Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Tuesday 23 May 2017

သူနာပြုဘဝ အတွေ့ကြုံများ


သူနာပြုလောကမှာကျင် လည်ခဲ့တဲ့ အနှစ်၂၀ အတွေ့အကြုံကို စာတစ်ပုဒ်ဖြစ်အောင် ရေးသားတင်ပြလိုက်ပါတယ်။ မြန်မာပြည်မှာ သူနာပြုတက္ကသိုလ် လေးနှစ်တက်ပြီး သင်ကြားရေးနဲ့ပုဂ္ဂလိကဆေးရုံတွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံ၊ မလေးရှားနိုင်ငံမှာ ၁၀ နှစ်ကြာ တွေ့ကြုံခဲ့ လေ့လာ မှတ်သားခဲ့တာတွေကို စုစည်း တင်ပြထားပါတယ်။ အရင်က ရေးခဲ့တဲ့ဆောင်းပါးတွေထဲက အ ကြောင်းအရာ အချက်အလက် တွေကို ပြန်လည်ထုတ်နုတ်ပြီး ပြင်ဆင်ဖြည့်စွက်ရေးထားတဲ့ စာ တစ်ပုဒ်ပါ။ သာမန်လူတန်းစား အလွှာကပေါက်ဖွားလာတဲ့ သူနာ ပြုတွေရဲ့ ဘ၀ တစ်စိတ်တစ်ပိုင်း ကို နားလည်စေချင်တဲ့ ရည်ရွယ် ချက်၊ တခြားတိုင်းပြည်က သူနာ ပြုဆိုင်ရာ အကြောင်းအရာတွေ ကို သိနားလည်စေချင်တဲ့ ရည် ရွယ်ချက်တွေနဲ့ ရေးပါတယ်။

၁၉၉၆ မှာ ကျွန်မ ရန်ကုန် သူနာပြုတက္ကသိုလ်ကို စတက်ခဲ့ ပါတယ်။ ကျောင်းစတက်ပြီး မကြာခင်မှာ အရေးအခင်းဖြစ်လို့ တက္ကသိုလ်တွေအားလုံး ပိတ် လိုက်ပါတယ်။ သူနာပြုတက္က သိုလ်နဲ့ ယဉ်ကျေးမှုတက္ကသိုလ် နှစ်ခုက မပိတ်ဘဲကျန်ပါတယ်။ ၁၉၉၉ မှာတက္ကသိုလ်တွေ ပြန်ဖွင့် တော့ ကျွန်မတို့ အပတ်စဉ်က နောက်ဆုံးနှစ်ရောက်နေပြီ။ မြကျွန်းညိုညို တက္ကသိုလ်ဆိုတာ ကျွန်မတို့နဲ့ ဘာမှမသက်ဆိုင်ခဲ့ပါ ဘူး။ သူနာပြုတက္ကသိုလ်က အင်း လျားကန်တို့၊ သစ်ပုပ်ပင်တို့နဲ့ဝေး ရာ မြို့လယ်ကောင်မှာ။ ကျွန်မတို့ ကျင်လည်ခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသူဘ၀က စည်းကမ်း ဘောင်တွေနဲ့ ထိန်းကွပ်ထားတဲ့ စာသင်ခန်း၊ လက်တွေ့ခန်း၊ စာ ကြည့်တိုက်နဲ့ လေးနှစ်စာ ခုတင် တစ်လုံး အပိုင်ရထားတဲ့အဆောင်။ လက်တွေ့ဆင်းတော့ ရန်ကုန် ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေး ရုံနဲ့ ကလေးဆေးရုံ။ တခြားပျော် စရာဘာမှမရှိတော့ အဆောင်မှာ သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင် နေရင်း ပျော်ရွှင်ခဲ့ကြပါတယ်။

၂၀၀၀ မှာ ကျောင်းပြီးသွား တော့ အပြင်ဆေးခန်းမှာ တစ်နှစ် လောက်လုပ်ပြီး ဟင်္သာတမြို့က သူနာပြုသင်တန်းကျောင်းအသစ် မှာ ဒုနည်းပြအဖြစ် အစိုးရ၀န် ထမ်းဘ၀ကို စခဲ့ပါတယ်။ အသစ် စဖွင့်တဲ့သူနာပြုသင်တန်းကျောင်း မှာ ကျွန်မရဲ့ ပထမဆုံးဝန်ထမ်းအ တွေ့အကြုံက အံ့သြမကုန်နိုင်စ ရာ။ သူနာပြုသင်တန်းကျောင်း အဆောက်အအုံမရှိ၊ ဘာပစ္စည်း  ကိရိယာမှမရှိဘဲ သင်တန်းကျောင်း  အသစ်ဖွင့်တာ မြန်မာပြည်မှာပဲရှိ ပါတယ်။ ဟင်္သာတဆေးရုံက သံဃာဆောင်ကို ယာယီသင် တန်းကျောင်းအဖြစ် စဖွင့်လိုက်ပါ တယ်။ ပထမဆုံးအပတ်စဉ် သင် တန်းသူ ၂၀ ယောက်၊ ကျောင်း အုပ်နဲ့ နည်းပြတစ်ယောက်ပဲရှိပါ တယ်။ ကျွန်မ ရောက်သွားတော့ စုစုပေါင်း သင်ကြားရေးဆရာ သုံးယောက်ဖြစ်သွားပါတယ်။ သန့်ရှင်းရေးဝန်ထမ်း မခန့်ရသေး တော့ ကျောင်းသူတွေက သန့်ရှင်း ရေး တာဝန်ယူကြရပါတယ်။ စာ ရေးမရှိသေးတော့ ကျွန်မက စာ ရေးအလုပ် ပြာတာအလုပ်ကို မ တတ်တတတ်နဲ့ လုပ်ရပါတယ်။ မြန်မာစာလက်နှိပ်စက်အဟောင်း လေးပဲရှိလို့ မေးခွန်းရိုက်ချင်ရင် အင်္ဂလိပ်စာ လက်နှိပ်စက်ရှိတဲ့ ဟင်္သာတကောလိပ်ကို စက်ဘီး နင်းပြီး သွားရိုက်ရပါတယ်။ အခု တော့ အရင်ထက်စာရင် တော် တော်ပြည့်စုံလာပါတယ်။

ကျောင်းအုပ်ဆရာမကြီးက သူနာပြုတက္ကသိုလ်မှာတုန်းက ကျွန်မတို့ကို စာသင်ခဲ့တဲ့ ဆရာမ ဖြစ်နေတော့ ကျွန်မနားမလည်တာ တွေကို သင်လည်းပေး၊ အားကိုး ပြီးလည်း ခိုင်းပါတယ်။ အဲဒီတုန်း က အသက် (၂၀) ကျော်ပဲရှိသေး တော့ တစ်နေကုန်နီးပါး စာသင် ပြီး၊ ရှိသမျှအလုပ်တွေ သိမ်းကျုံး လုပ်ခဲ့ရတာ ပင်ပန်းတယ်လို့ မ ထင်ခဲ့ပါဘူး။ လစာ (၄,၈၀၀ ကျပ်) နဲ့ မလောက်လို့ အပြင်ဆေး ခန်းလည်း ပြေးလုပ်ခဲ့ပါသေး တယ်။ ရွာက ဆွေမျိုးတွေက အောက်ဆိုက်မရဘူးလား မေး တာကို ဘာပြန်ဖြေရမှန်းမသိခဲ့ပါ ဘူး။ ငယ်ငယ်က စာတော်လို့ ကျွန်မကို အထင်ကြီးခဲ့တဲ့ ရွာသား တွေ၊ အမျိုးတွေက အောက်ဆိုက် မရှာတတ်တဲ့ ကျွန်မကို ညံ့တယ် လို့ ထင်သွားကြပါတယ်။ ခေတ် စနစ်က အဲဒီလို လွဲချော်ခဲ့တာပါ။

ဟင်္သာတမှာ ၂ နှစ်ခန့်နေပြီး ၂၀၀၃ မှာ မိခင်သူနာပြုတက္က သိုလ်၊ ရန်ကုန်ကို ပြောင်းရွှေ့ခွင့် ရခဲ့ပါတယ်။ အဲဒီအချိန်ရောက် တော့ ၀န်ထမ်းတွေကို ဆန်မ ထုတ်ပေးတော့ဘဲ ရှားပါးစရိတ် ၅,၀၀၀ ကျပ် ပေးတာကြောင့် စုစု ပေါင်း လစာ ကျပ် ၁၀,၀၀၀ ရပါ တယ်။ အစစအရာရာ ဈေးကြီးတဲ့ ရန်ကုန်မှာ ငွေ ၁၀,၀၀၀ နဲ့ ဘယ်လိုမှ မလောက်ပါဘူး။ လ စာထုတ်ရင် ပျော်ရမယ့်အစား၊ ငွေ ၁၀,၀၀၀ နဲ့ ဘာမှသုံးမရလို့ စိတ်ဓာတ်ကျခဲ့ပါတယ်။ တာမွေ က သျှင်ပါကူဆေးခန်းမှာ ညဂျူ တီဆင်းပြီး အပိုဝင်ငွေရှာခဲ့ပါ တယ်။  ၂ နှစ်လောက် နေ့ရောည ပါ အလုပ်ဆင်းနေရတာ။ အိပ် စက်ချိန်မရှိသလောက် လူတစ် ယောက်ရဲ့ အခွင့်အရေးတွေ ဆုံး ရှုံးခဲ့ပါတယ်။ မြန်မာပြည်က သူနာပြုတွေအများစု အဲဒီလိုရပ် တည်နေကြရတယ်။ မိဘချမ်းသာ တဲ့သူ၊ ၀င်ငွေကောင်းကောင်းရှာ နိုင်တဲ့ ယောက်ျားနဲ့ အိမ်ထောင် ကျတဲ့ သူတွေသာ အလုပ်တစ်ခု တည်းနဲ့ ရပ်တည်နိုင်ကြပါတယ်။ သူနာပြုအများစုက သာမန်လူ တန်းစားအလွှာကပါ။ မိသားစုကို ထောက်ပံ့နေရသူတွေဆိုတော့ နေ့နဲ့ညကို အတူတူလို့ သဘော ထားပြီး အလုပ်နှစ်ခုလုပ်ကြရပါ တယ်။

ရန်ကုန်က ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာလုပ်ခဲ့တဲ့ အ တွေ့အကြုံတွေဟာလည်း စာဖွဲ့ လို့ မကုန်နိုင်ရအောင်ပါ။ အစိုးရ အလုပ်မ၀င်ခင် ဘုရင့်နောင်က နိုက်တင်ဂေးဆေးခန်းနဲ့ စမ်း ချောင်းက ဆာကူရာဆေးခန်းမှာ လုပ်ခဲ့ပါတယ်။ ရန်ကုန်သူနာပြု တက္ကသိုလ် တာဝန်ကျနေတဲ့အ ချိန်တုန်းက သျှင်ပါကူဆေးခန်းမှာ ညသူနာပြုလုပ်ခဲ့ပါတယ်။ ကျွန်မ လုပ်ခဲ့တာ ပုဂ္ဂလိကဆေးကုဌာန တွေမို့ လူနာရှင်တွေနဲ့ဆက်ဆံရေး အဆင်ပြေအောင် ၀န်ဆောင်မှုကို ကျေနပ်အောင် ဂရုစိုက်ရပါ တယ်။ Customer is always right ဆိုတဲ့ လုပ်ငန်းရှင်များရဲ့ ဆောင်ပုဒ်အရ လူနာနဲ့ လူနာရှင် တွေကို Customer လို ဆက်ဆံ ရတာကို ကျွန်မက သိပ်ပြီးဘ၀င် မကျပါဘူး။ ငွေကြေးမျက်နှာ ကြောင့်မဟုတ်ဘဲ မကျန်းမာတဲ့ လူနာတွေ ရောဂါဝေဒနာ သက် သာအောင်၊ ဆွေမျိုးမိသားစုတွေ စိတ်ပူပန်မှု လျော့ကျအောင် ရင် ထဲနှလုံးသားထဲက လာသော စေတနာ မေတ္တာအပြည့်နဲ့ ၀န် ဆောင်ပေးရမယ်လို့သာ ကျွန်မ ယုံကြည် လက်ခံနိုင်ပါတယ်။ Customers' rights ဆိုတာထက် Patients'rights ကိုသာ ကျွန်မ လေးစားလိုက်နာချင်စိတ်ရှိပါ တယ်။ ဆေးရုံတွေမှာ လူနာရှင်နဲ့ ဆေးရုံ ၀န်ထမ်းတွေအကြား ဆရာဝန်နဲ့ သူနာပြုတွေအကြား အပြန်အလှန်လေးစားမှု (mutual respect) အာနည်းနေခြင်းဟာ  မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့် ရှောက်မှုစနစ်က နိမ့်ကျခြင်းရဲ့ အကြောင်းရင်းတစ်ခုလို့ ကျွန်မ သုံးသပ်မိပါတယ်။

၂၀၀၇ မှာ ကျွန်မ မလေးရှား နိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ စရင် ဘန်းမြို့က ကျောက်ကပ်သန့်စင် တဲ့ဌာနမှာ သူနာပြုအလုပ်ကို ၂ နှစ်အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်မ လုပ်တဲ့ ကျောက်ကပ်သန့်စင်ဌာန (Mawar Hemodialysis Center) က အလှူငွေတွေနဲ့ရပ်တည်ပြီး အပြင်ပုဂ္ဂလိကဌာနတွေထက် စရိတ်သက်သာစွာ ၀န်ဆောင်ပေး တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဆင်းရဲ ပြီး အစိုးရထောက်ပံ့မှုမရတဲ့ လူနာတွေအတွက် စေတနာ့ဝန် ထမ်းအဖွဲ့အစည်းတွေက အခမဲ့ (သို့မဟုတ်) စရိတ်သက်သာစွာနဲ့ ကျောက်ကပ်ဆေးနိုင်အောင် စီ စဉ်ပေးကြပါတယ်။ မြန်မာနိုင်ငံ သားတွေနဲ့ ယှဉ်ရင် မလေးရှား နိုင်ငံသားတွေ အများကြီး ကံ ကောင်းကြပါတယ်။ အစိုးရ ဆေးရုံတွေမှာ အခမဲ့ ဆေးကုသ ခွင့်ကို ရကြပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကောင်းတဲ့ မလေးရှားမှာသူနာပြုတွေ ၀န်ထမ်းတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ အပြည့်ရရှိကြပါတယ်။ သူနာပြုအုပ်ဆိုရင် စည်းကမ်းကြီးပြီး ဌာနခွဲပေါင်းများစွာရှိတဲ့ ကျောက်ကပ်ဌာနတစ်ခုလုံးအပေါ် သြဇာညောင်းပါတယ်။ သူနာပြုတွေ၊ အကူဝန်ထမ်းတွေရဲ့ ကိစ္စ၊ လူနာတွေရဲ့ အရေးကိစ္စမှန်သမျှကို သူနာပြုအုပ်ကပဲ စီမံခန့်ခွဲပါတယ်။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီးစွာ သူနာပြုတွေရဲ့ အခန်း ကဏ္ဍ (Role) နဲ့ သူနာပြုပညာ ရေးတွေကို တိုးတက်အောင် အ ရင်းအနှီးများစွာ စိုက်ထုတ်ကြတဲ့ အတွက် သူတို့နိုင်ငံသားတွေမှာ ကျန်းမာရေးအခြေအနေနဲ့ ဘ၀ အရည်အသွေးတွေ တိုးတက် မြင့်မားကြပါတယ်။

 နိုင်ငံခြားသားဆိုရင် လစာ နဲ့ အခွင့်အရေးတွေ လျှော့ပေးခံ ရပေမယ့် ကျွန်မတို့တွေ မြန်မာ ပြည်က ပုဂ္ဂလိကဆေးရုံဆေးခန်း တွေမှာ မရခဲ့တဲ့ အခွင့်အရေးတွေ ရပါတယ်။ မာဝါကျောက်ကပ် သန့်စင်ဌာနမှာ တနင်္ဂနွေနေ့တိုင်း ပိတ်ရက်ရပြီး နှစ်စဉ် အားလပ် ခွင့် ၁၃ ရက်ရပါတယ်။ နှစ်သစ် ကူးလို အခါကြီး ရက်ကြီး ပိတ် ရက်တွေမှာ အလုပ်ဆင်းရရင် လုပ်ခနှစ်ဆရပါတယ်။ ရန်ကုန် က ပုဂ္ဂလိကဆေးရုံတွေမှာ ကျွန်မ အလုပ်လုပ်တဲ့ အချိန်တုန်းက တစ်ပတ်ကို အားလပ်ရက် တစ် ရက်ရပြီး ခွင့်ရက်ပေးမထားပါ ဘူး။ အကြောင်းကိစ္စရှိရင် အချင်း ချင်း ဂျူတီလဲပြီး ရက်အစား ပြန် ဆင်းပေးရပါတယ်။ ရက်အစားမ ဆင်းနိုင်ရင် လစာတစ်ရက် အ ဖြတ်ခံရပါတယ်။ မြန်မာပြည်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ၀န် ထမ်းလစာကို အာဆီယံနိုင်ငံတွေ နဲ့ တန်းတူ မပေးနိုင်သေးရင် ၀န် ထမ်းအခွင့်အရေးနဲ့ ခံစားခွင့်တွေ ကိုတော့ အပြည့်အ၀ပေးသင့်ပါ တယ်။

ကျောက်ကပ်သန့်စင်ဌာန မှာ ၂ နှစ်လုပ်ပြီး ကျွန်မ သင်ကြား ရေးဘက်ကို ပြန်ရောက်သွားပါ တယ်။ ကွာလာလမ်ပူက ပုဂ္ဂလိ က တက္ကသိုလ်(UCSI University) မှာ ၂ နှစ်၊ မလာယာတက္ကသိုလ် (University of Malaya) မှာ သူနာပြုမဟာသိပ္ပံတက်ပြီး ဆာ ဘားပြည်နယ်က အစိုးရတက္က သိုလ်က (University Malaysia Sabah) မှ ၂ နှစ် လုပ်ခဲ့တဲ့အတွက် မလေးရှားနိုင်ငံက သူနာပြုပညာ ရေးနဲ့ သူနာပြုလောကအကြောင်း ထဲထဲဝင်ဝင် သိခွင့်ရခဲ့ပါတယ်။ မလာယာတက္ကသိုလ်မှာ ဘွဲ့လွန် တက်နေတဲ့အချိန် အပြင်ဆေးခန်း မှာ လစာရသလောက်နဲ့ အလုပ် ရှာလုပ်ခဲ့ရပြီး သုတေသနလက် ထောက်အလုပ်ကိုလည်း လုပ်ခဲ့ ရတဲ့အတွက် ၁၀ နှစ်ကာလအ တွင်း အတွေ့အကြုံတွေ တော် တော်စုံအောင် ရလိုက်ပါတယ်။

မလေးရှားမှာ သူနာပြုဒီပလို မာနဲ့ သူနာပြုဘွဲ့တန်းတွေကို ပုဂ္ဂလိကပိုင်နဲ့ အစိုးရတက္ကသိုလ် ကောလိပ်တွေမှာ တက်ရောက် သင်ကြားနိုင်ပါတယ်။ သူနာပြု ပညာရေးကို မြှင့်တင်ဖို့အတွက် သူနာပြုဒီပလိုမာသင်တန်းတွေ ကို ရပ်နားပြီး အားလုံးကို သူနာ ပြုဘွဲ့တန်းဖြစ်အောင် မြှင့်ဖို့ စီမံ ကိန်းချထားပေမယ့် ဘတ်ဂျက်အ ခက်အခဲကြောင့် လက်တွေ့အ ကောင်အထည်ဖော်ဖို့ ခက်နေ တယ်လို့ သိရပါတယ်။ ကျန်းမာ ရေးဝန်ကြီးဌာနလက်အောက်က သူနာပြုကောလိပ်တွေမှာ သူနာ ပြုဒီပလိုမာသင်တန်းကို သင်တန်း စရိတ် ကုန်ကျစရာမလိုဘဲ အလ ကားတက်ရောက်ခွင့်ရပါတယ်။ သင်တန်းစရိတ်နဲ့ အဆောင်လခ ပေးစရာမလိုတဲ့အပြင် လစဉ်အ သုံးစရိတ် (Allowance) လုံ လောက်အောင်ရတာမို့ မိဘက ထောက်ပံ့ပေးစရာ မလိုပါဘူး။ သင်တန်းပြီးရင်တော့ အစိုးရ ဆေးရုံတွေမှာ သတ်မှတ်ထားတဲ့ နှစ်ကာလပြည့်အောင် ပြန်လုပ် ပေးရပါတယ်။ သင်တန်းကာလ မှာ ပြည့်စုံအောင်ထောက်ပံ့ပေး ထားပြီး လုပ်ငန်းခွင်ဝင်တဲ့အခါ လုံလောက်တဲ့လစာအပြင် ၀န် ထမ်းအခွင့်အရေးတွေ အပြည့်အ ၀ရတာကြောင့် သူနာပြုတွေ စာ ချုပ်ဖောက်ဖျက်တဲ့ပြဿနာမရှိ သလောက်ပါ။

 အစိုးရတက္ကသိုလ်တွေက အဆင့်မြင့်ပညာရေးဝန်ကြီးဌာန (MOHE) လက်အောက်မှာရှိပါ တယ်။ တက္ကသိုလ်တွေမှာ ဘာ သာရပ်ပေါင်းစုံ မဟာဌာန (Faculty) အသီးသီးရှိပြီး သူနာ ပြုဌာနက ဆေးပညာမဟာဌာန (Faculty of Medicine)သို့မဟုတ် ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ သိပ္ပံပညာ မဟာဌာန (Faculty of Medicine and Health Sciences) လက်အောက်မှာ ရှိပါတယ်။ အ ရင်က သူနာပြုကျောင်းသားတွေ ကို အစိုးရထောက်ပံ့ပေးပါတယ်။ အခုနောက်ပိုင်း စီးပွားရေး အ ကျပ်အတည်းကြောင့် ထောက်ပံ့ ကြေးတွေ ရပ်လိုက်ပါတယ်။ ထောက်ပံ့ကြေး မပေးနိုင်ပေမယ့် အစိုးရက ကျောင်းသားတွေကို ပညာသင်စရိတ်ချေးငွေ (Study loan) ထုတ်ချေးပေးပါတယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့ အခါ လစဉ် ပြန်ဆပ်ရပါတယ်။ ပုဂ္ဂလိကပိုင် တက္ကသိုလ်ကော လိပ်တွေမှာတက်တဲ့ ကျောင်း သားတွေကိုလည်း ပညာသင် စရိတ်ချေးငွေကို အကန့်အသတ် နဲ့ ထုတ်ချေးပေးပါတယ်။ တချို့ ဆေးရုံတွေက ကျောင်းသားတွေ ကို ပညာသင်စရိတ် ထောက်ပံ့ ပေးပြီး ကျောင်းပြီးရင် သူတို့ ဆေးရုံမှာ အလုပ်လုပ်ဖို့ စာချုပ် ချုပ်တာတွေရှိပါတယ်။

အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိ ကပိုင် တက္ကသိုလ်ကောလိပ်က သူနာပြုဘာသာရပ်ဆိုင်ရာ သင် ရိုးညွှန်းတမ်းတွေကို သူနာပြု ဘုတ်အဖွဲ့ (Nursing Board) က သတ်မှတ်ထားတဲ့ လမ်းညွှန်ချက် အတိုင်း ရေးဆွဲရပါတယ်။ သင် တန်းဝင်ခွင့်အတွက် သတ်မှတ် ထားတဲ့ အရည်အချင်း၊ သင်ကြား ရေးဆရာများရဲ့ အရည်အချင်း သတ်မှတ်ချက်၊ စာတွေ့ လက် တွေ့ သင်ကြားချိန် သတ်မှတ် ချက်၊ ထိရောက်သော သင်ကြား ရေးအတွက် အခြေခံလိုအပ်ချက် (nursing skill labs, library, computer lab, recreational facilities) တွေ ပြည့်စုံရပါတယ်။ လမ်းညွှန်ချက်မှာ သတ်မှတ်ထား တာတွေနဲ့ ပြည့်စုံမှ သင်တန်းဖွင့် ခွင့်ရှိပါတယ်။ သင်တန်းဖွင့်ပြီး သတ်မှတ်ထားတဲ့ ကာလအတွင်း မှာ လမ်းညွှန်ချက်ထဲမှာပါတဲ့ စံ ချိန်စံညွှန်းအတိုင်း လက်တွေ့အ ကောင်အထည်ဖော်ဆောင်ရွက် ခြင်း ရှိ၊ မရှိ သုံးသပ်စစ်ဆေးခြင်း (Accredtation) ဆိုတာရှိပါ တယ်။ သုံးသပ်စစ်ဆေးတဲ့အခါ မှာ အရည်အသွေးထိန်းချုပ်ရေး အေဂျင်စီက အဖွဲ့ဝင်နဲ့အတူ သူနာပြုဘုတ်အဖွဲ့က အကြီးအ ကဲတွေက အသေးစိတ်စစ်ဆေး သုံးသပ်ရပါတယ်။ စစ်ဆေးသုံး သပ်ပြီး တွေ့ရှိချက်တွေအပေါ် အကြံပြုချက်ထောက်ခံချက်တွေ ပေးပြီး အရည်အသွေး မြှင့်တင်မှု တွေ လုပ်ရပါတယ်။

သူနာပြုလိုင်စင်နဲ့ ပတ်သက် တဲ့အကြောင်းအရာတွေကိုလည်း တင်ပြချင်ပါသေးတယ်။ မလေး ရှားနိုင်ငံ တက္ကသိုလ်ကောလိပ် အသီးသီးက သူနာပြုဒီပလိုမာနဲ့ သူနာပြု ဘွဲ့တန်းပြီးဆုံးသွားတဲ့ ကျောင်းသား၊ ကျောင်းသူအား လုံး သူနာပြု လိုင်စင်ရဖို့အတွက် သူနာပြုဘုတ်အဖွဲ့က စစ်ဆေးတဲ့ အရည်အချင်းစာစစ်စာမေးပွဲကို ဖြေဆိုရပါတယ်။ စာမေးပွဲအောင် ရင် လိုင်စင်ရပါတယ်။ မအောင် ရင် ဒုတိယအကြိမ်နဲ့ တတိယအ ကြိမ် ဖြေဆိုခွင့်ရှိပါတယ်။ သုံး ကြိမ်ဖြေလို့မှ မအောင်ရင် သူနာ ပြုလိုင်စင် ကိုင်ဆောင်ခွင့်မရ တော့သလို သူနာပြုအလုပ်ကို လုပ်ခွင့်မရှိတော့ပါဘူး။ လိုင်စင် သက်တမ်းတိုးမယ်ဆိုရင် သက် ဆိုင်ရာအကြီးအကဲ ထောက်ခံ ချက်လိုအပ်သလို သတ်မှတ်ထား တဲ့ စဉ်ဆက်မပြတ် ပညာသင် ကြားရေး ရမှတ် (CPD Points) ပြည့်မီရပါတယ်။ သူနာပြုတွေ လုပ်ငန်းခွင်မှာ အမြဲမပြတ် ပညာ သင်ကြားလေ့လာမှုရှိအောင် တွန်းအားပေးတဲ့ သဘောပါ။ သူ နာပြုကျင့်ဝတ်စည်းကမ်းတွေကို ဖောက်ဖျက်မှသာ လိုင်စင်သိမ်း တာတွေရှိပါတယ်။

အတွေ့အကြုံတွေကို ရေးရ ရင် စာတစ်ပုဒ်နဲ့ မလုံလောက်နိုင် ပါ။ သင်ကြားရေး အတွေ့အကြုံ တွေကို ထည့်ရေးချင်ပေမယ့် စာ သိပ်ရှည်သွားပြီမို့ ရပ်နားလိုက်ပါ တယ်။ နောင်အလျဉ်းသင့်သလို စာတွေထပ်ရေးနိုင်အောင် ကြိုး စားပါဦးမယ်။ မြန်မာပြည်မှာ သူနာပြုတွေရဲ့ လုပ်ငန်းခွင်သာ ယာရေး၊ သူနာပြုများအပေါ် ချ မှတ်ကန့်သတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေဟာ တရားမျှတမှု ရှိရေး၊ နည်းပညာတွေ တိုးတက် လာတာနဲ့အမျှ မကျန်းမာသူတွေ ကို ပြုစုစောင့်ရှောက်ပေးရတဲ့ သူနာပြုအရည်အသွေးတွေ တိုး တက်မြင့်မားလာရေးအတွက် သက်ဆိုင်သူတွေ အားလုံး ကြိုး စားကြတဲ့အခါ မြန်မာပြည်အပြင် ဘက်ကိုလည်း လှမ်းကြည့်၊ ကိုယ့်တိုင်းပြည် လက်ရှိအခြေအ နေနဲ့လည်း အံဝင်ခွင်ချဖြစ်အောင် စဉ်းစားဆောင်ရွက်နိုင်ဖို့ ဒီစာကို ရေးသားဖော်ပြလိုက်ပါတယ်။

စံပယ်ဖြူ

7 Daily News Journal, April 10 2017

No comments:

Post a Comment