Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Tuesday, 1 November 2016

ဒီမိုကရေစီကို နားလည်ကြည့်ခြင်း


ဒီမိုကရေစီစနှစ်နဲ့ ပတ်သက်လို့ ကျွန်မ မှတ်သားနားလည်ထားတဲ့ အခြေခံသဘောတရားတွေကို ကိုယ်ပိုင်အတွေးနဲ့ ပေါင်းစပ်ပြီး စာတပုဒ်ရေးလိုက် ပါတယ်။ ဒီစာကို ရေးတဲ့အခါမှာ နိုင်ငံရေးကို ကျွမ်းကျင်သူအနေနဲ့ ရေးခြင်းမဟုတ်၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သာမန်ပြည်သူ တယောက်အနေနဲ့ ရေးတဲ့စာလို့ မှတ်ယူစေချင် ပါတယ်။
ဒီမိုကရေစီဆိုတဲ့ စကားကို ၁၉၈၈ အရေးအခင်းမှာ စပြီးကြားဖူးခဲ့ပေမဲ့ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိခဲ့ ပါဘူး။ ဘာမှန်းမသိဘဲ နေလာရင်း ဆယ်တန်းရောက်တော့ မြန်မာစာဆရာက စာသင်ရင်း၊ ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးခွန်းတခုမေး ပါတယ်။ ကျောင်းစာကလွဲရင် ဘာမှမသိတဲ့ ကျွန်မ ဆရာ့အမေးကို မဖြေနိုင်ဘဲ ပါးစပ် အဟောင်းသားနဲ့ နေခဲ့ရပါတယ်။ အတန်းထဲက ယောက်ျားလေး သူငယ်ချင်းယောက်က ထဖြေပါတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိပြီး၊ အစိုးရကို ပြည်သူများက လွတ်လပ်စွာ ရွေးချယ်တင်မြောက် တဲ့စနစ် လို့ဖြေပါတယ်။ ကျွန်မလား ဘာမှမသိတဲ့ နလပိန်းတုံးဆိုတော့ ဖြေနိုင်တဲ့ သူငယ်ချင်းကို စိတ်ထဲက ချီးကျူး လိုက်ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းအောင်၊ ဘွဲ့ရလို့ လုပ်ငန်းခွင် ၀င်တဲ့အချိန်တွေအထိ ဒီမိုကရေစီအကြောင်း သေချာ နားမလည်ခဲ့သလို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။
နိုင်ငံခြားကို ထွက်လာပြီးတဲ့ နောက်ပိုင်း အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးဖြစ်တဲ့အတွက် အင်တာနက်က သတင်းတွေ၊ ဘလော့ဂါတွေရေးတဲ့ စာတွေကို ဖတ်မိရာက နိုင်ငံရေး အခြေအနေတွေကို စိတ်ဝင်တစား လေ့လာဖြစ်ခဲ့ပါတယ်။ အိပ်ပျော်နေတဲ့ ကျွန်မတို့လို လူတစုကို လှုပ်နိုးပေးခဲ့တဲ့ ဘလော့ဂါတွေကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေး ရေချိန်မြင့်ခဲ့တာကို သိပ်ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားလာတယ်၊ မြန်မာပြည်ကို ပြောင်းလဲ တိုးတက်စေချင်တယ်ဆိုတော့ နိုင်ငံရေးအကြောင်းနဲ့ ဒီမိုကရေစီ သဘောတရားကို လက်လှမ်း မှီသလောက် လေ့လာခဲ့ပါတယ်။ ကိုယ်တိုင် နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ချက် မရှိပေမဲ့၊ ခေါင်းဆောင်ကောင်းတွေကို ၀န်းရံ အားပေးနိုင်ဖို့ လေ့လာခြင်း ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့လူတိုင်း အခြေခံနိုင်ငံရေး သဘောတရားတွေကို နားလည်ထားသင့် ပါတယ်။
ဒီမိုကရေစီစနစ်မှာ  သိပ်ကိုအနှစ်သာရရှိတဲ့ အခြေခံသဘောတရားတွေ ရှိပါတယ်။ နိုင်ငံရေး တိုင်းပြည်အရေးတွေမှာ နိုင်ငံသားတွေအားလုံး ပါဝင်ခြင်း၊ နိုင်ငံသားအားလုံး တန်းတူ အခွင့်အရေးရှိခြင်း၊ လူ့အခွင့်အရေးကို   လေးစားလိုက်နာခြင်း၊ နိုင်ငံအရေး အမြင်မတူမှုများကို နားလည်သီးခံနိုင်စွမ်းရှိခြင်း၊ ရွေးကောက်ခံ ပုဂ္ဂိုလ်များက တာဝန်ခံမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း၊ သတ်မှတ်ထားသော အချိန်ကာလတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ပေါင်းစုံပါဝင်ခြင်း၊ စီးပွားရေး လွတ်လပ်ခွင့်ရှိခြင်း၊ အာဏာကို အလွဲသုံးစားပြုမှုနှင့် အကျင့်ပျက် ခြစားမှုကို ထိန်းချုပ်နိုင်ခြင်းနဲ့ တရားဥပဒေ စိုးမိုးခြင်း စတဲ့ ဒီမိုကရေစီ အခြေခံသဘောတရားတွေ ရှိပါတယ်။

Saturday, 18 June 2016

စတ်ဓာတ်ခွန်အားပေးသော ထိုမိခင်


 “ သင့်ရဲ့ကြောက်စိတ်က သင်မှန်တယ်ထင်တဲ့အရာကိုလုပ်ဖို့ တားမြစ်တာကို ဘယ်တော့မှ ခွင့်မပြုပါနဲ့ ” လို့ ကမ္ဘာကျော် အဆိုအမိန့်ကို ပြောဆိုရေးသားတဲ့ ထိုမိခင်ကို ဂါရ၀တဲ့ စာတပုဒ် ရေးချင်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးထုအတွက် စံပြမိခင်၊ မြန်မာပြည်အပြင်ဘက် ရောက်နေသူတွေအတွက် စိတ်ဓာတ်ခွန်အားတွေ ပေးတဲ့ထိုမိခင်။ ထိုမိခင်ရဲ့ကျေးဇူးတရားတွေကို ကျွန်မ ဉာဏ်ရှိသလောက် ဖော်ထုတ်ရေးဖွဲ့ချင်ပါတယ်။ မိခင်အရင်းထက် ပိုပြီးချစ်ခင်လေးစား သလားလို့မေးရင်၊ မိခင်အရင်းနဲ့ ထပ်တူချစ်ခင်လေးစားတယ်လို့ ဖြေပါ့မယ်။
ထိုမိခင်နဲ့ ကျွန်မ နှလုံးသားချင်းမနီးစပ်ခင် အချိန်တုန်းက သူမကို ကျွန်မသိခဲ့တာက လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်။ ၁၉၈၈ အရေးအခင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လာတယ်၊ ဒီမိုကရေစီအရေး လှုပ်ရှားတယ်။ အဲဒီအချိန်တုန်းက ကျွန်မက ကလေးသာသာ ရှိသေးတော့ ဘာမှနားမလည်ပေမဲ့ ဗိုလ်ချုပ်ရဲ့သမီးမို့ ဒေါ်အောင် ဆန်းစုကြည်ကို အများနည်းတူ သဘောကျခဲ့ပါတယ်။ ဒီနေ့မြန်မာပြည်က ကလေးငယ်တွေ အများစု အမေစုမှ အမေစုဖြစ်နေသလိုမျိုး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူမရဲ့အောင်မြင်မှု သြဇာလွှမ်းမိုးနိုင်မှုဟာ ဗိုလ်ချုပ်အောင်ဆန်းကြောင့်လို့ ၀န်ခံထားပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားကြတော့ သူမအပေါ် ကျွန်မစိတ်ဝင်စားမှု မရှိတော့ဘူး။ မြန်မာပြည်မှာနေခဲ့တဲ့ အနှစ် (၃၀)အတွင်း ကျွန်မက နိုင်ငံရေးနဲ့ပတ်သက်ရင် ဘာမှနားမလည် စိတ်မ၀င်စားတဲ့ နလဘိန်းတုံးတယောက်ပါ။ ဒါပေမဲ့ အစိုးရပိုင်သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆဲရေးနေကြတာ၊ ဆန္ဒခံယူပွဲတွေလုပ်ပြီး တရားဝင် ဆဲနေကြတာကို တော်တော်လေး အော့နှလုံးနာခဲ့ပါတယ်။ ဆရာတယောက် ကျွန်မကို ပြောပြဖူးတဲ့စကားကိုလည်း စိတ်ဘ၀င်မကျခဲ့ပါ။ သမီးသိလား ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားသစ္စာဖောက်၊ မြန်မာနိုင်ငံသား ရည်စားရှိရက်နဲ့ သစ္စာဖောက်ပြီး နိုင်ငံခြားသားကို လက်ထပ်ခဲ့တာ။ ဆရာပြောပြတုန်းက ကျွန်မဘာမှပြန်မပြောပဲ နားထောင်ခဲ့ပေမဲ့ ဘာကြောင့် ရယ်မသိ ဆရာပြောတာကို အမှန်လို့မမှတ်ခဲ့ဘူး။
 နိုရီကိုရေးတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို မသီတာ(စမ်းချောင်း) ဘာသာပြန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင် စာအုပ်ကိုဖတ်ရတော့မှ ဆရာ့စကားက ၀ါဒဖြန့်သူ တွေဆီက လက်ဆင့်ကမ်းရလာတာလို့ နားလည်လိုက်တယ်။ တကယ်တော့ မြန်မာ ပညာတတ် တဦးက ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံခဲ့တာ။ ခုနေများ ဆရာသက်ရှိထင်ရှားရှိနေသေးရင် ကျွန်မပြန်ဖြေရှင်း ပြောပြချင်မိပါတယ်။ လူမျိုးစွဲမကင်းတဲ့ကျွန်မလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားနဲ့လက်ထပ်တာကို စိတ်ထဲဘ၀င်မကျသူပါ။ နိုရီကို ပြောပြလို့ စိတ်သဘောထား နူးညံ့ပြီး ဒေါ်အောင်ဆန်း စုကြည်ကို မြတ်နိုးကြင်နာတဲ့ မိုက်ကယ်အဲရစ်နဲ့ ကင်တို့ညီအကို နှစ်ယောက်အကြောင်းကိုသိခွင့်ရလို့ သူတို့အပေါ် စာနာ နားလည်ခဲ့ပါတယ်။ ဒီစာအုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအကြား နှလုံးသားချင်းနီးစပ်စေတဲ့ အကြောင်းရင်း တခုလည်း ဖြစ်ပါတယ်။ ဒီအတွက် စာရေးသူ နိုရီကိုနဲ့ ဘာသာပြန်သူ ဆရာမ မသီတာ (စမ်းချောင်း) ကို သိပ်ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှစ်ရှည်အကျယ်ချုပ်ကျနေတဲ့ ကာလအတွင်းမှာ ဘယ်လိုစိတ်နဲ့ နေခဲ့သလဲ ဆိုတာကို လူတွေစိတ်ဝင်စားကြတယ်။ ဓမ္မကို အဖော်ပြုပြီးနေတဲ့အတွက် သီလ သမာဓိ ဉာဏ်ပညာတွေ ပိုပြီးတိုးပွား ရင့်ကျက်လာတယ်။ စာအုပ်တွေကို မိတ်ဆွေဖွဲ့နေတဲ့အတွက် တယောက်ထဲ အထီးကျန် နေ့ရက်တွေဟာ အဓိပ္ပာယ်ရှိရှိ ကုန်လွန်ခဲ့တယ်။ ဓမ္မကပေးသော ကြောက်စိတ်ကင်းတဲ့ ဖြောင့်မတ် တည်ကြည်မှု၊ စာအုပ်တွေကပေးတဲ့ အသိအမြင်ကြွယ်ဝမှုတွေကို ပေါင်းစပ်ပြီး ရေးလိုက်တဲ့ သူမရဲ့ စာတွေက စာဖတ်သူတွေရဲ့ နှလုံးသားကို ဖွင့်ပေးနိုင်ခဲ့တယ်။ မေတ္တာနဲ့ သစ္စာတရားကို အခြေခံပြီး ရေးတဲ့စာ၊ ပြောသမျှ စကားတွေဟာ အများပြည်သူတွေ့ရဲ့ နှလုံးသားကို ပွင့်လင်းစေပါတယ်။ ခေါင်းဆောင်ကောင်း၊ ဆရာကောင်းတွေနဲ့ စာရေးသူတွေဟာ အများပြည်သူတွေကို ရှေ့ဆောင် လမ်းပြရာမှာ နှလုံသားကို အရင်ဖွင့်ပေးရမယ်လို့ ဆိုပါတယ်။ နှလုံးသား ပွင့်သွားပြီဆိုရင် ဘာပဲပြောပြော ထိရောက်တယ်၊ သြဇာငြောင်းနိုင်ပါတယ်။
လောကသဘာဝနဲ့ လူ့သဘောတွေကို ပကတိ အရှိတိုင်း မြင်နိုင်တဲ့ သူမမှာ ကျွန်မတို့ လိုက်မမှီတဲ့ အတွေးအခေါ် ရှိတယ်။ လောကဓမ္မကို ကောင်းကောင်းနားလည်သူမို့ မှန်တာကို ပြောရဲလုပ်ရဲအောင်၊ အမှန်တရားဘက်က သတ္တိရှိရှိ ရပ်တည်ရဲအောင် စံနမူနာကောင်း ပြတယ်။ သဘာဝ အရှိတရားကို အရှိတိုင်း လက်ခံပြီး၊ ဟန်ဆောင်မှုကင်းတယ်။ သူမရဲ့ရိုးသားပွင့်လင်းမှုနဲ့ အမှန်တရားကို မြတ်နိုးမှုက မြန်မာပြည်က ပညာတတ်လူတန်းစား အများစုကို လွှမ်းမိုးနိုင်ခဲ့တယ်။ သူမရဲ့ မေတ္တာတရားကြီးမားမှုက မြန်မာပြည်က အောက်ခြေ လူတန်းစားများရဲ့ ယုံကြည် အားကိုးမှုကို သိမ်းပိုက်နိုင်ခဲ့တယ်။ ပြည်ပရောက် မြန်မာပြည်သားများအတွက်တော့ သူမပြောတဲ့ စကားတွေက စိတ်ဓာတ်ခွန်အား ဖြစ်စေပြီး၊ သူမရဲ့ကြိုးစားအားထုတ်မှုတိုင်းဟာ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေ ဖြစ်ပါတယ်။ ရွှေရောင်အပြုံး ကိုယ်စီနဲ့ ပြည်တော်ပြန်ဝင်ဖို့ အခွင့်အခါကောင်းကို မျှော်နေကြပါတယ်။
သူများတိုင်းပြည်မှာ တော်သလိုနေကြရတဲ့ ကျွန်မတို့မှာ အမည်ဖော်လို့မရတဲ့ ဝေဒနာ ကိုယ်စီရှိပါတယ်။ အလုပ်ထဲမှာ မတရားတာတွေ မြင်နေရရင် ရေငုံနှုတ်ဆိတ်နေရပြီး၊ ရေလိုက်ငါးလိုက် နေရာတာတွေ ရှိတယ်။ မကျေနပ်ချက်တွေ ရှိပေမဲ့ မနိုင်လို့ သီးခံနေရတာတွေ ရှိတယ်။ မကျေနပ်ချက်တွေ ပေါက်ကွဲမထွက်အောင် ကိုယ့်စိတ်ကို နှိပ်ကွပ်ထိန်းချုပ်ရင်း အတွေ့အကြုံတွေ ရင့်ကျက်လာခဲ့တယ်။ ဘာသာတရား အဆုံးအမတွေ၊ စာပေကပေးတဲ့ အသိတွေနဲ့ စိတ်ဒဏ်ရာ ဝေဒနာတွေကို ကုစားရာမှာ ထိုမိခင်ရဲ့ပညာရှိစကားတွေဟာ ခွန်အား ဖြည့်ဆေးတခွက်လို အစွမ်းထက်ပါတယ်။ သူမရဲ့စိတ်သဘောထားနဲ့ အပြုအမူတွေကို လေးစား အားကျတဲ့စိတ်က သူစိမ်းတရံတွေအကြား ဘ၀ကိုဆောက်တည်ရာမှာ အများကြီး အထောက် အကူပေးပါတယ်။ ပြင်ပ ရုပ်ဝတ္ထုပစ္စည်းတွေထက် နှလုံးရည်ပြည့်ဝမှုကို ဦးစားပေးတဲ့ ထိုမိခင်ရဲ့ အဆုံးအမတွေက လောကဓံကို ရင်ဆိုင်ရာမှာ စိတ်ဓာတ်ကြံ့ခိုင်မှုရှိအောင် အားဖြည့်ပေးပါတယ်။
နိုဘယ်ဆုရှင် လူထုခေါင်းဆောင်ရဲ့ဂုဏ်သတင်းကြောင့် ကမ္ဘာ့အလယ်မှာ ကျွန်မတို့ မြန်မာတွေ ဂုဏ်ယူစရာ ဖြစ်ရတယ်။ သူမကို ဝေဖန်အပြစ်တင်ကြတဲ့ ပြည်တွင်းပြည်ပက စာတတ်ပုဂ္ဂိုလ် အချို့ကို ဥပေက္ခာသဘောနဲ့ တုန့်ပြန်နိုင်တာ ပညာရှိဆန်ပါတယ်။ ပြဿနာပေါင်း သောင်း ခြောက်ထောင်ကို ဘယ်လိုများဖြေရှင်းနိုင်မှာပါလိမ့်လို့ ကျွန်မတို့ ပူပန်နေချိန်မှာ ထိုမိခင်က ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းတွေ မြန်နေဆဲ။ သူမရဲ့ယုံကြည်မှုက ပြည်သူတွေရဲ့စွမ်းရည်ကို ယုံကြည်စိတ်ချခြင်းသာဖြစ်တယ်။ ပြည်သူတွေနဲ့ တသားတည်းရှိနေသူမို့ မြန်မာတွေ ဉာဏ်ရည်မနိမ့်ဘူး၊ အခွင့်အလမ်းကောင်းတွေသာ လိုအပ်တာလို့ ပြောနိုင်တာဖြစ်တယ်။ ရေခံ မြေခံကောင်းတဲ့ မြန်မာပြည်ဖွား ကျွန်မတို့တွေအားလုံးဟာ မျိုးစေ့ကောင်းကြပါတယ်။ ဒီမျိုးစေ့ကောင်းတွေက ပေါက်လာတဲ့ အပင်တွေ ဖွံ့ဖြိုးသန်မာပြီး၊ အသီးအပွင့်တွေ ဝေဆာဖို့ ပညာအလင်းရောင်တွေ လိုအပ်တာ။
ဗြဟ္မစိုရ်တရား (၄)ပါးကို လက်တွေ့ကျင့်သုံးခြင်းဖြင့် လူမျိုးဘာသာ အသားရောင်ခွဲခြားခြင်း၊ ရန်သူမိတ်ဆွေ ခွဲခြားခြင်းမရှိဘဲ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ အဂတိလေးပါး ကင်းရှင်းရေး၊ လူတိုင်း၏မွေးရာပါ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကိုယ်နှင့်အသက်ကို မငဲ့ကွက်ပဲ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သံဃာတော်များအား လျှောက်ထားချက်ကို ပြည်သူတယောက်အနေနဲ့ ကြိုဆိုထောက်ခံပါတယ်။ မြင်သာ ထင်သာရှိသော ပြောင်းလဲ တိုးတက်မှုကို ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ရဲရဲဝံ့ဝံ့ ဖွင့်ဟ လျှောက်ထားချက် ကိုလည်း သဘောကျ နှစ်ခြိုက်ပါတယ်။ တရားသဘောတွေကို အကြွင်းမဲ့ ယုံကြည်သော ထိုမိခင်၊ ပြည်သူတွေအပေါ် ယုံကြည်သော ထိုမိခင်။ ထိုမိခင်ရဲ့ယုံကြည်ချက်၊ ပြည်သူများရဲ့ မျှော်လင့် ချက်တွေ ပြည့်ဝပါစေ။ ထိုမိခင်ရဲ့ ဆန္ဒအတိုင်း ပြည်သူတွေက သူမကိုမလိုအပ်တော့တဲ့အချိန်ထိ အသက်ရှည် ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။

စံပယ်ဖြူ


Thursday, 5 May 2016

လူမျိုးရေး ဘာသာရေး နာတာရှည်ရောဂါ


မြန်မာပြည်နဲ့ ကမ္ဘာနိုင်ငံ အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဟာ ကုစားရခက်တဲ့ နာတာရှည်ရောဂါလို ဖြစ်နေပါတယ်။ ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ခေါင်းဆောင်တွေ နည်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်ခဲ့ ကြသော်လည်း ကျွန်မတို့ရဲ့ ကမ္ဘာမြေ ခုထိငြိမ်းချမ်းရေး မရနိုင်သေးဘူး။ ဒဏ်ရာတွေ ဗရပွ၊ ဆင်းရဲမွဲတေခြင်း၊ နာတာရှည်ရောဂါ ပေါင်းစုံနဲ့အတူ အနာရောဂါ ထူပြောနေတဲ့ ကျွန်မတို့ရဲ့ မြန်မာပြည်ကို နလန်ထူနိုင်အောင် ကြိုးပမ်းကြရာမှာ ဘယ်လို ဆေးစွမ်းကောင်းတွေနဲ့ ကုစားကြမှာပါလိမ့်လို့ စဉ်းစားတွေးတောရင်း စာတပုဒ် ရေးလိုက်ပါတယ်။
မျိုးချစ်စိတ်ဆိုတာ မွေးရာပါ ဗီဇတခုမို့ လူတိုင်း တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်ကြပါတယ်။ လူတွေ ကိုယ့်ရဲ့ မိသားစုနဲ့ ဆွေမျိုးတွေကို ချစ်ခင်တွယ်တာကြတယ်၊ မွေးရပ်ဇာတိကို ချစ်ကြတယ် စတဲ့ အခြေခံ မျိုးချစ်စိတ်ကနေ နယ်ပယ်ကျယ်ပြန့်လာတဲ့အခါ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်လာတယ်။ ဒါဟာ အင်မတန် လူသားဆန်တဲ့ သဘာဝတခု ဖြစ်ပါတယ်။ မိမိလူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို အမြတ်တနိုး စောင့်ထိန်းလိုက်နာခြင်း၊ မိမိဘာသာတရား အဆုံးအမတွေကို လိုက်နာကျင့်သုံးခြင်း စတဲ့ မျိုးချစ်စိတ် ဘာသာချစ်ဟာ အင်မတန် ရိုးစင်းပြီး နှစ်သက်ဖွယ်ကောင်းပါတယ်။ ဒီလိုရိုးစင်းတဲ့ အမျိုးဘာသာ ချစ်စိတ်ကို တဆင့်မြင့်လိုက်ရင် မိမိလူမျိုးကောင်းစားရေး၊ မိမိယုံကြည် ကိုးကွယ်တဲ့ဘာသာ ရေရှည်တည့်တံ့ ခိုင်မြဲရေးအတွက် အသင်းအဖွဲ့တွေ ဖွဲ့စည်းတည်ထောင် လာကြတယ်။ အမျိုးကိုချစ်တဲ့ ပင်ကိုယ်ဗီဇက စေ့ဆော်မှုကြောင့် ကိုယ့်လူမျိုးကို   မြင့်အောင် သာအောင် ကြိုးစားကြတယ်။
သတိဥာဏ်ပညာ ပြည့်ဝသူတွေက  ကိုယ်ကျင့်တရား ကောင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဖြင့် လူမျိုးဂုဏ်ကို မြင့်ကြတယ်။ ကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း စတဲ့ နှလုံးရည်များ ပြည့်စုံစေခြင်းဖြင့် မိမိလူမျိုးရဲ့ အဆင့်အတန်းကို မြင့်တင်ကြတယ်။ သီလလုံခြုံခြင်း၊ စိတ်သဘောထား ကြီးမြတ်ခြင်း၊ လူမျိုးခြား ဘာသာခြားကို လေစားချစ်ခင်ခြင်းဖြင့် မိမိတို့ ဘာသာတရားရဲ့ မြင့်မြတ်ခြင်းကို ပြကြတယ်။ ဘာသာတရား အဆုံးအမကို ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့ လိုက်နာကျင့်သုံးပြီး၊ မိမိတို့ မျိုးဆက်တွေရဲ့ နှလုံးသားမှာ ဘာသာတရား အဆုံးအမတွေ အမြစ်တွယ်နေအောင် လေ့ကျင့်ပျိုးထောင် ပေးကြတယ်။ ဒီလို လူမျိုးရေး ဘာသာရေး အသိစိတ်ဓာတ်မျိုး နိုးကြားဖို့က လူသားတိုင်းရဲ့ ဘ၀ပေး တာဝန် တခုလို့ ကျွန်မ ယုံကြည်ပါတယ်။

Friday, 8 January 2016

အလွှာ မခြားသောအခါ




မြန်မာပြည်မှာ အမှိုက်ကောက် သန့်ရှင်းရေးလုပ်ကြတာနဲ့ ပတ်သက်ပြီး ကျွန်မ စဉ်းစားမိတာတွေကို စာတပုဒ်ရေးလိုက် ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ရဲ့အလှကို အမှိုက်တွေက ဖုံးကွယ်ထားသလိုပဲ၊ လောကရဲ့ တကယ့်အလှကို အလွှာတွေ၊ အပေါ်ယံ ပကာသနတွေဟာ ဖုံးကွယ်ထားကြတယ်။ ပြည်သူတွေနဲ့ တသားတည်းရှိတဲ့ အမေစုက အဲ့ဒီအလွှာတွေ ပကာသနတွေကို ဖယ်ရှားလိုက်ပြီး၊ လောကအလှကို ဖွင့်ပြလိုက်တယ်။ မိမိကိုယ်ကို အများပြည်သူနဲ့ တတန်းတည်းထားပြီး၊ နိုင်ငံသားတွေရဲ့ တာဝန်ကို ကိုယ်တိုင်ပါဝင် လုပ်ဆောင်ပြတယ်။ ကိုယ်တိုင်ပါဝင်ပြီး နောက်လိုက်ငယ်သားတွေ လိုက်နာချင်အောင် စံနမူနာကောင်း ပြလိုက်တယ်။ အမေစုက သူ့ရဲ့ခေါင်းဆောင်မှု အနုပညာကို ပညာသားပါပါ ထုတ်သုံးလိုက်ပုံက သိပ်လှပါတယ်။ 

ကိုယ်တိုင်လည်းဝင်မပါ၊ သူများလုပ်တာကို အပြစ်ရှာ ဝေဖန်သူတွေကိုတော့ ကျွန်မက ဘာမှမပြောလိုဘူး။ လူထုခေါင်းဆောင်ရဲ့ ညွှန်ကြားမှုကို အပေါ်ယံမဟုတ် တကယ်ဝိုင်းဝန်းလုပ်ကြတဲ့ သူတွေကို ချီးကျုးပါတယ်။ တကယ်ကို လေးစားပါတယ်။ အမှိုက်ကောက် သန့်ရှင်းရေးလုပ်တာကို အစပြုပြီး၊ စည်းကမ်းတကျ အမှိုက်ပြစ်တတ်တဲ့ အကျင့်တွေရှိလာအောင် ပညာပေးစည်းရုံးမှုတွေ ထိထိရောက်ရောက် လုပ်နိုင်ရင် ဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်ပါလိမ့်မယ်။ မြင်မကောင်းတဲ့ အမှိုက်ပုံတွေ မြောင်းပုပ်တွေ မရှိတော့ရင် သဘာဝအတိုင်းရှိနေတဲ့ မြန်မာပြည်ရဲ့ အလှကို ပြန်မြင်ရတော့မှာ။ ပတ်ဝန်းကျင်သန့်ရှင်းလို့ ကူးစက်ရောဂါ အန္တရာယ်တွေလည်း လျော့သွားတော့မယ်။ နိုင်ငံသားကောင်း ပီသာစွာ စည်းကမ်းရှိခြင်း၊ တာဝန်သိတတ်ခြင်းစတဲ့ အရည်အသွေးကောင်းတွေ ရှိလာပါလိမ့်မယ်။

ခေါင်လုံမှ တံစက်လုံမယ်၊ မိဘကောင်းမှ သားသမီးကောင်းမယ်လို့ ငယ်ငယ်က အမေရိုက်သွင်း ပေးခဲ့တဲ့ အယူအဆက ကျွန်မ ဦးနှောက်ထဲမှာ စွဲနေပါတယ်။ မိဘကောင်း၊ ဆရာကောင်းတွေကြောင့် ကျွန်မ လူလားမြောက်ခဲ့ ပါတယ်။ ကျွန်မ ကိုယ်တိုင် ဆရာဖြစ်လာတဲ့အခါ၊ ဆရာကောင်းမှ တပည့်ကောင်း မယ်ဆိုတဲ့ ယုံကြည်ချက်ကို စွဲကိုင်ထားပါတယ်။  မိဘတွေက သားသမီးတွေကို စံနမူနာကောင်း ပြဖို့လိုအပ်သလို၊ ဆရာသမားတွေက တပည့်တွေကို စံနမူနာကောင်းတွေ ပြရမှာ ဖြစ်ပါတယ်။ ထို့အတူပဲ တိုင်းပြည်တပြည်မှာ ခေါင်းဆောင်က နိုင်ငံသားတွေအတွက် စံပြပုဂ္ဂိုလ် ဖြစ်ရပါမယ်။  ခေါင်းဆောင်ကောင်းမှ တိုင်းပြည်ကောင်းမယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။ မြန်မာပြည်မှာ ခေါင်းဆောင်မကောင်းလို့ တိုင်းသူပြည်သားတွေ ဆင်းရဲတွင်း နက်နေကြတယ်။ ခေါင်းဆောင်ကောင်း ရှိနေလျှက်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခွင့် မရတာကလည်း အင်မတန် နစ်နာပါတယ်။

တိုင်းပြည်ကို အုပ်ချုပ်တဲ့ အကြီးအကဲများနဲ့ အုပ်ချုပ်သူ လူတန်းစားတွေဟာ ပဒေသရာဇ်ခေတ်က ရှင်ဘုရင် မှုးမတ်တွေလို ပြည်သူတွေနဲ့ လူတန်းစားအလွှာ ခြားမနေသင့်ပါဘူး။ လူတန်းစား အလွှာခြားနေရင် ရင်းနှီးချစ်ခင်မှုနဲ့ အပြန်အလှန် နားလည်မှု မရှိကြတဲ့အတွက် ယုံကြည်မှုကို တည်ဆောက်ဖို့ ခက်ပါတယ်။ ပြည်သူနဲ့ ခေါင်းဆောင်ကြားမှာ အလွှာမခြားတဲ့အခါ ရင်းနှီးပွင့်လင်းမှုရှိတဲ့အတွက် အပြန်အလှန်နားလည်မှုကို ရနိုင်တယ်။ တဦးကိုတဦး နားလည်တဲ့အခါ၊ ယုံကြည်မှုတွေ ခိုင်မြဲလာမယ်။ လူတယောက်စီတိုင်းကို မိမိကိုယ်နဲ့ ထပ်တူ တန်ဖိုးထား တတ်လာမယ်။ ဒီမူကို ကျင့်သုံးတဲ့ အမေစုနဲ့ ပြည်သူတွေကြားမှာ အလွှာခြားမနေသည့်အတွက် အမြင်တွေကြည်လင် ပွင့်လင်းပါတယ်။ 

ကျွန်မ ကျောင်းပြီးခါစက ရန်ကုန်မှာ ဖွံ့ဖြိုးရေးသင်တန်း တခုတက်ဖူးပါတယ်။ သင်တန်းဆရာ ဆွေးနွေးသွားတဲ့ အချက်တခုကို သတိရမိပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ ပြည်သူလူထု ပါဝင်လာအောင် စည်းရုံးနိုင်ရပါမယ်။ ပြည်သူလုထုက စိတ်အားထက်သန်စွာ ပါဝင်လာစေဖို့ အမိန့်အာဏာသုံးရင် မအောင်မြင်နိုင်ဘူး။ Live with them, talk to them လို့ဆိုပါတယ်။ လူထုနဲ့ အတူနေ၊ သူတို့အသံကို နားထောင်၊ ပြီးရင်သူတို့နဲ့ ပြောဆိုဆွေးနွေးရင်း လူထုက နားလည်လက်ခံလာအောင် စည်းရုံးရမယ်လို့ ဆိုပါတယ်။ လူထုနဲ့ အတူနေတဲ့အခါ သူတို့ရဲ့ဘ၀၊ သူတို့သဘောထားကို ပိုပြီးနားလည်လာပါတယ်။

ပြည်သူ့အသံကို အမြဲနားထောင်ပြီး၊ ပြည်သူတွေနဲ့ တသားတည်း ဖြစ်နေတဲ့ အမေစုက ပြည်သူတွေရဲ့ သဘောထားကို နားလည်တယ်။ အောက်ခြေက လူတွေရဲ့ လိုအပ်ချက်တွေကို မြင်တယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးပြီး၊ စွမ်းဆောင်ရည်တွေ မြင့်တင်ပေးဖို့ အားထုတ်တယ်။ လူထုစွမ်းအားနဲ့ တိုင်းပြည်ကို တည်ဆောက်နိုင်တယ်လို့ ယုံကြည်တယ်။ လူတွေရဲ့ စိတ်သဘောကို နားလည်တဲ့ အမေစုက ပြည်သူတွေကို ယုံတယ်လို့ မကြာခဏ ပြောတာကို ကြားနေရတယ်။ ယုံကြည်ခံရတဲ့အခါ လူတွေက ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်မှု ရှိလာပါတယ်။ ငါလည်း တထောင့် တနေရာက ၀င်ပါနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိလာတယ်။ ယုံကြည်ခံရတဲ့အခါ တာဝန်ယူလိုစိတ်လည်း ရှိလာပါတယ်။ 

Monday, 30 November 2015

ကျွန်မတို့ တာဝန်ကျေခဲ့ ကြတယ်




သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်မ အပါအ၀င် တာဝန်ကျေခဲ့ကြသော မြန်မာနိုင်ငံသား အားလုံးကို ဂုဏ်ပြုမှတ်တမ်းစာတပုဒ် ရေးလိုက်ပါတယ်။ ပြည်သူတယောက်က ပြည်သူတွေကို ဂုဏ်ပြုတဲ့စာ၊ ကိုယ့်ကိုကိုယ် ပြန်ပြီးဂုဏ်ပြုစာလည်း ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတလျှောက်လုံးမှာ ပြည်သူတွေ တာဝန်ကျေခဲ့ကြတယ်လို့ နိုင်ငံရေးသမားတွေ သုံးသပ်ကြတဲ့အတိုင်း၊ ၂၀၁၅မှာ ပြည်သူတရပ်လုံးနဲ့အတူ တာဝန်ကျေခွင့် ရခဲ့တာကို ကျွန်မ ကျေနပ်ပါတယ်၊၊ နောင်မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ပြီး၊ အသဲကြားက မဲပြားတွေကို ပုံအောပေးခဲ့ကြသူ အားလုံးကို လေးစားဂုဏ်ယူပါတယ်။

မှတ်မှတ်ရရ တသက်လုံးမှာ ဒီတကြိမ်တည်း မဲပေးခွင့် ကြုံပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျွန်မ ၅တန်းပဲ ရှိသေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ဘူး။ ဒီတကြိမ်တော့ အမိအရ မဲပေးချင်လွန်းလို့။ ဆာဘားကနေ ကွာလာလမ်ပူ၊ ကွာလာလမ်ပူကနေ ရန်ကုန်၊ လေယဉ်ခရီးစရိတ် အကုန်ခံပြီး မဲပြန်ပေးခဲ့ ပါတယ်။ ပထမအကြိမ် မဲစာရင်းမှာ ကျွန်မ နံမယ်မပါလို့ ပြန်လျှောက်ရတယ်။ ကိုယ်တိုင်လည်း မဲထည့်ရင်း၊ နီးစပ်ရာ ဆွေမျိုးတွေကို စည်းရုံးဖို့ စိတ်ကူးနဲ့ ပြန်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ ကျွန်မ ဆွေမျိုးတွေကို ဘာမှပြောစရာ မလိုဘူး၊ အမေစု ဘက်တော်သားတွေ ဖြစ်နေကြတယ်။ ကျေးလက်တောရွာက လူတွေအများစုဟာ ယုံကြည်အားကိုးရသော အစိုးရနဲ့ မကြုံဘူးတော့ အစိုးရကို မယုံချင်ကြဘူး။ ကိုယ်လုပ်မှ ကိုယ်စားရမယ်လို့ ယုံကြည်ကြတယ်။ နိုင်ငံရေးကို စိတ်မ၀င်းစား ကြဘူး။ ဒါပေမဲ့ ပြောင်းအလဲကို မြင်ချင်လို့ NLD ကို မဲပေးခဲ့ကြတယ်။ နားလည်တဲ့လူတွေက အမေစုနဲ့ အမေစုကို ၀န်းရံကြသူတွေကို ယုံကြည်လို့ မဲပေးကြတယ်။ 

ရွေးကောက်ပွဲမတိုင်မှီ ကာလတွေမှာ NLD အောင်နိုင်ရေးအတွက် အချိန်ကုန်ခံ၊ ဖုန်းဘေလ် အကုန်ခံပြီး၊ နီးစပ်ရာ အချင်းချင်း မဲဆွယ်ကြတယ်။ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျက်နှာကနေ ပညာပေးမဲဆွယ်ကြတယ်။ မြို့ပေါ်က အမြင်ကျယ်သူတွေက ရွာက အသိဆွေမျိုးတွေကို လှမ်းဆွယ်ကြတယ်။ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ အများစု ပြည်သူတွေရဲ့ နှလုံးသားကို ဖွင့်ပေးခဲ့ ကြတယ်။ ပြည်သူတွေကို အားကိုးပြီး နိုင်ငံရေးလုပ်တဲ့ အမေအိုကိုယ်တိုင် အပင်ပန်းခံပြီး၊ မြန်မာပြည်အနှံ့ နယ်လှည့်ပြီး ဟောပြောစည်းရုံး ခဲ့တယ်။ ဒါပေမဲ့ အချို့ရွာတွေမှာ မဲထည့်နည်း ပညာပေးမှု အားနည်းပါတယ်။ နုံခြာတဲ့ ရွာသားတွေ တံဆိပ်တုံးထုပြီး မဲပေးရတော့ ပယ်မဲဖြစ်သွားတာ အတော်များပါတယ်။ မဲထည့်ပုံထည့်နည်းကို တအိမ်ဝင် တအိမ်ထွက် လိုက်ပြပေးထားတဲ့ ကျွန်မတို့ ရွာမှာတောင် ပယ်မဲတွေ ရှိတယ်။ တချို့ရွာက မဲရုံတွေမှာ ကိုယ်စားတံဆိပ်တုံး ထုပေးလို့ ပြသနာတက်တာတွေ ရှိပါတယ်။

Monday, 26 October 2015

နံနက်ခင်းများကို ကျော်လွန်၍ ဘ၀နေမွန်းတည့်ချိန်ဝယ်




ငယ်ရွယ်နုပျိုတဲ့ ကလေးဘ၀၊ လူငယ်ဘ၀က နံနက်ခင်းလို လန်းဆန်းတဲ့ ဘ၀အစိတ်အပိုင်းဆိုရင်၊ လူလတ်ပိုင်းအရွယ်က ဘ၀ရဲ့ မွန်းတည့်ချိန် ဖြစ်ပါလိမ့်မယ်။ ငယ်ငယ်က အသက်လေးဆယ်မှာ ဘ၀ စတယ်ဆိုတာကို လက်မခံပေမဲ့ အသက်ကလေးရလာတော့ ဟုတ်သလိုလို။ အသက် ၃၅နှစ်ကျော်လို့ ၄၀ နားကပ်လာရင် လူ့သက်တမ်း တ၀က်ကျိုးပြီမို့ နေမွန်းတည့်ချိန် ၁၂ နာရီအချိန်ကို ချဉ်းကပ်လာပြီ။ ဒါမေမဲ့ ဘ၀ မစရသေး၊ စုန်လိုက် ဆန်လိုက်နဲ့ ဘယ်ကိုမှ ခရီးမရောက်သေးပဲ နေ့တ၀က်ကျိုးသွားကို သတိထားလိုက် မိပါတယ်။ ကုန်ဆုံးခဲ့တဲ့ ဘ၀မနက်ခင်းတွေကို ပြန်ကြည့်ရင်း၊ ကျန်တဲ့ နေ့တ၀က်ကို ဘယ်လို ရှေ့ဆက်မလဲ စဉ်းစားရင်း စာတပုဒ် ရေးလိုက်မိပါတယ်။

မိဘအရိပ်ခိုလုံခဲ့တဲ့ အချိန်တုန်းက ဘ၀ဟာ ဆောင်းနံနက်ခင်းတွေလို အေးချမ်းခဲ့ပါတယ်။ မိဘတွေ စားဝတ်နေရေး ကြပ်တည်းလို့ စိတ်ညစ်နေပေမဲ့ ကလေးပီပီ ပူပင်ရမှန်း မသိခဲ့ဘူး။ မနက်မိုးလင်းရင် လွယ်အိပ်ကိုလွယ် ထမင်းဗူးသယ်ပြီး ကျောင်းကိုသွားလို့ ကျောင်းနေပျော်ခဲ့တယ်။ ပညာလိုချင်တဲ့ သားသမီးတွေအတွက် အလုပ်သိပ်လုပ်တဲ့ လယ်သမား ကျွန်မတို့အဖေက လူတကာထက်ပိုပြီး ပင်ပန်းဆင်းရဲ ခံနိုင်ခဲ့ပါတယ်။ စည်းစနစ်ကျပြီး အိမ်ရှင်မကောင်း ပီသတဲ့အမေရဲ့ ထိန်းကွပ်မှုကြောင့် ကျွန်မ ကောင်းစွာလူလားမြောက်ခဲ့ ပါတယ်။ စီးပွားရေး အဆင်မပြေတဲ့ကြားက ကျွန်မကို သူနာပြု တက္ကသိုလ် ရောက်အောင်ပို့ခဲ့ ပါတယ်။ ၁၉၉၆-၂၀၀၀ တုန်းက ပညာသင်စရိတ်တွေ ခုလောက်မများပေမဲ့ လယ်သမားတယောက်အတွက် ကျွန်မရဲ့ ကျောင်းစရိတ်တွေဟာ ၀န်ပိစေပါတယ်။ သူများတိုင်းပြည်မှာလို ပညာသင် ထောက်ပံ့ကြေးတွေရရင် မိဘတွေ ၀န်ပိမှာမဟုတ်ဘူး။ သားသမီးတွေ ပညာရေးအတွက် အဖေ အလုပ်ကြိုးစားခဲ့ပေမဲ့ လုပ်ရင်းမြုပ်ရင်း၊ အကြွေးသံသရာလည် ခဲ့ပါတယ်။

ကျွန်မ ကျောင်းပြီးတဲ့ အချိန်မှာ ဘ၀ရဲ့ ဆောင်းနံနက်ခင်းတွေဟာ နွေလို့ပူတဲ့ ရာသီကို ပြောင်းလာခဲ့ ပါတယ်။ အိမ်မှာလည်း အဆင်မပြေ၊ အစိုးရ၀န်ထမ်းအလုပ်ကို ဖက်တွယ်မိရက်သား ဖြစ်နေတော့ လစာမလောက်လို့ အပြင်ဆေးခန်း ပြေးလုပ်ခဲ့ရတယ်။ ဒီအကြောင်းတွေကို အရင်ကရေးပြီးသားမို့ ထပ်မရေးတော့ဘူး။ ကိုယ်ရေးကိုယ်တာ အဆင်မပြေတဲ့ အကြောင်းတွေနဲ့ အစိုးရ၀န်ထမ်းဘ၀အပေါ် မကျေနပ်ချက်တွေ များလာတော့ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ် ခဲ့တယ်။ စင်္ကာပူသွားဖို့ ကြိုးစားခဲ့ပေမဲ့ မလေးရှားနဲ့ပဲ ရေစက်ပါခဲ့တယ်။ ရောက်စက တော်တော်လေး မပျော်ပေမဲ့ ကြာတော့လည်း နေသားကျသွား ပါတယ်။ အတိုးပေါ် အတက်ပေါက်နေတဲ့ အဖေ့ အကြွေးတွေကို ကျွန်မတို့ မောင်နှမ နှစ်ယောက် မလေးရှားမှာ နှစ်နဲ့ချီ အလုပ်လုပ်ပြီး ပြန်ဆပ်ခဲ့ ပါတယ်။ အရင်ကယူထားတဲ့ အကြွေး ၃ သိန်းက နှစ်ရှည်အတိုးတွေ တွက်လိုက်တဲ့အခါ ၁၀ သိန်းကျော် ဖြစ်သွားပါတယ်။ အတိုးမတွက်ပဲ အရင်းတိုင်းပဲ ပြန်ယူတဲ့ အကြွေးရှင်တွေ လည်းရှိပါတယ်။ သန့်ရှင်းတဲ့ လစာငွေနဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်တဲ့အတွက် ရွာပြန်တဲ့အခါ လူတွေအားလုံးကို ပြုံးပြနှုတ်ဆက် နိုင်ပါတယ်။

Monday, 27 July 2015

ရွှေပင်လယ်ကြီး ကာဆီးထားလို့…




ကျွန်မရဲ့ ဘ၀ရထား ဆိုက်ရောက်လာတဲ့ ဆာဘားပြည်နယ်ရဲ့ မြို့တော် ကိုတာကင်နာဘာလူးမြို့က နေ့စဉ်ဘ၀အကြောင်းကို ပြန်လည်မျှဝေ ချင်ပါတယ်။                                                         KK လို့အတိုကောက်ခေါ်တဲ့ Kota Kinabalu မြို့က ပင်လယ်ကြီး ပတ်လည်ဝိုင်းထားတဲ့ သာယာသောမြို့လေးမို့ ခရီးသွားဧည့်သည်တွေ ပျော်မွေ့တဲ့ မြို့လေးပါ။ ဘ၀ရထားပေါ်မှာ အဆင်ပြေသလို သွားနေတဲ့ ကျွန်မလည်း ဆားဘားရောက် ဧည့်သည့်ပါပဲ။ ဒီမြို့မှာ ပျော်နေတယ်လို့ မဆိုချင်သော်လည်း၊ နေပျော်တယ်တဲ့ နေရာလေးပါ။ 

ဆာဘားပြည်နယ်က တိုင်းရင်းသားလူမျိုးစုံ စုပေါင်းနေထိုင်တဲ့ ဒေသပါ။ ပို့ဆောင်ဆက်သွယ်ရေး စရိတ်ကြီးလို့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်စရိတ်တွေ ကွာလာလမ်ပူမှာထက် ပိုဈေးကြီးပါတယ်။ ပတ်ဝန်းကျင် စိမ်းစိမ်းစိုစို ရှိပြီး၊ ဆိတ်ငြိမ်တဲ့ မြို့လေးမို့ ကျွန်မ သဘောကျပါတယ်။ ကွာလာလမ်ပူမှာလို စိတ်မွန်းကြပ်စရာတွေ မရှိဘူး။ လေရှူလို့ကောင်းတယ်။ အသက်ရှုချောင် ပါတယ်။ ရာသီဥတုက ပူတဲ့အချိန် မတရားပူပြီး၊ မိုးရွာရင်လည်း မို့သက်လေပြင်း ကျလေ့ရှိပါတယ်။ ရာသီဥတု ကြည်လင်နေရင် ပင်လယ်ရေပြင်မှာ ယိမ်းကသလို ဟန်ချက်ညီတဲ့ လှိုင်းလုံးတွေကို မြင်ရတာ စိတ်ကြည်နူးစရာ ကောင်းပါတယ်။ မိုးသည်းလေထန်ရင် ဒေါသတကြီး ရိုက်ခတ်လာတဲ့ လှိုင်းလုံးကြီးတွေကို မြင်ရတာ ရင်သပ်ရှုမောစရာ။ ဧရာဝတီတိုင်းမှာ မြစ်ချောင်းအင်းအိုင်တွေနဲ့ပဲ ရင်းနှီးခဲ့တဲ့ ကျွန်မ အခု ပင်လယ်ကြီးနဲ့ နီးနီးကပ်ကပ် နေရတော့ ပင်လယ်ကြီးရဲ့ အလှနဲ့ အားမာန်ကို ခံစားသိခွင့်ရ ပါတယ်။

Tuesday, 2 June 2015

ရှေ့ဆောင်ကောင်းသော အမေ




မရိုးနိုင်တဲ့ အမေ့အကြောင်းကို အရင်က ရေးဖူးပေမဲ့ ထပ်ရေးချင်ပါတယ်။ လူတိုင်းအတွက် အမေဆိုတာ မိုးကောင်းကင်လို၊ မြင့်မိုရ်တောင်လို အံ့မခန်း ကြီးမြတ်သူတွေ ဖြစ်ပါတယ်။ မိခင်အရင်းအခြာ မဟုတ်သော်လည်း မိခင်နှင့်တူသော အမေများကို  ရံဖန်ရံခါ ကြုံရတွေ့ရတတ်ပါတယ်။ မိခင်တယောက်လို ကြင်နာညှာတာ တတ်သော ဆရာမများ၊ အလုပ်ရှင် အမျိုးသမီးများကို အမေလို (motherly) ချစ်ခင်တတ်သူလို့ တင်စားတတ်ကြ ပါတယ်။ ဒီအကြောင်းကို စဉ်းစားမိရင်း ရှေ့ဆောင်လမ်းပြကောင်းသော ကျွန်မရဲ့ မွေးမိခင်အကြောင်းနဲ့ မြန်မာပြည်ရဲ့ ဂန္ဓ၀င် မိခင်အကြာင်း ဆက်စပ်စဉ်းစားမိတာတွေကို ၀ါသနာအရ စာတပုဒ် ချရေးလိုက်ပါတယ်။

ကျွန်မတို့အမေက တောရွာက သာမန်အိမ်ရှင်မ တယောက်ဖြစ်ပေမဲ့ သားသမီးတွေကို ဆုံးမထိန်းကွပ်တဲ့ နေရာမှာ ပညာတတ်မိန်းမတွေထက် မညံ့ခဲ့တာကို ကျွန်မအမြဲ ဂုဏ်ယူမိပါတယ်။ အမေက ရှေးဆန်သော အဖွားရဲ့ အုပ်ထိန်းမှု အောက်မှာ ကြီးပြင်းခဲ့တာမို့ အတွေးအခေါ်က ရှေးဆန်တယ်။ ဘီးစပတ်နဲ့ လည်ပင်းအလုံးကွပ် ရင်ဖုံးအင်္ကျီ အမြဲဝတ်တဲ့ ကျွန်မတို့အမေက ခေတ်မမှီဘူးလို့တော့ ဆိုနိုင်ပါတယ်။ အမေ့ရဲ့ လွှမ်းမိုးမှုကြောင့် ထင်ပါတယ်။ ကျွန်မလည်း တခါတလေ အဘွားကြီးဆန်ဆန် တွေးတတ်ပါတယ်။ သိမ်းထုတ်သေချာ ဆိုတဲ့စကားအတိုင်း ပစ္စည်းကို စနစ်တကျကိုင်တွယ် သိမ်းဆည်းတတ်တဲ့ အမေ့ရဲ့အကျင့်ကို ငယ်ငယ်က မသိစိတ်ထဲကနေ သင်ယူခဲ့မိတာကို ကြီးလာမှ သတိထားမိပါတယ်။ ကိုယ်အားကိုယ်ကိုး စိတ်ရှိအောင် လေ့ကျင့်ပေးခဲ့တာတွေ၊ မချမ်းသာပေမဲ့ ပေးကမ်း ရက်ရောတတ်အောင် ရှေ့ဆောင်လမ်းပြခဲ့တာတွေကို ပြန်တွေးမိတိုင်း အမေ့ကို လွမ်းမိပါတယ်။

ကျွန်မ ငယ်ငယ်က သိပ်ပြီးလိမ္မာရိုကျိုးတဲ့ ကလေးတယောက် မဟုတ်ခဲ့ဘူး။ နဲနဲစွာချင်တယ်။ ခိုင်းရင် မလုပ်ချင်ဘူး။ ကျောင်းစာကလွဲရင် ကျန်တာတွေလုပ်ဖို့ သိပ်ပျင်းပါတယ်။ ဒါပေမဲ့ အမေ့ကိုတော့ ကြောက်ရပါတယ်။ သားသမီးတွေကို အလိုမလိုက်တဲ့ အမေ့ကို ကြီးလာမှ ကျေးဇူးတင်ရမှန်း သိလာပါတယ်။ နွေရာသီကျောင်းပိတ်ရက် တခုမှာ ကျွန်မ နေကုန်နေခန်း ထမင်းပြန်မစားပဲ သူများအိမ်မှာ သွားနေပြီးဆော့ကစားမိလို့ ကောင်းကောင်း အရိုက်ခံရပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အမှတ်သညာကောင်း ရှိခဲ့တယ်လို့ ဆိုရပါမယ်။ အရိုက်ခံရပြီးတဲ့ နောက်ပိုင်း ကျွန်မ ကစားချိန်တန်ကစားပြီး၊ ပြန်ချိန်တန်ရင် အိမ်ကိုပြန်ပါတယ်။ 

ကျွန်မ သစ်ပင်ပေါ်တက်လို့ အရိုက်ခံရတာ လည်းရှိသေးတယ်။ ရွာမှာ နွေရာသီဆို သစ်ပင်တွေ ခုတ်လှဲပြီး ထင်းခွဲကြပါတယ်။ ခုချန်ထိ ကျွန်မတို့ရွာမှာ ထင်းမီးနဲ့ ထမင်းချက်တုန်းပါ။ ကိုယ်ပိုင်သစ်ပင် မရှိတဲ့သူတွေက ထင်းချောက်ကိုင်းတွေ လိုက်စုကြပါတယ်။ တချို့က အပင်ပေါ်က ပြုတ်ကျတဲ့ သစ်ကိုင်းချောက်တွေကို လိုက်ကောက်ပြီး စုပါတယ်။ အချို့က အပင်ပေါ်တက်ပြီး၊ သစ်ကိုင်းချောက်တွေကို ချိုးယူကြပါတယ်။ အတုမြင် အတတ်သင်လို့ ဆိုရမလား။ ကျွန်မ ဘယ်က ဘယ်လိုစိတ်ကူး ရမှန်းမသိ အိမ်ရှေ့က မန်ကျည်းပင်ပေါ်တက်ပြီး၊ မန်ကျည်းကိုင်း အချောက်တွေ ချွေချ၊ ထင်းချောင်းတွေ စုမိပါတယ်။ ဒါကို အမေက ချက်ချင်းမြင်ပါတယ်။ အပင်ပေါ်က ပြန်ဆင်းလာဖို့ အမေက အေးအေးဆေးဆေး ပဲခေါ်ပါတယ်။ တုတ်ကိုင်ပြီး ခေါ်ရင် ကြောက်အားလန့်အားနဲ့ အပင်ပေါ်က ပြုတ်ကျမှာ စိုးလို့ပါ။ အပင်အောက်ကို ရောက်တော့ အရိုက်ခံရပါတယ်။ အဲဒီနောက်ပိုင်း ခုချိန်ထိ ကျွန်မ သစ်ပင်ပေါ် မတက်တော့ဘူး။

ရွာက ကျွန်မတို့ အိမ်ရှေ့မှာ မျှော့ပေါတဲ့ ချောင်းဦးတိုလေးရှိ ပါတယ်။ မျှော့ဆိုတဲ့ သတ္တ၀ါက အမျိုးသမီး လမ်းကြောင်းထဲကို ၀င်သွားရင် ပြန်မထွက်လာတော့ဘူး၊ လူကိုယ်ထဲမှာ သွေးစုပ်ပြီး မျိုးပွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အမေက ကျွန်မကို ချောင်းထဲဆင်းပြီး ရေမကူးဖို့ တားမြစ်ပါတယ်။ ကျွန်မ မျှော့ကို သိပ်ကြောက်ပါတယ်၊ အမေ့ရိုက်မှာကိုလည်း ကြောက်ပါတယ်။ ဒါပေမဲ့ အမေလစ်ရင် ကျွန်မ ရေဆင်းကူး ပါတယ်။ ရေမြင်ရင် ကူးချင်တယ်၊ တောင်ကိုမြင်ရင် တက်ချင်တယ်။ သဘာဝတရားကို မြတ်နိုးတဲ့ ကျွန်မရဲ့ ပင်ကိုယ်ဗီဇကို ကြောက်ခြင်းဆိုတဲ့အရာက မတားဆီးနိုင်တာကို ပြန်တွေးကြည့်မိတိုင်း ကိုယ်ဘာသာ သဘောကျမိပါတယ်။ အမေကတော့ သူပြင်လို့မရတဲ့ ကျွန်မရဲ့ ဗီဇအချို့ကို လက်လျှော့ ထားရပါတယ်။