Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Saturday, 12 January 2013

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲမှတ်တမ်း


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သော ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲ အခမ်းအနားကို ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့တွင် SM ကုန်တိုက်ခန်းမ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဆရာဦးသက်ဆွေမှ အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာမ မစန္ဒာမှ ၀တ္ထုတပုဒ်ကို ဖန်တီးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကျော်ရင်မြင့်မှ ဘ၀ဇာတ်ခုံပေါ်က ခေတ်သစ်ပုံပြင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ)မှ အပြောင်းအလဲအား ရှာကြည့်ခြင်းနှင့် ဘေးမှရပ်ကြည့်သူ၏ အမြင် ခေါင်းစဉ်ဖြင့်လည်းကောင်း  ဟောပြောခဲ့ကြသည်။
စာရေးဆရာမ မစန္ဒာမှ ၀တ္ထုတပုဒ်ကို ဖန်တီးခြင်း ခေါင်းစဉ်ကို ပထမဆုံးဟောပြောခဲ့သည်။ စာရေးဆရာ (၃)မျိုး ရှိသည်။ အချို့စာရေးဆရာများသည် အပြောကောင်းသည်၊ စာရေးမကောင်း၊ အချို့က စာရေး ကောင်းသည် အပြောမကောင်း၊ အချို့က အပြောလည်းကောင်း အရေးလည်းကောင်း ကြသည်။ စာရေးဆရာ (၃)မျိုးရှိသကဲ့သို့ စာအမျိုးအစားလည်း (၃)မျိုးရှိသည်။ ပထမတမျိုးမှာ ကွမ်းရေနှင့်တူသော အပျော်ဖတ် စာများ ဖြစ်သည်။ ကွမ်းကို အတော်အတန် ၀ါးပြီးလျှင် ကွမ်းရည်များကို ထွေးပြစ်ရသည်။ ကြာကြာဆက်၍ ၀ါးပြီးလျှင် ကွမ်းဖတ်အားလုံးကို ထွေးထုတ်ပြစ်ရသည်။ အပျော်ဖတ်သက်သက်ဖြစ်သော စာများသည် အရည်လည်းမရ အဖတ်လည်းမရသဖြင့် ကွမ်းရည်တူသော စာဖြစ်သည်ဟု ဆိုပါသည်။ ဒုတိယ စာအမျိုးအစားမှာ ကြံရည်နှင့်တူသော စာဖြစ်သည်။ ကြံကို အရည်ညှစ်လျှင် အဖတ်ကိုပြစ်ရပြီး၊ အရသာ ရှိသော ကြံရည်ကိုသောက်ရသည်။ ၀တ္ထုသည် ကြံရည်နှင့်တူသော စာဖြစ်သည်။ အသိုင်းအ      ၀ိုင်းနှင့် ရေးဖွဲ့ထားသော ၀တ္ထုတပုဒ်တွင် မလိုအပ်သည်များကိုဖယ်၍ ကြံရည်နှင့်တူသော အနှစ်သာရရှိသည့် စာများ မှတ်သားစရာကျန်သည်။ တတိယစာ အမျိုးအစားမှာ နို့မလိုင်နှင့်တူသော စာဖြစ်သည်။ ထိုစာမျိုးသည် အရည်ရော အဖတ်ပါရသော အာဟာရပြည့်ဝသည် စာပေဖြစ်သည်ဟု ဆိုပါသည်။
ဝတ္ထုရေးခြင်းကို ငါးဖမ်းခြင်းနှင့် နိုင်းပြခဲ့သည်။ ၀တ္ထုတိုရေးခြင်းသည် မှိန်းနှင့်ထိုး၍ ငါးဖမ်းခြင်းနှင့်တူသည်။ ငါးကိုစောင့်၍ ချက်ကောင်းမိအောင် မှိန်းနှင့်ထိုးနိုင်မှ ငါးတကောင်ရသည်။ ထို့နည်းတူပင် ၀တ္ထုတိုရေးသူ သည် ငါးရအောင် ထိထိမိမိရေးနိုင်ရသည်။ ၀တ္ထုရှည်ရေးခြင်းသည်  ပိုက်ကွန်ဖြင့် ငါးဖမ်းခြင်းဖြစ်သည်။ ပိုက်ကွန်ဖြင့် ငါးဖမ်းလျှင် အကောင်ရေများစွာ ရသကဲ့သို့ ၀တ္ထုရှည်ရေးသားခြင်းဖြင့် စာရေးသူပေးလိုသော မက်ဆေ့များကို များများပေးနိုင်သည်။ သို့သော်လည်း တခါတရံ ရေသာကျယ်၍ ငါးမရတာမျိုး ဖြစ်နိုင်သည်။ စာရေးမည်ဆိုလျှင် မိမိပိုင်နိုင်သော အကြောင်းအရာကို ထိထိမိမိရေးနိုင်ပါလျှင် ငါးများများ ရနိုင်သည်။ ၀တ္ထုရေးခြင်းသည် ရင်ထဲမှစကားကို စာဖြင့်ပြောခြင်းဖြစ်သည်။ စာရေးသူနှင့်သိသော လူများအကြောင်းကို အခြားသူများသိအောင် စာရေးပြောခြင်း၊ မျှဝေခံစားနိုင်အောင် ရေးခြင်းဖြစ်သဖြင့် အတင်းပြောခြင်း ဟုဆိုနိုင် သည်။ စာရေး၍အတင်းပြောခြင်း၊ မိမိသိသော အကြောင်းအရာများကို အများသိအောင်ရေးခြင်း၌ ရသပါ အောင်ရေးရသည်။ တွေးရပါသည်။ အတွေးမှန်မှ အရေးမှန်မည်ဟု ဆိုပါသည်။
စာရေးရာတွင် မိမိကိုယ်တိုင် တွေ့ကြုံရသော အကြောင်းအရာများကို အခြေခံ၍ရေးမှသာ ထိထိမိမိ ရေးသားနိုင်ကြောင်းကို ဆရာမ မစန္ဒာက သူမ၏ ဆဋ္ဌဂံဝတ္ထု ရေးဖြစ်ခဲ့ပုံနှင့် ဥပမာပေး ဟောပြောခဲ့သည်။ မစန္ဒာသည် စာစရေး၍ နံမည်ရခါစ အချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ဘ၀အကြောင်းကို ၀တ္ထု ရေးချင်ခဲ့သည်။ သို့သော် ကိုယ်တိုင်ကိုယ်ဝန်ဆောင်ဖူးသည့် အတွေ့အကြုံမရှိသဖြင့် ရေး၍မရခဲ့။ ဆေးကျောင်းသူများနှင့်အတူ မွေးခန်းသို့လိုက်၍ ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးသည်ကို သွားကြည့်ခဲ့သော်လည်း၊ ကိုယ်ဝန်ဆောင် မီးဖွားသည့် မိခင်များအကြောင်း မရေးနိုင်ခဲ့ပါ။ ဆရာမ မစန္ဒာကိုယ်တိုင် အိမ်ထောင်ကျ ကလေးမွေးပြီး၊ အတွေ့အကြုံများ စုံလာသောအချိန်ရောက်မှ ကိုယ်ဝန် ဆောင်မိခင်ဘ၀ကို သရုပ်ဖော်ထားသည့် ဆဋ္ဌဂံ ၀တ္ထုကို ရေးဖြစ်ခဲ့သည်။ ထို့ကြောင့် ကိုယ်တကယ်သိသော အကြောင်းအရာကို ရေးသင့်ကြောင်းနှင့် မသိသောအကြောင်းအရာကို ရေးလျှင် မပီပြင်နိုင်ကြောင်း ဟောပြောအကြံပေး ပါသည်။
ဆရာမ မစန္ဒာမှ သူမရေးခဲ့သော ၀တ္ထုအချို့အကြောင်း မှတ်သားစရာများကို ဟောပြောခဲ့ပြီး၊ ငွေတာရီ ရေးစပ်ခဲ့သော သာသည့်မြေသို့ ကဗျာနောက်ဆုံးပိုဒ်ဖြစ်သည့်
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။
ကိုရွတ်ဆို

နိဂုံးချုပ် စကားပြောခဲ့သည်။ ပြည်ပသို့ရောက်နေကြသော မြန်မာလူငယ်များ ပစ္စည်းဥစ္စာနှင့် အတတ်ပညာများ  စုဆောင်းပြီးပါက အမိမြေသို့ ပြန်တိုင်းပြည်ကို ထူထောင်ကြရန် လေးလးနက်နက် တိုက်တွန်းခဲ့သည်။
ဒုတိယမြောက် ဟောပြောသူအဖြစ် ဆရာကျော်ရင်မြင့်မှ ဘ၀ဇာတ်ခုံပေါ်က ခေတ်သစ်ပုံပြင်  ခေါင်းစဉ်ဖြင့် ဟောပြောပါသည်။ ဆရာကျော်ရင်မြင့်သည် ဖခင်ကကျောင်းဆရာ ဖြစ်သောကြာင့် စာပေနှင့်နီးစပ်ခဲ့ရသည်။ အဖေ့ကျေးဇူးကြောင့် စာပေဖြင့်အသက်မွေးခွင့် ရခဲ့သည်ဟုဆိုပါသည်။  ဆရာသည်စာမှန်သမျှ အားလုံးကို ဖတ်သည်။ ဆိုင်းဘုတ်မှစာများ၊ အိမ်သာတွင်ရေးသော စာများမကျန် အကုန်ဖတ်သည်။ ထိုသို့တွေ့ရာ စာအားလုံးဖတ်ရင်း အခန်းနံရံတွင်ရေးထားသည့် လဲသော်ခဏ၊ ချက်ချင်းထမယ်၊ ဘ၀ပစ်တိုင်းထောင် ဟူသော စာတပိုဒ်ကိုလည်း ဖတ်ဖြစ်ခဲ့သည်။ ထိုစာပိုဒ်က ဆိုထားသည့်အတိုင်း ကြုံလာသော ဒုက္ခမှန်သမျှကို ရင်ဆိုင် ပြန်ထနိုင်အောင် ကြိုးစားကြရမည်။ လက်ရှိအချိန်သည် ပြန်ထနိုင်သော အချိန်ဖြစ်သည်။ မျက်စိဖွင့် နားဖွင့် အသိအမြင် ဗဟုသုတများကို တိုးပွားအောင်ကြိုးစား ကြရမည်ဟု ဆုံးမပြောကြားခဲ့သည်။
ဆရာကျော်ရင်မြင့်သည် မြန်မာပြည်အနှံ့ လှည့်လည်သွားလာပြီး မြန်မာလူမျိုးများအကြောင်း စာရေးရန် စိတ်ကူးရသဖြင့် လူမျိုးစုံတို့၏အကြောင်းကို ဘ၀ဇာတ်ခုံအမည်ဖြင့် စာရေးခဲ့သည်။ ရေးခဲ့သော ဘ၀ဇာတ်စုံ များအနက် မခိုင်ဆိုသော အမျိုးသမီးအကြောင်းကို ပြောပြခဲ့သည်။ မခိုင်သည် ရွှေဘိုမြို့နယ် ရွာလေးတရွာမှ အလွန်ဆင်းရဲသော မိသားစုတွင် ပေါက်ဖွားခဲ့သည်။ အသက် (၁၃)နှစ်အရွယ်တွင် ငှက်ဖျားဖြစ်သော မောင်အတွက် ဆေးကုစရာငွေမရှိသဖြင့် အဖေဖြစ်သူက အိမ်ထောင်သယ် ဘိန်းမှောင်ခိုသမားတဦးနှင့် ပေးစားခဲ့သည်။ ထိုယောက်ျားနှင့် (၂) လပေါင်းပြီး နှိပ်စက်သည့်ဒဏ်ကို မခံနိုင်တော့သဖြင့် မိဘထံပြန်လာခဲ့ သည်။ မခိုင်တွင် ကိုယ်ဝန်ပါလာသဖြင့် ပတ်ဝန်းကျင်က ရှုံ့ချမှုကိုခံခဲ့ ရသည်။ ထို့နောက် ငွေရှာရန် မန္တလေးသို့သွားရင်း အကူအညီပေးမည်ဆိုသော လူတစုက မခိုင်ကို ပြည့်တန်ဆာအိမ်တွင် ရောင်းစားလိုက် ကြသည်။  ပြည့်တန်ဆာအိမ်သို့လာသော နိုင်ငံခြားသားတစ်ဦး၏ ကူညီမှုကြောင့် မြန်မာတဦးက မခိုင်ကို လာရောက် ကယ်ထုတ်သွား ကြသည်။ ထိုနိုင်ငံခြားသားက မခိုင်အားလက်ထပ်လိုသည်ကို လက်မခံသော ကြောင့်ဖခင်က မခိုင်ကို ဆူပူရိုက်နှက်ခဲ့သည်။
မခိုင်သည် သားအိမ်ကင်ဆာဖြစ်သော အမကို ဆေးမကုပေးနိုင်ခဲ့ပါ။ အမ ကွယ်လွန်ခါးနီးအချိန်တွင် စားချင်သော ၀က်အသဲကိုပင် ၀ယ်မကျွေးနိုင်ခဲ့။ အမ သေသောအခါ ရွားသားများက အခေါင်းပြင်မပေးပဲ ဖျာလိပ်နှင့်ထုတ် မြေမြှုပ်ခဲ့သည်။ မခိုင်သည် စိတ်နာလွန်း အမကိုမြှုပ်သော မြေပုံမှ မြေတဆုပ်ကိုကိုင် နောင်တွင် အမလို ဆေးမကုနိုင်သော လူများကိုဆေးကုပေးနိုင်အောင်၊ စားချင်တာမစားနိုင်သော လူများကို စားစရာကျွေးနိုင်အောင် ကြိုးစားမည်ဟု သစ္စာဆိုခဲ့သည်။ ထိုနောက် ရွာမှထွက်လာစဉ် လူကြီးတယောက်ကို လူငယ်တဦးက ထိုးကြိတ်နေသည်ကိုတွေ့သဖြင့် မခိုင်က ၀င်ကူပေးခဲ့သည်။ ထိုလူငယ်မှာ ရဲဖြစ်နေသဖြင့် မခိုင် အချုပ်ခံခဲ့ရသည်။ ထိုးကြိတ်ခံရသော လူကြီးမှာ အငြိမ်းစားကျောင်းဆရာ ဖြစ်သောကြောင့် သူ့တပည့် များက မခိုင်ကို အချုပ်ခန်းမှလွတ်အောင် ကူညီခဲ့ကြသည်။ ဆရာကြီးက မခိုင်ကို ငွေငါးသောင်း ပေးသဖြင့်၊ ထိုငွေဖြင့် ဈေးဆိုင်ဖွင့်နိုင်ခဲ့သည်။ အသက် ၁၅နှစ် ၁၆နှစ်အရွယ် ရုပ်ရည်ချောမော လှပသော မခိုင်သည် ဈေးရောင်းကောင်း ငွေကြေးချောင်လည်လာသည်။ ရွှေလုပ်ငန်း လာလုပ်သော ကုမ္ပဏီသူဌေးက မခိုင်အား ကူညီ စောင့်ရှောက်ရာမှ မခိုင် ကြီးပွားချမ်းသာလာခဲ့သည်။ ကုမ္ပဏီသူဌေး၏ အငယ်အနှောင်း ဖြစ်ခဲ့ပြီး ပိုင်ဆိုင်မှု အချို့ကို ရခဲ့သည်။ ပတ်ဝန်းကျင်က မခိုင်ကို လင်များသော ပိုင်းလုံးမဟု ဝေဖန်ရှုံ့ချ ကြသည်။ ချမ်းသာနေပြီ ဖြစ်သော မခိုင်သည် ယခုလက်ရှိ မန္တလေးမြို့တွင်နေထိုင်လျှက် အေအိုင်ဒီစက် ရောဂါသယ် (၉၇)ဦးကို ဆေးကုသပေးပြီး ကျွေးမွေးစောင့်ရှောက်ထားသည်။
မခိုင်၏ ဘ၀ဇာတ်ကြောင်းကို ပြောပြပြီးနောက် မှတ်သားစရာ ပုံပြင်အချို့ကို ပြောပြပါသည်။ ဆင်းရဲဒုက္ခ ရောက်သည့်အခါ စိတ်ဆင်းရဲနေ စိတ်ဓာတ်ကျနေမည့်အစား လွတ်မြောက်ရာကို ရအောင်နည်းလမ်းရှာ ကြိုးစားသင့်ပုံကို လယ်သမားနှင့် မြည်းတကောင် အကြောင်းပြော ဥပမာပေးခဲ့သည်။ လယ်သမားတဦး တွင်မြည်းတကောင်ရှိရာ၊ တနေ့တွင် မြည်းသည် ရေတွင်းဟောင်းထဲ လိမ့်ကျသွားသည်။ လယ်သမားသည် ခိုင်းစားမရသော မြည်းအိုကို တွင်းထဲမှထွက်နိုင်အောင် မခေါ်ထုတ်လိုသောကြောင့်၊ ရွာသားများကို အကူ အညီခေါ် တွင်းကိုမြေဖို့ကြသည်။ ထိုအခါ မြည်းက ကိုယ်ပေါ်ကျလာသော မြေကြီးများကို ခါခါချသည်။ ထိုသို့ ခါချရင်း တဖြေးဖြေး မြေကမြင့်မြင့်လာပြီး၊ တွင်းနှုတ်ခမ်းနားထိ ရောက်လာသဖြင့် ရေတွင်းထဲမှ ခုန်ထွက်လွတ်မြောက် လာခဲ့ရသည်။ ယနေ့လူငယ်များလည်း မြည်းကိုဥပမာယူ ကြိုးစားကြရန် တိုက်တွန်း ဆုံးမခဲ့သည်။
ဆရာကျောင်ရင်မြင့်က မြန်မာလူမျိုးများနှင့် သဘာဝတူသော ဂဏန်းများအကြောင်းကိုလည်း ပြောပြခဲ့ပါ သည်။ ဂဏန်းများ၏သဘာဝသည် တကောင်က အပေါ်သို့တက်လျှင်  ကျန်သောဂဏန်းများကို မတက်နိုင် အောင်ဆွဲချကြသည်။ ထိုသို့ အပေါ်တက်သော ဂဏန်းတိုင်းကို ဆွဲချကြသောကြောင့် အပေါ်သို့ မရောက်နိုင်ကြသကဲ့သို့ မြန်မာတို့လည်း အချင်းချင်းဆွဲချနေသဖြင့် မတိုးတက်ပဲ ရှိနေကြသည်။ မိမိအား တိုက်ခိုက်လာသူကို ပြန်ရန်မူ တိုက်ခိုက်လျှင် အချိန်ကုန် လူပင်ပန်းဖြစ်ပြီး ဖောက်ထွက်နိုင်မည် မဟုတ်။ တုန့်ပြန်တိုက်ခိုက်ခြင်း မပြုပဲ မိမိယုံကြည်ရာကို တစိုက်မတ်မတ် ကြိုးစားရမည်။ မိမိအနိုင်ရရေးအတွက် သာမက၊ အချင်းချင်းရိုင်းပင်းကူညီရင်း အောင်ပွဲခံနိုင်အောင် ကြိုးစားကြရန် တိုက်တွန်း  နိဂုံးချုပ်စကား ပြောခဲ့ပါသည်။
တတိယမြောက်နှင့် နောက်ဆုံးဟောပြောသူမှာ ဆရာခင်မောင်ညို (ဘောဂဗေဒ) ဖြစ်ပါသည်။ ဆရာခင်မောင် ညိုက အပြောင်းအလဲအား ရှာကြည့်ခြင်းနှင့် ဘေးမှရပ်ကြည့်သူ၏ အမြင် ခေါင်းစဉ်ကို မဟောပြောမှီ စာရေးဆရာမ မြနဒီနှင့်အတူ နှစ်ကိုယ်တူချစ်သမျှကို သီချင်းကို သီဆိုခဲ့သည်။ သီချင်းဆိုပြီးနောက် မြန်မာပြည် အနာဂတ်အတွက် နှစ်ကိုယ်တူချစ်ကြရန် လိုကြောင်း အစချီ ဟောပြောခဲ့သည်။ လက်ရှိ အမေးများနေသော မေးခွန်းနှစ်ခုရှိသည်။ ပထမမေးခွန်းမှာ မြန်မာပြည် အပြောင်းအလဲများသည် နောက် ပြန်လှည့်မလား ဆိုသည့်မေးခွန်းဖြစ်သည်။ ဒုတိယမေးခွန်းမှာ ပြည်ပရောက်မြန်မာများက မေးကြသော ကျွန်တော်တို့ ဘယ်တော့ပြန်ရမလဲ၊ ပြန်လာရတော့မှာလား ဆိုသည့်မေးခွန်း ဖြစ်သည်။
အပြောင်းအလဲနှင့် ပတ်သက် စေတနာနှင့် လုပ်ရည်ကိုင်ရည် ရှိကြရန်လိုအပ်သည်။ တိုင်းပြည်တပြည်တွင် လူကြီးတဦး ကောင်းနေရုံနှင့် ပြောင်းလဲတိုးတက်လာမည် မဟုတ်။ အစိုးရ၊ ပါတီများနှင့် လွှတ်တော်အတွင်း၌ စေတနာပါ လုပ်ရည်ကိုင်ရှိသူ အရေအတွက် များများရှိရန်လိုသည်။ ပြည်သူကို ဂရုစိုက်သောအကျင့်၊ ပြည်သူကို အလုပ်အကျွေးပြုသော အကျင့်များရှိကြရန်လိုပါသည်။ လက်ရှိအခြေအနေတွင် ပြောင်းလဲနေ သည်များ ရှိသလို မပြောင်းလဲသေးတာတွေလည်း ရှိနေသည်။ တကယ်ပြောင်းလဲမှာလားဟု မေးနေသူများ မိမိကိုယ် တိုင်က တကယ်ပြောင်းလဲပြီလား ဆိုတာကို ပြန်မေးသင့်ပါသည်။ တိုင်းပြည်က ဘာလုပ်ပေးမလဲ ဆိုတာကို မမေးပဲ ကိုယ်က တိုင်းပြည်ကို ဘာပြန်လုပ်ပေးမလဲ ဆိုတာကိုမေးကြရန် ဆရာခင်မောင်ညိုက တိုက်တွန်း ပြောကြားပါသည်။
ပြည်ပရောက် မြန်မာများမေးနေသည့် ပြန်လာရတော့မလား ဆိုတာနှင့်ပတ်သက်၍ စဉ်းစားစရာများကို ဆွေးနွေးပြောပြခဲ့ပါသည်။ နိုင်ငံခြားတွင် ရှိနေစဉ် မျက်စိ၊နားနှင့် ခေါင်းများဖွင့်ထားရမည်။ နိုင်ငံခြားတွင် ငွေရှာပြီး အိမ်သို့ပို့လျှင် ငွေသုံးစွဲနည်းကိုပါ သင်ပေးရန်လိုသည်။ ပြည်တွင်းတွင်နေကြသူများက ပျော်ရာတွင် တော်အောင် နေကြရမည်။ ပြည်ပရောက်နေသူများက တော်ရာမှာ ပျော်အောင်နေရင်း၊ တော်ရာမှာ တော်အောင် ကြိုးစားကြရမည်။ ပြည်ပရောက် မြန်မာလုပ်ငန်းရှင်များ အနေဖြင့် မြန်မာလူမျိုးများကို ၀န်ဆောင်ပေး သည့်လုပ်ငန်းထက် တဆင့်တက်သင့်သည်။ မလေးရှားမှ မြန်မာလုပ်ငန်းရှင်များနှင့် မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံသားများထံမှ ငွေမည်မျှရအောင် ယူနိုင်သလဲဆိုသော မေးခွန်းကို ဖြေကြရန်လိုသည်။ မလေးရှားလုပ်ငန်းရှင်များ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေချိန်တွင် သူတို့နှင့်အတူ မြန်မာပြည်ကို ပြန်ကြမလား ဆိုတာကိုလည်း စဉ်းစားနိုင်သည်။ အိမ်ရှင်က ဧည့်သည်ဖြစ်ပြီး၊ ဧည့်သည်က အိမ်ရှင်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ပြည်ပရောက်မြန်မာများ တော် အောင်တတ်အောင် ကြိုးစားပြီး ပြန်လာကြရန် မှာကြားပါသည်။ ပြည်တွင်း၌ရှိနေသူများက နိုင်ငံခြားမှ ပြန်လာသူများအတွက် လက်ခံနိုင်သော နေရာရှိအောင် ကြိုးစားမည်။ ကိုယ့်တာဝန် ကိုယ်သိပြီး၊ ရသင့်ရထိုက်သော အခွင့်အရေးများအတွက် လုပ်ရဲကိုင်ရဲရှိကြရန် တိုက်တွန်းမှာ ကြားပါသည်။
နှစ်ကိုယ်တူချစ်သမျှကို သီချင်းအတိုင်း အဘနှင့် အမ (သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်) ချစ်ခင် ကြရန်လိုပါသည်။ တိုင်းသူပြည်သား အချင်းချင်းလည်းချစ်ခင် ကြရန်လိုသည်။ အဘနှင့် အမ ဆက်၍ချစ်ကြ ပါစေ။ ချစ်ခြင်းကို ခွဲသူများ မပေါ်ပါစေနှင့်ဟု ဆန္ဒပြုလျှက် နိဂုံးချုပ်စကား ပြောခဲ့ပါသည်။

 မှတ်မှိမျှကို ပြန်လည်မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်...

No comments:

Post a Comment