Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Saturday 6 April 2013

သင်္ကြန်ရောက်ပြန်ပြီ





 ပိတောက်ပန်းတွေ ပွင့်နေပြီ... သင်္ကြန်ရောက် ပြန်ပြီရော ....
ရင်ထဲကအလွမ်းတွေ ပိတောက်ပန်းလို ဝေေ၀ဆာဆာ ဖူးပွင့်နေတုန်းပဲ အတူးရယ်..
နှစ်တွေကြာခဲ့ပေမဲ့ ရင်ထဲက အလွမ်းဒဏ်ရာက မပျောက်နိုင်သေးဘူး...
ဥသြငှက်တွန်သံကြားရင် အလွမ်းဒဏ်ရာက ပိုပိုနာလာတယ်။
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်း၊ အသဲနှလုံးကို ပုံအပ်ပြီး ချစ်ခဲ့ရတဲ့ ချစ်းဦးသူမို့ ဘယ်လိုမှ မမေ့နိုင်ဘူး လို့ဆိုရင် ကျေကျေနပ်နပ်ကြီး ပြုံးနေမယ်လို့ အောက်မေ့မိတယ် အတူး..
ငါ့အနားမှာ တခြားယောက် ရှိမနေတာကိုလဲ နင်ကျေနပ်တယ် မဟုတ်လား..
နင့်ကို လွမ်းနေရတဲ့ ဘ၀ကိုပဲ ငါကျေနပ်ပါတယ် အတူး..
အတူးဆိုတဲ့ ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်ကို ချစ်ခဲ့မိတဲ့အတွက် ငါဘယ်တော့မှ နောင်တရ မရဘူး။
ဒါပေမဲ့..အတူးကို လူလိမ္မာလေးတစ်ယောက်အ ဖြစ် သက်ဆိုးရှည်အောင် မထိန်းနိုင်ခဲ့တာ ကိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ငါတကယ် ညံ့တဲ့သူပါ။

xxxxxxxxx xxxxxxxxxxxxxxxxx  xxxxxxxxxxxxxxxx
အဖြစ်အပျက်တွေက ငါ့ရဲ့အာရုဏ်မှာ မနေ့တနေ့ကလို မြင်ယောင်နေတုန်း....။
ငယ်ငယ်က တို့နှစ်ယောက် ကစားအတူ၊ ကျောင်းသွားလည်း အတူတူ။
ကျောင်းသွားရင် နင့်စက်ဘီးနောက်က လိုက်ရတာ ငါသိပ်ပျော်ခဲ့တယ်။
သင်္ကြန်မှာ အတူပျော်ခဲ့တာတွေကို အမှတ်ရဆုံးပဲ အတူးရေ..
အမှတ်ရဆို သင်္ကြန်နဲ့ ငါက ဖွားဘက်တော်။ ငါက သင်္ကြန်မှာမွေးတဲ့ သင်္ကြန်သမီးပျို။ ဆယ့်နှစ်လရာသီမှာ သင်္ကြန်ကျတဲ့ တန်ခူးလကို အချစ်ဆုံး။
နင်ကတော့ ပျော်ချင် ကဲချင်လို့ သင်္ကြန်ကို ချစ်တာနော် အတူး..အဲဒါကြောင့်ပေါ့..
ငယ်ငယ်တုန်းဆို ငယ်သေးလို့မို့ နင်ဆိုးခဲ့တယ်။  ကြီးလာပြန်တော့လည်း အဖတ်ဆယ်မရအောင် နင်ဆိုးခဲ့ ပွေခဲ့တယ်။ အဲဒီလောက်ဆိုးတဲ့ နင့်ကို ဘာကြောင့်ချစ်ခဲ့သလဲဆိုရင် ချစ်လို့ကို ချစ်တာ။
တို့ငယ်ငယ်တုန်းက ရိုးရာသင်္ကြန်ပွဲတွေ ခုလိုသရုပ်မပျက်သေးတာ မှတ်မှိနေသေးတယ်။ သင်္ကြန် မဏ္ဍမှာ ရေးကစားရင်း မုန့်လုံးရေပေါ် လုပ်စားကြတယ်။
နင်လေ ငယ်ငယ်ကတည်းက ဇာတိပြခဲ့ တာနော်။ ရေလောင်းရင် ကောင်းကောင်း မလောင်းချင် ဘူး။ ခွက်စောင်းခုပ်တယ်။ အေးစက်နေတဲ့ ရေခဲရေနဲ့ လောင်းတယ်။ ပြောစကားကို ဘယ်တော့မှ နားမထောင်ဘူး။
ဆယ်ကျော်သက်အရွယ် ရောက်လာတော့ နင်လတ်လျားလတ်လျား လုပ်ချင်လာတယ်နော်။ ကျောင်းပြေးရင် မခေါ်တော့ဘူး၊ ဆေးလိပ်နဲ့ အရက်သောက်ရင် သေခန်းပြတ်ဆိုလို့  နင်ငြိမ်သွားခဲ့ တယ်။ နင်ငါ့ကို ကြိတ်ပိုးနေတဲ့အချိန်မို့ ငါ့စကားအောင်ခဲ့တယ်။
ငယ်ငယ်လေးထဲက ရင်းနှီးခဲ့ကြတဲ့ တို့နှစ်ဦးရဲ့ရင်မှာ အချစ်ဆိုတဲ့အရာက စောစောစီးစီး မွေးဖွားလာခဲ့တယ်နော်။ စူးရဲတဲ့ နင့်ရဲ့အကြည့်တွေကို ရင်ဆိုင်ရတိုင်း ငါ့ရင်မှာ ပူသလို နွေးသလိုကြီး။
ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ရင် အဖြေပေးမယ်လို့ ကတိပေးခဲ့လို့ နင်စားကြိုးစားခဲ့တယ်။ ဆယ်တန်းအောင် စာရင်းထွက်တဲ့နေ့မှာ နင့်ကိုငါ အဖြေပေးခဲ့တယ်နော်။ ချစ်သူတွေ ဖြစ်ခါစတော့ နှစ်ဦးသား မိုးမမြင် လေမမြင်။ 
အချစ်ဦးပေးတဲ့ အနမ်းတွေ ပါးပြင်မှာ ခုထိနွေးနေတုန်းပဲ အတူးရယ်..


သင်္ကြန်မှာ အတူလည်ချင်တယ်ဆိုလို့ ငါလိုက်ခဲ့ရတယ်။ သင်္ကြန်ကို ချစ်ပေမဲ့ မူးရူးနေတဲ့ လူတွေကြားထဲ သင်္ကြန်လည်ရတာ ငါမပျော်ဘူး။ ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာတွေရဲ့ နှစ်သစ်သင်္ကြန်မှာ ပါးစပ်စည်းကမ်းမရှိ ပြောဆိုရမ်းကား နေကြတာတွေ နည်းနည်းမှ သဘောမကျဘူးဟာ။ ပြီးတော့ နင်သိပ်ကဲတာကို ငါမကြိုက်ဘူး။
သမီးရည်းစားဘ၀မှာ အချစ်နယ်ကျွံဖို့ နင်ကြိုးစားခဲ့တယ်။ အသက်နှစ်ဆယ်တောင် အပြည့်သေးတဲ့ အရွယ်မှာ အပျိုစင်ဘ၀ကို မစွန့်နိုင်ခဲ့တာ ငါမလွန်ဘူး အတူး။
အတူးကို အသဲနှလုံးပုံပေးပြီး ချစ်ခဲ့တယ်။ 
အကြင်လင်မယား မဖြစ်သေးခင်မှာ ဘ၀တစ်ခုလုံး ပုံမပေးနိုင်တာ ငါမလွန်ပါဘူး အတူးရယ်။
နင့်ရဲ့ တန်ဖိုးထား စောင့်စည်းမှုတွေကို ငါလိုချင်ခဲ့တ
“ဒီခေတ်ကြီးထဲမှာကွာ၊ သူများသမီးရည်းစားတွေလည်း ဒီလိုပဲနေကြတာကို”
နင်ပြောခဲ့တဲ့ စကားကို မှတ်မှိသေးတယ်။ အဲဒီလို သူတကာနဲ့ မတူတာဟာ နင်တို့ ယောက်ျားတွေအတွက် မြတ်နိုးတန်ဖိုးထားစရာ မဟုတ်ဘူးလား အတူးရယ်။
နင်လေ လိုချင်တာမရတော့ ရတဲ့မိန်ကလေးတွေနဲ့ ခြေရှုပ်လာတယ်နော်။ ရင်မောခဲ့ရ ပူလောင်ခဲ့ရပေမဲ့ နင့်ကို မမုန်းနိုင်ခဲ့ဘူး။ သောက်တတ်စားတတ်တဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းမိပြီး၊ ငါမကြိုက်တာတွေ နင်အကုန်လုပ်တယ်နော်။
ငယ်သူငယ်ချင်း နွယ်နီကို နင်ချွေချခဲ့တယ်။ နင်တော်တော် လွန်တယ် အတူး။ နွယ်နီက နင့်ကို တဖက်သတ် ကြွေနေတာကို နင်အခွင့်ကောင်းယူခဲ့တယ်။
နွယ်နီက ငါ့ကို အားတုံ့အားနာ မေးရှာတယ်။ 
နင်တို့ ပြတ်သွားကြပြီဆို တဲ့။ ရင်ထဲမှာ ကျင်ကနဲ ဖြစ်သွားခဲ့တယ်။ 
 လူချင်း အနေစိမ်းသွားပေမဲ့ နှလုံသားမှာ တွယ်ညှိနေတဲ့ ချစ်ခြင်းမေတ္တာ သံယောဇဉ်ကို ဘာနဲ့မှဖြတ်လို့ မပြတ်နိုင်ဘူးလေ။ 
ဒါတွေ နွယ်နီ့ကို မပြောပြရက်ခဲ့ဘူး။
ပြီးတာတွေလည်း ပြီးခဲ့ပါပြီ။ မမေ့ပျောက်နိုင်တဲ့ အဖြစ်အပျက်တွေကို သိမ်းထုပ်ထားလိုက် ပါတယ်။
သင်္ကြန်ရောက်လာရင်တော့ ဒီအထုပ်ကို ပြန်ဖြည်ကြည့်မိတုန်း။
မနေ့ကလို ပြန်မြင်ယောင် နေတုန်း...
------------------------  ------------------------------   ---------------------------------------------
သင်္ကြန်အကြိုနေ့ မနက်စောစော နင်ငါ့ကို ရေလာလောင်းတော့ တော်တော်အံ့သြ သွားတယ်။ သုံးနှစ်လုံးလုံး ငါ့ကို ဦးဦးဖျားဖျား ရေလာမလောင်းဘဲ နေခဲ့တာ။ နင်လောင်းတဲ့ ရေက ငါ့ရဲ့ နှလုံသားထဲ ကိုစိမ့်သွားတယ်။ အသွေးအသားထဲကို စီးဆင်းသွားတယ်။ ၀မ်းသာဝမ်းနည်းမို့ ရင်ထဲမှာ ဆို့နစ်နေတယ်။
နင်လောင်းတာ အချစ်ရေစင်တွေပဲ မဟုတ်လား အတူး။ အရောင်မျိုးစုံ စွန်းထင်းနေတဲ့ နင့်ရဲ့ နှလုံးသားထောင့် တစ်နေရာမှာ ငါ့အတွက် ဖြူစင်တဲ့ ချစ်ခြင်းတွေ ရှိနေသေးတာကို မြင်လိုက် ရတယ်။
ဒါပေမဲ့ ငါဝမ်းမသာနိုင်ခဲ့ဘူးလေ။ နွယ်နီ့ကို အားနာလို့။
နွယ်နီကိုတော့ ပြစ်မသွားပါနဲ့လို့ နင့်ကို ငါပြောခဲ့တယ်နော်။ နင်ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ် နေခဲ့တယ်။ တကယ်ပဲ နွယ်နီ့ကို  နင်ခေါ်သွားခဲ့တယ်။
အဲဒီနှစ် သင်္ကြန်က..အချစ်ဦး နှုတ်ဆက်သွားတဲ့ သင်္ကြန်..ပန်းတွေကြွေတဲ့ သင်္ကြန်.. အတာရေစီးတဲ့ မြေပေါ်မှာ သွေးစွန်းခဲ့တဲ့ သင်္ကြန်...
နင်တို့အဖွဲ့ အကျနေ့ သင်္ကြန်ပွဲမှာ ရန်ဖြစ်ပြီး ခြေလွန်လက်လွန် ဖြစ်ကုန်ကြတယ်။ ဆေးရုံရောက်တော့ နင်အသက်မရှိတော့ဘူး။ နှလုံးသွေးပျက်မတတ်ကို ငါခံစားခဲ့ရတယ် အတူး။
ငါတို့ရဲ့ ရိုးရာသင်္ကြန်မှာ ပန်းတွေကြွေကျတယ်။ လူတွေသေကြတယ်။
ကျန်ရစ်သူတွေ ရင်ကွဲနာကျ ရတယ်။ နှလုံးသားဒဏ်ရာတွေနဲ့ ပူဆွေးလောင်မြိုက် နေကြတယ်။
နင်ချွေခဲ့တဲ့ ပန်းတစ်ပွင့် ကြွေကျသွားခဲ့တယ် အတူး။ သူငယ်ချင်း နွယ်နီပေါ့။
နင့်ကို ရက်လည်တဲ့နေ့မှာ နွယ်နီ အဆိပ်သောက်သေခဲ့တယ်။ သူ့အလောင်းကို ရင်ခွဲရုံမှာ စမ်းသပ်တော့     ကိုယ်ဝန်ရှိနေတယ်။ အရှက်ကိုကာကွယ်ဖို့ အသက်ကို အဆုံးစီရင် လိုက်ရှာတယ်။
နှမျောလိုက်တာ အတူးရယ်။ ဒီလိုကြွေရတဲ့ ပန်းတွေ ဘယ်လောက်တောင် များနေပြီလဲ။
သွားလေသူနင့်ကို အပြစ်တင်ရက်တယ်လို့ ပြောချင်ပြောတော့ အတူး။
တို့များ မိန်းကလေးတွေရဲ့ဘ၀က တစ်ချက်ကလေးမှ အမှားမခံဘူးဆိုတာကို နင်တို့ယောက်ျားတွေ သိနားလည်စေချင်တယ်။
စိတ်သာယာမှု ဆန္ဒနဲ့အတ္တအတွက် စောင့်စည်းအပ်တဲ့ စည်းကမ်းဘောင်ကို ကျော်ခဲ့ရင် နစ်နာရတာက မိန်းမသားတွေ။ အညှာလွယ်တာပဲဖြစ်ဖြစ်၊ မငြင်းရဲ မငြင်းရက်လို့ပဲဖြစ်ဖြစ် လိုက်လျောမိရင် ဒုက္ခရောက်ကြတာ မိန်းကလေးတွေပါ။
မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသိနိုင်ကြလေတော့ စောင့်စည်းကြတာ အကောင်းဆုံးပဲ မဟုတ်လား။
ငါက အဖွားကြီးအတွေး တွေးပြီးကျောက်ခေတ်ကို ပြန်သွားချင်သူလို့ နင်ပြောချင်လဲ ပြောပေါ့။ 
မူးရစ်သောက်စားပြီး ရိုးရာသင်္ကြန်ကို ထိန်းသိမ်းနေကြတာကို တော်တော်လေး ဘ၀င်မကျဘူး။
အဖွားတို့ အမေတို့ခေတ်က သင်္ကြန်မျိုးကို ထိန်းသိမ်းစေချင်တာ။ အဲဒီခေတ်တုန်းက သင်္ကြန်မှာ ပန်းတွေ ဘယ်မှာကြွေလို့တုန်း။ မြေပေါ်စီးကျတဲ့ အတာရေမှာ သွေးစွန်းတဲ့ရာဇ၀င်မျိုး မရှိခဲ့ဘူးလေ။
ငါတို့ခေတ်မှာတော့...
ကမ္ဘာမှာ မြန်မာဟာ အယဉ်ကျေးဆုံး လူမျိုးဆိုတာ ဟုတ်သေးလား..
သူများလူမျိုးတွေ သူတို့ရဲ့ နှစ်သစ်ကူးမှာ သောက်စားရမ်းကား ကြလို့လား...
အတွေးတွေ ခံစားချက်တွေ ပြည့်လျှံနေလို့ စာတွေရေးနေမိပြီ အတူးရေ..
လွမ်းတိုင်းရေးတယ်။ ခံစားရတိုင်းရေးတယ်။
အချိန်မတန်ခင် ပန်းတွေမကြွေအောင် အက္ခရာစာလုံးတွေကို သီကုံးနေတယ်လေ။
ငါ့ရဲ့ ကလောင်အစွမ်းဟာ ပန်းပင်တွေရှင်သန်ဖို့ လိုအပ်တဲ့ မြေတမှုန့်၊ ရေတစက်ပဲ ဖြစ်ချင်ဖြစ်မယ်။ ပင်ယံမှာလန်းနေတဲ့ ပန်းပွင့်တွေ ကြွေကျမသွားအောင် အလင်းဆောင်ပေးတဲ့ နေရာင်ခြည် တဖျောက်ကလေးပဲ ဖြစ်ချင်မယ်။ ပန်းတွေလှအောင် အထောက်အပံ့ပေးရတာကို ငါကျေနပ်တယ်။
နင့်ကိုလွမ်းနေရတာကိုလည်း ကျေနပ်တယ်။
ဘာလို့ အသစ်မရှာတာလည်း သိချင်လား အတူး။။ နင့်ကို လွမ်းရတဲ့ ဇာတ်လမ်းကို တစ်ခန်းရပ်ပြစ်ရမှာ နှမျောလို့။ လူတွေ တစ်ယောက်တစ်မျိုးစီ ရူးသွပ်ကြတယ် မဟုတ်လား။
တချို့လူတွေအတွက် အချစ်ကတဖန် ပြန်လည်မွေးဖွားခြင်းဆိုတာ ရှိတယ်။ ဒါတွေ ငါမလိုချင်တော့ပါဘူး အတူးရယ်။
ပျားရည်တစ်စက်အတွက် နာကျင်စရာတွေ ထပ်မလိုချင်တော့ဘူး။
အတူးကို ပေးခဲ့တဲ့အချစ်မျိုး နောက်တစ်ယောက်ကို မပေးချင်တော့ဘူး။
သန့်သန့်ရှင်းရှင်းလေး ချစ်ခဲ့တဲ့ အချစ်တွေကို အလွမ်းတွေနဲ့အတူ သိမ်းထားလိုက်တော့မယ်။
သင်္ကြန်ရောက်လာရင်တော့ အလွမ်း၊ဒဏ်ရာ၊အမှတ်တရတွေကို ပြန်ထုတ်ကြည့်မယ်လေ။
တစ်နှစ်မှာ တစ်ခါပွင့်တဲ့ ပိတောက်ပန်းကို ဘုရားကပ်ရင်း၊ အတူးတစ်ယောက် တမလွန်ဘသမှာ ပန်းတွေကို မြတ်နိုးတတ်သူ ဖြစ်ပါစေလို့ ဆုတောင်းပေးနေတယ်။ ကျေနပ်ပေးပါနော် အတူး။
သင်္ကြန်ရောက်ပြီ အတူးရေ...ပိတောက်ပန်းတွေလည်း ပွင့်နေပြီ။ 

ဆက်လက်ကြိုးစားပါအုံးမည်။

စံပယ်ဖြူ


သင်္ကြန်အတက်နေ့၊ ကျွန်မ၏မွေးနေ့ အမှတ်တရ၊ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ကို အလွမ်းဓာတ်ခံဖြင့် ရေးဖွဲ့သည်။






1 comment:

  1. sad ending....nice to read but not good to feel

    ReplyDelete