အမှန်ပြောတာပါ၊ သူနာပြုတွေ
ထိုင်လျှက်ငုတ်တုတ် အိပ်တတ်ကြပါတယ်။ ဒီအကြောင်းကို ပြောချင်လို့ ချမ်းမြေ့ဆရာတော် ပြောစကားနဲ့
နိဒါန်းပျိုးလိုက်တာပါ။ ညအချိန်မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းတွေကို စွန့်လွတ်ပြီး
အလုပ်လုပ်ရတဲ့ သူနာပြုတွေရဲ့ ဘ၀တစ်စိတ် တစ်ဒေသကို မြင်သာအောင် ဖွင့်ပြပါရစေ။ ငယ်ငယ်က
ကျွန်မရဲ့ စိတ်ကူးယဉ်အိမ်မက်တွေမှာ သူနာပြုဆရာမပုံရိပ်တွေ လုံးဝရှိမနေခဲ့ပေမဲ့ ကျွန်မ
သူနာပြုတစ်ယောက်ဖြစ် လာပါတယ်။ ရွေးချယ်ခွင့်တွေ မရှိသလောက်နည်းတဲ့ မြန်မာပြည်က ကျွန်မတို့မျိုးဆက်မှာ
အိပ်မက်နဲ့လက်တွေ့ ကွာဟမှုတွေဟာ ဘာမှမထူးဆန်းဘူးလို့ပဲ ပြောရမှာပါ။ လက်တွေ့ဘ၀နဲ့ သဟဇာတဖြစ်အောင်
ကြိုးစားနေထိုင်ရင်းက သူနာပြုတစ်ယောက် ဖြစ်ရတဲ့အပေါ် ကျေနပ်နေတတ်ခဲ့ပါတယ်။ ငယ်ငယ်က တစ်ညအိပ်ရေးပျက်ရင်
ညပေါင်းများစွာ အတိုးချပြီး အိပ်ခဲ့ဖူးပါရဲ့။ လက်တွေ့ဘ၀ကို သူနာပြုအလုပ်နဲ့ ရပ်တည်တဲ့အချိန်ရောက်လာတော့
မအိပ်ရတဲ့ ညပေါင်းများစွာကို တစ်ညလောက် နှစ်ခြိုက်စွာအိပ်ပြီး ကျေနပ်ခဲ့ရပါတယ်။
ကျောင်းပြီးခါစကညဂျူတီကျရင်
အော်ငိုချင်စိတ် ဖြစ်မိပါတယ်။ နောင်တော့လည်း အကျင့်ရသွားခဲ့ပါတယ်။ အထူးသူနာပြု
(Special nurse) လည်း လုပ်ခဲ့ရပါတယ်။ လူနာဘေးနားက ထိုင်ခုံမှာ ငုတ်တုတ်ထိုင်ပြီး အိပ်ပျော်ခဲ့ရတာတွေကို
ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ထိုင်ခုံ နောက်မှီကို ခေါင်းလေးမှီုပြီး၊ မှေးစက်ရာက နိုးလာရင်
ဇက်ကြောတွေ နာကျင်နေပါတော့တယ်။ ညတာဝန်ကျတာ အိပ်ဖို့မဟုတ်ဘူးလို့ ပြောချင်လား။
ညလူနာစောင့်ပြီး နောက်တနေ့ အခြားတစ်နေရာမှာ အချိန်ပြည့် အလုပ်ဆင်းရတဲ့ မြန်မာပြည်က သူနာပြုတွေရဲ့ နေ့စဉ်ဘ၀က
ဘယ်လိုမှ အနုပညာမဆန်ဘူး။ တာဝန်တွေ၊ အချို့ကျင့်ဝတ်စည်း ကမ်းတွေကို မေ့ချင်ယောင်ဆောင် နေရတယ်။ လူတစ်ယောက် လိုအပ်တဲ့အိပ်ချိန်မရပဲ အလုပ်လုပ်နေတဲ့ သူနာပြုတွေ အလုပ်တာဝန်တွေ
လစ်ဟင်းကြတယ်။ အထူးသဖြင့် အစိုးရဆေးရုံတွေမှာ လူနာတွေ လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုကို
အပြည့်အ၀မရကြဘူး။ ဒီလိုဖြစ်ရတာ ဘယ်သူတွေကြောင့်လဲ၊ တရားခံဘယ်သူလဲ ဆိုတာကို ခေတ်စနစ်အကြောင်းတွေကို
နားလည်းတဲ့သူတိုင်း သုံးသပ်တတ်ပါလိမ့်မယ်။
သူနာပြုတွေ ဆေးရုံမှာ
ထိုင်လျှက်ပဲ အိပ်ကြတာလားလို့ မေးစရာ ရှိပါတယ်။ လူမြင်ကွင်းမှာ ပုစွန်ထုပ်တွေလို ကွေးကွေးကလေးလည်း
အိပ်တတ်ပါတယ်။ ကျွန်မ သူနာပြုတက္ကသိုလ်မှာ ဒုနည်းပြလုပ်တုန်းက အစိုးရလာစာ တစ်သောင်းရပါတယ်။
လစာထုတ်ရင် ပျော်ရမဲ့အစား၊ ငွေတစ်သောင်းနဲ့ ဘာမှသုံးမရလို့ စိတ်ဓာတ်ကျ ခဲ့ပါတယ်။ တာမွေက
သျှင်ပါကူဆေးခန်းမှာ ညဂျူတီဆင်းပြီး၊ အပိုဝင်ငွေရှာခဲ့ပါတယ်။ အဲဒီတုန်းက နေ့ရောညပါ
အချိန်ပြည့် အလုပ်လုပ်ခဲ့တာ၊ ဘယ်လိုစိတ်နဲ့များလုပ်ခဲ့သလဲလို့ ပြန်တွေးမိပြီး ကိုယ့်ကိုကိုယ်
အံ့သြမိပါတယ်။ မြန်မာပြည်က သူနာပြုတွေ အများစု အဲဒီလိုရပ်တည် နေကြရတယ်။ မိဘချမ်းသာတဲ့သူ၊
ဝင်ငွေကောင်းကောင်းရှာနိုင်တဲ့ ယောက်ျားနဲ့ အိမ်ထောင်ကျတဲ့ သူတွေသာ အလုပ်တစ်ခုထဲနဲ့
ရပ်တည်နိုင်ကြပါတယ်။ သူနာပြုအများစုက သာမန်လူတန်းစားအလွှာက လာကြသလို၊ မိသားစုကို ညာတကာနဉ္စ
သင်္ဂဟော လုပ်နေရသူတွေဆိုတော့ နေ့နဲ့ညကို အတူတူလို့ သဘောထားပြီး အလုပ်နှစ်ခုကို လုပ်ကြရပါတယ်။
ပုစွန်ထုပ်ကွေးလေး အိပ်ခဲ့တဲ့အကြောင်းလေးကို ပြေပြချင်ပါသေးတယ်။ ဆေးရုံတွေမှာ ည(၁၂)နာရီနောက်ပိုင်းဆိုရင် အလုပ်ပါးသွား ပါတယ်။ ရောဂါသည်းတဲ့ လူနာမရှိရင်
အိပ်ကြတယ်ပေါ့။ ညဂျူတွကျတာ အိပ်ဖို့မဟုတ်ဘူးဆိုတာ သိပေမဲ့ ဘယ်တတ်နိုင်မလဲ။ မိုးလင်းလို့
တာဝန်ချိန်ပြီးသွားရင် အိပ်ဖို့အချိန်မှ မရှိတာ။ သျှင်ပါကူဆေးခန်းက ဗိုလ်မှူးဦးဌေးအောင်က
ညသူနာပြုတွေ အိပ်တာကို မကြိုက်ဘူး။ ဆရာဦးမောင်မောင်လှဝင်းက ဆရာဝန်ဆိုတော့ ရှေ့နေလိုက်ပေးပါတယ်။ ဆေးရုံမှာ လူနာအေးရင် သူနာပြုရော ဆရာဝန်တွေပါ အိပ်ကြပါတယ်လို့ ပြောပေးလို့ ဗိုလ်မှူးလဲ
ကျွန်မတို့ အိပ်တာကို မသိချင်ယောင်ဆောင် ပေးလိုက်ရပါတယ်။ အိပ်တယ်ဆိုတော့ အိပ်ယာနဲ့
အခန်းနဲ့ ဘယ်ဟုတ်ပါ့မလဲ။ သူနာပြုကောင်တာမှာ ခုံလေးတွေစီ၊ စောင်အပါးကလေးခြုံပြီး၊ အကြည့်ရမဆိုးအောင် ကွေးကွေးလေး အိပ်ကြပါတယ်။ တစိမ်းယောက်ျားရှိနေရင် လျောင်းလျှက် မနေခဲ့ဖူးတဲ့ကျွန်မ
သူနာပြုကောင်တာ လူမြင်ကွင်းမှာ စောင်ခြုံကွေးခဲ့ရတာ ညပေါင်း ၇၀၀ ကျော်ခဲ့ ပါတယ်။
ခေတ်အခြေအနေအရ ရေကြည်ရာ မြက်နုရာ ရှာကြတဲ့အချိန်ရောက်တော့
ကျွန်မအပါအ၀င် သူနာပြုတွေ စင်္ကာပူ၊ မလေးရှားနဲ့ နိုင်ငံအနှံ့ကို ရောက်ကုန်ကြတယ်။ နိင်ငံခြားမှာတော့
တာဝန်ကျေအောင် လုပ်ရတယ်၊ ပင်ပန်းတယ်၊ စိတ်ဖိစီးမှုသိပ်များတယ်၊ ကွေးကွေးလေးလည်း အိပ်လို့မရပါဘူး။
ညဂျူတီပြီးရင် နောက်အလုပ်တစ်ခုကို ပြေးစရာမလိုပဲ အိပ်ရေးဝအောင် အိပ်နိုင်ပါတယ်။ ညဂျုတီ
(၃)ရက်ဆင်းပြီးရင် နားရက်သုံးရက် ရပါတယ်။ စင်္ကာပူနဲ့ မလေးရှားမှာ သူနာပြုတွေကို လူရိုသေ
ရှင်ရိုသေရှိကြပါတယ်။ မြန်မာပြည်မှာတော့ သူနာပြုကို ဆိုက်ကား သမားကတောင် မလေးစားချင်ဘူး။
လူရိုသေစရာဖြစ်အောင် ပြင်စရာရှိတာတွေ ပြင်ကြလို့ပြောလာရင်၊ ဟုတ်ကဲ့ ပြင်စရာတွေ အများကြီှးရှိပါတယ်လို့
ဝန်ခံရပါလိမ့်မယ်။
အင်တာနက် သတင်းစာတစ်ခုမှာ သူနာပြုများရဲ့
ဒုက္ခဆိုပြီး၊ စာတစ်စောင် ဖတ်လိုက်ရပါတယ်။ ရေးပို့တဲ့သူနာပြုက ရာထူးတိုးဖို့အတွက် တိုင်းကျန်းမာရေး
ဦးစီးမှူးကို ငွေပေးထားတယ်၊ တိုင်းဦးစီးမှူးက နေရာပြောင်း သွားလို့ ရာထူးလည်းမတိုး၊ ငွေလည်းပြန်မရတဲ့အကြောင်း၊ ငွေယူတဲ့ တိုင်းဦးစီးမှူးကို အရေးယူပေးစေလိုကြောင်း ရင်ဖွင့်တိုင်စာလေးပါ။
အဲဒီစာကိုဖတ်တဲ့ သူတွေအချို့က ကောင်းချီးထောပနာ ပေးကြပါတယ်။ မှတ်ချက်ပေါင်း များစွာကို
ဖတ်လိုက်ရပါတယ်။ သူနာပြုတွေကို တော်တော်ချစ်ကြပါလားလို့ သိလိုက်ရပါတယ်။
ရာထူးမက်တဲ့ ဆရာမအဲဒီလို ထိတာကောင်းတယ်။
အရည်အချင်း အစစ်အမှန်နဲ့မဟုတ်ပဲ ငွေပေးပြီး ရာထူးလိုချင်တယ်။
ဝဍ်လည်တာ ဆေးရုံမှာ သူနာပြုတွေ
ပိုက်ဆံမပေးနိုင်ရင် လူနာကိုမကြည့်ပေးချင်ဘူး။ ပိုက်ဆံပေးနိုင်ရင်တော့ အနားက မခွာတော့ဘူး။
ပညာတတ်ပြီး ရိုင်းစိုင်းတာ သူနာပြုတွေ။
အကြင်နာတရားမရှိဘူး၊ လူနာတွေကို အော်ငေါက်ကြတယ်။
မှတ်ချက်တွေကို ဖတ်ပြီးကျွန်မ စိတ်မဆိုးပါဘူး။ အပြင်လူတစ်ယောက်နေရာမှာနေပြီး
မှတ်ချက်ပေးသူတွေရဲ့ ရှူထောင့်ကနေ ကျွန်မ နေကြည့်လိုက်ပါတယ်။ သူနာပြုလောက အကြောင်းကို
သေချာမသိပဲ ဝေဖန်ကြတယ် ဆိုပေမဲ့ မှန်သင့်သလောက် မှန်နေတာပဲ မဟုတ်လား။ မြန်မာပြည် လူ့အသိုင်းအ၀ိုင်းက
သူနာပြုတွေအပေါ် ယုံကြည်အားကိုးပြီး အပြန်အလှန် လေးစားမှုတွေ ရှိလာဖို့ သူနာပြုတွေမှာ
တာဝန်ရှိသလို လူကြီးပိုင်းတွေမှာလည်း တာဝန်ရှိပါတယ်။ ဘာတွေ ဘယ်လိုပြင်သင့်တယ်ဆိုတာကို
စင်္ကာပူရောက် မြန်မာသူနာပြုတွေ ပိုသိကြပါလိမ့်မယ်။
ယေဘူယျဆန်ဆန်တွေးပြီး ကျွန်မပြောချင်တာတွေ ရှိပါတယ်။ တချို့လူတွေ
မကောင်းကြဘူးလို့ဆိုရင် လူတွေဖြစ်တဲ့ သူနာပြုအချို့လည်း မကောင်းဘူးလို့ ပြောနိုင်ပါတယ်။
အရာရာ ယိုယွင်းပျက်စီးနေတဲ့ မြန်မာပြည်က အကျင့်ပျက် ချစားသူတွေထဲမှာ သူနာပြုတွေဟာလည်း
သာလွန်ပြီးကောင်းနေမှာတော့ မဟုတ်ဘူး။ မြန်မာပြည် ပညာရေး နိမ့်ကျနေချိန်မှာ
သူနာပြုပညာရေးဟာလည်း နိုင်ငံတကာနဲ့ယှဉ်ရင် နောက်ကျ ကျန်နေပါတယ်။ သူနာပြုတွေ
အဆင့်မြင့်ပညာ တတ်စရာမလိုဘူးဆိုတဲ့ အမြင်ကျည်းမြောင်းမှုတွေကို ကျော်လွန်နိုင်မယ်၊
လှစ်ဟာနေတဲ့ အခြေခံသူနာပြုစုခြင်းတွေကို စနစ်တကျပြန်လည်
တည်ဆောက်နိုငမယ်ဆိုရင် လူနာတွေ အရည်အသွေးပြည့်တဲ့ ပြုစုစောင့် ရှောက်မှုတွေ ရကြမှာပါ။ သေချာပါတယ်၊ အလုပ်တစ်ခုတည်းလုပ်ပြီး လုံလောက်တဲ့ ၀င်ငွေရကြတဲ့အခါ၊ သူနာပြုပညာရေးနဲ့
အရည်အသွေးထိန်းချုပ်မှုစနစ် ကောင်းလာတဲ့အခါ ပြည်သူချစ်သော သူနာပြုတွေ ဖြစ်လာမှာပါ။
အဲဒီလို အခြေအနေရောက်ခဲ့ရင် သူနာပြုတွေ ထိုင်လျှက်ငုတ်တုတ် အိပ်နေမှာ မဟုတ်တော့သလို
လူမြင်ကွင်းမှာ ကွေးကွေးလေး အိပ်နေတော့မယ် မဟုတ်ပါ။ လူနာတွေ အိပ်စက်နားနေချိန်မှာ သုတေသနလုပ်ဖို့
အကိုးအကားစာတွေကို အင်တာနက်ပေါ်မှာ ရှာနေကြမယ်။ သူနာပြုကွန်ယက်ပေါ်မှာ အတွေ့အကြုံတွေ
ဖလှယ်ကြမယ်။ စာတမ်းတွေရေးနိုင်အောင်၊ နိုင်ငံတကာက သူနာပြုတွေနဲ့ ဆွေးနွေးနိုင်အောင်
အင်္ဂလိပ်စာ လေ့လာနေကြပါလိမ့်မယ်။
ဖြစ်ချင်တာတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပြောသလိုလွယ်ပါ့မလား။
သိပ်တော့မလွယ်ပေမဲ့ ဖြစ်နိုင်တယ် လို့ ထင်ပါတယ်။ ပြုပြင်ဖို့လိုတယ်ဆိုတာကို ပထမလက်ခံဖို့
လိုပါတယ်။ ပြုပြင်ချင်တဲ့ စိတ်လည်းရှိရမယ်။ ကိုယ်တိုင်ရဲ့ အားနည်းချက် အားသာချက်တွေကို
၇ိုးသားစွာ ပြန်မြင်တတ်ပြီး၊ တခြားတစ်ယောက်ရဲ့ အရည်အချင်းကို အသိအမှတ် ပြုနိုင်ဖို့လိုတယ်။
အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်တဲ့ သူနာပြုတွေ ပြည်သူ့အကျိုးအတွက် ရပ်တည်အသက်မွေးသူတွေဖြစ်ဖို့ ချစ်သူငယ်ချင်း၊ အကိုအမ၊ မောင်ညီမတွေအားလုံး ညီညီညာညာ ချီတက်ကြဖို့ လိုပါတယ်။
ထိုင်လျှက်အိပ်တာကို အကြောင်းပြုပြီး ကျွန်မ လျှာရှည်လိုက်ပါတယ်။
နာရီပိုင်းလောက်ပဲ ကွေးကွေးအိပ်ခဲ့ရသော သူနာပြုအချို့ ဘ၀ခါးခါးနဲ့ ယဉ်ပါးနေပြီမို့
ရာထူးကိုလည်း မမက်ကြပါ။ အရည်အချင်း အစစ်အမှန်ကို အသိအမှတ်ပြု တတ်သော လူကြီးလူကောင်းတွေ
ရှားတဲ့ခေတ်မှာ ရာထူးလိုချင်ရင်တော့ ဂါရဝေါစ မပါလို့ မဖြစ်ပါ (အရင်အစိုးရ လက်ထက်က)။ ငွေပေးနိုင်မှ လူနာကို
ကြည့်ပေးတယ် ဆိုတဲ့စကားကိုတော့ ပြန်ဖြေဖို့ခက်ပါတယ်။ အကြင်နာတရားကင်းတာ လူနာတွေကို အော်ငေါက်တာမျိုးကတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မရှိသင့်ပါ။ တကယ်ဖြစ်နေတယ်ဆိုတာကို
လည်းသိ ပါတယ်။ အရိုးစွဲနေတဲ့အကျင့်တွေ မျိုးဆက်သစ် သူနာပြုတွေအထိ ပါမလာဖို့ တတ်နိုင်သလောက်
ကြိုးစားကြည့် ပါမယ်လို့သာ………။
စာဖတ်သူများကို လေးစားလျှက်
စံပယ်ဖြူ
အခုခေတ် သူနာပြုတွေ ဆရာမလို စိတ်ဓာတ် မရှိတာတွေ့နေရတယ်........
ReplyDeleteWhat you said may be true generally. But there are many good nurses who care for the patients.
DeleteWe should see each others with the open mind and transparent heart.
Thanks for your comments,