လောကမှာ
တရားအရိပ်ပြီးရင် မိဘမေတ္တာရိပ်ထက် လုံခြုံတဲ့အရိပ် မရှိနိုင်ဘူးဆိုတာ လူတိုင်းလက်ခံထားတဲ့
အမှန်တရားပါ။ မိခင်တွေကသာ သားသမီးတွေကို အသက်ပေးပြီး စောင့်ရှောက်ကြသလို၊ ဖခင်တွေက
သားသမီးတွေကို ဘ၀တခုလုံးပေးဆပ်ပြီး ကျွေးမွေးစောင့်ရှောက် ကြသူတွေပါ။ မိဘအရိပ်နဲ့ကင်းကွာပြီး
ရင်ခွင်မဲ့ဘ၀နဲ့ ကြီးပြင်းရတဲ့သူတွေ ဘ၀ကိုဘယ်လို အဓိပ္ပါယ်ဖွင့်ကြမှာပါလိမ့်။
ကျွန်မ
သူနာပြူတက္ကသိုလ်တက်တုန်းက ရွှေဂုံတိုင် မိဘမဲ့ကလေးထိန်းကျောင်းကို လေ့လာရေးသွားခဲ့ ရပါတယ်။
အသက် (၅)နှစ်အောက် မိဘမဲ့ကလေးတွေကို စောင့်ရှောက်တဲ့ လူမှုဝန်းထမ်းဦးစီဌာန လက်အောက်က
ဌာနတခုဖြစ်ပါတယ်။ ကျွန်မတို့ ရောက်သွားတော့ ဌာနအကြီးအကဲနဲ့ ၀န်ထမ်းအချို့က ကလေးထိန်းကျောင်းရဲ့
ဆောင်ရွက်ချက်တွေနဲ့ ကျွန်မတို့ သိချင်တာတွေကို ရှင်းပြပေးပါတယ်။သူတို့ရှင်းပြတာတွေ
နားထောင်ပြီးတော့ ကျွန်မတို့ ကလေးတွေနဲ့တွေ့ရ ပါတယ်။ဆင်တူဝတ်စုံတွေနဲ့ ကလေးငယ်တွေ ကျွန်မတို့ကို
အပြေးအလွှား ဆီးကြိုဖက်တွယ်ကြပါတယ်။ သူတို့လေးတွေ ယုယချီပိုးခံချင်လို့ ပြေးဖက်လာကြတာပါ။
ကျွန်မတို့သူငယ်ချင်းတစုလည်း တယောက်ကို ကလေးနှစ်ယောက်စီ ချီထားကြပါတယ်။ ကြာကြာမချီနိုင်တော့
ကြမ်းပြင်မှာ တင်ပလင်ခွေထိုင်ပြီး၊ ကလေးနှစ်ယောက်ကို ပေါင်တဖက်စီပေါ် တင်ထားကြပါတယ်။
ကြင်နာယုယမှုကို အငန်းမရ လိုချင်မွတ်သိပ်နေရှာတဲ့ ရင်ခွင့်မဲ့ကလေးတွေကို မြင်ရတာ ကြေကွဲစရာကောင်းပါတယ်။