Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Sunday, 24 March 2013

အဖြူရောင် ဂရုဏာ


ဂရုဏာဆိုတာ တစုံတဦး ဆင်းရဲဒုက္ခရောက်တဲ့အခါ စိတ်နှလုံးတုန်လှုပ်ခြင်း၊ စာနာသနားခြင်းလို့ ဆိုပါတယ်။ ဆင်းရဲဒုက္ခရောက်နေသူကို ကူညီဖေးမခြင်းဟာ ဂရုဏာလုပ်ငန်းကို ကာယကံမြောက် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးရုံတွေမှာ စေတနာအပြည့်နဲ့ အလုပ်လုပ်ကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေဟာ ဂရုဏာလုပ်ငန်းကို ကာယကံမြောက် လုပ်ဆောင်နေသူတွေမို့ ရင်နဲ့အမျှ ဂရုဏာ ဖြစ်စရာတွေကို များစွာကြုံတွေ့ ကြရပါတယ်။ ကျွန်မရဲ့ လုပ်သက်တလျှောက်မှာ ကြုံခဲ့တာတွေ အများကြီထဲက မလေးရှားမှာဆုံခဲ့တဲ့ မြန်မာလူနာ တစ်ယောက်အကြောင်းကို သတိတရ ပြန်ပြောပြချင်ပါတယ်။
ကျွန်မ ကွာလာလမ်ပူက တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်တုန်းက သူနာပြုကျောင်းသူတွေနဲ့အတူ ဆေးရုံကို ရံဖန်ရံခါ လိုက်ရပါတယ်။ ပူထရာဂျာယာဆေးရုံ (Putrajaya Hospital)နဲ့ ဆာဒန်းဆေးရုံ (Hospital Serdang)ကို ကျွန်မသွားခဲ့ပါတယ်။ ပူထရာဂျာယာဆေးရုံက မလေးရှားနိုင်ငံရဲ့ ပထမတန်းစား ဆေးရုံဖြစ်လို့ မလေးရှားနိုင်ငံသား လူနာတွေကို အများဆုံးတွေ့ရပါတယ်။ ဆာဒန်းဆေးရုံကို သွားရင်တော့ မြန်မာလူနာတွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ခွဲစိပ်ကုသဆောင်မှာ ကျော့ဆိုတဲ့မိန်းကလေး တယောက်ကို ဆုံရဖူးပါတယ်။ ဧည့်ချိန်မဟုတ်ရင် သူ့ခင်မျာတယောက်ထဲ။ ဘာသာစကားမတတ်တော့ ဆရာဝန်တွေ၊ သူနာပြုတွေကို ပြောချင်တာမပြောတတ်နဲ့မို့ တော်တော် အားငယ်နေရှာတယ်။ ကျွန်မ ဆေးရုံသွားတဲ့နေ့နဲ့ကြုံရင် လိုအပ်တာမေးပေး၊ စကားပြန်လုပ်ပေး တာလောက်တော့ ကူညီပေးခဲ့ပါတယ်။ တခါတလေ ဗမာစကား ကောင်းကောင်း မပြောတတ်တဲ့ ချင်းလူနာတွေနဲ့တွေ့ရင် ကျွန်မ ဘာသာပြန်လုပ်ပေးရတာ တော်တော်လေး အခက်တွေ့ပါတယ်။ မလေးရှားမှာ အနေကြာတဲ့ ဗမာလူနာတွေဆိုရင် အင်္ဂလိပ်လို မပြောတတ်ပေမဲ့ မလေးစကား ပြောတတ်တော့ အဆင်ပြေကြပါတယ်။
အရိုးကုသဆောင်မှာဆုံခဲ့တဲ့ မြန်မာတစ်ယောက်ရဲ့ အဖြစ်ကတော့ နာကျင်စရာကောင်းလှ ပါတယ်။ အလုပ်လုပ်ရင်း လျှပ်စစ်ကြိုးခွေ လက်မောင်းပေါ်ပြုတ်ကျလို့ လက်တစ်ဖက်ဖြတ် လိုက်ရပါတယ်။ ကျွန်မ ဆေးရုံသွားတဲ့နေ့မှာ ဒဏ်ရာရထားတဲ့လက်ရဲ့ တံတောင်ဆစ်အောက်ပိုင်းက မည်းပြီးပျက်စီး နေပါပြီ။ လျှပ်စစ်ကြိုးလောင်တဲ့ဒဏ်ရာက အင်မတန်နာ ပါတယ်။ နာကျင်တဲ့မှုကို ကြိတ်မှိတ်ခံရင်း မှိန်းရှာပါတယ်။

Wednesday, 20 March 2013

ရွာဖျားက သူဌေးကုန်း


လယ်ယာမြေတွေ ပေါများတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ ကျွန်မကြီးပြင်းခဲ့ပါတယ်။ ရွာရဲ့အရှေ့ပိုင်း ကျွန်မတို့ နေတဲ့အစုကို  အရှေ့စုလို့ခေါ်ပါတယ်။ ကျွန်မတို့အရှေ့စုလေးရဲ့ အစွန်အဖျားမှာ သူဌေးကုန်းလေး ရှိပါတယ်။ အိမ်ခြေတစ်ဆယ် လောက်ရှိပါလိမ့်မယ်။ ကျွန်မသတိရလွမ်းမိတဲ့ သူဌေးကုန်းက လူတွေအကြောင်းကို စာမျက်နှာပေါ် အက္ခရာတင်လိုက်ချင် ပါတယ်။
သူဌေးကုန်းလေးက ရွာအစွန်အဖျားမှာရှိတာမို့ ရွာကလူတွေက ရွာဖျားလို့ပဲ ခေါ်ဝေါ်သမုတ်ပါတယ်။ ရွာဖျားက လူတစ်စုဟာ ဆင်းရဲနုံခြာလွန်းလို့ အမေက သူဌေးကုန်းလို့ အမည်ပေးလိုက်တာ ဖြစ်ပါတယ်။ ထမင်းကို မနက်တစ်နပ်၊ ညနေတစ်နှပ် ပုံမှန်အောင်စားနေရတဲ့ နေ့ရက်တွေဟာ သူဌေးကုန်းကလူတွေအတွက် လှပသောနေ့ရက်တွေ ဖြစ်ပါတယ်။ ထမင်းနပ်မှန်အောင် အသက်မွေးကြတဲ့ အလုပ်တွေကတော့ ကြုံရာ ကျပန်း၊ ကပ်ပါးအလုပ်ပဲ ဖြစ်ပါတယ်။ မိုးရာသီစပါးစိုက်ချိန်ဆိုရင် အမျိုးသားတွေက လယ်ရှင်တွေဆီမှာ သူရင်းငှား၊ နေ့စားနဲ့ ပျိုးနှုတ်တဲ့အလုပ်တွေ လုပ်ကြပြီး၊ အမျိုးသမီးတွေက ကောက်စိုက်ကြပါတယ်။ လယ်စိုက်ချိန်ဟာ သူဌေးကုန်းကလူတွေ ထမင်းနှပ်မှန်အောင် စားရတဲ့အချိန် ဖြစ်ပါတယ်။

Monday, 25 February 2013

အပယ်ခံပန်း၏ ရင်တွင်းဖြစ်

ရိပ်မွန်ဓမ္မာရုံမှ ဆရာတော် တရားဟောသံကို ကြည်လင်ပြတ်သားစွာ ကြားနေရသည်။ တရားသံက ကျွန်မ နှလုံးသားကို ငြိမ်သက်အေးချမ်းစေပါသည်။ တရားဓမ္မဖြင့်သာ လူသတ္တ၀ါတို့တို့အား တည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင် စွမ်းဆောင်နိုင်သည်ဟု ဆရာတော်မိန့်ကြားမှုကို နှစ်သက်လွန်းသဖြင့် မျက်ရည်ပင် လည်ရပါသည်။
မှန်လှပါအရှင် ဘုရား။

အမေနှင့် အထီးကျန်စွာ ဘ၀ကိုဖြတ်သန်းခဲ့သော နှစ်ဆယ်ကျော် ကျွန်မတသက် သည်လိုတရားမျိုး တကြိမ်တခါမှ မနားဖူးခဲ့ပါ။ ဗုဒ္ဓဘာသာဖြစ်သော အမေသည် တရားလည်းမနာ၊ ဘုန်းကြီးကျောင်းလည်း သွားလေ့မရှိ။ ကျွန်မတို့နေသော အိမ်ရာအတွင်းရှိ ရိပ်မွန်ဓမ္မာရုံသည် ကျွန်မတို့ သားအမိအတွက် မတန်မရာ နေရာ ဖြစ်နေသည်။ ရိပ်မွန်ဓမ္မာရုံမှ နှစ်စဉ်ကျင်းပသော ၀ါဆိုအလှူ၊ ကထိန်အလှူများကို သဒ္ဓါစိတ်ပေါ်လို့ သွားမိရင်တောင် ကျွန်မတို့ သားအမိကို အရေးလုပ်ခေါ်ပြောမည့်သူ ရှိမည်မထင်။

အမေသွားသော နေရာများမှာ ရှော့ပင်းစင်တာ၊ ခေတ်မှီဗျူတီစလွန်း။ ထိုနေရာများကသာ အမေ့ကို ပျူငှာစွာ ကြိုဆိုကြသည်။ အမေရှေ့ဆက်ရပ်တည်ရန်  လှပကျော့ရှင်း နေဖို့လိုသည်။
အမေသည် တသက်လုံးလှနေပါ မည်လား။
အမေအိုလာ လို့အလှတွေ ပျက်ယွင်းလာတဲ့အခါ ကျွန်မတို့ သားအမိ ဘယ်လိုစခန်းသွား ရပါမည်လဲ။
ကျွန်မဘ၀ရှေ့ရေးအတွက် အမေ ဘာတွေစဉ်းစားထားသလဲ ကျွန်မသိလိုပါသည်။
တစ်လကို တစ်ကြိမ် နှစ်ကြိမ်ရောက်လာ တတ်သော အဖေဆိုသည့် လူကြီးကို ကျွန်မ မခင်တွယ်ပါ။
အငယ်အနှောင်း များသော အဖေ့ကို တဏှာရူးကြီးလို့ စိတ်က ပြစ်မှားနေမိသဖြင့် နေ့စဉ်အပြစ်များ ရနေသည်။

သားအမိဖြစ်နေသော်လည်း ကျွန်မက အမေ့လို ပါရမီမပါပေ။
ကျွန်မရုပ်ရည် အတော်အတန် ကြည့်ကောင်း သော်လည်း အလှပြင်သော အလုပ်ကို ကျွန်မ ၀ါသနာမပါ။
အပယ်ခံ ပန်းတပွင့် လှနေလို့လည်း တင့်တယ် လာမည်မဟုတ်။

အချို့ယောက်ျားများ၏ အကြည့်များကို ကျွန်မ ရွံမုန်းမိပါသည်။
အမေနှင့် အဖေတို့၏ သမီးဖြစ်ရသည့်အတွက် ယောက်ျားများက ကျွန်မကို မြတ်နိုးတန်ဖိုး ထားစရာ မိန်းကလေးလို့ မမြင်ကြတော့။
ငယ်ငယ်ကတည်းက ပျောက်ဆုံးခဲ့သော ယုံကြည်ချက်များ အသက်ကြီးလာလေ အစရှာမရတော့လေ ဖြစ်လာခဲ့သည်။ ဒဏ်ရာများနဲ့ နာကျင်ခဲ့ရသော ငယ်ဘ၀ နေ့ရက်ကိုလည်း မမေ့နိုင်ခဲ့ပါ။

ကျွန်မ ငယ်ငယ်က အခြားကလေးများနည်းတူ ပျော်ရွှင်လွတ်လပ်စွာ ကစားခွင့်မရခဲ့ပါ။
ညနေရောက်လျှင် ကလေးများအားလုံး အိမ်ရာမြေကွက်လပ်သို့ ဆင်း၍ကစားကြသည်။
ကျွန်မလည်း သူတို့နှင့်အတူ သွားဆင်းကစားခဲ့ ပါသည်။ ကျွန်မသွားကစားပြီဆိုရင်  အခြားကလေးတွေကို မိဘများက ပြန်ခေါ်သွား ကြသည်။
သူတို့မိဘများက ကျွန်မနှင့်အတူ မကစားစေလိုသောကြောင့် ပြန်ခေါ်သွားကြ ခြင်းဖြစ်လေသည်။
တိတ်တိတ်ပုန်း မယားငယ်ရဲ့ သမီးဟာ ဂုဏ်သရေရှိ လူကြီးလူကောင်း သားသမီးတွေနဲ့ အတူကစားဖို့ မတူမတန်ဘူးလား။

မသိနားမလည်တဲ့ အရွယ်ကတည်းက သိမ်ငယ်စိတ်တွေ ရင်မှာအမြစ်တွယ် နေခဲ့ပါသည်။

Wednesday, 20 February 2013

အလှမျက်နှာ ချိုသောအပြုံး


အလှတရားဆိုတာ ရှာဖွေကြည့်တတ်ရင် နေရာတိုင်းမှာ ရှိနေပါတယ်။ လောကကြီးဘယ်လောက် လှနေနေ အလှတရားကိုခံစားတတ်တဲ့ နှလုံးသားမရှိရင် ရှိရှိသမျှအရာအားလုံးဟာ အကြည်းတန်နေ ပါတယ်။ ပျော်ရာမှာမနေရတဲ့ ကျွန်မတို့လို အဝေးရောက်နေသူတွေရဲ့ နှလုံးသားမှာ အနာတရတွေ များလွန်းတော့ အလှတရားကို ခံစားတတ်တဲ့ ဓာတ်သဘာဝတွေ တဖြေးဖြေးယုတ်လျော့ လာကြပါတယ်။ တကယ့်အလှကို လှတယ်လို့မထင်တော့ပဲ၊ မလှတာတွေကို အလှကြီးလှတယ် ခမ်းနားထည်ဝါတယ်လို့ ထင်ယောင်ထင်မှား ဖြစ်လာကြပါတယ်။

Thursday, 17 January 2013

ရှင်ဘုရင်ကြီး ဖွဲစားသည်

စာမရေးတာကြာတော့ တစ်ခုခုရေးချင်စိတ် ဖြစ်တာနဲ့ ရှင်ဘုရင်ကြီး ဖွဲစားတဲ့ ပုံပြင်အကြောင်း ရေးဖို့စိတ်ကူးမိပါတယ်။ ငယ်ငယ်က ကြားဖူးခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပါ။ တကယ်အဖြစ်မှန်လား၊ ဒဏ္ဍာရီ ပုံပြင်လားတော့ မသိပါ။ အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့ မရစကောင်းဘူးဆိုတာကို ဒီပုံပြင်ကနေ သင်ခန်းစာရခဲ့ ပါတယ်။
တခါတုန်းက ရှင်ဘုရင်တစ်ပါးဟာ မှူးမတ်တွေနဲ့အတူ တိုင်းခန်းလှည့်လည် ပါတယ်။ တနေရာ ရောက်တော့ ဘုရင်က ဖွဲနုတွေကိုတွေ့ပြီး ဘာမှန်းမသိလို့ လက်နဲ့တို့ပြီး လျက်ကြည့် ပါတယ်။

Saturday, 12 January 2013

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲမှတ်တမ်း


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သော ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲ အခမ်းအနားကို ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့တွင် SM ကုန်တိုက်ခန်းမ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဆရာဦးသက်ဆွေမှ အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာမ မစန္ဒာမှ ၀တ္ထုတပုဒ်ကို ဖန်တီးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကျော်ရင်မြင့်မှ ဘ၀ဇာတ်ခုံပေါ်က ခေတ်သစ်ပုံပြင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ)မှ အပြောင်းအလဲအား ရှာကြည့်ခြင်းနှင့် ဘေးမှရပ်ကြည့်သူ၏ အမြင် ခေါင်းစဉ်ဖြင့်လည်းကောင်း  ဟောပြောခဲ့ကြသည်။
စာရေးဆရာမ မစန္ဒာမှ ၀တ္ထုတပုဒ်ကို ဖန်တီးခြင်း ခေါင်းစဉ်ကို ပထမဆုံးဟောပြောခဲ့သည်။ စာရေးဆရာ (၃)မျိုး ရှိသည်။ အချို့စာရေးဆရာများသည် အပြောကောင်းသည်၊ စာရေးမကောင်း၊ အချို့က စာရေး ကောင်းသည် အပြောမကောင်း၊ အချို့က အပြောလည်းကောင်း အရေးလည်းကောင်း ကြသည်။ စာရေးဆရာ (၃)မျိုးရှိသကဲ့သို့ စာအမျိုးအစားလည်း (၃)မျိုးရှိသည်။ ပထမတမျိုးမှာ ကွမ်းရေနှင့်တူသော အပျော်ဖတ် စာများ ဖြစ်သည်။ ကွမ်းကို အတော်အတန် ၀ါးပြီးလျှင် ကွမ်းရည်များကို ထွေးပြစ်ရသည်။ ကြာကြာဆက်၍ ၀ါးပြီးလျှင် ကွမ်းဖတ်အားလုံးကို ထွေးထုတ်ပြစ်ရသည်။ အပျော်ဖတ်သက်သက်ဖြစ်သော စာများသည် အရည်လည်းမရ အဖတ်လည်းမရသဖြင့် ကွမ်းရည်တူသော စာဖြစ်သည်ဟု ဆိုပါသည်။ ဒုတိယ စာအမျိုးအစားမှာ ကြံရည်နှင့်တူသော စာဖြစ်သည်။ ကြံကို အရည်ညှစ်လျှင် အဖတ်ကိုပြစ်ရပြီး၊ အရသာ ရှိသော ကြံရည်ကိုသောက်ရသည်။ ၀တ္ထုသည် ကြံရည်နှင့်တူသော စာဖြစ်သည်။ အသိုင်းအ      ၀ိုင်းနှင့် ရေးဖွဲ့ထားသော ၀တ္ထုတပုဒ်တွင် မလိုအပ်သည်များကိုဖယ်၍ ကြံရည်နှင့်တူသော အနှစ်သာရရှိသည့် စာများ မှတ်သားစရာကျန်သည်။ တတိယစာ အမျိုးအစားမှာ နို့မလိုင်နှင့်တူသော စာဖြစ်သည်။ ထိုစာမျိုးသည် အရည်ရော အဖတ်ပါရသော အာဟာရပြည့်ဝသည် စာပေဖြစ်သည်ဟု ဆိုပါသည်။
ဝတ္ထုရေးခြင်းကို ငါးဖမ်းခြင်းနှင့် နိုင်းပြခဲ့သည်။ ၀တ္ထုတိုရေးခြင်းသည် မှိန်းနှင့်ထိုး၍ ငါးဖမ်းခြင်းနှင့်တူသည်။ ငါးကိုစောင့်၍ ချက်ကောင်းမိအောင် မှိန်းနှင့်ထိုးနိုင်မှ ငါးတကောင်ရသည်။ ထို့နည်းတူပင် ၀တ္ထုတိုရေးသူ သည် ငါးရအောင် ထိထိမိမိရေးနိုင်ရသည်။ ၀တ္ထုရှည်ရေးခြင်းသည်  ပိုက်ကွန်ဖြင့် ငါးဖမ်းခြင်းဖြစ်သည်။ ပိုက်ကွန်ဖြင့် ငါးဖမ်းလျှင် အကောင်ရေများစွာ ရသကဲ့သို့ ၀တ္ထုရှည်ရေးသားခြင်းဖြင့် စာရေးသူပေးလိုသော မက်ဆေ့များကို များများပေးနိုင်သည်။ သို့သော်လည်း တခါတရံ ရေသာကျယ်၍ ငါးမရတာမျိုး ဖြစ်နိုင်သည်။ စာရေးမည်ဆိုလျှင် မိမိပိုင်နိုင်သော အကြောင်းအရာကို ထိထိမိမိရေးနိုင်ပါလျှင် ငါးများများ ရနိုင်သည်။ ၀တ္ထုရေးခြင်းသည် ရင်ထဲမှစကားကို စာဖြင့်ပြောခြင်းဖြစ်သည်။ စာရေးသူနှင့်သိသော လူများအကြောင်းကို အခြားသူများသိအောင် စာရေးပြောခြင်း၊ မျှဝေခံစားနိုင်အောင် ရေးခြင်းဖြစ်သဖြင့် အတင်းပြောခြင်း ဟုဆိုနိုင် သည်။ စာရေး၍အတင်းပြောခြင်း၊ မိမိသိသော အကြောင်းအရာများကို အများသိအောင်ရေးခြင်း၌ ရသပါ အောင်ရေးရသည်။ တွေးရပါသည်။ အတွေးမှန်မှ အရေးမှန်မည်ဟု ဆိုပါသည်။
စာရေးရာတွင် မိမိကိုယ်တိုင် တွေ့ကြုံရသော အကြောင်းအရာများကို အခြေခံ၍ရေးမှသာ ထိထိမိမိ ရေးသားနိုင်ကြောင်းကို ဆရာမ မစန္ဒာက သူမ၏ ဆဋ္ဌဂံဝတ္ထု ရေးဖြစ်ခဲ့ပုံနှင့် ဥပမာပေး ဟောပြောခဲ့သည်။ မစန္ဒာသည် စာစရေး၍ နံမည်ရခါစ အချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ဘ၀အကြောင်းကို ၀တ္ထု ရေးချင်ခဲ့သည်။ သို့သော် ကိုယ်တိုင်ကိုယ်ဝန်ဆောင်ဖူးသည့် အတွေ့အကြုံမရှိသဖြင့် ရေး၍မရခဲ့။ ဆေးကျောင်းသူများနှင့်အတူ မွေးခန်းသို့လိုက်၍ ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးသည်ကို သွားကြည့်ခဲ့သော်လည်း၊ ကိုယ်ဝန်ဆောင် မီးဖွားသည့် မိခင်များအကြောင်း မရေးနိုင်ခဲ့ပါ။ ဆရာမ မစန္ဒာကိုယ်တိုင် အိမ်ထောင်ကျ ကလေးမွေးပြီး၊ အတွေ့အကြုံများ စုံလာသောအချိန်ရောက်မှ ကိုယ်ဝန် ဆောင်မိခင်ဘ၀ကို သရုပ်ဖော်ထားသည့် ဆဋ္ဌဂံ ၀တ္ထုကို ရေးဖြစ်ခဲ့သည်။ ထို့ကြောင့် ကိုယ်တကယ်သိသော အကြောင်းအရာကို ရေးသင့်ကြောင်းနှင့် မသိသောအကြောင်းအရာကို ရေးလျှင် မပီပြင်နိုင်ကြောင်း ဟောပြောအကြံပေး ပါသည်။
ဆရာမ မစန္ဒာမှ သူမရေးခဲ့သော ၀တ္ထုအချို့အကြောင်း မှတ်သားစရာများကို ဟောပြောခဲ့ပြီး၊ ငွေတာရီ ရေးစပ်ခဲ့သော သာသည့်မြေသို့ ကဗျာနောက်ဆုံးပိုဒ်ဖြစ်သည့်
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။
ကိုရွတ်ဆို

Sunday, 6 January 2013

အချစ်အကြောင်း မသိခဲ့ဘူး


တနေ့မိုးလင်းခဲ့ ပြန်ပါပြီ။
မိသန်အတွက် လှသော တနင်္ဂနွေမနက်တွေ ပျောက်ဆုံးသွားခဲ့ပြီ။
မည်သူ့ ကိုမှ အပြစ်လည်း မတင်လိုတော့ပေ။ ကိုယ်ဘ၀နဲ့ ကိုယ့်အကြောင်းသာ ရှိပါစေတော့။
အရင်တုန်းကဆို မိသန်အိပ်ရာထလျှင် အမက ကော်ဖီနဲ့ထမင်းကြော်ကို အဆင်သင့်ပြင်ပေးထားဧ။်။ အလုပ်ပိတ်သော တနင်္ဂနွေတွင် သောက်ရသော ကော်ဖီက ပိုအရသရှိသည်ဟု ထင်သည်။
မနက်စာ စားပြီးလျှင် အမက လျှော်ဖွတ် သန့်ရှင်းရေးတွေ လုပ်သည်။ မိသန်က ဈေးသွားပြီး၊ တပတ်စာ ဟင်းသီးဟင်းရွက်နှင့်၊ ဈေးချိုသော ငါး၊ပုစွန် အဆင်ပြေသလို ၀ယ်ခြမ်းခဲ့ဧ။်။
မိသန်ဝယ်လာသမျှကို အမက သင့်သလို ချက်ပြုတ်၊ သိမ်းဆည်းလေ့ရှိဧ။်။ စိတ်ရှည် သိမ်ဆည်း ထားသိုတတ်သော အမကို အိမ်ထောင်ဖက်ကောင်းနှင့် တွေ့ရလိမ့်မည်ဟု မိသန်ယုံကြည် ခဲ့မိသည်။ သို့သော် အထင်နှင့် လက်တွေ့ တော်တော်လေး လွဲချော်နေလေပြီ။
ညီအမနှစ်ယောက် နေ့လည်စာ စားပြီးလျှင်  နှစ်သက်ရာ စာအုပ်ကိုယ်စီနှင့် အသံတိတ်နေကြဧ။်။
ညနေစာ စောစောစားပြီးလျှင် ရွှေတိဂုံဘုရားကို သွားကြသည်။ ဒီလိုလှပသော တနင်္ဂနွေနေ့တွေကို မိသန်ချစ်ပါသည်။ မပြည့်စုံသော်လည်း အမနှင့် အေးအတူ ပူအမျှ နေရသောဘ၀သည် မိသန်အတွက် လုံခြုံခဲ့ ပါသည်။

Friday, 21 December 2012

ဒီဇင်ဘာအလွမ်း

ဆောင်းနှင်းတွေ ဝေတဲ့
ဒီဇင်ဘာကို ရောက်ခဲ့ပြန်ပြီ..
နွေရယ်မိုးရယ် မပီပြင်
ဆောင်းရာသီမရှိတဲ့မြေမှာ
အပူငွေ့ကို ငြိမ်းအေးစေတဲ့
နှင်းငွေ့တွေ မရှိ
အီကွေတာ ရပ်ဝန်းမှာ
မပျော်သော်လည်း ခရီးဆက်ရင်း
ချစ်သော နှင်းပွင့်များကို
လွမ်းမိပါသည်။

၂၁၊၁၂၊၂၀၁၂။ ၁၀း၅၈