Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Saturday, 15 June 2013

ထိုင်လျှက် အိပ်တတ်သူတို့အကြောင်း




ကျွန်မတခါတလေ စိတ်ကောင်းဝင်တဲ့အခါ တရားလေး ဘာလေးနာတယ်။ ချမ်းမြေ့ဆရာတော်ရဲ့ တရားတွေကို ရံဖန်ရံခါ နာဖြစ်ပါတယ်။ ချမ်းမြေ့ဆရာတော်က လေသံအေးအေးနဲ့ တရားဟောပြီး၊ တခါတလေ ရယ်စရာလေးတွေ ထည့်ဟောတတ်ပါတယ်။ တချို့ယောဂီတွေ တရားထိုင်ရင်း အိပ်ငိုက်တာ၊ အိပ်ပျော်နေတာတွေကို မြင်ရတာ ဆရာတော်အတွက် ရိုးနေမှာပါ။ ဒါကြောင့် ဆရာတော်က တရားထိုင်တဲ့သူတွေဟာ ထိုင်လျှက်လဲ အိပ်တတ်တယ်လို့ ဆိုပါတယ်။ တရားထိုင်တဲ့သူတွေမှ မဟုတ်ဘူး သူနာပြုတွေလည်း ထိုင်လျှက်အိပ်တတ်ပါတယ်ဘုရားလို့ ကျွန်မ စိတ်ထဲကနေ ဆရာတော်ကို ပြန်လျှောက်မိပါတယ်။
 
အမှန်ပြောတာပါ၊ သူနာပြုတွေ ထိုင်လျှက်ငုတ်တုတ် အိပ်တတ်ကြပါတယ်။ ဒီအကြောင်းကို ပြောချင်လို့ ချမ်းမြေ့ဆရာတော် ပြောစကားနဲ့ နိဒါန်းပျိုးလိုက်တာပါ။ ညအချိန်မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းတွေကို စွန့်လွတ်ပြီး အလုပ်လုပ်ရတဲ့ သူနာပြုတွေရဲ့ ဘ၀တစ်စိတ် တစ်ဒေသကို မြင်သာအောင် ဖွင့်ပြပါရစေ။ ငယ်ငယ်က ကျွန်မရဲ့ စိတ်ကူးယဉ်အိမ်မက်တွေမှာ သူနာပြုဆရာမပုံရိပ်တွေ လုံးဝရှိမနေခဲ့ပေမဲ့ ကျွန်မ သူနာပြုတစ်ယောက်ဖြစ် လာပါတယ်။ ရွေးချယ်ခွင့်တွေ မရှိသလောက်နည်းတဲ့ မြန်မာပြည်က ကျွန်မတို့မျိုးဆက်မှာ အိပ်မက်နဲ့လက်တွေ့ ကွာဟမှုတွေဟာ ဘာမှမထူးဆန်းဘူးလို့ပဲ ပြောရမှာပါ။ လက်တွေ့ဘ၀နဲ့ သဟဇာတဖြစ်အောင် ကြိုးစားနေထိုင်ရင်းက သူနာပြုတစ်ယောက် ဖြစ်ရတဲ့အပေါ် ကျေနပ်နေတတ်ခဲ့ပါတယ်။ ငယ်ငယ်က တစ်ညအိပ်ရေးပျက်ရင် ညပေါင်းများစွာ အတိုးချပြီး အိပ်ခဲ့ဖူးပါရဲ့။ လက်တွေ့ဘ၀ကို သူနာပြုအလုပ်နဲ့ ရပ်တည်တဲ့အချိန်ရောက်လာတော့ မအိပ်ရတဲ့ ညပေါင်းများစွာကို တစ်ညလောက် နှစ်ခြိုက်စွာအိပ်ပြီး ကျေနပ်ခဲ့ရပါတယ်။


ကျောင်းပြီးခါစကညဂျူတီကျရင် အော်ငိုချင်စိတ် ဖြစ်မိပါတယ်။ နောင်တော့လည်း အကျင့်ရသွားခဲ့ပါတယ်။ အထူးသူနာပြု (Special nurse) လည်း လုပ်ခဲ့ရပါတယ်။ လူနာဘေးနားက ထိုင်ခုံမှာ ငုတ်တုတ်ထိုင်ပြီး အိပ်ပျော်ခဲ့ရတာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ထိုင်ခုံ နောက်မှီကို ခေါင်းလေးမှီုပြီး၊ မှေးစက်ရာက နိုးလာရင် ဇက်ကြောတွေ နာကျင်နေပါတော့တယ်။ ညတာဝန်ကျတာ အိပ်ဖို့မဟုတ်ဘူးလို့ ပြောချင်လား။

Sunday, 9 June 2013

FRIEND: သူငယ်ချင်း


A friend is someone who sticks with us not only during good times but especially so during difficult times. It is during bad times that will see who our real friends are! They will stand by us and give us the moral, spiritual and emotional support we need. Fair weather friends will leave as soon as they see us in trouble.
မိတ်ဆွေသူငယ်ချင်းဆိုတာ  ကျွန်မတို့ရဲ့ သာယာလှပသော အချိန်တွေမှာသာမဟုတ်ပဲ အထူးသဖြင့် အခက်အခဲ တွေ့နေချိန်များမှာပါ  မခွဲမခွာ အတူတကွရှိနေပေးသူ ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခရောက်နေချိန်ဟာ ဘယ်သူဟာဖြင့် မိတ်ဆွေသူငယ်ချင်း အစစ်အမှန်လဲဆိုတာကို ကျွန်မတို့သိမြင်နိုင်တဲ့ အချိန်ဖြစ်ပါတယ်။ မိတ်ဆွေ အစစ်အမှန်တွေက ကျွန်မတို့ အနားမှာရပ်တည်ပြီး၊ ကျွန်မတို့လိုအပ်တဲ့ စာရိတ္တပိုင်းဆိုင်ရာ၊ ဘာသာတရားနဲ့ စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှုတွေ ပေးပါတယ်။ သာမှပေါင်းတဲ့ သူငယ်ချင်းတွေကတော့ ကျွန်မတို့ ဒုက္ခရောက်နေတာကိုမြင်ရင် ချက်ခင်းဆိုသလို ရှောင်ခွာသွားကြမှာ ပါလိမ့်မယ်။

We will also know who our real friends are when the going is good. Real friends will share our joy and happiness. Real friends will celebrate with us sincerely. Others whom we thought to be genuine friends may instead be jealous of our success and may try to avoid us or worse, malign us. Be very careful in selecting friends. Wisdom and discernment are needed in seeking good friends.
မိတ်ဆွေစစ်တွေကို ကျွန်မတို့ အဆင်ပြေအောင်မြင်နေချိန်မှာလဲ သိမြင်နိုင်ပါတယ်။ မိတ်ဆွေစစ်တွေဟာ ကျွန်မတို့ရဲ့ ပျော်ရွှင်မှု အောင်မြင်မှုကို အတူမျှဝေခံစားကြ ပါတယ်။ မိတ်ဆွေစစ်တွေက ကျွန်မတို့ကို ရိုးသားဖြူစင်စွာ ဂုဏ်ပြုချီးမြှင့် ကြပါလိမ့်မယ်။ မိတ်ဆွေစစ်လို့ ကျွန်မတို့ထင်ထားတဲ့ လူအချို့ကတော့ဖြင့် ကျွန်မတို့ရဲ့ အောင်မြင်မှုအပေါ် မနာလိုဖြစ်ကြပြီး ရှောင်ဖယ်ကြမယ်၊ ဒီထက်ဆိုးနိုင်တာက ကျွန်မတို့ကို ဒုက္ခရောက်အောင် ချောက်တွန်းကြ ပါလိမ့်မယ်။ မိတ်ဆွေသူငယ်ချင်း ရွေးချယ်ရာမှာ အလွန်ကိုပဲ သတိရှိ ရပါမယ်။ သူငယ်ချင်းကောင်းကို ရှာဖွေရာမှာ သတိဥာဏ် ပညာရှိဖို့ လိုပါတယ်။

Wednesday, 29 May 2013

၂၁ ရာစုချွေတာရေး


ဆရာပီမိုးနင်းရေးတဲ့ အချိန်နဲ့ချွေတာရေး စာအုပ်ကို လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေ ဖတ်ဖူးကြပါလိမ့်မယ်။ ပြောင်းလဲတိုးတက်နေတဲ့ ၂၁ရာစုက မျိုးဆက်သစ်တွေအတွက် အသုံးဝင်ဆဲ စာအုပ်ဖြစ်ပါတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေနောက် မနားတမ်းလိုက်ကြပြီး၊ ပျော်ရွှင်မှုကို အပြင်လောကမှာ လိုက်ရှာနေကြတဲ့သူတွေ ချွေတာရေးလမ်းစဉ်ကို ကျင့်သုံးနိုင်မှသာ ပျော်ရွှင်မှု အစစ်အမှန်ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ချွေတာရေး ဆိုတဲ့နေရာမှာ အချိန်၊ ငွေကြေးနဲ့ သဘာဝအရင်းအမြစ်တွေ အားလုံးကို အလေအလွင့်မရှိအောင် သုံးစွဲကြဖို့ ဖြစ်ပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ အချိန်ရဲ့ အဖိုးတန်ပုံကို မသိတဲ့သူလူ ရှိမယ်မထင်ဘူး။ သိသိကြီးနဲ့ ကျွန်မတို့ အချိန်တွေ ဖြုန်းနေကြပါတယ်။ ကျွန်မတို့ တခါတလေ ပျင်းနေကြတယ်၊ တွေဝေကြတယ်။ စိတ်လေလွင့်ပြီး အချိန်ဖြုန်းမိ တာတွေရှိတယ်။ ဆရာပီမိုးနင်းက အချိန်အတိုအစလေးတွေကအစ အလဟသဖြစ်မသွားအောင် သုံးသင့် တယ်လို့ ရေးထားပါတယ်။ ဥပမာ ရထားစီးရင်း၊ ကားစောင့်ရင်း ဘာဝနာပွားနေမယ်ဆိုရင် အဲဒီအချိန် အတိုအစလေးတွေက အကျိုးရှိရှိ ကုန်သွားပါတယ်။ အချိန်တိုင်း နေ့တိုင်း ကုသိုလ်၊ပညာ၊ဥစ္စာ တခုခုကို ရအောင်ယူမယ်လို့ သံဋိဓ္ဓာန်ချပြီး၊ မဖြစ်မနေ ရအောင်ကြိုးစား ကြဖို့လိုပါတယ်။ အကျိုးရှိရှိကုန်သွားတဲ့ နေ့ရက်မျိုးမှာဆိုရင် ကိုယ့်ကိုကိုယ် အားရကျေနပ်ပြီး၊ ယုံကြည်မှုတွေ တိုးလာပါတယ်။ အဲဒီလိုနေ့ရက် တွေများလာရင် ယုံကြည်မှုတွေ ပြည့်လျှံလာပြီး၊ ကျေနပ်ပျော်ရွှင်ရတဲ့ နေ့တွေများလာမှာပါ။ ကုန်သွားတဲ့ အချိန်တိုင်းဟာ မိမိအတွက် သို့မဟုတ် တစုံတယောက်အတွက် အကျိုးရှိတာမျိုးဖြစ်အောင် ကြိုးစားရင်း ကျွန်မတို့ ၀ီရိယပါရမီ ဖြည့်ကျင့်သင့်ပါတယ်။ 

အချိန်ကို အသုံးချတဲ့ အခါမှာလဲ အိပ်ချိန်၊ နားချိန်၊ အလုပ်လုပ်ချိန်ကို မျှတအောင်သုံးဖို့လိုပါတယ်။ အထူးသဖြင့် အိပ်ချိန်မှန်ဖို့လိုပါတယ်။ ညဥ့်နက်သန်းခေါင်ကျော်တဲ့အထိ မအိပ်မနေ အင်တာနက်နဲ့ ဖေ့ဘွတ်ကို သုံးနေကြတာတွေဟာလည်း မလိုလားအပ်တဲ့ အချိန်ဖြုန်းခြင်းတွေ ဖြစ်ပါတယ်။ အင်တာနက်မှာ စာဖတ်ချင်လို့၊ ပညာသင်ချင်လို့ဆိုရင်လည်း၊ လူတယောက်အတွက် လိုအပ်တဲ့အိပ်ချိန်ပြည့်အောင် အိပ်စက် အနားယူ ရမှာဖြစ်ပါတယ်။ အိပ်ချိန်တန်အိပ်၊ နားချိန်တန်နားမှာသာ နောက်တနေ့ မိုးလင်းရင် လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင်မှာဖြစ်လို့ အလုပ်တွင်ကျယ် ပါတယ်။ တခြားနည်းလမ်းတွေနဲ့ အချိန်ဖြုန်းတတ်တဲ့ အကျင့်တွေရှိနေရင် အဲဒီအကျင့်တွေကို ပျောက်အောင်ကြိုးစား ပြုပြင်သင့်ပါတယ်။ အချိန်ကို ကောင်းကောင်း အသုံးချတတ်သူတွေဟာ ဘ၀မှာ အနည်းနဲ့အများ အောင်မြင်မှုရကြသလို ပျော်ရွှင်မှုကို အတိုင်းအတာ တခုလောက် ရရှိသူတွေ ဖြစ်ပါတယ်။

အချိန်ကို အကျိုးရှိရှိသုံးဖို့ လိုအပ်သလို ငွေကိုချွေတာသုံဖို့လည်း အရေးကြီးပါတယ်။ လိုချင်စရာတွေ များစွာရှိ နေတဲ့ ခေတ်အခါကြီးမှာ ငွေကိုချွေတာသုံးစွဲနိုင်တာတောင် တော်ရုံမကျပါဘူး။ ၀င်ငွေနဲ့မမျှလို့ အားမတန်ရင် လိုချင်ရချင်တဲ့ စိတ်ဆန္ဒကို ချိုးနှိမ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ တတ်နိုင်လို့ ပစ္စည်းတခု ၀ယ်တော့မယ်ဆိုရင် ကိုယ့်အတွက် တကယ်လိုအပ်သလား၊ ၀ယ်ပြီးရင် တကယ်သုံးဖြစ်မှာလားဆိုတာကို သေသေချာချာ စဉ်းစား ပြီးမှ ၀ယ်သင့်ပါတယ်။ ၀ယ်ပြီးမှ မကြိုက်လို့၊ အသုံးမ၀င်လို့ ချောင်ထိုးထားရင် ကုန်သွားတဲ့ငွေတွေ အလကား ဖြစ်သွားတာ နှမျောစရာကောင်းပါတယ်။ တရုတ်မိတ်ဆွေတယောက် အကြံပေးတဲ့ နည်းလမ်းကောင်းလေး ရှိပါတယ်။ ဈေးဝယ်ထွက်တော့မယ်ဆိုရင် ထမင်းစားပြီး ဗိုက်ပြည့်တဲ့အချိန်ကို ထွက်ပါတဲ့။ ဗိုက်ပြည့်နေရင် လိုတဲ့ပစ္စည်းလောက်ပဲ ၀ယ်ဖြစ်တယ်။ ဗိုက်ဆာနေတဲ့အချိန် ဈေးဝယ်ရင် လိုတာရော မလိုအပ်တာတွေပါ ၀ယ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။ သူအကြံပေးတဲ့အတိုင်း ကျွန်မစမ်းကြည့်တာ တကယ်မှန်ပါတယ်။ ဗိုက်ဆာနေတဲ့ အချိန်မှာဆိုရင် စိတ်အလိုမပြည့်ဖြစ်နေတော့ တွေ့သမျှပစ္စည်းကို လိုချင်စိတ်ဖြစ်ပြီး ၀ယ်မိကြ ပါတယ်။ ဗိုက်ပြည့်နေရင် စိတ်အလိုပြည့်နေတာမို့ အပိုဆာရပစ္စည်းတွေဝယ်ဖို့ စိတ်မ၀င်စားတော့ပါဘူး။ နည်းလမ်း ကောင်းလေးမို့ စမ်းကြည့်ကြပါလို့ စာဖတ်သူတွေကို တိုက်တွန်းချင်ပါတယ်။ 

Saturday, 18 May 2013

ကျွန်တော် ဘုံဆိုင်






 ကျွန်တော်က ဘုန်းကြီးကျောင်းသား၊ သူရင်းငှား။ ကျောင်းဆရာရဲ့ အဖေပေါ့ဗျာ။ ကျွန်တော့် နံမည်က ဘုံဆိုင်။ အမေက ကောက်စိုက်သမ၊ ကြုံရာကျပန်း အလုပ်လုပ်တယ်။ အမေ့ အရင်ယောက်ျားက လယ်ကွင်းထဲမှာ ပိုးထိပြီးဆုံးသွားလို့ ကျွန်တာ့်အမေ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့တယ်။

လင်မရှိတဲ့ မိန်းမကို လူမလေးစားဘူးဆိုတာ မှန်မလားတော့ မသိဘူးဗျ။ ကျွန်တော့်အမေဟာ ရွာက လူတကာရဲ့ အသုံးတော်ခံဖြစ်ခဲ့တယ် ဆိုလားပဲ။ ကျွန်တော့်ကို ကိုယ်ဝန်ရတော့ ဘယ်သူနဲ့ရတာလဲ ဆိုတာ အမေကိုယ်တိုင်မသိရှာဘူး။ သူ့ဆီလာတဲ့ ယောက်ျားတွေအားလုံးနဲ့ဆိုင်လို့ ကျွန်တော့်ကို မွေးတော့ ဘုံဆိုင်လို့ အမေကိုယ်တိုင် နံမယ်ပေးခဲ့တယ်။ 

ကျွန်တော့်အတွက်တော့ အဖေဘယ်သူလဲဆိုတာ သိရလို့လည်း ဘာမှထူးပါဘူးဗျာ။ အမေ့ကိုလည်း ကျွန်တော် အပြစ်မတင်ချင်ဘူး။ အမေ ကျွေးမွေးစောင့်ရှောက်ခဲ့လို ကျွန်တော်လူဖြစ်ခဲ့တာ။ အမေ့ကို ကျွန်တော်ချစ်တယ်။ ကျွန်တော်တို့ ဘေးအိမ်ကလူတွေ ဆန်မရှိလို့ ဗိုက်မှောက်နေရတဲ့ အချိန်မှာ အမေက သူ့နည်းသူ့ဟန်နဲ့ ကျွန်တော့်ကို ထမင်းနှပ်မှန်အောင်  ကျွေးခဲ့တယ်ဗျ။

Sunday, 12 May 2013

စေတနာတွေ ဝေဒနာဖြစ်ရတဲ့အခါ



သူနာပြူ မိခင်ကြီး ဖလော့ရန့်နိုက်တင်ဂေးရဲ့မွေးနေ့ မေလ (၁၂)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ အထိမ်းအမှတ်အဖြစ် စာတစ်ပုဒ်ရေးလိုက်ပါတယ်။ အတွေ့အကြုံတွေကို စိတ်ဝင်စားစရာဖြစ်အောင် စီကာပတ်ကုံးရေးပြီး၊ ကျန်းမာရေးဗဟုသုတတွေ ထည့်ထည့်ရေးတာ ကျွန်မရဲ့ ပညာပေးနည်းတစ်ခုပါ။ ကျန်းမာရေးဆောင်းပါး သီးသန့်ရေးရင် စိတ်ဝင်စားသူနည်းပြီး၊ အတွေ့အကြုံလေးတွေနဲ့ ယှဉ်ရေးရင် စာဖတ်သူတွေအတွက် ကျန်းမာရေးအသိတွေနဲ့အတူ အရေးထားတွေစရာလေးတွေလည်း ရသွားမယ်လို့ မျှော်လင့်ပါတယ်။

ဘွဲ့လွန်အတွက် ကျောင်းစရိတ်လိုလို့ တက္ကသိုလ်နဲ့ နီးတဲ့ဆေးခန်းမှာ ခဏ၀င်လုပ်နေပါတယ်။ ဆေးခန်းက အထွေထွေရောဂါ ကုသမှုနဲ့အတူ  Alternative medicine လို့ခေါ်တဲ့  အနောက်တိုင်းဆေးပညာနဲ့ မတူတဲ့ သီးခြားကုထုံးတွေနဲ့ ရောဂါကာကွယ်ကုသခြင်း ၀န်ဆောင်မှုတွေလည်းပေးပါတယ်။ အပ်စိုက်ကုထုံး Acupuncture therapy၊ အိပ်မွေ့ချကုထုံး Hypnotherapy၊ သွေးကြောထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်သတ္ထုတွေနဲ့ အဆီတွေကို ဖြိုခွဲပေးတဲ့ကုထုံး Chelation therapy စတဲ့ကုထုံးတွေဖြစ်ပါတယ်။ အခြားအခြား ထူးထူးဆန်း ဆန်းကုထုံးတွေလည်း အများကြီးရှိပါတယ်။ အချို့ ကုထုံးတွေက လူနာတွေအတွက် အကျိုးရှိပေမဲ့ အချို့ကုထုံးတွေက အန္တရာယ်ရှိပါတယ်။ စင်္ကာပူနဲ့ အနောက်နိုင်ငံ အချို့မှာတော့  ခိုင်မာတဲ့ သုတေသန အထောက်အထားတွေ ရှိမှသာ ဒီကုထုံးတွေကို ခွင့်ပြုပါတယ်။ မလေးရှားမှာတော့ တင်းကြပ်တဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်မှ တော်တော်အားနည်းနေ ပါတယ်။ ငွေလိုလို့ ဒီအလုပ်ကို အခိုက်အတန့် လုပ်နေရပေမဲ့ အချို့ကုထုံးတွေကို ကျွန်မတော်တော်လေး ဘ၀င်မတွေ့ပါဘူး။

ပညာရေးနဲ့ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းတွေမှာ ငွေမျက်နှာပဲကြည့်ပြီး လုပ်ကြရင် လူ့ပတ်ဝန်းကျင် အတွက် အလွန်အန္တရာယ်များပါတယ်။ Chelation therapy လိုကုထုံးမျိုးဆိုရင် ရေရှည်မှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ဆရာဝန်၊သူနာပြုနဲ့ ကျန်းမာရးစောင့်ရှောက်မှု လုပ်ငန်းမှာ ပါဝင်ပတ်သက်သူမှန်သမျှ လူနာတွေရဲ့ကောင်းကျိုးကိုသာ အစဉ်ဆောင်ရွက်ပြီး၊ အန္တရာယ်ဖြစ်စေမဲ့ ဆောင်ရွက်ချက်မှန်သမျှကို ရှောင်ကြည်ရမယ်ဆိုတဲ့ ကျင့်ဝတ်တွေကို စောင့်စည်းလိုက်နာ ကြဖို့လိုပါတယ်။ လူနာတွေရဲ့ ကျန်းမားရေး အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန် အပြုအမူတွေ၊ ရောဂါကုထုံးနဲ့ ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို အမှန်အတိုင်း ပြောပြ ရှင်းပြရမဲ့ ကျင့်ဝတ်တွေရှိတယ်။ ဝေဒနာ ခံစားနေရတဲ့လူနာတွေ ရောဂါကုသရေးနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ကျန်းမာရေးဝန်ထမ်းတွေက ကူညီပေးနိုင်ရပါမယ်။ ဒီကျင့်ဝတ်တာဝန်တွေကို မဖောက်ဖျက်ချင်တဲ့ ကျွန်မအတွက် ယ္ခုဆေးခန်းက အလုပ်တွေဟာ တော်တော်လေး သဟာဇာတ မဖြစ်ပါဘူး။ 

ရင်သားကင်ဆာ ဖြစ်နေတဲ့ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ယောက် ခွဲစိတ်ကုသမှုကို ရှောင်နိုင်ဖို့ နည်းလမ်းရှာရင်း ကျွန်မလုပ်နေတဲ့ ဆေးခန်းက ဆရာဝန်ဆီ ရောက်လာပါတယ်။ သူမရဲ့ ရင်သားအကြိတ်က ကင်ဆာဖြစ်စပဲ ရှိသေးတယ်။ တခြားနေရာတွေကို မပြန့်သေးဘူး။ အချိန်မှီခွဲစိတ်ကုသမှု ခံယူမယ်၊ ကင်ဆာဆဲလ်အခြေအနေ ပေါ်မူတည်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှု ခံယူမယ်ဆိုရင် လုံးဝပျောက် ကင်းနိုငိတဲ့အခြေအနေမှာ ရှိပါတယ်။ ပြဿနာက ရင်သားကို မဖြတ်ချင်ဘူး ဖြစ်နေပါတယ်။ မြန်မာပြည်က လူတွေအများစု ကျန်းမာရေး ဗဟုသုတအားနည်းလို့ ရောဂါကို သိတာနောက်ကျကြတယ်။ ငွေကြေးမတတ် နိုင်လို့ ထိရောက်တဲ့ ကုသမှုတွေ မရကြဘူး။ ကင်ဆာကို နောက်ကျမှ သိရပြီး၊ အဆုတ်ထဲ၊ အရိုးထဲ ပျံ့သွားလို့ ဝေဒနာကို မချိမဆန့်ခံစား နေရတဲ့လလူနာတွေကို မကြခဏ တွေ့ခဲ့ဖူးပါတယ်။အခုကျွန်မတွေ့ရတဲ့ လူနာကတော့ ရင်သားမဖြတ်ချင် တာကြောင့် ဒုက္ခရောက်တော့မယ်။

Wednesday, 1 May 2013

အလင်းရောင်ဆာသော ပန်းကလေးများ



ပန်းတွေပွင့်ဖို့ ရေနဲ့မြေဆီ အာဟာရလိုတယ်။ နေရောင်ခြည်ရဲ့ အလင်းရောင် ကောင်ကောင်းရဖို့လိုတယ်။ အလင်းရောင်ဖျော့နေရင် ပန်းတွေအစွမ်းကုန် လန်းခွင့်မရနိုင်ပါ။ အလင်းရောင်မှိန်တဲ့ လောကအလယ်မှာ ဘ၀အတွက် ရုန်းကန်ရင်း ပညာအလင်းရောင်ကို လိုချင်တပ်မက်နေကြတဲ့ လူငယ်လေးတွေရဲ့အတွက် ရင်နင့်အောင်ခံစားရတဲ့ ဝေဒနာတွေကို ဒီစာရေးပြီး ဖွင့်အန်လိုက်မိ ပါတယ်။ ဝေဒနာတွေကို ကဗျာအလင်္ကာ မြောက်အောင် မဖန်တီးတတ်လို့ စာလုံးတွေအဖြစ်နဲ့ပဲ စီကုံးလိုက်ပါတယ်။
 
တကယ်တော့ ဝေဒနာတွေကို စုထားကြာပြီ။ ကျွန်မချစ်သော ရွှေကရင်တစ်ယောက်နဲ့ ချက်တင်းလုပ်ရင်း ခံစားချက်တွေ စုပုံလာလို့ စာရေးဖြစ်သွားပါတယ်။ အဲဒီ ကရင်လေးက ကျွန်မဘလော့မှာ စာလာဖတ်ရင်း၊ ကရင်အချင်းချင်းမို့ Gmail မှာ မိတ်ဆက်ပြီး ခင်သွားကြတာ။ မြန်မာတွေကို ရွှေမြန်မာလို့ဆိုတော့၊ ကရင်တွေကို ကျွန်မက ရွှေကရင်လို့ ကိုယ့်ဘာသာ အရောင်တင်လိုက်တာပါ။ ရိုးသားသော၊ သစ္စာရှိသော ကရင်တွေရဲ့ဘ၀က ရွှေရောင်လို ၀င်းမနေကြပါဘူး။ ကရင်အများစု ခပ်မှိန်မှိန် အလင်းရောင်အောက် မှာ ဆူးခင်းလမ်းကို ခက်ခဲပင်ပန်းစွာ လျှောက်ကြရသူတွေပါ။ အခြားတိုင်းရင်းသားတွေနဲ့ ပြည်တွင်းပြည်ပက မြန်မာတွေရဲ့ ဘ၀တွေကလည်း အတူတူပါပဲလေ။

Wednesday, 17 April 2013

ဒီနှစ်သင်္ကြန်



တစ်နှစ်ကူးသွားပြန်လည်း မလေးရှားမှာ သောင်တင်နေဆဲမို့ မလေးရှားမှာ သင်္ကြန်နဲ့ နှစ်သစ်ဆင်နွှဲ ခဲ့တဲ့အကြောင်းလေးကို အမှတ်တရ ပြန်ရေးလိုက်ပါတယ်။ သင်္ကြန်အကြိုနေ့မှာ ပီတလင်းဂျာယာက ရတနာယာမ ဘုန်းကြီးကျောင်းက သင်္ကြန်ကို သူငယ်ချင်းနဲ့အတူ သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဘုရားကန်တော့၊ ဆရာတော်ကို နှုတ်ဆက်ဦးချပြီး၊ မုန့်ဟင်းခါးနဲ့စားပါတယ်။ မုန့်ဟင်းခါးစားပြီးတော့ ရွှေရင်အေးကို အားပေးလိုက်ပါသေးတယ်။ မနက်ဆယ်နာရီမှာ ဆရာတော်တရားဟော ပါတယ်။

ဆရာတော်က သင်္ကြန်မှာ လူစုံတုန်း (အထူးသဖြင့် သင်္ကြန်မှာ ပျော်ချင်တဲ့လူငယ်တွေ စုစုရုံးရုံးရှိကြတုန်း) အရေးကြီးဆုံး တရားအဆုံးအမတွေကို လိုရင်တိုရှင်းနဲ့ ထိထိရောက်ရောက် ဟောကြားခဲ့ပါတယ်။ စည်းကမ်း ရှိပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းဖြင့် အမျိုးဘာသာကို စောင့်ရှောက်ကြဖို့ ဆုံးမပါတယ်။ သီလလုံပြီး၊ ကိုယ်ကျင့်ကောင်းအောင် စောင့်ထိန်းခြင်းဖြင့် သာသနာတော်ကို စောင့်ရှောက်ဖို့ အလေးအနက် ဆုံးမပါ တယ်။  ဗုဒ္ဒဘာသာမြန်မာပြည်ကို တကယ်ချစ်ကြသူတွေ ဆရာတော်ဆုံးမတဲ့အတိုင်း နေနိုင်ကြပြီဆို လုံလောက်ပါတယ်။ အဲဒီလိုနေကြရင် ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာတွေ အများစုနေတဲ့ တိုင်းပြည်ဖြစ်နေမှာပါ။ တခြားဘယ်ဘာသာဝင်ကိုမှ ပုတ်ခတ်ပြောဆိုနေဖို့ မလိုပါဘူး။ လူမျိုးဘာသာမရွေး လူသတ္တ၀ါအားလုံးကို ကျွန်မတို့ မေတ္တာထားရမယ် မဟုတ်လား။ မြန်မာပြည်ကြီးကို တကယ်ငြိမ်းချမ်း စေချင်တယ်ဆိုရင် လူတိုင်းကို ချစ်နိုင်အောင် ကျွန်မတို့ ကြိုးစားရမှာပါ။ ရန်လိုမုန်းတီးမှုတွေကို သင်္ကြန်ရေနဲ့ ဆေးကြောပစ်နိုင်ကြပါစေ။ နှစ်သစ်မှာ စိတ်သစ် အမြင်သစ်တွေရလို့၊ မတူညီကွဲပြားကြသူတွေ ချစ်ချစ်ခင်ခင် ရှိကြပါစေလို့ ဆုတောင်းပါတယ်။



တရားနာ ရေစက်ချပြီးတော့ ဘုန်းကြီးဆွမ်းကပ် ပါတယ်။ ပြီးတော့ ကျွန်မတို့ နေ့လည်စာ စားကြပါတယ်။ သင်္ကြန်းပိုးဝင် နေကြသူတွေကတော့ ပျော်ရွှင်မြူးထူးစွာ ရေကစားနေကြပါတယ်။ ကွာလာလမ်ပူက ဘုန်းကြီးကျောင်းတွေ မြန်မာပြည်မှာလို ကျယ်ကျယ်ဝန်းဝန်း မရှိတော့ သူတို့တွေ ရတဲ့နေရာကျဥ်းကျဉ်းမှာ ပွဲဖြစ်အောင် ကစားရပါတယ်။ အဆိုအကတွေဖျော်ဖြေဖို့ မဏ္ဍခပ်တန်တန်လေးကိုလည်း ဆောက်ထား ပါသေးတယ်။ မျောက်ရှုံးအောင် ရေဆော့နေကြပေမဲ့ မိုက်မိုက်ရိုင်းရိုင်း မဟုတ်ကြတာ စိတ်ချမ်းသာရ ပါတယ်။ သူတို့ရေကစားနေကြတာကို ကြည့်ပြီး ကျွန်မ၀င်ကစား ချင်စိတ်တောင်ဖြစ်မိပါတယ်။
အ၀တ်ရေစိုနဲ့ အိမ်ပြန်ဖို့ မဖြစ်နိုင်လို့ ထိုင်ပဲကြည်နေခဲ့ပါတယ်။ ရေကစားတဲ့သူတွေ ပျော်နေတာကို မြင်နေရတာ စိတ်ချမ်းသာစရာ ကောင်းပါတယ်။ မဏ္ဍပေါ်မှာတော့ အဆိုအကတွေနဲ့ ပွဲဖြစ်နေပါတယ်။ သံချပ်ထိုးတဲ့ အစီအစဉ်လည်း ပါပါတယ်။

Saturday, 6 April 2013

သင်္ကြန်ရောက်ပြန်ပြီ





 ပိတောက်ပန်းတွေ ပွင့်နေပြီ... သင်္ကြန်ရောက် ပြန်ပြီရော ....
ရင်ထဲကအလွမ်းတွေ ပိတောက်ပန်းလို ဝေေ၀ဆာဆာ ဖူးပွင့်နေတုန်းပဲ အတူးရယ်..
နှစ်တွေကြာခဲ့ပေမဲ့ ရင်ထဲက အလွမ်းဒဏ်ရာက မပျောက်နိုင်သေးဘူး...
ဥသြငှက်တွန်သံကြားရင် အလွမ်းဒဏ်ရာက ပိုပိုနာလာတယ်။
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်း၊ အသဲနှလုံးကို ပုံအပ်ပြီး ချစ်ခဲ့ရတဲ့ ချစ်းဦးသူမို့ ဘယ်လိုမှ မမေ့နိုင်ဘူး လို့ဆိုရင် ကျေကျေနပ်နပ်ကြီး ပြုံးနေမယ်လို့ အောက်မေ့မိတယ် အတူး..
ငါ့အနားမှာ တခြားယောက် ရှိမနေတာကိုလဲ နင်ကျေနပ်တယ် မဟုတ်လား..
နင့်ကို လွမ်းနေရတဲ့ ဘ၀ကိုပဲ ငါကျေနပ်ပါတယ် အတူး..
အတူးဆိုတဲ့ ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်ကို ချစ်ခဲ့မိတဲ့အတွက် ငါဘယ်တော့မှ နောင်တရ မရဘူး။
ဒါပေမဲ့..အတူးကို လူလိမ္မာလေးတစ်ယောက်အ ဖြစ် သက်ဆိုးရှည်အောင် မထိန်းနိုင်ခဲ့တာ ကိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ငါတကယ် ညံ့တဲ့သူပါ။

xxxxxxxxx xxxxxxxxxxxxxxxxx  xxxxxxxxxxxxxxxx
အဖြစ်အပျက်တွေက ငါ့ရဲ့အာရုဏ်မှာ မနေ့တနေ့ကလို မြင်ယောင်နေတုန်း....။
ငယ်ငယ်က တို့နှစ်ယောက် ကစားအတူ၊ ကျောင်းသွားလည်း အတူတူ။
ကျောင်းသွားရင် နင့်စက်ဘီးနောက်က လိုက်ရတာ ငါသိပ်ပျော်ခဲ့တယ်။
သင်္ကြန်မှာ အတူပျော်ခဲ့တာတွေကို အမှတ်ရဆုံးပဲ အတူးရေ..
အမှတ်ရဆို သင်္ကြန်နဲ့ ငါက ဖွားဘက်တော်။ ငါက သင်္ကြန်မှာမွေးတဲ့ သင်္ကြန်သမီးပျို။ ဆယ့်နှစ်လရာသီမှာ သင်္ကြန်ကျတဲ့ တန်ခူးလကို အချစ်ဆုံး။
နင်ကတော့ ပျော်ချင် ကဲချင်လို့ သင်္ကြန်ကို ချစ်တာနော် အတူး..အဲဒါကြောင့်ပေါ့..
ငယ်ငယ်တုန်းဆို ငယ်သေးလို့မို့ နင်ဆိုးခဲ့တယ်။  ကြီးလာပြန်တော့လည်း အဖတ်ဆယ်မရအောင် နင်ဆိုးခဲ့ ပွေခဲ့တယ်။ အဲဒီလောက်ဆိုးတဲ့ နင့်ကို ဘာကြောင့်ချစ်ခဲ့သလဲဆိုရင် ချစ်လို့ကို ချစ်တာ။
တို့ငယ်ငယ်တုန်းက ရိုးရာသင်္ကြန်ပွဲတွေ ခုလိုသရုပ်မပျက်သေးတာ မှတ်မှိနေသေးတယ်။ သင်္ကြန် မဏ္ဍမှာ ရေးကစားရင်း မုန့်လုံးရေပေါ် လုပ်စားကြတယ်။
နင်လေ ငယ်ငယ်ကတည်းက ဇာတိပြခဲ့ တာနော်။ ရေလောင်းရင် ကောင်းကောင်း မလောင်းချင် ဘူး။ ခွက်စောင်းခုပ်တယ်။ အေးစက်နေတဲ့ ရေခဲရေနဲ့ လောင်းတယ်။ ပြောစကားကို ဘယ်တော့မှ နားမထောင်ဘူး။
ဆယ်ကျော်သက်အရွယ် ရောက်လာတော့ နင်လတ်လျားလတ်လျား လုပ်ချင်လာတယ်နော်။ ကျောင်းပြေးရင် မခေါ်တော့ဘူး၊ ဆေးလိပ်နဲ့ အရက်သောက်ရင် သေခန်းပြတ်ဆိုလို့  နင်ငြိမ်သွားခဲ့ တယ်။ နင်ငါ့ကို ကြိတ်ပိုးနေတဲ့အချိန်မို့ ငါ့စကားအောင်ခဲ့တယ်။
ငယ်ငယ်လေးထဲက ရင်းနှီးခဲ့ကြတဲ့ တို့နှစ်ဦးရဲ့ရင်မှာ အချစ်ဆိုတဲ့အရာက စောစောစီးစီး မွေးဖွားလာခဲ့တယ်နော်။ စူးရဲတဲ့ နင့်ရဲ့အကြည့်တွေကို ရင်ဆိုင်ရတိုင်း ငါ့ရင်မှာ ပူသလို နွေးသလိုကြီး။
ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ရင် အဖြေပေးမယ်လို့ ကတိပေးခဲ့လို့ နင်စားကြိုးစားခဲ့တယ်။ ဆယ်တန်းအောင် စာရင်းထွက်တဲ့နေ့မှာ နင့်ကိုငါ အဖြေပေးခဲ့တယ်နော်။ ချစ်သူတွေ ဖြစ်ခါစတော့ နှစ်ဦးသား မိုးမမြင် လေမမြင်။ 
အချစ်ဦးပေးတဲ့ အနမ်းတွေ ပါးပြင်မှာ ခုထိနွေးနေတုန်းပဲ အတူးရယ်..