Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Wednesday 5 September 2012

အပျင်းရောဂါစွဲကပ်လာ မြန်စွာကုဖို့ပြင်...


မူလတန်းဖတ်စာမှာ သင်ရတဲ့ ပျင်းရိခြင်းအကြောင်း (၆)ပါးကို မှတ်မှိကြလားမသိဘူး။ စောသည်၊ဆာသည်၊ နောက်ကျသည်နှင့် အေးသည်၊ ပူသည်၊ ပြည့်အင့်သည်ဆိုတဲ့ ပျင်းရိခြင်းအကြောင်းတွေကို ကျွန်မတော့ အလွတ်ရနေသေးတယ်။ တခါတလေ ဘာအကြောင်းမှမရှိပဲ ပျင်းတာလည်းရှိသေးတယ်။ (Being lazy without reason) အကြောင်းမရှိပဲ ပျင်းရိခြင်းမျိုးပါ။
ကျွန်မရဲ့ အပျင်းကြီးတဲ့ ၀ါသနာဗီဇအကြောင်းကို ပြောပြချင်တယ်။ ပျင်းတာကို အားကျစေချင်လို့ မဟုတ်ဘူး။ ပြောပြစရာတွေရှိနေလို့။ ငယ်ငယ်က ကျွန်မအင်မတန် ပျင်းတယ်။ အပျင်းထူလွန်းတဲ့ ကျွန်မကို အစ်မက ဘာပြောလဲသိလား။ နင်တနေ့တနေ့ အပျင်းရည်ထွက်တာကို စုထားရင် တနေ့ရေတစ်ပုံးလောက်ရမယ်လို့ ပြောပါတယ်။ တခါတလေကျတော့ ချစ်စနိုးနဲ့ ကျွန်မကိုစာသားလေး တစ်ခုရွတ်ပြပါတယ်။ “အပျင်းရောဂါ စွဲကပ်လာ မြန်စွာကုဖို့ပြင်.. မကုစားပဲအပျင်းစွဲ ငမွဲငတေပင် “ ဆိုတဲ့ စာကိုရွတ်ပြတယ်။ ငယ်သေးတော့
အမှုမဲ့အမှတမ်မဲ့နေခဲ့ ပါတယ်။

ပျင်းလွန်းတဲ့ကျွန်မကို အဒေါ်တစ်ယောက်က ပုံပြင်လေးတစ်ပုဒ် ပြောပြတယ်။ ဟိုးရှေးရှေးတုန်းက အင်မတန် ပျင်းတဲ့သူငယ်ချင်း နှစ်ယောက်ရှိကြတယ်။ တနေ့တော့ သူငယ်ချင်းတစ်ယောက်က ပြောတယ်တဲ့။ ပျင်းလိုက်တာ သူငယ်ချင်းရယ် ငါတို့နှစ်ယောက် အပျင်းပြိုင်ကြရအောင်လို့ ဆိုပါတယ်တဲ့။ သူ့သူငယ်ချင်းက ပြန်ပြောတယ်။ အပျင်းပြိုင်ရမှာတောင် ပျင်းလို့ပါ သူငယ်ချင်းရယ်တဲ့။ အဒေါ်က ကျွန်မကို အပျင်းပြိုင် ရမှာတောင် ပျင်းတဲ့လူနဲ့ နိုင်းပါတယ်။ ကျွန်မ အဲဒီလောက်ကို ပျင်းခဲ့ပါတယ်။
လူတိုင်းမှာ ထူခြားတဲ့ဗီဇတွေ ရှိကြပါတယ်။ ငယ်ငယ်ကပျင်းတဲ့ကျွန်မ စာကျက်မပျင်းခဲ့ဘူး။ သင်္ချာတွက်ရတာ ပျော်တယ်။ စာစီစာကုံးရေးရတာ ပျော်တယ်။ အင်္ဂလိပ်စာ စာလုံးပေါင်းတွေကို ပျော်ပျော်ကြီးကျက် ခဲ့တယ်။ ပျင်းတဲ့ဝါသနာ ဗီဇနဲ့အတူ ပညာပါရမီဓာတ်ခံ ကောင်းခဲ့တယ် ထင်ပါတယ်။ ဒီလိုနဲ့ ရွာမှာရှစ်တန်းအောင်တဲ့ထိ ကျောင်းတက်ခဲ့တယ်။ အထက်တန်းတက်ဖို့ ကျုံပျော်မြို့ကို ပြောင်းရတယ်။ သူများအိမ်မှာတည်းပြီး ကျောင်းတက်ရတယ်ပေါ့။

ကျုံပျော်အိမ်ရောက်တော့ ကျွန်မပျင်းလို့ မဖြစ်တော့ပါ။ ရေသယ်ရတယ်။ ထမင်းစားပွဲပြင် ရတယ်။ စားသောက်ပြီးရင် စားပွဲသိမ်းပြီး ပန်းကန်တွေဆေးရတယ်။ ကျုံပျော်အိမ်မှာ နှစ်နှစ်နေလိုက်တာ အပိုးကျိုးပြီး၊ အပျင်းကြောလဲ ပြတ်သွားခဲ့ပါတယ်။ ဆယ်တန်းစာမေးပွဲဖြေပြီး ရွာပြန်ရောက်တော့ အိမ်အလုပ်တွေ သိမ်းကြုံးလုပ်တော့တာ။ ထမင်းဟင်းချက်၊ ရေခပ်၊ အ၀တ်လျှော်။ ကျွန်မတို့ရွာမှာ ခုချိန်ထိ ထင်းမီးကိုသုံးပြီး၊ ထမင်းရည်ငှဲ့ ချက်တုန်းပါ။ ကျွန်မ (၂)ပြည်ဝင်အိုးကို သာသာလေး မနိုင်ခဲ့တယ်။ လက်ကြောတင်းတယ် ဆိုပါတော့။

ဆယ်တန်းအောင်ပြီးတော့ ရန်ကုန်မှာ သူနာပြုတက္ကသိုလ် လေးနှစ်တက်ပြီး လုပ်ငန်းခွင်ဝင်ခဲ့တယ်။ အလုပ် ထဲမှာ ကျွန်မက ခိုင်းကောင်းတဲ့ ၀န်ထမ်းဆိုပါတော့။ အရွယ်ဧ။်ကောင်းခြင်းနဲ့ ပြည့်စုံနေတော့ တော်တော် အလုပ်လုပ်နိုင်ခဲ့ ပါတယ်။ သူနာပြုတက္ကလိုလ်၊ ရန်ကုန်မှာ ဒုနည်းပြလုပ်တော့ လစာတစ်သောင်းနဲ့ မလောက်လို့ ညပိုင်းအပြင်ဆေးခန်းမှာ လုပ်ရတယ်။ ညပိုင်းဆေးခန်းမှာလုပ်ရင် (၁၂)နာရီအထိ လုံးဝ မနားရဘူး။ (၁၂)နာရီနောက်ပိုင်းဆိုရင်တော့ လူနာတွေအိပ်ကုန်ကြပြီ။ ရောဂါသည်းတဲ့လူနာ မရှိရင် အလုပ်သိပ်မရှိတော့ပါ။ အဲဒီအချိန် ကျွန်မအင်္ဂလိပ်စာဖတ်တယ်။ အိပ်ချင်လို့ စာမဖတ်နိုင်ရင် ရေးတယ်။ IELTS (International English LanguageTesting System) မေးခွန်းပုံစံတွေကို ရေးကျင့်တယ်။ ကျွန်မက အတွေးသမားဆိုတော့ ရေးစရာတွေက ထွက်လာတယ်။ အဲဒီလို ဖတ်၊မှတ်၊လေ့လာခဲ့ တာတွေက အချည်းနှီး မဖြစ်ခဲ့ဘူး။

မလေးရှားကိုရောက်တော့ ကျွန်မအတွက် ဘာသာစကား အခက်အခဲတွေ မကြုံရဘူး။ ဒါပေမဲ့ အပျင်းရောပါ ပြန်ဝင်လာတယ်။ မပျော်တာလည်း ပါတာပေါ့။ လောကကြီးက သွေ့ခြောက်ပြီး ပျင်းရိငြီးငွေ့စရာ ကောင်းလိုက် တာ။ မြန်မာပြည်မှာနေတုန်းက အဲဒီလို ခံစားချက်မျိုး တခါမှ မခံစားမိဘူး။ မြန်မာပြည်မှာ အထီးကျန်ဝေဒနာ မရှိပါဆိုတဲ့ စကားကိုတော့ လက်တွေ့ယုံသွားပြီ။ နိုင်ငံခြားရောက်နေတဲ့ မြန်မာမိန်းကလေးတွေကို ပျင်းရိငြီး ငွေ့ခြင်းနဲ့ အထီးကျန်ဝေဒနာက ကောင်းကောင်းဒုက္ခပေးတယ်လို့ ကျွန်မနားလည် လိုက်တယ်။ ဝေဒနာကုစား ဖို့ အဖော်ရှာမိကြတယ်။ အဆင်မပြေတော့ အားကိုးရှာမိကြတယ်။ ကံကောင်းတဲ့ မိန်းကလေး အနည်းစုတော့ သင့်တော်တဲ့ လက်တွဲဖော်ရသွားတယ်ပေါ့။ အများစုကတော့ အသည်းကွဲ၊ ဘ၀တွေပျက် ရတယ်။

ကျွန်မလား။ ကံကောင်းလို့ သီသီလေး လွတ်သွားတယ် ဆိုပါတော့။ အဲဒီအကြောင်းတွေကို ပြောပြဖို့ မထိုက်တန်လို့ မပြောတော့ဘူး။ နောက်ဆုံးတော့ ဝေဒနာကို စာအုပ်တွေနဲ့ ကုစားခဲ့တယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးတဲ့ အပျင်းဖြေနည်းစာအုပ်က တော်တော်ကောင်းတယ်။ ဝေဒနာသည်တွေအတွက် ဆေးစွမ်းတစ်ခွက်ပါ။ ကြုံရင်ဖတ်ကြည့်ဖို့ လက်တို့လိုက်ပါတယ်။ ပြီးတော့ ဒေါက်သိန်းလွင်ရေးတဲ့ သောက ကင်းကွာ စိတ်ချမ်းသာဆိုတဲ့ စာအုပ်။ လောကရဲ့ တကယ့်အမှန်တရားတွေကို ရေးထားတာ။ စွဲသောက်ရမဲ့ ဆေး (စာအုပ်) ပါ။

ဝေဒနာတွေ ပေါ်လိုက်ပျောက်လိုက်နဲ့ မလေးရှားမှာ အလုပ်လုပ်တာ လေးနှစ်ကြာသွားတယ်။ ဘ၀ပေးတာဝန် တွေကိုထမ်းရင်း သူစိမ်းတွေကြားမှာ အလုပ်လုပ်ရတာကို စိတ်ကုန်လာတယ်။ မြန်မာပြည်ကိုပဲ ပြန်ချင်စိတ် ဖြစ်လာတယ်။ ရွှေပြည်ကို ပြန်နိုင်ဖို့အရေးတွေကလည်း သိကြတဲ့အတိုင်းပဲလေ။ မပြန်ခင် ဘွဲ့လွန်တက်သွား မယ်လို့စိတ်ကူးရတယ်။ မလာယာတက္ကသိုလ်မှာ သူနာပြုမဟာသိပ္ပံ တက်ဖို့မျက်စိမှိတ် ဆုံးဖြတ်လိုက်တယ်။ ကျောင်းတက်တယ် ဆိုလို့အထင်တော့ မကြီးနဲ့၊ အကြွေးနဲ့ တက်တာ။ ကျွန်မလျှောက်ခဲ့တဲ့ ဘ၀လမ်းမှာ ကျွန်မအတွက် ပေါင်းကူးတံတားဆောက်ပေးသူတွေ၊ လဲကျမသွားအောင် တွဲကူပေးတဲ့သူတွေ အများကြီးပဲ။ ကြုံရင်ပြောပြ ပါမယ်။

အခုကျောင်းတက် နေပါတယ်။ စာတွေဖတ်ရတာ ပျင်းစရာကောင်းသလား မမေးနဲ့တော့။ ဖတ်ရတဲ့စာတွေက စာရေးဆရာ ဗန်းမော်တင်အောင်တို့၊ တက္ကသိုလ်ဘုန်းနိုင်တို့ ရေးတဲ့ဝတ္ထုတွေလို မှမဟုတ်တာ။ သုတေသန စာတမ်းတွေ။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ သူနာပြုတွေ ဘယ်လိုဆက်နွယ် သလဲဆိုတာတွေ။ အိုင်တီခေတ်၊ နည်းပညာခေတ်မှာ  လူသားတွေ ကျန်းမာရေးဗဟာသုတတွေ ပြည်စုံကြလို့ သက်တမ်းတွေပိုရှည်လာတယ်။ (မြန်မာပြည်လိုဆင်းရဲတဲ့ နိုင်ငံတွေက ချွင်းချက်ပေါ့)  ဒါကြောင့် သက်ကြီးပိုင်းလူဦးရေ တိုးလာတယ်။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ သူနာပြုတွေက ဘယ်လို ပြင်ဆင်ထားသင့်တယ် ဆိုတာတွေကို ဖတ်ပြီးရင် ပြန်ရေး။ ဝေဖန်ဆွေးနွေး ရတယ်။

ကိုယ့်ကိုကိုယ် စာကျမ်းပိုးလို့ထင်ထားတာ လုံးဝမှားသွားတယ်။ ပျင်းသလားမမေးနဲ့။ ပျင်းလွန်းလို့ လျှောက်တွေး ရင်း ငယ်ငယ်ကပျင်းတာတွေကို သွားသတိရတယ်။ အမဆိုပြခဲ့တဲ့ စာသားကိုလဲ သတိရလိုက်တယ်။ “အပျင်းရောဂါ စွဲကပ်လာ မြန်စွာကုဖို့ပြင်.. မကုစားပဲအပျင်းစွဲ ငမွဲငတေပင် “ ဆိုတာကို။ ဟုတ်တယ် အပျင်း ရောဂါမကုရင်တော့ ငမွဲငတေ ဖြစ်မှာ။ ဆင်းရဲခြင်းကို ကျွန်မခံနိုင်ရည်ရှိပေမဲ့ မွဲတေတဲ့ဘ၀ကိုတော့ မလိုချင်ဘူး။ မွဲတေခြင်းဆိုတဲ့ စကားလုံးက ကျွန်မကို ကြိမ်နဲ့တို့သလိုပဲ။ ကြိမ်တခါတို့ရင် တချက်ရွေ့သွားတယ်။ တွေးကြည့်လိုက်တော့ ကျွန်မက ကြိမ်လုံးပဲကြောက်တဲ့ နွားဖြစ်နေတယ်။ အတိတ်ဘ၀ တစ်ခုခုမှာ ကျွန်မက အပျင်းထူသော နွားမလေးတကောင် ဖြစ်ခဲ့လေသလားလို တွေးမိပါတယ်။

ပျင်းပျင်းနဲ့ ရေးဖတ်ရင်း အမှတ်တွေတော့ ကောင်းသား။ အရင်က အင်္ဂလိပ်စာကို ကြိုးစားရေးဖတ်ခဲ့တာ အခုအကျိုးပြုပြီ။ ဖတ်သမျှစာတွေကို အလွယ်တကူ နားလည် သလို၊ ပြန်ရေးနိုင်ခဲ့တယ်။ အင်တာနက်ပေါ်က ပညာရတနာသိုက်တွေကလည်း ယူလို့မကုန်နိုင်ဘူး။ ဒီရတနာ သိုက်တွေကို ရအောင်ယူနိုင်ဖို့ မြန်မာတွေ အင်္ဂလိပ်စာကို ကြိုးစားလေ့လာစေချင်တယ်။ ဆယ်တန်းမအောင်လဲ အင်္ဂလိပ်စာကို လေ့လာလို့ရတယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်ရင် ဘွဲ့မရလည်း အင်တာနက်မှာ ပညာရှာလို့ ရတယ်။

မြန်မာပြည်ကြီး မွဲတေခြင်းက လွတ်မြောက်အောင် ကျွန်မတို့ ပညာတွေ နေ့စဉ်သင်ယူဖို့ လိုတယ်။ အတန်းပညာထက်၊ ဘ၀ပညာတွေကို သင်ရမယ်။ အပျင်းရောဂါတွေ၊ တွေဝေခြင်း၊ မျှော်လင့်ချက် ကင်းမဲ့နေခြင်းတွေကို သင့်တော်သလို ကုစားပြီး၊ နေ့စဉ် ကုသိုလ်၊ ပညာ၊ ဥစ္စာ တခုခုရအောင်ယူ ကြဖို့တိုက်တွန်း ချင်ပါတယ်။

 စာဖတ်သူများကို လေးစားလျှက်...
စံပယ်ဖြူ


No comments:

Post a Comment