူတို့ဘ၀တွေကို မြင့်တင်ပေးချင်တဲ့ ဆန္ဒရှိပေမဲ့ ကျွန်မမှာ အင်အားမရှိပါ။ ကျွန်မကိုယ်တိုင် သူတို့လောက် မဆင်းရဲဘူးလို့ ပြောနိုင်တဲ့ အခြေအနေမှာပဲ ရှိပါတယ်။ ထမင်းနှပ်မှန်အောင် စားခဲ့ရတယ်။ မိဘနှစ်ပါးရဲ့ ကျေးဇူးကြောင့် ကျောင်းတက်ခဲ့ ရတယ်၊ သူနာပြုအလုပ်နဲ့ အသက်မွေးခွင့် ရခဲ့ပါတယ်။
ပညာဟာ ဆင်းရဲခြင်းကို မလွန်မြောက်နိုင်ရင်တောင် မွဲတေတဲ့အဆင့် မရောက်အောင် ကယ်တင်ပေးနိုင် တယ်လို့ ကျွန်မယုံကြည်ပါတယ်။ သာမန်လယ်သမား သားသမီးတယောက် အနေနဲ့ လောကဓံတွေကို ရင်ဆိုင်ပြီး ပညာသင်ရ ဘ၀ရပ်တည်ရတာ အင်မတန် ခက်ခဲပင်ပန်းပါတယ်။  ယိုင်နှဲ့တဲ့ ဘ၀အခြေအနေကို လဲပြိုကျမသွားအောင် သတိဥာဏ်ပညာက ထိန်းကွပ်နိုင်ခဲ့လို့ ကျွန်မ မွဲတေတဲ့အဆင့်ထိ မရောက်ခဲ့တာပါ။ ပညာသင်ခွင့်လည်းမရ၊ နိုင်ငံသားတယောက် ရသင့်တဲ့အခွင့်အရေးတွေ ဘာတခုမရတဲ့ သူဌေးကုန်းက လူတွေ ဆင်းရဲနေကြတာ သူတို့တွေ အသုံးမကျတာလို့ အပြစ်တင်သင့် ပါသလား။ နုံခြာလွန်းကြလို့ ဆိုရင် စွမ်းဆောင်ရည်တွေ တိုးမြင့်လာအောင် ၀ိုင်းဝန်းပြုပြင် ပေးရမယ်လို့ ယူဆပါတယ်။ လူသားဆန်တဲ့ စိတ်ဓာတ်တွေနဲ့ ဒီလိုလူတန်းစားတွေရဲ့ ဘ၀တွေကို မြှင့်တင်ပေးသင့်တယ်လို့ ထင်ပါတယ်။
ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ခွင့်ရရေး၊ လူတိုင်းကျန်းမာရေး စောင့်ရှောက်ခွင့်ရရေးနဲ့၊ ဘ၀နေထိုင်နည်း ပညာပေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာ ဆင်းရဲမွဲတေ ခြင်းကလွန်မြောက် မှာဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင် ဘာမှမလုပ်နိုင်သေးပဲ ဒီလိုစာမျိုးရေးရတာ စိတ်တော့ သိပ်မလုံပါဘူး။ ကျွန်မကျင်လည် တွေ့ကြုံခဲ့ရတာလေးတွေကို မျှဝေရင်း ဖြစ်သင့်တဲ့ အခြေအနေကို တင်ပြဆွေးနွေးတဲ့ သဘောနဲ့ရေးလိုက် ခြင်းဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ
စံပယ်ဖြူ

အပြင်စီးမဂ္ဂဇင်း၊ ဧပြီလ ၂၀၁၃။

No comments:

Post a Comment