Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Monday, 27 July 2015

ရွှေပင်လယ်ကြီး ကာဆီးထားလို့…




ကျွန်မရဲ့ ဘ၀ရထား ဆိုက်ရောက်လာတဲ့ ဆာဘားပြည်နယ်ရဲ့ မြို့တော် ကိုတာကင်နာဘာလူးမြို့က နေ့စဉ်ဘ၀အကြောင်းကို ပြန်လည်မျှဝေ ချင်ပါတယ်။                                                         KK လို့အတိုကောက်ခေါ်တဲ့ Kota Kinabalu မြို့က ပင်လယ်ကြီး ပတ်လည်ဝိုင်းထားတဲ့ သာယာသောမြို့လေးမို့ ခရီးသွားဧည့်သည်တွေ ပျော်မွေ့တဲ့ မြို့လေးပါ။ ဘ၀ရထားပေါ်မှာ အဆင်ပြေသလို သွားနေတဲ့ ကျွန်မလည်း ဆားဘားရောက် ဧည့်သည့်ပါပဲ။ ဒီမြို့မှာ ပျော်နေတယ်လို့ မဆိုချင်သော်လည်း၊ နေပျော်တယ်တဲ့ နေရာလေးပါ။ 

ဆာဘားပြည်နယ်က တိုင်းရင်းသားလူမျိုးစုံ စုပေါင်းနေထိုင်တဲ့ ဒေသပါ။ ပို့ဆောင်ဆက်သွယ်ရေး စရိတ်ကြီးလို့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်စရိတ်တွေ ကွာလာလမ်ပူမှာထက် ပိုဈေးကြီးပါတယ်။ ပတ်ဝန်းကျင် စိမ်းစိမ်းစိုစို ရှိပြီး၊ ဆိတ်ငြိမ်တဲ့ မြို့လေးမို့ ကျွန်မ သဘောကျပါတယ်။ ကွာလာလမ်ပူမှာလို စိတ်မွန်းကြပ်စရာတွေ မရှိဘူး။ လေရှူလို့ကောင်းတယ်။ အသက်ရှုချောင် ပါတယ်။ ရာသီဥတုက ပူတဲ့အချိန် မတရားပူပြီး၊ မိုးရွာရင်လည်း မို့သက်လေပြင်း ကျလေ့ရှိပါတယ်။ ရာသီဥတု ကြည်လင်နေရင် ပင်လယ်ရေပြင်မှာ ယိမ်းကသလို ဟန်ချက်ညီတဲ့ လှိုင်းလုံးတွေကို မြင်ရတာ စိတ်ကြည်နူးစရာ ကောင်းပါတယ်။ မိုးသည်းလေထန်ရင် ဒေါသတကြီး ရိုက်ခတ်လာတဲ့ လှိုင်းလုံးကြီးတွေကို မြင်ရတာ ရင်သပ်ရှုမောစရာ။ ဧရာဝတီတိုင်းမှာ မြစ်ချောင်းအင်းအိုင်တွေနဲ့ပဲ ရင်းနှီးခဲ့တဲ့ ကျွန်မ အခု ပင်လယ်ကြီးနဲ့ နီးနီးကပ်ကပ် နေရတော့ ပင်လယ်ကြီးရဲ့ အလှနဲ့ အားမာန်ကို ခံစားသိခွင့်ရ ပါတယ်။

Tuesday, 2 June 2015

ရှေ့ဆောင်ကောင်းသော အမေ




မရိုးနိုင်တဲ့ အမေ့အကြောင်းကို အရင်က ရေးဖူးပေမဲ့ ထပ်ရေးချင်ပါတယ်။ လူတိုင်းအတွက် အမေဆိုတာ မိုးကောင်းကင်လို၊ မြင့်မိုရ်တောင်လို အံ့မခန်း ကြီးမြတ်သူတွေ ဖြစ်ပါတယ်။ မိခင်အရင်းအခြာ မဟုတ်သော်လည်း မိခင်နှင့်တူသော အမေများကို  ရံဖန်ရံခါ ကြုံရတွေ့ရတတ်ပါတယ်။ မိခင်တယောက်လို ကြင်နာညှာတာ တတ်သော ဆရာမများ၊ အလုပ်ရှင် အမျိုးသမီးများကို အမေလို (motherly) ချစ်ခင်တတ်သူလို့ တင်စားတတ်ကြ ပါတယ်။ ဒီအကြောင်းကို စဉ်းစားမိရင်း ရှေ့ဆောင်လမ်းပြကောင်းသော ကျွန်မရဲ့ မွေးမိခင်အကြောင်းနဲ့ မြန်မာပြည်ရဲ့ ဂန္ဓ၀င် မိခင်အကြာင်း ဆက်စပ်စဉ်းစားမိတာတွေကို ၀ါသနာအရ စာတပုဒ် ချရေးလိုက်ပါတယ်။

ကျွန်မတို့အမေက တောရွာက သာမန်အိမ်ရှင်မ တယောက်ဖြစ်ပေမဲ့ သားသမီးတွေကို ဆုံးမထိန်းကွပ်တဲ့ နေရာမှာ ပညာတတ်မိန်းမတွေထက် မညံ့ခဲ့တာကို ကျွန်မအမြဲ ဂုဏ်ယူမိပါတယ်။ အမေက ရှေးဆန်သော အဖွားရဲ့ အုပ်ထိန်းမှု အောက်မှာ ကြီးပြင်းခဲ့တာမို့ အတွေးအခေါ်က ရှေးဆန်တယ်။ ဘီးစပတ်နဲ့ လည်ပင်းအလုံးကွပ် ရင်ဖုံးအင်္ကျီ အမြဲဝတ်တဲ့ ကျွန်မတို့အမေက ခေတ်မမှီဘူးလို့တော့ ဆိုနိုင်ပါတယ်။ အမေ့ရဲ့ လွှမ်းမိုးမှုကြောင့် ထင်ပါတယ်။ ကျွန်မလည်း တခါတလေ အဘွားကြီးဆန်ဆန် တွေးတတ်ပါတယ်။ သိမ်းထုတ်သေချာ ဆိုတဲ့စကားအတိုင်း ပစ္စည်းကို စနစ်တကျကိုင်တွယ် သိမ်းဆည်းတတ်တဲ့ အမေ့ရဲ့အကျင့်ကို ငယ်ငယ်က မသိစိတ်ထဲကနေ သင်ယူခဲ့မိတာကို ကြီးလာမှ သတိထားမိပါတယ်။ ကိုယ်အားကိုယ်ကိုး စိတ်ရှိအောင် လေ့ကျင့်ပေးခဲ့တာတွေ၊ မချမ်းသာပေမဲ့ ပေးကမ်း ရက်ရောတတ်အောင် ရှေ့ဆောင်လမ်းပြခဲ့တာတွေကို ပြန်တွေးမိတိုင်း အမေ့ကို လွမ်းမိပါတယ်။

ကျွန်မ ငယ်ငယ်က သိပ်ပြီးလိမ္မာရိုကျိုးတဲ့ ကလေးတယောက် မဟုတ်ခဲ့ဘူး။ နဲနဲစွာချင်တယ်။ ခိုင်းရင် မလုပ်ချင်ဘူး။ ကျောင်းစာကလွဲရင် ကျန်တာတွေလုပ်ဖို့ သိပ်ပျင်းပါတယ်။ ဒါပေမဲ့ အမေ့ကိုတော့ ကြောက်ရပါတယ်။ သားသမီးတွေကို အလိုမလိုက်တဲ့ အမေ့ကို ကြီးလာမှ ကျေးဇူးတင်ရမှန်း သိလာပါတယ်။ နွေရာသီကျောင်းပိတ်ရက် တခုမှာ ကျွန်မ နေကုန်နေခန်း ထမင်းပြန်မစားပဲ သူများအိမ်မှာ သွားနေပြီးဆော့ကစားမိလို့ ကောင်းကောင်း အရိုက်ခံရပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အမှတ်သညာကောင်း ရှိခဲ့တယ်လို့ ဆိုရပါမယ်။ အရိုက်ခံရပြီးတဲ့ နောက်ပိုင်း ကျွန်မ ကစားချိန်တန်ကစားပြီး၊ ပြန်ချိန်တန်ရင် အိမ်ကိုပြန်ပါတယ်။ 

ကျွန်မ သစ်ပင်ပေါ်တက်လို့ အရိုက်ခံရတာ လည်းရှိသေးတယ်။ ရွာမှာ နွေရာသီဆို သစ်ပင်တွေ ခုတ်လှဲပြီး ထင်းခွဲကြပါတယ်။ ခုချန်ထိ ကျွန်မတို့ရွာမှာ ထင်းမီးနဲ့ ထမင်းချက်တုန်းပါ။ ကိုယ်ပိုင်သစ်ပင် မရှိတဲ့သူတွေက ထင်းချောက်ကိုင်းတွေ လိုက်စုကြပါတယ်။ တချို့က အပင်ပေါ်က ပြုတ်ကျတဲ့ သစ်ကိုင်းချောက်တွေကို လိုက်ကောက်ပြီး စုပါတယ်။ အချို့က အပင်ပေါ်တက်ပြီး၊ သစ်ကိုင်းချောက်တွေကို ချိုးယူကြပါတယ်။ အတုမြင် အတတ်သင်လို့ ဆိုရမလား။ ကျွန်မ ဘယ်က ဘယ်လိုစိတ်ကူး ရမှန်းမသိ အိမ်ရှေ့က မန်ကျည်းပင်ပေါ်တက်ပြီး၊ မန်ကျည်းကိုင်း အချောက်တွေ ချွေချ၊ ထင်းချောင်းတွေ စုမိပါတယ်။ ဒါကို အမေက ချက်ချင်းမြင်ပါတယ်။ အပင်ပေါ်က ပြန်ဆင်းလာဖို့ အမေက အေးအေးဆေးဆေး ပဲခေါ်ပါတယ်။ တုတ်ကိုင်ပြီး ခေါ်ရင် ကြောက်အားလန့်အားနဲ့ အပင်ပေါ်က ပြုတ်ကျမှာ စိုးလို့ပါ။ အပင်အောက်ကို ရောက်တော့ အရိုက်ခံရပါတယ်။ အဲဒီနောက်ပိုင်း ခုချိန်ထိ ကျွန်မ သစ်ပင်ပေါ် မတက်တော့ဘူး။

ရွာက ကျွန်မတို့ အိမ်ရှေ့မှာ မျှော့ပေါတဲ့ ချောင်းဦးတိုလေးရှိ ပါတယ်။ မျှော့ဆိုတဲ့ သတ္တ၀ါက အမျိုးသမီး လမ်းကြောင်းထဲကို ၀င်သွားရင် ပြန်မထွက်လာတော့ဘူး၊ လူကိုယ်ထဲမှာ သွေးစုပ်ပြီး မျိုးပွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အမေက ကျွန်မကို ချောင်းထဲဆင်းပြီး ရေမကူးဖို့ တားမြစ်ပါတယ်။ ကျွန်မ မျှော့ကို သိပ်ကြောက်ပါတယ်၊ အမေ့ရိုက်မှာကိုလည်း ကြောက်ပါတယ်။ ဒါပေမဲ့ အမေလစ်ရင် ကျွန်မ ရေဆင်းကူး ပါတယ်။ ရေမြင်ရင် ကူးချင်တယ်၊ တောင်ကိုမြင်ရင် တက်ချင်တယ်။ သဘာဝတရားကို မြတ်နိုးတဲ့ ကျွန်မရဲ့ ပင်ကိုယ်ဗီဇကို ကြောက်ခြင်းဆိုတဲ့အရာက မတားဆီးနိုင်တာကို ပြန်တွေးကြည့်မိတိုင်း ကိုယ်ဘာသာ သဘောကျမိပါတယ်။ အမေကတော့ သူပြင်လို့မရတဲ့ ကျွန်မရဲ့ ဗီဇအချို့ကို လက်လျှော့ ထားရပါတယ်။ 

Wednesday, 15 April 2015

အဆင်မပြေမှုများနဲ့ မြန်မာပြည်




မြန်မာပြည်ကို (၅)လတိတိ ပြန်ရောက်နေချိန်မှာ စိတ်ဘ၀င်မကျစရာ အကြောင်းအရာတွေကို ပေါင်းစုပြီး စာတပုဒ် ချရေးလိုက် ပါတယ်။ ဘယ်အရာမဆို အဆင်ပြေသလို လုပ်နေကျတဲ့အကျင့်၊ နားလည်မှုနဲ့ လုပ်ကြတယ်ဆိုတဲ့ ဓလေ့တွေ အရိုးစွဲနေတာ သူ့ဟာသူတော့ အဆင်ပြေနေကြ ပါတယ်။ အရာရာတိုင်းကို စည်းကမ်းတကျ၊ စနစ်တကျ ဖြစ်စေချင်သူတွေအတွက် အဲဒီနားလည်မှု ဆိုတဲ့ဟာတွေက စိတ်ဘ၀င်မကျ စရာပါ။ အသေးအမွှား ကိစ္စလေးတွေလို့ ထင်ရပေမဲ့ ပြုပြင်သင့်တာတွေမို့ မြင်တွေ့ခဲ့သမျှကို ပြန်လည်မျှဝေလိုက် ပါတယ်။

မြန်မာပြည် ပြန်ရောက်တုန်း သက်တမ်းကုန် နေပြီဖြစ်တဲ့ ကျွန်မရဲ့ သူနာပြုလိုင်စင်ကို သက်တမ်းတိုးဖို့ သူနာပြု သားဖွားကောင်စီမှာ ဖောင်သွားယူပြီး၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရပါတယ်။ ရဲစခန်းထောက်ခံစာပါ လိုအပ်တဲ့အတွက် ရွာပြန်တော့ ကျုံပျော်မြို့နယ် ရဲစခန်းမှာ ထောက်ခံစာ သွားယူပါတယ်။ ရဲစခန်းက လိုတာတွေ မေးပြီး ထောက်ခံစာကို အလွယ်တကူ ပေးလိုက်ပါတယ်။ တထောင်ကျပ် ပေးရမယ်ဆိုလို့ ကျွန်မ အလွယ်တကူပဲ ပေးလိုက်ပါတယ်။ ငွေတထောင်ကျပ်ကို ရဲက သူ့အင်္ကျီအိတ်ထဲ ထည့်လိုက်ပါတယ်။ တကယ်ဆို ငွေရပြေစာလေး ထုတ်ပေးရမယ်။ ကောက်ယူထားတဲ့ ငွေတထောင်ကျပ်က တိုင်းပြည် ဘဏ္ဍာ သို့မဟုတ် ဌာနဆိုင်ရာ အသုံးစရိတ်အတွက် စားရင်ဝင်သွားရမယ် မဟုတ်လား။ ထောက်ခံစာ တခါထုတ်ပေးရင် ငွေတထောင်၊ လူတရာ လာတဲ့အခါ ငွေတသိန်း၊ ဒီငွေတွေ ဌာနအသုံးစရိတ် မဖြစ်တော့ပဲ ဇီးသီးပန်းကန် မှောက်ကျသလို ဟိုလွင့်ကျ ဒီလွင့်ကျ။ နှစ်ပေါင်းများစွာ ဒီလိုပဲ အဆင်ပြေနေတဲ့ ကိစ္စလေးက ကျွန်မ စိတ်ထဲမှာတော့ အဆင်မပြေပါ။ 

ဌာနဆိုင်ရာ အသီးသီးမှာ ဒီလိုအသေးအမွှားကစလို့ ငွေကြေးပမာဏ များစွာအထိ လေ့လွင့်နေလို့ တတိုင်းပြည်လုံး မွဲပြာကျ နေတာကို သိကြပြီးသားပါ။ ဇီးသီးထုတ် ပေါက်ကျတဲ့ အဖြစ်ကလေးတခုကိုလည်း ရယ်စရာအဖြစ် ပြောပြချင်သေးတယ်။ မလေးရှားမှာ သိကျွမ်းခဲ့တဲ့ ကရင်လေးတယောက် သူ့ရဲ့ဆယ်တန်းအောင်လက်မှတ်နဲ့ အမှတ်စားရင်ကို နိုတြီပြန်ပြီး ပို့ပေးဖို့ အကူအညီတောင်းလို့ ကျွန်မ အကျိုးဆောင်ပေးလိုက် ပါတယ်။ အမှတ်စာရင်း မူရင်း မရှိတော့လို့ အာစီတူးက ဇွဲကပင်ဆောင်မှာ သွားယူပေးရတယ်။ ငွေလေးရာကျပ်ပဲ ပေးရတယ်။ ချက်ချင်းထုတ် ပေးလိုက်ပါတယ်။ ငွေလေးရာကျတယ်ဆိုတော့ ကျွန်မက ငါးရာတန် ပေးလိုက်ပါတယ်။ ငွေကောက်တဲ့ ၀န်ထမ်းက အကြွေတရာ မရှိဘူးလို့ပြောပါတယ်။ ဒါနဲ့ ကျွန်မက ငွေလေးရာကျပ် အကြွေကို အိတ်ထဲမှာ ရှာပြီးပေးမယ် လုပ်တော့ ၀န်ထမ်း အမျိုးသမီးက၊ မဟုတ်ဘူးအမ ကျွန်မက တရာ မရှိတာလို့ ဆိုပါတယ်။ ကျွန်မလည်း အူကြောင်ကြောင် ဖြစ်သွားရာ သဘောပေါက် လိုက်ပါတယ်။ အမ်းရမဲ့ ငွေတရာကို မယူတော့နဲ့လို့ ဆိုလိုတာပါ။ အစိုးရဌာနတွေကို သွားရင် သူတို့သဘောတွေကို ဘာသာပြန်တတ်ဖို့ လိုပါတယ်။ ငွေတရာ ဘာမှမပြောပလောက်ဘူး ဆိုပေမဲ့ ဒါလည်း လေလွင့်တမျိုးပါ။ ငွေတရာကျပ်တွေ ပေါင်းလိုက်ရင် ထောင်၊သောင်း၊ သိန်းဂဏန်းတွေ ဖြစ်လာတယ် မဟုတ်လား။

အဆင်ပြေသလို လုပ်စားနေကြရတဲ့ ကျွန်မတို့ တိုင်းပြည်မှာ နှလုံးထီ၊ သုံးလုံးထီရောဂါဟာ ကင်ဆာလို့ အမြစ်စွဲ နေပါတယ်။ ငွေကို လွယ်လွယ်ရချင်တော့ နှလုံးထီထိုး၊ ဒိုင်ခံကြတာ လူနည်းစု ချမ်းသာသွားကြပြီး၊ အများစုကတော့ မွဲသွားကြပါတယ်။ ရှိတာတွေ အကုန်ပြောင်လို့ ကြွေးပတ်လည် ၀ိုင်းနေပေမဲ့ အမြစ်စွဲနေတဲ့ ရောဂါက ပျောက်မသွား ပါဘူး။ ကြားက အမြတ်ထွက်တဲ့ သူတွေကတော့ ပြည်သူ့ရဲများ ဖြစ်ပါတယ်။ ချဲဒိုင်ခံတဲ့သူတွေ၊ ကော်မရှင်စားတဲ့ သူတွေက အဖမ်းမခံရအောင် ရဲတွေကို ဆက်ကြေးအမြဲပေး ရပါတယ်။ ခုနောက်ပိုင်း ချဲဒိုင်ခံတဲ့လူတွေ နည်းသွားတာကြောင့် ဆက်ကြေးရတာ နည်းသွားတယ်။ ကျွန်မတို့ရွာမှာ ဆက်ကြေးလာယူတဲ့ ရဲတယောက်က တွက်ခြေမကိုက်တော့ဘူးလို့ ညည်းတယ်ဆိုလို့ ကျွန်မ စိတ်ပျက်မိ ပါတယ်။ ရဲတွေ တွက်ခြေကိုက်ဖို့ ကျွန်မတို့ ရွာသားတွေ  မွဲဆေးဖော်တဲ့ အလုပ်ကို ဆက်လုပ်ရမလို ဖြစ်နေပါတယ်။ 

Monday, 23 February 2015

မြန်မာပြည်တခွင် ခရီးနှင်




 မြန်မာပြည် ပြန်ရောက်နေချိန် ကားစီး၊ ရထားစီရင်း လမ်းခရီးမှာ တွေ့ကြုံခဲ့သမျှကို ပြန်ပြီးဖောက်သယ်ချ လိုက်ပါတယ်။ မြန်မာပြည်တခွင်လို့ ဆိုပေမဲ့ ရန်ကုန်မြို့တွင်း လိုင်းကားစီးရတဲ့ အဖြစ်သနစ်တွေကို အဓိကရေးချင်တာပါ။ မန္တလေးခရီးစဉ်ကိုပါ ကြုံလို့ထည့်ရေးလိုက် ပါတယ်။ မြန်မာပြည်က နေ့စဉ် ခရီးသွား ပြည်သူများရဲ့ လက်တွေ့ခံဘ၀ ကိုယ်တွေ့ခံစားပြီး ပြန်လည်မျှဝေ လိုက်ပါတယ်။ 
 
ခရီးလမ်း အဆင်ပြေချောမွေ့ရေးဟာ အများပြည်သူတွေရဲ့ နေ့စဉ်ဘ၀အတွက် အရေးပါတဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။ ခရီးလမ်းအဆင်ပြေမှု ဆိုရာမှာ အချိန်လည်းမှန်၊ အန္တရာယ်ကင်းပြီး၊ သက်တောင့်သက်သာ ရှိဖို့လိုအပ်ပါတယ်။ အထူးသဖြင့် နေ့စဉ်အလုပ်သွား ကျောင်းသွားရတဲ့သူတွေ သက်တောင့်သက်သာရှိပြီး၊ အန္တရာယ်ကင်းစေချင် ပါတယ်။ ရန်ကုန်မြို့ကြီးမှာ အဲဒီလိုဖြစ်ဖို့ မျှော်လင့်ချက်က ကြာလေဝေးလေ ဖြစ်နေပါတယ်။ မနက်စောစောထ အလုပ်ကိုသွား၊ လမ်းမှာကားကကြပ် လမ်းကပိတ်၊ စိတ်ရှုပ် စိတ်ပျက်ရ။ တနေကုန် အလုပ်လုပ်ပြီး ညနေရောက်တော့ ကြပ်ညှပ်နေတဲ့ ကားကိုစီးပြီးပြန်ရ။ စိတ်ပန်း လူပန်းရတဲ့အထဲ ကားထဲမှာ အနံ့ပေါင်းစုံ။ တနေ့ရတဲ့ ၀င်ငွေနဲ့မတန်အောင် စိတ်အင်အား လူအင်အားတွေ ဆုံးရှုံးနေပါတယ်။ ဖုန်ပေါတဲ့ ရန်ကုန်မြို့မှာ ကားစီးရင်း ဖုန်ရှု။ မှတ်တိုင်မှာ ကားစောင့်ရင်းလည်း ဖုန်တွေက နှာခေါင်းထဲဝင်၊ မျက်လုံးထဲဝင်။ ညစ်ညမ်းတဲ့လေနဲ့ ဖုန်တွေကို နေ့စဉ်ရှု နေရတာ ကျန်းမာရေးထိခိုက်ပါတယ်။

ကျွန်မ ရန်ကုန်မြေကို စနင်းခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ ဟိုတုန်းကလိုင်းကားစီးတယ်။ ခုလည်း လိုင်းကားပဲ စီးပါတယ်။ မော်တော်ယာဉ် လိုင်းပေါင်းစုံရှိတဲ့ ရန်ကုန်မှာ ကျွန်မ မစီးဖူးတဲ့ ယာဉ်လိုင်း မရှိသလောက်ပါ။ ရွာကို ပြန်တဲ့အခါ ဒဂုန်ဧရာ အဝေးပြေးဝင်းကို သွားဖို့ဆိုရင် မထသ (၃၂)၊ (၃၆)၊ ရွှေဧည့်သည် (၂)ကို စီးရပါတယ်။ သက်တမ်းကြာမြင့်ပြီး၊ ခပ်ကြမ်းကြမ်း မရပ်မနားမောင်းခဲ့တဲ့ ကားတွေကို အစားထိုးခြင်း ပြုပြင်ခြင်း ရှိပုံမပေါ်။ ရွှေဧည့်သည် ကားပေါ်မှာဆို ထိုင်ခုံတွေက စုတ်ပြတ်နေပါတယ်။ အဲဒီထိုင်ခုံ အစုတ်တွေပေါ် ထိုင်စီးရတာ စိတ်ထဲ မအီမလည် ဖြစ်မိပါတယ်။ လိုင်းကားစီးတဲ့သူတွေက ထိုင်ခုံအစုတ်တွေနဲ့ပဲ တန်တယ်ထင်ပါရဲ့။ လူကိုလူလို တန်ဖိုးထားတတ်တဲ့ အကျင့်တွေ ပျောက်ဆုံးနေတဲ့ ကျွန်မတို့ တိုင်းပြည်မှာ လိုင်းကားစီးရတဲ့ လူတွေရဲ့ဘ၀က နှစ်ပြားတောင် မတန်သလို ခံစားရပါတယ်။

Monday, 1 December 2014

ဌာနေသို့ တခေါက်တခါ



ကျွန်မ၏ နေရပ်ဌာနီသို့ တခေါက်ပြန်ရောက်ခဲ့တဲ့ အကြောင်းတွေကို မိုးမခကို ပြန်ပြီးဖောက်သယ် ချချင်ပါတယ်။ အရင်ဆောင်းပါးတွေမှာ ကျွန်မတို့ ရွာအကြောင်း ရေးဖူးပါတယ်။ ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ရွာ ဖြစ်ပါတယ်။ ဗမာလူမျိုး အများဆုံးနေထိုင်ပြီး၊ ကရင်အိမ်ခြေ (၅၀)နဲ့ မွတ်စလင်အိမ်ခြေ(၂၀) လောက်ရှိတဲ့ ရွာပါ။ စံပြကျေးရွာလို့ သတ်မှတ်ထားတဲ့ ကျွန်မတို့ရွာမှာ (၉၆၉)အဖွဲ့လည်း ခိုင်ခိုင်မာမာ ရှိနေပြီဖြစ်ပါတယ်။  
 
ရွာမှာ တပတ်လောက်နေတဲ့ အချိန်လေးမှာ ဆွေးမျိုးတွေဆီ အိမ်လည်ရတာနဲ့ မအားလပ်နိုင်ပါ။ အခါတလေမှ ပြန်တာဆိုတော့ ဟိုအိမ်က ထမင်းခေါ်ကျွေးလိုက် ဒီအိမ်က ထမင်းခေါ်ကျွေးလိုက်နဲ့ ဟင်းကောင်းလည်း စားခဲ့ရပါတယ်။ နိုဝင်ဘာလ ဆောင်းလေအေးဝင်စဖြစ်ပြီး၊ ဆောင်းရနံ့တွေ ရတာကို သဘောကျပါတယ်။ အချိန်အခါမဟုတ် မိုးတွေရွာလို့ စပါးနဲ့ ပဲတွေ လေးလွင့်ပျက်စီးရလို့ ရွာကလူတွေ စိတ်ပျက်စွာ ညည်းညူကြပါတယ်။ ရွာသီဥတု ဖောက်ပြန်ခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ဒဏ်ကို လှိမ့်နေအောင် ခံကြရတာ တောင်သူလယ်သမားတွေ။ အခုဆိုရွာတွေမှာ အလုပ်သမားတွေ ရှားသွားလို့ အလုပ်တွေ နှောင့်နှေးကြ ပါတယ်။ ရွာက လူတွေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်တွေမှာ အလုပ်သွားကြတယ်။ ရွာမှာ ကျန်ခဲ့တဲ့ လူတွေက အလုပ်ကြမ်းမလုပ်ကြသူတွေ။ နှစ်လုံးထီ၊ သုံးလုံးထီဖြတ်ရောင်းပြီး သက်တောင့် သက်သာနေကြသူတွေ ဖြစ်ပါတယ်။ ဘွဲ့ရစာတတ်သူတွေပေါတဲ့ ကျွန်မတို့ရွာမှာ အရက်သမားနဲ့ လောင်းကစားတွေလည်း ပေါပါတယ်။

Saturday, 15 November 2014

ရန်ကုန်သို့ တခေါက်ပြန်ရောက်ခြင်း




နှစ်နှစ်ကျော်လောက် ပြန်မရောက်ဖြစ်ခဲ့တဲ့ ရန်ကုန်ကို တခေါက်ပြန်ရောက် လာပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်တုန်းက နေပျော်စရာကောင်းသေးတဲ့ ရန်ကုန်။ မိတ်ဆွေသူငယ်ချင်းကောင်း၊ ဆရာသမားကောင်းတွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ ရန်ကုန်။ ရန်ကုန်က ကျွန်မရဲ့ မွေးရပ်မြေ မဟုတ်ပေမဲ့ ကျွန်မဘ၀ရဲ့ အစိတ်အပိုင်းတခုပါ။ ရန်ကုန်မှာ ပညာသင်၊ ရန်ကုန်မှာ ရုန်းကန်လှုပ်ရှားရင်း ဘ၀ပေးအသိတွေ ရခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်ရင် ကျွန်မ ရန်ကုန်မှာပဲ နေဖြစ်ပါတယ်။ မိဘနှစ်ပါး မရှိတော့ပြီမို့ ရွာပြန်ရင်လည်း တပတ်ဆယ်ရက်ထက် ပိုပြီး မနေနိုင်တော့ပါ။ ရန်ကုန်မှာ အိမ်မရှိပေမဲ့ သူငယ်ချင်းအိမ်မှာ စတည်းချနေပြီး၊ အခြားမြို့က သူငယ်ချင်းတွေဆီသွားလည်လိုက်၊ လူမှုရေးကိစ္စလေးတွေ အနည်းအကျဉ်း ကူညီပေးလိုက်နဲ့ လယ်ယာပြန်စားရေး လုပ်နေရပါတယ်။

ရန်ကုန်ကို အခုတခေါက်ပြန်လာတဲ့ ခရီးစဉ်မှာ ဖောက်သယ်ချစရာလေးတွေ ရှိပါတယ်။ နိုဝင်ဘာလထဲမှာ မြန်မာလေကြောင်းလိုင်းက ကွာလာလမ်ပူမှ ရန်ကုန် ခရီးစဉ်အတွက် (၂)ရက်ပဲ ရှိပါတယ်။ ဘာကြောင့်လဲတော့ မသိပါ။ မလေးရှားလေကြာင်းကို လောလောဆယ် မစီးချင်သေးတာကြောင့် အေးရှားလေကြောင်းနဲ့ ပြန်လာပါတယ်။ ကွာလာလမ်ပူလေဆိပ်ကို အလာမှာ ကျွန်မ နမော်နမဲ့ နိုင်တာတွေကိုတော့ မရေးပဲ ချန်ခဲ့လိုက်ပါတယ်။ လေဆိပ်ကို အချိန်မှီရုံလေး ရောက်ခဲ့ပါတယ်။ လေယဉ်ပေါ်ရောက်တော့ ကျွန်မဘေးခုံမှာ ကျွန်မထက် အသက်ငယ်တဲ့ ကိုရွှေမြန်မာနှစ်ယောက်။ အေးအေးလူလူပါပဲ။ လမ်းတ၀က်လောက်ရောက်တော့   လေယဉ်မယ်က   လေဆိပ်အ၀င် (Arrival card) နဲ့ အကောက်ခွန် ပုံစံတွေ ဖြည့်ဖို့ စာရွက်တွေ လိုက်ဝေပါတယ်။ အင်္ဂလိပ်လို ပုံစံကို မဖြည့်တတ်လို့ ကျွန်မဘေးက တယောက်ကိုဖြည့်ပေးခဲ့ ရပါတယ်။ ကျွန်မဘေး တယောက်ကျော်ကတော့ ကျွန်မ ဖြည့်ထားတဲ့ ပုံစံကို နမုနာကြည့်ပြီး၊ သူ့ဖာသာဖြည့်ပါတယ်။ သူနားမလည်ရင် ကျွန်မကို မေးပြီးဖြည့် ပါတယ်။ ကျွန်မ စိတ်ထဲကနေ မဆိုးပါလို့ မှတ်ချက်ပေးလိုက်ပါတယ်။

အချိန် နှစ်နာရီကျော် ပျံသန်းပြီးတဲ့နောက် အဲအေးရှား လေယာဉ် ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ ပါတယ်။ လေဆိပ်အ၀င် လ၀ကမှာ တန်းစီ၊ ကျွန်မအလှည့်ရောက်တော့ လ၀က အရာရှိကို ပတ်စပို့နဲ့ ဖြည့်ထားပြီးသား လေဆိပ်အ၀င်ကဒ်ကို ပေးလိုက်ပါတယ်။ သူစစ်ဆေးနေတာကို စောင့်နေရင်း ဟိုဘက်က တယောက်ကို ပိုက်ဆံ (၃၀) တောင်းတာကြားလိုက်ပါတယ်။ မလေးရှားက   ပြန်လာတဲ့သူကို တောင်းတဲ့ ငွေ(၃၀)ဆိုတာ ရင်းဂစ်(၃၀) ဖြစ်ပါလိမ့်မယ်။ မြန်မာငွေ (၉၀၀၀)ကျပ် ၀န်းကျင်။ ဘာအတွက် တောင်းတာလည်းလို့ သိချင်ပေမဲ့ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို ၀င်စွက်ဖက်ဖို့ မသင့်တော်လို့ နားပဲထောင်နေ လိုက်ရပါတယ်။ ပုံစံဖြည့်ထားတာ မပြည့်စုံတာကြောင့်လည်း   ဖြစ်နိုင်ပါတယ်။ ငွေကိုးထောင်ကျပ် ၀န်းကျင်က သုံးသိန်းအောက် အများကြီးနဲတယ် မဟုတ်လား။ ဒါမျိုးတွေ ရိုးနေပြီဆိုပေမဲ့ ကျွန်မစိတ်ထဲ မတရားအနိုင်ကျင့်တာလို့ပဲ မြင်ပါတယ်။

Tuesday, 21 October 2014

ဒိုင်းခင်ခင်ကို ခံစားကြည့်ခြင်း




ငယ်ငယ်က မောင်ဖေငယ်လို အချစ်မျိုး ဆိုတဲ့သီချင်းကို နားရည်ဝခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်းခင်ခင်ရဲ့ ဘ၀ရာဇ၀င် ဇာတ်လမ်းကို ကျွန်မ စိတ်မ၀င်စားခဲ့ပါ။ ဆရာမ စိမ့်(ပညာရေး) ရဲ့ ဒိုင်းခင်ခင် ၀တ္ထုကို ဖတ်လိုက်ရတော့ ဒိုင်းခင်ခင်ရဲ့ ဘ၀ရာဇ၀င်က ကျွန်မ နှလုံးသားမှာ စွဲကျန်နေခဲ့ပါတယ်။ ဇာတ်က သိပ်နာလွန်းပြီး၊ စာရေးသူရဲ့ အဖွဲ့အနွဲ့ ကောင်းတွေကြောင့်၊ စာဖတ်ရင်း မျက်ရည်ကျရပါတယ်။ သတိ သံဝေဂတွေလည်း တော်တော်ရလိုက်ပါတယ်။ အချိန်ရရင် ဒိုင်းခင်ခင်နဲ့ ပတ်သက်လို့ ကျွန်မ ခံစားမိတာ၊ စဉ်းစားဆင်ခြင် မိတာတွေကို စာတပုဒ်ရေးဖို့ စိတ်ကူးရှိခဲ့တာကို အကောင်အထည်ဖော် ရေးလိုက်ပါတယ်။
ကျွန်မက စာအုပ်ကောင်းတွေ ဖတ်ရရင် သူငယ်ချင်း မိတ်ဆွေတွေကို ပေးဖတ်လေ့ရှိပါတယ်။ ဒိုင်းခင်ခင် ၀တ္ထုကို ဖတ်ရတဲ့လူတိုင်းက ဒိုင်းခင်ခင်ဘက်ကနေ နာကျင်ခံစား ကြပါတယ်။ သီပေါမင်းက ဘုရင်ဖြစ်ပြီး၊ ယောက်ျားမပီသဘူးလို့ မှတ်ချက်ချကြပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း စဉ်းစာဥာဏ်နည်းသော ကတိသစ္စာ မတည်သော သီပေါဘုရင်ကို  အထင်ကြီးလေးစားလို့ မရပါ။ မိဖုရားမြောက်မယ်လို့ အလွယ်တကူ ကတိပေးပြီး၊ အရိုးခံ မိန်းမပျိုလေးကို အနိုင်ယူသိမ်းပိုက်တယ်။ ဘုရင်မို့ မငြင်းဆန်ရဲတာကို အခွင့်ကောင်းယူတယ်။ ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင် ဘုရင်စနှစ်မှာ မိန်းမလှ ဖြစ်ရတဲ့ ဘ၀က မသက်သာပါလားလို့ တွေးမိပါတယ်။ လှပချောမောတဲ့ ဒိုင်းခင်ခင်ကို စွဲလန်းနှစ်သက်မိတဲ့ သီပေါမင်းရဲ့ ချစ်ခြင်းဟာ ရယူလိုစိတ် တခုကိုသာသိတဲ့ ချစ်ခြင်း၊ တာဝန်ယူမှုကင်းသော ချစ်ခြင်း။ ရယူလိုမှုဆန္ဒကို ရှေ့တန်းတင်ပြီး၊ အမျိုးကောင်းသမီးတွေကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အသိမရှိခြင်း သာဖြစ်ပါတယ်။
ရက်စက်လွန်းတဲ့ စုဖုရားလတ်ကိုတော့ သီပေါမင်းအပေါ် အချစ်ကြီးတာလို့ ကျွန်မ မမြင်ပါဘူး။ အတ္တသိပ်ကြီးတာ လို့ပဲမြင်ပါတယ်။  မုန့်ကိုသာဝေစားနိုင်မယ်၊ အချစ်ကို ဝေမစားနိုင်ဘူးဆိုတာကို ကျွန်မ နားလည်လို့ ရတယ်။ တလင်တမယားစနှစ်ကို ကျင့်သုံးချင်တာကိုလည်း ကျွန်မလက်ခံပါတယ်။ ဒါပေမဲ့ မိန်းမသားချင်း စာနာစိတ်ကင်းမဲ့တဲ့ စုဖုရားလတ်ရဲ့ စရိုက်၊ အမအရင်းခေါက်ခေါက် အပေါ်လည်း ညှာတာစိတ်မရှိတဲ့ စရိုက်ကို စက်ဆုပ်မိပါတယ်။ ဥာဏ်ပညာနဲ့ ဆင်ခြင်နိုင်စွမ်းမရှိပဲ  နန်းတွင်းရေး တိုင်ပြည်အရေးမှာ ၀င်စွက်ဖက်ပြီး၊ အရာရာတိုင်းမှာ အတ္တကိုရှေ့တန်းတင် စဉ်းစားဆုံးဖြတ်ခဲ့တဲ့အတွက် မြန်မာ့သမိုင်းနဲ့ စုဖုရားလတ်ရဲ့ ရာဇ၀င်က အကျည်းတန်ခဲ့ ပါတယ်။
မြေနိမ်ရာ လှံစိုက်ကြတဲ့ အသိုက်အ၀န်းမှာ အမျိုးကောင်းသမီး ဒိုင်းခင်ခင်ရဲ့ဘ၀ မရှုမလှ ကြွေပျက်ခဲ့ရတာ ရင်နင့်စရာကောင်း ပါတယ်။ ဒိုင်းခင်ခင်က မိဖုရား ဖြစ်ရမယ်ဆိုတဲ့ သီပေါဘုရင်ရဲ့ ကတိစကားအပေါ် သာယာတပ်မက်သွားတယ်လို့ စာဖတ်သူတဦးက ကောက်ချက်ချပါတယ်။ အဲဒီခေတ်အခါက မိန်းမသားတွေ မိဖုရားဘ၀ကို မက်မောကြတာ မဆန်းဘူးလို့ပဲ ဆိုရမှာပါ။ နန်းတွင်းသူဘ၀ကို အလိုမတူပဲ အကြောက်တရားကြောင့် လက်ခံခဲ့ရတယ်။ သီပေါမင်း ခြေတော်တင်တာကို မငြင်းရဲလို့ လိုက်လျောခဲ့ရာက သီပေါမင်းကို ချစ်ကြိုက်စွဲလန်းသွားတယ်။ နောက်ဆုံး ပြန်ရလိုက်တဲ့ အချစ်ဆုလာဒ်က စုဖုရားလတ်ရဲ့ အမျက်တော်ရှမှုကြောင့် မာယာပရိယာယ် ထောင်ချောက်ထဲက ရာဇဒါဏ်။ တနွယ်ငင် တစင်ပါ၊ အပြစ်မဲ့တဲ့ မိဘနှစ်ပါးလည်း သေဒါဏ်ရခဲ့တယ်။ ပါးစပ်ထဲကလာတဲ့ ဥပဒေနဲ့ စီရင်ချက်ချတဲ့ ရှင်ဘုရင်တွေခေတ်က အစဉ်အလာတွေကို ကျွန်မ ကြောက်ရွံ့ တုန်လှုပ်မိပါတယ်။
ချစ်သူကောင်းစားရေးကို ဦးစားပေးတဲ့ တောင်သမန်လယ်စား မောင်ဖေငယ်ကိုတော့ စာပေသမားမို့ လေးစားစိတ်ဖြစ်မိသလို

Friday, 12 September 2014

မလေးရှားလူငယ်များနှင့် ပညာရေးအခွင့်အလမ်း

လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်ပဲဆိုတာကို အစိုးရတိုင်း နားလည်မယ်ထင်ပါတယ်။ လူငယ်တွေရဲ့ ဘ၀ကို ပညာနဲ့မြှင့်တင်ပေးရမယ် ဆိုတာကိုလည်း မြန်မာပြည်အစိုးရ  အပါအ၀င် တိုင်းပြည်ခေါင်းဆောင် မှန်သမျှ သိကြပြီသားပါ။ ဒါပေမဲ့ တိုင်းပြည်အပေါ် တကယ်စေတနာရှိတဲ့ ခေါင်းဆောင်းတွေသာ  လူငယ်တွေ အညွှန့်တလူလူနဲ့ ပညာရဲရင့် ပွဲလယ်တင့်အောင် မြေဆီကြွေး ရေလောင်းပေး ကြပါတယ်။ လက်ရှိမြန်မာပြည် ပညာရေး အခြေအနေကြည့်ရင် အမျိုးကိုအင်မတန်ချစ်သော လူကြီးမင်းများရဲ့ စေတနာကို ထင်ထင်ရှားရှား မြင်ရပါတယ်။

တိုးတက်တဲ့ အနောက်နိုင်ငံတွေနဲ့ မယှဉ်ပဲ မလေးရှားနိုင်ငံနဲ့ ယှဉ်လိုက်ရင်တောင် မြန်မာပြည် ပညာရေးက အများကြီး နောက်ကျကျန်နေပြီ။ ယခုလက်ရှိ မလေးရှားစိုးရ လက်ထက်မှာ တရားဥပဒေ စိုးမိုးမှု အားနည်းနေပြီး၊ လူမျိုးဘာသာခွဲခြားမှုနဲ့ နိုင်ငံရေးမှာ ခြစားမှုတွေ ရှိနေပေမဲ့၊ အစိုးရက တိုင်းပြည်အပေါ် စေတနာ ရှိနေတာကို တွေ့ရပါတယ်။ အစိုးရသည် ပြည်သူလူထုအကျိုးကို
 ဆောင်ရွက်ရမယ် ဆိုတဲ့စိတ်ဓာတ်  ရှိတာကိုလည်းတွေ့ ရပါတယ်။ တိုင်းပြည် အနာဂတ်   ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ လူငယ်တွေကို ပညာပြည့်ဝအောင် ထောက်ပံ့ပေးထားပါတယ်။ ယခုလက်ရှိ အခြေအနေမှာ မလေးရှားလူငယ်တွေရဲ့ ပညာရေးနဲ့  အခွင့်အလမ်းတွေကို ကျွန်မ သိမြင်မိသလောက် တင်ပြလိုပါတယ်။

မလေးရှားမှာ ကျောင်းနေအရွယ် ကလေးကိုးဆယ် ရာခိုင်နှုန်းကျော် စာသင်ကျောင်းကို ရောက်ကြပါတယ်။ ၂၀၁၂ခုနှစ် စာရင်းအရ မလေးရှားနိုင်ငံ စာတတ်မြောက်သူဦးရေး (၉၃) ရာခိုင်နှုန်းကျော် ရှိတယ်လို့ မလေးရှားအစိုးရက တရားဝင် ထုတ်ပြန်ကြေညာထား ပါတယ်။ ဝေးလံခေါင်ပါးတဲ့ တောရွာတွေက ဆင်းရဲတဲ့ လူအနည်းစုဟာ သူတို့သားသမီးတွေကို ကျောင်းမပို့နိုင်ကြဖူးလို့ ဆိုပါတယ်။ မြို့ပေါ်မှာတော့ ကလေးတိုင်းကျောင်းတက် ရပါတယ်။ မိဘကကျောင်းမထားပေးနိုင်တဲ့ ကလေးတွေနဲ့ မိဘမဲ့ကလေးတွေကို လူမှုရေးအဖွဲ့အစည်းတွေက စောင့်ရှောက်ပြီး ပညာသင်ပေးပါတယ်။ မလေးရှားမှာ သူတို့နိုင်ငံသား စစ်စစ်ထဲက ကလေးအလုပ်သမား မရှိပါ။ တရားမ၀င် ရောက်လာတဲ့ နိုင်ငံခြားသား ကလေးအလုပ်သမား တော့ရှိတယ်လို့ ဆိုပါတယ်။