Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Thursday, 13 December 2012

စာတွေဖတ်ရင်း စာရေးကြမယ်


မြန်မာပြည်မှာ စာဖတ်ခြင်း၊ စာရေးခြင်း ယဉ်ကျေးမှုတရပ် ပြန့်ပွားလာအောင် စာပေပညာရှင်များနဲ့         
ဝါသနာရှင်များက အားထုတ်ကြိုးပမ်း နေကြတာကို အားကျစိတ်ဖြစ်လို့၊ ကျွန်မလည်း ၀ါသနာရှင်  တစ်ဦးအဖြစ် ပါဝင်ခဲ့မိပါပြီ။ အပြင်စီး မဂ္ဂဇင်းကြောင့် ကျွန်မအိပ်မက် မက်ဖူးတဲ့စာရေးသူဘ၀ကို ခြေလှမ်းစနိုင်ခဲ့ ပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက စာရေးချင်တဲ့ ၀ါသနာပိုးလေး ရှိနေခဲ့ပါတယ်။
ကျောင်းမှာ စာစီစာကုံးရေးတာ ကျွန်မပျော်ပါတယ်။ ကျွန်မရေးတဲ့ စာစီစာကုံးတွေ အရမ်းကြီး မကောင်းပေမဲ့ ဆရာ၊ ဆရာမတွေ သဘောကျ အောင်ရေးနိုင်ခဲ့ ပါတယ်။ ဆယ်တန်းတုန်းကဆို ရေသည်ပြဇာတ် သင်တဲ့ အချိန်မှာ အကြာခဏအိပ်ငိုက်တတ် လို့ ဆရာမက ကျွန်မကိုမကြည်ပါဘူး။ ကျွန်မရေးတဲ့ စာစီစာကုံးတွေ ဖတ်ရတော့မှ ဆရာမကျွန်မကို ပြန်ကြည်သွားပါတယ်။ ကျွန်မမှာ အဲဒီလိုအစွမ်းအစလေးတော့ ရှိခဲ့ပါတယ်။
ဆယ်တန်းစာမေးပွဲဖြေပြီးတော့ အားတဲ့အချိန်တွေမှာ စာတွေများများဖတ်ဖြစ်လာပြီး၊ စာရေးဆရာတွေကို အားကျတဲ့စိတ် ဖြစ်လာပါတယ်။ အတွေ့အကြုံတွေ ရင့်ကျက်လာတဲ့အခါ စာတွေရေးမယ်လို့ စိတ်ကူးဖြစ်ခဲ့ ပါတယ်။
သူနာပြုတက္ကသိုလ် လေးနှစ်တက်တဲ့ အချိန်တုန်းက စာတွေရေးချင်ပေမဲ့ ရေးစရာအကြောင်းအရာ တွေ ရှာမရခဲ့ပါဘူး။ ကျောင်းပြီးလို့ အလုပ်ဝင်ခါစ အချိန်တွေတုန်းကလည်း စာရေးဖို့ပြင်ကြည့် ပါသေးတယ်။ အတွေ့အကြုံနဲ့ အတွေးအခေါ်တွေ စာရေးရလောက်အောင် မရှိသေးတော့ ရေးဖို့အစကို ရှာမရခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ဘ၀အခက်အခဲတွေ၊ လောကဓံမုန်တိုင်းတွေကို ရင်ဆိုင်ရုန်းကန် ရလွန်းတော့ စာရေးချင်တဲ့ ၀ါသနာကို နှစ်တွေတော်တော်ကြာအောင် ကျွန်မမေ့နေခဲ့ ပါတယ်။
မလေးရှားကိုရောက်လာတေ့ စိတ်မပျော်လို့ စာအုပ်တွေပြန်ဖတ်ဖြစ်ခဲ့ပြီး၊ စာရေးချင်စိတ်တွေ ပြန်ဖြစ်ပေါ်လာ ပါတယ်။ ဒါပေမဲ့ ကျွန်မအများဆုံးဖတ်ဖြစ်တာက တက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထုတွေနဲ့ ဒေါ်ခင်နှင်းယုရေးတဲ့ စာတွေ၊ ၀တ္ထုတွေ။ သူတို့ရေးတဲ့စာတွေကို ဖတ်ပြီး၊ အဲဒီလောက်ကောင်းတဲ့ စာပေမျိုးကို ကျွန်မဘယ်လို ရေးနိုင်မှာလဲလို့ တွေးမိပါတယ်။ အဲဒီလိုတွေးမိရာက စာရေးဖို့လက်တွန့် ခဲ့ပါတယ်။ နောက်တော့ ကွာလာာလမ်ပူ စာပေဟောပြောပွဲကိုလာရင်း အပြင်စီးမဂ္ဂဇင်း ပထမဦးဆုံးလထုတ်ကို ၀ယ်ဖတ်ကြည့်ရာက စာရေးဖို့စိတ်ကူးကို အကောင်အထည်ဖော် ဖြစ်ခဲ့ပါတယ်။ တကယ့်ကို အနုပညာမြောက်ပြီး၊ စူးရှထိမိတဲ့စာ တွေ မရေးနိုင်သေးပေမဲ့၊ စာဖတ်သူတွေကို မှတ်သားစရာ တခုခုပေးနိုင်တဲ့ စာတွေကြိုးစား ရေးကြည့်မယ်လို့ စိတ်ကူးဖြစ်ပါတယ်။
အပြင်စီးမဂ္ဂဇင်းကြောင့် ကျွန်မရဲ့ စာရေးချင်တဲ့ ၀ါသနာပိုးလေး အသက်ဝင်ရှင်သန်လာခဲ့ ပါတယ်။ အမေ့ကို လွမ်းဆွတ်သတိရချိန်နဲ့ တိုက်ဆိုင်နေလို့ ကျွန်မဘ၀ရဲ့ပဲ့ကိုင်ရှင် အမည်နဲ့ ပထမဆုံး ဆောင်းပါးစာစုကို ရေးခဲ့ ရာက နောက်ထပ်စာတွေ ရေးဖြစ်ခဲ့ပါတယ်။ ရေးခါစမို့ အချိုးမကျလှတဲ့ ကျွန်မရဲ့စာတွေကို မဂ္ဂဇင်းစာမျက်နှာ ပေါ်တင်ပေးတဲ့အတွက် ဆရာဦးသက်ဆွေကို ကျေးဇူးအထူးတင်ကြောင်း ဒီစာရေးပြီးပြောလိုပါတယ်။ စာပေနယ်ထဲကို ခြေလှမ်းဝင်ဖြစ်အောင် ဆွဲခေါ်ပေးတဲ့ ကျွန်မရဲ့လက်ဦးဆရာ ဆိုရင်လည်းမမှားပါဘူး။
စာရေးတာ အကျင့်ရလာတော့ တွေးအားကောင်းလာပြီး၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုရှိလာပါတယ်။ စာတွေရေးသားခြင်းဟာ စာရေးဖတ်သူတွေကို အကျိုးပြုရုံသာမက၊ စာရေးသူရဲ့ ဘ၀အဆင့်အတန်းကို မြင့်တင်ပေးပါတယ်။ စာရေးနိုင်ဖို့ စာတွေများများဖတ်ပြီး လေ့လာရတယ်။ တွေးရတယ်။ အမြဲမပြတ်စဉ်းစား ဆင်ခြင်ရပါတယ်။ ဒီအတွက်ရလာတဲ့ အသိပညာဖွံ့ဖြိုးမှုက ရှိရှိသမျှ ရုပ်ဝတ္တုပစ္စည်းတွေထက် တန်ဖိုးမြင့် ပါတယ်။ စာပေအခြေခံရှိထားရင် ပညာရပ်စာပေတွေ၊ နိုင်ငံတကာစာပေတွေကို လေ့လာတဲ့အခါ နားလည်လွယ်ပြီး၊ ပွင့်လင်းတဲ့အသိဥာဏ်တွေ ရလွယ်ပါတယ်။
စာပေတွေကို လေ့လာရေးသားရာမှာ အင်္ဂလိပ်စာ ကျွမ်းကျင်ရင် ပိုပြီးအကျိုးများပါတယ်။ အားမတန်ပေမဲ့ ရည်မှန်းချက်ကြီးခဲ့တဲ့ကျွန်မ အင်္ဂလိပ်စာကို အချိန်ပေးလေ့လာခဲ့ ပါတယ်။ အားရင် အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ စာတွေဖတ်ပြီး၊ အတိုအထွာလေးတွေ အင်္ဂလိပ်လို ရေးကျင့်ပါတယ်။ အဲဒီလို မြန်မာစာ၊ အင်္ဂလိပ်စာ မတောက်တခေါက် ရေးခဲ့တာတွေဟာ မလာယာတက္ကသိုလ်မှာ သူနာပြု မဟာသိပ္ပံဘွဲ့လွန်တက်တော့ အစိုင်းမန့် (Assignment) တွေးရေးတဲ့အခါ အလွန်ပဲ အထောက်အကူဖြစ်ခဲ့ ပါတယ်။ စာဖတ်ထားတဲ့ အခံရှိတော့ နိုင်ငံတကာသုတေသန စာတမ်းတွေကို ဖတ်ရတာနားလည် လွယ်ပါတယ်။ သူတို့တိုင်းပြည်က တိုးတက်မှုတွေ အတုယူစရာတွေကို မြင်တတ်လာပါတယ်။ ဖတ်ပြီးပြန်ရေး တဲ့အခါမှာလည်း စာတွေရေး ထားတဲ့အခံရှိနေတော့ ပြေပြေပြစ်ပြစ် ပြန်ရေးနိုင်ခဲ့ပါတယ်။ ကျွန်မေ၇းတဲ့ အစိုင်းမန့်တွေကို အတူတက်နေတဲ့ မလေးရှားက သူငယ်ချင်းများနဲ့၊ မလာယာတက္ကသိုလ်က သူနာပြုကထိကတွေ သဘောကျကြပါတယ်။
မျက်မှောက် နည်းပညာခေတ်မှာ ပညာရှင်တွေကို စာတွေရေးဖို့တွန်းအားတွေပေး လာပါတယ်။ မလာယာ တက္ကသိုလ် အပါအ၀င် နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်မှာ တာဝန်ထမ်းရွက်တဲ့ ကထိက၊ ပါမောက္ခတွေကို သုတေသနဆောင်းပါး သို့မဟုတ် ဆိုင်ရာပညာရပ်ဆောင်းပါး နှစ်စဉ်ရေးဖို့ သတ်မှတ် ချက်တွေ ရှိလာပါတယ်။ ဘွဲ့လွန်ကျောင်းသား တွေအားလုံး ဆိုင်ရာပညာရပ်ဂျာနယ်မှာ ဆောင်းပါးရေးသား ဖော်ပြနိုင်မှ ဘွဲ့လက်မှတ် ပေးတာမျိုးတွေ ရှိလာပါပြီ။ စာဖတ်ခြင်း၊ စာရေးခြင်းဖြင့် အသိအမြင် ဗဟုသုတတွေ ဖလှယ်ကြသော ယဉ်ကျေးမှု ကျယ်ပြန့်လာအောင် ပညာရှင်တွေ၊ စာပေ၀ါသနာရှင်တွေက ဦးဆောင်ကြိုးပမ်း ကြရမှာဖြစ် ပါတယ်။
ပညာသည် လွတ်လပ်ခြင်း ရွှေတံခါးကိုဖွင့်ပေးတဲ့ သော့ဖြစ်တယ် “Education is the key to unlock the golden door of freedom."  လို့ အမေရိကန်လူမည်း ကျွန်မိဘနှစ်ပါးမှ ဖွားမြင်ခဲ့တဲ့ သိပ္ပံပညာရှင် George Washington Carver ကပြောခဲ့ပါတယ်။ ဂျော့ဝါရှင်တန်ဟာ ပညာသင်ယူလို့စိတ် ပြင်းထန်ခဲ့မှု ကြောင့် လူမည်းကျွန်အမျိုးအနွယ် ဘ၀ကနေ အောင်မြင်ကျော်ကြားတဲ့ သုတေသနပညာရှင်ဖြစ်ခဲ့ပြီး၊ သိပ္ပံပညာတီထွင်သူ တဦးလည်းဖြစ်ခဲ့ပါတယ်။ ပညာသည်သာ လူတွေရဲ့ဘ၀ကို တောက်ပြောင်စေတယ် ဆိုတာ ဘယ်တော့မှမမှားသော အမှန်တရားဖြစ် ပါတယ်။
ကျွန်မတို့မြန်မာတွေ နွားခြေရာကွက်ထဲကနေ ထွက်ပြီး၊ လွတ်လပ်ခြင်းတံခါးကို ဖွင့်နိုင်ကြဖို့ ပညာတည်း ဟူသော ကိုယ်ပိုင်သော့တွေ ရှိကြဖို့ လိုပါတယ်။ ပိတ်လှောင်ခံထားရတဲ့ အခန်းထဲကထွက်ပြီး၊ အသိပညာ အလင်းရောင်တွေကို လွတ်လပ်စွာ ရှာဖွေသင်ယူကြရင်း သိသမျှတတ်သမျှကို ပြန်လည်ရေးသား မျှဝေခြင်း ဖြင့် ပညာခေတ်ကို ရင်ဘောင်တန်းနိုင်အောင် ကြိုးစားကြရပါမယ်။လွတ်လပ်ခြင်းတံခါး ပွင့်သွားတဲ့အခါ အသိပညာ အလင်းရောင်အောက်မှာ သဘာဝရဲ့နိယာမ၊ လောကအလှတရားတွေနဲ့ ချစ်ခြင်းမေတ္တာတွေ အကြောင်းကို နားလည်လာကြလို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ စာတွေလွတ်လပ်စွာ ရေးနိုင်တဲ့အတွက် မြန်မာဘလော့ဂါတွေ၊ စာရေးသူတွေ အများကြီး တိုးလာတာ အားရစရာကောင်း ပါတယ်။ ကိုယ်ပိုင်ဘလော့တွေမှာ မိမိတို့အားသန်ရာ စာတွေကဗျာတွေ ရေးနေကြတာ ဖတ်လို့တောင်မကုန်နိုင်ဘူး။ ဘလော့ဂါတွေကို အားကျလို့ ကျွန်မလည်း ကိုယ်ပိုင်ဘလော့ ရေးတင်ထားတာ ရှိပါတယ်။ စိတ်ဝင်စားလို့ ဝေဖန်အကြံပေးချင်ရင် http://sabephyu.blogspot.com ကိုဝင်ပြီး ဖတ်ရှုဝေဖန်နိုင် ပါတယ်။ သင်ယူစရာတွေ မကုန်နိုင်အောင်ရှိနေတဲ့ ခေတ်ကြီးမှာ ကျွန်မ မသိနား             မလည်သေး တဲ့အရာတွေများစွာ ရှိနေပြီး၊ ကျွန်မသိထားသမျှတွေဟာ မြှူတမှုံစာလောက်ပဲ ရှိပါလိမ့်မယ်။ မြှူတမှုံလောက်အသိလေးနဲ့ စာတွေရေးနေမိလို့ တခါတရံ ကျွန်မထက် အသက်၊ဥာဏ်၊ပညာ ၀ါရင့်သူ စာဖတ်သူတွေအပေါ် ဆရာမကြီးလေသံမျိုးနဲ့ ရေးသားမိတာ၊ အသုံးအနှုန်း မှားရေးမိတာတွေရှိခဲ့ရင် မေတ္တာစိတ်နဲ့ ခွင့်လွတ်ပေးပါလို့ ဒီစာကနေတဆင့်တောင်းပန် ချင်ပါတယ်။
ဝါသနာပါလို့ ကျွန်မစာတွေရေးတဲ့အခါမှာ တတ်နိုင်သလောက် စဉ်းစားချင့်ချိန်ပြီးရေး ပါတယ်။ စာလုံးတိုင်း ကို နှလုံးသားနဲ့ ရေးပါတယ်။ ကျွန်မရေးတဲ့ စာစုတွေဟာ ကျွန်မရဲ့နှလုံးသားထဲက စိမ့်ထွက်လာတဲ့ သွေးစက် တွေပါ။ ရဲရဲတောက် မဟုတ်သော်လည်း အရောင်ခပ်ဖျော့ဖျော့ ကျွန်မရဲ့သွေးစက်တွေ ပေါင်းစုလို့ မြစ်ငယ် ချောင်းငယ်သဖွယ် တသွင်သွင် စီးဆင်းနေတာကို စောင့်ကြည့်ပြီး ပီတိဖြစ်ရမဲ့ နေ့ရက်တွေကို မျှော်လင့်နေမိ ပါတယ်။ ရှေ့ဆက်ပြီး စာဖတ်သူတွေကို အကျိုးပြုနိုင်တဲ့ သုတရသစာပေတွေ၊ ပညာရပ်စာပေတွေ များများရေးနိုင်ချင် ပါတယ်။
ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်ထဲမှာ ကျွန်မရေးတဲ့ စာပေသွေးစက်တွေ စီးးဆင်းစေချင်တဲ့ မြစ်ငယ်နှစ်စင်း ရှိပါတယ်။ အခြေခံလူတန်းစား အလွှာကပေါက်ဖွား ကြီးပြင်းလာသူမို့ ဆင်းရဲသား အောက်ခြေလူတန်းစားတွေ အပေါ်တစုံတရာ အကျိုးပြုနိုင်တဲ့ မြစ်တစင်းအဖြစ် ကျွန်မရဲ့စာတွေ စီးဆင်းစေချင်ပါတယ်။ နောက်တစင်းက သူနာပြုမိခင်ကြီး ဖလော့ရန့်နိုက်တင်ဂေးရဲ့ မြစ်လက်တက် တစ်စင်းပါ။ ကျန်းမာရေး ပညာတွေပေးရင်း ပြည့်သူ့အကျိုးအတွက် ရပ်တည်သော၊ မြန်မာနိုင်ငံသူနာပြုများကို တစုံတရာ အကျိုးပြုနိုင်သော ဖလော်ရာ မြစ်လက်တက် တစင်းကိုလည်း ကျွန်မဖန်တီးတည်ဆောက် ချင်ပါတယ်။
မြစ်တွေချောင်းတွေ ပေါတဲ့မြန်မာပြည်မှာ စာပေရေစီးချောင်းဟာလည်း ဧရာဝတီမြစ်ရေလို ရှင်သန်စီးဆင်းဖို့ လိုပါတယ်။ မြန်မာတွေ မြစ်ချောင်း အင်းအိုင်တွေကို အမှီပြုပြီး အသက်ရှင်သန် နေကြရသလို၊ စာပေမြစ်ရေ ကို အမှီပြုပြီး နှလုံးသားအာဟာရနဲ့ ဘ၀အရသာတွေ ရရှိခံစားနိုင်မှသာ ကျွန်မတို့တိုင်းပြည် ငြိမ်းချမ်းမှာ ဖြစ်ပါတယ်။ လွတ်လပ်ခြင်းတံခါးကို အသိပညာသော့နဲ့ ဖွင့်ပြီး သဘာဝတရားနဲ့ ဓမ္မွကို သိမြင်နိုင်စေဖို့၊  ငြိမ်းချမ်းရေးသံစဉ်တွေ ပျံ့လွင့်နေစေဖို့ စာပေမြတ်နိုးသူတိုင်း စာတွေရေးကြပါစို့လို့ တိုက်တွန်းပါတယ်။

 ရွှင်လန်းချမ်းမြေ့ကြပါစေ
စံပယ်ဖြူ

အပြင်စီးမဂ္ဂဇင်း၊ ဒီဇင်ဘာလ ၂၀၁၂ တွင် ဖော်ပြသောဆောင်းပါး ဖြစ်ပါသည်။

 

No comments:

Post a Comment