မြန်မာဖတ်စာမှာသင်ရတဲ့
အဖိုးအိုနဲ့ သားသုံးယောက်အကြောင်းကို မှတ်မှိကြပါလိမ့်မယ်။ အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ၊ တရွာတကျီဆောက်ပါ၊ ဦးခေါင်းသုံးလုံးရှိသူကို
ဆည်းကပ်ပါ လို့ အဖိုးအိုက သားတွေကို ဆုံးမခဲ့တဲ့ စကားသုံးခွန်းဟာ ဘ၀တခုတည်ဆောက်ရာမှာ
အရေးပါသော ပညာရှိစကား ဖြစ်ပါတယ်။ ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ ဆိုတဲ့စကားနဲ့
ပတ်သက်ပြီး၊ ကျွန်မရဲ့ အတွေးအမြင် အချို့ကို ကိုယ်တွေ့သဘောနဲ့ယှဉ်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။
အသက်အရွယ်အိုမင်းလာတဲ့
အဖိုးအိုအဖွားအိုတွေ ဦးခေါင်းကို တည့်အောင်မထိန်းနိုင်တော့ပဲ ဒူးနှစ်လုံးကြား ခေါင်းဝင်နေတဲ့
အခြေအရောက်နေကြတာကမို့ ဦးခေါင်သုံးလုံးရှိသူအဖြစ်
တင်စားခြင်းဖြစ် ပါတယ်။ ပထမအရွယ်၊ ဒုတိယအရွယ်နဲ့ တတိယအရွယ် အရွယ်သုံးပါးက အတွေ့ကြုံတွေရှိနေကြလို့
အဖိုးအဖွားတွေဟာ တကယ်လည်း ဦးနှောက် သုံးခုရှိကြသူတွေပါ။ ကျွန်မတို့ထက်အရင် လူဖြစ်ခဲ့ကြသူတွေမို့
ကျွန်မတို့ မသိသေးတာတွေကို တွေ့ကြ၊ကြုံကြ၊ သိပြီးနေကြသူတွေဖြစ်တဲ့ အဖိုးအိုအဖွားအိုတွေကို
မှီဝဲဆည်းကပ် နည်းယူကြဖို့လိုပါတယ်။ ယူတတ်မယ်ဆိုရင် သုံးမကုန်နိုင်တဲ့ ဘ၀ပညာတွေကို
အဖိုးအို အဖွားအိုတွေဆီက ရယူနိုင်ပါတယ်။ အနီးစပ်ဆုံးဖြစ်တဲ့ မိဘဖိုးဖွားတွေဟာ ကျွန်မတို့ရဲ့
လက်ဦးဆရာ ငယ်ဆရာတွေပဲဖြစ်ပါတယ်။
ကျွန်မ
ငယ်ငယ်က အမေ့ဘက်က အဖိုးနဲ့အဖွားနဲ့ပဲ ရင်းနှီးခဲ့ပါတယ်။ အဖေ့ဘက်က အဖိုးနဲ့အဖွားက အသက်တိုကြသူတွေမို့
ကျွန်မ မမြင်ဖူးလိုက်ပါ။ အမေဘက်က ကျွန်မရဲ့ အဖိုးနဲ့အဖွားနှစ်ယောက်လုံး မြေးတွေအပေါ်
သံယောဇဉ်ကြီးကြ ပါတယ်။ အဖိုးရဲ့အကြောင်းကို ကျွန်မရေးတဲ့ ကရင်ဈေးရောင်း ဆောင်းပါးမှာ
အနည်းငယ် ထည့်ရေးခဲ့ပါတယ်။ သဘောထားဖြောင့်တဲ့ ကျွန်မတို့အဖိုးဟာ ခွတီးခွကျသိပ်နိုင်
ပါတယ်။ သူ့အင်းကငါးတွေကို အမျိုးတွေက စိတ်ကြိုက်သယ်နေတာကို အဒေါ်တွေက မကျေနပ်လို့ ပြောမိရင်
အဖိုးက သိပ်စိတ်ဆိုးပါတယ်။ ကျွန်မအဒေါ်တွေ အိမ်ရှေ့မှာ အလှပန်းတွေစိုက်ထားတာကိုလည်း
အဖိုးက မျက်စိစပါးမွှေးစူးပါတယ်။ အိမ်ကိုလာတဲ့ ဧည့်သည်တွေက ပန်းတွေစိုက်ထားတာ သိပ်လှတာပဲလို့
ပြောရင် အဖိုးက ဘ၀င်မကျပါဘူး။ အခုနေသာ အဖိုးရှိနေသေးရင် ပန်းတွေစိုက်တာကို ဘာလို့မကြိုက်တာ
လဲလို့ ကျွန်မမေးချင်ပါတယ်။ ငယ်ငယ်ကတော့ အဖိုးကြောက်ရတော့ မမေးရဲခဲ့ပါဘူး။ ထမင်းစားပြီးရင်
ဗိုက်တင်းတယ်လို့ ညည်းမိရင် အဆူခံရပါတယ်။ ထမင်းစားရင် အစာကြေလွယ်အောင် ဗိုက်ပြည့်ရုံပဲ
စားရမယ်၊ မဆန့်ရင်ကာ မစားရဘူးလို့ အဖိုးက ဆုံးမပါတယ်။
ဘုန်းကြီးကျောင်းသား
ကျွန်မအဖိုးဟာ ပညာရှိတယောက် မဟုတ်ပေမဲ့ သူတော်ကောင်း တယောက်လို့တော့ ပြောနိုင်ပါတယ်။
ဝါတွင်းသုံးလမှာ ဥပုဉ်နေ့တိုင်း မပျက်မကွက် ဥပုဉ်စောင့်ပါတယ်။ အခါတွင်းဆိုရင် သင်္ကြန်
အကြိုနေ့ကနေ နှစ်ဆန်းတရက်နေ့ထိ ဥပုဉ်နဲ့ပဲနေပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ ၀ါသနာမပါတဲ့
အဖိုးဟာ ဘုန်းကြီးဆိုရင် သိက္ခာပုဒ်များနဲ့ ညီအောင်နေမှ ကြည်ညိုပါတယ်။ သမီးငါးယောက်မွေးထားတဲ့
အဖိုးဟာ သူ့သမီးတွေကို သူများယောက်ျားကလွဲရင် ဘယ်သူနဲ့မဆို သဘောတူတယ်လို့ ဆိုပါတယ်။
အဲဒီစာရိတ္တ သွေးကို အမေကောင်းကောင်း အမွေရခဲ့ပါတယ်။ ဗုဒ္ဓစာပေ ကျန်းဂန်တတ်ကျွမ်းတဲ့
အဖိုးကို မရှင်းမလင်းတာ ရှိရင် အကုန်မေးလို့ ရပါတယ်။ ငယ်ငယ်က မေးရကောင်းမှန်း မသိခဲ့တဲ့ကျွန်မ
ခုနေများအဖိုးရှိနေသေးရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။