ကျွန်မ၏ နေရပ်ဌာနီသို့ တခေါက်ပြန်ရောက်ခဲ့တဲ့ အကြောင်းတွေကို
မိုးမခကို ပြန်ပြီးဖောက်သယ် ချချင်ပါတယ်။ အရင်ဆောင်းပါးတွေမှာ ကျွန်မတို့ ရွာအကြောင်း
ရေးဖူးပါတယ်။ ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ရွာ ဖြစ်ပါတယ်။ ဗမာလူမျိုး အများဆုံးနေထိုင်ပြီး၊
ကရင်အိမ်ခြေ (၅၀)နဲ့ မွတ်စလင်အိမ်ခြေ(၂၀) လောက်ရှိတဲ့ ရွာပါ။ စံပြကျေးရွာလို့ သတ်မှတ်ထားတဲ့
ကျွန်မတို့ရွာမှာ (၉၆၉)အဖွဲ့လည်း ခိုင်ခိုင်မာမာ ရှိနေပြီဖြစ်ပါတယ်။
ရွာမှာ တပတ်လောက်နေတဲ့ အချိန်လေးမှာ ဆွေးမျိုးတွေဆီ အိမ်လည်ရတာနဲ့
မအားလပ်နိုင်ပါ။ အခါတလေမှ ပြန်တာဆိုတော့ ဟိုအိမ်က ထမင်းခေါ်ကျွေးလိုက် ဒီအိမ်က ထမင်းခေါ်ကျွေးလိုက်နဲ့
ဟင်းကောင်းလည်း စားခဲ့ရပါတယ်။ နိုဝင်ဘာလ ဆောင်းလေအေးဝင်စဖြစ်ပြီး၊ ဆောင်းရနံ့တွေ ရတာကို
သဘောကျပါတယ်။ အချိန်အခါမဟုတ် မိုးတွေရွာလို့ စပါးနဲ့ ပဲတွေ လေးလွင့်ပျက်စီးရလို့ ရွာကလူတွေ
စိတ်ပျက်စွာ ညည်းညူကြပါတယ်။ ရွာသီဥတု ဖောက်ပြန်ခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ဒဏ်ကို
လှိမ့်နေအောင် ခံကြရတာ တောင်သူလယ်သမားတွေ။ အခုဆိုရွာတွေမှာ အလုပ်သမားတွေ ရှားသွားလို့
အလုပ်တွေ နှောင့်နှေးကြ ပါတယ်။ ရွာက လူတွေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်တွေမှာ
အလုပ်သွားကြတယ်။ ရွာမှာ ကျန်ခဲ့တဲ့ လူတွေက အလုပ်ကြမ်းမလုပ်ကြသူတွေ။ နှစ်လုံးထီ၊ သုံးလုံးထီဖြတ်ရောင်းပြီး
သက်တောင့် သက်သာနေကြသူတွေ ဖြစ်ပါတယ်။ ဘွဲ့ရစာတတ်သူတွေပေါတဲ့ ကျွန်မတို့ရွာမှာ အရက်သမားနဲ့
လောင်းကစားတွေလည်း ပေါပါတယ်။
လျှပ်စစ်မီးမရှိတဲ့ ကျွန်မတို့ရွာမှာ ညဆိုခြင်တွေ သိပ်ပေါလို့
(၉)နာရီမထိုးခင် အိပ်ရာဝင်ဖြစ်ပါတယ်။ ရွာကို ပြန်မလာခင် ရန်ကုန်မှာသုံးတဲ့ MPT ဖုန်းကဒ်က
ရွာမှာ လိုင်းမမိဘူး။ ကျွန်မဆီ ဆက်သွယ်တဲ့သူတွေ လူကြီးမင်းနဲ့ ငြားကြလေသတည်းပေါ့။ ရွာမှာ
အင်တာနက် မရှိလို့ ကျုံပျော်မြို့ပေါ် ရောက်မှ အီးမေးစစ်ရပါတယ်။ Facebook ကို ကျွန်မ
သိပ်မသုံးပေမဲ့ အီးမေးကိုတော့ တစ်ပတ်တကြိမ်လောက် စစ်ရပါတယ်။ အရေးကြီးတဲ့ အီးမေးတွေ
ဝင်နေမှာစိုးလို့ ဖွင့်ကြည့်တာ ကွန်းနက်ရှင်က နှေးချက်က သိကြတဲ့အတိုင်းပါပဲ။ စိတ်ရှည်ရှည်ထားပြီး၊ အချိန်အကြာကြီး စောင့်ဖွင့်မှ ကျွန်မရဲ့ gmail အကောင့်ထဲကို
ဝင်လို့ရတယ်။ စာတွေကို ဖွင့်ဖတ်လို့ မရပါ။ ကွက်ကြားမိုးရွာတဲ့ ကျွန်မတို့ တိုင်းပြည်မှာ
ကျုံပျော်မြို့နယ်က သမ္မတလို ၀န်ကြီးလို လူကြီးတွေရဲ့ မွေးရပ်မြေ မဟုတ်လေတော့ လူကြီးနယ်မြေတွေလို
မဖွံ့ဖြိုးဘူးလို့ ဆိုရမလို။ ငပုတော မြို့နယ်က သမ္မတဦးသိန်းစိန်ရဲ့ မွေးရပ်ဇာတိဆို
သိပ်ဖွံ့ဖြိုးလာတယ် ဆိုးကိုး။ ထားပါတော့။
လက်ရှိအစိုးရက လယ်မားတွေကို သက်သာချောင်ချိအောင် ဘဏ်ငွေတွေ
တစ်ဧက တစ်သိန်းနှုန်းနဲ့ ထုတ်ချေးပေးတာ (၂)နှစ်ရှိပြီးဆိုလို့ ၀မ်းသာမိပါတယ်။ အရင်တုန်းက
အစိုးရထုတ်ပေးတဲ့ ဘဏ်ငွေက မဖြစ်စလောက်လေးမို့ လယ်စရိတ်အတွက် မလောက်ပါ။ ရွာကသူဌေးတွေဆီမှာ
အတိုးကြီးကြီးချေး၊ သို့မဟုတ် စပါးပေးယူရပါတယ်။ စပါးပေးယူတယ်ဆိုတာ အချိန်တန် စပါးပေါက်ဈေးထက်
အများကြီး ဈေးလျှော့ပြီး ငွေကြိုယူထားခြင်း ဖြစ်ပါတယ်။ စပါးပေါ်ချိန်ရောက်ရင် ငွေတိုးတွေ
စပါးကြွေးတွေဆပ်ရတာနဲ့ လယ်ကထွက်သမျှစပါး ကုန်ပါတယ်။ ရာသီဥတုဖောက်ပြန်လို့ လယ်ရေမြုပ်တဲ့
နှစ်တွေဆို အကြွေးဆပ်စရာ စပါးက မရှိတော့ အကြွေးတွေ နှစ်ဆတက်သွားပါတယ်။ ဒီလိုနဲ့ လယ်ကို
အကြွေးနဲ့ ထိုးဆပ်ရသူတွေ အများကြီး။ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အဖေနဲ့ လယ်သမားတွေရဲ့ ဘ၀ပုံရိပ်တွေက
ကျွန်မဘ၀ရဲ့ နောက်ခံရှုခင်း တွေပါ။
ဆင်းရဲမွဲတေမှု လျော့ကျရေးအတွက် ဆောင်ရွက်ပေးနေပါတယ်ဆိုသော
အစိုးရ အဖွဲ့အစည်းများနဲ့ အချို့သော အဖွဲ့အစည်းများ စဉ်းစားမိစေချင်တဲ့ အကြောင်းအရာတခုကိုလည်း
ကျွန်မ တင်ပြလိုပါတယ်။ ယခုလက်ရှိရွာမှာ မရှိဆင်းရဲသားတွေ ရင်နှီးလုပ်စားဖို့ ငွေထုတ်ချေးပေးတဲ့
စနစ်က ဘ၀င်မကျစရာပါ။ ထုတ်ပေးတဲ့ငွေကို လစဉ်ပြန်ဆပ်ရတဲ့နှုန်း၊ တပတ်တခါပြန် ဆပ်ရတဲ့နှုန်းတွေကို
ကျွန်မ တွက်ကြည့်လိုက်တော့ ငွေတစ်ရာကို နှစ်ဆယ်ကျပ်မှာ အတိုးနှုန်းရှိပါတယ်။ ဒီလောက်များတဲ့
အတိုးနှုန်းတွေက ဆင်းရဲသားတွေအတွက် အလွန်ကို ၀န်ပိစေပါတယ်။ အကယ်၍များ ကျွမ်းကျင်သော
လုပ်ငန်းရှင်တွေ ဒီလိုအတိုးနှုန်းတွေနဲ့ ငွေယူပြီး၊ စီးပွားရေလုပ်ငန်းတွေမှာ ရင်နှီးမြှုပ်နှံရမယ်ဆိုရင်
အမြတ်မထွက်ပဲ ဒေ၀ါလီခံ ရဖို့သာရှိပါတယ်။ ကုန်းကောက်စရာမရှိတဲ့ လူမွဲတွေကို မတန်တဆ အတိုးနှုန်းတွေနဲ့
ငွေထုတ်ချေးပေးကြတာ တကယ်ကူညီရာ ရောက်ပါသလား ဆိုတာကို စေတနာရှင်ဆိုသူများက အဖြေရှာ သုံးသပ်သင့်ပါတယ်။
တကယ်ကူညီပေးချင်တယ်ဆိုရင် အတိုးနှုန်း သက်သာစွာ ချေးပေးသင့်ပါတယ်။ အကြွေးယူပြီးရင်
ပြန်မဆပ်ချင်တဲ့ ဆင်းရဲသားတွေ အစိုးရငွေ၊ အဖွဲ့အစည်းရဲ့ငွေတွေကိုတော့ ပြန်မဆပ်ပဲ မနေရဲကြပါဘူး။
သူတို့ ဖြစ်တဲ့နည်းနဲ့ ပြန်ဆပ်ကြပါတယ်။
နောက်ထပ် ဖောက်သယ်ချချင်တဲ့ အကြောင်းအရာကတော့ အမျိုးဘာသာကို
အလွန်ချစ်ကြသည် ဆိုသော (၉၆၉) အဖွဲ့ဝင်များအကြေင်းပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဘယ်သူက စလဲလို့
ကျွန်မ စပ်စုကြည့် ပါတယ်။ ရွာက ကျောင်းထိုင်ဘုန်းကြီးက စတာလို့ဆိုပါတယ်။ ဟုတ်မဟုတ်တော့
ကျွန်မလည်း အတိအကျ မသိရပါ။ ကျွန်မတို့ရွာမှာ မွတ်စလင်အိမ်ခြေ (၂၀)လောက်ရှိတယ်ဆိုတော့
အဲဒီမွတ်စလင်တွေနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ စည်းရုံးကြတယ်။ ကျွန်မတို့ ရွာကို သက်သေတည်ဆိုတဲ့
ဆောင်းပါးမှာ ကျွန်မတို့ရွာက ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင်တွေ သင့်သင့်မြတ်မြတ် ရှိကြတယ်လို့
ရေးခဲ့မိပါတယ်။ အခုတော့ အရင်လို မဟုတ်တော့တာကို စိတ်မကောင်းစွာ သိခဲ့ရပါတယ်။
မွတ်စလင် လယ်သမားတယောက်ရဲ့ လယ်ထဲကို ဗုဒ္ဓဘာသာဝင် ကောက်စိုက်သမတွေ
ကောက်စိုက် ဆင်းတာကို (၉၆၉) အဖွဲ့က သွားပြီးပြသနာလုပ်လို့ ကောင်းစိုက်သမတွေ အားလုံးလယ်ထဲက
ပြန်တက်လာကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်က သူတပါးအကျိုးစီးပွား ပျက်စီးကြောင်းကို
ဖြစ်စေတာမို့ မလုပ်သင့်ဘူးဆိုတာကို ဘွဲ့ရအချို့ပါဝင်တဲ့ (၉၆၉) အဖွဲ့ဝင်တွေ မစဉ်းစား
မဆင်ခြင်နိုင်တာကို အံ့သြစွာ တွေ့ရပါတယ်။ သူတို့အဖွဲ့ကို အားမပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း
မကျေနပ်ကြဘူးလို့ ဆိုပါတယ်။ ဘေးရွာက ဘုန်းကြီးများနဲ့ ရွာသားများကို (၉၆၉) အဖွဲ့ ဖွဲ့ဖို့စည်းရုံးကြတာ
မအောင်မြင်ပါ။ ရွာက လူနည်းစုဖြစ်တဲ့ ကရင်တွေ (၉၆၉) အဖွဲ့ထဲ မ၀င်လို့ ဗုဒ္ဓဘာသာဝင် မစစ်ဘူးလို့
ဝေဖန်ပုတ်ခပ် ပါတယ်။ ရွာက ကရင်တွေအများစု ကျွန်မနဲ့ ဆွေမျိုးမကင်းသူတွေ။ ကျွန်မ အမျိုးတွေ
အေးအေးလူလူ နေကြတာကို ကျေနပ်မိပါတယ်။
ရွာမှာ သာရေးနာရေးတွေရှိရင် အရင်ကလို အသံချဲ့စက်ဖွင့် ပါတယ်။
မင်္ဂလာဆောင်ဆိုရင် မင်္ဂလာသီချင်းနဲ့ အချစ်အလွမ်း သီချင်းတွေ ဖွင့်ကြပါတယ်။ နာရေးဆိုရင်တော့
တရားခွေတွေ ဖွင့်ပါတယ်။ ရွာသားတွေကြိုက်တဲ့ ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ရဲ့
တရားတွေဖွင့်တယ်။ ခုနောက်ပိုင်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရေး တရာခွေတွေလည်း
ဖွင့်ကြပါတယ်။ လူ့အခွင့်အရေးထက် အမျိုးသားရေးက ပိုအရေးကြီးတယ် ဆိုလား။ တရွာလုံးကြားနိုင်တဲ့
အသံချဲ့စက်ကတဆင့် ကျွန်မ ကြားခဲ့သော ဘုန်းကြီးတပါးရဲ့ ဟောပြောမှုတွေဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက်
တစုံတရာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီအတွက်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်မတို့
ဗုဒ္ဓဘာသာဝင်တွေ ရေရှည်ကို ကြည့်တတ်တဲ့ ဥာဏ်အမြော်အမြင်တွေ ရှိကြရင်၊ မြတ်စွာဘုရား ဆုံးမတော်မူခဲ့တဲ့အတိုင်း
ဆူကြုံအလတ် လူသတ္တ၀ါ အားလုံးပေါ် အပိုင်းအခြား အကန့်အသတ်မရှိ မေတ္တာထားနိုင်ကြရင် ရှုပ်ထွေးတဲ့
ပြသနာတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်မိပါတယ်။
ရွာပြန်တဲ့အခိုက် အိမ်လည်ထွက်ရင်း တိုင်းရေးပြည်ရေးတွေကို
စိတ်ဝင်စားသူတွေနဲ့ တွေ့ရင် နားလည်သလောက် ဆွေးနွေးဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ
နိုင်ငံခြားကနေ ဘယ်လိုမဲပေးမှာလဲ၊ သံရုံးကနေ တဆင့်မဲပေးမှာလားလို့ မေးတဲ့သူက မေးပါတယ်။
အခြေအနေကောင်းရင် ကိုယ်တိုင်ကိုယ်ကျ ပြန်လာပြီး မဲပေးမယ်လို့ ကျွန်မ ပြန်ဖြေပါတယ်။
၂၀၁၀ လိုရွေးကောက်ပွဲ မျိုးဆိုရင်တော့ လေယဉ်လက်မှတ်ဖိုး အကုန်ခံပြီး ပြန်မလာဘူး။ သံရုံးကနေ
တဆင့်မဲပေးဖို့အတွက် သံရုံးကလူတွေကို မယုံဘူးလို့ စိတ်ထဲရှိတာ ဖြေလိုက်ပါတယ်။ အခြေခံ
ဥပဒေကို မပြင်ရင် ကျွန်မတို့ ဘယ်လို ရှေ့ဆက်ကြမလဲလို့ မေးမိတော့၊ ကျွန်တော်တို့က နောက်လိုက်တွေပဲ
ကိုယ့်ရှေ့က ခေါင်းဆောင် တွေရဲ့နောက်ကို လိုက်ကြရုံပေါ့လို ပြန်ဖြေပါတယ်။ အဲဒီအဖြေကို
ကျွန်မ သဘောကျမိပါတယ်။ ရွာမှာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း၊ နိုင်ငံရေး အခြေအနေ မျက်ခြေမပြတ်
စောင့်ကြည့်လေ့လာသူတွေ ရှိနေတာကိုတော့ ကျေနပ်မိပါတယ်။
ရွာတခေါက် ပြန်ရောက်တဲ့အခိုက်မှာ မြင်သမျှ တွေ့သမျှ အလုံးစုံကိုတော့
စာမဖွဲ့လိုပါ။ ဧရာဝတီတိုင်းမှာ ရှိတဲ့ စံပြကျေးရွာဆိုသော ရွာတရွာရဲ့ လက်ရှိအခြေအနေကို
စာဖတ်သူများ သဘောလောက် သိရအောင် ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။ မမြင်ရတဲ့ ရေပြင်အောက်က
ရေခဲတုံးကြီးကို မှန်းဆကြည့်နိုင်ဖို့၊ ရေပြင်ထက်က ရေခဲတုံးရဲ့ ထိပ်ပိုင်းလေးကို ဖွင့်ပြလိုက်ခြင်း
ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကျေးလက် လူဦးရေက မြို့ပြထက်လူဦးရေ ပိုများတာမို့ ကျေးလက်နေလူထုရဲ့
လိုအပ်ချက်နဲ့ သူတို့ရဲ့ အတွေးအမြင် တွေကို နားလည်နိုင်ဖို့ အရေးကြီးတယ် ဆိုတဲ့အကြောင်း
တင်ပြလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
စံပယ်ဖြူ
၁၊၁၂၊၂၀၁၄။
No comments:
Post a Comment