နှစ်နှစ်ကျော်လောက် ပြန်မရောက်ဖြစ်ခဲ့တဲ့ ရန်ကုန်ကို တခေါက်ပြန်ရောက်
လာပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်တုန်းက နေပျော်စရာကောင်းသေးတဲ့ ရန်ကုန်။
မိတ်ဆွေသူငယ်ချင်းကောင်း၊ ဆရာသမားကောင်းတွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ ရန်ကုန်။ ရန်ကုန်က
ကျွန်မရဲ့ မွေးရပ်မြေ မဟုတ်ပေမဲ့ ကျွန်မဘ၀ရဲ့ အစိတ်အပိုင်းတခုပါ။ ရန်ကုန်မှာ ပညာသင်၊
ရန်ကုန်မှာ ရုန်းကန်လှုပ်ရှားရင်း ဘ၀ပေးအသိတွေ ရခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်ရင်
ကျွန်မ ရန်ကုန်မှာပဲ နေဖြစ်ပါတယ်။ မိဘနှစ်ပါး မရှိတော့ပြီမို့ ရွာပြန်ရင်လည်း တပတ်ဆယ်ရက်ထက်
ပိုပြီး မနေနိုင်တော့ပါ။ ရန်ကုန်မှာ အိမ်မရှိပေမဲ့ သူငယ်ချင်းအိမ်မှာ စတည်းချနေပြီး၊
အခြားမြို့က သူငယ်ချင်းတွေဆီသွားလည်လိုက်၊ လူမှုရေးကိစ္စလေးတွေ အနည်းအကျဉ်း ကူညီပေးလိုက်နဲ့
လယ်ယာပြန်စားရေး လုပ်နေရပါတယ်။
ရန်ကုန်ကို အခုတခေါက်ပြန်လာတဲ့ ခရီးစဉ်မှာ ဖောက်သယ်ချစရာလေးတွေ
ရှိပါတယ်။ နိုဝင်ဘာလထဲမှာ မြန်မာလေကြောင်းလိုင်းက ကွာလာလမ်ပူမှ ရန်ကုန် ခရီးစဉ်အတွက်
(၂)ရက်ပဲ ရှိပါတယ်။ ဘာကြောင့်လဲတော့ မသိပါ။ မလေးရှားလေကြာင်းကို လောလောဆယ် မစီးချင်သေးတာကြောင့်
အေးရှားလေကြောင်းနဲ့ ပြန်လာပါတယ်။ ကွာလာလမ်ပူလေဆိပ်ကို အလာမှာ ကျွန်မ နမော်နမဲ့ နိုင်တာတွေကိုတော့
မရေးပဲ ချန်ခဲ့လိုက်ပါတယ်။ လေဆိပ်ကို အချိန်မှီရုံလေး ရောက်ခဲ့ပါတယ်။ လေယဉ်ပေါ်ရောက်တော့
ကျွန်မဘေးခုံမှာ ကျွန်မထက် အသက်ငယ်တဲ့ ကိုရွှေမြန်မာနှစ်ယောက်။ အေးအေးလူလူပါပဲ။ လမ်းတ၀က်လောက်ရောက်တော့
လေယဉ်မယ်က လေဆိပ်အ၀င် (Arrival card) နဲ့ အကောက်ခွန် ပုံစံတွေ ဖြည့်ဖို့ စာရွက်တွေ
လိုက်ဝေပါတယ်။ အင်္ဂလိပ်လို ပုံစံကို မဖြည့်တတ်လို့ ကျွန်မဘေးက တယောက်ကိုဖြည့်ပေးခဲ့
ရပါတယ်။ ကျွန်မဘေး တယောက်ကျော်ကတော့ ကျွန်မ ဖြည့်ထားတဲ့ ပုံစံကို နမုနာကြည့်ပြီး၊ သူ့ဖာသာဖြည့်ပါတယ်။
သူနားမလည်ရင် ကျွန်မကို မေးပြီးဖြည့် ပါတယ်။ ကျွန်မ စိတ်ထဲကနေ မဆိုးပါလို့ မှတ်ချက်ပေးလိုက်ပါတယ်။
အချိန် နှစ်နာရီကျော် ပျံသန်းပြီးတဲ့နောက် အဲအေးရှား လေယာဉ်
ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ ပါတယ်။ လေဆိပ်အ၀င် လ၀ကမှာ တန်းစီ၊ ကျွန်မအလှည့်ရောက်တော့
လ၀က အရာရှိကို ပတ်စပို့နဲ့ ဖြည့်ထားပြီးသား လေဆိပ်အ၀င်ကဒ်ကို ပေးလိုက်ပါတယ်။ သူစစ်ဆေးနေတာကို
စောင့်နေရင်း ဟိုဘက်က တယောက်ကို ပိုက်ဆံ (၃၀) တောင်းတာကြားလိုက်ပါတယ်။ မလေးရှားက ပြန်လာတဲ့သူကို
တောင်းတဲ့ ငွေ(၃၀)ဆိုတာ ရင်းဂစ်(၃၀) ဖြစ်ပါလိမ့်မယ်။ မြန်မာငွေ (၉၀၀၀)ကျပ် ၀န်းကျင်။
ဘာအတွက် တောင်းတာလည်းလို့ သိချင်ပေမဲ့ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို ၀င်စွက်ဖက်ဖို့ မသင့်တော်လို့
နားပဲထောင်နေ လိုက်ရပါတယ်။ ပုံစံဖြည့်ထားတာ မပြည့်စုံတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ငွေကိုးထောင်ကျပ် ၀န်းကျင်က သုံးသိန်းအောက် အများကြီးနဲတယ် မဟုတ်လား။ ဒါမျိုးတွေ ရိုးနေပြီဆိုပေမဲ့
ကျွန်မစိတ်ထဲ မတရားအနိုင်ကျင့်တာလို့ပဲ မြင်ပါတယ်။
ကျွန်မကို စစ်တဲ့အရာရှိကတော့ ခပ်ပြုံးပြုံးနဲ့ ဘာမှမတောင်းပဲ
ခွင့်ပေးလိုက်ပါတယ်။ တောင်းရင်လည်း ကျွန်မက ဘာအတွက်လည်း၊ ဘာကြောင့်လဲ ပြန်မေးမှာ။ လ၀ကကို
ဖြတ်ပြီးတော့ ကျွန်မရဲ့ အိတ်တွေရှာရပါတယ်။ အိတ်က (၂၆)ကီလိုတအိတ်နဲ့ (၁၀)ကီလိုတအိတ်။
ကွာလာလမ်ပူ လေဆိပ်မှာ ချက်ကင်လုပ်တော့ အိတ်ကြီးကို ကျွန်မ တယောက်တည်း မနိုင်မနင်းနဲ့
မခဲ့ရတယ်။ ရန်ကုန် လေဆိပ်မှာတော့ အတူပြန်လာတဲ့ လူငယ်လေးတွေ ကူမပေးလို့ တော်ပါသေးတယ်။
အမအိတ်ကြီးကို မနိုင်လို့ ကူပေးပါဆိုတာနဲ့၊ ရတယ်အမလို့ဆိုပြီး ၀ိုင်းကူပေးကြ ပါတယ်။
ကျွန်မတို့ မြန်မာလူမျိုးတွေ အဲဒီလိုတော့ ချစ်စရာကောင်းကြ ပါတယ်။
ကျွန်မ ရန်ကုန်ရောက်တဲ့ ညမှာပဲ မုန်တိုင်းဝင်ပြီး မိုးတွေရွာပါတော့တယ်။
ရန်ကုန်မှာ မိုးကြီးရင် ရေပါကြီးလေတော့ ပထမတရက် အပြင်မထွက်ပဲ နေလိုက်ပါတယ်။ နောက်တနေ့
တန်ဆောင်မုန်း လပြည့်နေလည်း မိုးတွေ သဲကြီးမဲကြီးရွာတုန်း။ မိုးရပ်တာကို စောင့်နေရင်
လုပ်စရာကိစ္စရှိတာတွေ လုပ်ရမှာ မဟုတ်တော့ဘူးလို့ တွေးပြီး တက္ကစီနဲ့ ထွက်ခဲ့ပါတယ်။ သူနာပြုတက္ကသိုလ်က
သူငယ်ချင်းအခန်းမှာ စကားပြော လေကန်ကြပြီး၊ သူချက်ကျွေးတဲ့ မျှစ်ချဉ်ဟင်းနဲ့ နေ့လည်စာစားခဲ့
ပါတယ်။ အပြန်ကိုတော့ ပိုက်ဆံချွေတာချင်လို့မို့ လိုင်းကားစီးပြီး၊ လှည်းတန်းကို ထွက်ခဲ့ပါတယ်။
လိုင်းကားပေါ်မှာ မကြားရတာကြာပြီ ဖြစ်တဲ့ ကားစပယ်ယာရဲ့အသံကို ပြန်ကြားရလို့ အလွမ်းပြေသလိုလို။
မိန်းကလေးတွေ ကားပေါ်တက်ရင် ပုခုံးလေး ကျောလေးပွတ်ပြီး ကားပေါ်တင်ပေးတဲ့ ကိုကိုစပယ်ယာများရဲ့
အကျင့်က အရင်လိုပဲ။ စိတ်ထဲ သဘောမတွေ့ပေမဲ့ မစွာချင်လို့ သည်းခံလိုက်ပါတယ်။
ကျွန်မက လမ်းသွားရင် ဖုန်းကလိတာ ၀ါသနာမပါ၊ ဟိုငေးဒီငေး၊ ဟိုတွေဒီတွေးနဲ့
အတွေးနယ်ချဲ့ခြင်း ၀ါသနာအထုံတော့ ပါတယ်။ လိုင်းကားစီးရင်းလည်း တွေးတယ်ပေါ့။ မလေးရှားမှာဆိုရင်
လိုင်းကား ရထားစီးပြီး၊ ကွာလာလမ်ပူမြို့ နေရာအတော်စုံအောင် ရောက်ခဲ့တယ်။ ရန်ကုန်မှာလည်း
လိုင်းကားစီးပြီး လျှောက်သွားပါတယ်။ ကျွန်မက ငွေကိုအမြဲ ချွေတာသုံးနေရသူမို့ လမ်းမသိတဲ့
နေရာတွေကို သွားမှသာ တက္ကစီ စီးပါတယ်။ ရန်ကုန်မြို့နဲ့ ကွာလာလမ်ပူမြို့ပေါ်က ကျွန်မသွားထားတဲ့
ခြေရာအရေအတွက်တွေက အတူတူဖြစ်မယ်ထင်ပါတယ်။ ကွာလာလမ်ပူမှာတော့ ဘယ်သွားသွား၊ သူစိမ်းတွေကြားမှာ
ဆိုတဲ့အသိက ၀င်နေပါတယ်။ ဒါပေမဲ့ ဘယ်သွားသွား မြန်မာစကားသံ ကြားရပါတယ်။ ကုန်တိုက်တွေမှာ၊
စားသာက်ဆိုင်မှာ၊ လိုင်းကားပေါ်မှာ။ ကျွန်မတို့ မြန်မာတွေ ကိုယ့်မြေမှာ ကိုယ့်အိမ်ကိုယ့်ယာနဲ့
မိသားစုနဲ့ မနေရတဲ့ အဖြစ်တွေ ဘယ်အချိန်ထိ ဆက်ရှိနေအုံးမလဲ။ ဟိုတချိန်တုန်းက ကျွန်မတို့
ပျော်ခဲ့ကြတဲ့ ရန်ကုန်ရွှေမြို့တော်လည်း နေချင်စရာကောင်းတဲ့ မြို့တော်ပြန်ဖြစ်လာနိုင်အုံးမလား
စတဲ့အတွေးများနဲ့ အတွေးသံသရာလည်နေ ပါတယ်။
ကားပေါ်မှာ တွေးရင်း ငေးရင်း လှည်းတန်းလမ်းဆုံကို ရောက်ခဲ့ပါတယ်။
ရန်ကုန်ကို ပြန်မရောက်တာ နှစ်နှစ်ကျော်သွားပြီး ဆိုတော့လမ်းတွေကို သိပ်မမှတ်မိချင်တော့။
ဇဝေဇ၀ါ အူကြောင်ကြောင်နဲ့ လှည်းတန်းလမ်းပေါ် လျှောက်လာခဲ့ပါတယ်။ လပြည့်နေ့ လှည်းတန်းဈေးပိတ်တာမို့
ဘေးဆိုင်တွေမှာ လိုချင်တာလေးတွေ ၀ယ်ပါတယ်။ လှည်းတန်းဈေးနားမှာ ကမာရွတ်မြို့နယ် အမျိုးသာဒီမိုကရေစီ
အဖွဲ့ချုပ်က အမေစု မုန်းဟင်းခါး စတုဒီသာကျွေးပါတယ်။ ရန်ကုန် မုန့်ဟင်းခါးကို တောက မုန့်ဟင်းခါးလောက်
မကြိုက်ပေမဲ့ အားပေးတဲ့အနေနဲ့ ၀င်စားခဲ့ပါသေးတယ်။ တတ်နိုင်သလောက် သန့်ရှင်းအောင် စီစဉ်ထားပြီး၊
အငံပေါ့အောင်ချက်ထားတာကို သဘောကျပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက အသက်မပြည့်သေးလို့
NLD ကို မဲမပေးခဲ့ရပါ။ ၂၀၁၅မှာ အသဲကြားက မဲတပြားကို ပေးခွင့်ရလေမလားလို့ မျှော်လင့်ရင်း
စဉ်းစားခန်း ဖွင့်နေမိပြန်ပါတယ်။
နောက်တရက်မှာ သူနာပြုလိုင်စင် သက်တမ်းတိုးစရာရှိလို့ သူနာပြုသားဖွားကောင်စီရုံးနဲ့
ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနရုံးကို ရောက်ခဲ့ပါတယ်။ အပြန်မှာ ရွှေတိဂုံဘုရားကိုဝင်ပြီး၊
မြို့ထဲထွက်ခဲ့ပါတယ်။ လမ်းတွေပိတ်နေတဲ့ မြို့ထဲမှာလယ်ခေါင်မှာတော့ ကားတွေက မောင်းချင်သလို
မောင်းနေပြီး၊ လမ်းကူးတဲ့ လူတွေကလည်း ကူးချင်သလို ကူးနေကြတာ သူ့ဟာနဲ့သူ အဆင်ပြေနေကြပါတယ်။
အူကြောင်ကြောင် ဖြစ်နေတဲ့ ကျွန်မကတော့ လမ်းကူးဖို့ တော်တော်လေး အခက်တွေ့ နေခဲ့ပါတယ်။
လိုင်းကားစီးရတဲ့ ဒုက္ခက အရင်ထက်ပိုဆိုးပါတယ်။ အရင်က နာရီဝက်ကြာရင်ရောက်တဲ့နေရာကို တနာရီလောက်ကြာအောင်
ကားစီးရတော့ အချိန်တွေပိုကုန်၊ လူလည်းပိုပင်ပန်း ပါတယ်။ ရန်ကုန်မြေက အဖိုးတန်လွန်းတော့
ကားမှတ်တိုင်အတွက် သတ်သတ်မှတ်မှတ်ထားဖို့ မြေနေရာအပို မရှိတဲ့အဖြစ်။ အချို့နေရာတွေမှာ
ကားမှတ်တိုင် ရှာမတွေ့လို့ လမ်းဘေးဈေးသယ်တွေကို မေးရပါတယ်။ မှတ်တိုင်တွေလဲ ပျောက်ကုန်ပြီ
ညီမရေလို့ ကွမ်းယာသယ်တယောက်ကို ကျွန်မကို ပြန်ဖြေပါတယ်။ ကျွန်မစိတ်ထဲကနေ အင်းလို့ပဲ
တုန့်ပြန်လိုက်ပါတယ်။
ဒီတခေါက် ပြန်ရောက်တာ ရန်ကုန်မှာ နေချင်စိတ်ကုန်သွားခဲ့ပါတယ်။
ကားတွေကြပ်ပြီး၊ ဖုန်ထူ နေပူပြင်းတဲ့ ရန်ကုန်မြို့မှာ အပြင်ထွက်ရမှာကို ကြောက်နေမိပါတယ်။
ရန်ကုန်မှာ ရှင်သန်ရတဲ့ အခြေခံ လူတန်းစားတွေရဲ့ ဘ၀က မွန်းကြပ်စရာ အလွန်ကောင်း ပါတယ်။
ရွှေမြန်မာတွေ လူနဲ့တူအောင်နေရတဲ့ အခြေအနေမျိုး ပြန်ရောက်လာနိုင်ပါ့မလားဆိုတဲ့ အတွေးများနဲ့
လက်မှိုင်ချလျှက်သာ နေမိပါတော့တယ်။
စံပယ်ဖြူ
၁၅၊၁၁၊၂၀၁၄။
No comments:
Post a Comment