Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Tuesday, 13 August 2019

မတူညီသော အမြင်များ

မလာယာ တက္ကသိုလ်မှာတုန်းက qualitative research module သင်တဲ့ ဆရာမက အဝါရောင် ငှက်ပျောသီးကို ပြပြီး၊ ဒီငှက်ပျောသီးကို ဘယ်လို မြင်ကြလဲလို့ မေးပါတယ်။

တချို့က အဝါရောင်၊ yellow လို့ဖြေပါတယ်။
စားလို့ကောင်းတယ်၊ delicious လို့ ဖြေတဲ့ လူရှိတယ်။
တချို့က ချိုတယ်၊ sweet လို့ဖြေတယ်။
ရှည်တယ်၊ long လို့ တစ်ယောက်က ဖြေတယ်။
ကျွန်မကတော့ ကျန်းမာစေတယ်၊ healthy လို့အဖြေလိုက်ပါတယ်။

ကျွန်မတို့ ကျောင်းသားတွေ ဖြေတဲ့ အဖြေကို ကြည့်ပြီး၊ ငှက်ပျောသီး တစ်လုံးအပေါ် ကြည့်မြင်တဲ့ လူတွေရဲ့ အမြင် မတူညီပုံကို သိသာအောင် ရှင်းပြခဲ့ပါတယ်။ ငှက်ပျောသီးရဲ့ အရသာကို ကြည့်ပြီး မှတ်ချက်ပေးတဲ့သူရှိတယ်၊ ရောင်သို့မဟုတ် ပုံသဏ္ဍာန်ကို ကြည့်တဲ့သူရှိတယ်။ ငှက်ပျောသီးကပေးတဲ့ အကျိုးအာနိသင်ကို ကြည့်တဲ့ လူရှိတယ်။ ကိုယ်ကြည့်တဲ့ ရှုထောင့် အပေါ်မှာ မူတည်ပြီး၊ အမြင်တွေ ကွဲပြားတယ်ပေါ့။

ဒီလိုပဲ တခြား အကြောင်းအရာ သို့မဟုတ် လူပုဂ္ဂိုလ်ကို ကြည့်တဲ့အခါ ကိုယ်ဘယ်ရှုထောင့်ကနေ ကြည့်သလဲအပေါ်မူတည်ပြီး၊ အပြင်တွေကွဲသွားပါတယ်။ လူတစ်ယာက် ပိန်တာ ဝတာကို ကြည့်မလား၊ မျက်နှာ ကြည်လင်ပြီး ပြုံးချိုနေတာကို ကြည့်မလား၊ သူဝတ်ထားတဲ့ အဝတ်အစားကို ကြည့်မလား၊ ဒါမှမဟုတ် သူ့ရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို ကြည့်မလား။ ကြည့်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ဘာကို ကြည့်မလဲ ဆိုတာ ဘဝအတွေ့အကြုံ ရင့်ကျက်မှုက ဆုံးဖြတ်သွားပါတယ်။ 

ဘဝအတွေ့အကြုံ များလာတဲ့အခါ ပတ်ဝန်းကျင်ကို တကယ့်အရှိအတိုင်း ကြည့်တတ်လာတယ်။ ခြုံငုံပြီး ကြည့်တတ်လာတယ်။ ကိုယ်ြမင်သလို တခြားတစ်ယောက်က မြင်ချင်မှ မြင်လိမ့်မယ် ဆိုတာကို နားလည်သဘောပေါက်လာတယ်။ မတူညီတဲ့ အမြင်တချို့ကို နားလည်လက်ခံ ပေးနိုင်တယ်။ လက်ခံလို့ မရနိုင်လောက်အောင်၊ တဖက်စွန်းရောက်သွားတဲ့ ဆန့်ကျင်ဘက် အမြင်မျိုးကို သူ့သဘောအတိုင်း ဥပက္ခာပြုတတ်သွားတယ်။ မတူညီတဲ့ အမြင်အားလုံကို ညှိယူဖို့ မဖြစ်နိုင်ဘူး ဆိုတာကို သဘောပေါက်ထားတယ်။ ဥပမာ- ချိုတဲ့ ငှက်ပျောသီးကို ခါးပါတယ် ဆိုရင် မခက်လား။

ပတ်ဝန်းကျင်ကို ကြည့်မြင်တဲ့အခါမှာ အရင်က သိထားတဲ့ အကြောင်းအရာကို ဖယ်မထုတ်ထားရင် အမြင်တွေ ပြောင်းလဲဖို့ ခက်ပါတယ်။ ဆိုပါစို့- မူးယစ်ဆေးသုံးလို့ ထောင်ကျဖူးတဲ့ လူငယ်တစ်ယောက် သူ ပြုခဲ့တဲ့အမှားကို နောင်တရပြီး၊ ကောင်းအောင် ပြုပြင်နေထိုင်တယ်ဆိုရင် လူတွေက အခုကောင်းနေတာကို မြင်သလား၊ အရင်ဆေးစွဲခဲ့တာကိုပဲ မြင်သလား။ အရင်က ပုံရိပ်ဟောင်းကို ဖယ်မထားနိုင်တဲ့ လူတချို့က လူငယ်လေးကို ဆေးသမားပါကွာဆိုတဲ့ အမြင်နဲ့ အထင်အမြင်သေး ကြပါလိမ့်မယ်။ လက်ရှိကောင်းနေတဲ့ အနေအထားကို ကြည့်တတ်တဲ့ သူတွေက လူငယ်လေးကို ချီးကျူးကြမယ်၊ ရှေ့ဆက် သူ့ဘဝလေး ကောင်းစားအောင် အားပေးကူညီ ကြလိမ့်မယ်။

ဒီလိုပါပဲ ကျွန်မတို့ လူတွေကို ဘယ်လိုကြည့်မလဲ၊ ပတ်ဝန်းကျင်ကို ဘယ်လိုကြည့်မလဲ။ ချစ်တဲ့ စိတ်နဲ့ ကြည့်မလား၊ အမုန်းစိတ် မကောင်းမြင်စိတ်နဲ့ ကြည့်မလား။ အဖြူအမဲ အသားအရောင်ကို ကြည့်မလား၊ ဘာသာယုံကြည်မှုကို ကြည့်မလား။ ကိုယ်ကြည့်တဲ့ အပေါ်မူတည်ပြီး၊ ကိုယ်ရဲ့ အပြောအဆို အပြုအမူတွေ ကွဲပြားပါတယ်။ ကိုယ်ပြောသမျှ လုပ်ဆောင်သမျှ အရာတွေဟာ ကိုယ့်ရေးတဲ့ သမိုင်းပဲ ဖြစ်ပါတယ်။ ဘယ်လို ဘဝ သမိုင်းကြောင်းကို ရေးမလဲဆိုတာ ကိုယ်တိုင် ရွေးချယ်ခွင့် ရှိကြပါတယ်။

ချစ်ခြင်းမေတ္တာဖြင့်

စံပယ်ဖြူ
၂၁-၀၇-၂၀၁၉

Saturday, 6 July 2019

အော်ဇီမှာ ခရီးသွား၊ ဈေးဝယ် လည်ပတ်ခြင်း



ကျွန်မရဲ့ ဘဝရထား ဆိုက်ရောက်ရာ ၾသစေတ်းလ် နိုင်ငံမှာ နေထိုင်စဉ်၊ သွားလာလည်ပတ်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေ ရေးသားချင်ပါတယ်။ ခရီးသွား ဝါသနာပါသူ၊ ဝန်ဆောင်မှုကို သုံးစွဲသူ ဖောက်သယ်တစ်ဦးရဲ့ အတွ့အကြုံရှုထောင့်ကနေ ရေးသားထားပါတယ်။ မြန်မာပြည် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းနဲ့၊ အခြားဝန်ဆောင်မှုတွေ တိုးတက်လာစေသော ရည်ရွယ်ချက်နဲ့ ရေးပါတယ်။

ၾသစေတ်းလ် တက္ကသိုလ် တခုခုမှာ ပညာသင်ကြားခွင့်ရဖို့ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ကျွန်မ မက်ခဲ့တဲ့ အိပ်မက်ပါ။ မလေးရှားမှာ ဆယ်နှစ်နီးပါ နေခဲ့ပြီး၊ မပြန်ခင် သြစတေးလျ ပညာသင်ဆုရဖို့ ကျွန်မ အသည်းအသန် ကြိုးစားခဲ့ပါတယ်။ ကံကောင်းထောက်မစွာ နယူးဆော့ဝေးပြည်နယ်၊ နယူးကာဆယ် တက္ကသိုလ်ကပေးတဲ့ သုတေသန ပညာသင်ဆုကို ရခဲ့လို့ အခုကျွန်မ သူနာပြု ပါရဂူတန်းကို တက်နေပါတယ်။ မလေးရှားနိုင်ငံ၊ မလာယာ တက္ကသိုလ်မှာ ဘွဲ့လွန်တက်တုန်းက သုတေသနစာတမ်းကို သေချာလုပ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့်လည်း ပါပါတယ်။ ပညာသင်ဆုက ရခဲလှတဲ့ အခွင့်အရေးမို့ ကျွန်မ အလွန်ကို တန်ဖိုးထားပါတယ်။ ပညာသင်စဉ် ကာလအတွင်း အတွေ့အကြုံ ဗဟုသုတတွေ ရနိုင်သမျှ ရအောင် ကြိုးစားလေ့လာပါတယ်။

အော်ဇီကို ရောက်စက အကောင်းမြင်စိတ် ဓာတ်ခံနဲ့ကြည်တော့ အရာရာတိုင်းကို အကောင်းချည်း မြင်ခဲ့ပါတယ်။ အနေကြာလာတော့ စိတ်ဘဝင် မကျစရာ တွေ့ကြုံရတာ ရှိလာပါတယ်။ မည်သို့ဆိုစေ သူ့တိုင်းပြည်မှာ သင်ယူလေ့လာစရာ၊ အတုယူစရာတွေ အများကြီး ရှိနေတယ်ဆိုတာ ငြင်းလို့ မရတဲ့အချက်ပါ။ သြစတေးလျနိုင်ငံသားအများစု ဖော်ရွေပျူငှာစွာ ဆက်ဆံတတ်ပြီး၊ ရိုင်းပင်းကူညီတတ် ကြပါတယ်။ သက်ကြီးရွယ်အိုတွေကို ရိုသေလေးစားကြသလို၊ ကလေးသူငယ်နဲ့ ကျောင်းသားလူငယ်တွေကို တန်ဖိုးထား လေးစားကြပါတယ်။ ချွင်းချက်လေးများတော့ ရှိပါတယ်။

အော်ဇီမှာ နေစရိတ် စားစရိတ် ဈေးကြီးတာမို့ ကျောင်းသားအများစု ချွေတာရေး စနစ်နဲ့ နေကြပါတယ်။ ပညာသင်ဆု မရတဲ့ ကျောင်းသားတချို့ အချိန်ပိုင်း အလုပ်လုပ်ကြပါတယ်။ ကျွန်မကတော့ နှစ်ပတ်တခါ ဘဏ်စာရင်းထဲအဆင်သင့်ရောက်နေတဲ့ စတိုင်ပင်က သုံးလို့လောက်နေတော့ အလုပ်မလုပ်ဖြစ်သေးဘူး။ ရတဲ့ စတိုင်ပင်ကို အပိုစုချင်လို့၊ အချက်အပြုတ် ဝါသနာမပါပေမဲ့ ချက်စားပါတယ်။ အနောက်တိုင်းစာတွေ မကြိုက်တာကြောင့်လည်း ပါပါတယ်။
လမ်းစရိတ် အကုန်သက်သာအောင် ကျောင်းနဲ့နီးတဲ့ နေရာမှာနေတယ်။ လေ့ကျင့်ခန်းဖြစ်အောင် ကျောင်းကို လမ်းလျှောက်သွားပါတယ်။ တချို့ ကျောင်းသားတွေ ကားမောင်းကြတယ်။ တချို့က စက်ဘီးနဲ့ ကျောင်းသွားကြပါတယ်။

စနေ တနင်္ဂနွေ ဈေးဝယ်ထွက်တဲ့အခါ၊ မြို့ထဲလည်တဲ့ အခါ ဘတ်စ်ကား စီးပြီးသွားပါတယ်။ ပိတ်ရက်တွေမှာ ရုံးဖွင့်ရက်တွေထက် ဘတ်စ်ကားထွက်တာ ပိုကျဲပါတယ်။ ဘယ်မှတ်တိုင်ကနေ ဘယ်ကား ဘယ်အချိန်ထွက်မယ် ဆိုတာ သေချာသတ်မှတ်ထားတော့ များသောအားဖြင့် အဆင်ပြေပါတယ်။ အချိန်နောက်ကျတာမျိုးလည်း ရှိတတ်ပါတယ်။ ကားထွက်ရမဲ့ အချိန်ရောက်ရင် ခရီးသည် တယောက်မှ မရှိလည်းထွက်ပါတယ်။ တခါတလေ ခရီးစဉ် အစအဆုံး တယောက်ထဲ ဖြစ်နေတတ်ပါတယ်။ အများပြည်သူ သွားလာရ အဆင်ပြေအောင် စီစဉ်ပေးရတာမို့ ကားခလည်း ဈေးကြီးပါတယ်။ ကျွန်မနေတဲ့ နယူးကာဆယ်မြို့ကနေ ဆစ်ဒနီကိုသွားရင် ရထား ၂.၃၀ - ၃ နာရီ စီးရပါတယ်။ ဆစ်ဒနီမှာက အစားအသောက် ပိုစုံပါတယ်။ မြန်မာတွေလည်း အများကြီးရှိပါတယ်။ နယူးကာဆယ်မှာ မြန်မာ သိပ်အများကြီး မရှိဘူး။  ဆစ်ဒနီလို လူဦးရေ မများတော့ နေရတာ အေးအေးဆေးဆေး ရှိပါတယ်။ ပစိဖိတ် သမုဒ္ဒရာ ကမ်းစပ်နားက မြို့ဖြစ်လို့ ကမ်းခြေက အရမ်းသာယာပါတယ်။

အသုံးအဆောင် ပစ္စည်းနဲ့ အဝတ်အစား ဝယ်ရင် ဈေးကြီးတာရှိသလို၊ ပေါချောင်ကောင်း တွေလည်းရှိပါတယ်။ အထူးသဖြင့် တရုတ်ပြည်က ဝင်တဲ့ပစ္စည်းတွေ ဈေးသက်သာပါတယ်။ ကျွန်မ အပါအဝင် ကျောင်းသားအများစုက ပေါချောင်ကောင်း သို့မဟုတ် လျှော့ဈေးနဲ့ ရောင်းတာကို ရှာဝယ်ကြ ပါတယ်။ ကျောင်းတက်တဲ့အခါ အဝတ် အကောင်းစား ဝတ်စရာမလိုဘူး။ အဆင်ပြေသလို ပေါ့ပေါ့ပါးပါး ဝတ်လို့ရတယ်။ ဝါသနာပါလို့ စတိုင်ကျကျ ဝတ်လည်းရတယ်၊ အိမ်နေရင်း အဝတ်အစားနဲ့ ကျောင်းသွားလည်း ဖြစ်ပါတယ်။ ကိုယ်ဝတ်တာ ဘာတံဆိပ်လဲဆိုတာ ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ခပ်ရိုးရိုး နေချင်တဲ့ ကျွန်မအတွက်တော့ တော်တော် အဆင်ပြေပါတယ်။

ပစ္စည်းတခုဝယ်ပြီး မလိုချင်တော့ရင် ဖြစ်ဖြစ်၊ မကြိုက်တော့လို့ပဲဖြစ်ဖြစ် ဆိုင်ကို ပြန်သွင်းလို့ ရပါတယ်။ ဝယ်ထားတဲ့ ဘောင်ချာပြပြီး၊ ပစ္စည်းကို အကောင်းပကတိအတိုင်း ပြန်ပေးဖို့တော့ လိုပါတယ်။ တချို့အရောင်းဆိုင်တွေမှာ နောက်မှပေး (Afterpay) စနစ်နဲ့ ရောင်းပေးပါတယ်။ ပစ္စည်းတန်ဖိုးရဲ့ ၂၅% ကို နှစ်ပတ်ခြားပြီး၊ လေးကြိမ်ခွဲပေးရတဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာ- ဒေါ်လာ တရာတန် ပစ္စည်းဝယ်ရင်၊ ၂၅ ဒေါ်လာကို နှစ်ပတ်ခြား လေးခါခွဲ ပေးရတာမျိုးပါ။ အတိုး မပေးရပါဘူး။ ဈေးကြီးတဲ့ပစ္စည်း ဝယ်ရင် နောက်မှပေးစနစ်က တော်တော် အဆင်ပြေပါတယ်။ နောက်မှပေး စနစ်သုံးချင်ရင်၊ ကိုယ်ရေးရာဇဝင်နဲ့ ဘဏ်အကောင့်တွေဖြည့်ပြီး မှတ်ပုံတင်ရပါတယ်။ အကြွေးပေးရမဲ့ ရက်ရောက်ရင် ကိုယ့်ဘဏ်အကောင့်ကနေ ပိုက်ဆံဖြတ်သွားပါတယ်။ အင်တာနက်ကနေ ဈေးဝယ်ရင်လည်း လုံခြုံ စိတ်ချရပါတယ်။ ဘဏ်စနစ်က လုံခြုံမှုရှိပြီး၊ ပစ္စည်းချောပို့ စနစ်က အချိန်မှန်တော့ အဆင်ပြေပါတယ်။ ဈေးဝယ်သူဖောက်သယ်အပေါ် တန်ဖိုးထား စေတနာထားတဲ့ ဝန်ဆောင်မှုမျိုး မြန်မာပြည်မှာ ရှိစေချင်ပါတယ်။

လည်ပတ်စရာ နေရာတွေပေါတဲ့ အော်ဇီမှာ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုက ခရီးသွား ဧည့်သည်တွေ အဆင်ပြေအောင် စီစဉ်ထားတာတွေ သိပ်ကောင်းပါတယ်။ ရေလမ်းကြောင်းဆို အပျော်စီး သင်္ဘော၊ စက်လှေ၊ ဖယ်ရီ စသဖြင့် ရှိပါတယ်။ ကုန်းလမ်းဆို ဘတ်စ်တိုးတွေ အပြင်၊ hop-on, hop-off ဘတ်စ် တွေရှိပါတယ်။ မြန်မာစကားနဲ့ ဘယ်လိုခေါ်မလဲ မသိပါ။ ဆစ်ဒနီမြို့က အထင်ကရ နေရာအနှံ့သွားမယ်ဆို၊ ၂၄ နာရီ သို့မဟုတ် ၄၈ နာရီ အတွက် လက်မှတ်ဝယ်ထားပြီး လည်လို့ရပါတယ်။ ပေးထားတဲ့ အချိန်ဇယားကို ကြည့်ပြီး ဘတ်စ်ရပ်တဲ့ နေရာကနေ စောင့်စီးလို့ရပါတယ်။ ဥပမာ- ဘူတာကြီးကနေ စောင့်စီးပြီး၊ မြို့တော်ခန်းမမှာဆင်း၊ ကြည့်ချင်တာတွေ လျှောက်ကြည့်ပြီးလို့ နောက်တနေရာကို သွားချင်ရင် ကားလာတဲ့အချိန် ပြန်စောင့်စီး။ အဲဒီလို  သွားချင်တဲ့ အထင်ကရ နေရာတွေကို တနေကုန် လည်လို့ရပါတယ်။ စက်ဘီးစီး ဝါသနာပါသူတွေအတွက်၊ မြို့တိုင်း နေရာတိုင်းမှာ စက်ဘီးငှားစီးလို့ ရတဲ့နေရာရှိပါ တယ်။ စက်ဘီးငှားရင် ကိုယ့်ရဲ့ ကိုရေးရာဇဝင် မှတ်တမ်း ဖြည့်၊ မှတ်ပုံတင်ပြီး၊ ဇပေါ်ငွေ ဒေါ်လာ ၅၀ ပေးရပါတယ်။ စက်ဘီးကို ပြန်အပ်ရင် အကောင်းတိုင်း ဟုတ်မဟုတ် စစ်ဆေးပြီးမှ စပေါ်ငွေ ပြန်ပေးပါတယ်။

မြန်မာပြည်က လည်ပတ်စရာ များတဲ့ မြို့တွေမှာ hop-on, hop off ဘတ်စ်တွေ၊ စက်ဘီးငှားလို့ ရတဲ့ ဝန်ဆောင်မှုတွေ ထားပေးနိုင်ရင် ခရီးသွား ဧည့်သည်တွေအတွက် ငွေအကုန်အကျ သက်သာစေပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းဝ၊ မေမြို့၊ တောင်ကြီး၊ ဘားအံ စတဲ့မြို့တွေမှာ လည်စရာ နေရာတွေ သိပ်ပေါပါတယ်။ ကျွန်မ မရောက်ဖူးသေးတဲ့ ရခိုင်၊ တနင်္သာရီ၊ ချင်းတောင်နဲ့ ကချင်ပြည်နယ်မှာလည်း လည်လို့ကောင်းတဲ့ နေရာတွေလည်း အများကြီး ရှိပါတယ်။ အခုနောက်ပိုင်း မြန်မာပြည်က လူငယ်တွေ ခရီးသွား ဝါသနာပါကြတယ်၊ ချွေတာရေး စနစ်နဲ့ သွားနေကြတာပါ။ တခြားနိုင်ငံက လူငယ်တွေဆိုလည်း၊ လူလတ်ပိုင်းတွေလောက် ဝင်ငွေမများကြသေးတော့ ခရီးသွားရင် ချွေတာရေး စနစ်နဲ့ သွားကြပါတယ်။ သူတို့သွားရင် ကုန်ကျစရိတ် သက်သာတဲ့ ထိုင်းနိုင်ငံကို အများဆုံးသွား ကြပါတယ်။

မြန်မာပြည်မှာ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းရှင်တွေ၊ မန်နေဂျာ ဒါရိုင်တာ အဆင့်ရှိသူတွေ အော်ဇီက မဲလ်ဘုန်းလို ဘရစ်စဘိန်းလို မြို့တွေကို အလည်အပတ်ခရီး ထွက်ပြီး လေ့လာသင့်ပါတယ်။ သူ့တိုင်းပြည်မှာ ခရီးသွားလုပ်ငန်းကို အခြေခိုင်အောင် စနစ်တကျ တည်ဆောက်ထားတာတွေကို အတုယူနိုင်တယ်။ ကိုယ်တိုင် ခရီးသည်အဖြစ် သွားတဲ့အခါမှာ၊ ခရီးသည်တွေရဲ့ လိုအပ်ချက်နဲ့ ဝန်ဆောင်မှုအပေါ် မျှော်လင့်ထားချက်တွေကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက် လာပါလိမ့်မယ်။ သူ့တိုင်းပြည်ကအတိုင်း အားလုံးလိုက်လုပ်ဖို့ မဖြစ်နိုင်ပေမဲ့၊ တချို့ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် လုပ်ပေးဖို့ ဖြစ်နိုင်ပါတယ်။

မြန်မာ့ပြည်မှာ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုရင်၊ ခရီးသည်တွေ အဆင်ပြေ သက်သာရေးကို ထည့်သွင်း စဉ်းစားပြီး ဝန်ဆောင်ပေးမှ ဖြစ်နိုင်ပါလိမ့်မယ်။ ခရီးသည်တွေရဲ့ အသက်ဘေး အန္တရာယ် လုံခြုံရေးအတွက်၊ တရားဥပဒေ စိုးမိုးဖို့ လိုတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာ ရတာတွေ မဖြစ်အောင်၊ ယဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာကြဖို့ လိုပါတယ်။ သာယာလှပတဲ့ ရှုခင်းတွေ အမှိုက်တွေကြောင့် အကြဉ်းတန်နေတာ မဖြစ်အောင်၊ စည်းကမ်းတကျ အမှိုက်ပြစ်ရေးကို ထိထိရောက်ရောက် ပညာပေး ရေးယူတာတွေ လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် ပစ္စည်းရောင်းတဲ့အခါ၊ ဝန်ဆောင်မှုပေးတဲ့အခါ နိုင်ငံခြားသားမို့ ဈေးပိုယူတာမျိုးတွေ မလုပ်သင့်ဘူး။ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်အောင် အတင်းဈေးရောင်းတာ တွေကိုလည်း ကြပ်မတ်သင့်ပါတယ်။ ခရီးသွားတဲ့ လူတွေအားလုံးက ပိုက်ဆံတွေ သိပ်ပေါလို့ သွားနေကြတာ မဟုတ်ပါဘူး။ ခရီးသည်အများစုက စိတ်အပန်းဖြေရင်း၊ ဒေသန္ဒရ ဗဟုသုတရအောင် သွားလာလည်ပတ်ကြတာပါ။ ခရီးသွားရင်း သူတို့အသုံးလို့တဲ့ ပစ္စည်း၊ ကြိုက်တဲ့ ပစ္စည်းတွေ့ရင် ဝယ်ပါလိမ့်မယ်။ မလိုအပ်ဘဲနဲ့တော့ ငွေအပို သုံးကြမှာမဟုတ်ဘူး။

မနှစ်တုန်းက မြန်မာပြည်ကို အလည်ပြန်ရင်း ပြည်၊ရွှေတောင်၊ မုံရွာ၊ ဘားအံနဲ့ ကျိုက်ထိုကို အလည်ရောက်ဖြစ်ပါတယ်။ ဟိုအရင်ကထက်စာရင် ခရီးသွားရတာ ပိုပြီးအဆင်ပြေလာတာကို တွေ့ရပါတယ်။ လမ်းမှာ စားသောက်ဆိုင်တွေ အရင်ကထက် သန့်ရှင်း သပ်ရပ်မှု ရှိလာတယ်။ အများသုံး အိမ်သာတွေလည်း အရမ်းကြီး မညစ်ပတ်တော့ဘူး။ ကားပေါ်မှာ ရေသန့်ဘူးနဲ့ စားစရာ ဝေပေးတာမျိုး ရှိလာတာ ကောင်းပါတယ်။ ဒါပေမဲ့ ပေါကားတွေ တလမ်းလုံးဖွင့်တာတော့ အလွန် စိတ်ပျက်စရာ ကောင်းပါတယ်။ မကြားဝံ့ မနာသာ စကားလုံးကြမ်းတွေနဲ့ ရန်ဖြစ်တဲ့ အခန်းတွေ၊ ညစ်ညမ်းတဲ့ ရယ်စရာ ဟာသတွေကို မကြည့်ချင်လို့ မျက်စိမှတ်ထားလည်း ကြားနေရပါတယ်။ အနှစ်သာရ မရှိတဲ့ ပေါကားတွေအစား၊ သီချင်းခွေတွေ ဖွင့်ပေးရင် ပိုကောင်းပါတယ်။ အဆင့်မြင့် ယဉ်ကိုစီးရင်တော့ နားအေးပါးအေး စီးလိုက်လို့ ရပါတယ်။ ခရီးသည် ပို့ဆောင်ရေး လုပ်နေကြသူတွေအားလုံး ခရီးသည်များရဲ့ လိုအပ်ချက်နဲ့ စိတ်ချမ်းသာရေးကို အလေးထား ဆောင်ရွက်ပေးရင် ကိုယ်တိုင်လည်း စိတ်ချမ်းသာရမှာပါ။

မြန်မာပြည် အပါအဝင် နိုင်ငံတိုင်းမှာ ယဉ်ကျေးမှု အမွှေအနှစ်တွေ၊ သဘာဝက ပေးထားတဲ့ အလှအပ ရှုခင်းတွေ ရှိပါတယ်။ ဉာဏ်ရှိတဲ့လူတွေက သူတို့နိုင်ငံကို ဧည့်သည်လာအောင်၊ နည်းလမ်းကောင်းတွေနဲ့ ဆွဲဆောင်ကြပါတယ်။ အိမ်သာမှ ဧည့်လာမယ် ဆိုတဲ့အတိုင်း လုံခြုံမှုရှိပြီး၊ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်တဲ့ တိုင်းပြည်ကို ဦးစားပေး လည်ပတ်ကြမှာပါ။ အတ္တကို ရှေ့တန်းမတင်ဘဲ နိုင်ငံကို တည်ငြိမ်အေးချမ်းအောင်၊ နိုင်ငံရဲ့ ပုံရိပ်ကောင်းအောင် အားလုံးပါဝင် ဆောင်ရွက်ကြမှ ခရီးသွားလုပ်ငန်းနှင်အတူ အခြားစီးပွါးရေးလုပ်ငန်းတွေ တိုးတက်အောင်မြင် မှာဖြစ်ပါတယ်။ ကိုယ်လည်းဝမ်းသာ သူလည်းရွှင်ပြ၊ ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးဖြစ်စေတဲ့ ဝန်ဆောင်မှုမျိုးကို တန်ဖိုးထား တတ်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
စံပယ်ဖြူ




Friday, 7 June 2019

မေတ္တာဖြင့် ယုံကြည်မှုကို တည်ဆောက်ခြင်း

ယုံကြည်မှုကို တည်ဆောက်ရာမှာ မေတ္တာမပါဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျွန်မတို့ရဲ့ လူထုမိခင် အမေစုပြောခဲ့တာကို စဉ်းစားမိပြီးစာတစ်ပုဒ် ရေးချင်ပါတယ်။ ကျွန်မတို့တတွေ သူငယ်ချင်း အပါင်းအသင်းများနဲ့ မိတ်ဖွဲ့ဆက်ဆံရာမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက် အကြီးအကဲများနဲ့ ဆက်ဆံရာမှာပဲဖြစ်ဖြစ် အပြန်အလှန် ယုံကြည်လေးစာမှု ရှိကြမှာသာ ရေရှည်အဆင်ပြေမှာ ဖြစ်ပါတယ်။ ယုံကြည်မှုကို တည်ဆောက်ရာမှာ ရိုးသားဖြောင့်မတ်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ကတိတည်ခြင်း တွေအပြင် မေတ္တာတရားက အခြေခံကျဆုံး လိုအပ်ချက်ဖြစ်တယ် ဆိုတာကို အမေစုပြောမှ သေချာသဘောပေါက် ခဲ့ပါတယ်။

ဗုဒ္ဓတရားတော်မှာ မေတ္တာရဲ့သဘောက သူ့အကျိုးကို လိုလားခြင်း သို့မဟုတ် မိတ်ဆွေစိတ်ထားလို့ ဆိုပါတယ်။ မိတ်ဆွေစိတ်ထားသူ၊သူ့အကျိုးလိုလားသူကို လူတွေက ယုံကြည်လေးစားကြတာ လောကဓမ္မတာပါ။ လောကလူသားတွေအတွက် အယုံကြည်ရဆုံးလူသားဟာ ကျွန်မတို့ရဲ့ မွေးမိခင်ဖြစ်ပါတယ်။ ဘာကြောင့်မိခင်ကို ယုံကြည်အားကိုးဆုံးဖြစ်သလဲ။ အမိဝမ်းမှာ သန္ဓေတည် မွေးဖွားလာပြီး၊ မွေးကင်းစအရွယ်ကစလို့ မိခင်ရင်ငွေ့ကိုလှုံ၊ နို့ချို့သောက်စို့ရင်း အနွေးထွေးဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး မေတ္တာဓာတ်ကို ရကြတယ်။မိခင်က သားသမီးတွေရဲ့ ကောင်းကျိုးကို အမြဲလိုလားသူ။ သားသမီးတွေကို အသက်နဲ့ထပ်တူ ချစ်မြတ်နိုးပြီး၊ ဘေးအန္တရာယ်ကြုံရင် အသက်ပေးပြီး ကာကွယ်မယ့်သူ။  မိခင်ပြီးရင် သားသမီးတွေကို ဘဝတစ်ခုလုံးပေးပြီး ကာကွယ်စောင့်ရှောက်တဲ့  ဖခင်ကို အယုံကြည်ဆုံး။ မိဘနှစ်ပါးပြီးရင် ညီအကိုမောင်ညီမများက ချစ်ခင်ယုံကြည်ရသော မိသားစုဝင်တွေ ဖြစ်ပါတယ်။ မောင်နှမတွေကြားမှာ မေတ္တာထုထည်ကြီးမားလေ ယုံကြည်မှု ခိုင်မာလေ၊ မေတ္တာတရားနဲ့ ယုံကြည်မှုဟာ တိုက်ရိုက် အချိုးကျပါတယ်။

ငယ်စဉ်က မိဘမေတ္တာကို ခံယူလျှက် မိဘများအပေါ် ယုံကြည်အားကိုးရင်း ကြီးပြင်းလာတဲ့အခါ၊ မေတ္တာကို အခြေခံပြီး ဆရာသမားများ သူငယ်ချင်းများနဲ့ ယုံကြည်မှုကို တည်ဆောက်ကြရပါတယ်။ ဆရာကောင်းပီသသော ဆရာများရဲ့ နက်ရှိုင်းတဲ့ မေတ္တာစေတနာတွေကြောင့်၊ တပည့်တွေဟာ ဆရာ့အပေါ် ယုံကြည်လေးစား ချစ်ခင်ကြပါတယ်။ ထိုနည်းတူ သူငယ်ချင်းမိတ်ဆွေတွေကြားမှာ မေတ္တာဖြင့်နှောင့်ဖွဲ့သော ခင်မင်မှုသံယောဇဉ်က တသက်တာခိုင်မြဲပါတယ်။ မေတ္တာကို အခြေခံတဲ့ ဆက်ဆံရေး မှန်သမျှဟာ ကြာရှည်တည်မြဲလေ့ ရှိပါတယ်။ တချို့သော ဆရာတပည့် ဆက်ဆံရေးက မိဘနဲ့ သားသမီးသဖွယ် ဖြစ်သွားတတ်သလို၊ သူငယ်ချင်းတွေ ခင်မင်ရင်းနှီးတာ ကြာလာတော့ ညီကိုမောင်နှမအရင်းလို ချစ်ခင်သွားကြတာ မေတ္တာရဲ့ စွမ်းအားကြောင့် ဖြစ်ပါတယ်။

လူမှုဆက်ဆံရေးမှာ မေတ္တာကို အခြေခံမှသာ မိမိကို ချစ်ခင်ယုံကြည်သော မိတ်ဆွေကောင်းများ ရနိုင်ပါလိမ့်မယ်။ လုပ်ငန်းခွင်မှာလည်း မေတ္တာစေတနာထားမှသာလျှင် အများယုံကြည်မှုကိုရပြီး၊ တိုးတက်အောင်မြင်နိုင်ပါတယ်။ ဘဝမှာ အောင်မြင်တဲ့လူအများစုဟာ စိတ်ရင်းစေတနာ ကောင်းကြတယ်၊ ရိုးသားကြိုးစားပြီး ချစ်ခြင်းမေတ္တာကို တန်ဖိုးထားကြပါတယ်။ အောင်မြင်သော ဘဝတခုကို တည်ဆောက်ဖို့ မေတ္တာဆိုတဲ့ အခြေခံအုတ်မြစ် လိုအပ်တယ်။ ဘာပဲလုပ်လုပ် စေတနာမေတ္တာကို အရင်းခံပြီးလုပ်မှသာ အောင်မြင်မှုပန်းတိုင်နဲ့ နီးစပ်ပါလိမ့်မယ်။ အရိုးရှင်းဆုံး ဥပမာ ပေးရရင် ဈေးရောင်းတဲ့အခါ ဈေးဝယ်သူအပေါ် မေတ္တာထားပြီး ပစ္စည်းမှန် ဈေးနှုန်းမှန် ရောင်းပေးမယ်ဆိုရင် ဝယ်ယူစားသုံးသူများရဲ့ ယုံကြည်မှုကိုရလို့ ဈေးရောင်းကောင်းမှာ သေချာပါတယ်။ ပစ္စည်းရောင်းရရေး တခုတည်းကိုသာ အာရုံမစိုက်ဘဲ၊ ဈေးဝယ်သူလည်း စိတ်ချမ်းသာ ကိုယ်လည်းအမြတ်ရ၊ နှစ်ဦးနှစ်ဘက် အကျိုးရှိဖို့အရေးကို အာရုံစိုက်တဲ့အခါ ကြီးပွားချမ်းသာဖို့ ဖြစ်နိုင်ခြေပိုများ ပါတယ်။

မေတ္တာဟာ တည်ဆောက်ခြင်းသဘောရှိတာမို့ လူ့ပတ်ဝန်းကျင်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မေတ္တာနဲ့ နှောင်ဖွဲ့ထားသော မိသားစုဟာ အေးအေးချမ်းချမ်း နေနိုင်ကြသလို၊ လူ့အဖွဲ့ အစည်းတိုင်းမှာ မေတ္တာစိတ်ကြီးစိုးနေရင် အေးချမ်းသာယာပါလိမ့်မယ်။ ဒါကြောင့်မို့ မြို့ရွာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေဟာ မေတ္တာစိတ်ထားပြီး စီမံအုပ်ချုပ်ဖို့ လိုပါတယ်။ မေတ္တာရှေ့ထားတဲ့အခါ အများပြည်သူတွေရဲ့ ယုံကြည်လေးစားမှုကိုရပြီး၊ ညီညွတ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြလို့ တိုင်းပြည် သာယာဝပြောနိုင်ပါတယ်။ မေတ္တာရဲ့ ကောင်းကျိုး အာနိသင်ကို ကောင်းစွာနားလည်တဲ့ ကျွန်မတို့ရဲ့ လူထုခေါင်းဆောင်က လူတိုင်းအပေါ် မေတ္တာထားပြီး ယုံကြည်မှုကို တည်ဆောက်ပါတယ်။ ပြည်သူများရဲ့ တုန့်ုပြန်မေတ္တာကို ခံယူပြီး၊ ပြည်သူ့အင်းအားကို အပြည့်အဝ ယုံကြည်သူလည်း ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ မေတ္တာကို ဆုံးရှုံးသွားရင် ဘာနဲ့မှ အစားပြန်ထိုးလို့ မရနိုင်ဘူးလို့ ပြောခဲ့တာကို မှတ်သားမိတဲ့ လူတွေရှိပါလိမ့်မယ်။ ပြည်သူ့မေတ္တာကို ဆုံးရှုံးသွားရင်၊ ပြည်သူတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးရမှာမို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဖို့ မဖြစ်နိုင်ပါ။ ဒီသဘောတွေကို နားလည်တဲ့ လူထုမိခင်က ပြည်သူတွေရဲ့ တုန့်ပြန်မေတ္တာကို အလေးအနက် တန်ဖိုးထား ပါတယ်။ အများပြည်သူဆီက တုန့်ပြန်မေတ္တာနဲ့ ယုံကြည်မှုကိုရဖို့ အရင်းအနှီးပြုခဲ့တဲ့အရာက  အမုန်းတရား ကင်းစင်သော မေတ္တာ။ လောကလူသားအားလုံးရဲ့ ကောင်းကျိုးချမ်းသာကို လိုလားသော ပါရမီမြောက်တဲ့ မေတ္တာ။ ခိုင်မာသော မေတ္တာနဲ့ တည်ဆောက်ထားသော ပြည်သူအများရဲ့ ယုံကြည်မှု၊ လေးစားကြည်ညိုမှုကို ပျက်စီးအောင် ကြံစည်အားထုတ်သူတွေ အချိန်ကုန် လူပင်ပန်းရုံသာ ရှိပါလိမ့်မယ်။

သက်ရောက်မှုတိုင်းအပေါ် တန်ပြန်သက်ရောက်တဲ့ နိယာမအတိုင်း၊ မေတ္တာပေးရင် မေတ္တာပြန်ရပါတယ်။ ယုံကြည်လေးစားစရာကောင်းတဲ့ စိတ်ရင်းစေတနာရှိရင်၊ ယုံကြည်လေးစားမှုကို ပြန်ရပါလိမ့်မယ်။ အများကောင်းကျိုးကို လိုလားသော မေတ္တာစိတ်နဲ့ စွန့်လွှတ် အနစ်နာခံရင် ပြည်သူအများရဲ့ ဝန်းရံထောက်ခံမှုကို ရပါမယ်။ တရားမျှတမှုကို မြတ်နိုးပြီး အမှန်တရားဘက်က ရပ်တည်တဲ့အခါ၊ မတရားမှုကို ဆန့်ကျင်လိုသော ရဲဘော်ရဲဘက်များက အတူလက်တွဲ ပါဝင်လာကြပါလိမ့်မယ်။ ဒီသဘောတွေကို နားလည်တဲ့ အမေစုက ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ယုံကြည်ချက်အပြည့်နဲ့ ဖြောင့်ဖြောင့်ကြီး ဆက်လျှောက်ပါတယ်။ ဒီလမ်းခရီး တလျှောက်မှာ ဆုံးရှုံးခဲ့ရတဲ့၊ လူတချို့ရဲ့ အသက်တွေ မိသားစုဘဝတွေကို မေ့မထားသူလည်း ဖြစ်ပါတယ်။ တန်ဖိုးကြီးမားတဲ့ အရာတွေကို ပေးဆပ်ခဲ့ရတာမို့၊ ထိုက်တန်သော ရလဒ်တခုကို အရယူနိုင်အောင် သံမဏိလို မာကျောတဲ့ စိတ်ဓာတ်ရှိတာ အင်မတန် လေးစားအားကျစရာ ကောင်းပါတယ်။ အမေစုရဲ့ ဉာဏ်ပညာ အမြော်အမြင်ကြီးမားခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ မေတ္တာတရားကြီးမားခြင်းနဲ့ လောကဓံကို ကြံ့ကြံ့ခံနိုင်ခြင်း စတဲ့ ဂုဏ်အရည်အချင်းတွေက ကျွန်မတို့အတွက် အတုယူစရာတွေ ဖြစ်ပါတယ်။

မြန်မာပြည်မှာ သူလိုအမျိုးသမီးမျိုး ရှိရက်နဲ့ ကျွန်မတို့နိုင်ငံသားတွေ နိုင်ငံတကာမှာ အောက်ကျနောက်ကျ ဖြစ်နေရတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ကျွန်မတို့တွေ အမေစုရဲ့ ခြေရာကို လိုက်မနင်းနိုင်ကြဘူး။ ဒီခရီးကရောက်ဖို့ မနီးသေးဘူး၊ ရှေ့ကသွားနေတဲ့ အမေအိုက ပင်ပန်းလွန်းနေပြီ။ သူ့နောက်က လိုက်တဲ့သူတွေကို အားဖြည့်ကူညီကြဖို့လိုအပ် ပါတယ်။ ကျွန်မတို့ အသိဉာဏ် အမြာ်အမြင်တွေ တိုးပွါးအောင်လုပ်ရမယ်။ လောကကောင်းကျိုးကို လိုလားတဲ့ မေတ္တာစိတ်တွေ ပိုတိုးပွါးအောင်လုပ်ရမယ်။ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ သတ္တိတွေ မွေးမြူရပါမယ်။ အမှန်တရား ဘက်တော်သားများကို အားပေးဝန်ရံရမယ်။ အမေစုကို ချစ်တဲ့ အမာခံပြည်သူများ၊ မေတ္တာနှလုံးသားနဲ့ ဆက်လက်ဝန်းရံအားဖြည့် နိုင်ကြပါစေလိုဆန္ဒပြုပါတယ်။

ချစ်ခြင်းများစွာဖြင့်

စံပယ်ဖြူ

မိုးမခ မီဒီယာ၊ ဇွန်လ ၂ရက်၊ ၂၀၁၉
လူထုမိခင် အမေစု မွေးနေ့အကြို ဂုဏ်ပြုရေးဖွဲ့ပါသည်။

Thursday, 4 October 2018

သူနာပြုများအတွက် လုပ်ငန်းခွင်တွင် လိုအပ်နေသော အပြန်အလှန်လေးစားမှု

လူ့အသိုင်းအဝိုင်းမှာ တစ်ဦးနဲ့တစ်ဦး ပတ်သက်ဆက်ဆံကြတဲ့အခါ အပြန်အလှန်လေးစားမှု (Mutual Respect)ရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လူမှုအဖွဲ့အစည်းတွေမှာ၊ လုပ်ငန်းခွင်မှာ အပေါင်းအသင်းလုပ်ဖော်ကိုင်ဖက်များအချင်းချင်း အပြန်အလှန်လေးစားမှုရှိမှသာ ညီညွတ်မှုအင်အားနဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ အချင်းချင်း အပြန်အလှန်လေးစားမှုမရှိဘဲ တစ်ဦးက တစ်ဦးကို အထင်သေးနှိမ့်ချမယ်၊ နိုင်ထက်စီးနင်းဆက် ဆံမယ်၊ ရန်လိုအမုန်းပွားနေကြ မယ်ဆိုရင် ညီညွတ်မှုပျက်ပြားပြီး ပန်းတိုင်နဲ့ အလှမ်းဝေးနေမှာဖြစ် ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမှာဆိုရင် ပြည်သူတွေ ကျန်းမာရေးတိုးတက်ကောင်းမွန် စေရေးဆိုတဲ့ ရည်မှန်းချက်အောင် မြင်ဖို့ ပူးပေါင်းဆောင်ရွက်ကြရာ မှာ ကျန်းမာရေးဝန်ထမ်းအချင်း ချင်း အပြန်အလှန်လေးစားကြရ မှာဖြစ်သလို ကျန်းမာရေးဝန်ထမ်း နဲ့ လူနာရှင်ပြည်သူများအပြန်အ လှန်လေးစားမှုရှိကြဖို့ လိုအပ်ပါ တယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ မကြာခဏ ဖြစ်ပေါ်နေတဲ့ ပြဿ နာတွေဟာ အပြန်အလှန်လေး စားမှု  အားနည်းချို့တဲ့နေမှု ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့်ကျန်းမာရေးဝန်ထမ်းဦးရေ အများဆုံးဖြစ်တဲ့ သူနာပြုတွေဟာ လုပ် ငန်းခွင်မှာလည်းစိတ်ဖိစီးမှုများပါတယ်၊ ဖိနှိပ်မှုခံနေရတယ်ဆိုတာ ရှေးဆယ်စုနှစ်ပေါင်းများစွာကတည်းကဖြစ်နေတဲ့ တကယ့်အရှိတရားတစ်ခုပါ။ အကျိုးဆက်တွေကတော့ သူနာပြုတွေလုပ်ငန်းခွင်မှာ မပျော်ရွှင်မှုကြောင့် သူနာပြုအလုပ်ကို စွန့်ခွာသွားခြင်း၊ အလုပ်ထွက်တဲ့ သူနာပြုအရေအတွက် များလာသဖြင့် သူနာပြုအင်အား လုံလောက်မှုမရှိခြင်း၊ သူနာပြုအင်အားမလုံလောက်တဲ့အတွက် ထိရောက်သော ပြုစုစောင့်ရှောက်မှုမပေးနိုင်ခြင်းတွေ ဖြစ်လာပါတယ်။။။

 သူနာပြုတွေရဲ့ခံစားချက် ကို ကျွန်မတို့သူနာပြုတွေသာ နား လည်ဆုံးမို့ ကုစားရန်လိုအပ်ချက် များကို ဒီနေ့ဆွေးနွေးတင်ပြလိုပါ တယ်။ ကျွန်မက သူနာပြုတစ်ယောက်ဖြစ်တဲ့အတွက် သူနာပြုတွေဘက်က ရပ်တည်ပြီး ရေးတယ်ဆိုပေမယ့် ပြည်သူတစ်ယောက်ရဲ့ရှုထောင့်ကနေကြည့်ပြီး အတတ်နိုင်ဆုံး မျှမျှတတဖြစ်အောင်ကြိုးစားထားပါတယ်။

ကျန်းမာရေးဝန်ထမ်း အချင်းချင်း အပြန်အလှန်လေးစားမှု
....................    ...............

ရောဂါကာကွယ်ရေး၊ ကုသ ရေးလုပ်ငန်းတွေမှာ ကျန်းမာရေး ဝန်ထမ်းအချင်းချင်း သဟဇာတ ဖြစ်မှသာ လုပ်ငန်းခွင်သာယာပြီး ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုကို ပေးနိုင်မှာဖြစ် ပါတယ်။ အထူးသဖြင့် ဆရာဝန် နှင့် သူနာပြုအကြား ဆက်ဆံရေး အဆင်ပြေဖို့ အလွန်ကို အရေးကြီး ပါတယ်။ ဆက်ဆံရေးအဆင်ပြေ ဖို့ဆိုရင် တစ်ဦးအပေါ် တစ်ဦး မေတ္တာထားလျက် အပြန်အလှန် လေးစားကြဖို့ လိုပါတယ်။ သူနာပြုက ဆရာဝန်ကို လေးစားရမှာဖြစ်သလို ဆရာဝန်ကလည်း သူနာပြုကို ဝန်ထမ်းတစ်ယောက်အဖြစ် လေးစားရမှာဖြစ်ပါတယ်။

ဆေးရုံဝန်ထမ်းအားလုံးဟာ လူနာတွေ ရောဂါသက်သာ ပျောက်ကင်းရေးကို အဓိကဦး တည်ချက်ထားရမှာဖြစ်ပါတယ်။   လူနာတစ်ယောက် ရောဂါသက် သာလို့ ပြုံးရွှင်စွာနဲ့ ဆေးရုံက ဆင်း သွားတဲ့အချိန်၊ ဆေးရုံက ဝန် ဆောင်မှုကို ကျေနပ်လို့ ကျေးဇူး တင်စကားပြောပြီး နှုတ်ဆက်သွား တဲ့ အချိန်ဟာ ဆရာဝန်တွေ၊ သူ နာပြုတွေအတွက် စိတ်ကျေနပ် စရာ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီလိုကျေနပ်စရာကောင်းတဲ့ အခြေအနေဖြစ်ဖို့ ဆရာဝန်၊ သူနာပြုနဲ့ ဆေးရုံဝန်ထမ်းအားလုံးက တာဝန်ကိုယ်စီကျေကြလျက်အတူတကွ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ တစ်ဦးအပေါ်တစ်ဦး အမြင်တွေကြည်လင်ကြပြီး ပြဿနာတစ်စုံတစ်ရာရှိရင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအဖြေရှာ၍ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြောရတာ လွယ်သ လောက် လက်တွေ့မှာ ခက်ခဲရှုပ် ထွေးတဲ့ ပြဿနာတွေကြုံရင် တစ် ဦးအပေါ် တစ်ဦးက အပြစ်တင်၊အပြစ်ပုံချတာတွေကို ရှောင်ပြီး စိတ်ခံစားချက်ကို ရှေ့တန်းမတင် ဘဲ ရင့်ကျက်သော ဆင်ခြင်တုံတ ရားနဲ့ ဖြေရှင်းဆောင်ရွက်သင့်ပါ တယ်။

 ဆေးရုံ၊ ဆေးခန်းတွေမှာ မကျန်းမာတဲ့လူနာတွေ၊ ကုသပြု စုတဲ့အပေါ် ပူပန်နေတဲ့၊ စိတ်တိုင်းမကျတဲ့ လူနာရှင်တွေနဲ့ အလုပ်လုပ်ရတာ စိတ်ဖိစီးမှုတွေ သိပ်များပါတယ်။ ဝန်ထမ်းအင်အားမလုံလောက်တဲ့ အခြေအနေမျိုးမှာ အမှားအယွင်းအပြစ်အနာအဆာရှိနိုင်သလိုပေါ့ဆမှု၊ မကျွမ်းကျင်မှုတွေ ကြောင့် မလိုလားအပ်သော ဆိုး ကျိုးတွေလည်း ဖြစ်ပေါ်နိုင်ပါ တယ်။ မှားယွင်းပေါ့ဆမှုများ ကြောင့် မလိုလားအပ်သော ပြဿ နာတွေဖြစ်လာရင် မိသားစုစိတ် ဓာတ်ထားပြီး သတ်မှတ်ထား သော ဆေးရုံစည်းကမ်း၊ ဝန်ထမ်း စည်းကမ်းတွေနဲ့အညီ ဖြေရှင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အ ကြီးအကဲက လက်အောက်ဝန် ထမ်းကိုဖြစ်စေ၊ ဝန်ထမ်းအချင်း ချင်းဖြစ်စေ အမှားအယွင်းတစ်စုံ တစ်ရာကြောင့် ကိုယ်ထိလက် ရောက်တုံ့ပြန်ခြင်း (Physical Abuse)၊ နှုတ်ဖြင့် ဆူပူကြိမ်း မောင်းခြင်း( Verbal Abuse) တွေ လုပ်ခွင့်မရှိရပါဘူး။ ဆရာဝန်က သူနာပြုကို ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ၊ နှုတ်ဖြင့် ဆူပူ ပြောဆိုတာတွေ မကြာခဏဖြစ် နေတာဟာ လူနာများ၏ရောဂါ သက်သာပျောက်ကင်းရေးအ တွက် အတူပူးပေါင်းဆောင်ရွက်မှု ကို အားနည်းစေတဲ့ မလိုလားအပ် သော အခြေအနေတွေ ဖြစ်ပါ တယ်။

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမှာ ဆရာဝန်က အဓိက ကျတဲ့ ဦးနှောက်တစ်စုံဖြစ်တယ် ဆိုရင် သူနာပြုက နှလုံးတစ်ခုလို အသက်ရှင်ဖို့ လည်ပတ်နေရတဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခု ပါ။ ဦးနှောက်နဲ့ နှလုံးဟန်ချက်ညီ ညီ လည်ပတ်မှ အသက်ရှင်ကျန်း မာဖို့ ဖြစ်နိုင်သလို ဆရာဝန်နဲ့ သူ နာပြုဆက်ဆံရေးအဆင်ပြေပြီး အတူပူးပေါင်းဆောင်ရွက်မှသာ လျှင် လူနာများကို ထိရောက် သော ပြုစုစောင့်ရှောက်မှုပေးနိုင် မှာဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦး ချင်းစီတိုင်းဟာ သူ့အခန်းကဏ္ဍနဲ့ သူ အရေးပါတယ်။ မတူညီတဲ့ နောက်ခံအခြေအနေနဲ့ အတွေ့အ ကြုံရှိကြတယ်။ အားနည်းချက်၊ အားသာချက်ကိုယ်စီရှိကြတယ် ဆိုတာကို သတိမူပြီး ဝန်ထမ်းအား လုံးကို တန်ဖိုးထားလေးစားဖို့ လို အပ်ပါတယ်။ တန်ဖိုးထားလေး စားခံရတဲ့အခါ မိမိကိုယ်ကိုယ် ယုံ ကြည်မှုတိုးလာမယ်။ မိမိအလုပ် အပေါ် ကျေနပ်မှုရှိလာပါလိမ့်မယ်။ ထိုမှတစ်ဆင့် လူနာများထိရောက် သော ပြုစုစောင့်ရှောက်မှုရရေးအ တွက် အာရုံစိုက်ပြီး ကြိုးစားအား ထုတ်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

သူနာပြုအချင်းချင်းအပြန်အလှန် လေးစားမှု
.................   .........................

 ထို့အပြင်သူနာပြုအချင်းချင်းအပြန်အလှန်လေးစားမှုရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အစဉ်အလာအားဖြင့် အငယ်(ဂျူနီယာ)က အကြီး(စီနီယာ)ကို လေးစားရ တယ်၊ ရိုသေရပါတယ်။ အမှန်ဆို ရင် ဂျူနီယာနဲ့ စီနီယာအပြန်အ လှန် လေးစားချစ်ခင်တာမျိုးဖြစ် သင့်ပါတယ်။ အငယ်က အကြီး ကို ရိုသေလေးစားမယ်၊ အကြီးက အငယ်ကို ချစ်ခင်လေးစားစွာနဲ့ သင်ပြပေးတာ၊ လက်တွဲခေါ်တာ မျိုး ဖြစ်ရပါမယ်။ ထိုနည်းတူစွာ ရာထူးအဆင့်အတန်းအရ ရာထူး ငယ်တဲ့လူက မိမိထက်ရာထူးမြင့် တဲ့သူကို ရိုသေလေးစားရမှာဖြစ် သလို ရာထူးကြီးတဲ့သူက ငယ်တဲ့ လူကို တန်ဖိုးထားလေးစားတတ် ဖို့ လိုအပ်ပါတယ်။ သူနာပြုအကြီး အကဲတွေ၊ စီနီယာတွေက အငယ် တွေအပေါ် စာနာစိတ်နဲ့ နားလည် ပေးခြင်း၊ သဘောထားကြီးစွာ သည်းခံခွင့်လွှတ်နိုင်ခြင်း၊ တရားမျှတစွာ စီမံခန့်ခွဲခြင်း၊ ကျင့်ဝတ်စည်းကမ်းတွေကို စံပြဖြစ်အောင် လိုက်နာကျင့်သုံးခြင်းဖြင့် စံနမူနာ ကောင်းတွေပြဖို့ လိုအပ်ပါတယ်။

သူနာပြုသစ္စာဓိဋ္ဌာန်မှာ ပါတဲ့‘သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များကို စောင့်ထိန်း၍ သူနာပြုအချင်းချင်း ထာဝစဉ်စည်းလုံးညီညွတ်ရန် အမြဲတစေဆောင်ရွက်ပါအံ့’ လို့ ကတိသစ္စာပြုခဲ့ကြပြီး ဖြစ်ပါတယ်။ သူနာပြုအချင်းချင်း စည်းလုံးညီညွတ်ဖို့ဆိုရင် အပြန်အလှန် ချစ်ခင်လေးစားမှုကို အခြေခံ၍ တစ်ဦးချင်းစီရဲ့အားနည်းချက်၊ အား သာချက်တွေကို အသိအမှတ်ပြုလက်ခံပြီး အလုပ်တာဝန်တွေကို ညီညွတ်စွာအတူပူးပေါင်းဆောင်ရွက်ကြရင် အလုပ်ပြီးမြောက်တဲ့အပြင် လုပ်ငန်းခွင်သာယာမှုကို ဖန်တီးနိုင်ပါတယ်။ ထိုမှတစ်ဆင့်သူနာပြုစုမှုအရည်အသွေးတိုးတက်ကောင်းမွန်အောင် ကြိုးစားပြီး သူနာပြုများရဲ့အခန်းကဏ္ဍကို မြှင့်တင်ကြရမှာ ဖြစ်ပါတယ်။

သူနာပြုအချင်းချင်း အပြန် အလှန် လေးစားချစ်ခင်မှုလို့ဆိုရာ မှာ ဆေးရုံတွေမှာ လက်တွေ့လေ့ လာနေသော သူနာပြုကျောင်းသူ ကျောင်းသား၊ သင်တန်းသားများ လည်း ပါဝင်ပါတယ်။ သူနာပြု ကျောင်းသားတွေ လက်တွေ့လေ့ လာရာမှာ လိုအပ်သော ကူညီပံ့ပိုး မှုနဲ့ သင်ကြားပြသမှုတွေ ပေးရန် လိုအပ်ပါတယ်။ လူငယ်တွေက တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သလို သူနာပြုကျောင်းသားကျောင်းသူ တွေဟာ အနာဂတ်တိုင်းပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ရာမှာ တာဝန်လွှဲ ပြောင်းယူမယ့် လူငယ်လေးတွေ ပါ။ ရိုးသားပွင့်လင်းသော ကျောင်း သားလူငယ်တွေကို ကျွန်မတို့ တန်ဖိုးထားလေးစားရမယ်။ ဆေး ရုံပတ်ဝန်းကျင်ဟာ ကျောင်းသား လူငယ်တွေရဲ့ စိတ်ဓာတ်ကို ရိုက် ချိုးတာမျိုးမဖြစ်စေသင့်ပါဘူး။ အထူးသဖြင့် နယ်မြို့က ဆေးရုံ တွေမှာ သူနာပြုသင်တန်းသူတွေ ကို အောက်ခြေသိမ်းအလုံးစုံခိုင်း စရာလို့ သဘောထားတာ၊ စည်း ကမ်းကို အကြောင်းပြပြီး ပိပြားနေအောင် ဖိနှိပ်ထားတာတွေဟာ မွန်မြတ်လှသော သူနာပြုစုခြင်း ပညာရပ်အပေါ် တန်ဖိုးထားမြတ် နိုးလိုစိတ်ကို ချိုးနှိမ်လိုက်သလို ဖြစ်တတ်ပါတယ်။

ခေတ်စနစ်တွေ ပြောင်းလဲ လာပြီး နည်းပညာတွေ လျင်မြန် စွာ တိုးတက်နေတဲ့ခေတ်မှာ ကျွန် မတို့ သူနာပြုတွေက မျက်ခြည်ပြတ်ကျန်မနေဖို့ လိုပါတယ်။ လက်ရှိအနေထားနဲ့ မလျော်ညီ တော့တဲ့ ခေတ်ဟောင်းက အတွေး အခေါ်နဲ့ နည်းစနစ်တွေကို ထားခဲ့ ပြီး အသုံးဝင်သေးတဲ့ နည်းစနစ် တွေကိုသာ လက်ဆင့်ကမ်းထိန်း သိမ်းရမှာဖြစ်ပါတယ်။ ဥပမာအား ဖြင့် လူနာကို ဗဟိုပြုသော သူနာ ပြုစုမှု (Patient- Centered Nursing Care) ပေးနိုင်ဖို့အတွက်  သူနာပြုတွေရဲ့တာဝန်ချိန်အများ စုဟာ လူနာ၏ရောဂါအခြေအနေ ကို သိရှိအောင် စစ်ဆေးအကဲခတ် ပြီး လိုအပ်သော ပြုစုစောင့်ရှောက် မှုပေးခြင်းအတွက် အသုံးချနိုင် အောင် စီမံခန့်ခွဲသင့်ပါတယ်။ တိုးတက်နေတဲ့ခေတ်နဲ့အညီ သူနာပြုစုခြင်းဆိုင်ရာ နည်းပညာ အသစ်တွေ၊ အချက်အလက်တွေ ကို စဉ်ဆက်မပြတ် လေ့လာနိုင်ဖို့ တာဝန်ချိန်တွေကို မျှတအောင် စီစဉ်ပေးရပါမယ်။ သူနာပြုစုခြင်း နှင့် မသက်ဆိုင်သော သန့်ရှင်းရေး အလုပ်များ၊ စာရေးအလုပ်များ နှင့် တစ်ခါတစ်ရံ လူနာနှင့်မသက် ဆိုင်သော ဆရာဝန်၏ဝေယျာဝစ္စဆောင်ရွက်ပေးရခြင်းများ (ကော်ဖီဖျော်ပေးရခြင်း၊ ကော်ဖီပန်းကန် ဆေးရခြင်း) စသည့်အလုပ်များကို အခြားသက်ဆိုင်ရာ ဝန်ထမ်းအား လုပ်စေပြီး သူနာပြုများ သူနာပြုစု ခြင်း အလုပ်ကို အဓိကထားလုပ် နိုင်မှသာ လူနာများနဲ့ အပြန်အ လှန် နားလည်ယုံကြည်မှုတွေ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ထိုမှတစ်ဆင့် ထိရောက်သာ သူ နာပြုစုမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းနှင့် လူနာရှင် ပြည်သူများကြား အပြန်အလှန်လေးစားမှု
................  ....................................

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအောင်မြင်ဖို့ဆိုရင် ကျန်း မာရေးဝန်ထမ်းနှင့် လူနာရှင်ပြည် သူများ အပြန်အလှန်လေးစားမှု ရှိကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။

သတင်းမီဒီယာတွေ ပွင့် လင်းလာတဲ့ခေတ်မှာ ဆေးရုံ၊ ဆေး ခန်းများအပေါ် ပြည်သူတွေရဲ့ မကျေနပ်ချက်၊ အပြစ်တင်ဝေဖန် ချက်တွေကို နားလျှံအောင် ကြား နေရသလို လူနာရှင်များက ဆေးရုံဝန်ထမ်းတွေပေါ် ရိုင်းပျစော်ကား မှုနဲ့ ကိုယ်ထိလက်ရောက်ကျူး လွန်မှုတွေ မကြာခဏဖြစ်နေတာ စိတ်မကောင်းစရာပါ။ ဒီလိုဖြစ်ရ တာဟာ အခြေခံအကြောင်းရင်း ပေါင်းများစွာကြောင့် အပြန်အ လှန်နားလည်ပေးနိုင်မှုနဲ့ သည်းခံနိုင်မှုရေချိန်ကျဆင်းသွားလို့ဖြစ်ပါတယ်။ ဟိုတုန်းက စနစ်ဆိုးမှာ လူဖြစ်လာရတဲ့ ကျွန်မတို့ပြည်သူ တွေ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရပိုင် ခွင့်နဲ့ ဆေးကုသခွင့် ကောင်းစွာ မရလို့ ထိခိုက်နစ်နာခဲ့ကြတာတွေ ဟာ တကယ်ကို နာကြည်းစရာပါ။ အာဏာရှင်စနစ်အောက်မှာ အ ကြောက်တရားတွေ ကိန်းအောင်း နေတော့ မကျေနပ်ချက်တွေကို မျိုသိပ်ထားခဲ့သမျှ၊ ကြောက်စရာ မလိုတော့တဲ့အချိန်မှာ ပွင့်အန်ကျ လာတယ်လို့ ထင်ပါတယ်။ ပြုပြင် ပြောင်းလဲရေးအပေါ် မျှော်လင့် ချက်သိပ်ကြီးတဲ့ ပြည်သူတွေက အခမဲ့ဆေးကုသခွင့်တွေ ရချင် တယ်။ ဆရာဝန်တွေ၊ သူနာပြု တွေက လေးစားသမှုနဲ့ ဂရုတစိုက် ကုသပေးတာ၊ ပြုစုစောင့်ရှောက် မှုပေးတာကို လိုချင်ကြတယ်။ မျှော်လင့်သလို ဖြစ်မလာနိုင်သေး တဲ့ အခြေအနေ အကြောင်းရင်း တွေကို လူထုနားလည်အောင် တာဝန်ရှိသူများက ရှင်းပြဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ပတ်သက်လို့ အရည်အသွေး ပြည့်ဝ၍ အန္တရာယ်ကင်းသော ဆေးကုသမှုကို နိုင်ငံသားတိုင်း တန်းတူခံစားခွင့်ရှိပါတယ်။ လူ တိုင်း ကျန်းမာရေးဝန်ထမ်းများရဲ့ လေးစားသမှုနဲ့ ပြုစုကုသပေးတဲ့ ဝန်ဆောင်မှုကို ရခွင့်ရှိပါတယ်။  လူတိုင်း ကျန်းမာရေးဆိုင်ရာ သ တင်းအချက်အလက်တွေကို သိ ခွင့်ရှိတယ်။ ရောဂါဖြစ်ရင် ဆေး ကုသမှု၊ ခွဲစိတ်မှုနဲ့ပတ်သက်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိ ခွင့်ရှိပြီး သင့်တော်တဲ့ကုထုံးတွေ ကို လူနာကိုယ်တိုင် (သို့မဟုတ်) မိသားစုဝင်တွေက လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့်ရှိပါတယ်။ လူနာနဲ့လူနာရှင်များ ကျန်းမာရေး ဗဟုသုတပြည့်စုံပြီး သင့်တော်မှန် ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ပညာပေးလုပ်ငန်းတွေ၊ စွမ်း ဆောင်ရည် မြှင့်တင်ပေးမှုတွေကို ကျန်းမာရေးဝန်ထမ်းများက ထိ ထိရောက်ရောက် ဆောင်ရွက်ကြ ရမှာဖြစ်ပါတယ်။

လူနာများရသင့်သော အခွင့်အရေးတွေကို လေးစားလိုက်နာ နိုင်ဖို့အတွက်ဆိုရင် ကျန်းမာရေး ဝန်ထမ်းတွေအားလုံး အခြေခံလို အပ်ချက်နဲ့ ပြည့်စုံပြီး ပညာပြည့်ဝ  ဖို့ လိုပါတယ်။ ဝန်ထမ်းတွေကိုယ် တိုင်က ရသင့်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေတော့ လူသားချင်းစာနာ ဖို့၊ လူ့အခွင့်အရေးကို လေးစား တတ်ဖို့ တိုက်တွန်းရင် သဘာဝ မကျဘူးထင်ပါတယ်။ ဟိုတုန်းက ဝန်ထမ်းတွေ လစာမလောက်ဘဲ အလုပ်လုပ်ခဲ့ရတယ်။ ယနေ့အ ချိန်မှာ ဝန်ထမ်းလစာက တစ် ကိုယ်ရေလုံလောက်ရုံသာ ရပါ သေးတယ်။ လူမှုရေး၊ ကုသိုလ် ရေးနဲ့ သားသမီးပညာရေးစရိတ် တွေအတွက် လုံလောက်သော လစာမရကြသေးပါ။ အခြေခံလို အပ်ချက်တွေ မပြည့်စုံတဲ့အပြင် လုပ်ငန်းခွင်မသာယာခြင်း၊ ဝန် ထမ်းအချင်းချင်း ဖိနှိပ်ခြင်း၊ ဝန် ထမ်းအင်အားမလုံလောက်ခြင်း စတဲ့အခြေအနေတွေဟာ ဆေးရုံ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် ကို ကျဆင်းစေပါတယ်။ ဝန် ဆောင်မှုအပေါ် မကျေနပ်တဲ့ လူနာရှင်များရဲ့ ပြဿနာရှာခြင်း၊ တိုင်တန်းခြင်းတွေ များလာတဲ့အ ခါ ဖိစီးမှုတွေ ပိုများလာပြီး လုပ် ငန်းခွင်ကို စွန့်ခွာလိုစိတ်တွေဖြစ် ပေါ်လာပါတယ်။ ဒါကြောင့်မို့ အလုပ်ထွက်မှုနဲ့ လုပ်ငန်းခွင်ကို စွန့်ခွာမှုအရေအတွက်အများဆုံး ဖြစ်နေတဲ့ သူနာပြုအရေးကို လွှတ်တော်မှာ ဆွေးနွေးတင်ပြသွားတာ ကို ကျေးဇူးအထူးတင်ပါတယ်။

ဆေးရုံတွေမှာ သူနာပြုတွေ က လူနာနဲ့ အများဆုံးထိတွေ့ ဆက်ဆံရတာမို့ သူနာပြုနဲ့ လူနာ အကြား ဆက်ဆံရေးအဆင်မပြေမှု က ပိုပြီး သိသာထင်ရှားပါတယ်။ ရောဂါဝေဒနာခံစားနေရတဲ့ လူနာ တွေကို စာနာစိတ်နဲ့ ပြုစုပေးရ မယ့် သူနာပြုတွေဟာလည်း လူ သားတွေမို့ စိတ်ခံစားချက်ရှိကြပါ တယ်။ လူတိုင်းမလုပ်နိုင်တဲ့ သူနာပြုအလုပ်ကို ရွေးချယ်တယ်ဆိုက တည်းက နူးညံ့၍ စာနာတတ်သောစိတ်ဓာတ်အခံရှိပြီးသားဖြစ်ပါ တယ်။ လုပ်ငန်းခွင်သဘာဝနဲ့ ပတ် ဝန်းကျင်လွှမ်းမိုးမှုတွေကြောင့် သူနာပြုအချို့နဲ့ မာကျောခက် ထန်သော ဆက်ဆံရေးကို ပြုပြင် ဖို့ လိုအပ်တာ မှန်ပါတယ်။ လူနာ ရှင်ပြည်သူတွေအနေနဲ့ကလည်း သူနာပြုများအပေါ် အထင်သေး စိတ်၊ အပြစ်ရှာလိုစိတ်တွေမထား ဘဲ ဝန်ထမ်းတစ်ယောက်အဖြစ် လေးစားဖို့တော့ လိုပါတယ်။ အ ပြန်အလှန်လေးစားကြတဲ့အခါ ဆက်ဆံရေးတွေ ပြေလည်သွား မှာ သေချာပါတယ်။

 လူတန်းစားအလွှာအသီး သီးက လာတဲ့ လူနာတွေ၊ ပြည်သူ တွေဟာ တန်ဖိုးကိုယ်စီရှိကြပါ တယ်။ ထို့အတူ ဆေးရုံဝန်ထမ်း တွေနဲ့ သူနာပြုတွေဟာလည်း တန်ဖိုးရှိသော ပြည်သူ့ဝန်ထမ်း တွေပါ။ တစ်ဦးအပေါ် တစ်ဦးက တန်ဖိုးထားလေးစားကြမယ်ဆို ရင် ဆက်ဆံရေးတွေ အဆင်ပြေ ကြလို့ လူနာ၏ရောဂါသက်သာ ပျောက်ကင်းရေးကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။ အပြန်အလှန်လေးစားမှုကို အခြေ ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာသဖြင့် မြန်မာပြည်သားများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

(ဖော်ပြပါ ဆောင်းပါးသည်စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Tuesday, 23 May 2017

သူနာပြုဘဝ အတွေ့ကြုံများ


သူနာပြုလောကမှာကျင် လည်ခဲ့တဲ့ အနှစ်၂၀ အတွေ့အကြုံကို စာတစ်ပုဒ်ဖြစ်အောင် ရေးသားတင်ပြလိုက်ပါတယ်။ မြန်မာပြည်မှာ သူနာပြုတက္ကသိုလ် လေးနှစ်တက်ပြီး သင်ကြားရေးနဲ့ပုဂ္ဂလိကဆေးရုံတွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံ၊ မလေးရှားနိုင်ငံမှာ ၁၀ နှစ်ကြာ တွေ့ကြုံခဲ့ လေ့လာ မှတ်သားခဲ့တာတွေကို စုစည်း တင်ပြထားပါတယ်။ အရင်က ရေးခဲ့တဲ့ဆောင်းပါးတွေထဲက အ ကြောင်းအရာ အချက်အလက် တွေကို ပြန်လည်ထုတ်နုတ်ပြီး ပြင်ဆင်ဖြည့်စွက်ရေးထားတဲ့ စာ တစ်ပုဒ်ပါ။ သာမန်လူတန်းစား အလွှာကပေါက်ဖွားလာတဲ့ သူနာ ပြုတွေရဲ့ ဘ၀ တစ်စိတ်တစ်ပိုင်း ကို နားလည်စေချင်တဲ့ ရည်ရွယ် ချက်၊ တခြားတိုင်းပြည်က သူနာ ပြုဆိုင်ရာ အကြောင်းအရာတွေ ကို သိနားလည်စေချင်တဲ့ ရည် ရွယ်ချက်တွေနဲ့ ရေးပါတယ်။

၁၉၉၆ မှာ ကျွန်မ ရန်ကုန် သူနာပြုတက္ကသိုလ်ကို စတက်ခဲ့ ပါတယ်။ ကျောင်းစတက်ပြီး မကြာခင်မှာ အရေးအခင်းဖြစ်လို့ တက္ကသိုလ်တွေအားလုံး ပိတ် လိုက်ပါတယ်။ သူနာပြုတက္က သိုလ်နဲ့ ယဉ်ကျေးမှုတက္ကသိုလ် နှစ်ခုက မပိတ်ဘဲကျန်ပါတယ်။ ၁၉၉၉ မှာတက္ကသိုလ်တွေ ပြန်ဖွင့် တော့ ကျွန်မတို့ အပတ်စဉ်က နောက်ဆုံးနှစ်ရောက်နေပြီ။ မြကျွန်းညိုညို တက္ကသိုလ်ဆိုတာ ကျွန်မတို့နဲ့ ဘာမှမသက်ဆိုင်ခဲ့ပါ ဘူး။ သူနာပြုတက္ကသိုလ်က အင်း လျားကန်တို့၊ သစ်ပုပ်ပင်တို့နဲ့ဝေး ရာ မြို့လယ်ကောင်မှာ။ ကျွန်မတို့ ကျင်လည်ခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသူဘ၀က စည်းကမ်း ဘောင်တွေနဲ့ ထိန်းကွပ်ထားတဲ့ စာသင်ခန်း၊ လက်တွေ့ခန်း၊ စာ ကြည့်တိုက်နဲ့ လေးနှစ်စာ ခုတင် တစ်လုံး အပိုင်ရထားတဲ့အဆောင်။ လက်တွေ့ဆင်းတော့ ရန်ကုန် ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေး ရုံနဲ့ ကလေးဆေးရုံ။ တခြားပျော် စရာဘာမှမရှိတော့ အဆောင်မှာ သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင် နေရင်း ပျော်ရွှင်ခဲ့ကြပါတယ်။

၂၀၀၀ မှာ ကျောင်းပြီးသွား တော့ အပြင်ဆေးခန်းမှာ တစ်နှစ် လောက်လုပ်ပြီး ဟင်္သာတမြို့က သူနာပြုသင်တန်းကျောင်းအသစ် မှာ ဒုနည်းပြအဖြစ် အစိုးရ၀န် ထမ်းဘ၀ကို စခဲ့ပါတယ်။ အသစ် စဖွင့်တဲ့သူနာပြုသင်တန်းကျောင်း မှာ ကျွန်မရဲ့ ပထမဆုံးဝန်ထမ်းအ တွေ့အကြုံက အံ့သြမကုန်နိုင်စ ရာ။ သူနာပြုသင်တန်းကျောင်း အဆောက်အအုံမရှိ၊ ဘာပစ္စည်း  ကိရိယာမှမရှိဘဲ သင်တန်းကျောင်း  အသစ်ဖွင့်တာ မြန်မာပြည်မှာပဲရှိ ပါတယ်။ ဟင်္သာတဆေးရုံက သံဃာဆောင်ကို ယာယီသင် တန်းကျောင်းအဖြစ် စဖွင့်လိုက်ပါ တယ်။ ပထမဆုံးအပတ်စဉ် သင် တန်းသူ ၂၀ ယောက်၊ ကျောင်း အုပ်နဲ့ နည်းပြတစ်ယောက်ပဲရှိပါ တယ်။ ကျွန်မ ရောက်သွားတော့ စုစုပေါင်း သင်ကြားရေးဆရာ သုံးယောက်ဖြစ်သွားပါတယ်။ သန့်ရှင်းရေးဝန်ထမ်း မခန့်ရသေး တော့ ကျောင်းသူတွေက သန့်ရှင်း ရေး တာဝန်ယူကြရပါတယ်။ စာ ရေးမရှိသေးတော့ ကျွန်မက စာ ရေးအလုပ် ပြာတာအလုပ်ကို မ တတ်တတတ်နဲ့ လုပ်ရပါတယ်။ မြန်မာစာလက်နှိပ်စက်အဟောင်း လေးပဲရှိလို့ မေးခွန်းရိုက်ချင်ရင် အင်္ဂလိပ်စာ လက်နှိပ်စက်ရှိတဲ့ ဟင်္သာတကောလိပ်ကို စက်ဘီး နင်းပြီး သွားရိုက်ရပါတယ်။ အခု တော့ အရင်ထက်စာရင် တော် တော်ပြည့်စုံလာပါတယ်။

ကျောင်းအုပ်ဆရာမကြီးက သူနာပြုတက္ကသိုလ်မှာတုန်းက ကျွန်မတို့ကို စာသင်ခဲ့တဲ့ ဆရာမ ဖြစ်နေတော့ ကျွန်မနားမလည်တာ တွေကို သင်လည်းပေး၊ အားကိုး ပြီးလည်း ခိုင်းပါတယ်။ အဲဒီတုန်း က အသက် (၂၀) ကျော်ပဲရှိသေး တော့ တစ်နေကုန်နီးပါး စာသင် ပြီး၊ ရှိသမျှအလုပ်တွေ သိမ်းကျုံး လုပ်ခဲ့ရတာ ပင်ပန်းတယ်လို့ မ ထင်ခဲ့ပါဘူး။ လစာ (၄,၈၀၀ ကျပ်) နဲ့ မလောက်လို့ အပြင်ဆေး ခန်းလည်း ပြေးလုပ်ခဲ့ပါသေး တယ်။ ရွာက ဆွေမျိုးတွေက အောက်ဆိုက်မရဘူးလား မေး တာကို ဘာပြန်ဖြေရမှန်းမသိခဲ့ပါ ဘူး။ ငယ်ငယ်က စာတော်လို့ ကျွန်မကို အထင်ကြီးခဲ့တဲ့ ရွာသား တွေ၊ အမျိုးတွေက အောက်ဆိုက် မရှာတတ်တဲ့ ကျွန်မကို ညံ့တယ် လို့ ထင်သွားကြပါတယ်။ ခေတ် စနစ်က အဲဒီလို လွဲချော်ခဲ့တာပါ။

ဟင်္သာတမှာ ၂ နှစ်ခန့်နေပြီး ၂၀၀၃ မှာ မိခင်သူနာပြုတက္က သိုလ်၊ ရန်ကုန်ကို ပြောင်းရွှေ့ခွင့် ရခဲ့ပါတယ်။ အဲဒီအချိန်ရောက် တော့ ၀န်ထမ်းတွေကို ဆန်မ ထုတ်ပေးတော့ဘဲ ရှားပါးစရိတ် ၅,၀၀၀ ကျပ် ပေးတာကြောင့် စုစု ပေါင်း လစာ ကျပ် ၁၀,၀၀၀ ရပါ တယ်။ အစစအရာရာ ဈေးကြီးတဲ့ ရန်ကုန်မှာ ငွေ ၁၀,၀၀၀ နဲ့ ဘယ်လိုမှ မလောက်ပါဘူး။ လ စာထုတ်ရင် ပျော်ရမယ့်အစား၊ ငွေ ၁၀,၀၀၀ နဲ့ ဘာမှသုံးမရလို့ စိတ်ဓာတ်ကျခဲ့ပါတယ်။ တာမွေ က သျှင်ပါကူဆေးခန်းမှာ ညဂျူ တီဆင်းပြီး အပိုဝင်ငွေရှာခဲ့ပါ တယ်။  ၂ နှစ်လောက် နေ့ရောည ပါ အလုပ်ဆင်းနေရတာ။ အိပ် စက်ချိန်မရှိသလောက် လူတစ် ယောက်ရဲ့ အခွင့်အရေးတွေ ဆုံး ရှုံးခဲ့ပါတယ်။ မြန်မာပြည်က သူနာပြုတွေအများစု အဲဒီလိုရပ် တည်နေကြရတယ်။ မိဘချမ်းသာ တဲ့သူ၊ ၀င်ငွေကောင်းကောင်းရှာ နိုင်တဲ့ ယောက်ျားနဲ့ အိမ်ထောင် ကျတဲ့ သူတွေသာ အလုပ်တစ်ခု တည်းနဲ့ ရပ်တည်နိုင်ကြပါတယ်။ သူနာပြုအများစုက သာမန်လူ တန်းစားအလွှာကပါ။ မိသားစုကို ထောက်ပံ့နေရသူတွေဆိုတော့ နေ့နဲ့ညကို အတူတူလို့ သဘော ထားပြီး အလုပ်နှစ်ခုလုပ်ကြရပါ တယ်။

ရန်ကုန်က ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာလုပ်ခဲ့တဲ့ အ တွေ့အကြုံတွေဟာလည်း စာဖွဲ့ လို့ မကုန်နိုင်ရအောင်ပါ။ အစိုးရ အလုပ်မ၀င်ခင် ဘုရင့်နောင်က နိုက်တင်ဂေးဆေးခန်းနဲ့ စမ်း ချောင်းက ဆာကူရာဆေးခန်းမှာ လုပ်ခဲ့ပါတယ်။ ရန်ကုန်သူနာပြု တက္ကသိုလ် တာဝန်ကျနေတဲ့အ ချိန်တုန်းက သျှင်ပါကူဆေးခန်းမှာ ညသူနာပြုလုပ်ခဲ့ပါတယ်။ ကျွန်မ လုပ်ခဲ့တာ ပုဂ္ဂလိကဆေးကုဌာန တွေမို့ လူနာရှင်တွေနဲ့ဆက်ဆံရေး အဆင်ပြေအောင် ၀န်ဆောင်မှုကို ကျေနပ်အောင် ဂရုစိုက်ရပါ တယ်။ Customer is always right ဆိုတဲ့ လုပ်ငန်းရှင်များရဲ့ ဆောင်ပုဒ်အရ လူနာနဲ့ လူနာရှင် တွေကို Customer လို ဆက်ဆံ ရတာကို ကျွန်မက သိပ်ပြီးဘ၀င် မကျပါဘူး။ ငွေကြေးမျက်နှာ ကြောင့်မဟုတ်ဘဲ မကျန်းမာတဲ့ လူနာတွေ ရောဂါဝေဒနာ သက် သာအောင်၊ ဆွေမျိုးမိသားစုတွေ စိတ်ပူပန်မှု လျော့ကျအောင် ရင် ထဲနှလုံးသားထဲက လာသော စေတနာ မေတ္တာအပြည့်နဲ့ ၀န် ဆောင်ပေးရမယ်လို့သာ ကျွန်မ ယုံကြည် လက်ခံနိုင်ပါတယ်။ Customers' rights ဆိုတာထက် Patients'rights ကိုသာ ကျွန်မ လေးစားလိုက်နာချင်စိတ်ရှိပါ တယ်။ ဆေးရုံတွေမှာ လူနာရှင်နဲ့ ဆေးရုံ ၀န်ထမ်းတွေအကြား ဆရာဝန်နဲ့ သူနာပြုတွေအကြား အပြန်အလှန်လေးစားမှု (mutual respect) အာနည်းနေခြင်းဟာ  မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့် ရှောက်မှုစနစ်က နိမ့်ကျခြင်းရဲ့ အကြောင်းရင်းတစ်ခုလို့ ကျွန်မ သုံးသပ်မိပါတယ်။

၂၀၀၇ မှာ ကျွန်မ မလေးရှား နိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ စရင် ဘန်းမြို့က ကျောက်ကပ်သန့်စင် တဲ့ဌာနမှာ သူနာပြုအလုပ်ကို ၂ နှစ်အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်မ လုပ်တဲ့ ကျောက်ကပ်သန့်စင်ဌာန (Mawar Hemodialysis Center) က အလှူငွေတွေနဲ့ရပ်တည်ပြီး အပြင်ပုဂ္ဂလိကဌာနတွေထက် စရိတ်သက်သာစွာ ၀န်ဆောင်ပေး တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဆင်းရဲ ပြီး အစိုးရထောက်ပံ့မှုမရတဲ့ လူနာတွေအတွက် စေတနာ့ဝန် ထမ်းအဖွဲ့အစည်းတွေက အခမဲ့ (သို့မဟုတ်) စရိတ်သက်သာစွာနဲ့ ကျောက်ကပ်ဆေးနိုင်အောင် စီ စဉ်ပေးကြပါတယ်။ မြန်မာနိုင်ငံ သားတွေနဲ့ ယှဉ်ရင် မလေးရှား နိုင်ငံသားတွေ အများကြီး ကံ ကောင်းကြပါတယ်။ အစိုးရ ဆေးရုံတွေမှာ အခမဲ့ ဆေးကုသ ခွင့်ကို ရကြပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကောင်းတဲ့ မလေးရှားမှာသူနာပြုတွေ ၀န်ထမ်းတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ အပြည့်ရရှိကြပါတယ်။ သူနာပြုအုပ်ဆိုရင် စည်းကမ်းကြီးပြီး ဌာနခွဲပေါင်းများစွာရှိတဲ့ ကျောက်ကပ်ဌာနတစ်ခုလုံးအပေါ် သြဇာညောင်းပါတယ်။ သူနာပြုတွေ၊ အကူဝန်ထမ်းတွေရဲ့ ကိစ္စ၊ လူနာတွေရဲ့ အရေးကိစ္စမှန်သမျှကို သူနာပြုအုပ်ကပဲ စီမံခန့်ခွဲပါတယ်။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီးစွာ သူနာပြုတွေရဲ့ အခန်း ကဏ္ဍ (Role) နဲ့ သူနာပြုပညာ ရေးတွေကို တိုးတက်အောင် အ ရင်းအနှီးများစွာ စိုက်ထုတ်ကြတဲ့ အတွက် သူတို့နိုင်ငံသားတွေမှာ ကျန်းမာရေးအခြေအနေနဲ့ ဘ၀ အရည်အသွေးတွေ တိုးတက် မြင့်မားကြပါတယ်။

 နိုင်ငံခြားသားဆိုရင် လစာ နဲ့ အခွင့်အရေးတွေ လျှော့ပေးခံ ရပေမယ့် ကျွန်မတို့တွေ မြန်မာ ပြည်က ပုဂ္ဂလိကဆေးရုံဆေးခန်း တွေမှာ မရခဲ့တဲ့ အခွင့်အရေးတွေ ရပါတယ်။ မာဝါကျောက်ကပ် သန့်စင်ဌာနမှာ တနင်္ဂနွေနေ့တိုင်း ပိတ်ရက်ရပြီး နှစ်စဉ် အားလပ် ခွင့် ၁၃ ရက်ရပါတယ်။ နှစ်သစ် ကူးလို အခါကြီး ရက်ကြီး ပိတ် ရက်တွေမှာ အလုပ်ဆင်းရရင် လုပ်ခနှစ်ဆရပါတယ်။ ရန်ကုန် က ပုဂ္ဂလိကဆေးရုံတွေမှာ ကျွန်မ အလုပ်လုပ်တဲ့ အချိန်တုန်းက တစ်ပတ်ကို အားလပ်ရက် တစ် ရက်ရပြီး ခွင့်ရက်ပေးမထားပါ ဘူး။ အကြောင်းကိစ္စရှိရင် အချင်း ချင်း ဂျူတီလဲပြီး ရက်အစား ပြန် ဆင်းပေးရပါတယ်။ ရက်အစားမ ဆင်းနိုင်ရင် လစာတစ်ရက် အ ဖြတ်ခံရပါတယ်။ မြန်မာပြည်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ၀န် ထမ်းလစာကို အာဆီယံနိုင်ငံတွေ နဲ့ တန်းတူ မပေးနိုင်သေးရင် ၀န် ထမ်းအခွင့်အရေးနဲ့ ခံစားခွင့်တွေ ကိုတော့ အပြည့်အ၀ပေးသင့်ပါ တယ်။

ကျောက်ကပ်သန့်စင်ဌာန မှာ ၂ နှစ်လုပ်ပြီး ကျွန်မ သင်ကြား ရေးဘက်ကို ပြန်ရောက်သွားပါ တယ်။ ကွာလာလမ်ပူက ပုဂ္ဂလိ က တက္ကသိုလ်(UCSI University) မှာ ၂ နှစ်၊ မလာယာတက္ကသိုလ် (University of Malaya) မှာ သူနာပြုမဟာသိပ္ပံတက်ပြီး ဆာ ဘားပြည်နယ်က အစိုးရတက္က သိုလ်က (University Malaysia Sabah) မှ ၂ နှစ် လုပ်ခဲ့တဲ့အတွက် မလေးရှားနိုင်ငံက သူနာပြုပညာ ရေးနဲ့ သူနာပြုလောကအကြောင်း ထဲထဲဝင်ဝင် သိခွင့်ရခဲ့ပါတယ်။ မလာယာတက္ကသိုလ်မှာ ဘွဲ့လွန် တက်နေတဲ့အချိန် အပြင်ဆေးခန်း မှာ လစာရသလောက်နဲ့ အလုပ် ရှာလုပ်ခဲ့ရပြီး သုတေသနလက် ထောက်အလုပ်ကိုလည်း လုပ်ခဲ့ ရတဲ့အတွက် ၁၀ နှစ်ကာလအ တွင်း အတွေ့အကြုံတွေ တော် တော်စုံအောင် ရလိုက်ပါတယ်။

မလေးရှားမှာ သူနာပြုဒီပလို မာနဲ့ သူနာပြုဘွဲ့တန်းတွေကို ပုဂ္ဂလိကပိုင်နဲ့ အစိုးရတက္ကသိုလ် ကောလိပ်တွေမှာ တက်ရောက် သင်ကြားနိုင်ပါတယ်။ သူနာပြု ပညာရေးကို မြှင့်တင်ဖို့အတွက် သူနာပြုဒီပလိုမာသင်တန်းတွေ ကို ရပ်နားပြီး အားလုံးကို သူနာ ပြုဘွဲ့တန်းဖြစ်အောင် မြှင့်ဖို့ စီမံ ကိန်းချထားပေမယ့် ဘတ်ဂျက်အ ခက်အခဲကြောင့် လက်တွေ့အ ကောင်အထည်ဖော်ဖို့ ခက်နေ တယ်လို့ သိရပါတယ်။ ကျန်းမာ ရေးဝန်ကြီးဌာနလက်အောက်က သူနာပြုကောလိပ်တွေမှာ သူနာ ပြုဒီပလိုမာသင်တန်းကို သင်တန်း စရိတ် ကုန်ကျစရာမလိုဘဲ အလ ကားတက်ရောက်ခွင့်ရပါတယ်။ သင်တန်းစရိတ်နဲ့ အဆောင်လခ ပေးစရာမလိုတဲ့အပြင် လစဉ်အ သုံးစရိတ် (Allowance) လုံ လောက်အောင်ရတာမို့ မိဘက ထောက်ပံ့ပေးစရာ မလိုပါဘူး။ သင်တန်းပြီးရင်တော့ အစိုးရ ဆေးရုံတွေမှာ သတ်မှတ်ထားတဲ့ နှစ်ကာလပြည့်အောင် ပြန်လုပ် ပေးရပါတယ်။ သင်တန်းကာလ မှာ ပြည့်စုံအောင်ထောက်ပံ့ပေး ထားပြီး လုပ်ငန်းခွင်ဝင်တဲ့အခါ လုံလောက်တဲ့လစာအပြင် ၀န် ထမ်းအခွင့်အရေးတွေ အပြည့်အ ၀ရတာကြောင့် သူနာပြုတွေ စာ ချုပ်ဖောက်ဖျက်တဲ့ပြဿနာမရှိ သလောက်ပါ။

 အစိုးရတက္ကသိုလ်တွေက အဆင့်မြင့်ပညာရေးဝန်ကြီးဌာန (MOHE) လက်အောက်မှာရှိပါ တယ်။ တက္ကသိုလ်တွေမှာ ဘာ သာရပ်ပေါင်းစုံ မဟာဌာန (Faculty) အသီးသီးရှိပြီး သူနာ ပြုဌာနက ဆေးပညာမဟာဌာန (Faculty of Medicine)သို့မဟုတ် ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ သိပ္ပံပညာ မဟာဌာန (Faculty of Medicine and Health Sciences) လက်အောက်မှာ ရှိပါတယ်။ အ ရင်က သူနာပြုကျောင်းသားတွေ ကို အစိုးရထောက်ပံ့ပေးပါတယ်။ အခုနောက်ပိုင်း စီးပွားရေး အ ကျပ်အတည်းကြောင့် ထောက်ပံ့ ကြေးတွေ ရပ်လိုက်ပါတယ်။ ထောက်ပံ့ကြေး မပေးနိုင်ပေမယ့် အစိုးရက ကျောင်းသားတွေကို ပညာသင်စရိတ်ချေးငွေ (Study loan) ထုတ်ချေးပေးပါတယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့ အခါ လစဉ် ပြန်ဆပ်ရပါတယ်။ ပုဂ္ဂလိကပိုင် တက္ကသိုလ်ကော လိပ်တွေမှာတက်တဲ့ ကျောင်း သားတွေကိုလည်း ပညာသင် စရိတ်ချေးငွေကို အကန့်အသတ် နဲ့ ထုတ်ချေးပေးပါတယ်။ တချို့ ဆေးရုံတွေက ကျောင်းသားတွေ ကို ပညာသင်စရိတ် ထောက်ပံ့ ပေးပြီး ကျောင်းပြီးရင် သူတို့ ဆေးရုံမှာ အလုပ်လုပ်ဖို့ စာချုပ် ချုပ်တာတွေရှိပါတယ်။

အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိ ကပိုင် တက္ကသိုလ်ကောလိပ်က သူနာပြုဘာသာရပ်ဆိုင်ရာ သင် ရိုးညွှန်းတမ်းတွေကို သူနာပြု ဘုတ်အဖွဲ့ (Nursing Board) က သတ်မှတ်ထားတဲ့ လမ်းညွှန်ချက် အတိုင်း ရေးဆွဲရပါတယ်။ သင် တန်းဝင်ခွင့်အတွက် သတ်မှတ် ထားတဲ့ အရည်အချင်း၊ သင်ကြား ရေးဆရာများရဲ့ အရည်အချင်း သတ်မှတ်ချက်၊ စာတွေ့ လက် တွေ့ သင်ကြားချိန် သတ်မှတ် ချက်၊ ထိရောက်သော သင်ကြား ရေးအတွက် အခြေခံလိုအပ်ချက် (nursing skill labs, library, computer lab, recreational facilities) တွေ ပြည့်စုံရပါတယ်။ လမ်းညွှန်ချက်မှာ သတ်မှတ်ထား တာတွေနဲ့ ပြည့်စုံမှ သင်တန်းဖွင့် ခွင့်ရှိပါတယ်။ သင်တန်းဖွင့်ပြီး သတ်မှတ်ထားတဲ့ ကာလအတွင်း မှာ လမ်းညွှန်ချက်ထဲမှာပါတဲ့ စံ ချိန်စံညွှန်းအတိုင်း လက်တွေ့အ ကောင်အထည်ဖော်ဆောင်ရွက် ခြင်း ရှိ၊ မရှိ သုံးသပ်စစ်ဆေးခြင်း (Accredtation) ဆိုတာရှိပါ တယ်။ သုံးသပ်စစ်ဆေးတဲ့အခါ မှာ အရည်အသွေးထိန်းချုပ်ရေး အေဂျင်စီက အဖွဲ့ဝင်နဲ့အတူ သူနာပြုဘုတ်အဖွဲ့က အကြီးအ ကဲတွေက အသေးစိတ်စစ်ဆေး သုံးသပ်ရပါတယ်။ စစ်ဆေးသုံး သပ်ပြီး တွေ့ရှိချက်တွေအပေါ် အကြံပြုချက်ထောက်ခံချက်တွေ ပေးပြီး အရည်အသွေး မြှင့်တင်မှု တွေ လုပ်ရပါတယ်။

သူနာပြုလိုင်စင်နဲ့ ပတ်သက် တဲ့အကြောင်းအရာတွေကိုလည်း တင်ပြချင်ပါသေးတယ်။ မလေး ရှားနိုင်ငံ တက္ကသိုလ်ကောလိပ် အသီးသီးက သူနာပြုဒီပလိုမာနဲ့ သူနာပြု ဘွဲ့တန်းပြီးဆုံးသွားတဲ့ ကျောင်းသား၊ ကျောင်းသူအား လုံး သူနာပြု လိုင်စင်ရဖို့အတွက် သူနာပြုဘုတ်အဖွဲ့က စစ်ဆေးတဲ့ အရည်အချင်းစာစစ်စာမေးပွဲကို ဖြေဆိုရပါတယ်။ စာမေးပွဲအောင် ရင် လိုင်စင်ရပါတယ်။ မအောင် ရင် ဒုတိယအကြိမ်နဲ့ တတိယအ ကြိမ် ဖြေဆိုခွင့်ရှိပါတယ်။ သုံး ကြိမ်ဖြေလို့မှ မအောင်ရင် သူနာ ပြုလိုင်စင် ကိုင်ဆောင်ခွင့်မရ တော့သလို သူနာပြုအလုပ်ကို လုပ်ခွင့်မရှိတော့ပါဘူး။ လိုင်စင် သက်တမ်းတိုးမယ်ဆိုရင် သက် ဆိုင်ရာအကြီးအကဲ ထောက်ခံ ချက်လိုအပ်သလို သတ်မှတ်ထား တဲ့ စဉ်ဆက်မပြတ် ပညာသင် ကြားရေး ရမှတ် (CPD Points) ပြည့်မီရပါတယ်။ သူနာပြုတွေ လုပ်ငန်းခွင်မှာ အမြဲမပြတ် ပညာ သင်ကြားလေ့လာမှုရှိအောင် တွန်းအားပေးတဲ့ သဘောပါ။ သူ နာပြုကျင့်ဝတ်စည်းကမ်းတွေကို ဖောက်ဖျက်မှသာ လိုင်စင်သိမ်း တာတွေရှိပါတယ်။

အတွေ့အကြုံတွေကို ရေးရ ရင် စာတစ်ပုဒ်နဲ့ မလုံလောက်နိုင် ပါ။ သင်ကြားရေး အတွေ့အကြုံ တွေကို ထည့်ရေးချင်ပေမယ့် စာ သိပ်ရှည်သွားပြီမို့ ရပ်နားလိုက်ပါ တယ်။ နောင်အလျဉ်းသင့်သလို စာတွေထပ်ရေးနိုင်အောင် ကြိုး စားပါဦးမယ်။ မြန်မာပြည်မှာ သူနာပြုတွေရဲ့ လုပ်ငန်းခွင်သာ ယာရေး၊ သူနာပြုများအပေါ် ချ မှတ်ကန့်သတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေဟာ တရားမျှတမှု ရှိရေး၊ နည်းပညာတွေ တိုးတက် လာတာနဲ့အမျှ မကျန်းမာသူတွေ ကို ပြုစုစောင့်ရှောက်ပေးရတဲ့ သူနာပြုအရည်အသွေးတွေ တိုး တက်မြင့်မားလာရေးအတွက် သက်ဆိုင်သူတွေ အားလုံး ကြိုး စားကြတဲ့အခါ မြန်မာပြည်အပြင် ဘက်ကိုလည်း လှမ်းကြည့်၊ ကိုယ့်တိုင်းပြည် လက်ရှိအခြေအ နေနဲ့လည်း အံဝင်ခွင်ချဖြစ်အောင် စဉ်းစားဆောင်ရွက်နိုင်ဖို့ ဒီစာကို ရေးသားဖော်ပြလိုက်ပါတယ်။

စံပယ်ဖြူ

7 Daily News Journal, April 10 2017

Tuesday, 1 November 2016

ဒီမိုကရေစီကို နားလည်ကြည့်ခြင်း


ဒီမိုကရေစီစနှစ်နဲ့ ပတ်သက်လို့ ကျွန်မ မှတ်သားနားလည်ထားတဲ့ အခြေခံသဘောတရားတွေကို ကိုယ်ပိုင်အတွေးနဲ့ ပေါင်းစပ်ပြီး စာတပုဒ်ရေးလိုက် ပါတယ်။ ဒီစာကို ရေးတဲ့အခါမှာ နိုင်ငံရေးကို ကျွမ်းကျင်သူအနေနဲ့ ရေးခြင်းမဟုတ်၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သာမန်ပြည်သူ တယောက်အနေနဲ့ ရေးတဲ့စာလို့ မှတ်ယူစေချင် ပါတယ်။
ဒီမိုကရေစီဆိုတဲ့ စကားကို ၁၉၈၈ အရေးအခင်းမှာ စပြီးကြားဖူးခဲ့ပေမဲ့ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိခဲ့ ပါဘူး။ ဘာမှန်းမသိဘဲ နေလာရင်း ဆယ်တန်းရောက်တော့ မြန်မာစာဆရာက စာသင်ရင်း၊ ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးခွန်းတခုမေး ပါတယ်။ ကျောင်းစာကလွဲရင် ဘာမှမသိတဲ့ ကျွန်မ ဆရာ့အမေးကို မဖြေနိုင်ဘဲ ပါးစပ် အဟောင်းသားနဲ့ နေခဲ့ရပါတယ်။ အတန်းထဲက ယောက်ျားလေး သူငယ်ချင်းယောက်က ထဖြေပါတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိပြီး၊ အစိုးရကို ပြည်သူများက လွတ်လပ်စွာ ရွေးချယ်တင်မြောက် တဲ့စနစ် လို့ဖြေပါတယ်။ ကျွန်မလား ဘာမှမသိတဲ့ နလပိန်းတုံးဆိုတော့ ဖြေနိုင်တဲ့ သူငယ်ချင်းကို စိတ်ထဲက ချီးကျူး လိုက်ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းအောင်၊ ဘွဲ့ရလို့ လုပ်ငန်းခွင် ၀င်တဲ့အချိန်တွေအထိ ဒီမိုကရေစီအကြောင်း သေချာ နားမလည်ခဲ့သလို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။
နိုင်ငံခြားကို ထွက်လာပြီးတဲ့ နောက်ပိုင်း အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးဖြစ်တဲ့အတွက် အင်တာနက်က သတင်းတွေ၊ ဘလော့ဂါတွေရေးတဲ့ စာတွေကို ဖတ်မိရာက နိုင်ငံရေး အခြေအနေတွေကို စိတ်ဝင်တစား လေ့လာဖြစ်ခဲ့ပါတယ်။ အိပ်ပျော်နေတဲ့ ကျွန်မတို့လို လူတစုကို လှုပ်နိုးပေးခဲ့တဲ့ ဘလော့ဂါတွေကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေး ရေချိန်မြင့်ခဲ့တာကို သိပ်ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားလာတယ်၊ မြန်မာပြည်ကို ပြောင်းလဲ တိုးတက်စေချင်တယ်ဆိုတော့ နိုင်ငံရေးအကြောင်းနဲ့ ဒီမိုကရေစီ သဘောတရားကို လက်လှမ်း မှီသလောက် လေ့လာခဲ့ပါတယ်။ ကိုယ်တိုင် နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ချက် မရှိပေမဲ့၊ ခေါင်းဆောင်ကောင်းတွေကို ၀န်းရံ အားပေးနိုင်ဖို့ လေ့လာခြင်း ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့လူတိုင်း အခြေခံနိုင်ငံရေး သဘောတရားတွေကို နားလည်ထားသင့် ပါတယ်။
ဒီမိုကရေစီစနစ်မှာ  သိပ်ကိုအနှစ်သာရရှိတဲ့ အခြေခံသဘောတရားတွေ ရှိပါတယ်။ နိုင်ငံရေး တိုင်းပြည်အရေးတွေမှာ နိုင်ငံသားတွေအားလုံး ပါဝင်ခြင်း၊ နိုင်ငံသားအားလုံး တန်းတူ အခွင့်အရေးရှိခြင်း၊ လူ့အခွင့်အရေးကို   လေးစားလိုက်နာခြင်း၊ နိုင်ငံအရေး အမြင်မတူမှုများကို နားလည်သီးခံနိုင်စွမ်းရှိခြင်း၊ ရွေးကောက်ခံ ပုဂ္ဂိုလ်များက တာဝန်ခံမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း၊ သတ်မှတ်ထားသော အချိန်ကာလတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ပေါင်းစုံပါဝင်ခြင်း၊ စီးပွားရေး လွတ်လပ်ခွင့်ရှိခြင်း၊ အာဏာကို အလွဲသုံးစားပြုမှုနှင့် အကျင့်ပျက် ခြစားမှုကို ထိန်းချုပ်နိုင်ခြင်းနဲ့ တရားဥပဒေ စိုးမိုးခြင်း စတဲ့ ဒီမိုကရေစီ အခြေခံသဘောတရားတွေ ရှိပါတယ်။

Saturday, 18 June 2016

စိတ်ဓာတ်ခွန်အားပေးသော ထိုမိခင်


 “ သင့်ရဲ့ကြောက်စိတ်က သင်မှန်တယ်ထင်တဲ့အရာကိုလုပ်ဖို့ တားမြစ်တာကို ဘယ်တော့မှ ခွင့်မပြုပါနဲ့ ” လို့ ကမ္ဘာကျော် အဆိုအမိန့်ကို ပြောဆိုရေးသားတဲ့ ထိုမိခင်ကို ဂါရ၀တဲ့ စာတပုဒ် ရေးချင်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးထုအတွက် စံပြမိခင်၊ မြန်မာပြည်အပြင်ဘက် ရောက်နေသူတွေအတွက် စိတ်ဓာတ်ခွန်အားတွေ ပေးတဲ့ထိုမိခင်။ ထိုမိခင်ရဲ့ကျေးဇူးတရားတွေကို ကျွန်မ ဉာဏ်ရှိသလောက် ဖော်ထုတ်ရေးဖွဲ့ချင်ပါတယ်။ မိခင်အရင်းထက် ပိုပြီးချစ်ခင်လေးစား သလားလို့မေးရင်၊ မိခင်အရင်းနဲ့ ထပ်တူချစ်ခင်လေးစားတယ်လို့ ဖြေပါ့မယ်။
ထိုမိခင်နဲ့ ကျွန်မ နှလုံးသားချင်းမနီးစပ်ခင် အချိန်တုန်းက သူမကို ကျွန်မသိခဲ့တာက လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်။ ၁၉၈၈ အရေးအခင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လာတယ်၊ ဒီမိုကရေစီအရေး လှုပ်ရှားတယ်။ အဲဒီအချိန်တုန်းက ကျွန်မက ကလေးသာသာ ရှိသေးတော့ ဘာမှနားမလည်ပေမဲ့ ဗိုလ်ချုပ်ရဲ့သမီးမို့ ဒေါ်အောင် ဆန်းစုကြည်ကို အများနည်းတူ သဘောကျခဲ့ပါတယ်။ ဒီနေ့မြန်မာပြည်က ကလေးငယ်တွေ အများစု အမေစုမှ အမေစုဖြစ်နေသလိုမျိုး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူမရဲ့အောင်မြင်မှု သြဇာလွှမ်းမိုးနိုင်မှုဟာ ဗိုလ်ချုပ်အောင်ဆန်းကြောင့်လို့ ၀န်ခံထားပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားကြတော့ သူမအပေါ် ကျွန်မစိတ်ဝင်စားမှု မရှိတော့ဘူး။ မြန်မာပြည်မှာနေခဲ့တဲ့ အနှစ် (၃၀)အတွင်း ကျွန်မက နိုင်ငံရေးနဲ့ပတ်သက်ရင် ဘာမှနားမလည် စိတ်မ၀င်စားတဲ့ နလဘိန်းတုံးတယောက်ပါ။ ဒါပေမဲ့ အစိုးရပိုင်သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆဲရေးနေကြတာ၊ ဆန္ဒခံယူပွဲတွေလုပ်ပြီး တရားဝင် ဆဲနေကြတာကို တော်တော်လေး အော့နှလုံးနာခဲ့ပါတယ်။ ဆရာတယောက် ကျွန်မကို ပြောပြဖူးတဲ့စကားကိုလည်း စိတ်ဘ၀င်မကျခဲ့ပါ။ သမီးသိလား ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားသစ္စာဖောက်၊ မြန်မာနိုင်ငံသား ရည်စားရှိရက်နဲ့ သစ္စာဖောက်ပြီး နိုင်ငံခြားသားကို လက်ထပ်ခဲ့တာ။ ဆရာပြောပြတုန်းက ကျွန်မဘာမှပြန်မပြောပဲ နားထောင်ခဲ့ပေမဲ့ ဘာကြောင့် ရယ်မသိ ဆရာပြောတာကို အမှန်လို့မမှတ်ခဲ့ဘူး။
 နိုရီကိုရေးတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို မသီတာ(စမ်းချောင်း) ဘာသာပြန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင် စာအုပ်ကိုဖတ်ရတော့မှ ဆရာ့စကားက ၀ါဒဖြန့်သူ တွေဆီက လက်ဆင့်ကမ်းရလာတာလို့ နားလည်လိုက်တယ်။ တကယ်တော့ မြန်မာ ပညာတတ် တဦးက ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံခဲ့တာ။ ခုနေများ ဆရာသက်ရှိထင်ရှားရှိနေသေးရင် ကျွန်မပြန်ဖြေရှင်း ပြောပြချင်မိပါတယ်။ လူမျိုးစွဲမကင်းတဲ့ကျွန်မလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားနဲ့လက်ထပ်တာကို စိတ်ထဲဘ၀င်မကျသူပါ။ နိုရီကို ပြောပြလို့ စိတ်သဘောထား နူးညံ့ပြီး ဒေါ်အောင်ဆန်း စုကြည်ကို မြတ်နိုးကြင်နာတဲ့ မိုက်ကယ်အဲရစ်နဲ့ ကင်တို့ညီအကို နှစ်ယောက်အကြောင်းကိုသိခွင့်ရလို့ သူတို့အပေါ် စာနာ နားလည်ခဲ့ပါတယ်။ ဒီစာအုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအကြား နှလုံးသားချင်းနီးစပ်စေတဲ့ အကြောင်းရင်း တခုလည်း ဖြစ်ပါတယ်။ ဒီအတွက် စာရေးသူ နိုရီကိုနဲ့ ဘာသာပြန်သူ ဆရာမ မသီတာ (စမ်းချောင်း) ကို သိပ်ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှစ်ရှည်အကျယ်ချုပ်ကျနေတဲ့ ကာလအတွင်းမှာ ဘယ်လိုစိတ်နဲ့ နေခဲ့သလဲ ဆိုတာကို လူတွေစိတ်ဝင်စားကြတယ်။ ဓမ္မကို အဖော်ပြုပြီးနေတဲ့အတွက် သီလ သမာဓိ ဉာဏ်ပညာတွေ ပိုပြီးတိုးပွား ရင့်ကျက်လာတယ်။ စာအုပ်တွေကို မိတ်ဆွေဖွဲ့နေတဲ့အတွက် တယောက်ထဲ အထီးကျန် နေ့ရက်တွေဟာ အဓိပ္ပာယ်ရှိရှိ ကုန်လွန်ခဲ့တယ်။ ဓမ္မကပေးသော ကြောက်စိတ်ကင်းတဲ့ ဖြောင့်မတ် တည်ကြည်မှု၊ စာအုပ်တွေကပေးတဲ့ အသိအမြင်ကြွယ်ဝမှုတွေကို ပေါင်းစပ်ပြီး ရေးလိုက်တဲ့ သူမရဲ့ စာတွေက စာဖတ်သူတွေရဲ့ နှလုံးသားကို ဖွင့်ပေးနိုင်ခဲ့တယ်။ မေတ္တာနဲ့ သစ္စာတရားကို အခြေခံပြီး ရေးတဲ့စာ၊ ပြောသမျှ စကားတွေဟာ အများပြည်သူတွေ့ရဲ့ နှလုံးသားကို ပွင့်လင်းစေပါတယ်။ ခေါင်းဆောင်ကောင်း၊ ဆရာကောင်းတွေနဲ့ စာရေးသူတွေဟာ အများပြည်သူတွေကို ရှေ့ဆောင် လမ်းပြရာမှာ နှလုံသားကို အရင်ဖွင့်ပေးရမယ်လို့ ဆိုပါတယ်။ နှလုံးသား ပွင့်သွားပြီဆိုရင် ဘာပဲပြောပြော ထိရောက်တယ်၊ သြဇာငြောင်းနိုင်ပါတယ်။
လောကသဘာဝနဲ့ လူ့သဘောတွေကို ပကတိ အရှိတိုင်း မြင်နိုင်တဲ့ သူမမှာ ကျွန်မတို့ လိုက်မမှီတဲ့ အတွေးအခေါ် ရှိတယ်။ လောကဓမ္မကို ကောင်းကောင်းနားလည်သူမို့ မှန်တာကို ပြောရဲလုပ်ရဲအောင်၊ အမှန်တရားဘက်က သတ္တိရှိရှိ ရပ်တည်ရဲအောင် စံနမူနာကောင်း ပြတယ်။ သဘာဝ အရှိတရားကို အရှိတိုင်း လက်ခံပြီး၊ ဟန်ဆောင်မှုကင်းတယ်။ သူမရဲ့ရိုးသားပွင့်လင်းမှုနဲ့ အမှန်တရားကို မြတ်နိုးမှုက မြန်မာပြည်က ပညာတတ်လူတန်းစား အများစုကို လွှမ်းမိုးနိုင်ခဲ့တယ်။ သူမရဲ့ မေတ္တာတရားကြီးမားမှုက မြန်မာပြည်က အောက်ခြေ လူတန်းစားများရဲ့ ယုံကြည် အားကိုးမှုကို သိမ်းပိုက်နိုင်ခဲ့တယ်။ ပြည်ပရောက် မြန်မာပြည်သားများအတွက်တော့ သူမပြောတဲ့ စကားတွေက စိတ်ဓာတ်ခွန်အား ဖြစ်စေပြီး၊ သူမရဲ့ကြိုးစားအားထုတ်မှုတိုင်းဟာ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေ ဖြစ်ပါတယ်။ ရွှေရောင်အပြုံး ကိုယ်စီနဲ့ ပြည်တော်ပြန်ဝင်ဖို့ အခွင့်အခါကောင်းကို မျှော်နေကြပါတယ်။
သူများတိုင်းပြည်မှာ တော်သလိုနေကြရတဲ့ ကျွန်မတို့မှာ အမည်ဖော်လို့မရတဲ့ ဝေဒနာ ကိုယ်စီရှိပါတယ်။ အလုပ်ထဲမှာ မတရားတာတွေ မြင်နေရရင် ရေငုံနှုတ်ဆိတ်နေရပြီး၊ ရေလိုက်ငါးလိုက် နေရာတာတွေ ရှိတယ်။ မကျေနပ်ချက်တွေ ရှိပေမဲ့ မနိုင်လို့ သီးခံနေရတာတွေ ရှိတယ်။ မကျေနပ်ချက်တွေ ပေါက်ကွဲမထွက်အောင် ကိုယ့်စိတ်ကို နှိပ်ကွပ်ထိန်းချုပ်ရင်း အတွေ့အကြုံတွေ ရင့်ကျက်လာခဲ့တယ်။ ဘာသာတရား အဆုံးအမတွေ၊ စာပေကပေးတဲ့ အသိတွေနဲ့ စိတ်ဒဏ်ရာ ဝေဒနာတွေကို ကုစားရာမှာ ထိုမိခင်ရဲ့ပညာရှိစကားတွေဟာ ခွန်အား ဖြည့်ဆေးတခွက်လို အစွမ်းထက်ပါတယ်။ သူမရဲ့စိတ်သဘောထားနဲ့ အပြုအမူတွေကို လေးစား အားကျတဲ့စိတ်က သူစိမ်းတရံတွေအကြား ဘ၀ကိုဆောက်တည်ရာမှာ အများကြီး အထောက် အကူပေးပါတယ်။ ပြင်ပ ရုပ်ဝတ္ထုပစ္စည်းတွေထက် နှလုံးရည်ပြည့်ဝမှုကို ဦးစားပေးတဲ့ ထိုမိခင်ရဲ့ အဆုံးအမတွေက လောကဓံကို ရင်ဆိုင်ရာမှာ စိတ်ဓာတ်ကြံ့ခိုင်မှုရှိအောင် အားဖြည့်ပေးပါတယ်။
နိုဘယ်ဆုရှင် လူထုခေါင်းဆောင်ရဲ့ဂုဏ်သတင်းကြောင့် ကမ္ဘာ့အလယ်မှာ ကျွန်မတို့ မြန်မာတွေ ဂုဏ်ယူစရာ ဖြစ်ရတယ်။ သူမကို ဝေဖန်အပြစ်တင်ကြတဲ့ ပြည်တွင်းပြည်ပက စာတတ်ပုဂ္ဂိုလ် အချို့ကို ဥပေက္ခာသဘောနဲ့ တုန့်ပြန်နိုင်တာ ပညာရှိဆန်ပါတယ်။ ပြဿနာပေါင်း သောင်း ခြောက်ထောင်ကို ဘယ်လိုများဖြေရှင်းနိုင်မှာပါလိမ့်လို့ ကျွန်မတို့ ပူပန်နေချိန်မှာ ထိုမိခင်က ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းတွေ မြန်နေဆဲ။ သူမရဲ့ယုံကြည်မှုက ပြည်သူတွေရဲ့စွမ်းရည်ကို ယုံကြည်စိတ်ချခြင်းသာဖြစ်တယ်။ ပြည်သူတွေနဲ့ တသားတည်းရှိနေသူမို့ မြန်မာတွေ ဉာဏ်ရည်မနိမ့်ဘူး၊ အခွင့်အလမ်းကောင်းတွေသာ လိုအပ်တာလို့ ပြောနိုင်တာဖြစ်တယ်။ ရေခံ မြေခံကောင်းတဲ့ မြန်မာပြည်ဖွား ကျွန်မတို့တွေအားလုံးဟာ မျိုးစေ့ကောင်းကြပါတယ်။ ဒီမျိုးစေ့ကောင်းတွေက ပေါက်လာတဲ့ အပင်တွေ ဖွံ့ဖြိုးသန်မာပြီး၊ အသီးအပွင့်တွေ ဝေဆာဖို့ ပညာအလင်းရောင်တွေ လိုအပ်တာ။
ဗြဟ္မစိုရ်တရား (၄)ပါးကို လက်တွေ့ကျင့်သုံးခြင်းဖြင့် လူမျိုးဘာသာ အသားရောင်ခွဲခြားခြင်း၊ ရန်သူမိတ်ဆွေ ခွဲခြားခြင်းမရှိဘဲ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ အဂတိလေးပါး ကင်းရှင်းရေး၊ လူတိုင်း၏မွေးရာပါ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကိုယ်နှင့်အသက်ကို မငဲ့ကွက်ပဲ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သံဃာတော်များအား လျှောက်ထားချက်ကို ပြည်သူတယောက်အနေနဲ့ ကြိုဆိုထောက်ခံပါတယ်။ မြင်သာ ထင်သာရှိသော ပြောင်းလဲ တိုးတက်မှုကို ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ရဲရဲဝံ့ဝံ့ ဖွင့်ဟ လျှောက်ထားချက် ကိုလည်း သဘောကျ နှစ်ခြိုက်ပါတယ်။ တရားသဘောတွေကို အကြွင်းမဲ့ ယုံကြည်သော ထိုမိခင်၊ ပြည်သူတွေအပေါ် ယုံကြည်သော ထိုမိခင်။ ထိုမိခင်ရဲ့ယုံကြည်ချက်၊ ပြည်သူများရဲ့ မျှော်လင့် ချက်တွေ ပြည့်ဝပါစေ။ ထိုမိခင်ရဲ့ ဆန္ဒအတိုင်း ပြည်သူတွေက သူမကိုမလိုအပ်တော့တဲ့အချိန်ထိ အသက်ရှည် ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။

စံပယ်ဖြူ


Thursday, 5 May 2016

လူမျိုးရေး ဘာသာရေး နာတာရှည်ရောဂါ


မြန်မာပြည်နဲ့ ကမ္ဘာနိုင်ငံ အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဟာ ကုစားရခက်တဲ့ နာတာရှည်ရောဂါလို ဖြစ်နေပါတယ်။ ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ခေါင်းဆောင်တွေ နည်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်ခဲ့ ကြသော်လည်း ကျွန်မတို့ရဲ့ ကမ္ဘာမြေ ခုထိငြိမ်းချမ်းရေး မရနိုင်သေးဘူး။ ဒဏ်ရာတွေ ဗရပွ၊ ဆင်းရဲမွဲတေခြင်း၊ နာတာရှည်ရောဂါ ပေါင်းစုံနဲ့အတူ အနာရောဂါ ထူပြောနေတဲ့ ကျွန်မတို့ရဲ့ မြန်မာပြည်ကို နလန်ထူနိုင်အောင် ကြိုးပမ်းကြရာမှာ ဘယ်လို ဆေးစွမ်းကောင်းတွေနဲ့ ကုစားကြမှာပါလိမ့်လို့ စဉ်းစားတွေးတောရင်း စာတပုဒ် ရေးလိုက်ပါတယ်။
မျိုးချစ်စိတ်ဆိုတာ မွေးရာပါ ဗီဇတခုမို့ လူတိုင်း တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်ကြပါတယ်။ လူတွေ ကိုယ့်ရဲ့ မိသားစုနဲ့ ဆွေမျိုးတွေကို ချစ်ခင်တွယ်တာကြတယ်၊ မွေးရပ်ဇာတိကို ချစ်ကြတယ် စတဲ့ အခြေခံ မျိုးချစ်စိတ်ကနေ နယ်ပယ်ကျယ်ပြန့်လာတဲ့အခါ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်လာတယ်။ ဒါဟာ အင်မတန် လူသားဆန်တဲ့ သဘာဝတခု ဖြစ်ပါတယ်။ မိမိလူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို အမြတ်တနိုး စောင့်ထိန်းလိုက်နာခြင်း၊ မိမိဘာသာတရား အဆုံးအမတွေကို လိုက်နာကျင့်သုံးခြင်း စတဲ့ မျိုးချစ်စိတ် ဘာသာချစ်ဟာ အင်မတန် ရိုးစင်းပြီး နှစ်သက်ဖွယ်ကောင်းပါတယ်။ ဒီလိုရိုးစင်းတဲ့ အမျိုးဘာသာ ချစ်စိတ်ကို တဆင့်မြင့်လိုက်ရင် မိမိလူမျိုးကောင်းစားရေး၊ မိမိယုံကြည် ကိုးကွယ်တဲ့ဘာသာ ရေရှည်တည့်တံ့ ခိုင်မြဲရေးအတွက် အသင်းအဖွဲ့တွေ ဖွဲ့စည်းတည်ထောင် လာကြတယ်။ အမျိုးကိုချစ်တဲ့ ပင်ကိုယ်ဗီဇက စေ့ဆော်မှုကြောင့် ကိုယ့်လူမျိုးကို   မြင့်အောင် သာအောင် ကြိုးစားကြတယ်။
သတိဥာဏ်ပညာ ပြည့်ဝသူတွေက  ကိုယ်ကျင့်တရား ကောင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဖြင့် လူမျိုးဂုဏ်ကို မြင့်ကြတယ်။ ကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း စတဲ့ နှလုံးရည်များ ပြည့်စုံစေခြင်းဖြင့် မိမိလူမျိုးရဲ့ အဆင့်အတန်းကို မြင့်တင်ကြတယ်။ သီလလုံခြုံခြင်း၊ စိတ်သဘောထား ကြီးမြတ်ခြင်း၊ လူမျိုးခြား ဘာသာခြားကို လေစားချစ်ခင်ခြင်းဖြင့် မိမိတို့ ဘာသာတရားရဲ့ မြင့်မြတ်ခြင်းကို ပြကြတယ်။ ဘာသာတရား အဆုံးအမကို ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့ လိုက်နာကျင့်သုံးပြီး၊ မိမိတို့ မျိုးဆက်တွေရဲ့ နှလုံးသားမှာ ဘာသာတရား အဆုံးအမတွေ အမြစ်တွယ်နေအောင် လေ့ကျင့်ပျိုးထောင် ပေးကြတယ်။ ဒီလို လူမျိုးရေး ဘာသာရေး အသိစိတ်ဓာတ်မျိုး နိုးကြားဖို့က လူသားတိုင်းရဲ့ ဘ၀ပေး တာဝန် တခုလို့ ကျွန်မ ယုံကြည်ပါတယ်။

Friday, 8 January 2016

အလွှာ မခြားသောအခါ




မြန်မာပြည်မှာ အမှိုက်ကောက် သန့်ရှင်းရေးလုပ်ကြတာနဲ့ ပတ်သက်ပြီး ကျွန်မ စဉ်းစားမိတာတွေကို စာတပုဒ်ရေးလိုက် ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ရဲ့အလှကို အမှိုက်တွေက ဖုံးကွယ်ထားသလိုပဲ၊ လောကရဲ့ တကယ့်အလှကို အလွှာတွေ၊ အပေါ်ယံ ပကာသနတွေဟာ ဖုံးကွယ်ထားကြတယ်။ ပြည်သူတွေနဲ့ တသားတည်းရှိတဲ့ အမေစုက အဲ့ဒီအလွှာတွေ ပကာသနတွေကို ဖယ်ရှားလိုက်ပြီး၊ လောကအလှကို ဖွင့်ပြလိုက်တယ်။ မိမိကိုယ်ကို အများပြည်သူနဲ့ တတန်းတည်းထားပြီး၊ နိုင်ငံသားတွေရဲ့ တာဝန်ကို ကိုယ်တိုင်ပါဝင် လုပ်ဆောင်ပြတယ်။ ကိုယ်တိုင်ပါဝင်ပြီး နောက်လိုက်ငယ်သားတွေ လိုက်နာချင်အောင် စံနမူနာကောင်း ပြလိုက်တယ်။ အမေစုက သူ့ရဲ့ခေါင်းဆောင်မှု အနုပညာကို ပညာသားပါပါ ထုတ်သုံးလိုက်ပုံက သိပ်လှပါတယ်။ 

ကိုယ်တိုင်လည်းဝင်မပါ၊ သူများလုပ်တာကို အပြစ်ရှာ ဝေဖန်သူတွေကိုတော့ ကျွန်မက ဘာမှမပြောလိုဘူး။ လူထုခေါင်းဆောင်ရဲ့ ညွှန်ကြားမှုကို အပေါ်ယံမဟုတ် တကယ်ဝိုင်းဝန်းလုပ်ကြတဲ့ သူတွေကို ချီးကျုးပါတယ်။ တကယ်ကို လေးစားပါတယ်။ အမှိုက်ကောက် သန့်ရှင်းရေးလုပ်တာကို အစပြုပြီး၊ စည်းကမ်းတကျ အမှိုက်ပြစ်တတ်တဲ့ အကျင့်တွေရှိလာအောင် ပညာပေးစည်းရုံးမှုတွေ ထိထိရောက်ရောက် လုပ်နိုင်ရင် ဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်ပါလိမ့်မယ်။ မြင်မကောင်းတဲ့ အမှိုက်ပုံတွေ မြောင်းပုပ်တွေ မရှိတော့ရင် သဘာဝအတိုင်းရှိနေတဲ့ မြန်မာပြည်ရဲ့ အလှကို ပြန်မြင်ရတော့မှာ။ ပတ်ဝန်းကျင်သန့်ရှင်းလို့ ကူးစက်ရောဂါ အန္တရာယ်တွေလည်း လျော့သွားတော့မယ်။ နိုင်ငံသားကောင်း ပီသာစွာ စည်းကမ်းရှိခြင်း၊ တာဝန်သိတတ်ခြင်းစတဲ့ အရည်အသွေးကောင်းတွေ ရှိလာပါလိမ့်မယ်။

ခေါင်လုံမှ တံစက်လုံမယ်၊ မိဘကောင်းမှ သားသမီးကောင်းမယ်လို့ ငယ်ငယ်က အမေရိုက်သွင်း ပေးခဲ့တဲ့ အယူအဆက ကျွန်မ ဦးနှောက်ထဲမှာ စွဲနေပါတယ်။ မိဘကောင်း၊ ဆရာကောင်းတွေကြောင့် ကျွန်မ လူလားမြောက်ခဲ့ ပါတယ်။ ကျွန်မ ကိုယ်တိုင် ဆရာဖြစ်လာတဲ့အခါ၊ ဆရာကောင်းမှ တပည့်ကောင်း မယ်ဆိုတဲ့ ယုံကြည်ချက်ကို စွဲကိုင်ထားပါတယ်။  မိဘတွေက သားသမီးတွေကို စံနမူနာကောင်း ပြဖို့လိုအပ်သလို၊ ဆရာသမားတွေက တပည့်တွေကို စံနမူနာကောင်းတွေ ပြရမှာ ဖြစ်ပါတယ်။ ထို့အတူပဲ တိုင်းပြည်တပြည်မှာ ခေါင်းဆောင်က နိုင်ငံသားတွေအတွက် စံပြပုဂ္ဂိုလ် ဖြစ်ရပါမယ်။  ခေါင်းဆောင်ကောင်းမှ တိုင်းပြည်ကောင်းမယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။ မြန်မာပြည်မှာ ခေါင်းဆောင်မကောင်းလို့ တိုင်းသူပြည်သားတွေ ဆင်းရဲတွင်း နက်နေကြတယ်။ ခေါင်းဆောင်ကောင်း ရှိနေလျှက်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခွင့် မရတာကလည်း အင်မတန် နစ်နာပါတယ်။

တိုင်းပြည်ကို အုပ်ချုပ်တဲ့ အကြီးအကဲများနဲ့ အုပ်ချုပ်သူ လူတန်းစားတွေဟာ ပဒေသရာဇ်ခေတ်က ရှင်ဘုရင် မှုးမတ်တွေလို ပြည်သူတွေနဲ့ လူတန်းစားအလွှာ ခြားမနေသင့်ပါဘူး။ လူတန်းစား အလွှာခြားနေရင် ရင်းနှီးချစ်ခင်မှုနဲ့ အပြန်အလှန် နားလည်မှု မရှိကြတဲ့အတွက် ယုံကြည်မှုကို တည်ဆောက်ဖို့ ခက်ပါတယ်။ ပြည်သူနဲ့ ခေါင်းဆောင်ကြားမှာ အလွှာမခြားတဲ့အခါ ရင်းနှီးပွင့်လင်းမှုရှိတဲ့အတွက် အပြန်အလှန်နားလည်မှုကို ရနိုင်တယ်။ တဦးကိုတဦး နားလည်တဲ့အခါ၊ ယုံကြည်မှုတွေ ခိုင်မြဲလာမယ်။ လူတယောက်စီတိုင်းကို မိမိကိုယ်နဲ့ ထပ်တူ တန်ဖိုးထား တတ်လာမယ်။ ဒီမူကို ကျင့်သုံးတဲ့ အမေစုနဲ့ ပြည်သူတွေကြားမှာ အလွှာခြားမနေသည့်အတွက် အမြင်တွေကြည်လင် ပွင့်လင်းပါတယ်။ 

ကျွန်မ ကျောင်းပြီးခါစက ရန်ကုန်မှာ ဖွံ့ဖြိုးရေးသင်တန်း တခုတက်ဖူးပါတယ်။ သင်တန်းဆရာ ဆွေးနွေးသွားတဲ့ အချက်တခုကို သတိရမိပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ ပြည်သူလူထု ပါဝင်လာအောင် စည်းရုံးနိုင်ရပါမယ်။ ပြည်သူလုထုက စိတ်အားထက်သန်စွာ ပါဝင်လာစေဖို့ အမိန့်အာဏာသုံးရင် မအောင်မြင်နိုင်ဘူး။ Live with them, talk to them လို့ဆိုပါတယ်။ လူထုနဲ့ အတူနေ၊ သူတို့အသံကို နားထောင်၊ ပြီးရင်သူတို့နဲ့ ပြောဆိုဆွေးနွေးရင်း လူထုက နားလည်လက်ခံလာအောင် စည်းရုံးရမယ်လို့ ဆိုပါတယ်။ လူထုနဲ့ အတူနေတဲ့အခါ သူတို့ရဲ့ဘ၀၊ သူတို့သဘောထားကို ပိုပြီးနားလည်လာပါတယ်။

ပြည်သူ့အသံကို အမြဲနားထောင်ပြီး၊ ပြည်သူတွေနဲ့ တသားတည်း ဖြစ်နေတဲ့ အမေစုက ပြည်သူတွေရဲ့ သဘောထားကို နားလည်တယ်။ အောက်ခြေက လူတွေရဲ့ လိုအပ်ချက်တွေကို မြင်တယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးပြီး၊ စွမ်းဆောင်ရည်တွေ မြင့်တင်ပေးဖို့ အားထုတ်တယ်။ လူထုစွမ်းအားနဲ့ တိုင်းပြည်ကို တည်ဆောက်နိုင်တယ်လို့ ယုံကြည်တယ်။ လူတွေရဲ့ စိတ်သဘောကို နားလည်တဲ့ အမေစုက ပြည်သူတွေကို ယုံတယ်လို့ မကြာခဏ ပြောတာကို ကြားနေရတယ်။ ယုံကြည်ခံရတဲ့အခါ လူတွေက ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်မှု ရှိလာပါတယ်။ ငါလည်း တထောင့် တနေရာက ၀င်ပါနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိလာတယ်။ ယုံကြည်ခံရတဲ့အခါ တာဝန်ယူလိုစိတ်လည်း ရှိလာပါတယ်။ 

Monday, 30 November 2015

ကျွန်မတို့ တာဝန်ကျေခဲ့ ကြတယ်




သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်မ အပါအ၀င် တာဝန်ကျေခဲ့ကြသော မြန်မာနိုင်ငံသား အားလုံးကို ဂုဏ်ပြုမှတ်တမ်းစာတပုဒ် ရေးလိုက်ပါတယ်။ ပြည်သူတယောက်က ပြည်သူတွေကို ဂုဏ်ပြုတဲ့စာ၊ ကိုယ့်ကိုကိုယ် ပြန်ပြီးဂုဏ်ပြုစာလည်း ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတလျှောက်လုံးမှာ ပြည်သူတွေ တာဝန်ကျေခဲ့ကြတယ်လို့ နိုင်ငံရေးသမားတွေ သုံးသပ်ကြတဲ့အတိုင်း၊ ၂၀၁၅မှာ ပြည်သူတရပ်လုံးနဲ့အတူ တာဝန်ကျေခွင့် ရခဲ့တာကို ကျွန်မ ကျေနပ်ပါတယ်၊၊ နောင်မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ပြီး၊ အသဲကြားက မဲပြားတွေကို ပုံအောပေးခဲ့ကြသူ အားလုံးကို လေးစားဂုဏ်ယူပါတယ်။

မှတ်မှတ်ရရ တသက်လုံးမှာ ဒီတကြိမ်တည်း မဲပေးခွင့် ကြုံပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျွန်မ ၅တန်းပဲ ရှိသေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ဘူး။ ဒီတကြိမ်တော့ အမိအရ မဲပေးချင်လွန်းလို့။ ဆာဘားကနေ ကွာလာလမ်ပူ၊ ကွာလာလမ်ပူကနေ ရန်ကုန်၊ လေယဉ်ခရီးစရိတ် အကုန်ခံပြီး မဲပြန်ပေးခဲ့ ပါတယ်။ ပထမအကြိမ် မဲစာရင်းမှာ ကျွန်မ နံမယ်မပါလို့ ပြန်လျှောက်ရတယ်။ ကိုယ်တိုင်လည်း မဲထည့်ရင်း၊ နီးစပ်ရာ ဆွေမျိုးတွေကို စည်းရုံးဖို့ စိတ်ကူးနဲ့ ပြန်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ ကျွန်မ ဆွေမျိုးတွေကို ဘာမှပြောစရာ မလိုဘူး၊ အမေစု ဘက်တော်သားတွေ ဖြစ်နေကြတယ်။ ကျေးလက်တောရွာက လူတွေအများစုဟာ ယုံကြည်အားကိုးရသော အစိုးရနဲ့ မကြုံဘူးတော့ အစိုးရကို မယုံချင်ကြဘူး။ ကိုယ်လုပ်မှ ကိုယ်စားရမယ်လို့ ယုံကြည်ကြတယ်။ နိုင်ငံရေးကို စိတ်မ၀င်းစား ကြဘူး။ ဒါပေမဲ့ ပြောင်းအလဲကို မြင်ချင်လို့ NLD ကို မဲပေးခဲ့ကြတယ်။ နားလည်တဲ့လူတွေက အမေစုနဲ့ အမေစုကို ၀န်းရံကြသူတွေကို ယုံကြည်လို့ မဲပေးကြတယ်။ 

ရွေးကောက်ပွဲမတိုင်မှီ ကာလတွေမှာ NLD အောင်နိုင်ရေးအတွက် အချိန်ကုန်ခံ၊ ဖုန်းဘေလ် အကုန်ခံပြီး၊ နီးစပ်ရာ အချင်းချင်း မဲဆွယ်ကြတယ်။ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျက်နှာကနေ ပညာပေးမဲဆွယ်ကြတယ်။ မြို့ပေါ်က အမြင်ကျယ်သူတွေက ရွာက အသိဆွေမျိုးတွေကို လှမ်းဆွယ်ကြတယ်။ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ အများစု ပြည်သူတွေရဲ့ နှလုံးသားကို ဖွင့်ပေးခဲ့ ကြတယ်။ ပြည်သူတွေကို အားကိုးပြီး နိုင်ငံရေးလုပ်တဲ့ အမေအိုကိုယ်တိုင် အပင်ပန်းခံပြီး၊ မြန်မာပြည်အနှံ့ နယ်လှည့်ပြီး ဟောပြောစည်းရုံး ခဲ့တယ်။ ဒါပေမဲ့ အချို့ရွာတွေမှာ မဲထည့်နည်း ပညာပေးမှု အားနည်းပါတယ်။ နုံခြာတဲ့ ရွာသားတွေ တံဆိပ်တုံးထုပြီး မဲပေးရတော့ ပယ်မဲဖြစ်သွားတာ အတော်များပါတယ်။ မဲထည့်ပုံထည့်နည်းကို တအိမ်ဝင် တအိမ်ထွက် လိုက်ပြပေးထားတဲ့ ကျွန်မတို့ ရွာမှာတောင် ပယ်မဲတွေ ရှိတယ်။ တချို့ရွာက မဲရုံတွေမှာ ကိုယ်စားတံဆိပ်တုံး ထုပေးလို့ ပြသနာတက်တာတွေ ရှိပါတယ်။

Monday, 26 October 2015

နံနက်ခင်းများကို ကျော်လွန်၍ ဘ၀နေမွန်းတည့်ချိန်ဝယ်




ငယ်ရွယ်နုပျိုတဲ့ ကလေးဘ၀၊ လူငယ်ဘ၀က နံနက်ခင်းလို လန်းဆန်းတဲ့ ဘ၀အစိတ်အပိုင်းဆိုရင်၊ လူလတ်ပိုင်းအရွယ်က ဘ၀ရဲ့ မွန်းတည့်ချိန် ဖြစ်ပါလိမ့်မယ်။ ငယ်ငယ်က အသက်လေးဆယ်မှာ ဘ၀ စတယ်ဆိုတာကို လက်မခံပေမဲ့ အသက်ကလေးရလာတော့ ဟုတ်သလိုလို။ အသက် ၃၅နှစ်ကျော်လို့ ၄၀ နားကပ်လာရင် လူ့သက်တမ်း တ၀က်ကျိုးပြီမို့ နေမွန်းတည့်ချိန် ၁၂ နာရီအချိန်ကို ချဉ်းကပ်လာပြီ။ ဒါမေမဲ့ ဘ၀ မစရသေး၊ စုန်လိုက် ဆန်လိုက်နဲ့ ဘယ်ကိုမှ ခရီးမရောက်သေးပဲ နေ့တ၀က်ကျိုးသွားကို သတိထားလိုက် မိပါတယ်။ ကုန်ဆုံးခဲ့တဲ့ ဘ၀မနက်ခင်းတွေကို ပြန်ကြည့်ရင်း၊ ကျန်တဲ့ နေ့တ၀က်ကို ဘယ်လို ရှေ့ဆက်မလဲ စဉ်းစားရင်း စာတပုဒ် ရေးလိုက်မိပါတယ်။

မိဘအရိပ်ခိုလုံခဲ့တဲ့ အချိန်တုန်းက ဘ၀ဟာ ဆောင်းနံနက်ခင်းတွေလို အေးချမ်းခဲ့ပါတယ်။ မိဘတွေ စားဝတ်နေရေး ကြပ်တည်းလို့ စိတ်ညစ်နေပေမဲ့ ကလေးပီပီ ပူပင်ရမှန်း မသိခဲ့ဘူး။ မနက်မိုးလင်းရင် လွယ်အိပ်ကိုလွယ် ထမင်းဗူးသယ်ပြီး ကျောင်းကိုသွားလို့ ကျောင်းနေပျော်ခဲ့တယ်။ ပညာလိုချင်တဲ့ သားသမီးတွေအတွက် အလုပ်သိပ်လုပ်တဲ့ လယ်သမား ကျွန်မတို့အဖေက လူတကာထက်ပိုပြီး ပင်ပန်းဆင်းရဲ ခံနိုင်ခဲ့ပါတယ်။ စည်းစနစ်ကျပြီး အိမ်ရှင်မကောင်း ပီသတဲ့အမေရဲ့ ထိန်းကွပ်မှုကြောင့် ကျွန်မ ကောင်းစွာလူလားမြောက်ခဲ့ ပါတယ်။ စီးပွားရေး အဆင်မပြေတဲ့ကြားက ကျွန်မကို သူနာပြု တက္ကသိုလ် ရောက်အောင်ပို့ခဲ့ ပါတယ်။ ၁၉၉၆-၂၀၀၀ တုန်းက ပညာသင်စရိတ်တွေ ခုလောက်မများပေမဲ့ လယ်သမားတယောက်အတွက် ကျွန်မရဲ့ ကျောင်းစရိတ်တွေဟာ ၀န်ပိစေပါတယ်။ သူများတိုင်းပြည်မှာလို ပညာသင် ထောက်ပံ့ကြေးတွေရရင် မိဘတွေ ၀န်ပိမှာမဟုတ်ဘူး။ သားသမီးတွေ ပညာရေးအတွက် အဖေ အလုပ်ကြိုးစားခဲ့ပေမဲ့ လုပ်ရင်းမြုပ်ရင်း၊ အကြွေးသံသရာလည် ခဲ့ပါတယ်။

ကျွန်မ ကျောင်းပြီးတဲ့ အချိန်မှာ ဘ၀ရဲ့ ဆောင်းနံနက်ခင်းတွေဟာ နွေလို့ပူတဲ့ ရာသီကို ပြောင်းလာခဲ့ ပါတယ်။ အိမ်မှာလည်း အဆင်မပြေ၊ အစိုးရ၀န်ထမ်းအလုပ်ကို ဖက်တွယ်မိရက်သား ဖြစ်နေတော့ လစာမလောက်လို့ အပြင်ဆေးခန်း ပြေးလုပ်ခဲ့ရတယ်။ ဒီအကြောင်းတွေကို အရင်ကရေးပြီးသားမို့ ထပ်မရေးတော့ဘူး။ ကိုယ်ရေးကိုယ်တာ အဆင်မပြေတဲ့ အကြောင်းတွေနဲ့ အစိုးရ၀န်ထမ်းဘ၀အပေါ် မကျေနပ်ချက်တွေ များလာတော့ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ် ခဲ့တယ်။ စင်္ကာပူသွားဖို့ ကြိုးစားခဲ့ပေမဲ့ မလေးရှားနဲ့ပဲ ရေစက်ပါခဲ့တယ်။ ရောက်စက တော်တော်လေး မပျော်ပေမဲ့ ကြာတော့လည်း နေသားကျသွား ပါတယ်။ အတိုးပေါ် အတက်ပေါက်နေတဲ့ အဖေ့ အကြွေးတွေကို ကျွန်မတို့ မောင်နှမ နှစ်ယောက် မလေးရှားမှာ နှစ်နဲ့ချီ အလုပ်လုပ်ပြီး ပြန်ဆပ်ခဲ့ ပါတယ်။ အရင်ကယူထားတဲ့ အကြွေး ၃ သိန်းက နှစ်ရှည်အတိုးတွေ တွက်လိုက်တဲ့အခါ ၁၀ သိန်းကျော် ဖြစ်သွားပါတယ်။ အတိုးမတွက်ပဲ အရင်းတိုင်းပဲ ပြန်ယူတဲ့ အကြွေးရှင်တွေ လည်းရှိပါတယ်။ သန့်ရှင်းတဲ့ လစာငွေနဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်တဲ့အတွက် ရွာပြန်တဲ့အခါ လူတွေအားလုံးကို ပြုံးပြနှုတ်ဆက် နိုင်ပါတယ်။

Monday, 27 July 2015

ရွှေပင်လယ်ကြီး ကာဆီးထားလို့…




ကျွန်မရဲ့ ဘ၀ရထား ဆိုက်ရောက်လာတဲ့ ဆာဘားပြည်နယ်ရဲ့ မြို့တော် ကိုတာကင်နာဘာလူးမြို့က နေ့စဉ်ဘ၀အကြောင်းကို ပြန်လည်မျှဝေ ချင်ပါတယ်။                                                         KK လို့အတိုကောက်ခေါ်တဲ့ Kota Kinabalu မြို့က ပင်လယ်ကြီး ပတ်လည်ဝိုင်းထားတဲ့ သာယာသောမြို့လေးမို့ ခရီးသွားဧည့်သည်တွေ ပျော်မွေ့တဲ့ မြို့လေးပါ။ ဘ၀ရထားပေါ်မှာ အဆင်ပြေသလို သွားနေတဲ့ ကျွန်မလည်း ဆားဘားရောက် ဧည့်သည့်ပါပဲ။ ဒီမြို့မှာ ပျော်နေတယ်လို့ မဆိုချင်သော်လည်း၊ နေပျော်တယ်တဲ့ နေရာလေးပါ။ 

ဆာဘားပြည်နယ်က တိုင်းရင်းသားလူမျိုးစုံ စုပေါင်းနေထိုင်တဲ့ ဒေသပါ။ ပို့ဆောင်ဆက်သွယ်ရေး စရိတ်ကြီးလို့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်စရိတ်တွေ ကွာလာလမ်ပူမှာထက် ပိုဈေးကြီးပါတယ်။ ပတ်ဝန်းကျင် စိမ်းစိမ်းစိုစို ရှိပြီး၊ ဆိတ်ငြိမ်တဲ့ မြို့လေးမို့ ကျွန်မ သဘောကျပါတယ်။ ကွာလာလမ်ပူမှာလို စိတ်မွန်းကြပ်စရာတွေ မရှိဘူး။ လေရှူလို့ကောင်းတယ်။ အသက်ရှုချောင် ပါတယ်။ ရာသီဥတုက ပူတဲ့အချိန် မတရားပူပြီး၊ မိုးရွာရင်လည်း မို့သက်လေပြင်း ကျလေ့ရှိပါတယ်။ ရာသီဥတု ကြည်လင်နေရင် ပင်လယ်ရေပြင်မှာ ယိမ်းကသလို ဟန်ချက်ညီတဲ့ လှိုင်းလုံးတွေကို မြင်ရတာ စိတ်ကြည်နူးစရာ ကောင်းပါတယ်။ မိုးသည်းလေထန်ရင် ဒေါသတကြီး ရိုက်ခတ်လာတဲ့ လှိုင်းလုံးကြီးတွေကို မြင်ရတာ ရင်သပ်ရှုမောစရာ။ ဧရာဝတီတိုင်းမှာ မြစ်ချောင်းအင်းအိုင်တွေနဲ့ပဲ ရင်းနှီးခဲ့တဲ့ ကျွန်မ အခု ပင်လယ်ကြီးနဲ့ နီးနီးကပ်ကပ် နေရတော့ ပင်လယ်ကြီးရဲ့ အလှနဲ့ အားမာန်ကို ခံစားသိခွင့်ရ ပါတယ်။

Tuesday, 2 June 2015

ရှေ့ဆောင်ကောင်းသော အမေ




မရိုးနိုင်တဲ့ အမေ့အကြောင်းကို အရင်က ရေးဖူးပေမဲ့ ထပ်ရေးချင်ပါတယ်။ လူတိုင်းအတွက် အမေဆိုတာ မိုးကောင်းကင်လို၊ မြင့်မိုရ်တောင်လို အံ့မခန်း ကြီးမြတ်သူတွေ ဖြစ်ပါတယ်။ မိခင်အရင်းအခြာ မဟုတ်သော်လည်း မိခင်နှင့်တူသော အမေများကို  ရံဖန်ရံခါ ကြုံရတွေ့ရတတ်ပါတယ်။ မိခင်တယောက်လို ကြင်နာညှာတာ တတ်သော ဆရာမများ၊ အလုပ်ရှင် အမျိုးသမီးများကို အမေလို (motherly) ချစ်ခင်တတ်သူလို့ တင်စားတတ်ကြ ပါတယ်။ ဒီအကြောင်းကို စဉ်းစားမိရင်း ရှေ့ဆောင်လမ်းပြကောင်းသော ကျွန်မရဲ့ မွေးမိခင်အကြောင်းနဲ့ မြန်မာပြည်ရဲ့ ဂန္ဓ၀င် မိခင်အကြာင်း ဆက်စပ်စဉ်းစားမိတာတွေကို ၀ါသနာအရ စာတပုဒ် ချရေးလိုက်ပါတယ်။

ကျွန်မတို့အမေက တောရွာက သာမန်အိမ်ရှင်မ တယောက်ဖြစ်ပေမဲ့ သားသမီးတွေကို ဆုံးမထိန်းကွပ်တဲ့ နေရာမှာ ပညာတတ်မိန်းမတွေထက် မညံ့ခဲ့တာကို ကျွန်မအမြဲ ဂုဏ်ယူမိပါတယ်။ အမေက ရှေးဆန်သော အဖွားရဲ့ အုပ်ထိန်းမှု အောက်မှာ ကြီးပြင်းခဲ့တာမို့ အတွေးအခေါ်က ရှေးဆန်တယ်။ ဘီးစပတ်နဲ့ လည်ပင်းအလုံးကွပ် ရင်ဖုံးအင်္ကျီ အမြဲဝတ်တဲ့ ကျွန်မတို့အမေက ခေတ်မမှီဘူးလို့တော့ ဆိုနိုင်ပါတယ်။ အမေ့ရဲ့ လွှမ်းမိုးမှုကြောင့် ထင်ပါတယ်။ ကျွန်မလည်း တခါတလေ အဘွားကြီးဆန်ဆန် တွေးတတ်ပါတယ်။ သိမ်းထုတ်သေချာ ဆိုတဲ့စကားအတိုင်း ပစ္စည်းကို စနစ်တကျကိုင်တွယ် သိမ်းဆည်းတတ်တဲ့ အမေ့ရဲ့အကျင့်ကို ငယ်ငယ်က မသိစိတ်ထဲကနေ သင်ယူခဲ့မိတာကို ကြီးလာမှ သတိထားမိပါတယ်။ ကိုယ်အားကိုယ်ကိုး စိတ်ရှိအောင် လေ့ကျင့်ပေးခဲ့တာတွေ၊ မချမ်းသာပေမဲ့ ပေးကမ်း ရက်ရောတတ်အောင် ရှေ့ဆောင်လမ်းပြခဲ့တာတွေကို ပြန်တွေးမိတိုင်း အမေ့ကို လွမ်းမိပါတယ်။

ကျွန်မ ငယ်ငယ်က သိပ်ပြီးလိမ္မာရိုကျိုးတဲ့ ကလေးတယောက် မဟုတ်ခဲ့ဘူး။ နဲနဲစွာချင်တယ်။ ခိုင်းရင် မလုပ်ချင်ဘူး။ ကျောင်းစာကလွဲရင် ကျန်တာတွေလုပ်ဖို့ သိပ်ပျင်းပါတယ်။ ဒါပေမဲ့ အမေ့ကိုတော့ ကြောက်ရပါတယ်။ သားသမီးတွေကို အလိုမလိုက်တဲ့ အမေ့ကို ကြီးလာမှ ကျေးဇူးတင်ရမှန်း သိလာပါတယ်။ နွေရာသီကျောင်းပိတ်ရက် တခုမှာ ကျွန်မ နေကုန်နေခန်း ထမင်းပြန်မစားပဲ သူများအိမ်မှာ သွားနေပြီးဆော့ကစားမိလို့ ကောင်းကောင်း အရိုက်ခံရပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အမှတ်သညာကောင်း ရှိခဲ့တယ်လို့ ဆိုရပါမယ်။ အရိုက်ခံရပြီးတဲ့ နောက်ပိုင်း ကျွန်မ ကစားချိန်တန်ကစားပြီး၊ ပြန်ချိန်တန်ရင် အိမ်ကိုပြန်ပါတယ်။ 

ကျွန်မ သစ်ပင်ပေါ်တက်လို့ အရိုက်ခံရတာ လည်းရှိသေးတယ်။ ရွာမှာ နွေရာသီဆို သစ်ပင်တွေ ခုတ်လှဲပြီး ထင်းခွဲကြပါတယ်။ ခုချန်ထိ ကျွန်မတို့ရွာမှာ ထင်းမီးနဲ့ ထမင်းချက်တုန်းပါ။ ကိုယ်ပိုင်သစ်ပင် မရှိတဲ့သူတွေက ထင်းချောက်ကိုင်းတွေ လိုက်စုကြပါတယ်။ တချို့က အပင်ပေါ်က ပြုတ်ကျတဲ့ သစ်ကိုင်းချောက်တွေကို လိုက်ကောက်ပြီး စုပါတယ်။ အချို့က အပင်ပေါ်တက်ပြီး၊ သစ်ကိုင်းချောက်တွေကို ချိုးယူကြပါတယ်။ အတုမြင် အတတ်သင်လို့ ဆိုရမလား။ ကျွန်မ ဘယ်က ဘယ်လိုစိတ်ကူး ရမှန်းမသိ အိမ်ရှေ့က မန်ကျည်းပင်ပေါ်တက်ပြီး၊ မန်ကျည်းကိုင်း အချောက်တွေ ချွေချ၊ ထင်းချောင်းတွေ စုမိပါတယ်။ ဒါကို အမေက ချက်ချင်းမြင်ပါတယ်။ အပင်ပေါ်က ပြန်ဆင်းလာဖို့ အမေက အေးအေးဆေးဆေး ပဲခေါ်ပါတယ်။ တုတ်ကိုင်ပြီး ခေါ်ရင် ကြောက်အားလန့်အားနဲ့ အပင်ပေါ်က ပြုတ်ကျမှာ စိုးလို့ပါ။ အပင်အောက်ကို ရောက်တော့ အရိုက်ခံရပါတယ်။ အဲဒီနောက်ပိုင်း ခုချိန်ထိ ကျွန်မ သစ်ပင်ပေါ် မတက်တော့ဘူး။

ရွာက ကျွန်မတို့ အိမ်ရှေ့မှာ မျှော့ပေါတဲ့ ချောင်းဦးတိုလေးရှိ ပါတယ်။ မျှော့ဆိုတဲ့ သတ္တ၀ါက အမျိုးသမီး လမ်းကြောင်းထဲကို ၀င်သွားရင် ပြန်မထွက်လာတော့ဘူး၊ လူကိုယ်ထဲမှာ သွေးစုပ်ပြီး မျိုးပွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အမေက ကျွန်မကို ချောင်းထဲဆင်းပြီး ရေမကူးဖို့ တားမြစ်ပါတယ်။ ကျွန်မ မျှော့ကို သိပ်ကြောက်ပါတယ်၊ အမေ့ရိုက်မှာကိုလည်း ကြောက်ပါတယ်။ ဒါပေမဲ့ အမေလစ်ရင် ကျွန်မ ရေဆင်းကူး ပါတယ်။ ရေမြင်ရင် ကူးချင်တယ်၊ တောင်ကိုမြင်ရင် တက်ချင်တယ်။ သဘာဝတရားကို မြတ်နိုးတဲ့ ကျွန်မရဲ့ ပင်ကိုယ်ဗီဇကို ကြောက်ခြင်းဆိုတဲ့အရာက မတားဆီးနိုင်တာကို ပြန်တွေးကြည့်မိတိုင်း ကိုယ်ဘာသာ သဘောကျမိပါတယ်။ အမေကတော့ သူပြင်လို့မရတဲ့ ကျွန်မရဲ့ ဗီဇအချို့ကို လက်လျှော့ ထားရပါတယ်။ 

Wednesday, 15 April 2015

အဆင်မပြေမှုများနဲ့ မြန်မာပြည်




မြန်မာပြည်ကို (၅)လတိတိ ပြန်ရောက်နေချိန်မှာ စိတ်ဘ၀င်မကျစရာ အကြောင်းအရာတွေကို ပေါင်းစုပြီး စာတပုဒ် ချရေးလိုက် ပါတယ်။ ဘယ်အရာမဆို အဆင်ပြေသလို လုပ်နေကျတဲ့အကျင့်၊ နားလည်မှုနဲ့ လုပ်ကြတယ်ဆိုတဲ့ ဓလေ့တွေ အရိုးစွဲနေတာ သူ့ဟာသူတော့ အဆင်ပြေနေကြ ပါတယ်။ အရာရာတိုင်းကို စည်းကမ်းတကျ၊ စနစ်တကျ ဖြစ်စေချင်သူတွေအတွက် အဲဒီနားလည်မှု ဆိုတဲ့ဟာတွေက စိတ်ဘ၀င်မကျ စရာပါ။ အသေးအမွှား ကိစ္စလေးတွေလို့ ထင်ရပေမဲ့ ပြုပြင်သင့်တာတွေမို့ မြင်တွေ့ခဲ့သမျှကို ပြန်လည်မျှဝေလိုက် ပါတယ်။

မြန်မာပြည် ပြန်ရောက်တုန်း သက်တမ်းကုန် နေပြီဖြစ်တဲ့ ကျွန်မရဲ့ သူနာပြုလိုင်စင်ကို သက်တမ်းတိုးဖို့ သူနာပြု သားဖွားကောင်စီမှာ ဖောင်သွားယူပြီး၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရပါတယ်။ ရဲစခန်းထောက်ခံစာပါ လိုအပ်တဲ့အတွက် ရွာပြန်တော့ ကျုံပျော်မြို့နယ် ရဲစခန်းမှာ ထောက်ခံစာ သွားယူပါတယ်။ ရဲစခန်းက လိုတာတွေ မေးပြီး ထောက်ခံစာကို အလွယ်တကူ ပေးလိုက်ပါတယ်။ တထောင်ကျပ် ပေးရမယ်ဆိုလို့ ကျွန်မ အလွယ်တကူပဲ ပေးလိုက်ပါတယ်။ ငွေတထောင်ကျပ်ကို ရဲက သူ့အင်္ကျီအိတ်ထဲ ထည့်လိုက်ပါတယ်။ တကယ်ဆို ငွေရပြေစာလေး ထုတ်ပေးရမယ်။ ကောက်ယူထားတဲ့ ငွေတထောင်ကျပ်က တိုင်းပြည် ဘဏ္ဍာ သို့မဟုတ် ဌာနဆိုင်ရာ အသုံးစရိတ်အတွက် စားရင်ဝင်သွားရမယ် မဟုတ်လား။ ထောက်ခံစာ တခါထုတ်ပေးရင် ငွေတထောင်၊ လူတရာ လာတဲ့အခါ ငွေတသိန်း၊ ဒီငွေတွေ ဌာနအသုံးစရိတ် မဖြစ်တော့ပဲ ဇီးသီးပန်းကန် မှောက်ကျသလို ဟိုလွင့်ကျ ဒီလွင့်ကျ။ နှစ်ပေါင်းများစွာ ဒီလိုပဲ အဆင်ပြေနေတဲ့ ကိစ္စလေးက ကျွန်မ စိတ်ထဲမှာတော့ အဆင်မပြေပါ။ 

ဌာနဆိုင်ရာ အသီးသီးမှာ ဒီလိုအသေးအမွှားကစလို့ ငွေကြေးပမာဏ များစွာအထိ လေ့လွင့်နေလို့ တတိုင်းပြည်လုံး မွဲပြာကျ နေတာကို သိကြပြီးသားပါ။ ဇီးသီးထုတ် ပေါက်ကျတဲ့ အဖြစ်ကလေးတခုကိုလည်း ရယ်စရာအဖြစ် ပြောပြချင်သေးတယ်။ မလေးရှားမှာ သိကျွမ်းခဲ့တဲ့ ကရင်လေးတယောက် သူ့ရဲ့ဆယ်တန်းအောင်လက်မှတ်နဲ့ အမှတ်စားရင်ကို နိုတြီပြန်ပြီး ပို့ပေးဖို့ အကူအညီတောင်းလို့ ကျွန်မ အကျိုးဆောင်ပေးလိုက် ပါတယ်။ အမှတ်စာရင်း မူရင်း မရှိတော့လို့ အာစီတူးက ဇွဲကပင်ဆောင်မှာ သွားယူပေးရတယ်။ ငွေလေးရာကျပ်ပဲ ပေးရတယ်။ ချက်ချင်းထုတ် ပေးလိုက်ပါတယ်။ ငွေလေးရာကျတယ်ဆိုတော့ ကျွန်မက ငါးရာတန် ပေးလိုက်ပါတယ်။ ငွေကောက်တဲ့ ၀န်ထမ်းက အကြွေတရာ မရှိဘူးလို့ပြောပါတယ်။ ဒါနဲ့ ကျွန်မက ငွေလေးရာကျပ် အကြွေကို အိတ်ထဲမှာ ရှာပြီးပေးမယ် လုပ်တော့ ၀န်ထမ်း အမျိုးသမီးက၊ မဟုတ်ဘူးအမ ကျွန်မက တရာ မရှိတာလို့ ဆိုပါတယ်။ ကျွန်မလည်း အူကြောင်ကြောင် ဖြစ်သွားရာ သဘောပေါက် လိုက်ပါတယ်။ အမ်းရမဲ့ ငွေတရာကို မယူတော့နဲ့လို့ ဆိုလိုတာပါ။ အစိုးရဌာနတွေကို သွားရင် သူတို့သဘောတွေကို ဘာသာပြန်တတ်ဖို့ လိုပါတယ်။ ငွေတရာ ဘာမှမပြောပလောက်ဘူး ဆိုပေမဲ့ ဒါလည်း လေလွင့်တမျိုးပါ။ ငွေတရာကျပ်တွေ ပေါင်းလိုက်ရင် ထောင်၊သောင်း၊ သိန်းဂဏန်းတွေ ဖြစ်လာတယ် မဟုတ်လား။

အဆင်ပြေသလို လုပ်စားနေကြရတဲ့ ကျွန်မတို့ တိုင်းပြည်မှာ နှလုံးထီ၊ သုံးလုံးထီရောဂါဟာ ကင်ဆာလို့ အမြစ်စွဲ နေပါတယ်။ ငွေကို လွယ်လွယ်ရချင်တော့ နှလုံးထီထိုး၊ ဒိုင်ခံကြတာ လူနည်းစု ချမ်းသာသွားကြပြီး၊ အများစုကတော့ မွဲသွားကြပါတယ်။ ရှိတာတွေ အကုန်ပြောင်လို့ ကြွေးပတ်လည် ၀ိုင်းနေပေမဲ့ အမြစ်စွဲနေတဲ့ ရောဂါက ပျောက်မသွား ပါဘူး။ ကြားက အမြတ်ထွက်တဲ့ သူတွေကတော့ ပြည်သူ့ရဲများ ဖြစ်ပါတယ်။ ချဲဒိုင်ခံတဲ့သူတွေ၊ ကော်မရှင်စားတဲ့ သူတွေက အဖမ်းမခံရအောင် ရဲတွေကို ဆက်ကြေးအမြဲပေး ရပါတယ်။ ခုနောက်ပိုင်း ချဲဒိုင်ခံတဲ့လူတွေ နည်းသွားတာကြောင့် ဆက်ကြေးရတာ နည်းသွားတယ်။ ကျွန်မတို့ရွာမှာ ဆက်ကြေးလာယူတဲ့ ရဲတယောက်က တွက်ခြေမကိုက်တော့ဘူးလို့ ညည်းတယ်ဆိုလို့ ကျွန်မ စိတ်ပျက်မိ ပါတယ်။ ရဲတွေ တွက်ခြေကိုက်ဖို့ ကျွန်မတို့ ရွာသားတွေ  မွဲဆေးဖော်တဲ့ အလုပ်ကို ဆက်လုပ်ရမလို ဖြစ်နေပါတယ်။ 

Monday, 23 February 2015

မြန်မာပြည်တခွင် ခရီးနှင်




 မြန်မာပြည် ပြန်ရောက်နေချိန် ကားစီး၊ ရထားစီရင်း လမ်းခရီးမှာ တွေ့ကြုံခဲ့သမျှကို ပြန်ပြီးဖောက်သယ်ချ လိုက်ပါတယ်။ မြန်မာပြည်တခွင်လို့ ဆိုပေမဲ့ ရန်ကုန်မြို့တွင်း လိုင်းကားစီးရတဲ့ အဖြစ်သနစ်တွေကို အဓိကရေးချင်တာပါ။ မန္တလေးခရီးစဉ်ကိုပါ ကြုံလို့ထည့်ရေးလိုက် ပါတယ်။ မြန်မာပြည်က နေ့စဉ် ခရီးသွား ပြည်သူများရဲ့ လက်တွေ့ခံဘ၀ ကိုယ်တွေ့ခံစားပြီး ပြန်လည်မျှဝေ လိုက်ပါတယ်။ 
 
ခရီးလမ်း အဆင်ပြေချောမွေ့ရေးဟာ အများပြည်သူတွေရဲ့ နေ့စဉ်ဘ၀အတွက် အရေးပါတဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။ ခရီးလမ်းအဆင်ပြေမှု ဆိုရာမှာ အချိန်လည်းမှန်၊ အန္တရာယ်ကင်းပြီး၊ သက်တောင့်သက်သာ ရှိဖို့လိုအပ်ပါတယ်။ အထူးသဖြင့် နေ့စဉ်အလုပ်သွား ကျောင်းသွားရတဲ့သူတွေ သက်တောင့်သက်သာရှိပြီး၊ အန္တရာယ်ကင်းစေချင် ပါတယ်။ ရန်ကုန်မြို့ကြီးမှာ အဲဒီလိုဖြစ်ဖို့ မျှော်လင့်ချက်က ကြာလေဝေးလေ ဖြစ်နေပါတယ်။ မနက်စောစောထ အလုပ်ကိုသွား၊ လမ်းမှာကားကကြပ် လမ်းကပိတ်၊ စိတ်ရှုပ် စိတ်ပျက်ရ။ တနေကုန် အလုပ်လုပ်ပြီး ညနေရောက်တော့ ကြပ်ညှပ်နေတဲ့ ကားကိုစီးပြီးပြန်ရ။ စိတ်ပန်း လူပန်းရတဲ့အထဲ ကားထဲမှာ အနံ့ပေါင်းစုံ။ တနေ့ရတဲ့ ၀င်ငွေနဲ့မတန်အောင် စိတ်အင်အား လူအင်အားတွေ ဆုံးရှုံးနေပါတယ်။ ဖုန်ပေါတဲ့ ရန်ကုန်မြို့မှာ ကားစီးရင်း ဖုန်ရှု။ မှတ်တိုင်မှာ ကားစောင့်ရင်းလည်း ဖုန်တွေက နှာခေါင်းထဲဝင်၊ မျက်လုံးထဲဝင်။ ညစ်ညမ်းတဲ့လေနဲ့ ဖုန်တွေကို နေ့စဉ်ရှု နေရတာ ကျန်းမာရေးထိခိုက်ပါတယ်။

ကျွန်မ ရန်ကုန်မြေကို စနင်းခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ ဟိုတုန်းကလိုင်းကားစီးတယ်။ ခုလည်း လိုင်းကားပဲ စီးပါတယ်။ မော်တော်ယာဉ် လိုင်းပေါင်းစုံရှိတဲ့ ရန်ကုန်မှာ ကျွန်မ မစီးဖူးတဲ့ ယာဉ်လိုင်း မရှိသလောက်ပါ။ ရွာကို ပြန်တဲ့အခါ ဒဂုန်ဧရာ အဝေးပြေးဝင်းကို သွားဖို့ဆိုရင် မထသ (၃၂)၊ (၃၆)၊ ရွှေဧည့်သည် (၂)ကို စီးရပါတယ်။ သက်တမ်းကြာမြင့်ပြီး၊ ခပ်ကြမ်းကြမ်း မရပ်မနားမောင်းခဲ့တဲ့ ကားတွေကို အစားထိုးခြင်း ပြုပြင်ခြင်း ရှိပုံမပေါ်။ ရွှေဧည့်သည် ကားပေါ်မှာဆို ထိုင်ခုံတွေက စုတ်ပြတ်နေပါတယ်။ အဲဒီထိုင်ခုံ အစုတ်တွေပေါ် ထိုင်စီးရတာ စိတ်ထဲ မအီမလည် ဖြစ်မိပါတယ်။ လိုင်းကားစီးတဲ့သူတွေက ထိုင်ခုံအစုတ်တွေနဲ့ပဲ တန်တယ်ထင်ပါရဲ့။ လူကိုလူလို တန်ဖိုးထားတတ်တဲ့ အကျင့်တွေ ပျောက်ဆုံးနေတဲ့ ကျွန်မတို့ တိုင်းပြည်မှာ လိုင်းကားစီးရတဲ့ လူတွေရဲ့ဘ၀က နှစ်ပြားတောင် မတန်သလို ခံစားရပါတယ်။

Monday, 1 December 2014

ဌာနေသို့ တခေါက်တခါ



ကျွန်မ၏ နေရပ်ဌာနီသို့ တခေါက်ပြန်ရောက်ခဲ့တဲ့ အကြောင်းတွေကို မိုးမခကို ပြန်ပြီးဖောက်သယ် ချချင်ပါတယ်။ အရင်ဆောင်းပါးတွေမှာ ကျွန်မတို့ ရွာအကြောင်း ရေးဖူးပါတယ်။ ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ရွာ ဖြစ်ပါတယ်။ ဗမာလူမျိုး အများဆုံးနေထိုင်ပြီး၊ ကရင်အိမ်ခြေ (၅၀)နဲ့ မွတ်စလင်အိမ်ခြေ(၂၀) လောက်ရှိတဲ့ ရွာပါ။ စံပြကျေးရွာလို့ သတ်မှတ်ထားတဲ့ ကျွန်မတို့ရွာမှာ (၉၆၉)အဖွဲ့လည်း ခိုင်ခိုင်မာမာ ရှိနေပြီဖြစ်ပါတယ်။  
 
ရွာမှာ တပတ်လောက်နေတဲ့ အချိန်လေးမှာ ဆွေးမျိုးတွေဆီ အိမ်လည်ရတာနဲ့ မအားလပ်နိုင်ပါ။ အခါတလေမှ ပြန်တာဆိုတော့ ဟိုအိမ်က ထမင်းခေါ်ကျွေးလိုက် ဒီအိမ်က ထမင်းခေါ်ကျွေးလိုက်နဲ့ ဟင်းကောင်းလည်း စားခဲ့ရပါတယ်။ နိုဝင်ဘာလ ဆောင်းလေအေးဝင်စဖြစ်ပြီး၊ ဆောင်းရနံ့တွေ ရတာကို သဘောကျပါတယ်။ အချိန်အခါမဟုတ် မိုးတွေရွာလို့ စပါးနဲ့ ပဲတွေ လေးလွင့်ပျက်စီးရလို့ ရွာကလူတွေ စိတ်ပျက်စွာ ညည်းညူကြပါတယ်။ ရွာသီဥတု ဖောက်ပြန်ခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ဒဏ်ကို လှိမ့်နေအောင် ခံကြရတာ တောင်သူလယ်သမားတွေ။ အခုဆိုရွာတွေမှာ အလုပ်သမားတွေ ရှားသွားလို့ အလုပ်တွေ နှောင့်နှေးကြ ပါတယ်။ ရွာက လူတွေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်တွေမှာ အလုပ်သွားကြတယ်။ ရွာမှာ ကျန်ခဲ့တဲ့ လူတွေက အလုပ်ကြမ်းမလုပ်ကြသူတွေ။ နှစ်လုံးထီ၊ သုံးလုံးထီဖြတ်ရောင်းပြီး သက်တောင့် သက်သာနေကြသူတွေ ဖြစ်ပါတယ်။ ဘွဲ့ရစာတတ်သူတွေပေါတဲ့ ကျွန်မတို့ရွာမှာ အရက်သမားနဲ့ လောင်းကစားတွေလည်း ပေါပါတယ်။

Saturday, 15 November 2014

ရန်ကုန်သို့ တခေါက်ပြန်ရောက်ခြင်း




နှစ်နှစ်ကျော်လောက် ပြန်မရောက်ဖြစ်ခဲ့တဲ့ ရန်ကုန်ကို တခေါက်ပြန်ရောက် လာပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်တုန်းက နေပျော်စရာကောင်းသေးတဲ့ ရန်ကုန်။ မိတ်ဆွေသူငယ်ချင်းကောင်း၊ ဆရာသမားကောင်းတွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ ရန်ကုန်။ ရန်ကုန်က ကျွန်မရဲ့ မွေးရပ်မြေ မဟုတ်ပေမဲ့ ကျွန်မဘ၀ရဲ့ အစိတ်အပိုင်းတခုပါ။ ရန်ကုန်မှာ ပညာသင်၊ ရန်ကုန်မှာ ရုန်းကန်လှုပ်ရှားရင်း ဘ၀ပေးအသိတွေ ရခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်ရင် ကျွန်မ ရန်ကုန်မှာပဲ နေဖြစ်ပါတယ်။ မိဘနှစ်ပါး မရှိတော့ပြီမို့ ရွာပြန်ရင်လည်း တပတ်ဆယ်ရက်ထက် ပိုပြီး မနေနိုင်တော့ပါ။ ရန်ကုန်မှာ အိမ်မရှိပေမဲ့ သူငယ်ချင်းအိမ်မှာ စတည်းချနေပြီး၊ အခြားမြို့က သူငယ်ချင်းတွေဆီသွားလည်လိုက်၊ လူမှုရေးကိစ္စလေးတွေ အနည်းအကျဉ်း ကူညီပေးလိုက်နဲ့ လယ်ယာပြန်စားရေး လုပ်နေရပါတယ်။

ရန်ကုန်ကို အခုတခေါက်ပြန်လာတဲ့ ခရီးစဉ်မှာ ဖောက်သယ်ချစရာလေးတွေ ရှိပါတယ်။ နိုဝင်ဘာလထဲမှာ မြန်မာလေကြောင်းလိုင်းက ကွာလာလမ်ပူမှ ရန်ကုန် ခရီးစဉ်အတွက် (၂)ရက်ပဲ ရှိပါတယ်။ ဘာကြောင့်လဲတော့ မသိပါ။ မလေးရှားလေကြာင်းကို လောလောဆယ် မစီးချင်သေးတာကြောင့် အေးရှားလေကြောင်းနဲ့ ပြန်လာပါတယ်။ ကွာလာလမ်ပူလေဆိပ်ကို အလာမှာ ကျွန်မ နမော်နမဲ့ နိုင်တာတွေကိုတော့ မရေးပဲ ချန်ခဲ့လိုက်ပါတယ်။ လေဆိပ်ကို အချိန်မှီရုံလေး ရောက်ခဲ့ပါတယ်။ လေယဉ်ပေါ်ရောက်တော့ ကျွန်မဘေးခုံမှာ ကျွန်မထက် အသက်ငယ်တဲ့ ကိုရွှေမြန်မာနှစ်ယောက်။ အေးအေးလူလူပါပဲ။ လမ်းတ၀က်လောက်ရောက်တော့   လေယဉ်မယ်က   လေဆိပ်အ၀င် (Arrival card) နဲ့ အကောက်ခွန် ပုံစံတွေ ဖြည့်ဖို့ စာရွက်တွေ လိုက်ဝေပါတယ်။ အင်္ဂလိပ်လို ပုံစံကို မဖြည့်တတ်လို့ ကျွန်မဘေးက တယောက်ကိုဖြည့်ပေးခဲ့ ရပါတယ်။ ကျွန်မဘေး တယောက်ကျော်ကတော့ ကျွန်မ ဖြည့်ထားတဲ့ ပုံစံကို နမုနာကြည့်ပြီး၊ သူ့ဖာသာဖြည့်ပါတယ်။ သူနားမလည်ရင် ကျွန်မကို မေးပြီးဖြည့် ပါတယ်။ ကျွန်မ စိတ်ထဲကနေ မဆိုးပါလို့ မှတ်ချက်ပေးလိုက်ပါတယ်။

အချိန် နှစ်နာရီကျော် ပျံသန်းပြီးတဲ့နောက် အဲအေးရှား လေယာဉ် ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ ပါတယ်။ လေဆိပ်အ၀င် လ၀ကမှာ တန်းစီ၊ ကျွန်မအလှည့်ရောက်တော့ လ၀က အရာရှိကို ပတ်စပို့နဲ့ ဖြည့်ထားပြီးသား လေဆိပ်အ၀င်ကဒ်ကို ပေးလိုက်ပါတယ်။ သူစစ်ဆေးနေတာကို စောင့်နေရင်း ဟိုဘက်က တယောက်ကို ပိုက်ဆံ (၃၀) တောင်းတာကြားလိုက်ပါတယ်။ မလေးရှားက   ပြန်လာတဲ့သူကို တောင်းတဲ့ ငွေ(၃၀)ဆိုတာ ရင်းဂစ်(၃၀) ဖြစ်ပါလိမ့်မယ်။ မြန်မာငွေ (၉၀၀၀)ကျပ် ၀န်းကျင်။ ဘာအတွက် တောင်းတာလည်းလို့ သိချင်ပေမဲ့ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို ၀င်စွက်ဖက်ဖို့ မသင့်တော်လို့ နားပဲထောင်နေ လိုက်ရပါတယ်။ ပုံစံဖြည့်ထားတာ မပြည့်စုံတာကြောင့်လည်း   ဖြစ်နိုင်ပါတယ်။ ငွေကိုးထောင်ကျပ် ၀န်းကျင်က သုံးသိန်းအောက် အများကြီးနဲတယ် မဟုတ်လား။ ဒါမျိုးတွေ ရိုးနေပြီဆိုပေမဲ့ ကျွန်မစိတ်ထဲ မတရားအနိုင်ကျင့်တာလို့ပဲ မြင်ပါတယ်။

Tuesday, 21 October 2014

ဒိုင်းခင်ခင်ကို ခံစားကြည့်ခြင်း




ငယ်ငယ်က မောင်ဖေငယ်လို အချစ်မျိုး ဆိုတဲ့သီချင်းကို နားရည်ဝခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်းခင်ခင်ရဲ့ ဘ၀ရာဇ၀င် ဇာတ်လမ်းကို ကျွန်မ စိတ်မ၀င်စားခဲ့ပါ။ ဆရာမ စိမ့်(ပညာရေး) ရဲ့ ဒိုင်းခင်ခင် ၀တ္ထုကို ဖတ်လိုက်ရတော့ ဒိုင်းခင်ခင်ရဲ့ ဘ၀ရာဇ၀င်က ကျွန်မ နှလုံးသားမှာ စွဲကျန်နေခဲ့ပါတယ်။ ဇာတ်က သိပ်နာလွန်းပြီး၊ စာရေးသူရဲ့ အဖွဲ့အနွဲ့ ကောင်းတွေကြောင့်၊ စာဖတ်ရင်း မျက်ရည်ကျရပါတယ်။ သတိ သံဝေဂတွေလည်း တော်တော်ရလိုက်ပါတယ်။ အချိန်ရရင် ဒိုင်းခင်ခင်နဲ့ ပတ်သက်လို့ ကျွန်မ ခံစားမိတာ၊ စဉ်းစားဆင်ခြင် မိတာတွေကို စာတပုဒ်ရေးဖို့ စိတ်ကူးရှိခဲ့တာကို အကောင်အထည်ဖော် ရေးလိုက်ပါတယ်။
ကျွန်မက စာအုပ်ကောင်းတွေ ဖတ်ရရင် သူငယ်ချင်း မိတ်ဆွေတွေကို ပေးဖတ်လေ့ရှိပါတယ်။ ဒိုင်းခင်ခင် ၀တ္ထုကို ဖတ်ရတဲ့လူတိုင်းက ဒိုင်းခင်ခင်ဘက်ကနေ နာကျင်ခံစား ကြပါတယ်။ သီပေါမင်းက ဘုရင်ဖြစ်ပြီး၊ ယောက်ျားမပီသဘူးလို့ မှတ်ချက်ချကြပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း စဉ်းစာဥာဏ်နည်းသော ကတိသစ္စာ မတည်သော သီပေါဘုရင်ကို  အထင်ကြီးလေးစားလို့ မရပါ။ မိဖုရားမြောက်မယ်လို့ အလွယ်တကူ ကတိပေးပြီး၊ အရိုးခံ မိန်းမပျိုလေးကို အနိုင်ယူသိမ်းပိုက်တယ်။ ဘုရင်မို့ မငြင်းဆန်ရဲတာကို အခွင့်ကောင်းယူတယ်။ ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင် ဘုရင်စနှစ်မှာ မိန်းမလှ ဖြစ်ရတဲ့ ဘ၀က မသက်သာပါလားလို့ တွေးမိပါတယ်။ လှပချောမောတဲ့ ဒိုင်းခင်ခင်ကို စွဲလန်းနှစ်သက်မိတဲ့ သီပေါမင်းရဲ့ ချစ်ခြင်းဟာ ရယူလိုစိတ် တခုကိုသာသိတဲ့ ချစ်ခြင်း၊ တာဝန်ယူမှုကင်းသော ချစ်ခြင်း။ ရယူလိုမှုဆန္ဒကို ရှေ့တန်းတင်ပြီး၊ အမျိုးကောင်းသမီးတွေကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အသိမရှိခြင်း သာဖြစ်ပါတယ်။
ရက်စက်လွန်းတဲ့ စုဖုရားလတ်ကိုတော့ သီပေါမင်းအပေါ် အချစ်ကြီးတာလို့ ကျွန်မ မမြင်ပါဘူး။ အတ္တသိပ်ကြီးတာ လို့ပဲမြင်ပါတယ်။  မုန့်ကိုသာဝေစားနိုင်မယ်၊ အချစ်ကို ဝေမစားနိုင်ဘူးဆိုတာကို ကျွန်မ နားလည်လို့ ရတယ်။ တလင်တမယားစနှစ်ကို ကျင့်သုံးချင်တာကိုလည်း ကျွန်မလက်ခံပါတယ်။ ဒါပေမဲ့ မိန်းမသားချင်း စာနာစိတ်ကင်းမဲ့တဲ့ စုဖုရားလတ်ရဲ့ စရိုက်၊ အမအရင်းခေါက်ခေါက် အပေါ်လည်း ညှာတာစိတ်မရှိတဲ့ စရိုက်ကို စက်ဆုပ်မိပါတယ်။ ဥာဏ်ပညာနဲ့ ဆင်ခြင်နိုင်စွမ်းမရှိပဲ  နန်းတွင်းရေး တိုင်ပြည်အရေးမှာ ၀င်စွက်ဖက်ပြီး၊ အရာရာတိုင်းမှာ အတ္တကိုရှေ့တန်းတင် စဉ်းစားဆုံးဖြတ်ခဲ့တဲ့အတွက် မြန်မာ့သမိုင်းနဲ့ စုဖုရားလတ်ရဲ့ ရာဇ၀င်က အကျည်းတန်ခဲ့ ပါတယ်။
မြေနိမ်ရာ လှံစိုက်ကြတဲ့ အသိုက်အ၀န်းမှာ အမျိုးကောင်းသမီး ဒိုင်းခင်ခင်ရဲ့ဘ၀ မရှုမလှ ကြွေပျက်ခဲ့ရတာ ရင်နင့်စရာကောင်း ပါတယ်။ ဒိုင်းခင်ခင်က မိဖုရား ဖြစ်ရမယ်ဆိုတဲ့ သီပေါဘုရင်ရဲ့ ကတိစကားအပေါ် သာယာတပ်မက်သွားတယ်လို့ စာဖတ်သူတဦးက ကောက်ချက်ချပါတယ်။ အဲဒီခေတ်အခါက မိန်းမသားတွေ မိဖုရားဘ၀ကို မက်မောကြတာ မဆန်းဘူးလို့ပဲ ဆိုရမှာပါ။ နန်းတွင်းသူဘ၀ကို အလိုမတူပဲ အကြောက်တရားကြောင့် လက်ခံခဲ့ရတယ်။ သီပေါမင်း ခြေတော်တင်တာကို မငြင်းရဲလို့ လိုက်လျောခဲ့ရာက သီပေါမင်းကို ချစ်ကြိုက်စွဲလန်းသွားတယ်။ နောက်ဆုံး ပြန်ရလိုက်တဲ့ အချစ်ဆုလာဒ်က စုဖုရားလတ်ရဲ့ အမျက်တော်ရှမှုကြောင့် မာယာပရိယာယ် ထောင်ချောက်ထဲက ရာဇဒါဏ်။ တနွယ်ငင် တစင်ပါ၊ အပြစ်မဲ့တဲ့ မိဘနှစ်ပါးလည်း သေဒါဏ်ရခဲ့တယ်။ ပါးစပ်ထဲကလာတဲ့ ဥပဒေနဲ့ စီရင်ချက်ချတဲ့ ရှင်ဘုရင်တွေခေတ်က အစဉ်အလာတွေကို ကျွန်မ ကြောက်ရွံ့ တုန်လှုပ်မိပါတယ်။
ချစ်သူကောင်းစားရေးကို ဦးစားပေးတဲ့ တောင်သမန်လယ်စား မောင်ဖေငယ်ကိုတော့ စာပေသမားမို့ လေးစားစိတ်ဖြစ်မိသလို

Friday, 12 September 2014

မလေးရှားလူငယ်များနှင့် ပညာရေးအခွင့်အလမ်း

လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်ပဲဆိုတာကို အစိုးရတိုင်း နားလည်မယ်ထင်ပါတယ်။ လူငယ်တွေရဲ့ ဘ၀ကို ပညာနဲ့မြှင့်တင်ပေးရမယ် ဆိုတာကိုလည်း မြန်မာပြည်အစိုးရ  အပါအ၀င် တိုင်းပြည်ခေါင်းဆောင် မှန်သမျှ သိကြပြီသားပါ။ ဒါပေမဲ့ တိုင်းပြည်အပေါ် တကယ်စေတနာရှိတဲ့ ခေါင်းဆောင်းတွေသာ  လူငယ်တွေ အညွှန့်တလူလူနဲ့ ပညာရဲရင့် ပွဲလယ်တင့်အောင် မြေဆီကြွေး ရေလောင်းပေး ကြပါတယ်။ လက်ရှိမြန်မာပြည် ပညာရေး အခြေအနေကြည့်ရင် အမျိုးကိုအင်မတန်ချစ်သော လူကြီးမင်းများရဲ့ စေတနာကို ထင်ထင်ရှားရှား မြင်ရပါတယ်။

တိုးတက်တဲ့ အနောက်နိုင်ငံတွေနဲ့ မယှဉ်ပဲ မလေးရှားနိုင်ငံနဲ့ ယှဉ်လိုက်ရင်တောင် မြန်မာပြည် ပညာရေးက အများကြီး နောက်ကျကျန်နေပြီ။ ယခုလက်ရှိ မလေးရှားစိုးရ လက်ထက်မှာ တရားဥပဒေ စိုးမိုးမှု အားနည်းနေပြီး၊ လူမျိုးဘာသာခွဲခြားမှုနဲ့ နိုင်ငံရေးမှာ ခြစားမှုတွေ ရှိနေပေမဲ့၊ အစိုးရက တိုင်းပြည်အပေါ် စေတနာ ရှိနေတာကို တွေ့ရပါတယ်။ အစိုးရသည် ပြည်သူလူထုအကျိုးကို
 ဆောင်ရွက်ရမယ် ဆိုတဲ့စိတ်ဓာတ်  ရှိတာကိုလည်းတွေ့ ရပါတယ်။ တိုင်းပြည် အနာဂတ်   ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ လူငယ်တွေကို ပညာပြည့်ဝအောင် ထောက်ပံ့ပေးထားပါတယ်။ ယခုလက်ရှိ အခြေအနေမှာ မလေးရှားလူငယ်တွေရဲ့ ပညာရေးနဲ့  အခွင့်အလမ်းတွေကို ကျွန်မ သိမြင်မိသလောက် တင်ပြလိုပါတယ်။

မလေးရှားမှာ ကျောင်းနေအရွယ် ကလေးကိုးဆယ် ရာခိုင်နှုန်းကျော် စာသင်ကျောင်းကို ရောက်ကြပါတယ်။ ၂၀၁၂ခုနှစ် စာရင်းအရ မလေးရှားနိုင်ငံ စာတတ်မြောက်သူဦးရေး (၉၃) ရာခိုင်နှုန်းကျော် ရှိတယ်လို့ မလေးရှားအစိုးရက တရားဝင် ထုတ်ပြန်ကြေညာထား ပါတယ်။ ဝေးလံခေါင်ပါးတဲ့ တောရွာတွေက ဆင်းရဲတဲ့ လူအနည်းစုဟာ သူတို့သားသမီးတွေကို ကျောင်းမပို့နိုင်ကြဖူးလို့ ဆိုပါတယ်။ မြို့ပေါ်မှာတော့ ကလေးတိုင်းကျောင်းတက် ရပါတယ်။ မိဘကကျောင်းမထားပေးနိုင်တဲ့ ကလေးတွေနဲ့ မိဘမဲ့ကလေးတွေကို လူမှုရေးအဖွဲ့အစည်းတွေက စောင့်ရှောက်ပြီး ပညာသင်ပေးပါတယ်။ မလေးရှားမှာ သူတို့နိုင်ငံသား စစ်စစ်ထဲက ကလေးအလုပ်သမား မရှိပါ။ တရားမ၀င် ရောက်လာတဲ့ နိုင်ငံခြားသား ကလေးအလုပ်သမား တော့ရှိတယ်လို့ ဆိုပါတယ်။

Friday, 11 July 2014

ကွာလာလမ်ပူတခွင် ခရီးနှင်



 သွားပါများ ခရီးရောက်ဆိုသလို နိုင်ငံအနှံ့ကို ကျွန်မ မရောက်ပေမဲ့ မလေးရှားရောက် မြန်မာမိန်းကလေးတစ်ယောက် ကွာလာလမ်ပူမှာ ကျက်စားနေထိုင်ရင်း တွေ့ရတာတွေကို စမြုံ့ပြန်ပြောပြချင် ပါတယ်။ ရောက်တဲ့အရပ်မှာ ကျွန်မ ပျော်အောင်မနေတတ်ပေမဲ့ တွေ့တဲ့လူနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရင်း ကွာလမ်ပူမှာ တော်တော်လေးကို နေသားကျနေပါပြီ။ မလေးရှားရောက် မြန်မာတွေကို အရောင်အမျိုးမျိုး ပြောင်းပေးတဲ့မြို့။ ကဗျာဆရာတွေအတွက် ရေးစရာမကုန်နိုင်တဲ့မြို့။ ဒီမြို့မှာ ကျွန်မ နေခဲ့တာ ငါးနှစ်ပြည့်တော့မယ်။ ကွာလာလမ်ပူကို မရောက်ခင်က စရင်ဘန်း (Seremban) မြို့လေးမှာ နှစ်နှစ်လုပ်ခဲ့တာ ပေါင်းလိုက်ရင် မလေးရှားမှာ  ကျင်လည်နေတာ(၇)နှစ်ရှိပြီ။
 
 အသက်အန္တရာယ် လုံခြုံမှုမရှိတဲ့ မလေးရှားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာတွေ ကျီးလန့်တွေလို ထိတ်ထိတ်လန့်လန့်နဲ့ သွားလာနေ ရပါတယ်။ ကွာလာလမ်ပူကို ရန်ကုန်လိုသဘောထားပြီး သွားလာနေတဲ့ ကျွန်မ လူတိုင်းနီးပါးကြုံဖူးတဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ကျွန်မရုံးခန်းမှာ Laptopနဲ့ လက်ကိုင်ဖုန်း အသစ်စက်စက်ကလေး အခိုးခံခဲ့ရတယ်။ မကြာသေးခင်ကပဲ ညနေအိမ်အပြန်လမ်းမှာ Laptop တစ်လုံး ထပ်ပြီးအလုခံလိုက်ရပါတယ်။ သမင်မွေးလိုက် ကျားစားလိုက်ဆိုတဲ့ စကားပုံက မလေးရှားမှာ ငွေလာရှာတဲ့ မြန်မာတွေအတွက် ရည်ရွယ်ခဲ့ဟန်တူပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက မြန်မာမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ မနက်စောစော အလုပ်သွားတဲ့လမ်းမှာ အိတ်ကိုလုတာ၊ ကောင်မလေးက လွတ်မပေးပဲ ပြန်လုလို့ လည်းပင်းကို ဓားနဲ့ထိုးသွားတာ ပွဲချင်းပြီး ဆုံးသွားပါတယ်။ မလေးရှားမှာ ဒီလို အဖြစ်ဆိုးတွေ မရေနိုင်မတွက်နိုင်။ 

ရာဇ၀တ်မှုတွေပေါပေမဲ့ စီးပွားရေးအခြေအနေ ကောင်းတဲ့ မလေးရှားမှာ လုပ်သက်ဆယ်နှစ်ကျော်လောက်ရှိတဲ့ လူလတ်ပိုင်းတွေ အားလုံးနီးပါး ကားစီးနိုင်ကြပါတယ်။ ကား၊ ရထားတွေ အချိန်မမှန်တာကြောင့်ရယ်၊ လမ်းလျှောက်ရင် လုံခြုံမှုမရှိတာရယ်ကြောင့် တတ်နိုင်တဲ့လူတိုင်း ကိုယ်ပိုင်ကားမောင်းပြီး အလုပ်သွားကြပါတယ်။ မနက်ရုံးသွားချိန်နဲ့ ညနေရုံးပြန်ချိန်တွေဆို ယာဉ်ကြောတွေပိတ်ပြီး ခရီးသွားရတာ အချိန်တွေ အလွန်ကြန့်ကြာပါတယ်။ ကိုယ်ပိုင်ကား မရှိတဲ့ကျွန်မကတော့ ကားမှတ်တိုင်ကို လမ်းလျှောက်၊ ရထားဘူတာကို ကားစီးသွား၊ ဆင်းတဲ့ရထားဘူတာကနေ ကားပြန်စီး၊ လမ်းလျှောက်ရတာ အချိန်ကုန်လူပင်ပန်းပြီး စိတ်ပျက်စရာတွေ မကြာခဏ ကြုံရပါတယ်။ ကားခပေးဖို့ အကြွေမဆောင်ခဲ့မိရင်တော့ ရန်ကုန်မှာလိုပဲ စပယ်ယာ ငေါက်တာခံရပါတယ်။ တခါတလေ ခရီးသယ်နဲ့ စပယ်ယာ ရန်ဖြစ်ကြတာကိုမြင်ရင် ရန်ကုန်ကို သတိရလို့ ကျွန်မ ပြုံးမိပါတယ်။ ရန်ကုန်မှာတုန်းက လိုင်းကားတိုးစီးရတဲ့ ဒုက္ခကို မမေ့သေးဘူး။

စိတ်မွန်းကြပ်စရာကောင်းတဲ့ ကွာလာလမ်ပူုမြို့မှာ မနက်စောစောလေကို ရှူပြီး လမ်းလျှောက်ရတာ စိတ်ကိုကြည်လင် စေပါတယ်။ လေ့ကျင့်ခန်းလည်းဖြစ်၊ ပတ်ဝန်းကျင်နဲ့လည်း ရင်းရင်းနှီးနှီးထိတွေ့ခွင့်ရတာမို့ လမ်းလျှောက်ရတာကို ကျွန်မသဘောကျ ပါတယ်။ ကျွန်မ ဘယ်လောက်ထိလမ်းလျှောက်လဲဆို ပေါချောင်ကောင်း ဖိနပ်ဝယ်ရင် တစ်လထက်ပိုမစီးရဘူး။ အကောင်းစားဖိနပ်ဝယ်ရင် သုံးလထက်ပိုမစီးပါ။ ဒါပေမဲ့ အလုခံရပြီးတဲ့ နောက်ပိုင်းမှာတော့ လမ်းလျှောက်ရမှာကို လန့်သွားပြီမို့ အပြင်ထွက်ရမဲ့ ကိစ္စဆို တတ်နိုင်သလေက် ရှောင်နေလိုက်ပါတယ်။ စိတ်လုံခြုံမှု မရှိတော့ပဲ ခြေထောက်တွေ မရှိတော့သလို ခံစားရပါတယ်။ ဆိုင်ကယ်သမားမြင်ရင် သံသယနဲ့ ထိတ်လန့်နေရ အဖြစ်၊ လူတွေအပေါ် ယုံကြည်မှုကင်းမဲ့ နေရတဲ့အဖြစ်က အရိုးခံတောင်သူလယ်သမား၊ ရွာသားတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မအတွက် စိတ်ဒုက္ခဖြစ်ပါတယ်။