` ကရင်ဈေးရောင်း - င်ဟောင်းလောင်း`ဆိုတဲ့စကားကိုကြားဖူးကြမလားမသိဘူး။ ကရင်တွေဈေးရောင်းစားပြီ ဆိုရင် အမြတ်မထွက်တဲ့အပြင် လုံချည်ပုဆိုးတောင်ဝတ်စရာမကျန်အောင် တက်တက်ပြောင်အရှုံးပေါ် ရတဲ့အဖြစ်ကို စကားပုံ နှိုင်းထားတာပါ။ သဘောအလွန်ကောင်းပြီး ရိုးသားကြတဲ့ ကျွန်မတို့ကရင်လူမျိုးများဟာ ရောင်းဝယ်ဖေါက်ကား စီးပွါး ရှာကြတဲ့နေရာမှာတော့ အားနာတတ်ကြပြီး၊ တိကျပြတ်သားမှု မရှိကြတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြပါဘူး။
ကျွန်မတို့အဖေလည်း အဲဒီလိုကရင်ဈေးရောင်းခဲ့ပါတယ်။ အရင်တုန်းကဆိုရင် ကျွန်မတို့ရွာမှာ ၀ါခေါင်လကုန်လောက် စပါးတွေစိုက်ပြီးလို့ ကောက်ရိတ်သိမ်းချိန် တန်ဆောင်မုန်းလအထိ လယ်သမားတွေအားနေကြ ပါတယ်။ သားသမီးတွေ အတွက် ကျောင်းစရိတ်လိုတဲ့ အဖေကတော့ အဲဒီသုံးလေးလအတွင်းမှာ ဆန်အရောင်းအ၀ယ်လုပ် ပါတယ်။ ရွာအနီး တ၀ိုက်က စပါးတွေကိုဝယ်ပြီး ဆန်ကြိတ်ရောင်းတာပါ။ ရိုးသားပြီး ကတိတည်တဲ့အဖေ့ကို ရွာက သူဌေးတွေက ယုံယုံ ကြည်ကြည်နဲ့ စပါးအကြွေးရောင်းပေးကြပါတယ်။ ဆန်ကြိတ်ရောင်းပြီး ငွေပေါ်မှ အရင်စပါးဖိုးကိုဆပ်ပြီး၊ နောက်ထပ် စပါးကိုအကြွေးနဲ့ဝယ်နိုင်တာမို့ ငွေအရင်းအနှီးမလိုပဲ ကြီးပွါးချမ်းသာနိုင်တဲ့ သမာအာဇီဝ အလုပ်ပါ။ ဒါပေမဲ့ အင်မတန် အားနာတတ်တဲ့ ကျွန်မတို့အဖေက လူတိုင်းကိုဆန်အကြွေးရောင်း ပါတယ်။ အချိန်တန်တော့ အကြွေးကိုကျေအောင် ဆပ်တဲ့သူရှိသလို ပြန်မဆပ်တဲ့သူတွေကြောင့် အဖေ့ရဲ့အမြတ်ငွေတွေဟာ ဆန်အကြွေးဆုံးတဲ့သူတွေဆီမှာ ကျန်နေခဲ့ တာများပါတယ်။ တခါတလေ အရင်းထဲကတောင်ပါတာမို့ လယ်ထဲကစပါးကိုရောင်းပြီး အဖေအကြွေးဝယ်ထားတဲ့ စပါးဖိုးတွေကို ပြန်ဆပ်ရပါတယ်။
ကျွန်မတို့နယ်တ၀ိုက်မှာ သဘောကောင်းတဲ့ အဖေ့သတင်းက နံမည်ကြီးပါတယ်။ တခါကဆို လှည်းဆိပ်ဆိုတဲ့ ရွာက ကရင်တစ်ယောက် အိမ်ကိုရောက်လာပါတယ်။ ကိုယ့်ကရင်အချင်းချင်းမို့ ဖာထိ(ဦးလေး)ဆီ တကူးတက လာရကြောင်း။ ကိုယ့်ကရင်အချင်းချင်းပဲ စီးပွါးဖက်ဆက်ဆံရတာ အဆင်ပြေကြောင်း။ အဖေ့ဆီက ဆန်ကိုဝယ်ပြီး သူ့ရွာမှာတဆင့် လက်လီပြန်ရောင်းမှာဖြစ်ကြောင်း။ ရေရှည်လက်တွဲပြီး အလုပ်လုပ်ဖို့အတွက် ဖာထိဆီကို လာရကြောင်း ရွှေမန်းတင်မောင် ရှုံးလောက်တဲ့ အပြောတွေကို သဘောကျတဲ့အဖေက တပြုံးပြုံးနဲ့။ ကိုယ့်စိတ်နဲ့နှိုင်းပြီး လူတကာကိုယုံလွယ်တတ်တဲ့ အဖေက တရွာသားကို ဆန်အကြွေးတ၀က် လက်ငင်းတ၀က်နဲ့ ရောင်းပေးတဲ့အပြင် နေ့လည်စာ တောင်ကျွေးလိုက်ပါသေး တယ်။ အကြွေးဝယ်သွားတဲ့ ကျေးဇူးရှင်ကတော့ ဘယ်သောအခါမှ ပေါ်မလာ တော့ပါဘူး။ ကျွန်မတို့အဖေစီးပွါးရှာတာအဲဒီလို။
စည်းကမ်းကြီးပြီး ပြတ်သားတဲ့အမေ့ရဲ့ကရင်ဈေးရောင်းနည်းကတော့ တကယ့်ကို
စနစ်ကျပါတယ်။ အမေက သူ့နယ်ဖြစ်တဲ့ ပန်းတနော်မှာပေါတဲ့ ငရုတ်သီး၊ ငါးပိ၊ သင်ဖြူးဖျာတွေကို ဖေါက်သယ်ဈေးနဲ့ဝယ်ပြီး၊ ကျွန်မတို့နေတဲ့ ကျုံပျော်မြို့နယ်က အဖေ့ရွာတ၀ိုက်မှာ ပြန်ရောင်းပါတယ်။ ဈေးဆိုင်တွေကို အဓိကပြန်ရောင်းတာမို့ ငွေတစုတည်း လက်ငင်းရပါတယ်။ သာမန် စားသုံးသူတွေ၊ တဆင့်လက်လီပြန်ရောင်းချင်တဲ့သူတွေ အကြွေးဝယ်ချင်ရင်တော့ အမေက နဲနဲရောင်းပေးကြည့်ပါတယ်။ ပြန်မဆပ်ရင် နောင်အကြွေးမရောင်းတော့ဘူး။ ဒါသဘာဝကျ ပါတယ်။ ခြံထဲမှာ ဟင်းရွက်မျိုးစုံစိုက်တဲ့ အမေဟာ အိမ်စားဖို့ ထက်ပိုရင် ဈေးပေါပေါနဲ့ရောင်းပါတယ်။ အလကားတော့အမေက မပေးပါဘူး။ အမေ့ကိုအားကျပြီး ဟင်းရွက်စိုက်ချင်ရင် တော့ မျိုးပင်နဲ့ မျိုးစေ့တွေကို အချိန်မရွေး အလကားပေး ပါတယ်။ ကိုယ်တိုင်အပင်ပန်းခံ မစိုက်ပျိုးပဲ သူများစိုက်ပြီးသားကို အလကားခူးစားချင်တာမျိုးကို အမေကမကြိုက်ပါဘူး။ အမေသာ အဖေ့လိုသဘောကောင်းရင် ခြံထဲက အသီးအရွက်တွေကို ကျွန်မတို့ စားဖို့ တောင်ကျန်မှာ မဟုတ်ပါဘူး။
အဖေ့နည်းတူ စီးပွါးရှာသူကတော့ အဖေ့ယောက်ခမ ကျွန်မတို့အဖိုးပါပဲ။ သမီးငါးယောက်မွေးထားတဲ့ အဖိုးဟာ သမက် တွေထဲမှာ သူနဲ့တူတဲ့အဖေ့ကို အလွန်သဘောကျပါတယ်။ အဖိုးက ဘ၀တလျှောက်လုံး အင်းလုပ်ပြီး အသက်မွေးပါတယ်။ သူ့အင်းထဲကငါးတွေကို လာသမျှတူ၊တူမတွေ၊ ဆွေမျိုးတွေ လိုချင်သလောက်ယူ၊ ကြိုက်သလောက်သယ်၊ အဖိုးက အလကားပေးပါတယ်။ အချိန်တန်ရင် အင်းကအမြဲရှုံးပါတယ်။ အင်းသိမ်းလို့ အကြွေးပူရင်တော့ အဖိုးက အမေ့ပစ္စည်းတွေကို ရောင်းပြီးအကြွေးဆပ် ပါတယ်။ အမေ့ခမျာ အဖေနဲ့အဖိုးရဲ့ဒဏ်ကို ခံခဲ့ရပါတယ်။ နှစ်စဉ်အင်းရှုံးတဲ့ အဖိုးကတော့ ဆောင်းရာသီရောက်ရင် ၀တ်စရာအနွေးထည်တောင် မရှိပါဘူး။ အမြင်မတော်လို့ အဒေါ်တွေကပိုက်ဆံစုပြီး အနွေးထည် တခါဝယ်ပေးဖူး ပါတယ်။ ဒါပေမဲ့ အဖိုးကခရီးသွားရင်း လမ်းမှာ အနွေးထည်မရှိတဲ့ လူတစ်ယောက်ကို သူ့အနွေးထည် ပေးလိုက်ပါတယ်။ ကျွန်မတို့ အဖိုးက ဝေသံသရာ မင်းကြီးကို အားကျပုံရပါတယ်။
`အရင်းမစိုက်လေထိုးလိုက်` ဆိုတဲ့စကားအတိုင်း ကရင်၊ဗမာစုပေါင်းနေထိုင်ကြတဲ့ ကျွန်မတို့နယ်က လက်လုပ်လက်စား လူတန်းစားအများစုဟာ စာရင်းငှားအလုပ်၊နေ့စားအလုပ်တွေကို ကြုံရာကျပန်းလုပ်ပြီး ရပ်တည်ကြပါတယ်။ သူတို့သား သမီးတွေဆိုရင် မူလတန်းနဲ့ကျောင်းထွက်ပြီး ငါးဖမ်းရောင်း၊လယ်ဂဏန်း နှိုက်ရောင်းပြီး ငွေရှာကြရပါတယ်။ တချို့ကတော့ လယ်ထဲကိုင်းထဲမှာ အလကားရတဲ့ ကန်စွန်းရွက်၊ဖလောင်တောင်မွှေး၊ ကောက်ရိုးနွယ် စတဲ့ဟင်းရွက်တွေကို ခူးပြီးရွာထဲ လှည့်ရောင်းတာ ဆန်ဖိုး၊ဆီဖိုးရကြပါတယ်။ ငွေအနည်းငယ် ရင်းနှီးနိုင်သူတွေကတော့ မြို့ပေါ်ကဟင်းရွက်တွေကို ဖေါက်သယ် ယူပြီး ဟင်းရွက်ရှားတဲ့ ရွာတွေကိုလှည့်ရောင်းကြတာ ပင်ပန်းသလောက် တွက်ခြေကိုက်ကြပါတယ်။ ပင်ပန်း ဆင်းရဲခံနိုင်ကြတဲ့ ကျွန်မတို့နယ်သားတချို့ဟာ ရိုးရိုးသားသား ဈေးရောင်းစားရင်း ချွေတာစု ဆောင်းတတ်ကြလို့ ချောင်ချောင်လည်လည် နေနိုင်ကြပေမဲ့ အသုံးအစားမတတ်သူများကတော့ ဆင်းရဲတွင်းနက်လျှက်ပါပဲ။
ဈေးရောင်းသူတွေထဲမှာ ကိုယ်တိုင်စိုက်တဲ့ဟင်းရွက်ကို ပျော်ပျော်ရွှင်ရွှင် ရွာစဉ်လှည့်ရောင်းတဲ့ ဦးဘုန်းဆိုတဲ့ အဘိုးအို တယောက်ကတော့ ကျွန်မဘ၀မှာ မှတ်မှတ်ရရရှိခဲ့ပါတယ်။ ကျွန်မတို့ရွာကို ဦးဘုန်းဟင်းရွက်လာရောင်းတဲ့နေ့ဆိုရင် နောက်ဆုံးရောင်းလို့မကုန်တဲ့ ဟင်းရွက်တွေနဲ့ အိမ်ကို ရောက်လာပါတယ်။ ကျန်နေတဲ့ဟင်းရွက်တွေကို အဖိုးအခမပြောပဲ ပေးချင်သလောက် ပေးစေပါတယ်။ အိုကြီးအိုမအရွယ်ထိ ကိုယ့်အားကိုယ်ကိုးရုန်းကန်နေတဲ့ ဦးဘုန်းကိုတော့ အမေက ရက်ရက်ရောရော ပေးကမ်းပါတယ်။ ဟင်းရွက်တွေကို အကုန်ယူထားပြီး ဦးဘုန်းသယ်နိုင်သလောက် ဆန်တွေကို သူ့ဈေးတောင်းထဲ ထည့်ပေးလိုက်ပါတယ်။ ဟင်းရွက်ရောင်းကောင်းတဲ့ နေ့တွေဆိုရင်တော့ ဦးဘုန်းက ကျွန်မတို့ကြိုက်တဲ့ ဖက်သန်းသီးတွေကို မရောင်းပဲချန်ထားပြီး မောမောပန်းပန်းနဲ့ အိမ်ကိုရောက် လာပါတယ်။ အိမ်မှာနေ့လည်စာစား၊ စကား စမြည်ပြော၊ တရေးတမောအိပ်ပြီး ညနေရောက်မှ ဦးဘုန်းပြန်ပါတယ်။ ကရင်ပီပီ ငါးပိရည်ကြိုက်တဲ့ဦးဘုန်းဟာ တရွာလုံး ကြိုက်တဲ့ အမေ့ငါးပိကို မြိန်ယှက်စွာ အားပေးပါတယ်။ အားရပါးရစားသောက်ပြီးရင် ကျေးဇူးတင်တတ်တဲ့ ဦးဘုန်းက သူ့နှလုံးသားထဲကလာတဲ့ ချစ်ခြင်းတွေနဲ့ ဆုတောင်းမေတ္တာပို့ပါတော့တယ်။
ထမင်းစားပြီးရင် ရေနွေးကြမ်းသောက်ရင်း ဦးဘုန်းက ပုံတိုပတ်စလေးတွေ ပြောပြပါတယ်။ ဦးဘုန်းပြောတဲ့ ပုံပြင်လေး တပုဒ်ကို (ကရင်ဈေးရောင်းခြင်းနဲ့မဆိုင်ပေမဲ့) ပြန်ပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်လောက်က ပြောခဲ့တာ ဆိုတော့ အကုန်လုံးကို အသေးစိတ်မမှတ်မိတော့ ပါဘူး။ တခါတုန်းက ဘုရင်ကြီးတပါးမှာ ပညာရှိ အမတ်ကြီးတဦးရှိပါသတဲ့။ ဘုရင်ကြီးက ပြဿနာတစုံတရာကို ဆွေးနွေးတိုင်း အမတ်ကြီးက ဖြစ်သမျှအကြောင်း အကောင်းချည်းပါဘုရားလို့ လျှောက် ပါသတဲ့။ တနေ့မှာ ဘုရင်ကြီးရဲ့လက်ကို ဘာကောင်ကိုက်တယ်ဆိုလား၊ ဒဏ်ရာရပြီး လက်ချောင်းတစ်ချောင်း ပြတ်သွား (ဖြတ်လိုက်ရ) ပါသတဲ့။ အဲဒီကိစ္စကို အမတ်ကြီးနဲ့ ဆွေးနွေးတော့ ဖြစ်သမျှအကြောင်း အကောင်းချည်းပါဘုရားလို့ လျှောက်ပြန်သတဲ့။ လက်ချောင်းပြတ်တာကို အကောင်းပါဘုရားလို့ လျှောက်တဲ့အတွက် ဘုရင်ကြီးက အမျက်တော်ရှပြီး အမတ်ကြီးကိုနှင်ထုတ်လိုက်သတဲ့။
အမတ်ကြီးမရှိတော့တဲ့နောက်ပိုင်း ဘုရင်ကြီးဟာ တောကစားထွက်ရင်း မျက်စိလည်ပြီးလမ်းပျောက်သွား ပါသတဲ့။ တပါးတည်း လမ်းပျောက်နေချိန်မှာ လူတစုက ယစ်ပူဇော်ဖို့ ဘုရင်ကြီးကိုဖမ်းသွားပါသတဲ့။ ယစ်ပူဇော်ခါနီးမှာဘုရင်ကြီး ကိုသေချာစစ်ဆေးကြည့်တော့ လက်တစ်ချောင်းပြတ်နေတာကိုတွေ့လို့ အင်္ဂါမစုံဘူးဆိုပြီး ယစ်မပူဇော်တော့ပဲ ပြန်လွတ် လိုက်ပါသတဲ့။ ဘုရင်ကြီးလည်း အဲဒီတော့မှ အမြင်မှန်ရပြီး အမတ်ကြီးက နန်းတော်ပြန်လာဖို့ ခေါ်ပါသတဲ့။ ကြုံလာသမျှ လောကဓံကို သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းတတ်ဖို့နဲ့ အရာရာကိုအကောင်းမြင်တတ်ကြဖို့ ဦးဘုန်းက ကျွန်မတို့ကို ပုံပြင်လေးနဲ့ဆုံးမလိုက်တာပါ။ ဦးဘုန်းကသူကိုယ်တိုင် လောကကိုအကောင်းမြင်ပြီး၊ ပင်ပန်းဆင်းရဲစွာ ဟင်းရွက်ပင်စိုက် ဟင်းရွက်ရောင်းရတဲ့ဘ၀နဲ့ ပျော်ပျော်နေသွားတာပါ။ သားသမီးမထွန်းကားပဲ မကျန်းမာတဲ့ဇနီးအိုကို ချစ်မြတ်နိုးစွာနဲ့ရိုးမြေ ကျပေါင်းသင်း စောင့်ရှောက်သွားတဲ့ အဖိုးအိုပါ။ ဒီလိုအညတရဟင်းရွက်သယ် အဖိုးအိုဆီက ကျွန်မအတွက်ဘ၀သင်ခန်း စာတွေ အများကြီးရလိုက်ပါတယ်။
`မလှူတတ်ရင် ဈေးရောင်း` ဆိုတဲ့စကားအတိုင်း အမြတ်ကြီးမစားပဲ စနစ်တကျဈေးဆိုင်ထောင်ပြီး၊ ကြီးပွါးနေတဲ့ ကျွန်မတို့ ရွာအနီးက ကရင်ဦးလေးတယောက်အကြောင်းကိုလည်း ပြောပြချင်ပါတယ်။ ဆင်းရဲခဲ့တဲ့ဖာထိဟာ ဘ၀နာခဲ့ပေမဲ့ ကြီးပွါး ချမ်းသာလာတဲ့ အချိန်မှာတော့ ဆင်းရဲသားတွေအပေါ် အလွန်ညှာတာပါတယ်။ သူ့ရဲ့ကုန်စုံဆိုင်ဟာ မြို့ပေါ်ကဆိုင်တွေထက် ဈေးပိုသက်သာပါတယ်။ အနီးအနားရွာတွေက ကုန်စုံဆိုင်အသေးလေးတွေဆို ကုန်တွေကိုမြို့ပေါ်မှာမယူပဲ ဈေးသက်သာတဲ့ ဖာထိရဲ့ဆိုင်မှာဖေါက်သယ်ယူ ကြပါတယ်။ ရွာအလှူ ပွဲ၊ မင်္ဂလာဆောင်ပွဲတွေမှာ ချက်ဖို့လိုတဲ့ အာလူး၊ ကြက်သွန်စတာတွေ ကို ဖာထိရဲ့ဆိုင်မှာပဲဝယ်ကြတော့ အမြတ်နဲနဲ နဲ့ရောင်းအားကေင်းတာမို့ စီးပွါးဖြစ်တာပါ။ သူ့ဆိုင်မှာ ဈေးရောင်းဖို့ကိုပဲ အလုပ်သမားဆယ်ယောက်လောက် ခန့်ထားရပါတယ်။ ဆွေးမျိုးမကင်းကြတဲ့ သူ့ရဲ့အလုပ်သမားတွေဟာ ပေးကမ်းရက် ရောတဲ့ ဖာထိအပေါ်သစ္စာရှိကြ ပါတယ်။ (၁၉၈၈)အရေးအခင်းတုန်းက ဆန်မရှိလို့ထမင်းမစားရတဲ့ ဆင်းရဲသား တွေကို သူတို့အိမ်က နေ့တိုင်းထမင်းကျွေးခဲ့လို့ တနယ်လုံးကချီးကျုးကြရပါတယ်။ နောက်ပိုင်းမှာ ဖာထိကိုရွာလူကြီးအဖြစ် ခန့်တော့ သူကရွာသားတွေဘက် အမြဲရပ်တည်ခဲ့တာကြောင့် အချုပ်ခံရတော့မလိုတောင် ဖြစ်ခဲ့ပါသေးတယ်။ ကျွန်မတို့ တိုင်းပြည်မှာ ဒီလိုပုဂ္ဂိုလ်မျိုး များများရှိလာတဲ့ အချိန်ကျရင်တော့ ကမ္ဘာမှာ`မြန်မာ`လို့ ဂုဏ်ယူနိုင်ကြမှာပါ။
တိုတောင်းလှတဲ့ လူ့ဘ၀မှာ လူတန်းစေ့နေနိုင်ဖို့ပဲဖြစ်ဖြစ်၊ သမုဒ္ဒရာဝမ်းတထွာအတွက်ပဲဖြစ်ဖြစ် ငွေရှာကြတဲ့အခါမှာ ရိုးသားကြမယ်၊ စည်းစနစ်ရှိကြမယ်၊ ကိုယ်ချင်းစာတရားရှိကြမယ်ဆိုရင် ဘယ်အလုပ်မျိုးမဆို ကုသိုလ်လည်းရ ၀မ်းလည်းဝ နိုင်ပါတယ်။ `ရိုးသားမှုဂုဏ် စားမကုန်` ဆိုတဲ့စကားကို ယုံကြည်ကြမယ်ဆိုရင် ကံ၊ဥာဏ်၊ ၀ိရိယကို အရင်းပြုရှာဖွေလို့ ရလာတဲ့ ထမင်းလုပ်တွေဟာ ဘေးဥပါဒ်ကင်းပြီး၊ အာဟာရလည်းပြည့်၊ အရသာလည်းရှိတာမို့ စားဝင်အိပ်ပျော် ကြမှာဖြစ် ပါတယ်။ ဖြစ်ချင်တာတွေ မဖြစ်ရတဲ့လောကမှာကျင်လည်နေရတဲ့ ကျွန်မတို့တတွေ ဦးဘုန်းလို ရလာတဲ့ဘ၀ပေးအခြေ အနေကို ကျေကျေနပ်နပ်လက်ခံတတ်ပြီး၊ အမေ့လို စည်းစနစ်၊၀ိရိယရှိကြဖို့ လိုပါတယ်။ အဖေ့လိုနေရာတကာ အားနာတတ် ပြီး၊ အဖိုးလို အရှုံးအမြတ်မတွက်ပဲ စီးပွါးရှာရင်တော့ မကြီးပွါးနိုင်ဘူး ဆိုတာကို သင်ခန်းစာယူကြရမှာပါ။ နောက်ဆုံးဖော်ပြ ခဲ့တဲ့ ဦးလေး(ဖာထိ)လို ကြံရည်ဖန်ရှိပြီး၊ စိတ်ရင်းစေတနာကောင်းနိုင်ကြရင် ငှက်တသောင်းနားခိုနိုင်တဲ့ သစ်တပင်ကောင်း ဖြစ်ရတာမို့ လူဖြစ်ရကျိုးနပ်တယ်လို့ ဂုဏ်ပြုချီးကျူးချင် ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
(စံပယ်ဖြူ)
အပြင်စီးမဂ္ဂဇင်း၊အမှတ် ၁၁၊နိုဝင်ဘာလ ၂၀၁၁
No comments:
Post a Comment