Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Thursday 5 July 2012

ခရေ စံပယ် နှင်းဆီ

ရောင်စုံအလှပန်းမျိုးစုံထဲက ခရေ စံပယ် နှင်းဆီတို့နဲ့ ကျွန်မရင်းနှီးခဲ့တဲ့ အကြောင်းတွေကို ရေးဖွဲ့လိုပါတယ်။ ပန်းချစ်သူတိုင်း၊ ဥယျဉ်မှူးတိုင်း ဒီပန်းသုံးမျိုးလုံးကို နှစ်သက်ကြမယ် ထင်ပါတယ်။ နွမ်းခြောက်သွားတဲ့ အထိရနံ့မပြယ်တဲ့ ခရေကို ကျွန်မချစ် ပါတယ်။ ဖြူစင်ပြီးရနံ့သင်းတဲ့ စံပယ်ကိုလည်း နှစ်သက်မြတ်နိုးပါတယ်။ နှင်းဆီကိုတော့ လှလို့ကြိုက်ပါတယ်။

ကလေးဘ၀တုန်းက ကျွန်မနဲ့ အရင်းနီးခဲ့ဆုံးပန်းက ခရေပါ။ ဒါပေမဲ့ ကျွန်မတို့နေတဲ့ အဖေ့ရွာမှာ ခရေပင်မရှိပါဘူး။ အမေ့ရွာက အဖွားတို့အိမ်နားမှာ ခရေပင်ကြီးရှိပါတယ်။ နွေရာသီကျောင်းပိတ်လို့ အမေ့ရွာကိုအလည်ပြန်ရင် မနက်တိုင်း ကစားဖော်သူငယ်ချင်း တွေနဲ့အတူ ခရေပန်းကောက်ကြ ပါတယ်။ မြေပေါ်မှာ ပြန့်ကြဲနေတဲ့ ခရေပန်းတွေကိုကောက်ပြီး ခရေကုံးသီ ခဲ့တာတွေကို ကျွန်မ ပြန်လွမ်းမိပါတယ်။ မြေပေါ်မှာ ကောက်စရာခရေပွင့်တွေ မကျန်တော့ရင် အပင်ပေါ်ကကြွေလာမဲ့ ခရေပန်းတွေကို စောင့်ဖမ်းကြ ပါတယ်။ အပင်ပေါ်ကကြွေပြီး လေယူရာဝဲကျလာတဲ့ ခရေတပွင့်ကိုဖမ်းမိရင် ကစားပွဲတခုကို အနိုင်ရသလို ပျော်ရွှင်မြူးတူး ခဲ့ကြ ပါတယ်။ ဒီလို အပူအပင်ကင်းပြီး ချိုဆိမ့်တ
ဲ့ ကလေးဘ၀ကပုံရိပ်တွေကို ပြန်မြင်ယောင်တွေးမိတိုင်း လွမ်းတသသ ဖြစ်ရပါတယ်။

ခရေပွင့်လေးတွေဟာ ချစ်စရာကောင်းသလို့ ခရေပန်းရနံ့ကလည်း စိတ်နှလုံးကို ကြည်နူးလန်းဆန်းစေပါတယ်။ ခရေဆိုတာ မြေမှာခပေမဲ့  နွမ်းခြောက်သွားတဲ့အထိ ရနံ့ပြယ်မသွားတဲ့အတွက် သစ္စာရှိတယ်လို့ ကဗျာဆရာ စာရေးဆရာတွေက တင်စားစပ်ဆို ကြတာကို ကျွန်မသဘောကျ ခဲ့ပါတယ်။ ခရေကိုချစ်တဲ့ ကျွန်မ ခရေလိုသစ္စာရှိရမယ် ဆိုတဲ့အသိတခု စွဲသွားအောင် စာပေတွေက စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီထက်ပိုပြီး ကျွန်မဆက်တွေးမိပါတယ်။ မိန်းကလေးတွေဟာ ပန်းကလေးတွေနဲ့ တူတယ်ဆိုရင် မိန်းကလေးတို့ နြေ္ဒကို ပန်းရနံ့လေးတွေနဲ့ ခိုင်းနှိုင်းချင်ပါတယ်။ မြေမှာခရရှာတဲ့ခရေလို ဘ၀အကျိုးပေး နိမ့်ကျပေမဲ့ နြေ္ဒသိက္ခာ ကို မြတ်နိုးထိန်းသိမ်း တတ်တဲ့မိန်းကလေးတွေကို ခရေပန်းနဲ့ တင်စားရပါမယ်။ ဆင်းရဲနိမ့်ကျပေမဲ့ ခရေလိုဂုဏ်သတ္တိရှိတဲ့ မိန်းကလေးတွေဟာ ရှိရှိသမျှပန်းတွေထဲမှာ အဖိုးတန်ဆုံးပန်းတွေလို့ မှတ်ယူသင့်ပါတယ်။

ခရေလိုရနံ့မွှေးပြီး၊ တည်ငြိမ်သော အလှပန်းက ဖြူစင်သော စံပါယ်ပန်းပါ။ အရင်တုန်းက ကျွန်မတို့ခြံထဲမှာ အမေစိုက်ထားတဲ့ စံပယ်ရုံရှိပါတယ်။ စိတ်ကူးကောင်းတဲ့ အမေက စံပယ်ရုံကို ရေချိုးတဲ့နေရာနားမှာ စိုက်ထားပါတယ်။ ရေလောင်းစရာမလိုပဲ စံပယ်ရုံက ရေအမြဲရနေတော့ ဆယ့်နှစ်ရာသီ စံပယ်ပန်းပွင့်ပါတယ်။ ညနေမှာ ငုံနေတဲ့စံပယ်ဖူးတွေ နောက်တနေ့မိုးလင်းရင် ဖွေးနေအောင် ပွင့်နေတာကို မြင်ရတာ အင်မတန်စိတ်ချမ်းသာစရာ ကောင်းပါတယ်။ ရိုးတံရှည်တဲ့ စံပယ်တွေကို ဘုရားကပ်၊ ရိုးတံတိုတဲ့စံပယ် တွေကိုတော့ ပန်ချင်တဲ့သူတွေကို ဝေပေးခဲ့ရတာကို ပြန်တွေးမိတိုင်းလည်း ကြည်နူးစိတ်ဖြစ်ရ ပါတယ်။ သင်းပျံ့တဲ့ရနံ့နဲ့ လိုက်အောင် ဖြူစင်တဲ့စံပယ်ပန်းကို ကျွန်မနှစ်သက်မြတ်နိုးပါတယ်။ အရွက်စိမ်းနဲ့ လိုက်ဖက်တဲ့ စံပယ်ပန်းဖြူဖြူဟာ ကျွန်မ မျက်စိထဲမှာတော့ ရိုးရိုးယဉ်ယဉ် ကျက်သရေရှိတဲ့ ကျောင်းဆရာမလေးလို၊ ကျောင်းသူကလေးလို မြင်နေမိပါတယ်။ တည်ငြိမ်ပြီး သိက္ခာရှိတဲ့ မိန်းကလေးတွေကို စံပယ်ပန်းနဲ့ တင်စားမိပါတယ်။
`စံပယ်..စံပယ်..ဖြူစင်ကြယ်...မထည်ဝါတယ်.....အခူးခက်ဆူးလည်း မရှိဘူးကွယ်...` ဆိုတဲ့သီချင်းထဲမှာ ကျွန်မနှစ်သက်တဲ့ စံပယ်ပန်းရဲ့ဂုဏ်ကိုဖွဲ့ဆိုထားတာကို သဘောကျမိပါတယ်။ အနုပညာရှင်တွေ တကယ်လည်း တတ်နိုင်ကြပါတယ်။ မထည်ဝါသော် လည်း ဖြူစင်သော စံပယ်ပန်းရဲ့ဂုဏ်ကို ဖော်ကျုးသီဆိုထားတဲ့ ဒီသီချင်းကြောင့် ဖြူစင်ခြင်း ရိုးသားခြင်း ဂုဏ်ပုဒ်တွေကို ကျွန်မ တန်ဖိုးထားတတ် ခဲ့ပါတယ်။ အပြင်စီးမဂ္ဂဇင်းမှာ စာရေးမယ်စိတ်ကူးတော့ ကလောင်နံမည် ဘယ်လိုပေးရင်ကောင်းမလဲလို့ စဉ်းစားလိုက်တာ အမေ့စံပယ်ရုံကို သတိရလိုက်ပါတယ်။ ကျွန်မနှစ်သက်တဲ့ အဖြူရောင်စံပယ်ပန်း နံမည်ကိုယူသုံးဖို့ စိတ်ကူးရ လိုက်ပါတယ်။ ယူထားတဲ့နံမည်နဲ့ လိုက်ရဲ့လားလို့တော့ သံသယဖြစ်မိ ပါတယ်။ မလိုက်ဖက်ဘူး ဆိုရင်တောင် ပကာသနကင်းပြီး ဖြူစင်ရိုးရှင်းတဲ့ ဘ၀မျိုးကို ကျွန်မတကယ်နှစ်သက် ပါတယ်။

စံပယ်ပြီးတော့ နှင်းဆီအကြောင်းကို ပြောချင်ပါတယ်။ ကျွန်မငယ်ငယ်က နှင်းဆီပန်းကို မကြိုက်ပါဘူး။ ဘာကြောင့် မကြိုက်လဲဆို တာသေချာမသိပေမဲ့ စာတွေကဗျာတွေရဲ့ လွှမ်းမိုးမှုကြောင့်လို့ ထင်ပါတယ်။ နှင်းဆီရဲ့ဆူးတွေ အလှမာန်တွေအကြောင်း မကောင်း ရေးဖွဲ့ထားတဲ့ စာတွေကဗျာတွေကြောင့် ကျွန်မနှင်းဆီကို မမြတ်နိုးတတ်ခဲ့ ပါဘူး။ ဒါပေမဲ့ အလှကြိုက်တတ်တဲ့ အရွယ်ရောက်တော့ လှသောနှင်းဆီပန်းကို ကျွန်မကြိုက်တတ်သွား ပါတယ်။ အလှသွေးကြွယ်တဲ့ မိန်းကလေးတွေကို အားကျစိတ်ဖြစ်မိသလို နှင်းဆီရဲ့ အလှကို ကျွန်မသဘောကျ မိခဲ့ပါတယ်။ ရေဒီယိုမှာ မကြာခဏလွှင့်တဲ့ ညီမလေးစံပယ်နဲ့ မမနှင်းဆီ သီချင်းကိုနားထောင်ပြီး နှင်းဆီရဲ့ဆူးတွေကို သဘောကျမိသလို ဖြစ်လာပါတယ်။ တချို့စာဆို တွေက နှင်းဆီရဲ့ဆူးတွေကို အကောင်းမြင်ကြပါတယ်။ သူ့ဖာသာရှိနေတဲ့ နှင်းဆီဆူးတွေက ဘယ်သူ့ကိုမှ မထိပါးဘူး။ မိမိကိုထိပါး လာရင်သာ ပြန်စူးတတ်တာမို့ မတရားစော်ကား လိုသူတွေကို ကာကွယ်ဖို့ ဆူးတွေနဲ့ ခြံရံထားတာလို့ ဆိုကြပါတယ်။ အမြတ်တနိုးနဲ့ ညင်သာယုယစွာ ကိုင်တွယ်ဆွတ်ယူမယ်ဆိုရင် ဆူးမစူးအောင် ရှောင်နိုင်တယ်ပေါ့။ ဒီတော့ ကျွန်မဆက်တွေး ကြည့်လိုက်ပါတယ်။ မာယာပရိယာယ်အပြည့်နဲ့ ယုယကြင်နာဟန် ဆောင်ကာ အသာအယာခူးယူပြီး ကြေမွသွားအောင် နင်းချေလိုက်ရင် ဆူးတွေကနှင်းဆီကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အပြောကြွယ်တဲ့ လောကအလယ်မှာ နှင်းဆီလို လှတဲ့မိန်းကလေးတွေ သတိနဲ့ဥာဏ်ပညာ ရှိဖို့လိုပါတယ်။ ဆူးတွေရံထားတာထက် နြေ္ဒနဲ့ ကာကွယ်တာက ပိုပြီးလုံခြုံတယ်လို့ ကျွန်မသုံးသပ်မိ ပါတယ်။
တင့်တယ်လှပတဲ့ နှင်းဆီရဲ့အလှကိုတော့ ကျွန်မ အသိအမှတ်ပြုပါတယ်။ လှတာမြင်ရင် နှစ်သက်တတ်တဲ့ လူ့သဘာဝအတိုင်း နှင်းဆီပန်းကို မြင်ရရင်ကျွန်မ စိတ်ချမ်းသာပါတယ်။ ရန်ကုန်မှာနေတုန်းကဆိုရင် ဂန္ဓမာအဖြူနှစ်ပွင့်နဲ့ နှင်းဆီပန်းရောင်းသုံးပွင့် ရောပြီး ဘုရားပန်းကပ်ရတာကို အလွန်သဘောကျ နှစ်ခြိုက်ခဲ့ပါတယ်။ ကွာလာလမ်ပူမှာတော့ ဈေးကြီးတဲ့နှင်းဆီပန်းကို ၀ယ်ပြီး ဘုရားပန်းမလှူနိုင်တာကို စိတ်မကောင်းဖြစ်မိ ပါတယ်။ ပန်းခင်းတွေ ပန်းဆိုင်တွေမှာ နှင်းဆီပန်းတွေကို မြင်ရင်တော့ တစိမ့်စိမ့် ရှုငေးမိပါတယ်။လှသောနှင်းဆီတွေ မွှေးရနံ့လေးရှိနေရင် ပိုပြီးပြည့်စုံသွားမယ်လို့ တွေးမိပါတယ်။ ရေမွှေးနှင်းဆီတွေရဲ့ ရနံ့က ခရေပန်း စံပယ်ပန်း ရနံ့တွေလို သင်းပျံ့နေတာမျိုး မဟုတ်ပါဘူး။ နြေ္ဒချင်း မတူဘူးလို့ ဆိုချင်ပါတယ်။
ပန်းဆိုရင် ရနံ့မွှေးမှ ပနံသင့်သလို မိန်းကလေးမှန်ရင် နြေ္ဒသိက္ခာရှိမှ တန်ဖိုးရှိပါတယ်။ ခုခေတ်ကြီးထဲမှာ ဒီလိုအတွေးအခေါ်မျိုး ခေတ်နောက်ကျနေပြီဆိုရင် မျိုးဆက်သစ်တွေကို ဘယ်လိုပုံစံသွင်းမလဲ ဆိုတာကို စဉ်းစားရမှာပါ။ မွှေးသောပန်းရဲ့ မျိုးစေ့ကနေမှ မွှေးသောအလှပန်းတွေ ပေါက်ဖွားလာနိုင်တာပါ။ ဒီပန်းတွေ အလှကျက်သရေတိုးအောင် ဥယျဉ်မှူးတွေက ပြုစုပျိုးထောင်ပေး ကြရပါမယ်။ အနာဂတ် မိခင်လောင်းများ၊ ဥယျဉ်မှူးလောင်းလျာများက ပန်းရနံ့တွေကို မနှစ်သက်တတ်ဘူး၊ မလိုအပ်ဘူးလို့ ယူဆ ကြရင်တော့ ကမ္ဘာမြေပေါ်မှာ ပန်းရနံ့တွေ ဆိပ်သုဉ်းလာတော့ မှာပါ။ ပန်းချစ်သူများ မွှေးသောပန်းတွေကို ချစ်မြတ်နိုးကြပြီး၊ ဥယျဉ်မှူးများ မွှေးသောအလှ ပန်းတွေပျိုးနိုင်ကြပါစေလို့သာ ဆန္ဒပြုမိပါတယ်။

 ရွှင်လန်းချမ်းမြေ့ကြပါစေ
စံပယ်ဖြူ

အပြင်စီးမဂ္ဂဇင်း၊ ဇူလိုင်လ ၂၀၁၂။

No comments:

Post a Comment