Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Tuesday, 30 July 2013

ဘ၀ပညာ ဘိုးဘွားတွေဆီမှာရှာ




မြန်မာဖတ်စာမှာသင်ရတဲ့ အဖိုးအိုနဲ့ သားသုံးယောက်အကြောင်းကို မှတ်မှိကြပါလိမ့်မယ်။ အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ၊ တရွာတကျီဆောက်ပါ၊ ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ လို့ အဖိုးအိုက သားတွေကို ဆုံးမခဲ့တဲ့ စကားသုံးခွန်းဟာ ဘ၀တခုတည်ဆောက်ရာမှာ အရေးပါသော ပညာရှိစကား ဖြစ်ပါတယ်။ ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ ဆိုတဲ့စကားနဲ့ ပတ်သက်ပြီး၊ ကျွန်မရဲ့ အတွေးအမြင် အချို့ကို ကိုယ်တွေ့သဘောနဲ့ယှဉ်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။

အသက်အရွယ်အိုမင်းလာတဲ့ အဖိုးအိုအဖွားအိုတွေ ဦးခေါင်းကို တည့်အောင်မထိန်းနိုင်တော့ပဲ ဒူးနှစ်လုံးကြား ခေါင်းဝင်နေတဲ့ အခြေအရောက်နေကြတာကမို့  ဦးခေါင်သုံးလုံးရှိသူအဖြစ် တင်စားခြင်းဖြစ် ပါတယ်။ ပထမအရွယ်၊ ဒုတိယအရွယ်နဲ့ တတိယအရွယ် အရွယ်သုံးပါးက အတွေ့ကြုံတွေရှိနေကြလို့ အဖိုးအဖွားတွေဟာ တကယ်လည်း ဦးနှောက် သုံးခုရှိကြသူတွေပါ။ ကျွန်မတို့ထက်အရင် လူဖြစ်ခဲ့ကြသူတွေမို့ ကျွန်မတို့ မသိသေးတာတွေကို တွေ့ကြ၊ကြုံကြ၊ သိပြီးနေကြသူတွေဖြစ်တဲ့ အဖိုးအိုအဖွားအိုတွေကို မှီဝဲဆည်းကပ် နည်းယူကြဖို့လိုပါတယ်။ ယူတတ်မယ်ဆိုရင် သုံးမကုန်နိုင်တဲ့ ဘ၀ပညာတွေကို အဖိုးအို အဖွားအိုတွေဆီက ရယူနိုင်ပါတယ်။ အနီးစပ်ဆုံးဖြစ်တဲ့ မိဘဖိုးဖွားတွေဟာ ကျွန်မတို့ရဲ့ လက်ဦးဆရာ ငယ်ဆရာတွေပဲဖြစ်ပါတယ်။

ကျွန်မ ငယ်ငယ်က အမေ့ဘက်က အဖိုးနဲ့အဖွားနဲ့ပဲ ရင်းနှီးခဲ့ပါတယ်။ အဖေ့ဘက်က အဖိုးနဲ့အဖွားက အသက်တိုကြသူတွေမို့ ကျွန်မ မမြင်ဖူးလိုက်ပါ။ အမေဘက်က ကျွန်မရဲ့ အဖိုးနဲ့အဖွားနှစ်ယောက်လုံး မြေးတွေအပေါ် သံယောဇဉ်ကြီးကြ ပါတယ်။ အဖိုးရဲ့အကြောင်းကို ကျွန်မရေးတဲ့ ကရင်ဈေးရောင်း ဆောင်းပါးမှာ အနည်းငယ် ထည့်ရေးခဲ့ပါတယ်။ သဘောထားဖြောင့်တဲ့ ကျွန်မတို့အဖိုးဟာ ခွတီးခွကျသိပ်နိုင် ပါတယ်။ သူ့အင်းကငါးတွေကို အမျိုးတွေက စိတ်ကြိုက်သယ်နေတာကို အဒေါ်တွေက မကျေနပ်လို့ ပြောမိရင် အဖိုးက သိပ်စိတ်ဆိုးပါတယ်။ ကျွန်မအဒေါ်တွေ အိမ်ရှေ့မှာ အလှပန်းတွေစိုက်ထားတာကိုလည်း အဖိုးက မျက်စိစပါးမွှေးစူးပါတယ်။ အိမ်ကိုလာတဲ့ ဧည့်သည်တွေက ပန်းတွေစိုက်ထားတာ သိပ်လှတာပဲလို့ ပြောရင် အဖိုးက ဘ၀င်မကျပါဘူး။ အခုနေသာ အဖိုးရှိနေသေးရင် ပန်းတွေစိုက်တာကို ဘာလို့မကြိုက်တာ လဲလို့ ကျွန်မမေးချင်ပါတယ်။ ငယ်ငယ်ကတော့ အဖိုးကြောက်ရတော့ မမေးရဲခဲ့ပါဘူး။ ထမင်းစားပြီးရင် ဗိုက်တင်းတယ်လို့ ညည်းမိရင် အဆူခံရပါတယ်။ ထမင်းစားရင် အစာကြေလွယ်အောင် ဗိုက်ပြည့်ရုံပဲ စားရမယ်၊ မဆန့်ရင်ကာ မစားရဘူးလို့ အဖိုးက ဆုံးမပါတယ်။

ဘုန်းကြီးကျောင်းသား ကျွန်မအဖိုးဟာ ပညာရှိတယောက် မဟုတ်ပေမဲ့ သူတော်ကောင်း တယောက်လို့တော့ ပြောနိုင်ပါတယ်။ ၀ါတွင်းသုံးလမှာ ဥပုဉ်နေ့တိုင်း မပျက်မကွက် ဥပုဉ်စောင့်ပါတယ်။ အခါတွင်းဆိုရင် သင်္ကြန် အကြိုနေ့ကနေ နှစ်ဆန်းတရက်နေ့ထိ ဥပုဉ်နဲ့ပဲနေပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ ၀ါသနာမပါတဲ့ အဖိုးဟာ ဘုန်းကြီးဆိုရင် သိက္ခာပုဒ်များနဲ့ ညီအောင်နေမှ ကြည်ညိုပါတယ်။ သမီးငါးယောက်မွေးထားတဲ့ အဖိုးဟာ သူ့သမီးတွေကို သူများယောက်ျားကလွဲရင် ဘယ်သူနဲ့မဆို သဘောတူတယ်လို့ ဆိုပါတယ်။ အဲဒီစာရိတ္တ သွေးကို အမေကောင်းကောင်း အမွေရခဲ့ပါတယ်။ ဗုဒ္ဓစာပေ ကျန်းဂန်တတ်ကျွမ်းတဲ့ အဖိုးကို မရှင်းမလင်းတာ ရှိရင် အကုန်မေးလို့ ရပါတယ်။ ငယ်ငယ်က မေးရကောင်းမှန်း မသိခဲ့တဲ့ကျွန်မ ခုနေများအဖိုးရှိနေသေးရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ 


အဖိုးဆီက ဘာသာသွေးကို အမေ့ဆီကနေတဆင့် ကျွန်မတို့ ကောင်းကောင်း အမွေရလိုက်ပါတယ်။ သိတတ်တဲ့အရွယ်ရောက်လာတော့ ဘာသာခြားနဲ့ ဘယ်တော့မှ အိမ်ထောင်မပြုဘူးဆိုတဲ့ ခံယူချက်က စွဲမြဲနေပါတယ်။ ဘာသာခြားဆိုရင် အိမ်ထောင်ဖက်အဖြစ် စဉ်းစားစရာလို့ကို သဘောမထားခဲ့ပါဘူး။ ဗုဒ္ဓဘာသာဝင်တိုင်း အဲဒီလို ခံယူချက်စွဲမြဲကြရင်၊ မိမိတို့မျိုးဆက်ကို ဘာသာသွေးတွေ ခိုင်မြဲအောင် ရိုက်သွင်း ပေးနိုငိကြရင် သာသနာတော်ကို ငြိမ်းချမ်းစွာ ကာကွယ်စောင့်ရှောက်နိုင် ပါတယ်။ သာသနာတော်ကို ချစ်မြတ်နိုးတဲ့ ကျွန်မတို့အဖိုးက လူမျိုးခြား၊ ဘာသာခြားကို မုန်းတီးစိတ်မရှိပါဘူး။ အဖိုးရဲ့ အငယ်ဆုံးညီမ မွတ်စလင်နဲ့ အိမ်ထောင်ကျပြီး၊ သားမြေးစဉ်ဆက် မွတ်စလင်ဖြစ်သွားကြတဲ့အပေါ် အဖိုးက ဥပက္ခာသဘောနဲ့ တုန့်ပြန်ပြီး၊ အခေါ်အပြောမပျက် ဆက်ဆံခဲ့ပါတယ်။သာသနာတော်ကို ကြည်ညိုမှီခိုခွင့်ဟာ ရနိုင်ခဲတဲ့ ဒုလ္လပတ် တပါးဖြစ်လို့၊ ကံကောင်းကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ လူတိုင်းအပေါ် မေတ္တာ၊ဂရုဏာ ထားရမယ် မဟုတ်လား။ အဖိုးနေပြသွားတဲ့ စံနမူနာကောင်းကို ကျွန်မတို့ သားမြေးတွေက အတုယူကျင့်ကြံကြရင် လောကငြိမ်းချမ်းသာယာပြီး၊ ဗုဒ္ဒသာသနာ အရှည်တည့်တံ့နေမှာပါ။

စိတ်ကောင်းရှိပြီး ဘုဂလန့်ကျတဲ့ ကျွန်မတို့အဖိုးနဲ့ အဖွားက နေ့တိုင်း တကျက်ကျက် ရန်ဖြစ်ကြပါတယ်။ ထမင်းအပျော့ကြိုက်တဲ့ အဖိုးနဲ့ ထမင်းအမာကြိုက်တဲ့ အဖွား ဘယ်လိုချစ်ကြိုက်ပြီး ငြားကြသလဲလို့ အဖွားကို ကျွန်မမေးဖူးပါတယ်။ အဖွားက မပြောတတ်ပါဘူး သမီးရယ်လို့ပဲ ပြန်ဖြေလို့ ကျွန်မသိချင်တာ မသိခဲ့ရပါဘူး။ အဖွားကို ကျွန်မတို့ မကြောက်ရလို့ မေးချင်တာ မေးရဲပါတယ်။ ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကို ကိုယ်တိုင် လိပ်ပြီး မက်မက်မောမော သောက်တဲ့အဖွားဟာ နာတာရှည် အဆုတ်ရောဂါကို မချိမဆန့် ခံစားရပြီးမှ ဘ၀နိဂုံးချုပ်ရရှာ ပါတယ်။ အဖွားနဲ့ စကားပြောရရင် စစ်ဖြစ်တုန်းက ပြေးရလွှားရတဲ့ အကြောင်းတွေ အမြဲပါ ပါတယ်။ အိမ်နောက်ဖေးမှာ မြေကျင်းအဆင့်သင့် တူးထားရတယ်၊ သေနတ်သံကြားရင် ကျင်းထဲဆင်းပုန်း နေရတယ် လို့ပြောပါတယ်။ တခါတလေ ပြေးရ၊ပုန်းနေရတာနဲ့ ထမင်းငတ်တဲ့ နေ့တွေလည်း ရှိတယ်။ စားရင်းသောက်ရင်းလည်း ပြေးကြရလို့ ကျီးလန့်စားစားနေခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကို အဖွားကအမြဲ စမြုံ့ပြန်ပြောပြ လေ့ရှိပါတယ်။ ငယ်ငယ်က နားထောင်ကောင်းကောင်းနဲ့ နားထောင်ခဲ့တဲ့ အဖွားရဲ့ ပါးစပ်ရာဇ၀င်တွေဟာ ကျွန်မအတွက် ဆင်ခြင်သုံးသပ် စရာတွေ အများကြီးရလာပါတယ်။

ကျွန်မတို့ ဧရာဝတီတိုင်းက မြို့ရွာတွေမှာ ကရင်ဗမာစုပေါင်းနေထိုင် ကြပါတယ်။ အဖွားတို့ အရွယ်ရောက်တဲ့ အချိန်မှာ ကရင်ဗမာ စစ်ဖြစ်နေတဲ့ အချိန်ပါ။ ကရင်တပ်တွေ ရွာထဲဝင်လာပြီဆိုရင် ရွာထဲက ဗမာတွေက ကရင်တွေအိမ်ကို ပြေးပြီးခုံလုံနေရတယ်လို့ ပြောပါတယ်။ ဗမာတွေ ကရင်စကား ပြောတတ်အောင် အဖွားတို့က သင်ပေးကြတယ်။ ကရင်တပ်တွေက ကရင်လား ဗမာလားသိရအောင် ရိုက်စစ်ရင် အမလေး နာလိုက်တာလို့ မအော်ရဲဘူး။ ကရင်စကားနဲ့ ဝေးယားလေးအို ဆာထဲနော် လို့အော်ရင် ကရင်လို့မှတ်ပြီး ချမ်းသာရာရတယ်လို့ ဆိုပါတယ်။ ယုံကြည်ချက်အတွက် သွေးချင်းညီအကိုတွေ စစ်ခင်းကြတဲ့အချိန်မှာ တရွာတည်းနေ တရေတည်းသောက်ကြတဲ့ စစ်ဘေးသင့်ရွာသားတွေ အချင်းချင်းကယ်တင်ကြ ဖေးမခဲ့ကြတယ်ဆိုတာ ဒဏ္ဍာရီလည်း မဟုတ်ခဲ့ပါ။ အေးအေးလူလူနေ၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး၊ အမျိုးဘာသာ ဖြောင့်မတ်သော လမ်းစဉ်နဲ့ ကာကွယ်စောင့်ရှောက်ခြင်းကို အဖိုးနဲ့ အဖွားဆီက ကျွန်မ သင်ခန်းစာယူလိုက် ပါတယ်။ 

အဖိုးအဖွားရင်းတွေဆီမှာ သာမက အခြားသက်ကြီးရွယ်အို ဘိုးဘွားတွေဆီကလည်း သင်ယူလို့ မကုန်နိုင်တဲ့ ဘ၀နေနည်း သင်ခန်းစာတွေကို များစွာရနိုင်ပါတယ်။ ရေစုန်ရေဆန် မှန်သမျှကိုမဖြုံစတမ်း ရရာဘ၀မှာ ပျော်ပျော်နေသွားတဲ့ တောရွာက ကရင်ဘိုးဘွားတွေဆီမှာ သင်ခန်းစာပေါင်းများစွာကို ကျွန်မရခဲ့ပါတယ်။  ရိုးသားလွန်းလို့ ရိုင်းသလိုဖြစ်နေကြတဲ့ ကျွန်မတို့ ကရင်တွေဟာ ကမ်းကုန်အောင် ဆင်းရဲကြသလို၊ ဆင်းရဲတဲ့ ဒဏ်ကိုလည်း တော်တော်ကို ခံနိုင်ရည်ရှိကြပါတယ်။ ကျွန်မရဲ့ သုံးဝမ်းကွဲ အဖွားတယောက်ဆိုရင် အလုပ် မလုပ်နိုင်တော့တဲ့ အချိန်ရောက်တော့ ရှိစုမဲ့စုငွေစလေးတွေကို ချွေတာသုံးစွဲရင်း ဆန်ကုန်သက်သာအောင် ညနေတိုင်း ဥပုဉ်စောင့်တယ်လို့ ဆိုပါတယ်။ လမ်းဘေးမှာ တောင်းစားတာထက်စာရင် ဥပုဉ်စောင့်ပြီး ခြိုးခြံတာပိုမြတ်တယ်လို့ ကျွန်မတွေးမိပါတယ်။ သားသမီးတွေက မူးပေနေသူ၊ မွဲတေနေသူချည်းမို့   ထောက်ပံ့မဲ့သူမရှိလို့ ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ ရှင်သန်ခရီးဆက်တဲ့ သူ့မရဲ့ဘ၀နေနည်း အနုပညာကို ခြေရာနင်း လိုက်နိုင်တဲ့သူ ရှားပါလိမ့်မယ်။ 

ကျွန်မငယ်ငယ်က သက်ကြီးရွယ်အိုတွေကို အိုးမင်းမစွမ်းတော့တဲ့ သူတွေလို့ ထင်မြင်ခဲ့မိ ပါတယ်။ ငယ်စိတ်နဲ့ ကိုယ်ကိုကိုယ်သာ အဟုတ်ကြီးထင် သွေးနားထင်ရောက်နေတာကြောင့် အဖိုးကြီး အဖွားကြီးတွေကို ဦးခေါင်းသုံးလုံး ရှိသူတွေလို့ မမြင်တတ်ခဲ့ပါဘူး။ အသက်သုံးဆယ်ကျော်လာလို့ ဘ၀အမြင်တွေ အထိုက်အလျောက် ရင့်ကျက်လာချိန်ရောက်မှ ဦးခေါင်းသုံးလုံးပိုင်ရှင် သက်ကြီးရွယ်အိုတွေရဲ့ တန်ဖိုးကို သိမြင်လာခဲ့ ပါတယ်။ အဖိုးကြီး အဖွားကြီးတွေနဲ့ စကားပြောရတာ၊ သူတို့ပြောပြတဲ့ ဘ၀အတွေ့အကြုံတွေကို နားထောင် ရတာကို သဘောကျနှစ်သက်လာ ပါတယ်။ စာသင်ခန်းနဲ့ စာအုပ်တွေထဲမှာ ရှာလို့မတွေ့နိုင်တဲ့ ဘ၀ပညာတွေကို အဖိုးကြီး အဖွားကြီးတွေဆီမှာ တပုံတပင်ရှိနေပါလားဆိုတာကို သိလိုက်ရပါတယ်။ 

မလေးရှားမှာတော့ လူနာအဖိုးအို အဖွားအိုတွေနဲ့ မကြာခဏ ဆုံတွေ့ရပြီး စကားစမြည်ပြောဖြစ် ပါတယ်။ သူတို့ပြောပြတဲ့ အကြောင်းအရာတွေဟာလည်း စိတ်ဝင်စားစရာကောင်း ပါတယ်။ စာသိပ်ဖတ်တဲ့ လူကြီးတွေဆိုရင် မြန်မာပြည်ဟာ အရင်က မလေးရှားထက် သာတဲ့အကြောင်းနဲ့ ဒေါ်အောင်စုကြည် အကြောင်းတွေကို ခရေစေ့တွင်းကျ သိနေကြပါတယ်။ တချို့ကျတော့ အပေါ်ယံလောက်လေးသိပြီး လိုရာဆွဲတွေး ဝေဖန်ကြသူတွေလည်း ရှိပါတယ်။အသက်နှစ်ရာထိ အသက်ရှည်ချင်တဲ့ အဖိုးအိုနဲ့လည်း ဆုံခဲ့ရပါတယ်။ စရင်ဘန်းက ကျောက်ကပ်ဆေးတဲ့ ဌာနမှာ လုပ်တုန်းကဆို အသက်ကြီးတဲ့လူနာ အချို့ဟာ ဘိုးဘွားရိပ်သာမှာ နေကြသူတွေ၊ အင်ဒိုနီးရှားအကူ (Maid) ရဲ့ပြုစုမှုနဲ့ နေကြရသူတွေဖြစ်ပါတယ်။ အချို့ လူနာအဖွားကြီးတွေကို အဖိုးကြီးတွေက စိတ်ရှည်လက်ရှည် ပြုစုပေးတာတွေ့ရတော့ ကျွန်မစိတ်ထဲ အားကျမိသလို ဖြစ်ခဲ့ပါသေးတယ်။ :D

မလာယာ တက္ကသိုလ်ဆေးရုံမှာ ဆုံခဲ့တဲ့ ကျောက်ကပ်ရောဂါသယ် အဖိုးအိုတယောက် အကြောင်းကိုလည်း ပြောပြချင် ပါသေးတယ်။ ကျွန်မရဲ့ ဘွဲ့လွန်တန်းအတွက် မလာယာ တက္ကသိုလ်ဆေးရုံက ကျောက်ကပ်ရောဂါ ကုသဆောင်မှာ (၁၄)ပတ်ကြာ လက်တွေ့ဆင်းခဲ့ရ ပါတယ်။ တနင်္လာ တရက်မှာ ကျောက်ကပ်ရောဂါကု ပြင်ပလူနာဆေးခန်းကို ကျွန်မ သွားခဲ့ပါတယ်။ ကျွန်မကို ကြီးကြပ်ရတဲ့ ကျောက်ကပ်ရောဂါ အထူးကုဆရာဝန် (ကထိက) ဒေါက်တာတန် (Dr Tan) လူနာ ကြည့်တဲ့ အခန်းမှာ လိုတာကူပေး၊ မသိတာမေးပြီး တမနက်နေခဲ့ ပါတယ်။ လူနာတယောက်ကို နာရီဝက်လောက် အချိန်ယူကြည့်ပေး ပါတယ်။ ဆရာဝန်က ရုပ်လည်းချော သဘောကောင်းလို့ လူနာတိုင်းက သဘောကျကြ ပါတယ်။ အဲဒီမနက် ဒေါက်တာတန်ဆီလာပြတဲ့ လူနာတွေထဲမှာ ဘိုးဘွားရိပ်သာမှာနေရတဲ့ တရုတ်အဖိုးကြီး တယောက်ပါ ပါတယ်။ ဆီးချိုရောဂါကြောင့် ကျောက်ကပ်ရောဂါပါ ရနေတဲ့လူနာပါ။ ကျောက်ကပ်ဆေးရတဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး။ 

အဖိုးကြီးက စမ်းသပ်ခန်းထဲဝင်လာတာနဲ့ မင်္ဂလာပါဒေါက်တာရေ၊ ဆီးချိုတွေလည်း မတရားတက်နေပြီ။ ဒူးရင်းသီးကို စားကောင်းကောင်းနဲ့ စားပစ်လိုက်တယ်။ ကောင်းလိုက်တာ ဒေါက်တာရယ်လို့ ဆိုပါတယ်။ ဒူးရင်းသီးက ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ လုံးဝမတည့် ပါဘူး။ အခြားမတည့်တဲ့ စားစရာတွေလည်း တော်တော်များပါတယ်။ အချို့လူတွေအတွက် မိမိကြိုက်နှစ်သက်တဲ့ စားစရာကိုရှောင်ရတာ အလွန်ကို ခက်ခဲပါတယ်။ မိသားစုနဲ့ နွေးနွေးထွေးထွေး နေရသူတွေဆိုရင် ဒူးရင်သီးစားချင်တဲ့ ဆန္ဒလောက်ကို ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဘိုးဘွားရိပ်သာမှာ အလိုမပြည့်စွာ နေနေရတဲ့ အဖိုးအို တစ်ယောက်အတွက် သူကြိုက်တဲ့ ဒူးရင်းသီးကို စိတ်ကြိုက်စားလိုက်တာကို အပြစ်တင်ဖို့ ခက်ပါတယ်။ သီချင်းကို ကျယ်ကျယ်ဖွင့်ရင်၊ စကားများများပြောရင် အတူနေတဲ့ဘိုးဘွားတွေက မကြိုက်ကြဘူးလို့ ရင်ဖွင့်ပါတယ်။ ဒေါက်တာတန်က လူနာအဖိုးကြီးပြောတာကို သေသေချာချာ နားထောင်ပြီး၊ အင်ဆူလင် ထိုးဆေး (Insulin) ထပ်တိုးပေးလိုက် ပါတယ်။

လူနာအဖိုးကြီးကကျွန်မနဲ့ ဒေါက်တာတန်ကို ပြောချင်တာတွေပြောလိုက်ရလို့ ကျေနပ်သွားပါတယ်။ ပြောပြီးတော့ ကျေးဇူးသိပ်တင်ပါတယ် ဒေါက်တာ၊
 ဒေါက်တာက ကျွန်တောပြောတာတွေကို စိတ်ရှည်ရှည် နားထောင်ပေးတယ်လို့ ပြောရှာပါတယ်။ ဒေါက်တာတန်ရဲ့ မျက်နှာကို သေသေချာချာကြည့်ပြီး၊ ဒေါက်တာက တကယ့်ခန့်ချောပဲ၊ စိတ်လည်းသိပ်ကောင်းတယ်လို့ ပွင့်ပွင့်လင်းလင်းပြော လိုက်လို့ကျွန်မပြုံးလိုက်မိပါတယ်။ ဒေါက်တာတန်ကလည်း ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောပြီး ပြုံးနေလိုက်ပါတယ်။ အသက်အရွယ်၊ အဆင့်အတန်းမရွေး လူနာတိုင်းကို လေးလေးစားစားနဲ့ ဂရုစိုက်ကြည့်ပေးတဲ့ ဒေါက်တာတန်ကို ကျွန်မ လေးစားခင်မင်မိပါတယ်။ လူနာအဖိုးကြီးပြန်သွားတော့ ဒေါက်တာတန်က ကျွန်မကိုပြောပါတယ်။ လူကြီးတွေနဲ့ စကားပြောရတာ ဗဟုသုတရတယ်။ သူတို့ပြောပြတဲ့ နေ့စဉ်ဘ၀ အတွေ့အကြုံတွေထဲမှာ ကျွန်မတို့ မသိသေးတဲ့ အကြောင်းအရာတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။ 

လူနာအဖိုးကြီးရဲ့ စကားတွေကို နားထောင်ရပြီး ကျွန်မတွေးစရာတွေ ရလာပါတယ်။ ဘ၀နေ၀င်ချိန်မှာ သားမြေးတွေနဲ့ သိုက်သိုက်ဝန်းဝန် မနေရရှာတဲ့ ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ကို မြင်လိုက်ရပါတယ်။ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါကြောင့် စားချင်တာတွေကိုလည်း ရှောင်ရ။ ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်တော့ ရေကိုလည်းလျှော့သောက်ရ ပါတယ်။ ဒီလို နာတာရှည် ရောဂါနဲ့ အလိုမပြည့် အထီးကျန်စွာ ရှင်သန်ရတဲ့ ဘ၀မျိုးနဲ့ကြုံလာရင် နေတတ်ကျေနပ်ဖို့ ကျွန်မတို့ ပြင်ဆင်ကြရမှာပါ။ ကိုယ့်အလိုအတိုင်းမဖြစ် အစိုးမရတဲ့ အနတ္တသဘောကို ဆင်ခြင်နှလုံးသွင်းနိုင်ပြီး၊ ရွေးချယ်ခွင့်မရှိတဲ့ ဘ၀ကိုလက်ခံနိုင်အောင်ပဲ ကြိုးစားကြရမှာပါ။မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော် တွေကို နှလုံးသွင်းဆင်ခြင်ပြီး နေထိုင်ကျင့်ကြံနိုင်မှသာလျှင် ကျရာဘ၀မှာ   ပျော်ရွှင်ငြိမ်းချမ်းနိုင်မယ်ဆိုတာ   တွေးလိုက်တိုင်း ရေးရေးပေါ်လာပါတယ်။ 

လူတိုင်းမှာ အားနည်းချက် အားသာချက်တွေ ရှိကြတာမို့ အဖိုးအဖွားတွေမှာလည်း ကောင်းကွက်ဆိုးကွက် တွေရှိနေမှာပါ။ သူတို့ပြောပြတဲ့ အတွေ့အကြုံတွေထဲက ကောင်းတာတွေကို အတုယူ၊ ချွတ်ယွင်းချက်တွေကို ရှောင်ကြည် သင်ခန်းစာယူကြမယ်ဆိုရင် ကျွန်မတို့ သားမြေးတွေ ဘ၀ကိုအမှားနည်းစွာ လျှောက်လှမ်းနိုင် ပါတယ်။ အသက်ကြီးတဲ့သူတွေကို ခေတ်မမှီတော့တဲ့သူတွေ၊ ဒိတ်အောက်နေတဲ့ သူတွေလို့ ထင်မြင်ကြရင် သိပ်မှားပါတယ်။ သက်ကြီးစကား သက်ငယ်ကြားဆိုတဲ့ စကားကို ရှေးကဘိုးဘွားတွေ အမြော်အမြင်ကြီးစွာ ထားရစ်ခဲ့တဲ့ စေတနာစကားအဖြစ်မြင်မိလို့ ဘ၀ပညာတွေကို ဘိုးဘွားတွေဆီမှာ ရှာယူကြစို့လို့ တိုက်တွန်းချင် ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ....

စံပယ်ဖြူ

အပြင်စီးမဂ္ဂဇင်း၊ သြဂုတ်လ ၂၀၁၃။

No comments:

Post a Comment