Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Friday, 22 November 2013

အမျိုးသမီးများ လောကကိုအလှဆင်နိုင်ဖို့




မိသားစုတစုမှာ အရေးကြီးဆုံးလူဖြစ်တဲ့ မိခင် သို့မဟုတ် အိမ်ရှင်မတွေရဲ့ တန်ဖိုးကို လူတိုင်းနားလည်ကြ ပါတယ်။ မိခင်ကောင်းတွေက သားကောင်းရတနာတွေ မွေးထုတ်ပေးကြတယ်။ အိမ်ရှင်မကောင်းတွေကြောင့် အမျိုးသားများ အောင်မြင်သော ဘ၀ကိုရနိုင်ကြ ပါတယ်။ ငြိမ်းချမ်းသာယာသော လူ့ဘောင်ကို တည်ဆောက်ရာမှာလည်း အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီး ပါတယ်။
ကျွန်မ ငယ်ငယ်တုန်းက မိန်းကလေးဖြစ်ရတဲ့ ဘ၀ကို သိပ်သဘောမကျ ခဲ့ ပါဘူး။ အကိုမောင်တွေလို လွတ်လွတ်လပ်လပ် နေလို့ရတဲ့ ယောင်္ကျားဘ၀ကို ပိုသဘောကျခဲ့ ပါတယ်။ မှီးကောင်ပေါက် အရွယ်ရောက်လာတော့ စိတ်ရူးပေါက်ပြီး၊ ယောင်္ကျားလေးလို နေချင်စိတ်ဖြစ်မိ ပါသေးတယ်။ အဲဒီအချိန်တုန်းက စိုးမြတ်သူဇာတို့၊ လင်းဇာနည်ဇော်တို့ ထမိန်တိုတို ရှပ်အင်္ကျီ၊ တီရှပ်တွေဝတ်ပြီး၊ ဗွီဒီယိုရိုက် ပြက္ခဒိန်ထုတ်တာ ခေတ်စားနေတဲ့ အချိန်ပါ။ ကျွန်မလည်း ယောက်ျားဝတ် ရှပ်အင်္ကျီဝတ်ချင်တာ၊ အမေက မ၀ယ်ပေးလို့ အကိုတွေဆီမှာ တောင်းဝတ်ရပါတယ်။ ရှပ်အင်္ကျီ ဖိုးယိုဖားယားနဲ့ လျှောက်သွားနေတဲ့ ကျွန်မကို အမေနဲ့ အဖေ တော်တော် မျက်စိစပါးမွှေး စူးခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မအဖြစ်နေပုံက တော်တော်ရယ်စရာကောင်း ပါတယ်။ 
မှီးကောင်ပေါက်အရွယ်ကိုကျော်လို့ တည်ငြိမ်သွား တဲ့အချိန်ရောက်တော့ ဘိုင်းကောင်းကျောက်ဖိ မဟုတ်သော်လည်း ဣနြေ္ဒသိက္ခာရှိရှိ နေတတ်ခဲ့ပါတယ်။ အမေ့ကျေးဇူးကြောင့် မိန်းမသားများ စောင့်စည်းအပ်သော ကျင့်ဝတ် သိက္ခာတွေကို ခိုင်ခိုင်မြဲမြဲ စောင့်ထိန်းနိုင်ခဲ့ ပါတယ်။ ချစ်ခြင်းမေတ္တာတွေအကြောင်းကို သိနားလည်တတ်တဲ့ အချိန်ရောက်တော့ မေတ္တာစိတ်ကြီးသော မိန်းမသားဖြစ်ရတာကို ကျေနပ်လာခဲ့ ပါတယ်။  မိဘညီအကိုမောင်ညီမများ၊ သားသမီးနဲ့ ချစ်သူလင်သားအပေါ် ထားရှိတဲ့ မိန်းမသားများရဲ့ မေတ္တာတရားဟာ ကြီးကျယ်မြင့်မြတ်လွန်း ပါတယ်။ မိဘများ အသက်ကြီးလာရင် သားထက် သမီးတွေအပေါ် အားကိုးအားထားကြတယ်၊ သမီးအိမ်မှာ နေရတာ ပိုပြီးစိတ်လုံခြုံမှု ရှိကြပါတယ်။ နှမချမ်းသာရင် မောင်အိမ်ဦးခန်းမှာ နေရမယ်ဆိုတဲ့ ရှေးမြန်မာတို့ရဲ့ ဆိုရိုးစကားကို ကြည့်ရင် မိန်မများရဲ့ မောင်နှမသားရင်းစိတ်ဓာတ်ကို နှစ်သက်ဖွယ်တွေ့ရ ပါတယ်။ မောင်နှမအချင်းချင်း တစိတ်တ၀မ်းတည်း ချစ်ခင်သင့်မြတ် စေဖို့ကိုလည်း မိခင်တွေက လေ့ကျင့်သင်ပြကြတာ ဖြစ်ပါတယ်။ သားသမီးတွေ အပေါ်ထားတဲ့ မိခင်မေတ္တာကိုတော့ စာဖွဲ့လို့မကုန်နိုင်သလို လူတိုင်းလည်း နားလည်ကြပါတယ်။

Sunday, 29 September 2013

အမှန်တရားကို စူးစမ်းကြည့်မိခြင်း




ကွာလာလမ်ပူမှာ ကျင်းပသွားတဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နှလုံးလှ စာပေဟောပြောပွဲ မှတ်တမ်းအကျဉ်းကို ရေးရင်း တွေ့ကြုံခဲ့တာတွေ၊ တွေးမိတာလေးတွေကို စာတပုဒ်ရေးချင်လာ ပါတယ်။ အချိန်တွေပိုနေလို့ မဟုတ်ပေမဲ့ မြင်သမျှ ကြားသမျှကို ပြန်တွေးပြန်ရေးချင်ကြတာ စာရေးသူတွေရဲ့ ၀ါသနာပါ။ ပညာဆိုတာ အမှန်တရားကို ထိုးထွင်း သိမြင်ခြင်းဖြစ်တယ်၊ အခြေခံပညာ အားနည်းတဲ့အခါ အမှန်တရားကို သိခွင့်မရပဲ လမ်းလွဲသွားကြတယ်လို့ ကိုဂျင်မီက ပြောပါတယ်။ ရုပ်ဝတ္ထုတွေ နှောင့်နှေးနေတာကို မကြောက်ပါ၊ ကျွန်စိတ်နဲ့ ကျိုးနွံခြင်းကိုသာ ကြောက်ရပါတယ်လို့ ကိုမင်းကိုနိုင် ပြောသွားတာကိုလည်း လေးလေးနက်နက် စဉ်းစားစရာပါ။ အစိုးရနဲ့ ပညာတတ်လူတန်းစားတွေ ပြည်သူလူထုဘက် မျက်နှာမူဖို့လိုတယ်လို့ ဆရာမ ဒေါ်သန်းမြင့်အောင် ပြောသွားတာကိုတော့ လက်တွေ့ကျင့်သုံး ကြမှသာ ကျွန်မတို့တိုင်းပြည် ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။

ကိုဂျင်မီပြောသလို အခြေခံပညာ အားနည်းလို့ အမှန်တရားကို မမြင်တတ်မကြည်တတ်၊ ကြောက်အောင် ခြောက်ထားလို့ အမှန်တရားကို ရှာဖွေတတ်တဲ့ အကျင့်တွေပျောက်ခဲ့ရတဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ ကျွန်မတို့လူမျိုးတွေရဲ့ ဘ၀နဲ့ စိတ်ဓာတ် အရည်အသွေးတွေ နိမ့်ကျပျက်စီးခဲ့ရတယ်။ အသက်သုံးဆယ်တိတိ ပြည့်တဲ့အထိ ကျွန်မ မြန်မာပြည်မှာ နေခဲ့ပါတယ်။ ဘာဆိုဘာမှ ကောင်းကောင်းနားမလည်ခဲ့ဘူး။ အိပ်ပျော်နေခဲ့ လိုက်ပုံများ၊ နွားခြေရာကွက်လေးထဲမှာ ကိုယ့်ကိုကိုယ်လဲ အဟုတ်ကြီးထင်ခဲ့ မိလေရဲ့။ မလေးရှားကို ရောက်လာ ခါစကဆို ရန်ကုန်နဲ့ ဘာမှမကွာဘူးလို့ မှတ်ချက်ချမိဖူးပါတယ်။   နေတာကြာလာတော့မှ ကွားခြားတာတွေကို မြင်တတ်လာပါတယ်။ မလေးရှားနိုင်ငံသားတွေ   မြန်မာတွေထက် ပိုမတော်ပါဘူးလို့လည်း မှတ်ချက်ချခဲ့ဖူးပါတယ်။ 

အခြေခံအားဖြင့် လူတွေအားလုံး အတူတူပဲလို့ ပြောနိုင်ပေမဲ့ ပညာတတ်ခြင်း မတတ်ခြင်းအပေါ်မှာ မူတည်ပြီး၊ ပြုမူကျင့်ကြံတာတွေ ကွာခြားပါတယ်။ပညာရှိသော ပညာတတ်များဟာ အမှန်တရားကို မြင်နိုင်အောင်လမ်းကြောင်း ပေးကြပါတယ်။ ပြောရဲဆိုရဲအောင်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိ ရပ်တည်နိုင်အောင် ပံ့ပိုးကူညီပေးကြ ပါတယ်။ အာဏာရှင်တွေ၊ အမြတ်ကြီးစား လုပ်ငန်းရှင်တွေ အမှန်တရားကို မြင်နိုင်အောင် အားပေးကြပါသလား။ အမှန်ကို မြင်တတ်ပြောတတ်တဲ့လူဆို အာဏာရှင်တွေက ရန်သူလို သဘောထားကြပါတယ်။ လုပ်ငန်းရှင်တွေဟာလည်း အမှန်ကိုပြောတဲ့ ၀န်ထမ်းမျိုးကို မကြိုက်တတ်ပါဘူး။ ခိုင်းတာအကုန်လုပ် ပြန်မပြောတဲ့ ၀န်ထမ်း၊ နာခံရိုကျိုးတဲ့ ၀န်ထမ်းမျိုးဆို သိပ်ကြိုက်ကြ ပါတယ်။ ဘ၀ရပ်တည်ရေးအတွက် အမှန်တရားကို ရှာကြည့်မနေပဲ ခိုင်းတာလုပ် နေရမယ်ဆိုရင် လူတစ်ယောက်အဖြစ် အသက်ရှင်ရတာ မတန်ဘူးထင်ပါတယ်။ 

Saturday, 31 August 2013

ရေးပါ အမှန်ကိုရိုးသားစွာရေးပါ



သြဂုတ်လ ၃၁  ဘလော့ဂါများနေ့ အမှတ်တရ စာတစ်ပုဒ်ရေးချင် ပါတယ်။ မနှစ်တုန်းကလည်း ဘလော့ဂါနေ့မှန်း မသိလိုက်ပေမဲ့ မနေ့ကဝေဒနာ ဆိုတဲ့စာတစ်ပုဒ်ကို ရေးဖြစ်လိုက် ပါတယ်။ ကျွန်မ ဘလော့ရေးတာ (၂) နှစ်ရှိပါပြီ။ လာဖတ်တဲ့သူ ပြောရလောက်အောင် မများပေမဲ့ ကျွန်မစာတွေ ဆက်ရေးနေပါတယ်။ မလေးရှားကထုတ်တဲ့ အပြင်စီး မဂ္ဂဇင်းမှာတော့ အမြဲရေးဖြစ်တယ်။ မြန်မာနက်ဝပ် နဲ့ မေတ္တာဥယျဉ်မှာ ကျွန်မရေးတဲ့ စာအချို့တင်ဖြစ်ပါတယ်။ စာရေးတာကို ၀ါသနာပါလို့ ကျွန်မရေးပါတယ်။ စာရေးခြင်း စာဖတ်ခြင်းအလုပ်ကို မြတ်နိုးလို့ ကျွန်မအချိန်တွေကို စာပေအတွက် များများသုံးနိုင်အောင် ကြိုးစားပါတယ်။
 
ကျွန်မ ဘလော့မရေးခင်က စီနီယာဝါရင့်ဘလော့ဂါများရဲ့ စာတွေလိုက်ဖတ်ပြီး သူတို့ကို လေးစားအားကျခဲ့ပါတယ်။ အတွေ့အကြုံ ဗဟုသုတတွေကို မျှဝေချင်ကြလို့ အချိန်ကုန်ခံပြီး အလကားရေးသား နေကြတဲ့ ဘလော့ဂါများကို လေးစားတဲ့အကြောင်း စာရေးဆရာမ ဒေါ်နုနုရည် (အင်းဝ)ရဲ့ ဂုဏ်ပြုစာကိုဖတ်မိဖူး ပါတယ်။  အချို့က ရေးချင်တဲ့စာကို လွတ်လွတ်လပ်လပ် ရေးရအောင် ဘလော့မှာရေးတယ်။ တချို့ကတော့ မရေးရမနေနိုင်လို့ ရေးတယ်၊ အချို့ကလည်း အထီးကျန်ဝေဒနာကို ကုစားဖို့ ဘလော့ရေးတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် စာဖတ်သူတွေ နှစ်သက်ရာစာကို လွတ်လွတ်လပ်လပ် ဖတ်နိုင်အောင် မိမိတို့အားသန်သလို ရေးကြတာ ကောင်းပါတယ်။ နယ်ပယ်ပေါင်းစုံက အတွေ့အကြုံတွေကို အတွေးရှုထောင့်မျိုးစုံနဲ့ ရေးကြတာ လိုက်ဖတ်လို့တောင် မကုန်နိုင်ဘူး။

စာပေပညာရှင်တွေ ၀ါသနာရှင်တွေ စာရေးကြတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာနဲ့ အိုင်တီပညာရှင်တွေ စာရေးကြတယ်။ ထို့အတူပဲ ကျောင်းဆရာမ၊ သူနာပြုနဲ့ အိမ်ရှင်မတွေ စာရေးကြရင်သိပ်ကောင်း ပါတယ်။ တွေ့ကြုံ ခဲ့သမျှကို ပြန်ဆင်ခြင်သုံးသပ်ပြီး စာတွေရေးရင် ဘ၀စာမျက်နှာတွေဟာ အက္ခရာတင်ကျန်ရစ် ပါလိမ့်မယ်။ စာရေးခြင်းနဲ့ ပတ်သက်ပြီး၊ ပြန်လည်ဆင်ခြင်းသုံးခြင်း ( Reflection) အကြောင်း အနည်းငယ် ထည့်ရေးချင်ပါတယ်။ ပညာရပ်တိုင်း နယ်ပယ်တိုင်းမှာ ပြန်လည်ဆင်ခြင်သုံးသပ်တဲ့ အလေ့အကျင့် Reflective practice ရှိမှသာ တိုးတက်နိုင်ပါတယ်။ နောက်ကြောင်းပြန်တွေးကြတယ်၊ အရင်ကအကြောင်းတွေကို စမြုံ့ပြန်ပြောကြတယ် ဆိုတာဟာလည်း Reflection လို့ဆိုနိုင်ပါတယ်။ ပြန်တွေး ပြန်ပြောတဲ့ အကြောင်းအရာတွေထဲက တရားနည်းလမ်းမကျတာတွေ အားနည်းချက်တွေကို အမှန်တိုင်းပြန်မြင်နိုင်ပြီး၊ ဘယ်လိုပြုပြင်သင့်တယ် ဆိုတာကို တွေးနိုင် သုံးသပ်နိုင်ရင်တော့ (Critical Reflection) အဆင့်ကို ရောက်ပါတယ်။ တွေးနိုင် သုံးသပ်နိုင်ပြီး၊ ဖတ်ကောင်းတဲ့ စာတွေရေးနိုင်ဖို့ စာဖတ်အားကောင်းဖို့ လိုပြန်ပါတယ်။

ဆင်ခြင်သုံးသပ်မိသမျှကို အများသိအောင် ပြန်ရေးတာကတော့ (Reflective writing) ဖြစ်ပါတယ်။ ဂဘ်စ်ရဲ့ ပြန်လည်ဆင်ခြင်နည်း ပုံစံ (Gibb’s Model of Reflection) ဥပမာပေးပြီး၊ ပြန်လည်ဆင်ခြင် စားရေးနည်းလေးကို အကျဉ်းချုံး ဖော်ပြချင်ပါတယ်။ ဒီမော်ဒယ်က လွယ်ကူရှင်းလင်းလို့ လူကြိုက်များပါတယ်။ သူနာပြု ဘာသာရပ်မှာ Reflective Assignments ရေးရင် ဒီမော်ဒယ်ကို တော်တော်များ သုံးကြတာကို တွေ့ရပါတယ်။ အခြားပညာရပ် နယ်ပယ်တွေမှာလည်း သုံးလို့ကောင်းပါတယ်။ 

ပထမဆုံးအဆင့်မှာ ရေးသားတင်ပြခြင်း (သို့) ဖော်ထုတ်ပြောပြခြင်း (Description) ဖြစ်ပါတယ်။ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်ကို အစီအစဉ် တကျရေးမယ်။ စာဖတ်သူနားလည်အောင် ရှင်းရှင်းလင်းလင်းနဲ့ စိတ်ဝင်စားစရာ ဖြစ်အောင်ရေးမယ်။ စာရေးတဲ့ အလေ့အကျင့် များလားရင် အရေးအသား ပိုမိုကောင်းမွန် ပြေပြစ်လာပါလိမ့်မယ်။ အကြောင်းအရာလေး တစ်ခုကို ကျွန်မပြောကြည့် ပါမယ်။ ကျောက်ကပ်မကောင်းတဲ့ လူနာတွေ တပတ်သုံးကြိမ် ကျောက်ကပ်ဆေးပြီး အသက်ရှင်ရပါတယ်။ မြန်မာပြည်မှာတော့ ပိုက်ဆံချမ်းသာမှသာ နှစ်ရှည်လများ ကျောက်ကပ်ဆေးဖို့ ဖြစ်နိုင်ပါတယ်။ မလေးရှားမှာတော့ ဆင်းရဲသားတွေ ကျောက်ကပ်ဆေးနိုင်အောင် စေတနာရှင် အဖွဲ့အစည်းတွေက ကူညီကြပါတယ်။ ဒီအကြောင်းကို တွေးရင်းရေးရင်းက ကျောက်ကပ်မဆေးနိုင်လို့ ဝေဒနာကို မချိမဆန့် ခံစားရတဲ့ မြန်မာပြည်က လူနာတွေကို ကျွန်မမျက်စိထဲ ပြန်မြင်ယောင်မိပါတယ်။ တွေးပြီး စိတ်မကောင်း ဖြစ်ရတဲ့ ခံစားချက် (Feeling) ဆိုတဲ့အဆင့်ကို ရောက်လာပါတယ်။ 

ခံစားချက်တွေ အတွေးတွေဆိုတာ အင်မတန် အဖိုးတန်တဲ့ နာမ်ပစ္စည်းတွေပါ။ ခံစားရတဲ့အခါ ကျွန်မတို့ တွေးခေါ်တဲ့ ပုံစံတွေပြောင်းသွား ပါတယ်။ ခံစားရလို့ စာနာတတ်လာတယ်။ ကိုယ်တိုင်ခံစားရတာတွေကို သူများတွေသိအောင် ရေးလိုက်တဲ့အခါ အဲဒီခံစားချက်တွေက စာဖတ်သူတွေဆီ ကူးသွားတယ်။ စာဖတ်သူတွေရဲ့ နှလုံးသားကို ထိရှသွားတယ်။ စာဖတ်ခြင်းကရတဲ့ ရသတွေဟာ လူတွေရဲ့ အတွေးအခေါ်ကို ပုံစံပြောင်းပေးနိုင်ပါတယ်။ ခံစားရလို့ တွေးမိရာက ပြန်လည်သုံးသပ်တဲ့အဆင့်  (Evaluation) ကိုရောက်လာပါတယ်။
 


Gibbs Model of Reflection, 1988

Sunday, 4 August 2013

သစ္စာ (မင်းကိုနိုင်)

အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏၀ိဥာဏ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိဥာဏ်  ပူးကပ်ဝင်၍
ကျွန်ုအားထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်
မထောက်မညှာ ပြုခဲ့ပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ် အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုအသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းပဲ
တာဝန်တရပ် ကျေပွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဥာဏ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုကြပါလေ။

မင်းကိုနိုင်

အပြင်စီးမဂ္ဂဇင်း၊ သြဂုတ်လ ၂၀၁၃တွင် ဖော်ပြသော မင်းကိုနိုင်၏ ကဗျာ သို့မဟုတ် သစ္စာစကားကို          ၈၈ ငွေရတု အမှတ်တရအဖြစ် ကျွန်မ၏ဘလော့တွင် ရေးတင်မိပါသည်။

သစ္စာတရားကို မြတ်နိုးသူ၊ သစ္စာစောင့်သိသူတိုင်းကို အလေးပြု ဦးညွှတ်လျက်

နှလုံးလှ စာပေဟောပြောပွဲ (ဇူလိုင် ၂၀၁၃၊ ၆၆ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)



 
နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) ရန်ပုံငွေအဖြစ် ကျင်းပသော (၆၆)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ဇူလိုင်လ (၁၄)ရက်နေ့တွင် SM ခန်းမ ကျင်းပခဲ့ပါသည်။ ရန်ကုန် နာရေးကူညီမှုအသင်း ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့မှ လာရောက်ဟောပြောခဲ့ ပါသည်။ အခမ်းအနား မစတင်မှီ ဗိုလ်ချုပ်အောင်ဆန်းနှင့်အကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို အလေးပြုပြီး၊ နိုင်ငံတော်သီချင်းကို သီိဆိုကြသည်။
ပညာတန်ခိုးနှင့် ပရဟိတလူမျိုးခေါင်းစဉ်ဖြင့် ကိုဂျင်မှီမှ ပထမဆုံးဟောပြော ပါသည်။ စာပေဟောပြောပွဲသှို့ တက်ရောက်လာကြသော ပုရိတ်သတ်များကို ကိုဂျင်မီက ရင်ထဲကလာသော စကားဖြင့် မင်္ဂလာပါဟု လှိုက်လှိုက်လှဲလှဲနုတ်ဆက်၍ ဟောပြောပွဲကို စတင်ပါသည်။ ဟောပြောကျင်းပရန် (၄)လခန့် ကြိုတင်ပြင်ထား ခဲ့သော်လည်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကြောင့် လာရန်သင့်မသင့် စုံးစမ်းခဲ့ရပါသည်။ မလေးရှားအဖွဲ့များက ယခုလိုအခြေအနေမျိုးတွင် လာရန်ပို၍လိုအပ်ကြောင်း ပြောသဖြင့် လာခဲ့ကြပါသည်။ ပြည်ပရောက်မြန်မာများအတွက် ခွန်များမျှဝေပေးရန် ရောက်လာခြင်းဖြစ်သည်။
မြန်မာလူမျိုးများသည် ပညာကိုတန်ဖိုးထား၍ ပရဟိတကို မြတ်နိုးသော လူမျိုးဖြစ်သည်။ ပညာတန်ခိုးနှင့် ပရဟိတ လူမျိုးသာလျှင် ကမ္ဘာမှာ အထက်တန်းသို့ ရောက်နိုင်သည်။ မြန်မာတို့သည် ပညာကို တန်ဖိုးထားပါလျှက် ပရဟိတကို မြတ်နိုးပါလျှက် အောက်ကျနောက်ကျ ဖြစ်နေရခြင်းမှာ နှစ်ပေါင်းငါးဆယ်ကျော် ရက်ရက်စက်စက် ဖျက်ဆီးခံ ခဲ့ရသောကြောင့် ဖြစ်သည်။ ပညာဆိုသည်မှာ အမှန်တရားကို ထိုးထွင်းသိမြင်နိုင်ခြင်းကို ဆိုလိုသည်။ ပညာဟုဆိုလျှင် အတန်းပညာနှင့် မပြီး၊ အတန်းပညာသည် အမှန်တရားကို ထိုးထွင်းသိမြင်နိုင်ရန် အထောက်အကူ ပြုသည်။ အခြေခံပညာ အားနည်းသည့်အခါ အမှန်ကိုသိခွင့်မရ၊ လမ်းလွဲသွားကြသည်။ ၁၉၈၈ ၀န်းကျင်က ပညာရေးသည် ယခုအချိန်ထက်စာလျှင် မဆိုးသေးဟုဆိုနိုင်သော်လည်း၊ ထိုအချိန်ကတည်းက သင်ထောက်ကူ ပစ္စည်းများ မလုံလောက်ခြင်း၊ လက်တွေ့လေ့လာရန်လိုအပ်သော ပစ္စည်းကိရိယာများ ပျက်စီးယိုယွင်းနေခြင်းတို့ကြောင့် ထိရောက်စွာ သင်ကြားခွင့်မရခဲ့သည့် တက္ကသိုလ်ကျောင်းက အတွေ့အကြုံများကို ပြောပြခဲ့ပါသည်။ သိပ္ပံပညာရှင် ဖြစ်ချင်သောကြောင့် ရူပဗေဒ ဘာသာရပ်ကို သင်ယူခဲ့သော ကိုဂျင်မီသည် ရည်းမှန်းချက်နှင့် ဝေးခဲ့ရသည်။
အခြေခံပညာအားနည်း၍ အမှန်တရားကို သိခွင့်မရသော မြန်မာပြည်သူများသည် အကြောက်တရားများကြောင့် အမှန်ကိုထုတ် မပြောရဲကြပေ။ အကြောက်တရားတွင် ရိုးသားသော အကြောက်တရားနှင့် မရိုးသားသော အကြောက်တရားဟူ၍ နှစ်မျိုးရှိသည်။ မိမိဆွေမျိုး အသိုင်းအ၀ိုင်း ထိခိုက်နစ်နာမည်ကို စိုးရိမ်၍ကြောက်ခြင်းသည် ရိုးသားသော အကြောက်တရားဖြစ်သည်။ မိမိကြီးပွားချမ်းသာရေးအတွက် အထက်ဖား အောက်ဖိလုပ်ခြင်းသည် မရိုးသားသော ကြောက်ခြင်းဖြစ်သည်။ အမှန်တရားကို မြတ်နိုးသော မြန်မာလူမျိုးများသည် အမှန်တရားကို ပြခွင့်မရပါက နှလုံးသားထဲတွင် သိမ်းဆည်းထားပြီး၊ အခွင့်အရေးရပါက အမှန်ကို ထုတ်ဖော်ပြောကြသည်။            ၈၈ အရေးအခင်းကြီးသည် အမှန်ကို ထုတ်ဖော်ပြသော သာဓကဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် အခွင့်အရေးရခိုက် အမှန်တရားကို ပြလိုက်ခြင်း ဖြစ်သည်။ မကြာသေးခင် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည်လည်း အမှန်တရားကို ဖွင့်ပြလိုက်ခြင်းဖြစ်သည်။

Tuesday, 30 July 2013

ဘ၀ပညာ ဘိုးဘွားတွေဆီမှာရှာ




မြန်မာဖတ်စာမှာသင်ရတဲ့ အဖိုးအိုနဲ့ သားသုံးယောက်အကြောင်းကို မှတ်မှိကြပါလိမ့်မယ်။ အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ၊ တရွာတကျီဆောက်ပါ၊ ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ လို့ အဖိုးအိုက သားတွေကို ဆုံးမခဲ့တဲ့ စကားသုံးခွန်းဟာ ဘ၀တခုတည်ဆောက်ရာမှာ အရေးပါသော ပညာရှိစကား ဖြစ်ပါတယ်။ ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ ဆိုတဲ့စကားနဲ့ ပတ်သက်ပြီး၊ ကျွန်မရဲ့ အတွေးအမြင် အချို့ကို ကိုယ်တွေ့သဘောနဲ့ယှဉ်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။

အသက်အရွယ်အိုမင်းလာတဲ့ အဖိုးအိုအဖွားအိုတွေ ဦးခေါင်းကို တည့်အောင်မထိန်းနိုင်တော့ပဲ ဒူးနှစ်လုံးကြား ခေါင်းဝင်နေတဲ့ အခြေအရောက်နေကြတာကမို့  ဦးခေါင်သုံးလုံးရှိသူအဖြစ် တင်စားခြင်းဖြစ် ပါတယ်။ ပထမအရွယ်၊ ဒုတိယအရွယ်နဲ့ တတိယအရွယ် အရွယ်သုံးပါးက အတွေ့ကြုံတွေရှိနေကြလို့ အဖိုးအဖွားတွေဟာ တကယ်လည်း ဦးနှောက် သုံးခုရှိကြသူတွေပါ။ ကျွန်မတို့ထက်အရင် လူဖြစ်ခဲ့ကြသူတွေမို့ ကျွန်မတို့ မသိသေးတာတွေကို တွေ့ကြ၊ကြုံကြ၊ သိပြီးနေကြသူတွေဖြစ်တဲ့ အဖိုးအိုအဖွားအိုတွေကို မှီဝဲဆည်းကပ် နည်းယူကြဖို့လိုပါတယ်။ ယူတတ်မယ်ဆိုရင် သုံးမကုန်နိုင်တဲ့ ဘ၀ပညာတွေကို အဖိုးအို အဖွားအိုတွေဆီက ရယူနိုင်ပါတယ်။ အနီးစပ်ဆုံးဖြစ်တဲ့ မိဘဖိုးဖွားတွေဟာ ကျွန်မတို့ရဲ့ လက်ဦးဆရာ ငယ်ဆရာတွေပဲဖြစ်ပါတယ်။

ကျွန်မ ငယ်ငယ်က အမေ့ဘက်က အဖိုးနဲ့အဖွားနဲ့ပဲ ရင်းနှီးခဲ့ပါတယ်။ အဖေ့ဘက်က အဖိုးနဲ့အဖွားက အသက်တိုကြသူတွေမို့ ကျွန်မ မမြင်ဖူးလိုက်ပါ။ အမေဘက်က ကျွန်မရဲ့ အဖိုးနဲ့အဖွားနှစ်ယောက်လုံး မြေးတွေအပေါ် သံယောဇဉ်ကြီးကြ ပါတယ်။ အဖိုးရဲ့အကြောင်းကို ကျွန်မရေးတဲ့ ကရင်ဈေးရောင်း ဆောင်းပါးမှာ အနည်းငယ် ထည့်ရေးခဲ့ပါတယ်။ သဘောထားဖြောင့်တဲ့ ကျွန်မတို့အဖိုးဟာ ခွတီးခွကျသိပ်နိုင် ပါတယ်။ သူ့အင်းကငါးတွေကို အမျိုးတွေက စိတ်ကြိုက်သယ်နေတာကို အဒေါ်တွေက မကျေနပ်လို့ ပြောမိရင် အဖိုးက သိပ်စိတ်ဆိုးပါတယ်။ ကျွန်မအဒေါ်တွေ အိမ်ရှေ့မှာ အလှပန်းတွေစိုက်ထားတာကိုလည်း အဖိုးက မျက်စိစပါးမွှေးစူးပါတယ်။ အိမ်ကိုလာတဲ့ ဧည့်သည်တွေက ပန်းတွေစိုက်ထားတာ သိပ်လှတာပဲလို့ ပြောရင် အဖိုးက ဘ၀င်မကျပါဘူး။ အခုနေသာ အဖိုးရှိနေသေးရင် ပန်းတွေစိုက်တာကို ဘာလို့မကြိုက်တာ လဲလို့ ကျွန်မမေးချင်ပါတယ်။ ငယ်ငယ်ကတော့ အဖိုးကြောက်ရတော့ မမေးရဲခဲ့ပါဘူး။ ထမင်းစားပြီးရင် ဗိုက်တင်းတယ်လို့ ညည်းမိရင် အဆူခံရပါတယ်။ ထမင်းစားရင် အစာကြေလွယ်အောင် ဗိုက်ပြည့်ရုံပဲ စားရမယ်၊ မဆန့်ရင်ကာ မစားရဘူးလို့ အဖိုးက ဆုံးမပါတယ်။

ဘုန်းကြီးကျောင်းသား ကျွန်မအဖိုးဟာ ပညာရှိတယောက် မဟုတ်ပေမဲ့ သူတော်ကောင်း တယောက်လို့တော့ ပြောနိုင်ပါတယ်။ ၀ါတွင်းသုံးလမှာ ဥပုဉ်နေ့တိုင်း မပျက်မကွက် ဥပုဉ်စောင့်ပါတယ်။ အခါတွင်းဆိုရင် သင်္ကြန် အကြိုနေ့ကနေ နှစ်ဆန်းတရက်နေ့ထိ ဥပုဉ်နဲ့ပဲနေပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ ၀ါသနာမပါတဲ့ အဖိုးဟာ ဘုန်းကြီးဆိုရင် သိက္ခာပုဒ်များနဲ့ ညီအောင်နေမှ ကြည်ညိုပါတယ်။ သမီးငါးယောက်မွေးထားတဲ့ အဖိုးဟာ သူ့သမီးတွေကို သူများယောက်ျားကလွဲရင် ဘယ်သူနဲ့မဆို သဘောတူတယ်လို့ ဆိုပါတယ်။ အဲဒီစာရိတ္တ သွေးကို အမေကောင်းကောင်း အမွေရခဲ့ပါတယ်။ ဗုဒ္ဓစာပေ ကျန်းဂန်တတ်ကျွမ်းတဲ့ အဖိုးကို မရှင်းမလင်းတာ ရှိရင် အကုန်မေးလို့ ရပါတယ်။ ငယ်ငယ်က မေးရကောင်းမှန်း မသိခဲ့တဲ့ကျွန်မ ခုနေများအဖိုးရှိနေသေးရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ 

Saturday, 13 July 2013

ကံ၊ စိတ်၊ ဥတု၊ အာဟာရ




ကျန်းမာရေး မကောင်းလို့ ငွေကုန်လူပန်း ဖြစ်နေကြတဲ့ လူနာတွေအတွက် စိတ်မသက်မသာဖြစ်မိလို့ ကျန်းမာခြင်းရဲ့ အကြောင်းတရားတွေဖြစ်တဲ့ ကံ၊စိတ်၊ဥတု၊ အာဟာရ အကြောင်းကို စာတစ်ပုဒ်ရေးဖို့ စိတ်ကူးမိပါတယ်။ မြန်မာတိုင်းရင်း ဆေးပညာနဲ့ ပတ်သက်ပြီးကျွန်မမှာ ဗဟုသုတအခြေခံ မရှိတဲ့အတွက် ကျွန်မလေ့လာမှတ်သားထားတဲ့ အနောက်တိုင်း ဆေးပညာအယူအဆနဲ့ လူနေမှုဘ၀ အတွေးအမြင်အချို့ကို ဆက်စပ်ပြီး ဆွေးနွေးတင်ပြ သွားပါမယ်။

နံပါတ်တစ် အရေးကြီးဆုံးအကြောင်းကတော့ ကံပဲဖြစ်ပါတယ်။ ကံကြောင့် လူတွေကျန်းမာကြတယ်၊ အနာရောဂါ ထူပြောကြတယ်။ ကံဆိုတဲ့နေရာမှာ အတိတ်ဘ၀ကပြုခဲ့တဲ့ကံ၊ ယခုဘ၀ပြုခဲ့တဲ့ကံ နှစ်မျိုးလုံးနဲ့ ဆိုင်ပါတယ်။ အရင်ဘ၀က သီလမလုံတဲ့လူ၊ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့လူတွေဟာ အနာရောဂါထူပြောတတ်တယ် ဆိုတာကို ကံ၊ကံ၏ အကျိုးကို ယုံကြည်သူတိုင်း လက်ခံကြပါလိမ့်မယ်။ ဘယ်သူမပြု မိမိမှုဆိုသလို အရင်ဘ၀က မကောင်းခဲ့လို့ ဒီဘ၀မကျန်းမမာ ဖြစ်နေရသူတွေ နောင်ဘ၀ကောင်းအောင် သီလစောင့်ဖို့လို ပါတယ်။ သီလစင်ကြယ်ရင်၊ ၀ိပသနာ ဘာဝနာပွားနိုင်ရင် ယခုဘ၀ခံစားနေရတဲ့ ဝေဒနာအချို့ကို သက်သာစေနိုင်ပါတယ်။ အရင်ဘ၀က သီလအားကောင်းခဲ့လို့ ကျန်းမာနေသူတွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ပြုမူ ဖို့လိုအပ်ပါတယ်။ အချိန်မှန်အိပ်၊ မျှတတဲ့ အာဟာရကို အချိန်မှန်စား၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး၊ ကိုယ်အလေးချိန် ထိန်းရပါမယ်။ ဆေးလိပ်သောက်တာရှောင်ရမယ်။ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ရမယ်။ အတိတ်ကံ ကောင်းပါလျှက်၊ ဒီဘ၀ပြုတဲ့ကံ မကောင်းရင်၊ ဆင်ဆင်ခြင်ခြင်မနေရင် ရောဂါထူပါလိမ့်မယ်။

ဒုတိယ အရေးကြီးဆုံးအကြောင်းက စိတ်ပါ။ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဟာ တိုက်ရိုက်ကို ဆက်စပ်နေ ပါတယ်။ ယခုအဖြစ်များနေတဲ့ နှလုံးရောဂါ၊ ဆီးချို၊သွေးတိုး၊ လေဖြတ်ရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အစားအသောက်၊ လူနေမှုစနစ်နဲ့ စိတ်ဖိစီးမှု များလို့ ဖြစ်ရတဲ့ရောဂါတွေ ဖြစ်ပါတယ်။ မလေးရှားမှာ အလုပ်လုပ်နေကြတဲ့ အသက်နှစ်ဆယ် သုံးဆယ်အရွယ်အချို့တွေ သွေးတိုးရှိကြတယ်။ ဆွေမျိုးမိသားစုရဲ့ အကြင်နာ မေတ္တာတွေနဲ့ ကင်းကွာနေရပြီး၊ အဆင်မပြေတာ မကျေနပ်စရာတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှု ဒဏ်တွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါရကြတယ်။ လူနေမှုစနစ် ကမောက်ကမ နိုင်လှပြီး၊ စိတ်ဖိစီးမှုတွေ သိပ်များကြတဲ့ မြန်မာပြည်ကလူတွေ ရောဂါဘယ ထူပြောကြတယ်။ ဆေးကုစရာ ပိုက်ဆံမရှိလို့ အသက်တိုကြတယ်။ အာဖရိကန် နိုင်ငံတွေပြီးရင် မြန်မာပြည်ရဲ့ ပျမ်းမျှလူ့သက်တမ်းဟာ ကမ္ဘာမှာအနိမ့်ဆုံး ဖြစ်နေပါတယ်။

Saturday, 29 June 2013

မြေနိမ့်ရာလှံစိုက်...

အရှိန်အ၀ါ အားကောင်းတဲ့ တိုင်းမဂ္ဂဇင်းက အင်းအားချည့်နဲ့နေတဲ့ မြန်မာပြည်က ဗုဒ္ဒဘာသာတွေကို တဖက်စောင်း ဝေဖန်ရေးသားမှုဟာ မြေနိမ့်ရာ လှံစိုက်ခံရသလို ခံစားရပါတယ်။ မြေနိမ့်ရာ အရပ်မှာ စည်ပင်ထွန်းကားတဲ့ ကျွန်မတို့ရဲ့ သာသနာတော် လှံစူးခံနေရပြီ။ အမှန်ကို ရေးတာဆိုရင် နှစ်ဖက်စလုံးက လွန်တာတွေကို ရေးရမယ်မဟုတ်လား။ မကျေနပ်တဲ့ ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ တုန့်ပြန်မှုကို  မှုစရာမလိုတော့ မိမိလိုရာဆွဲ ရေးထားတာ ကျင့်ဝတ်ညီပါရဲ့လား။ မိမိသာသနာ လူမျိုးနဲ့ တိုင်းပြည်အကျိုး တစ်စုံတရာအတွက် အားနည်းသူ လူမျိုးစုကို စော်ကားရမဲ့ အလုပ်မျိုး ကျွန်မတို့ ဘယ်တော့မှ မလုပ်ကြစို့နဲ့။

Hannah Beech ရဲ့အရေးအသားကြောင့် ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပြီ။ သူပြောသလို ကျွန်မတို့ အကြမ်းဖက်သမားတွေ မဟုတ်ဖူးဆိုတာကို အလုပ်နဲ့ သက်သေပြဖို့ တစ်လမ်းပဲရှိပါတယ်။ စင်ကြယ်ဖြောင့်မတ်သော မြတ်စွာဘုရား အဆုံးအမတွေကို နှလုံးသားထဲမှာ အမြဲထည့်ထားပြီး၊ စည်းကမ်းရှိခြင်း ညီညွတ်ခြင်းတွေနဲ့ သိက္ခာပြန်ဆယ် ကြရအောင်ပါ။ လှံစိုက်ခံရလို့ နာကျင်တဲ့ ဝေနာကို ကြိတ်မှတ်သည်းခံရင်း၊ အနာကျက်အောင် မေတ္တာဆေးလုံး သောက်သုံးလိုက်ပါ။   မြတ်စွာဘုရားက ၇န်လိုမုန်းတီးမှု ကဲ့ရဲ့ဝေဖန်မှုတွေကို မေတ္တာနဲ့ တုန့်ပြန်ဖို့သာ ဆုံးမတော်မူတယ် မဟုတ်လား။