Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Saturday, 8 September 2012

ဆေးလိပ်သောက်သူတို့ဧ။် ရှူးဖိနပ်ကိုစီးကြည့်ခြင်း


ဆေးရုံမှာ အလုပ်လုပ်တဲ့ သူနာပြုတွေ ဆရာဝန်တွေအတွက် အမှာစကားတစ်ခွန်း ရှိပါတယ်။ သင်ကိုယ်တိုင် လူနာရဲ့ရှူးဖိနပ်ထဲ ၀င်နေကြည့်ပါတဲ့။ ကိုယ်ချင်းစာရမယ်လို့ ဆိုလိုတာပါ။ ကိုယ်ချင်းစာတယ် ဆိုတာ  တခြားတယောက်ရဲ့ နေရာမှာဝင်နေပြီး ခံစားသုံးသပ်ခြင်း၊ ထပ်တူခံစားပြီး စာနာနားလည်ပေးနိုင်ခြင်း ပဲဖြစ်ပါတယ်။
လူနာတစ်ဦး မှန်မှန်ကန်ကန် ပြောတာကို သဘောကျမိ ပါတယ်။ သူနာပြုတွေ ဆရာဝန်တွေက လူနာရဲ့ ရှူးဖိနပ်ထဲ ၀င်နေကြည့်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့လေ။ လူနာရဲ့ဖိနပ်ကို သူနာပြုသမားတော် တွေ စီးလို့မတော်နိုင်ပါဘူးတဲ့။ မှန်ပါတယ်။ ကျွန်မတို့ တခြားတယောက်၇ဲ့ ဖိနပ်ကိုစီးရင် တော်ဖို့ခဲယဉ်း ပါတယ်။ စီးတဲ့ဖိနပ် နံပါတ်တူရင်တောင်မှ နည်းနည်းချောင်နေတာ၊ ကြပ်နေတာမျိုးတွေ ရှိနေပါတယ်။ သို့ကလိုပဲ လူတွေကို ထပ်တူခံစား နားလည်နိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ပါတယ်။
ဆေးလိပ်သောက်သူတွေရဲ့ ဖိနပ်ကိုစီးပြီး ကျွန်မဒီစာကို ရေးပါတယ်။ မတော်တဲ့ ဖိနပ်ကိုစီးပြီးတော့လည်း လမ်းလျှောက်လို့ ရတာပဲလေ။ ကျွန်မ ဆေးလိပ်ကိုနှစ်ခြိုက်စွာ စွဲလန်းနေတဲ့သူဆိုပါစို့။ ဘာကြောင့်ဆေးလိပ် စွဲသွားသလဲ။ ငယ်ငယ်ကပေါ့။ ရွာမှာနေတော့ လူကြီးတွေက ဆေးလိပ်မီးညှိခိုင်းတယ်လေ။ ဘာရယ်ဟုတ်ဘူး၊ ဆေးလိပ်မီးညှိရင်းနဲ့ စမ်းဖွာကြည့်လိုက်တယ်။ အဲဒီလို စမ်းဖွာကြည့်ရင်းနဲ့ ဆေးလိပ်ကိုကြိုက်ပြီး စွဲသွားတယ်။



စီးကရက်ကြော်ငြာတွေကလဲ ဆွဲဆောင်တယ်လေ။ စီးကရက်သောက်ရင် စမတ်ကျတယ်လို့ ထင်ရအောင် စတိုင်လေးနဲ့ စီးကရက်သောက် ပြတယ်။ နောက်ပြီးပြောသေးတယ်။ စလင်းဘော်ဒီလေးနဲ့ လှစေရမယ်တဲ့။ ကိုယ်အလေးချိန်ကျချင်တဲ့ မမတွေသဘောကျ ဖြစ်သွားတာပေါ့။ တကယ်တော့ ဆေးလိပ်သောက်ရင် လျှာပေါ်က အရသာကိုအာရုံခံတဲ့ ရသာဖုလေးတွေ ပျက်စီးသွားမို့ စားချင်စိတ်မရှိတော့တာ။ အစားနည်း သွားတော့ ကိုယ်အလေးချိန်ကျပြီး မော်ဒယ်ကိုယ်လုံး ဖြစ်သွားတာ။ တခြားနည်းနဲ့ ၀ိတ်ချရတာခက်တယ် လေ။ လေ့ကျင့်ခန်းလုပ်ဖို့လည်းမအားဘူး။ အလုပ်ပင်ပန်း၊ စိတ်ပင်ပန်းတော့ အစားလည်းမလျှော့ နိုင်ပါဘူး။ စိတ်ညစ်ပြေအောင်စားရင်း ပိုပိုဝလာတယ်။ ကြော်ငြာကောင်းတော့ စီးကရက်သောက်ပြီး ၀ိတ်ချမိတယ်။
ကျွန်မသူငယ်ချင်း ဖိုးဇော်ပေါ့။ ဆေးလိပ်အရမ်းသောက်တယ်။ သူငယ်ချင်းတွေ အဆွယ်ကောင်းလို့ ရှစ်တန်း ကတည်းက ဆေးလိပ်သောက် တတ်တယ်။ စီးကရက်ထုတ်လုပ်တဲ့သူတွေက ဥာဏ်ကောင်းကြတယ်လေ။ သူတို့ရဲ့ အဓိကပြစ်မှတ်က ဆွဲဆောင်ရလွယ်တဲ့ ဆယ်ကျော်သက် အရွယ်တွေကို။ တကယ်စီးပွားရေး အမြင် ရှိကြတယ်။ လူငယ်တစ်ယောက် အသက်(၁၅)နှစ်မှာ ဆေးလိပ်စသောက်ရင် အနှစ်(၅၀)အထိ သက်တမ်း ရှည်တယ်ဆိုရင် (၃၅)နှစ်လုံးလုံး သူတို့ရဲ့ ရာသက်ပန်ဖောက်သယ် ဖြစ်သွားပြီ။ ဖိုးဇော်ရဲ့ မိဘတွေက အိမ်ထောင်ရေး အဆင်မပြေဘူးလေ။ စိတ်လေတေဲ့ဖိုးဇော်တယောက် အပေါင်းအသင်းကောင်း၊ ကြော်ငြာ ကောင်းတော့ ဆေးလိပ်ကို အဖော်ပြုလာတယ်။
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေဧ။်တဲ့။ ဖြစ်နိုင်တယ်။ ဆေးလိုက်သောက်တာ ကြာလာတော့ ကျွန်မ အသားအေ၇က မွဲခြောက်ခြောက်နဲ့။ မောလဲမခံနိုင်ဘူး။ ခဏခဏ အအေးမိ ပြီးဖျားလို့ ဆရာဝန်ကပြောတယ်။ ဆေးလိပ်သောက်ရင် အသက်ရှူလမ်းကြောင်းက ရောဂါကာကွယ်ပေးတဲ့ အမြှေးပါးနဲ့ ဆံချည်မျှင်လေးတွေ ပျက်စီးလို့ ရောဂါဝင်လွယ်တယ်တဲ့။ အစာအိမ်ကလည်း အောင့်အောင့်နေတယ်။ ဆေးလိပ် နဲ့စီးကရက်မှာပါတဲ့ နီကိုတင်းဓာတ်က အစာအိမ်ကအက်ဆစ်တွေကို ပိုထွက်စေပြီး အစာအိမ်အနာ ဖြစ်တယ်။ နှစ်တွေကြာလာရင် အစာအိမ်အနာက ကင်ဆာဖြစ်သွားလိမ့်မယ်တဲ့။ ကင်ဆာဖြစ်မှာတော့ ကြောက်တယ်။ ဆေးလိပ်ကလည်း မဖြတ်နိုင်ဘူး၊ ဒုက္ခပဲ။
ဖိုးဇော်ဆိုရင် နှုတ်ခမ်းတွေပြာပြီး အဖိုးကြီးးအို ပုံပေါက်နေတယ်။ ယောက်ျားလေးဆိုတော့လည်း အချိန်တန် တော့ ရည်းစားရပြီး အိမ်ထောင်ကျသွားတယ်။ နှင်းက ဖိုးဇော်ကို တော်တော်ချစ်တယ်။ ဖိုးဇော် ဆေးလိပ် တရားလွန်သောက်တာကို မကြိုက်ပေမဲ့ ခွင့်လွှတ်နေရတယ်။ သူ့အပေါ် သစ္စာရှိရင်ပဲ တော်လှပြီလို့ သဘော ထားနေရတယ်လေ။ သိတယ်မဟုတ်လား။ ခုခေတ်မှာ မိန်းကလေးတယောက်ကို တကယ်မေတ္တာစစ်နဲ့ချစ်ပြီး သစ္စာရှိရှိပေါင်းတဲ့ ယောက်ျားတွေက တကယ့်ရှားပါးပစ္စည်း ဖြစ်နေတယ်။ ကျွန်မတော့ အဲဒီရှားပါးပစ္စည်းကို ရှာမရတာနဲ့ ရတာမလို၊ လိုတာမရ ဘ၀နဲ့ပဲနေလိုက်တယ်။
ဆေးလိပ်သောက်သူနဲ့ အတူနေရင် ဆေးလိပ်ငွေ့တွေ ရှူနေရလို့ ရောဂါ၇နိုင်တယ်ဆို ဟုတ်မှာပဲ။ နှင်းဆိုရင် အဆုတ်မကောင်းဘူး။ ကြာလာရင် အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်တဲ့၊ ဒုက္ခပဲ။ ဖိုးဇော်တယောက် အခုတလော ခြေထောက်တွေ နာပြီးကျင်လာတယ်လို့ ပြောတယ်။ ဟုတ်တယ် သူ့ညာခြေထောက်က ဖြူဖျော့ နေတယ်။ နောက်တော့ မခံနိုင်အောင်နာလို့ ဆရာဝန်သွားပြတယ်။ လူသိနည်းတဲ့ ရောဂါတစ်ခုကို ဖိုးဇော်ရ လိုက်ပြီ။ ဆေးလိပ်အရမ်းသောက်ရင် သွေးကြောတွေရောင်၊ သွေးခဲပိတ်တဲ့ရောဂါ ဘားဂါးရောဂါ (Buerger’s Didease) ဆိုတာ ဖြစ်တယ်ဆိုပါလား။ ကြောက်စရာကောင်းလိုက်တာ။ ဖိုးဇော်ရဲ့ ခြေထောက်ကို သွေးမလျှောက်တော့လို့ ခြေထောက်က တဖြည်းဖြည်း မဲပြီးပုပ်လာတယ်။ ဆေးရုံတက်ပြီး ခြေကျင်းဝတ် အောက်ပိုင်းကို ဖြတ်လိုက်ရတယ်။
ခြေကျင်းဝတ်အောက်ပိုင်း ဖြတ်ပြီးတော့လည်း အနာကမကျက်ဘူး။ ဆရာမတွေ ဆေးထည့်ပေးတိုင်း ဖိုးဇော် တယောက်နာလွန်းလို့ မျက်ရည်ပေါက်ပေါက်ကျတယ်။ ခြေသလုံးကိုပါ သွေးမလျှောက်တော့လို့ ခွဲခန်းကို ဒုတိယအကြိမ်ဝင်ပြီး၊ ဒူးခေါင်းအောက်နားထိ ဖြတ်လိုက်ရတယ်။ အမေမွေးပေးတုန်းက အင်္ဂါစုံပါရဲ့။ အခုတော့ ခြေတဖက်ပြတ်သွားပြီ။ ဖိုးဇော် ဆေးရုံဆင်းတဲ့နေ့က ကျွန်မကို ဆေးလိပ်ဖြတ်တော့လို့ ပြောတယ်။ သူလည်းဖြတ်တော့ မယ်တဲ့။ နှင်းက သူ့သူငယ်ချင်း သူနာပြုဆရာမကို အကူအညီတောင်းပြီး၊ ကျွန်မတို့ နှစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ ဆရာမလေးက ကျွန်မတို့ ဆေးလိပ်ဖြတ်နိုင်အောင် အကြံပေးဆွေးနွေး တယ်။
ဆရာမလေးက အတွေ့အကြုံတော်တော် ရှိပုံရတယ်။ သူနဲ့ စကားပြောရတာ တကယ်အားတက်စရာ ကောင်းတယ်။ ကျွန်မကိုမေးတယ်။ ဆေးလိုက်သောက်ခြင်းနဲ့ ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုးတွေ ကို ဘယ်လောက်သိလဲတဲ့။ ကျွန်မလား ကိုယ်တွေ့ခံစားရတဲ့ ကောင်းကျိုးတွေကို ပြောပြလိုက်တယ်။ ဆေးလိပ်သောက်ရင် ကိုယ်အလေးချိန်ကျတယ်။ စိတ်ညစ်ပြေတယ်။ စိတ်ကူး စိတ်သန်းကောင်းတယ်။ အထီးကျန်ဝေဒနာကို ကုစားပေးနိုင်တယ်လို့ ပြောလိုက်တယ်။
ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း ကျွန်မသိသလောက် ပြောလိုက်ပါတယ်။ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ရောဂါ၊ အစာအိမ်ကင်ဆာ၊ ဖိုးဇော်ဖြစ်သလို သွေးကြောပိတ် ရောဂါတွေ ဖြစ်စေ ပါတယ်လို့။ ကျွန်မဖြေပြီးတော့ ဆေးလိပ်ရဲ့ဆိုးကျိုးတွေကို ဖြည့်စွက်ပြောပြ ပါရစေတဲ့လေ။ ကျွန်မနားထောင် ချင်အောင် ချော့ပြီးခွင့်တောင်းရှာတယ်။ ဆရာမပြောပြတဲ့ ဆိုးကျိုးတွေက အများကြီးပဲ သိလား။ သွေးတိုး၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာတွေ ဖြစ်နိုင်တယ်တဲ့။ အမျိုး သမီးတွေ ဆေးလိပ်ကို နှစ်ရှည်သောက်ရင် ကလေးမရနိုင်ဘူး တဲ့လေ။
ဆရာမက ကျွန်မသိသင့်တာတွေကို ပြောပြပြီး၊ ဆေးလိပ်ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ဘယ်ဟာက ပိုများသလဲလို့ မေးပါတယ်။ ဆိုကျိုးက များတာပေါ့လေ။ ဆိုးကျိုးက များပါတယ်ဆိုရင် ကျွန်မဘာဆက် လုပ်သင့်တယ်လို့ ထင်ပါသလဲတဲ့။ ဘာလုပ်သင့်လဲ၊ ဆေးလိပ်ဖြတ်သင့် တာပေါ့။ ကျွန်မဆေးလိပ်ဖြတ်ဖို့ အဆင်သင့်ဖြစ်ပြီလား လို့မေးပြန်တယ်။ ကျွန်မ ဖြေဖို့ခက်နေတယ်။ ကျွန်မ ဆေးလိပ်ဖြတ်ဖို့ခက်နေတာကို သူမကနားလည် ပါတယ်တဲ့။ ဆေးလိပ်ဖြတ်ရတာ ခက်ခဲပေမဲ့ တကယ်ဖြစ်နိုင်ပါတယ်လို့ အားပေးတယ်။ ကျွန်မ ဆေးလိပ်ဖြတ်ဖို့ အဆင်သင့်ဖြစ်အောင် နှစ်ပတ်အချိန်ပေးမယ်။ နောက်နှစ်ပတ်ကြာရင် တခါပြန်ဆုံ မယ်လို့ပြောပါတယ်။
ကျွန်မကို ဘာလုပ်သင့်သလဲလို့ ဆရာမမေးသွားတာ တော်တော်ထိရောက် ပါတယ်။ ဘယ်အချိန်ပဲ ဖြေဖြေ ဆေးလိပ်ဖြတ်သင့်တယ် ဆိုတဲ့အဖြေပဲရတယ်။ ဒီတော့ ကျွန်မဆေးလိပ်ဖြတ်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေရပြီ။ နှစ်ပတ်ပြည့်လို့ ဆရာမလာတော့ ကျွန်မကို အဆင်သင့်ဖြစ်ပြီလားလို့မေးတော့ အဆင်သင့် ဖြစ်ပါပြီလို့ ပြန်ဖြေလိုက်တယ်။ ကျွန်မဆေးလိပ်ကို တကယ်ဖြတ်နိုင်မယ်လို့ ယုံကြည်ချက်ရော ရှိရဲ့လားတဲ့။ ဒါတော့ ငါးဆယ်ရာခိုင်နှုန်းပဲ ရှိပါတယ်လို့ ဖြေလိုက်တယ်။ ဆရာမက ဒါဆိုမဆိုးပါဘူးတဲ့။ တဖြည်းဖြည်းနဲ့ ယုံကြည်မှုတိုးလာ ပါလိမ့်မယ်တဲ့။ ဆေးလိပ်သောက်တာကို ချက်ချင်းဖြတ်ပစ်စရာမလိုဘူး။ တဖြည်းဖြည်း လျှော့သောက်ရမယ်တဲ့။
အရင်က တလကိုစီးကရက် လေးဗူးသောက်ရင် သုံးဘူးလျှော့သောက်၊ တလကြာရင် ထပ်လျှော့သောက်။ ဒီလိုလျှော့သောက်ရင်း ၀ါသနာပါတဲ့ အလုပ်တခုခု လုပ်ပြီး အဲဒီအလုပ်မှာ စိတ်ကိုအာရုံစိုက်ထားပါတဲ့။ ဥပမာ-ပန်းချီဆွဲတာ၊ အားကစားလေ့ကျင့်တာမျိုးပေါ့။ မဆိုးဘူးသိလား။ အဲဒီနည်းတော်တော် ကောင်းတယ်။ ဆေးလိပ်လျှော့လျှော့သောက်ရင်းနဲ့ ငါတယ်ဟုတ် ပါလားဆိုပြီး ကိုယ့်ကိုကိုယ် ကျေနပ်လာတယ်။ ယုံကြည်မှု လည်း ပိုပိုတိုးလာတယ်။ တနှစ်ကြာတော့ ကျွန်မဆေးလိပ်ပြတ်သွားတယ်။
ဆေးလိပ်ပြတ်သွားတော့ ဆရာမကို သွားတွေ့ပြီးကျေးဇူးတင်စကား ပြောပါတယ်။ ဆရာမက ပီတိတွေ ဖြစ်လို့။ ပြီးတော့ပြောသေးတယ်။ ဆေးလိပ်ဖြတ်နိုင်တယ်ဆိုတာ ဘ၀အတွက် သတ္တိတွေ တိုးလာတာပဲတဲ့။ မလုပ်နိုင်ဘူးလို့ ထင်ထားတဲ့အလုပ်ကို ခဲခဲယဉ်းယဉ်း ကြိုးစားပြီးလုပ်နိုင်ခဲ့တဲ့အတွက် ကိုယ်ကိုကိုယ် ယုံကြည်လေးစားမှုတွေ တိုးလာတယ်မဟုတ်လားတဲ့။ တကယ်အမှန်ပဲ။ ကျွန်မ တောင်ထိပ် ကိုရောက်သွားသလို ခံစားရတယ်။ အပင်ပန်းခံပြီး တောင်တက်ဖူးကြတယ် မဟုတ်လား။ တောင်ပေါ်ကို ရောက်အောင်တက်နိုင်သွားရင် တောင်အောက်က ရှုခင်းတွေကို လှမ်းကြည့်ပြီးခံစားရတဲ့ ပီတိသောမနသက ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင်ပါပဲ။ အခုဆေးလိပ်ဖြတ်နိုင်သွားလို့ ကျွန်မတောင်ထိပ်ရောက်သွားသလို ခံစားနေရတယ်။
ဆရာမကို ဘယ်လိုကျေးဇူး ဆပ်၇မှန်းတောင် မသိဘူးလို့ ရင်ထဲကစကားကို ပြောမိတယ်။ ဆရာမက သူ့ကိုကျေးဇူးတင်တယ်ဆိုရင် ဆေးလိပ်သောက်တတ်တဲ့ အသိမိတ်ဆွေတွေကို ဆေးလိပ်ဖြတ်ချင်အောင် စည်းရုံးပေးပါ။ သူတို့တွေ ဆေးလိပ်ဖြတ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် ဆေးလိပ်ဖြတ်နည်းလေးတွေကို အကြံပေးဆွေးနွေးပြီး ကူညီပေးပါ။ အဲဒီလိုကူညီပေးနိုင်ရင် ကျွန်မကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ထပ်တိုးလာအုံးမှာတဲ့လေ။
...............................................     ...........................................................................................................
ကျွန်မတော့ ဆေးလိပ်သောက်သူတွေရဲ့ ရှူးဖိနပ်ထဲဝင်လိုက်တာ ဆေးလိပ်လဲစွဲသွားတယ်။ အတွေ့အကြုံ တွေ အများကြီးရပြီး ဆေးလိပ်လဲပြတ်သွားတယ်။ ကျွန်မရေးတဲ့စာကိုဖတ်ပြီး ဆေးလိပ်ဖြတ်ဖို့ ကြိုးစားချင် တယ်ဆိုရင်တော့ အချိန်ကုန်ခံပြီး စာရေးရတာ အမြတ်ထွက်တာပေါ့နော်။ ကြုံလို့ပြော ပြချင်တာရှိသေးတယ်။ ဆေးလိပ်ဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တခုဖြစ်နေလို့ ၀ိုင်းဝန်းကာ ကွယ်ဖို့လိုနေပါတယ်။ အထူးသဖြင့် မြန်မာပြည်လို ဆင်းရဲတဲ့တိုင်းပြည်တွေနဲ့ မလေးရှားလို အလယ်အလတ် တိုင်းပြည်တွေမှာ အန္တရာယ်ပိုများနေပါတယ်။ တိုးတက်တဲ့ တိုင်းပြည်ကလူတွေက ကျန်းမာရေးဗဟုသုတ ပြည့်စုံကြပြီး၊ ကိုယ့်တာဝန်ကိုယ်ယူကြတဲ့ အကျင့်တွေရှိတော့ ကျန်းမာအောင်နေကြတယ်။ ဆေးလိပ် သောက်တဲ့သူလဲ နည်းတယ်ပေါ့။ ဆင်းရဲတဲ့တိုင်းပြည်နဲ့ တိုးတက်တဲ့တိုင်ပြည် အဲဒီလိုကွာခြားပါတယ်။
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း ကျွန်မတို့ အသက်တွေကြီးလာကြပြီ။ နောင်ဆိုရင် တူတွေသားတွေ၊ တပည့်သားချင်းတွေကို သွန်သင်ဆုံးမ လမ်းကြောင်းပြရမဲ့ လူကြီးတွေဖြစ်လာတော့မယ်။ သားသမီးတွေ၊ လူငယ်တွေကို ဆေးလိပ်မသောက်ပါနဲ့လို့ပြောချင်ရင် ကိုယ်တိုင်ဆေးလိပ်မသောက်မှ ဖြစ်မှာပေါ့နော်။ လူကြီးတွေဖြစ်လာတော့မယ် အကိုကြီးတို့ မောင်ကြီးတို့တတွေ ဆေးလိပ်ရှောင်နိုင်ကြမှ အနာဂတ်မျိုးဆက်တွေမှာ ဆေးလိပ်သောက်သူဦးရေ လျော့နည်းနိုင်မှာပါ။ ဆေးလိပ်ကိုရှောင်ကြဉ်ခြင်း၊ ဆေးလိပ်အန္တရာယ်ကို ကာကွယ်ခြင်းဖြင့် တိုင်းပြည်ကို တဖက်တလမ်းက ကယ်တင်ကြရအောင်ပါ။

စာဖတ်သူများကို လေးစားလျှက်..

စံပယ်ဖြူ


No comments:

Post a Comment