Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Sunday, 26 January 2014

လူချော






နှစ်တွေအတော်ကြာအောင် ပြန်မရောက်ခဲ့သော မြို့လေးထဲ တစ်ခေါက်ပြန်ရောက်ခဲ့လေပြီ။ မြို့လေးက အရင်လို နွေးနွေးထွေးထွေး မရှိတော့သလို။ ပူပြင်းခြောက်သွေ့သော နွေရာသီနှင့် လိုက်ဖက်အောင် မြို့လေးက သွေ့ခြောက် တိတ်ဆိတ်နေတော့သည်။ ဒီမြို့မှာ လူချော အထက်တန်း အောင်ခဲ့သည်။ လတ်ဆတ်တက်ကြွသော အထက်တန်းကျောင်းသား
ဘ၀က တကယ်ကို လွမ်းစရာ။ သောကြာနေ့ ညနေဆို မြို့ကနေ ရွာကိုအတူပြန်ကြသော ငယ်ပေါင်းသူငယ်ချင်းများကို လွမ်းဆွတ်မိတော့သည်။ ရွာရောက်ရင် သူတို့နှင့်တွေ့ရမည်။ 


ဆိုက်ကားမစီးပဲ ရွာကို လမ်းလျှောက်ပြန် ခဲ့သည်။ လွတ်လပ်ခြင်းတွေ အကျဉ်းချ ခံနေရသော ပတ်ဝန်းကျင်ကို ခဏထားခဲ့ပြီး၊ လူချော အမေ့ရွာကို ပြန်လာခဲ့ခြင်း ဖြစ်သည်။ ငယ်သူငယ်ချင်းများနှင့် စိတ်လွတ်လက်လွတ် နေရန်ကြံစည်ထားသဖြင့် ဇနီးနှင့် ကလေးများကို ခေါ်မလာခဲ့။


လွတ်လပ်ြခင်း အရသာကို လူချော အခုန်မင်ခဲ့ဆုံးအရာတစ်ခု။ လောကကောင်းကင်ပြင်မှာ တောင်ပံကို အဆုံးစွန်ထိ ဖြန်ု့ထွက်ပျံသန်းချင်ခဲ့သော လူချော၏ စိတ်ကူးများက စိတ်ကူးယဉ် ကမ္ဘာမှာပဲ ကျန်ခဲ့ပြီ။ လက်တွေ့ဘ၀မတော့ ကျစ်ကြိုးများ၊ ၀င်္ကဘာ ထောင်ခြောက်များနှင့် ရှုပ်ထွေးလှသော အသိုက်အ၀န်းတွင် ကို ကျွဲ ဖြစ်အောင် ပြောနေရသည်။ ကြာတော့ ရူးချင်သလို ဖြစ်လာသည်။ 

လယ်ကွင်းထဲက သူငယ်ချင်းများလို တွံတေးသိန်းတန် သီချင်းကို လွတ်လွတ်လပ်လပ် အော်ဆိုရသော ဘ၀ကမှ ပိုပြီးအဓိပ္ပါယ်ရှိသလို ခံစားမိသည်။ 

ဂျုံးဂျုံး ဂျုံ့ဂျုံ့ …… ဂျုံးဂျုံး ဂျုံ့ဂျုံ့……. ဂျုံးဂျုံး ဂျုံ့ဂျုံ့

စပါးအပြည့်တင်လာသော ထော်လာဂျီ ဖြတ်မောင်းသွားရာ ဖုန်တွေအလိပ်လိုက် ထကျန်ခဲ့တော့သည်။ လူချောတစ်ကိုယ်လုံး ဖုန်တွေနဲ့ ဖွေးသွား၏။ ခုမှ တကယ့် တောသား ပြန်ဖြစ်သွားသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က ကတ္တရာလမ်းဖောက်ရန် စီမံကိန်းချခဲ့သော ကားလမ်းမသည် ယခုတိုင် ဖုန်ထူ ဗွက်ထူသော မြေသားလမ်း အဖြစ်သာ ရှိနေသည်။ ထိုစဉ်အခါက လုပ်အားပေးစနစ်ဖြင့် တစ်မြို့နယ်လုံးက ရွာသားများ၏ ချွေးများးနှင့် ဖောက်ခဲ့သောလမ်း။ ပေနှစ်ဆယ်ကျော် ကျယ်သော လမ်းမကြီးပေါ်တွင် ကတ္တရာအစား ကျောက်စရစ်ခဲများ ဟိုတစ်ဒီတစ်စ ရှိပါ၏။ နှစ်တွေကြာ၍ မြေသားကျသွားသဖြင့် လမ်းမကြီးမှာ မြင့်ရာမှနိမ့်သွားရုံကလွဲပြီး ဘာမှပြောင်းမသွားခဲ့ပေ။ မိုးရာသီတွင် ဗွက်ထူ၍ နွေရာသီတွင် ဖုန်ထူ၏။
စီမံတိုင်းမဖြစ်၊ သူ့သဘော သူဆောင်သည့် အနတ္တသဘောဟုသာ မှတ်ရတော့မလို။

လူချော ကိုယ့်အတွေးနှင့်ကိုယ် လမ်းဆက်လျှောက်ရင်း ရွာဆီမှလာသော မင်္ဂလာသီချင်းသံကို ကြားရသည်။

တူနှစ်ဖြာ…. ဂဟေဆက်…..သွေမပျက်တဲ့ မေတ္တာ……

ဘယ်သူ မင်္ဂလာဆောင်ပါလိမ့်။ ပြန်လာရင်းကြုံလို့ နွဲရချည်သေး။

ဆိုင်ကယ်နှင့်လာနေသော လူငယ်တစ်ယောက်ကို မင်္ဂလာဆောင်သတင်း မေးလိုက်မိသည်။

“ဘယ်သူမင်္ဂလာဆောင် တာလဲ ညီ”

“အော်….. ကိုလူချော ပါလား။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ မလွင်လွင်နဲ့ ကိုအောင်မောင်းတို့ မင်္ဂလာဆောင်ဗျ။”

“ဟာ..”


လူချောတစ်ကိုယ်လုံး တောင့်တင်းသွားပြီး နှလုံခုန်ရပ်သွားသလို ခံစားလိုက်ရသည်။ လွင်လွင် မင်္ဂလာဆောင်တော့မယ်။
အသဲပေါက်မတတ် ချစ်ခဲ့ရသော အချစ်ဦး သူငယ်ချင်းမလေး။ လူချောအပေါ် သစ္စာရှိဖူးသူ။ ရိုးသားဖြူစင်သော မိန်းကလေး။
ရွာဘက်ကို ဦးတည်၍ လျှောက်လာသော ခြေလှမ်းများ နှေးကွေးလာသည်။ ရွာကို ပြန်ချင်စိတ် မရှိတော့။ သူငယ်ချင်းများကို ရင်ဆိုင်ရန် ခက်နေသည်။ လွင်လွင်တို့ မင်္ဂလာဆောင်ကို ကောင်းချီးဓောပနာ ပြုကြမည့် သူငယ်ချင်းများအကြား လူချော အနေခက်တော့မည်။ 

အောင်မောင်းဆိုသူကလည်း စိတ်ကောင်းရှိ၍ ရိုးဖြောင့်သော သူငယ်ချင်းဖြစ်သည်။ လွင်လွင့်အပေါ် တကယ်ကြင်နာ၍ သစ္စာရှိရှိ ပေါင်းသင်းမည့်သူ။ သို့ပေမဲ့ လွင်လွင့်ကို နှမျောမိသည်။ တကယ်ဆို လွင်လွင့် အပေါ် လူချောက သစ္စာမဲ့ခဲ့သူ။ အတ္တကို ရှေ့တန်းတင်မိ၍ ဖြူစင်သော လွင်လွင့်ကို ကျောခိုင်း ထားရစ်ခဲ့သူက လူချော။ 

နှလုံးသားတစ်ခုနှင့် အလဲအလှယ်ပြု ထုဆစ်ခဲ့သော လူချော၏ဘ၀သည်ကား အခြေခံ လူတန်းစားများနှင့် ကင်းကွာနေသော အရာရှိ မင်းခယောက်ျား။ ငယ်ငယ်က နားရည်ဝခဲ့သော စစ်သည်တော် တေးများက လူချောဘ၀ကို ပုံဖော်ပေးခဲ့သည်။
ဗမာပြည် ကာကွယ်မည်… ရင်ကိုထိသော သီချင်းစာသား။ ဆရာပြောပြသော ဗိုလ်အောင်ဆန်း အကြောင်းများက လူချော၏နှလုံးသားတွင် စွဲနေခဲ့သည်။ ဗိုလ်ချုပ်ကိုချစ်သည်၊ လေးစား အားကျသည်။ ဗိုလ်ချုပ်လို တိုင်းပြည်ကို ချစ်သော စစ်သားတစ်ယောက် ဖြစ်ချင်ခဲ့သည်။ အရိုးခံ စိတ်ကူးများနှင့် လူချော စစ်တက္ကသိုလ်ကို ရောက်ခဲ့သည်။

 ပုံသွင်းရလွယ်သော ၁၈နှစ်အရွယ်သည် ကျောက်တုံး အရိုင်းကလေးလို။

ထိုအချိန်က လူချော၏ နှလုံးသားသည် နုနုလေးနှင့် လတ်ဆတ်နေသည်။

နူးညံ့လတ်ဆတ်သည့် နှလုံးသားက အမေမှည့်ပေးထားသော လူချော ဆိုသည့်နာမည်ကို နှစ်သက်သည်။

မွေးကတည်းက လူပုံချော၍ ခန့်ညားမည့် လက္ခာပေါ်နေသဖြင့် အမေက လူချောဟု မည့်ခေါ်ခဲ့သည်။ ဆယ်တန်းအောင်သည်အထိ ကျောင်းနာမည်က လူချော။ ဗိုလ်သင်တန်းရောက်မှ အမေပေးခဲ့သည့် လူချော နာမည်ကိုပြောင်းလိုက် ရသည်။ နာမည်မပြောင်းလိုသော်လည်း ငြင်းဆန်ခွင့်မရှိ။ 

အမိန့်ဟူသမျှကို နာခံရမည် ဆိုသည့်စည်းကမ်းများက မိုးကောင်းကင်ကြီးအဆုံးထိ ပျံသန်းလိုသော လူချော၏ တောင်ပံများကို တုပ်နှောင်ထားလိုက်ပြီ။ လေးနှစ်တာ ကာလသည် ကျောက်တုံး ရိုင်းကလေးများကို အမိန့်နာခံတတ်ခြင်းဟူသော ပုံစံခွက်ထဲတွင် နေသားတကျ ဖြစ်စေခဲ့သည်။

ပတ္တမြားကျောက်နှင့် ဆင်တူအောင် သွေးထားသော အနီရောင်ကျောက်များလို။

တခါတရံ ကိုယ့်ကိုကိုယ် ပတ္တမြားအစစ်လို ထင်ယောင်ထင်မှား ဖြစ်မိသေးသည်။

ဖခုံးထက်မှ ရွှေရောင်အပွင့်များ၏ တန်ဖိုးကို သေချာပြန်စစ်ကြည့်မိလျှင်တော့ လိပ်ပြာမလုံသလို ခံစားရသည်။

တကယ်မရှိသော အရာများကို အရှိထင်နေကြသည့် ပညာမဲ့စာတတ်ပုဂ္ဂိုလ်များ၏ လမ်းစဉ်တွင် လူချောအလိုက်သင့် လွင့်မျောနေခဲ့ရင်းက သက်တမ်းတစ်ဝက် ရောက်ခါနီးလေပြီ။ ဘ၀အဓိပ္ပါယ်ကို ဖွေရှာဆန်းစစ်ဖို့ရန် မေ့လျော့နေခဲ့သည်။ ဂုဏ်အတုအယောင်များကို အဟုတ်ကြီးထင်မိသည်။ ရာထူးနေရာ ကောင်းကောင်းရအောင် အထောက်အပံ့ပေးနိုင်မည့် မိုးကျရွှေကို သမီးတစ်ဦးကို လက်ထပ်ခဲ့သည်။

လယ်ကွင်းထဲမှ သဘာဝဆန်ဆန် ကြီးပြင်းခဲ့သော လူချောနှင့် အခွင့်ထူးခံအလွှာမှ မရွှေချောတို့ စိတ်သဘောထားချင်း မတိုက်ဆိုင်လှ။ စိတ်ဘ၀င်မကျသည့်အခါတိုင်း ငယ်ချစ်ဦး လွင်လွင့်ကို သတိတရ တမ်းတမိသည်။

လွင်လွင်ဆိုသော သူငယ်ချင်းမလေး…ယခုအိမ်ထောင်ပြုလိုက်ပြီ။ ဆွေးရလေပြီ။

မောင့်ကို မေ့လိုက်နိုင်တာလား လွင်လွင်…

နှေးတုန့်စွာ လျောက်လှမ်းလာရင်း ရွာထိပ်ကို ရောက်လာခဲ့ပြီ။ ရှေ့မှလာနေသော သူငယ်ချင်း ဌေးလွင်က ၀မ်းသာအားရ ကြိုဆိုသည်။

“ဟာ..သယ်ရင်း လူချော မင်းပြန်လာတာ အချိန်ကောင်းပဲ။ တို့သငယ်ချင်းတွေ အားလုံး အတူတူဆုံကြတာပေါ့။ မနက်ဖြန် လွင်လွင်တို့ မင်္ဂလာဆောင်ရှိတယ်။ သိပြီးပြီမဟုတ်လား။”

           “အင်း ….သိပြီးပါပြီ။ ငါ့အိမ်ကို အရင်လိုက်ခဲ့အုံးကွာ သူငယ်ချင်း”

မျက်နှာမကောင်းလှသော လူချော အရိပ်အကဲ နားလည်စွာ ဌေးလွင် လူချောနောက်သို့ လိုက်ခဲ့လေသည်။ အိမ်ရောက်ပြီး အမေနှင့် မိသားစုကို တွေ့ဆုံနှုတ်ဆက် စကားပြောပြီးနောက် သူငယ်ချင်းနှစ်ဦး အိမ်နောက်ဖေး ချောင်းစပ်သို့ အတူဆင်းသွားကြလေသည်။

ငယ်ငယ်က မိုးရာသီတွင် ရေးချိုးရင်း ရေကူးဆော့ကစားခဲ့သော ချောင်းကလေးမှာ ရေခမ်းလုနေပြီ။ ၀ါကျင့်ကျင့် ချောင်းရေကို ငေး၍ ငြိမ်ချက်သားကောင်းနေသော လူချောကို ဌေးလွင်က စကားစလိုက်သည်။

           “ဘာလို့ တစ်ယောက်ထဲ ပြန်လာတာလဲ သငယ်ချင်း။ မိန်းမနဲ့ ကလေးကို ခေါ်ခဲ့ပြီးရော”

“သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် နေမယ်စိတ်ကူးပြီး ခေါ်မလာခဲ့တာ။ လွင်လွင့် မင်္ဂလာဆောင်နဲ့ ကြုံရလိမ့်လို့မှ မထင်ခဲ့တာ။”

“ အေးလေ…သူ့မင်္ဂလာပွဲမှာ မင်းပါရမီဖြည့်ပေးဖို့ အကြောင်းပါလာတယ်လို့ သဘောထားပါကွာ။ မနက်ဖြန် လက်ဖွဲ့ခန်းမှာ ကူပေးလှဲ့ကွာနော်။ ”

“အမှန်တိုင်းပြောရရင် ငါသူတို့ မင်္ဂလာဆောင်ကို မသွားချင်ဘူး သူငယ်ချင်း”

“အင်း..ငါနားလည်ပါတယ်သူငယ်ချင်း၊ မင်းရွာပြန်ရောက်နေမှတော့ မသွားပဲနေရင်လည်း မကောင်းဘူးလေ။ ငယ်ပေါင်း သူငယ်ချင်းတွေပဲကွာ။ ပြီးခဲ့တာတွေ မေ့ထားလိုက်ပြီး၊ ဖြူဖြူစင်စင် ရှေ့ဆက်ကြ တာပေါ့”

ဌေးလွင်ပြောစကားကို မငြင်းဆန်သာ၍ ငြိမ်နေလိုက်ရသည်။

ဟန်ဆောင်အပြုံး၊ မကြည်လင်သော အပြုံးများကို စိတ်ကုန်လွန်းသဖြင့် အမေ့အိမ် ခဏပြန်လာမိကာမှ လွင်လွင့်မင်္ဂလာဆောင်တွင် မချိသွားဖြဲ မျက်နှာပေးနှင့် ပြုံးရပြန်အုံးမည်။

မွန်းကြပ်လိုက်သည့် ဖြစ်ခြင်း။

♦♦♦♦♦♦   ♦♦♦♦♦♦   ♦♦♦♦  ♦♦♦♦   ♦♦♦♦♦♦

လွင်လွင်နှင့် အောင်မောင်းတို့ မင်္ဂလာဆောင်ကို လာကြသော ပုရိတ်သတ် အလွန်းများပါသည်။ နှစ်ဖက်မိဘ မိတ်နှင့် လူချစ်လူခင်ပေါသော သတို့သား သတို့သမီးတို့ကို လာရောက်ချီးမြင့် ကြသူများ မင်္ဂလာမဏ္ဍ အပြည့်။

သတို့သမီး လွင်လွင်၏ အလှမှာ ကျက်သရေမင်္ဂလာ ရှိလွန်းပါသည်။ ငယ်နုစဉ်က လှသွေးကြွယ်သော မျက်နှာပေါ်တွင် တည်ငြိမ်ရင့်ကျက်သော အလှတို့က အစားထိုးနေရာယူ ထား၏။

လွင်လွင့်မျက်နှာကို နှမျောတသစွာ ငေးကြည့်နေမိသော လူချောကို ဌေးလွင်က ပုခုံးပုတ်၍ သတိပေးသည်။

“သတိထားအုံး သူငယ်ချင်း။ ခုမှတော့ နှမျောတသသ ဖြစ်မနေနဲ့တော့လေ။

တကယ်ဆို အောင်မောင်းက မင်းမခူးချင်လို့ ထားခဲ့တဲ့ပန်းကို ဆွတ်ယူခဲ့တဲ့သူ။ လွင့်လွင့်ဘက်က နေပြီး မင်းကိုငါ တော်တော်နာကျည်းမိတာ။ ”

ဌေးလွင်၏ စကားသည် အနာကို လှံချွန်နှင့်ထိုးသလို နာကျင်ခံရခက်လွန်း ပါသည်။ မှန်လည်း မှန်နေသည်။ လူချောကိုယ်တိုင်က လွန်ခဲ့သည်မို့ ခွန်းတုန့်မပြန်ရဲ။

ဧည့်သည်များလာသည်နှင့်အမျှ လက်ဖွဲ့ငွေနှင့်ပစ္စည်းများ အဆက်မပြတ် လက်ခံနေရသဖြင့် ဌေးလွင်နှင့် လူချောတို့ တဖွဲ့အလုပ်များနေကြသည်။

လက်ဖွဲ့ငွေအားလုံးကို စာသင်ကျောင်းသို့လှူရန်  ငွေစာရင်းမှတ်ကြပြီး သူငယ်ချင်းတစ်စု ရွာအထက်တန်း ကျောင်းသို့ ထွက်လာခဲ့ကြသည်။  စာသင်ကျောင်း မိဘဆရာအသင်း ရံပုံငွေအတွက် အလှူငွေ သိန်းနှစ်ဆယ်ကို  ကြင်စဦး ဇနီးမောင်နှံကိုယ်စား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်း လိုက်သည်။

အခမ်းအနားမလို။ မှတ်တမ်းတင်စရာမလို။ သူငယ်ချင်းနှစ်ဦး၏ စေတနာကို လူချောကြည်ညို မိပါသည်။

ဆရာကြီး၏ မျက်နှာတွင် ကြည်နူးရိပ်များ သန်းနေသည်။

“ကောင်းတယ်ကွယ်.. နှလုံးကောင်းရှိကြတဲ့ ဆရာ့တပည့်တွေ။ ”

“လာမဲ့နှစ် ပညာရည်ချွန်ဆုအတွက် ငွေပိုသုံးနိုင်ပြီ။ နွမ်းပါးတဲ့ ကလေးတွေအတွက် ကျောင်းသုံးပစ္စည်းတွေလည်း ပိုထောက်ပံ့ပေးနိုင် တာပေါ့ကွယ်။

ဒီလို တပည့်မျိုးတွေ ရှိနေသရွေ့ ကျောင်းဆရာဘ၀ကို ဆင်းဆင်းရဲရဲနဲ့ ရပ်တည်ခဲ့ရတာကို ကျေနပ်တယ်။”

“ငါ့တပည့်လူချောလည်း ရွာပြန်ရောက်ခိုက် ဆရာတို့နယ် အခြေအနေလေး မျက်စိဖွင့်ပြီး ကြည့်သွားကွာ တပည့် ”
            “ဟုတ်…ဟုတ်ကဲ့ပါ ဆရာကြီး ”

ဆရာကြီး ပစ်လိုက်သော မြှားတစ်စင်း လူချောရင်ကို တည့်တည့်မှန်သွားပြီမို့ ဟုတ်ကဲ့ပါဟု ထစ်ငေါ့စွာ ပြန်ပြောလိုက်ရသည်။
ဆရာကြီးကို ဦးချကန်တော့ပြီး၊ ကျောင်းဝင်းထဲ လှည့်ပတ်ကြည့်မိသည်။

လူချောတို့ ပျော်ခဲ့ကြသော ကျောင်းကြီးသည်ကား အရင်အတိုင်း။ စာသင်ခန်းများမှာ အရင်ကလိုပဲ မီးအလင်းရောင်မရှိ၊ ပန်ကာမရှိ။ စာကြည့်တိုက်လည်း မတွေ့မိ။
ပန်ခါနီးကျောင်းပေါက်ဝ အရောက်တွင် ကျောင်းကြီးကို ခပ်ဆွေးဆွေး တစ်ချက်ပြန်ကြည့်မိသည်။ ကျောင်းကြီးက မိမိကိုယ် တစ်စုံတစ်ခု ပြောနေသယောင် ရင်ထဲမှာ တုန်လှုပ်မိသည်။ သူငယ်ချင်း ဌေးလွင်ကို ဖွင့်ပြောလိုက်သည်။

           “ကျောင်းကြီးက ငါ့ကို စကားတွေ ပြောနေသလိုပဲကွာ..”

           “သေချာတာပေါ့ သူငယ်ချင်း၊ ကျောင်းကြီးက မင်းကို စကားတွေပြောနေတယ်။
လာကွာ   လက်ဖက်ရည်ဆိုင် သွားရအောင်”

ဆိုင်ရှင်မအေးကို နှုတ်ဆက်ပြီး လက်ဖက်ရည် ပေါ့ကျနှစ်ခွက် မှာလိုက်သည်။ ခဏအကြာတွင် လမ်းမပေါ်မှ ရမ်းကားနေသော အသံကြားရသဖြင့် လှမ်းကြည့်လိုက်  မိသည်။ သူငယ်ချင်း ဂျင်ပု။ ဂျင်ပု၏ ဇာတ်ထုပ်ကို ဌေးလွင်က ပြောပြသည်။
စီးပွားရေး အဆင်အပြေသဖြင့် ကြံရာမသည့်အဆုံး နှစ်လုံးထီ သုံးလုံးထီ ဒိုင်လုပ်ရင်း ကြွေးပတ်လည် ၀ိုင်းနေသော ဂျင်ပု အရက်သမား လုံးလုံးဖြစ်နေသည်။ ဇနီးသယ်မှာ ဂျင်ပု၏ဒါဏ်ကို မခံနိုင်တော့သဖြင့် နောက်ယောက်ျား ယူသွားသည်။ ကလေးသုံးယောက်မှာ စားရမဲ့ သောက်ရမဲ့နှင့် ဘုန်းကြီးကျောင်းမှ ဆွမ်းကျန်များကို သွားစောင့်စား နေရသည်။

“ဟော ဟိုမှာကြည့် သူငယ်ချင်း၊ ဗိုက်ပူနံကား မျက်တွင်းဟောက်ပက်နဲ့ အာဟာရမပြည့်တဲ့ ကလေးတွေ။ အဲဒါ ဂျင်ပုရဲ့ ကလေးတွေ။ ဒီကလေးတွေ ဘယ်လိုလုပ်ပြီး ဥာဏ်ရည်မှီတော့မလဲ။”

စကားပြောကောင်းနေစဉ် ဖရဲသီးစိပ် လိုက်ရောင်းနေသော ခိုင်ခိုင့်ကို လှမ်းမြင်သည်။ လူချောတို့ကို နှုတ်မဆက်။ သူငယ်ချင်းများကို မခင်၍မဟုတ်။ သူမဘ၀ကို သိမ်ငယ်မိသဖြင့် လူချောတို့ကို မမြင်ဟန်ဆောင် သွားခြင်းဖြစ်သည်။ ခိုင်ခိုင်၏ ဇာတ်လမ်းကို ဌေးလွင်က ထပ်ပြောပြသည်။

ခိုင်ခိုင်နှင့် ဖိုးကျော် အိမ်ထောင်ကျ၊ ကလေးတစ်ယောက် ရပြီးနောက် ဖိုးကျော်မလေးရှားသို့ အလုပ်ထွက်လုပ်သည်။ လစာမကောင်းသဖြင့် တစ်လ တစ်သိန်းကို အနိုင်နိုင်ပို့ နေရသည်။ မလေးရှားသွားရန် အတိုးနှင့်ချေးယူထားသော အကြွေးဆယ့်ငါးသိန်း တစ်နှစ်နှင့်မကျေ။ အတိုးများက ပွားပွားလာသဖြင့် နှစ်နှစ်ပြည့်တော့လည်း မကျေ။ ခိုင်ခိုင်မှာ ကောက်စိုက် ဈေးရောင်းပြီး၊ ညစာမနက်စာ ရအောင် ရှာဖွေစားသောက်နေ ရသည်။ ကလေးကို ကျောင်းမပို့နိုင်။

မလေးရှားတွင် အလုပ်လုပ်သော ဖိုးကျော်မှာ သုံးနှစ်ပြည့်၍ အကြွေးများသာ ကြေအောင်ဆပ်နိုင်သည်။ အလုပ်သက်တန်းတိုးရန် ငွေမရှိသော့သဖြင့် အိုဗာစတေးဟုခေါ်သော တရားမ၀င်အလုပ်သမား အဖြစ်နေလိုက်သည်။ အပေါင်းအသင်းစုံနှင့်တွေ့ပြီး၊ အိမ်ကို ငွေမပို့တော့။ နောက်အိမ်ထောင် ပြုလိုက်သည်ဟု ကြားသည်။ ခိုင်ခိုင်ခင်မျာ ရှက်ဒေါသနှင့် ရွာမှာ မျက်နှာငယ်နေရသည်။

နောက်တစ်ယောက်က ကိုအောင်သူ..

လက်ဖက်ရည်ဆိုင်ရှင် မအေး၏ ယောက်ျား ကိုအောင်သူ စင်္ကာပူတွင် တရားမ၀င် အလုပ်လုပ်စဉ်က အဖမ်းခံရပြီး၊ ကြိမ်ဒါဏ် ရခဲ့သည်။ ယခင်က စင်္ကာပူ ကြိမ်ဒါဏ်သည် အလွန် နံမည်ကြီးသည်။ ရက်စက် ပြင်းထန်လွန်းသော ကြိမ်ဒါဏ်ကြောင့် ကိုအောင်သူ အဆုပ်နာရပြီး လူစဉ်မမှီတော့။ အလုပ်လည်း မလုပ်နိုင်တော့။ အဖမ်းမခံရမှီက ပို့ပေးထားသော ငွေအနည်းငယ်ကို မအေးက စုဆောင်းမိထားသဖြင့် လက်ဖက်ရည်ဆိုင်ထောင်ပြီး ၀င်ငွေရှာရသည်။

ဆက်ဆံရေးကောင်းသော မအေးတို့ လက်ဖက်ရည်ဆိုင်သည် စီးပွားရေး ကြပ်တည်းကြသည့်ကြားမှ အားပေးကြသူများနှင့် စည်ကားနေသည်။ မအေးသည် လက်ဖက်ရည်ဆိုင် ၀င်ငွေလေးဖြင့် သားသမီးများ ကျောင်းစရိတ် လောက်အောင် ချွေတာရင်း ပညာသင်ပေးသည်။ သားနှင့် သမီး အဝေးသင် ဘွဲ့ရပြီး၊ အလုပ်ကောင်းကောင်း မရသဖြင့် ဆိုင်တွင်ပြန်ကူ လုပ်ကြသည်။

တက္ကသိုလ်ဘွဲ့ရ ကိုအောင်သူမှာ စိတ်ကျရောဂါ ရနေသည်။ ဘွဲ့ရပြီး၊ ရန်ကုန်တွင် အလုပ်ကို အခွင့်အလမ်း မကောင်းသဖြင့် စွန့်စားပြီး၊ စက်ာပူထွက်ခဲ့ရာ သေရာပါသော ကြိမ်ဒဏ်ကို ရခဲ့သည်။ မြန်မာပြည် ပြန်ပို့ခံရပြီး၊ အိမ်ထောင်ဦးစီး တစ်ယောက်၏ တာဝန်ကို မယူနိုင်တော့။ အခြေခံပညာ အားနည်းသော အဝေးသင်ဘွဲ့ရ သားသမီးများကို ဦးဆောင်လမ်းပြ နိုင်သူမဖြစ်ခဲ့။ သားနှင့် သမီးကို ဘာအကြောင်းကြောင့်မှ နိုင်ငံခြားမပို့ရ ဟုသာ မအေးကို ပညတ်ထားသည်။

ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး၊ လူချော အသက်ရှူမ၀သလို ခံစားရသည်။

“မင်းစဉ်းစားကြည့် သူငယ်ချင်း။ ဒီလိုအခြေအနေတွေ ဖြစ်နေတာ မင်းတို့ငါတို့ မဆိုင်သလို နေသင့်သလား”

“ငါက ကျောင်းမှာ မပျော်ဘူး၊ လယ်ကွင်းထဲမှာပျော်လို့ ကျောင်းဆက်မတက်ပဲ လယ်သမားလုပ်တယ်။ မင်းက အရာရှိရုံးခန်းက ထိုင်ခုံကိုကြိုက်လို့ အရာရှိ လုပ်နေတယ်။ ဒါမင်းရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။ ”

“ဒါပေမဲ့ သူငယ်ချင်း ထိုင်ခုံပေါ်မှာနေပြီး၊ လူတွေရဲ့ နေ့စဉ်ဘ၀ အခြေအနေကို ခံစားနားထောင် သင့်တယ်။”

ကျောင်းကြီးက မင်းကို ပြောချင်တဲ့ စကားတွေကို ငါပြောပြမယ်။

သားကြီးလူချော..ပညာတော်တဲ့ မင်းကို ငါသိပ်အားကိုးခဲ့တယ်။ ဥပဓိရုပ်ဖြောင့်ပြီး လူရည်လည်တဲ့ မင်းကိုခေါင်းဆောင်ကောင်း တစ်ယောက်လို့ မျှော်မှန်းခဲ့တယ်။ တောသူတောင်သား လူတွေမွဲကြားထဲက ကြီးပြင်းခဲ့တဲ့မင်းဟာ လူမွဲတွေရဲ့ ဘ၀ကို နားလည်တတ်မယ်၊ ဒီလူတွေရဲ့ဘ၀ကို ကောင်းအောင် မင်းလုပ်ပေးမယ်လို့ မျှော်လင့်ခဲ့တာ။ ငါ့ရင်ခွင်ကနေ ခွဲထွက်သွားကြတဲ့ သားကြီး၊သားငယ်တွေ ဒိသာပါမောက္ခလို ပညာတွေပြည့်ဝတဲ့အခါ လူတွေအားလုံးနဲ့ တသားတည်း တထပ်တည်း ရှိနေစေချင်တာ။ ခုတော့ကွာ..အလွှာတွေက ခြားနေတယ်။ တစ်ယောက်ကို တစ်ယောက် မမြင်ကြဘူး။ မြင်အောင်လည်း မကြည့်ကြဘူး။

ငါ့ရင်ခွင်ထဲ ရောက်လာကြတဲ့ သားသမီးတွေ၊ မြင်စရာကို မြင်တတ်တဲ့ မျက်လုံးတွေရှိအောင် အခြေခံပညာတွေ ထည့်ပေးလိုက်တာ။ ထိုင်ခုံကောင်းကောင်းရဖို့နဲ့ ငွေရှာဖို့ အတွက်ပဲ မဟုတ်ဘူး။ သားကြီး… မင်းကတော့ ကောင်းစားနေတယ်။ မင်းတကယ် ပျော်ရဲ့လား။

ဟိုမှာကြည့် ငါ့သမီးတွေ ခေတ်ပျက်မှာ လင်ပြစ်ခံရတယ်။ လင်ဆိုးဒဏ်ကို မခံနိုင်ကြလို့ နောက်မီးလင်းကြတယ်။ ငါ့သားငယ်တွေ..မင့်ညီတွေလေ ဘွဲ့ရပြီး နိုင်ငံခြားမှာ ပန်းကန်ဆေးနေရတယ်။ မင့်ညီမငယ်တွေ အိမ်ဖော်သွားလုပ် နေကြတယ်။

           “တော်ပါတော့သူငယ်ချင်းရာ..ငါတောင်းပန်ပါတယ်။”

ကျောင်းကြီးက ၀င်ပူးနေသလို ပြောနေသော ဌေးလွင်၏စကားကို ဆက်နားမထောင်လိုတော့။ ရင်ထဲမှာ ဆို့နင့် ကြေကွဲလာသည်။

“ ဆောရီးပဲ သူငယ်ချင်း။ ခံစားရလို့ ပြောမိတဲ့ စကားတွေ၊ လွန်တယ်ထင်ရင်တော့ ခွင့်လွတ်ကွာ။ ကျောင်းကြီးသာ စကားပြောတတ်ရင် အဲဒီလိုပဲ ပြောမှာ။           

“ မင်းပြောတာတွေကို ငါနားလည်တယ် ဌေးလွင်။ ဒါပေမဲ့ ငါတို့အကြောင်း မင်းနားမလည်တာတွေ အများကြီးရှိတယ်။”

“ ငါလည်း လူတစ်ယောက်ပါ။ နှလုံးသား ရှိတယ်။ ကိုယ့်လူမျိုးကို ချစ်တတ်တယ် သူငယ်ချင်း။ အလွှာတွေခြားနေလို့ မမြင်မိတာတွေ ရှိတာကိုတော့ ၀န်ခံပါတယ်။ ”

“ဟုတ်ပါတယ်၊ ငါနားမလည်တာတွေ အများကြီးပါ။ မင်းကို ဆရာတွေ၊ ငါတို့ သူငယ်ချင်းအားလုံးနဲ့ ရွာသားတွေက အထင်ကြီး အားကိုးခဲ့ကြတယ် ဆိုတာလေးကို သိတရစေချင်တယ်။ ဌေးလွင်တို့က ပါလို့ရတဲ့ နေရာက ၀င်ပါဖို့ အဆင်သင့်ပဲ သူငယ်ချင်း။ ပြောင်းလဲနိုင်တာတွေ ပြောင်းလဲပေးကြပါလို့ တောင်းပန် ချင်တယ်။”

“ သွားစို့ သူငယ်ချင်း၊ မင်းနားချင်ရောပေါ့။”


သူငယ်ချင်းနှစ်ဦး နှုတ်ဆက် အိမ်ပြန်ခဲ့ကြသည်။

ညကကောင်းကောင်း အိပ်မပျော်။ သည်ညလည်း အိပ်ပျော်မည် မထင်။ အတွေးပေါင်းစုံနှင့် ရင်မောရပါသည်။ ဌေးလွင်ပြောသော စကားများ နားထဲတွင် ပဲ့တင်ထပ်နေသည်။

လွင့်လွင့် မျက်နှာက တခါတခါ အာရုံမှာ ပေါ်လာသည်။ လွင့်လွင့်ကို ကျောခိုင်းပြီး ဆောက်တည်ခဲ့သော ဘ၀တစ်ခုသည် နေပျော်စရာ ကောင်းပါ၏လော။ အလွှာခြားနေသော သီခြားကမ္ဘာသည် ပြီးပြည့်စုံမှု ရှိပါ၏လော။ တည်မြဲ ခိုင်ခံ့နေပါမည်လား။ ပုံသေနည်းလွဲနေသော ပုစ္ဆာမို့ လွယ်လွယ်လေးနှင့် ဖြေရခက်နေသည်။

တွေးရင်း လူချော မေ့ခနဲ အိပ်ပျော်သွားသည်။ အိပ်မက်ထဲတွင် အကြောင်းအရာ ပေါင်းစုံ။ နိုးလာလိုက် ပြန်အိပ်ပျော် သွားလိုက်၊ အိပ်မက်မက်လိုက်။

အိပ်မက်ထဲတွင်…

စက်မှုလယ်ယာ စီမံကိန်းတွင် ဌေးလွင်က တက်တက်ကြွကြွ။

လွင်လွင်နဲ့ အောင်မောင်း စာသင်ကျောင်းမှာ ကျောင်းသားများကို အာဟာရတွေ ကျွေးနေကြရင်း ပြုံးပြုံးပျော်ပျော်။

ဆရာကြီးက စာကြည့်တိုင်ဖွင့်ရန် ဆော်သြ တရားဟော။ ကိုအောင်သူက စာကြည့်တိုက်မှာ လုပ်အားပေး တာဝန်ယူ။

ဟော ဂျင်ပု အရက်ပြတ်သွားပြီ။

ခိုင်ခိုင့် ယောက်ျား မယားနဲ့ သားကို လွမ်းလို့ ပြန်ရောက်လာပြီ။

ကျောင်းကြီး..ကျောင်းကြီးက စိမ်းလန်းစိုပြေ နေသည်။

ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ။ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း။ ကျောင်းသားကလေးများ၏ မျက်နှာ တောက်ပလန်းဆန်း နေသည်။

ကျောင်းကြီးက လူချောဆီရွေ့လာသည်။ လူချောပုခုံးကို လာပုတ်သည်။

           “အိပ်မောကျနေလိုက်တဲ့ သားကြီး၊ မိုးလင်းတော့မယ်….ထတော့လူချော”

လူချော လန့်နိုးသွားသည်။ မိုးလင်းခါနီးပြီ။

တကယ်မိုးလင်းတော့မှာ ပါလား။


စံပယ်ဖြူ

၂၆၊၀၁၊၂၀၁၄။

လူချောများအားလုံးအတွက် မေတ္တာဖြင့် ရေးဖွဲ့သည်။


No comments:

Post a Comment