Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Monday, 25 February 2013

အပယ်ခံပန်း၏ ရင်တွင်းဖြစ်

ရိပ်မွန်ဓမ္မာရုံမှ ဆရာတော် တရားဟောသံကို ကြည်လင်ပြတ်သားစွာ ကြားနေရသည်။ တရားသံက ကျွန်မ နှလုံးသားကို ငြိမ်သက်အေးချမ်းစေပါသည်။ တရားဓမ္မဖြင့်သာ လူသတ္တ၀ါတို့တို့အား တည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင် စွမ်းဆောင်နိုင်သည်ဟု ဆရာတော်မိန့်ကြားမှုကို နှစ်သက်လွန်းသဖြင့် မျက်ရည်ပင် လည်ရပါသည်။
မှန်လှပါအရှင် ဘုရား။

အမေနှင့် အထီးကျန်စွာ ဘ၀ကိုဖြတ်သန်းခဲ့သော နှစ်ဆယ်ကျော် ကျွန်မတသက် သည်လိုတရားမျိုး တကြိမ်တခါမှ မနားဖူးခဲ့ပါ။ ဗုဒ္ဓဘာသာဖြစ်သော အမေသည် တရားလည်းမနာ၊ ဘုန်းကြီးကျောင်းလည်း သွားလေ့မရှိ။ ကျွန်မတို့နေသော အိမ်ရာအတွင်းရှိ ရိပ်မွန်ဓမ္မာရုံသည် ကျွန်မတို့ သားအမိအတွက် မတန်မရာ နေရာ ဖြစ်နေသည်။ ရိပ်မွန်ဓမ္မာရုံမှ နှစ်စဉ်ကျင်းပသော ၀ါဆိုအလှူ၊ ကထိန်အလှူများကို သဒ္ဓါစိတ်ပေါ်လို့ သွားမိရင်တောင် ကျွန်မတို့ သားအမိကို အရေးလုပ်ခေါ်ပြောမည့်သူ ရှိမည်မထင်။

အမေသွားသော နေရာများမှာ ရှော့ပင်းစင်တာ၊ ခေတ်မှီဗျူတီစလွန်း။ ထိုနေရာများကသာ အမေ့ကို ပျူငှာစွာ ကြိုဆိုကြသည်။ အမေရှေ့ဆက်ရပ်တည်ရန်  လှပကျော့ရှင်း နေဖို့လိုသည်။
အမေသည် တသက်လုံးလှနေပါ မည်လား။
အမေအိုလာ လို့အလှတွေ ပျက်ယွင်းလာတဲ့အခါ ကျွန်မတို့ သားအမိ ဘယ်လိုစခန်းသွား ရပါမည်လဲ။
ကျွန်မဘ၀ရှေ့ရေးအတွက် အမေ ဘာတွေစဉ်းစားထားသလဲ ကျွန်မသိလိုပါသည်။
တစ်လကို တစ်ကြိမ် နှစ်ကြိမ်ရောက်လာ တတ်သော အဖေဆိုသည့် လူကြီးကို ကျွန်မ မခင်တွယ်ပါ။
အငယ်အနှောင်း များသော အဖေ့ကို တဏှာရူးကြီးလို့ စိတ်က ပြစ်မှားနေမိသဖြင့် နေ့စဉ်အပြစ်များ ရနေသည်။

သားအမိဖြစ်နေသော်လည်း ကျွန်မက အမေ့လို ပါရမီမပါပေ။
ကျွန်မရုပ်ရည် အတော်အတန် ကြည့်ကောင်း သော်လည်း အလှပြင်သော အလုပ်ကို ကျွန်မ ၀ါသနာမပါ။
အပယ်ခံ ပန်းတပွင့် လှနေလို့လည်း တင့်တယ် လာမည်မဟုတ်။

အချို့ယောက်ျားများ၏ အကြည့်များကို ကျွန်မ ရွံမုန်းမိပါသည်။
အမေနှင့် အဖေတို့၏ သမီးဖြစ်ရသည့်အတွက် ယောက်ျားများက ကျွန်မကို မြတ်နိုးတန်ဖိုး ထားစရာ မိန်းကလေးလို့ မမြင်ကြတော့။
ငယ်ငယ်ကတည်းက ပျောက်ဆုံးခဲ့သော ယုံကြည်ချက်များ အသက်ကြီးလာလေ အစရှာမရတော့လေ ဖြစ်လာခဲ့သည်။ ဒဏ်ရာများနဲ့ နာကျင်ခဲ့ရသော ငယ်ဘ၀ နေ့ရက်ကိုလည်း မမေ့နိုင်ခဲ့ပါ။

ကျွန်မ ငယ်ငယ်က အခြားကလေးများနည်းတူ ပျော်ရွှင်လွတ်လပ်စွာ ကစားခွင့်မရခဲ့ပါ။
ညနေရောက်လျှင် ကလေးများအားလုံး အိမ်ရာမြေကွက်လပ်သို့ ဆင်း၍ကစားကြသည်။
ကျွန်မလည်း သူတို့နှင့်အတူ သွားဆင်းကစားခဲ့ ပါသည်။ ကျွန်မသွားကစားပြီဆိုရင်  အခြားကလေးတွေကို မိဘများက ပြန်ခေါ်သွား ကြသည်။
သူတို့မိဘများက ကျွန်မနှင့်အတူ မကစားစေလိုသောကြောင့် ပြန်ခေါ်သွားကြ ခြင်းဖြစ်လေသည်။
တိတ်တိတ်ပုန်း မယားငယ်ရဲ့ သမီးဟာ ဂုဏ်သရေရှိ လူကြီးလူကောင်း သားသမီးတွေနဲ့ အတူကစားဖို့ မတူမတန်ဘူးလား။

မသိနားမလည်တဲ့ အရွယ်ကတည်းက သိမ်ငယ်စိတ်တွေ ရင်မှာအမြစ်တွယ် နေခဲ့ပါသည်။

အမေ ၀ယ်ပေးသော ကစားစရာများနှင့် အိမ်ထဲတွင် တကိုယ်တည်းဆော့ကစား ရသောကျွန်မ၏ ကလေးဘ၀ ဖွံ့ဖြိုးမှုမှာ မျိုးစေ့မမှန် ပင်မသန်ဖြစ်ခဲ့ ရပါသည်။ ကျွန်မ ပညာရေးညံ့ခဲ့သည်။ ဆယ်တန်းမအောင်ခဲ့ပါ။

ကျွန်မဖြတ်သန်းပြီးခဲ့တဲ့ အတိတ်ကာလများနဲ့ လက်ရှိပစ္စုပ္ပာန်တွေဟာ သာယာချိုမြိန်မှု ကင်းမဲ့ခဲ့ပါသည်။
ရုပ်ဝတ္ထု အဆောင်အယောင် ပြည့်စုံမှုအတွက် ဘ၀နဲ့သိက္ခာကို ရင်းနှီးခဲ့သော အမေသည် ပတ်ဝန်းကျင်မှာ ပိုးကိုက်သည့်ပန်းလို တန်ဖိုးမဲ့နေသည်။
လူတွေက မေ့ကိုအထင်သေးစွာ ရှောင်ဖယ်ကြသည်။
အဖေဆိုသော လူကြီး လန်ခရူစာကားနှင့် အိမ်ကိုလာသည့်အခါတိုင်း ပတ်ဝန်းကျင် အိမ်များမှ တစေ့တစောင်း အကဲခတ်သော အကြည့်များသည် ကျွန်မဧ။် မာနနှင့် သိက္ခာကို နှုတ်နှုတ်စင်းနေသလို ခံစားရပါသည်။

 အမေက ပတ်ဝန်းကျင်ကို ဂရုစိုက်သူ မဟုတ်။ အထီးကျန်ဆန်သော သူမဘ၀ကို အလှပြင်ခြင်း ရှော့ပင်သွားခြင်းဖြင့် ကုန်လွန်စေခဲ့ပါသည်။
အမေတန်ဖိုးထားသော ငွေနှင့် တိုက်တာအိုးအိမ်များကို ကျွန်မ တတ်မက်စိတ်မဖြစ်ပါ။
လောင်းရိပ်မိပြီး ချိနဲ့နေတဲ့ ကျွန်မဘ၀က ဒရ၀န်သမီး ဖြူပြာလောက်တောင် ဂုဏ်ရောင်မရှိသည့် အဖြစ်ကို စိတ်နာမိသည်။

ဖြူပြာတို့ အဖေသည် ကျွန်မတို့နေသော အိမ်ရာရိပ်မွန်တွင် လုံခြုံရေး ဂိတ်စောင့်အလုပ်လုပ်သည်။
အိမ်ရာဝင်းအနောက်ဘက် ၀န်ထမ်းတန်းလျားတွင် ချို့တဲ့စွာနေကြရသည်။ ရိုးသား၍ အလုပ်တာဝန် ကျေသော ဖြူပြာ့အဖေကို အိမ်ရာတွင်းနေထိုင်သူ အားလုံးက ယုံကြည်အားကိုးကြပြီး၊ တတ်နိုင်သလောက် ကူညီထောက်ပံ့ကြသည်။
စာကြိုးစားသော ဖြူပြာသည်ယခု တက္ကသိုလ်ကျောင်းသူ ဖြစ်နေပြီ။

ကျောင်းဝတ်စုံ ခပ်နွမ်းနွမ်းဖြင့် ကျောင်းသွားခဲ့ရသော ဖြူပြာ၏ မျက်နှာသည် အမြဲဝင်းပနေ၏။ ဖြူပြာကို ကြည့်လိုက်လျှင် အမြဲလွတ်လပ်ပေါ့ပါးနေသည်။
ဆင်းရဲနွမ်းပါးသော သူမလက်ရှိဘ၀ အခြေအနေကို အရှိတိုင်းလက်ခံထားပြီး၊ ဟန်ဆောင်မှုကင်းသည်။

 ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်ပြီး တက္ကသိုလ်ကျောင်းတက်သော ဖြူပြာကို ကျွန်မ အားကျမိပါသည်။
တက္ကသိုလ်ကျောင်းမှ ပြန်လာသော ဖြူပြာကို ငေးမိသည့် ကျွန်မနှင့် အကြည့်ချင်းဆုံတိုင်း ဖြူပြာက ကျွန်မကိုပြုံးပြ၏။ ငယ်ငယ်က ဖြူပြာနဲ့သာ အတန်းဖော်ဖြစ်ခဲ့ရင် ကျွန်မ ဆယ်တန်းအောင်ချင် အောင်ခဲ့မှာလို့ တွေးလိုက်မိသည်။

ဖြူပြာကို ချစ်ခင်စိတ်ဖြစ်မိသောကြောင့် သူမကျောင်းသွားလျှင် ၀တ်ရန် ၀မ်းဆက်အ၀တ်စများ လက်ဆောင် ၀ယ်ပေး ဖြစ်ခဲ့သည်။ ဖြူပြာက ကျွန်မကို တရားခွေနှင့် စာအုပ်များ လက်ဆောင်ပြန်ပေးသည်။ စာအုပ်တွေက သူငယ်ချင်းအတွက် အဖော်မွန်ကောင်းတွေ ဖြစ်ပါလိမ့်မယ်ဟု ခပ်သော့သော့ ရေးပေးလိုက်သည်။

ဖူပြာ၏ ကျေးဇူးကြောင့် ကျွန်မတရားနာတတ်လာပြီး၊ အားရင်စာဖတ်သော အကျင့်ကောင်းရလာသည်။
ဖြူပြာ၏မျက်နှာ အမြဲဝင်းပနေပြီး၊ လွတ်လပ်ပေါ့ပါးနေရခြင်း၏ လျှို့ဝှက်ချက်ကို ကျွန်မ မြင်တတ်လာသည်။
စာပေမှာမွှေ့လျော်ပြီး၊ တရားဓမ္မ အဆုံးအမတွေကြားမှာ ယဉ်ပါးနေသော ဖြူပြာ၏နှလုံးသားကို ကျွန်မ လေးစားအားကျ မိပါသည်။

ဖြူပြာသည် ကျွန်မဘ၀ကိုနားလည်ပြီး၊ ကျွန်မ၏ခံစားချက်များကို ရိပ်မိသဖြင့် မိတ်ဆွေသူငယ်ချင်းကောင်း အဖြစ်ရပ်တည်ပေးခဲ့သည်။
တရားပွဲရှိလျှင် သူမနှင့်အတူလိုက်ရန် ခေါ်သည်။ ဘုန်းကြီးကျောင်း အလှူသွားလျှင် ကျွန်မကို အဖက်လုပ်ပြီး ဖိတ်ခေါ်သည်။ ဖြူပြာနှင့်အတူ ဝေယျာဝစ္စ ကုသိုလ်ပြုရန် ဘုရား၊ ကျောင်းကန်များသို့ မကြာခဏရောက်ဖြစ်ခဲ့သည်။ သူမခေါ်သဖြင့် စာအုပ်အဟောင်းဆိုင်များ၊ စာကြည့်တိုက် များသို့လည်း ရောက်ဖူးခဲ့ပါသည်။
ဖြူပြာ၏ကျေးဇူးကြောင့် ကျွန်မဘ၀ စိုပြေလန်းဆန်းစပြုလာသည်။

ဖြူပြာက ကျွန်မဘ၀ရှေ့ရေးအတွက် အာမခံချက်ရှိသော အလုပ်တခုခုလုပ်ရန် အကြံပေးသည်။ ဖြူပြာ၏ အားပေးမှုကြောင့် ကွန်ပျူတာ သင်တန်းတွေတက်ပြီး၊ ကွန်ပျူတာ၊ မိတ္တူနှင့် အင်တာနက်ဆိုင် ဖွင့်ရန်ကြိုးစား ခဲ့သည်။

ကွန်ပျူတာသင်တန်းမှာ မှတ်မှိဖူးတဲ့ မျက်ဝန်းတစ်စုံနှင့် မမျှော်လင့်ပဲ ပြန်ဆုံခဲ့ရသည်။
ငယ်ငယ်က အတူကစားစဉ် အမေလာခေါ်သွားသောကြောင့် အားတုံ့အားနာဖြင့် ကျွန်မကို ပြန်လှည့်ကြည့်ခဲ့သော မျက်ဝန်းတစ်စုံ။ သူ့နံမယ်က ပြည့်စုံ။ နံမယ်နဲ့လိုက်အောင် သူ့ဘ၀က ပြည့်စုံသည်။ အံ့သြစရာကောင်း သည်မှာ သူကျွန်မကို ချက်ချင်းမှတ်မှိသည်။

ကလျာ မဟုတ်လား။ သင်တန်းလာတက်တာလား၊ အခုဘယ် တက္ကသိုလ်တက်နေလဲ၊ စတဲ့မေးခွန်းတွေနဲ့ ရင်းရင်းနှီးနှီး ခေါ်ပြောနှုတ်ဆက်ဖော်ရသည်။ ကျွန်မ ဆယ်တန်းမအောင်ခဲ့သဖြင့် တက္ကသိုလ်ဆက်မတက် ဖြစ်ကြောင်း၊ ကွန်ပျူတာ၊ အင်တာနက်ဆိုင်ဖွင့်ရန်အတွက် အခြေခံနားလည်တတ်ကျွမ်းမှု ရှိအောင်သင်တန်း လာတက်ခြင်းဖြစ်ကြောင်း ရှင်းပြဖြစ်ခဲ့သည်။

ပြည့်စုံက ကွန်ပြူတာ တက္ကသိုလ်ကျောင်းသား ဖြစ်နေပြီ။ ကျောင်းအားချိန်တွင် ကျွန်မတက်နေသော သင်တန်းတွင် အချိန်ပိုင်း ကွန်ပျူတာနည်းပြ လုပ်နေသည်။ ကျွန်မတို့ အတန်းကိုလည်းသင်ရသည်။ ကျွန်မကို သေသေချာချာ ဂရုစိုက်သင်ပေးသည်။ ကျွန်မ၏ ရည်ရွယ်ချက်ကိုလည်း အားပေးသည်။

ဖြူပြာကြောင့် ကျွန်မ ဘ၀ကို သန့်ရှင်းစွာ ရပ်တည်ရန် ခွန်အားများရရှိခဲ့သည်။
ယခု ပြည့်စုံ၏ ဖေးမကူညီမှုများကြောင့် ကျွန်မနှလုံးသားမှာ ခံစားမှုအသစ်များ ဖြစ်တည်လာခဲ့သည်။
ကျွန်မပြည့်စုံအပေါ် တွယ်တာမိခဲ့ပြီ။
ကျွန်မလည်း ငယ်ရွယ်သူပဲမို့ သိမ်မွေ့သော ချစ်ချင်းသဘောတွေကို မလွန်ဆန်နိုင်ပါ။
သို့သော် ကျွန်မအဖြစ်က နှလုံးသားမှ ရိုးသားစွာ ဖြစ်တည်လာသော ချစ်ချင်းမေတ္တာကို ပန်းသခင်အား မြတ်နိုးစွာ အပ်နှင်းခွင့်မရှိ။ ပြည့်စုံတို့ မိသားစုအတွက် ကျွန်မက အလိမ္မာအိမ်ပါနိုင်တဲ့ မိန်းကလေး မဖြစ်နိုင်ပါ။ငယ်ငယ်က အတူကစားရန်ပင် မနှစ်မြို့သော ပြည့်စုံ၏မိခင်သည် ကျွန်မကို ချွေးမအဖြစ် ကြည်ဖြူနိုင်စရာ အကြောင်းမရှိပေ။
လိမ္မာယဉ်ကျေးသော ပြည့်စုံသည် မိဘအသိုင်းအ၀ိုင်းကို လွန်ဆန်၍ ကျွန်မကို စုံဖက်မည့်သူ မဟုတ်။

တခါတရံ ပြည့်စုံ၏ အကြည့်များကို ကျွန်မ အဓိပါယ်ဖော်ရန် ခက်ပါသည်။
ယောက်ျားကောင်းတစ်ယောက် ပီသစွာ ကျွန်မအပေါ် ရိုးသားစွာဆက်ဆံခဲ့သည်။
တသက်တာ မြတ်နိုးယုယဖို့ ရည်ရွယ်ချက်မရှိသည့်အတွက် ကလျာလို အပယ်ခံပန်းကို ခူးယူပြီး နွမ်းကြေအောင် သူမလုပ်ခဲ့ပါ။ ဒါပေမဲ့ ကျွန်မနှလုံးသားကတော့ ကြွေကျ သွားခဲ့ပြီ။ 

အမေ့သမီး ဖြစ်နေတာကလွဲရင် ကျွန်မ စင်ကြယ်ခဲ့ပါသည်။
 အတိတ်ဘ၀ ကံအကြောင်းများကြောင့် ယခုဘ၀ သပွတ်ပန်းလို တန်ဖိုးမဲ့နေရသည်။
နောင်ဘ၀များ ရှိခဲ့လျှင် ရနံ့မွှေးပြီး တင့်တယ်သော ပန်းတစ်ပွင့် ဖြစ်လိုပါ သည်။

နောင်ဘ၀ဆက်တိုင်း အပယ်ခံပန်းတပွင့် ဘယ်သောအခါမှ မဖြစ်ရပါစေနဲ့ဟု ရင်နှင့်အမျှ တောင်းဆုပြုပါ၏။

 ဆက်လက်ကြိုးစားပါအုံးမည်..
စံပယ်ဖြူ
တွေ့ခဲ့ဖူးသော ၀ိုင်းပယ်ခံ ကလေးငယ်တစ်ဦးကို ဂရုဏာဖြစ်မိသဖြင့်၊ မိခင်လောင်းများ ရေရှည်ကိုမြော်မြင် ဆင်ခြင်စေလိုသော ဆန္ဒဖြင့် ခံစားရေးဖွဲ့သည်။

1 comment:

  1. ဘယ်သူ့အကြောင်းရယ်မသိရပါဘူး ဖတ်ရတာတော့ ရင်ဘတ်ထဲတခုခု ခံစားလိုက်ရတယ် တကယ်စိတ်ကူးယဉ်လေးပဲဖြစ်ပါစေတော့ညီမရေ

    ReplyDelete