Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Saturday, 31 August 2013

ရေးပါ အမှန်ကိုရိုးသားစွာရေးပါ



သြဂုတ်လ ၃၁  ဘလော့ဂါများနေ့ အမှတ်တရ စာတစ်ပုဒ်ရေးချင် ပါတယ်။ မနှစ်တုန်းကလည်း ဘလော့ဂါနေ့မှန်း မသိလိုက်ပေမဲ့ မနေ့ကဝေဒနာ ဆိုတဲ့စာတစ်ပုဒ်ကို ရေးဖြစ်လိုက် ပါတယ်။ ကျွန်မ ဘလော့ရေးတာ (၂) နှစ်ရှိပါပြီ။ လာဖတ်တဲ့သူ ပြောရလောက်အောင် မများပေမဲ့ ကျွန်မစာတွေ ဆက်ရေးနေပါတယ်။ မလေးရှားကထုတ်တဲ့ အပြင်စီး မဂ္ဂဇင်းမှာတော့ အမြဲရေးဖြစ်တယ်။ မြန်မာနက်ဝပ် နဲ့ မေတ္တာဥယျဉ်မှာ ကျွန်မရေးတဲ့ စာအချို့တင်ဖြစ်ပါတယ်။ စာရေးတာကို ၀ါသနာပါလို့ ကျွန်မရေးပါတယ်။ စာရေးခြင်း စာဖတ်ခြင်းအလုပ်ကို မြတ်နိုးလို့ ကျွန်မအချိန်တွေကို စာပေအတွက် များများသုံးနိုင်အောင် ကြိုးစားပါတယ်။
 
ကျွန်မ ဘလော့မရေးခင်က စီနီယာဝါရင့်ဘလော့ဂါများရဲ့ စာတွေလိုက်ဖတ်ပြီး သူတို့ကို လေးစားအားကျခဲ့ပါတယ်။ အတွေ့အကြုံ ဗဟုသုတတွေကို မျှဝေချင်ကြလို့ အချိန်ကုန်ခံပြီး အလကားရေးသား နေကြတဲ့ ဘလော့ဂါများကို လေးစားတဲ့အကြောင်း စာရေးဆရာမ ဒေါ်နုနုရည် (အင်းဝ)ရဲ့ ဂုဏ်ပြုစာကိုဖတ်မိဖူး ပါတယ်။  အချို့က ရေးချင်တဲ့စာကို လွတ်လွတ်လပ်လပ် ရေးရအောင် ဘလော့မှာရေးတယ်။ တချို့ကတော့ မရေးရမနေနိုင်လို့ ရေးတယ်၊ အချို့ကလည်း အထီးကျန်ဝေဒနာကို ကုစားဖို့ ဘလော့ရေးတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် စာဖတ်သူတွေ နှစ်သက်ရာစာကို လွတ်လွတ်လပ်လပ် ဖတ်နိုင်အောင် မိမိတို့အားသန်သလို ရေးကြတာ ကောင်းပါတယ်။ နယ်ပယ်ပေါင်းစုံက အတွေ့အကြုံတွေကို အတွေးရှုထောင့်မျိုးစုံနဲ့ ရေးကြတာ လိုက်ဖတ်လို့တောင် မကုန်နိုင်ဘူး။

စာပေပညာရှင်တွေ ၀ါသနာရှင်တွေ စာရေးကြတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာနဲ့ အိုင်တီပညာရှင်တွေ စာရေးကြတယ်။ ထို့အတူပဲ ကျောင်းဆရာမ၊ သူနာပြုနဲ့ အိမ်ရှင်မတွေ စာရေးကြရင်သိပ်ကောင်း ပါတယ်။ တွေ့ကြုံ ခဲ့သမျှကို ပြန်ဆင်ခြင်သုံးသပ်ပြီး စာတွေရေးရင် ဘ၀စာမျက်နှာတွေဟာ အက္ခရာတင်ကျန်ရစ် ပါလိမ့်မယ်။ စာရေးခြင်းနဲ့ ပတ်သက်ပြီး၊ ပြန်လည်ဆင်ခြင်းသုံးခြင်း ( Reflection) အကြောင်း အနည်းငယ် ထည့်ရေးချင်ပါတယ်။ ပညာရပ်တိုင်း နယ်ပယ်တိုင်းမှာ ပြန်လည်ဆင်ခြင်သုံးသပ်တဲ့ အလေ့အကျင့် Reflective practice ရှိမှသာ တိုးတက်နိုင်ပါတယ်။ နောက်ကြောင်းပြန်တွေးကြတယ်၊ အရင်ကအကြောင်းတွေကို စမြုံ့ပြန်ပြောကြတယ် ဆိုတာဟာလည်း Reflection လို့ဆိုနိုင်ပါတယ်။ ပြန်တွေး ပြန်ပြောတဲ့ အကြောင်းအရာတွေထဲက တရားနည်းလမ်းမကျတာတွေ အားနည်းချက်တွေကို အမှန်တိုင်းပြန်မြင်နိုင်ပြီး၊ ဘယ်လိုပြုပြင်သင့်တယ် ဆိုတာကို တွေးနိုင် သုံးသပ်နိုင်ရင်တော့ (Critical Reflection) အဆင့်ကို ရောက်ပါတယ်။ တွေးနိုင် သုံးသပ်နိုင်ပြီး၊ ဖတ်ကောင်းတဲ့ စာတွေရေးနိုင်ဖို့ စာဖတ်အားကောင်းဖို့ လိုပြန်ပါတယ်။

ဆင်ခြင်သုံးသပ်မိသမျှကို အများသိအောင် ပြန်ရေးတာကတော့ (Reflective writing) ဖြစ်ပါတယ်။ ဂဘ်စ်ရဲ့ ပြန်လည်ဆင်ခြင်နည်း ပုံစံ (Gibb’s Model of Reflection) ဥပမာပေးပြီး၊ ပြန်လည်ဆင်ခြင် စားရေးနည်းလေးကို အကျဉ်းချုံး ဖော်ပြချင်ပါတယ်။ ဒီမော်ဒယ်က လွယ်ကူရှင်းလင်းလို့ လူကြိုက်များပါတယ်။ သူနာပြု ဘာသာရပ်မှာ Reflective Assignments ရေးရင် ဒီမော်ဒယ်ကို တော်တော်များ သုံးကြတာကို တွေ့ရပါတယ်။ အခြားပညာရပ် နယ်ပယ်တွေမှာလည်း သုံးလို့ကောင်းပါတယ်။ 

ပထမဆုံးအဆင့်မှာ ရေးသားတင်ပြခြင်း (သို့) ဖော်ထုတ်ပြောပြခြင်း (Description) ဖြစ်ပါတယ်။ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်ကို အစီအစဉ် တကျရေးမယ်။ စာဖတ်သူနားလည်အောင် ရှင်းရှင်းလင်းလင်းနဲ့ စိတ်ဝင်စားစရာ ဖြစ်အောင်ရေးမယ်။ စာရေးတဲ့ အလေ့အကျင့် များလားရင် အရေးအသား ပိုမိုကောင်းမွန် ပြေပြစ်လာပါလိမ့်မယ်။ အကြောင်းအရာလေး တစ်ခုကို ကျွန်မပြောကြည့် ပါမယ်။ ကျောက်ကပ်မကောင်းတဲ့ လူနာတွေ တပတ်သုံးကြိမ် ကျောက်ကပ်ဆေးပြီး အသက်ရှင်ရပါတယ်။ မြန်မာပြည်မှာတော့ ပိုက်ဆံချမ်းသာမှသာ နှစ်ရှည်လများ ကျောက်ကပ်ဆေးဖို့ ဖြစ်နိုင်ပါတယ်။ မလေးရှားမှာတော့ ဆင်းရဲသားတွေ ကျောက်ကပ်ဆေးနိုင်အောင် စေတနာရှင် အဖွဲ့အစည်းတွေက ကူညီကြပါတယ်။ ဒီအကြောင်းကို တွေးရင်းရေးရင်းက ကျောက်ကပ်မဆေးနိုင်လို့ ဝေဒနာကို မချိမဆန့် ခံစားရတဲ့ မြန်မာပြည်က လူနာတွေကို ကျွန်မမျက်စိထဲ ပြန်မြင်ယောင်မိပါတယ်။ တွေးပြီး စိတ်မကောင်း ဖြစ်ရတဲ့ ခံစားချက် (Feeling) ဆိုတဲ့အဆင့်ကို ရောက်လာပါတယ်။ 

ခံစားချက်တွေ အတွေးတွေဆိုတာ အင်မတန် အဖိုးတန်တဲ့ နာမ်ပစ္စည်းတွေပါ။ ခံစားရတဲ့အခါ ကျွန်မတို့ တွေးခေါ်တဲ့ ပုံစံတွေပြောင်းသွား ပါတယ်။ ခံစားရလို့ စာနာတတ်လာတယ်။ ကိုယ်တိုင်ခံစားရတာတွေကို သူများတွေသိအောင် ရေးလိုက်တဲ့အခါ အဲဒီခံစားချက်တွေက စာဖတ်သူတွေဆီ ကူးသွားတယ်။ စာဖတ်သူတွေရဲ့ နှလုံးသားကို ထိရှသွားတယ်။ စာဖတ်ခြင်းကရတဲ့ ရသတွေဟာ လူတွေရဲ့ အတွေးအခေါ်ကို ပုံစံပြောင်းပေးနိုင်ပါတယ်။ ခံစားရလို့ တွေးမိရာက ပြန်လည်သုံးသပ်တဲ့အဆင့်  (Evaluation) ကိုရောက်လာပါတယ်။
 


Gibbs Model of Reflection, 1988

Sunday, 4 August 2013

သစ္စာ (မင်းကိုနိုင်)

အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏၀ိဥာဏ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိဥာဏ်  ပူးကပ်ဝင်၍
ကျွန်ုအားထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်
မထောက်မညှာ ပြုခဲ့ပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ် အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုအသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းပဲ
တာဝန်တရပ် ကျေပွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဥာဏ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုကြပါလေ။

မင်းကိုနိုင်

အပြင်စီးမဂ္ဂဇင်း၊ သြဂုတ်လ ၂၀၁၃တွင် ဖော်ပြသော မင်းကိုနိုင်၏ ကဗျာ သို့မဟုတ် သစ္စာစကားကို          ၈၈ ငွေရတု အမှတ်တရအဖြစ် ကျွန်မ၏ဘလော့တွင် ရေးတင်မိပါသည်။

သစ္စာတရားကို မြတ်နိုးသူ၊ သစ္စာစောင့်သိသူတိုင်းကို အလေးပြု ဦးညွှတ်လျက်

နှလုံးလှ စာပေဟောပြောပွဲ (ဇူလိုင် ၂၀၁၃၊ ၆၆ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)



 
နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) ရန်ပုံငွေအဖြစ် ကျင်းပသော (၆၆)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ဇူလိုင်လ (၁၄)ရက်နေ့တွင် SM ခန်းမ ကျင်းပခဲ့ပါသည်။ ရန်ကုန် နာရေးကူညီမှုအသင်း ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့မှ လာရောက်ဟောပြောခဲ့ ပါသည်။ အခမ်းအနား မစတင်မှီ ဗိုလ်ချုပ်အောင်ဆန်းနှင့်အကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို အလေးပြုပြီး၊ နိုင်ငံတော်သီချင်းကို သီိဆိုကြသည်။
ပညာတန်ခိုးနှင့် ပရဟိတလူမျိုးခေါင်းစဉ်ဖြင့် ကိုဂျင်မှီမှ ပထမဆုံးဟောပြော ပါသည်။ စာပေဟောပြောပွဲသှို့ တက်ရောက်လာကြသော ပုရိတ်သတ်များကို ကိုဂျင်မီက ရင်ထဲကလာသော စကားဖြင့် မင်္ဂလာပါဟု လှိုက်လှိုက်လှဲလှဲနုတ်ဆက်၍ ဟောပြောပွဲကို စတင်ပါသည်။ ဟောပြောကျင်းပရန် (၄)လခန့် ကြိုတင်ပြင်ထား ခဲ့သော်လည်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကြောင့် လာရန်သင့်မသင့် စုံးစမ်းခဲ့ရပါသည်။ မလေးရှားအဖွဲ့များက ယခုလိုအခြေအနေမျိုးတွင် လာရန်ပို၍လိုအပ်ကြောင်း ပြောသဖြင့် လာခဲ့ကြပါသည်။ ပြည်ပရောက်မြန်မာများအတွက် ခွန်များမျှဝေပေးရန် ရောက်လာခြင်းဖြစ်သည်။
မြန်မာလူမျိုးများသည် ပညာကိုတန်ဖိုးထား၍ ပရဟိတကို မြတ်နိုးသော လူမျိုးဖြစ်သည်။ ပညာတန်ခိုးနှင့် ပရဟိတ လူမျိုးသာလျှင် ကမ္ဘာမှာ အထက်တန်းသို့ ရောက်နိုင်သည်။ မြန်မာတို့သည် ပညာကို တန်ဖိုးထားပါလျှက် ပရဟိတကို မြတ်နိုးပါလျှက် အောက်ကျနောက်ကျ ဖြစ်နေရခြင်းမှာ နှစ်ပေါင်းငါးဆယ်ကျော် ရက်ရက်စက်စက် ဖျက်ဆီးခံ ခဲ့ရသောကြောင့် ဖြစ်သည်။ ပညာဆိုသည်မှာ အမှန်တရားကို ထိုးထွင်းသိမြင်နိုင်ခြင်းကို ဆိုလိုသည်။ ပညာဟုဆိုလျှင် အတန်းပညာနှင့် မပြီး၊ အတန်းပညာသည် အမှန်တရားကို ထိုးထွင်းသိမြင်နိုင်ရန် အထောက်အကူ ပြုသည်။ အခြေခံပညာ အားနည်းသည့်အခါ အမှန်ကိုသိခွင့်မရ၊ လမ်းလွဲသွားကြသည်။ ၁၉၈၈ ၀န်းကျင်က ပညာရေးသည် ယခုအချိန်ထက်စာလျှင် မဆိုးသေးဟုဆိုနိုင်သော်လည်း၊ ထိုအချိန်ကတည်းက သင်ထောက်ကူ ပစ္စည်းများ မလုံလောက်ခြင်း၊ လက်တွေ့လေ့လာရန်လိုအပ်သော ပစ္စည်းကိရိယာများ ပျက်စီးယိုယွင်းနေခြင်းတို့ကြောင့် ထိရောက်စွာ သင်ကြားခွင့်မရခဲ့သည့် တက္ကသိုလ်ကျောင်းက အတွေ့အကြုံများကို ပြောပြခဲ့ပါသည်။ သိပ္ပံပညာရှင် ဖြစ်ချင်သောကြောင့် ရူပဗေဒ ဘာသာရပ်ကို သင်ယူခဲ့သော ကိုဂျင်မီသည် ရည်းမှန်းချက်နှင့် ဝေးခဲ့ရသည်။
အခြေခံပညာအားနည်း၍ အမှန်တရားကို သိခွင့်မရသော မြန်မာပြည်သူများသည် အကြောက်တရားများကြောင့် အမှန်ကိုထုတ် မပြောရဲကြပေ။ အကြောက်တရားတွင် ရိုးသားသော အကြောက်တရားနှင့် မရိုးသားသော အကြောက်တရားဟူ၍ နှစ်မျိုးရှိသည်။ မိမိဆွေမျိုး အသိုင်းအ၀ိုင်း ထိခိုက်နစ်နာမည်ကို စိုးရိမ်၍ကြောက်ခြင်းသည် ရိုးသားသော အကြောက်တရားဖြစ်သည်။ မိမိကြီးပွားချမ်းသာရေးအတွက် အထက်ဖား အောက်ဖိလုပ်ခြင်းသည် မရိုးသားသော ကြောက်ခြင်းဖြစ်သည်။ အမှန်တရားကို မြတ်နိုးသော မြန်မာလူမျိုးများသည် အမှန်တရားကို ပြခွင့်မရပါက နှလုံးသားထဲတွင် သိမ်းဆည်းထားပြီး၊ အခွင့်အရေးရပါက အမှန်ကို ထုတ်ဖော်ပြောကြသည်။            ၈၈ အရေးအခင်းကြီးသည် အမှန်ကို ထုတ်ဖော်ပြသော သာဓကဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် အခွင့်အရေးရခိုက် အမှန်တရားကို ပြလိုက်ခြင်း ဖြစ်သည်။ မကြာသေးခင် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည်လည်း အမှန်တရားကို ဖွင့်ပြလိုက်ခြင်းဖြစ်သည်။