မနေ့ကအကြောင်းကို ပြန်တွေးပြီး ရေးလိုက်မိပြန်ပြီ။ မနေ့က မနက်ပိုင်း ကျောင်းကိုသွား၊ ကထိကနဲ့တွေ့ပြီး ကျောင်းစာကိစ္စတွေ ပြောဖြစ်ခဲ့တယ်။ မလာယာတက္ကသိုလ် (University of Malaya) က ဆရာမတွေ စေတနာကောင်းကြ ပါတယ်။ မေတ္တာဆိုတာ အပိုင်းအခြား အကန့်အသတ်မရှိသလို၊ ဆရာနဲ့တပည့်ကြားမှာလည်း ဘာသာ လူမျိုး အသားအရောင် ဆိုတာတွေက ပိုင်းခြားကန့်သတ် နိုင်စွမ်းမရှိပါဘူး။ ကျောင်းကမပြန်ခင် စာကြည့်တိုက်မှာ စာအုပ်ငှားပြီး၊ ရွှေမြန်မာများစုဝေးရာ ကိုတာရာယာကို သွားပါတယ်။
အပြင်စီးမဂ္ဂဇင်း ထွက်ပြီဆိုလို့ မေတ္တာလက်ဆောင်ရမဲ့ စာအုပ်သွားယူပါတယ်။ ရုံးမှာ မြန်မာအမျိုးသားသုံး ယောက်ကို တွေ့ခဲ့တယ်။ ကျွန်မနဲ့ မတိမ်းမယိမ်း ရွယ်တူဖြစ်မယ်ထင်တယ်။ စာအုပ်ရလို့ ကျေးဇူးတင်စကား ပြောပြီး ပြန်လာခဲ့တယ်။ လူလတ်ပိုင်းအရွယ်တွေမို့ တည်ငြိမ်ရင့်ကျက်နေလို့ ဖြစ်မယ်။ သူတို့ရဲ့ မပိုမလို ဆက်ဆံရေးကို ကျွန်မ သဘောကျပါတယ်။
စာအုပ်ယူပြီး ဇေယျာမှာ အသိကောင်လေး တစ်ယောက်နဲ့ တွေ့ဖို့ချိန်းထားပါတယ်။ အသိဆိုပေမဲ့ တခါမှ မတွေ့ဖူးသေးပါ။ သူငယ်ချင်းနဲ့ ပတ်သက်ပြီးသိရတာ။ ရောက်ခါစက ပွဲစားအလိမ်ခံရလို့ ပါမတ်မရှိပဲ အလုပ်လုပ်နေရတဲ့ ကလေးပေါ့။ အကျိုးအကြောင်းတွေ ဖုန်းနဲ့မေးရင်းပဲ ရင်းနှီးခဲ့တယ်။ ခင်မျာ ပါမစ်တွေ အသစ်ပြန်လုပ် ရလို့ရင်းဂစ်သုံးထောင် လောက်ထပ်ကုန်သွားတယ်။ ထွက်လာတုန်းက ကုန်ထားတွေ ပွဲစားခတွေကို အတိုးနဲ့ချေးထားတာဆိုတော့ ပြန်ဆပ်ရတာ သိန်းနှစ်ဆယ်လောက် ရှိတယ်လို့ပြောပါတယ်။
မလေးရှားမှာ (၂)နှစ်အလုပ်လုပ်တဲ့ငွေတွေ နှစ်ခါပြန်ပွဲစားခနဲ့ အတိုးဆပ်ရင်း ကုန်သွားပြီဆိုပါတော့။ ဒီလို မိအေးနှစ် ခါပြန် သုံးခါပြန်နာရတဲ့ အဖြစ်မျိုးတွေက ပြောမကုန်နိုင်အာင်ပါပဲ။
KL ကမြန်မာသံရုံးကိုလာရင်း ကျွန်မနဲ့ တခါလောက် ဆုံဖူးချင်တယ်ဆိုလို့ လူတိုင်းသိလွယ်တဲ့ ဇေယျာမှာ ချိန်းလိုက်ပါတယ်။ ကျွန်မရောက်သွားတာ စောနေသေးလို့ Mydin မှာ ဈေးအရင်ဝယ်နှင့်လိုက်ပါတယ်။ သိတယ်မဟုတ်လား။ ကုန်ပစ္စည်းတွေ ဈေးသက်သာလို့ ရွှေမြန်မာတွေ အားထားနေရတဲ့ MYdin ကုန်တိုက်ကို။ ကိုတာရာယာကို လာတိုင်းလိုသမျှ ပစ္စည်းတွေကို Mydin မှာဝယ်၊ အလေးခံပြီး ပြန်သယ်ရတာ မလေးရှားရောက် မြန်မာတွေရဲ့ ဓလေ့တစ်ခုပါ။
ဈေးဝယ်ပြီးသွားတော့ ဇေယျာမှာထမင်းစားရင်း ဟိုကလေး ကိုစောင့်နေလိုက်တယ်။ ထမင်းနဲ့ လက်ဖက်ရည် ယူပြီး၊ ရေငတ်တာနဲ့ ရေးနွေးကြမ်း ထပ်ဝယ်ရပါတယ်။ ကျွန်မလည်း ဇီဇာကြောင်တဲ့ အရွယ်ရောက်နေပြီဆိုတော့ ရင်းဂစ်တစ်ကျပ် အကုန်ခံပြီး ရေသန့်ဘူး ၀ယ်မသောက်ဘူးလေ။ :D
ရေနွေးကြမ်း အလကားမပေးဘူးလားလို့ ကျွန်မနောက်လိုက်ပါသေးတယ်။ ၀န်ထမ်းလေးက အလကားတော့ ပေးချင်ပါတယ် အမရယ်လို့ ပြန်ပြောပါတယ်။ ရေးနွေးကြမ်းဖိုး ပြား ၄၀ ပေးပြီး ကျွန်မ လျှာရှည် လိုက်ပါသေးတယ်။ ရှင်တို့ ဘော့စ်ကိုပြောလိုက်ပါ။ ရေးနွေးကြမ်းတော့ အလကားပေးသင့် ပါတယ်လို့။
ဇေယျာကဖျော်တဲ့ လက်ဖက်ရည် တော်တော်ကောင်းပါတယ်။ ချိုနေလို့ ကျွန်မထုံးစံအတိုင်း ရေနွေးကြမ်း ရောပြီးသောက်လိုက် ပါတယ်။ ထမင်းစားပြီးလို့ လက်ဖက်ရည်နဲ့ ရေနွေးကြမ်းကုန်တဲ့အထိ ကောင်လေး ရောက်မလာသေးပါ။ ခဏနေတော့ လူငယ်လေးတစ်ယောက် ကျွန်မကို စကားလာပြောတယ်။ အမ တစ်ယောက်ထဲလားတဲ့။ ဘယ်သူမှန်းမသိပေမဲ့ အေးဟုတ်တယ်လို့ ပြန်ဖြေလိုက်တယ်။ ၀ါဆိုသင်္ကန်း ကပ်တုန်းက ဘုန်းကြီးကျောင်းမှာဆုံခဲ့တာ၊ ကျွန်တော့်ကို မမှတိဘူးလားလို့ မေးပါတယ်။ ကျွန်မလည်း မမှတ်မိတဲ့အကြောင်း ရိုးရိုးသားသား ပြန်ဖြေပြီး စကားစမြည် ပြောဖြစ်ပါတယ်။ အဲဒီကောင်လေးက ကျွန်မချစ်သော ရွှေကရင်တစ်ယောက်ပါ။
ကရင်မှန်ရင် အမျိုးကိုသိပ်ချစ်ကြတယ်။ ကရင်တိုင်းကို ဆွေမျိုးလိုကို သဘောထားပြီး ချစ်တာ။ တချို့မျိုးချစ်ကရင်တွေ အစွန်းရောက်သွားတာလည်း ရှိပါတယ်။ မနေ့က ဇေယျာမှာတွေ့တဲ့ ကရင်က လူချော လေး။ သိတယ်မဟုတ်လား။ တချို့ကရင်တွေ ကိုရီးယားမင်းသားတွေလို ချောကြတယ်။ :D
ကိုယ့်ငါးချင်မို့ ကိုယ်ချင်တာ သဘာဝကျပါတယ်နော။ ကောင်လေးမျက်နှာက ကြည်လင်ပြီးနုဖတ်နေလို့ငယ်အုံးမှာပဲလို့တွေးပြီး အသက်ဘယ်လောက် ရှိပြီလဲလို့မေးလိုက် ပါတယ်။ အသက် (၂၀)၊ မလေးရှားကို ရောက်တာ (၂)နှစ်ရှိပြီဆိုတော့ အသက် (၁၈)နှစ်နဲ့ထွက်လာတာ။ ကျောင်းမတက်ဖူးလား လို့မေးတော့ ပြုံးပြီးခေါင်းခါပြတယ်။ ဒီအရွယ်လေးက တက္ကသိုလ်ကျောင်းမှာ ပျော်နေရမဲ့ အရွယ်လို့တွေးပြီး၊ မရိုးနိုင်တဲ့ ဝေဒနာတစ်ခု ရင်ထဲတိုးဝင်လာ ပါတယ်။ ဒီဝေဒနာတွေ ဘယ်တော့များမှ အသမာတက် မှာပါလိမ့်။
ကရင်ကောင်လေး ပြန်သွားပြီတော့လည်း ကျွန်မစောင့်နေတဲ့ ကောင်လေးက ရောက်မလာသေးပါ။ သောက်စရာ လက်ဖက်ရည်လဲကုန်ပြီ။ စာကြည့်တိုက်မှာ ငှားလာတဲ့ စာအုပ်တစ်အုပ်ကို ယူဖတ်လိုက် ပါတယ်။ သူနာပြုစုခြင်းဆိုင်ရာ သီအိုရီတွေ အခြေခံအယူအဆတွေကို ခွဲခြမ်းစိတ်ဖြာ အသုံးချခြင်း ဆိုတဲ့
စာအုပ်ကို ဖတ်ပါတယ်။ အပြင်လူတွေ စိတ်ဝင်စားမယ် မဟုတ်ပေမဲ့ သူနာပြုတွေ ကျမ်းကျေထားရမဲ့ ကြောင်းအရာတွေ ဆိုပါတော့။ ဇေယျာလက်ဖက်ရည် တော်တော်လေး အစွမ်းထက်ပါတယ်။ ထမင်းစား ပြီးရင် စာဖတ်လို့မရအောင် အိပ်ငိုက်တတ်တဲ့ ကျွန်မ လက်ဖက်ရည်တန်ခိုးနဲ့ တစ်ခန်းပြီးခါနီးထိအောင် စာဖတ်ဖြစ်လိုက်ပါတယ်။ ပြီးတော့ ကျွန်မစောင့်နေတဲ့ ကောင်လေးရောက် လာပါတယ်။
ကားဂိတ်ကနေ ဇေယျာကို လာတာလမ်းမှားပြီး ရွာလည်သွားလို့ ကြာသွားတယ်လို့ ပြောပါတယ်။ ဂျိုဟိုး မှာနေတဲ့လူ KL ကိုဘယ်ကျွမ်းပါ့မလဲ။ ဆံပင်အရှည်နဲ့ သပ်သပ်ရပ်ရပ် မရှိတာကို ကျွန်မမျက်စိထဲ ကန့် လန့်တော့ ဖြစ်နေပါတယ်။ ဇီဇာကြောင်သူပီပီ ကြုံတုန်းဆုံးမစကားပြောရမှ စောင့်ရကြိုး နပ်မှာပေါ့။ အခုတလော ဘယ်ဖက်ရင်ဘတ် အောင့်အောင့်နေတယ်လို့ ပြောပါတယ်။ သူနာပြုတွေ၊ ဆရာဝန်တွေကို မြင်ရင် ရောဂါလက္ခဏာ ပြောပြပြီးအကြံဥာဏ် တောင်းတတ်ကြတာ မဆန်းပါဘူး။ ဆေးလိပ်သောက် သလားမေးတော့ သောက်ပါတယ်တဲ့။ အသက်က (၂၅)နှစ်ပဲရှိသေးတယ်။ မနက်အလုပ်မသွားခင် နာရီ ၀က်လောက်စောထပြီး လေ့ကျင့်ခန်းလုပ်၊ ဆေးလိပ်ဖြတ်ရင် ပျောက်သွားလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
ကောင်းလေးကြည့်ရတာ တည်ငြိမ်ပုံမရဘူး။ စာအုပ်တွေဖတ် သလားလို့မေးတော့ ဖတ်ပါတယ်လို့တော့ ပြောတယ်။ ဘုန်းကြီးကျောင်းရော ရောက်ရဲ့လားလို့မေးတော့ ရောက်ပါတယ်တဲ့။ အားတဲ့နေ့တွေ ဘုန်းကြီးကျောင်းမှာ သွားနေပေါ့လို့ပြောတော့ ဟုတ်ကဲ့လို့တော့ တုန့်ပြန်ပါတယ်။ ဒီကောင်လေးကို မြင်ရပြန်တော့ အမည်မဖော်နိုင်တဲ့ ဝေဒနာတစ်ခု ရင်ထဲဝင်ရောက် လာပြန်ပါတယ်။ အရောင်ပြောင်း လွယ်တဲ့အရွယ်မှာ မိဝေးဖဝေးကိုလာပြီး ငွေရှာတယ်။ ဒါပေမဲ့ သူရှာတဲ့ငွေဟာ ပွဲစားနဲ့ ငွေတိုးတွေအတွက် ပဲဖြစ်သွားတယ်။ မိဘကိုလည်း မပေးရ၊ သူ့အတွက်လည်းဘာမှ မရ။ နှစ်နှစ်ဆိုတဲ့ အချိန်ကာလက လူငယ်လေးတစ်ယောက်ရဲ့ဘ၀ကို အေ၇ာင်ပြောင်း ပစ်လိုက်တာ ခွက်ခွက်လန်အောင် ရှုံးပါတယ်။ ကြောင်သူတော်တွေ ဘုန်းကြီးနေသရွေ့ ရင်နာစရာတွေကို မြင်တွေ့နေရအုံးမှာပါ။
ကိုတာရာယာကပြန်တိုင်း ကျွန်မနဲ့အတူ ဝေဒနာတွေက အဖော်အဖြစ် လိုက်ပါလာကြပါတယ်။ တနင်္ဂနွေလို နေ့မျိုးဆိုရင် မြန်မာဆိုင်ထိုင်ပြီး ဘီယာရစ်နေကြတဲ့ လူငယ်တွေကို မြင်ရတိုင်းလည်း ကျွန်မကြေကွဲစွာ ခံစားရပါတယ်။ တချို့မူးစပ်စပ်နဲ့ ကျွန်မကို မြန်မာမှန်းသိရင် အမအရွယ် အဒေါ်အရွယ်ကို လေးစားရမှန်း မသိ ပြီတီတီလုပ်တဲ့အခါ ကျွန်မစိတ်မဆိုးရက်ဘူး။ ခပ်တည်တည်လေး တချက်လောက် ပြန်ကြည့်လိုက် ရင် အရက်သောက်ထားလို့ နီနေတဲ့ သူတို့မျက်လုံးတွေ ကျွန်မရဲ့ အကြည့်ကို ရင်မဆိုင်ရဲကြပါဘူး။ မျက်နှာလွဲပြီး၊ လှည့်ပြန်သွားကြပါတယ်။
ဝေဒနာတွေဟာ အားမာန်တွေကို ဖြစ်စေသလား။ မြန်မာတွေ လူလားမမြောက်ကြတဲ့ အခြေအနေကို မြင်တွေ့ရလို့ ခံစားရတဲ့ ဝေဒနာတွေကနေ မြန်မာပြည်ကို ကောင်းစားစေချင်တဲ့ စေတာနာတွေ ပေါက် ဖွားလာတယ်၊ မြန်မာပြည်ကြီး ပြန်ကောင်းလာအောင် ကြိုးစားဖို့ အားမာန်တွေ ရလာတယ် ဆိုရင်ကျွန်မ ခံစားချက်တွေကို ကျေးဇူးတင်ချင် ပါတယ်။ မနေ့ကရခဲ့တဲ့ ဝေဒနာတွေ ကျွန်မအတွက် အားမာန်တွေ ဖြစ်လာသလား ဆိုတာတော့...
စံပယ်ဖြူ
၃၁၊၀၈၊၂၀၁၂။
No comments:
Post a Comment