မြန်မာပြည်နဲ့ ကမ္ဘာနိုင်ငံ အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး
ဘာသာရေး ပဋိပက္ခတွေဟာ ကုစားရခက်တဲ့ နာတာရှည်ရောဂါလို ဖြစ်နေပါတယ်။ ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးကို
မြတ်နိုးတဲ့ ခေါင်းဆောင်တွေ နည်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်ခဲ့ ကြသော်လည်း ကျွန်မတို့ရဲ့
ကမ္ဘာမြေ ခုထိငြိမ်းချမ်းရေး မရနိုင်သေးဘူး။ ဒဏ်ရာတွေ ဗရပွ၊ ဆင်းရဲမွဲတေခြင်း၊ နာတာရှည်ရောဂါ
ပေါင်းစုံနဲ့အတူ အနာရောဂါ ထူပြောနေတဲ့ ကျွန်မတို့ရဲ့ မြန်မာပြည်ကို နလန်ထူနိုင်အောင်
ကြိုးပမ်းကြရာမှာ ဘယ်လို ဆေးစွမ်းကောင်းတွေနဲ့ ကုစားကြမှာပါလိမ့်လို့ စဉ်းစားတွေးတောရင်း
စာတပုဒ် ရေးလိုက်ပါတယ်။
မျိုးချစ်စိတ်ဆိုတာ မွေးရာပါ ဗီဇတခုမို့ လူတိုင်း တိုင်းပြည်နဲ့
လူမျိုးကို ချစ်တတ်ကြပါတယ်။ လူတွေ ကိုယ့်ရဲ့ မိသားစုနဲ့ ဆွေမျိုးတွေကို ချစ်ခင်တွယ်တာကြတယ်၊
မွေးရပ်ဇာတိကို ချစ်ကြတယ် စတဲ့ အခြေခံ မျိုးချစ်စိတ်ကနေ နယ်ပယ်ကျယ်ပြန့်လာတဲ့အခါ၊ တိုင်းပြည်နဲ့
လူမျိုးကို ချစ်တတ်လာတယ်။ ဒါဟာ အင်မတန် လူသားဆန်တဲ့ သဘာဝတခု ဖြစ်ပါတယ်။ မိမိလူမျိုးရဲ့
ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို အမြတ်တနိုး စောင့်ထိန်းလိုက်နာခြင်း၊ မိမိဘာသာတရား အဆုံးအမတွေကို
လိုက်နာကျင့်သုံးခြင်း စတဲ့ မျိုးချစ်စိတ် ဘာသာချစ်ဟာ အင်မတန် ရိုးစင်းပြီး နှစ်သက်ဖွယ်ကောင်းပါတယ်။
ဒီလိုရိုးစင်းတဲ့ အမျိုးဘာသာ ချစ်စိတ်ကို တဆင့်မြင့်လိုက်ရင် မိမိလူမျိုးကောင်းစားရေး၊
မိမိယုံကြည် ကိုးကွယ်တဲ့ဘာသာ ရေရှည်တည့်တံ့ ခိုင်မြဲရေးအတွက် အသင်းအဖွဲ့တွေ ဖွဲ့စည်းတည်ထောင်
လာကြတယ်။ အမျိုးကိုချစ်တဲ့ ပင်ကိုယ်ဗီဇက စေ့ဆော်မှုကြောင့် ကိုယ့်လူမျိုးကို မြင့်အောင်
သာအောင် ကြိုးစားကြတယ်။
သတိဥာဏ်ပညာ ပြည့်ဝသူတွေက ကိုယ်ကျင့်တရား ကောင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဖြင့်
လူမျိုးဂုဏ်ကို မြင့်ကြတယ်။ ကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း စတဲ့ နှလုံးရည်များ
ပြည့်စုံစေခြင်းဖြင့် မိမိလူမျိုးရဲ့ အဆင့်အတန်းကို မြင့်တင်ကြတယ်။ သီလလုံခြုံခြင်း၊
စိတ်သဘောထား ကြီးမြတ်ခြင်း၊ လူမျိုးခြား ဘာသာခြားကို လေစားချစ်ခင်ခြင်းဖြင့် မိမိတို့
ဘာသာတရားရဲ့ မြင့်မြတ်ခြင်းကို ပြကြတယ်။ ဘာသာတရား အဆုံးအမကို ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့
လိုက်နာကျင့်သုံးပြီး၊ မိမိတို့ မျိုးဆက်တွေရဲ့ နှလုံးသားမှာ ဘာသာတရား အဆုံးအမတွေ အမြစ်တွယ်နေအောင်
လေ့ကျင့်ပျိုးထောင် ပေးကြတယ်။ ဒီလို လူမျိုးရေး ဘာသာရေး အသိစိတ်ဓာတ်မျိုး နိုးကြားဖို့က
လူသားတိုင်းရဲ့ ဘ၀ပေး တာဝန် တခုလို့ ကျွန်မ ယုံကြည်ပါတယ်။
လူမျိုး ဘာသာကို ချစ်ပေမဲ့ သတိဥာဏ်ပညာ အားနည်းတဲ့အခါ ငါတည်းဟူသော
အတ္တမာန်မာနကို ဆုက်ကိုင်ထားပြီး၊ ငါ့ဘာသာ ငါ့လူမျိုးသာလျှင် ကြီးကျယ်မြင့်မြတ်တယ်။
ငါနဲ့ အမျိုးမတူသူကို မုန်းတီးရေး အယူဝါဒတွေကို လက်ခံကျင့်သုံး လာကြတယ်။ မိမိလူမျိုး
ကောင်းစားရေးအတွက် သူများလူမျိုး ထိခိုက်နစ်နာမဲ့ လုပ်ရပ်မျိုး၊ မိမိဘာသာကို ကာကွယ်ဖို့
သူများဘာသာကို နှိမ့်ချစော်ကားတာမျိုး မလုပ်အပ်ဘူးဆိုတဲ့ ဆင်ခြင်တုံတရားတွေကို မေ့လျော့သွားကြတယ်။
နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ပဋိပက္ခတွေ ရန်ပွဲတွေနဲ့အတူ ဘာသာလူမျိုးတခုရဲ့ ဂုဏ်သိက္ခာ
ကျဆင်းသွားရတယ်။ ဥာဏ်ရည် နိမ့်ကျခြင်း၊ ပညာမဲ့ခြင်းကြောင့် ရိုးစင်းသိမ်မွေ့တဲ့ အမျိုးဘာသာချစ်စိတ်က
အရုပ်ဆိုး အကျည်းတန်တဲ့ အမျိုးသားရေး ၀ါဒီဖြစ်သွားတာ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်။
မြန်မာလူမျိုးအချို့မှာ စွဲကပ်နေတဲ့ ဘာသာခြား မုန်းတီးရေး
ရောဂါကို ဘယ်လိုကုစား ကြမလဲ။ ငယ်စဉ် ကတည်းက ကျွန်မ နားလည်ခဲ့တဲ့ အမျိုးသားရေး အသိစိတ်ဓာတ်မှာ
အမုန်းတရားတွေ မပါဘူး။ ကျွန်မ သိခဲ့တဲ့ အမျိုးသားရေး စိတ်ဓာတ်ဆိုတာ ချစ်ခြင်းတရားတွေ၊
လူ့ကျင့်ဝတ်တွေ၊ ဖေးမကူညီခြင်းတွေ။ မိဘဘိုးဘွားတွေက လူမျိုးကို ချစ်တတ်အောင် သင်ပေးခဲ့တယ်။
စာသင်ကျောင်းက ဆရာတွေက ပြည်ထောင်စု တိုင်းရင်းသား အားလုံးနဲ့ တိုင်းပြည်ကို ချစ်တတ်အောင်
သင်ပေးခဲ့ပါတယ်။ ရဟန်း သံဃာတော်များ၊ ဗုဒ္ဓစာပေများက ရတနာသုံးပါကို ခိုင်မြဲစွာ ယုံကြည်စိတ်
ဖြစ်အောင် သင်ကြားဆုံးမ ပေးခဲ့လို့ ဗုဒ္ဓမြတ်စွာ သာသနာကို အသက်နဲ့ ထပ်တူတန်ဖိုးထား ပါတယ်။
ဒါပေမဲ့ ဘာသာခြားတွေကို ကျွန်မ မမုန်းဘူး။ ဘာသာခြား မုန်းတီးရေးတရားကို မြတ်စွာဘုရား
မဟောခဲ့ဘူး။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ မေတ္တာတရားမှာ လူမျိုးဘာသာဆိုတဲ့ အပိုင်းအခြား
အကန့်အသတ်မရှိဘူး။ လူသတ္တ၀ါ အားလုံးအပေါ် မေတ္တာထားရမယ်လို့ ဟောကြားခဲ့ ပါတယ်။
မေတ္တာဆိုတာ သူ့အကျိုးကို လိုလားခြင်းဖြစ်လို့၊ လူတိုင်းအပေါ်
မေတ္တာထားတဲ့အခါ လူတိုင်းရဲ့ အကျိုးကို လိုလားစိတ် ဖြစ်ပါတယ်။ သူ့အကျိုးကို ပျက်စီးစေတဲ့
အမုန်းတရားကို မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ်။ မေတ္တာဆိုတဲ့ ဆေးစွမ်းကောင်း ရှိနေပေမဲ့
ဒီဆေးကို မသောက်သုံးဘူးဆိုရင် အမုန်းရောဂါ ပျောက်ဖို့ မဖြစ်နိုင်ပါ။ လောက ငြိမ်းချမ်းသာယာရေးကို
မေတ္တာတရားဖြင့်သာ တည်ဆောက် နိုင်ပါတယ်။ သူ့တပါး ကောင်းကျိုးကိုသာ ကြံစည်ပြောဆိုခြင်း၊
သူ့အကျိုးစီးပွား ပျက်စီးကြောင်းကို ရှောင်ကြဉ်ခြင်း စတဲ့ လူ့ကျင့်ဝတ်တွေဟာလည်း မေတ္တာတရားအပေါ်
အခြေခံပါတယ်။ မေတ္တာဓာတ်ခံ အားကောင်းရင် လူကျင့်ဝတ်တွေကို လိုက်နာကျင့်သုံး ကြပါတယ်။
ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဓာတ် ရှိသူတွေက လူ့ကျင့်ဝတ်တွေကို သွေဖယ်သွားကြပါတယ်။
မိမိလူမျိုး ကောင်းစားရေးအတွက် တခြားလူမျိုး ထိခိုက်နစ်နာမဲ့အရေးကို လျစ်လျူရှုကြတယ်။
အတ္တကို အခြေခံတဲ့ အမျိုးသားရေး စိတ်ဓာတ်ဟာ မေတ္တာရဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ လောကငြိမ်းချမ်းရေးကို
ပျက်စီးစေပါတယ်။
လူတွေ ချစ်ခြင်းမေတ္တာရဲ့ တန်ဖိုးကို နားလည်အောင် စာပေ၊ ဂီတ၊
ရုပ်ရှင်အနုပညာနဲ့ ပညာပေးတာတွေ လုပ်နိုင်ပါတယ်။ အမုန်းတရားတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေကို
ဖယ်ရှားနိုင်အောင် အားလုံးပါဝင် ဆောင်ရွက်ရပါမယ်။ လူမျိုးရေး ဘာသာရေး အကြောင်းပြချက်နဲ့
ဆူပူအောင် လှုံ့ဆော်မှုတွေကို ထိထိရောက်ရောက် အရေးယူ နိုင်ဖို့အတွက်လည်း လူထုအားလုံး
ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းတွေ မဖြစ်အောင် ကာကွယ်ဖို့
လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်ဓာတ်တွေ ရှိဖို့လိုအပ်နေပါတယ်။ အမုန်းဝါဒ ဖြန့်ချီသူတွေရဲ့
သွေးဆောင်ရာနောက် မလိုက်မိစေဖို့ ဆင်ခြင်သုံးသပ်နိုင်သော ပညာဓာတ်ခံ အားကောင်းဖို့ လိုပါတယ်။
ရောဂါကာကွယ်ဖို့ ကိုယ်ခံအားကောင်းဖို့ လိုအပ်သလို၊ ၀ါဒမှိုင်းတွေကြောင့် ရန်လိုမုန်းတီးစိတ်
မဖြစ်အောင် ကိုယ်ခံအားနှင့်တူသော အသိပညာရှိဖို့
လိုအပ်ပါတယ်။
အရာရာကို ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်ပြီး၊ အကောင်းအဆိုးကို
ဝေဖန်ပိုင်းခြားနိုင်ဖို့ အတန်းပညာထက် စာပေဗဟုသုတ ပြည့်ဝဖို့လိုပါတယ်။ မြန်မာလူမျိုး
အများစု စာဖတ်အားနည်း ကြတဲ့အတွက် ၀ါဒဖြန့်ချီရေးသမားများရဲ့ အသုံးချခံ ဖြစ်နေရတယ်။
စာဖတ်ခြင်းဟာ ၀ါမှိုင်းတိုက်သူတွေရဲ့ ရန်ကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်လို့၊
မြန်မာတွေ စာဖတ်တဲ့ ယဉ်ကျေးမှုတရပ် ထွန်းကားလာအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ လူငယ်တွေကို
စာဖတ်ဖို့အားပေးရမယ်။ ကလေးငယ်တွေကို စာဖတ်တဲ့ အကျင့်ကောင်းရှိအောင် လေ့ကျင့်ပေးရမယ်။
စာပေမှာ မွေ့လျော်သူဟာ စိတ်နှလုံး နူးညံ့သိမ်မွေ့တယ်၊ တရားမျှတ လွတ်လပ်ခွင့်ကို မြတ်နိုးတယ်။
တရားမျှတမှုကို မြတ်နိုးတဲ့သူဟာ နိုင်ငံသား အခွင့်အရေးကို သာတူညီမျှ ခံစားလိုတယ်၊ အခွင့်ထူးခံလိုစိတ် အသာစီး
ရလိုစိတ် မရှိဘူး။ လွတ်လပ်ခွင့်ကို မြတ်နိုးတဲ့သူဟာ မိမိကိုယ်ပိုင် လွတ်လပ်ခွင့်၊ လူသားအားလုံးရဲ့
ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတယ်။ စာပေ လေ့လာလိုက်စား
တဲ့အခါ မတူညီ ကွဲပြားသော ယဉ်ကျေးမှုနဲ့ ဘာသာတရား အယူအဆတွေကို သိခွင့်ရလို့၊ မတူညီသော ကိုးကွယ်ယုံကြည်မှုတွေကို
လေးစားနားလည်တတ် ပါတယ်။
စာပေဗဟုသုတ ပြည့်စုံပြီး ဥာဏ်ပညာရှိသူတွေဟာ ပြဿနာတခုကို ရှုထောင့်ပေါင်းစုံကနေ
စဉ်းစား အဖြေရှာတယ်။ ဥပမာ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးအချို့ ဘာသာခြားနဲ့ အိမ်ထောင်ကျပြီး
ဘာသာပြောင်းသွားတဲ့ ကိစ္စလေး တခုကို စဉ်းစားကြည့်မယ်။ လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်
မိမိနှစ်သက် မြတ်နိုးတဲ့သူကို လွတ်လပ်စွာ လက်ထပ်ခွင့်ရှိတယ်၊ ဘာသာပြောင်း ခွင့်လည်း
ရှိတယ်ပေါ့။ တရားဥပဒေ ရှုထောင့်ကနေကြည့်ရင် ဘာသာခြားနဲ့ လက်ထပ်ခွင့် ဘာသာပြောင်း ခွင့်ကို
မတားမြစ်သင့်ဘူး။ သို့သော် ဘာသာရေး ရှုထောင့်ကကြည့်ရင် ဒီမိန်းကလေးတွေရဲ့ သားစဉ် မြေးဆက်အားလုံး
ဘာသာခြားဖြစ်သွားပြီမို့ သာသနာအရှည် တည်တံ့ရေးကို ထိခိုက်နိုင်တယ်၊ သာသနာကို ကာကွယ်ဖို့
လိုပါတယ်။
ကျွန်မတို့ ဥာဏ်ပညာသုံးပြီး၊ သာသနာကို ဘယ်လိုကာကွယ် ကြမလဲ။
အရေးကြီးဆုံးက ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသားမှာ ဘာသာတရား အဆုံးအမတွေ စွဲမြဲနေအောင်၊
ဘာသာရေး အခြေခံကောင်းအောင် ဟောပြော ဆုံးမပေးဖို့ပါ။ ဘာသာရေး အခြေခံ အားကောင်းတဲ့လူတွေ
ဘာအကြောင်းကြောင့်မှ ဘာသာမပြောင်းဘူး။ တချို့မိန်းကလေးတွေ ငွေကြေးကြောင့် ဘာသာခြားကို
လက်ထပ်တယ်။ ဒီလိုမဖြစ်အောင် စိတ်ဓာတ် လေ့ကျင့်ရေး သင်တန်းပေးတာတွေ လုပ်ပေးနိုင်တယ်။
မိမိကိုယ်ကို အားကိုးစိတ်ရှိအောင်၊ ဘ၀ကို ကိုယ်တိုင်တည်ဆောက် နိုင်အောင် ပညာရေး မြင့်တင်မှုတွေ
လုပ်ပေးရမယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ အားလုံးထက် ဘာသာတရားကို တန်ဖိုးထားတတ်အောင် လေ့ကျင့်ပျိုးထောင်
ပေးရပါမယ်။ မိမိဘာသာကို ဘာသာခြားတယောက်က စော်ကားလာရင် တရားဥပဒေနဲ့ တုန့်ပြန်ဖြေရှင်းမယ်။
တုတ်ကိုင် ဓားကိုင်ပြီး ရန်ကို ရန်နဲ့တုန့်ပြန်လို့ ပြဿနာတွေ မငြိမ်းနိုင်ဘူးဆိုတာကို
ဆင်ခြင်နိုင်စွမ်း ရှိရပါမယ်။
မြန်မာပြည်မှာ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပေးနေတဲ့
ဘာသာခြား မုန်းတီးရေးရောဂါကို ကုစားနိုင်မှ ဖြစ်မယ်။ မေတ္တာဆေးကို သောက်သုံးကြဖို့ ရဟန်းသံဃာတော်များနဲ့
ဘာသာရေး ခေါင်းဆောင်များက ဆုံးမလမ်းညွှန်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ စာပေအနုပညာရှင်များက
ပြည်သူတွေရဲ့ နှလုံးသားမှာ ချစ်ခြင်းတရားတွေ တိုးပွားလာအောင် စာပေအနုပညာဖြင့် စွမ်းဆောင်ပေး
စေချင်ပါတယ်။ ပြည်သူတွေကို တန်ဖိုးထားတဲ့ အစိုးရ အနေနဲ့ ပညာရေးမြှင့်တင်မှု လုပ်ငန်းတွေကို
ထိရောက်စွာ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ လူကြီးမိဘ ဆရာသမားများက ကျောင်းသားလူငယ်တွေရဲ့
နှလုံးသားမှာ လူသားဆန်၍ ဘာသာလူမျိုး အသားအရောင် မခွဲခြားသော ချစ်ခြင်းတရားတွေ မွေးမြူတတ်အောင်
သင်ကြားဆုံးမပေး စေလိုပါတယ်။
ကဏ္ဍပေါင်းစုံ ပါဝင်ဆောင်ရွက်ကြပြီး၊ နိုင်ငံသားတဦးချင်းစီက
အမုန်းတရား ပပျောက်ရေးကို ကူညီဆောင်ရွက် ကြပါလျှင် ရွှေပြည်သစ်မှာ ကျွန်မတို့အားလုံး
ချစ်ခင်စွာ အတူလက်တွဲနေထိုင်ဖို့ ဖြစ်နိုင်ပါတယ်။ လူ့ဘ၀ရလာတဲ့ အချိန်ခဏလေးမှာ သံသရာခရီးသည်
အချင်းချင်း အမုန်းစကားမဆို၊ ချစ်ခင်ကြင်နာစွာ ဖေးမကူညီကြရင်း ဘ၀နိဂုံးလှအောင် သတိဥာဏ်ပညာနဲ့
စောင့်ထိန်းကြရအောင်ပါ။ ပြည်သူကိုချစ်သော အစိုးရ တက်လာချိန်မှာ ကျွန်မတို့ ပြည်သူတွေအားလုံးက
စိတ်ဝမ်းမကွဲ သွေးစည်း ချစ်ခင်ကြစို့လို့ မေတ္တာစကား ဆိုချင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
စံပယ်ဖြူ
၃၊၅၊၂၀၁၆။
No comments:
Post a Comment