Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Friday 27 January 2012

စနစ်တကျ ပုဒ်ဖြတ်ခြင်း

၂ဝဝ၃ခုနှစ် ခရစ်စမတ်ကာလတုံးက ဗြိတိန်နိုင်ငံမှာ မျှော်လင့်မထားဘဲ ရောင်းအားအကောင်းဆုံး စာရင်းမှာ ပါဝင်သွားခဲ့တဲ့ စာအုပ်တစ်အုပ်ကတော့ Lynn Truss ရေးတဲ့ Eats, Shoots and Leaves (စားတယ်၊ ပစ်တယ်၊ ထွက်သွားတယ်) ဆိုတဲ့ စာအုပ်ဘဲ ဖြစ်ပါတယ်။

စာအုပ်အမည်ကို ဟာသတစ်ခုကနေ ရယူထားတာဖြစ်ပါတယ်။ ပန်ဒါဝက်ဝံတစ်ကောင်က ကော်ဖီဆိုင်တစ်ဆိုင်ထဲကို ဝင်သွားပါသတဲ့။ ပန်ဒါဝက်ဝံက အသားညှပ်မုန့်တစ်ခုကို စားတယ်။ သေနတ်ကို ထုတ်၊ လေထဲထောင်ပစ်ပြီး တံခါးပေါက်ကနေ ထွက်သွားမလို့ လုပ်ပါသတဲ့။ အဲဒီတော့ စားပွဲထိုးက နားမလည်တာနဲ့ ပန်ဒါဝက်ဝံကို ဒါက ဘာလုပ်တာလဲလို့ မေးပါတယ်။ ဝက်ဝံက တောရိုင်းတိရစ္ဆာန်တွေအကြောင်း ရေးသားထားတဲ့ စနစ်တကျ ပုဒ်ဖြတ်မထားတဲ့ စာအုပ်တစ်အုပ်ကို ပြပါသတဲ့။ စာအုပ်ထဲမှာ “Panda. Large black-and-white bear-like mammal, native to China. Eats, shoots and leaves”. (ပန်ဒါဝက်ဝံ။ အဖြူနှင့် အမဲ နှစ်ရောင်စပ် ဝက်ဝံနှင့်တူသော အရွယ်အစားကြီးသော နို့တိုက်သတ္တ၀ါ၊ တရုတ်နိုင်ငံမှာ ပေါက်ပွား။ စားသည်၊ ပစ်သည်၊ ထွက်ခွာသွားသည်။) လို့ ရေးထားတယ်။ (Eats shoots and leaves = ရွက်နုနှင့် သစ်ရွက်များ စားသည်) လို့ ဆိုရမယ့်အစား ကော်မာ ပိုထည့်မိလို့ အဓိပ္ပာယ် ပြောင်းသွားတာ ဖြစ်ပါတယ်။ shoot ကို noun အနေနဲ့ သုံးရင် ရွက်နု၊ verb အနေနဲ့ သုံးရင် ပစ်သည် လို့ အဓိပ္ပာယ် ပြောင်းပါတယ်။)

စာရေးသူက ပုဒ်ဖြတ်မမှန်ကန်ရင် နားလည်မှု လွဲမှားနိုင်ကြောင်း၊ ဒါမှမဟုတ် ရှုပ်ထွေးမှု ဖြစ်နိုင်ကြောင်း ပြတာဖြစ်ပါတယ်။ ပုဒ်ဖြတ်ရခြင်း ရည်ရွယ်ချက်ကတော့ အဓိပ္ပာယ် တတ်နိုင်သလောက် ရှင်းလင်းစေဖို့ ဖြစ်ပါတယ်။

Full-stop

ပြည့်စုံတဲ့ ဝါကျအဆုံးမှာ သုံးရပါတယ်။ ကော်မာလောက်နဲ့ မလုံလောက်ဘူး။ သီးခြားမရပ်တည်နိုင်တဲ့ အထူးပြုပုဒ်များအတွက်တော့ Full-stop ကို မသုံးရဘူး။ ဥပမာ if the outstanding amount is not paid. (ကျန်ရှိနေသော ငွေပမာဏကို မပေးချေပါက။) လို့ သုံးရင် မမှန်ဘူး။ အခုခေတ်
အသုံးအနှုန်းမှာ ယေဘုယျအားဖြင့် အတိုကောက်စကားလုံးတွေနောက်မှာ Full-stop ကို မထည့်တော့ဘူး။

Question mark

သုံးပုံသုံးနည်းကတော့ သိသာထင်ရှားပါတယ်။ သတိပြုရမယ့် အချက်ကတော့ မေးခွန်းကို တစ်ဆင့် ပြန်ပြောရင် မေးခွန်းမဟုတ်တော့ဘဲ အဆိုဝါကျမှာလို ကတ္တားနောက် ကြိယာလိုက်တဲ့ အစီအစဉ်အတိုင်း သုံးရမယ်၊ ဒါကြောင့် Question mark လည်း မလိုတော့ဘူး ဆိုတာဘဲ ဖြစ်ပါတယ်။ ‘Are you going to London next week?’ (နောက်အပတ် မင်း လန်ဒန်ကို သွားမှာလား) - Question mark လိုတယ်။ The Chairman asked if I was going to London the following week. (နောက်အပတ် ကျွန်တော် လန်ဒန်သွားမသွား ဥက္ကဌက မေးပါသည်။) - Question mark မလိုတော့ဘူး။

Semi-colon

ပုဒ်ဖြတ်တွေထဲမှာ နားမလည်ကြဆုံး ပုဒ်ဖြတ်ဖြစ်ပါတယ်။ Semi-colon က ကော်မာနဲ့စာရင် Full-stop နဲ့ပိုပြီး နီးစပ်တယ်။ ကော်မာအစား မသုံးရဘူး။ တစ်ခါတစ်ခါ Full-stop နဲ့Semi-colon နှစ်သက်ရာ သုံးနိုင်တဲ့ အနေအထားမျိုးလည်း ရှိတယ်။ Semi-colon အသုံးပြုပုံကတော့ -

  • ဆက်စပ်နေတဲ့ ဝါကျ (၂) ခုအကြားမှာ သုံးနိုင်တယ်။ I wrote the letter; John posted it. (ကျွန်တော်စာရေးတယ်၊ ဂျွန်က စာတိုက်ကို ပို့ပေးတယ်။) ဒီနေရာမှာ Semi-colon အစား ကော်မာတစ်ခုတည်း သုံးရင် မှားပါတယ်။ ကော်မာနဲ့ and တွဲပြီး ဒါမှမဟုတ် ကော်မာနဲ့ but တွဲပြီး သုံးရင်တော့ မှန်ပါတယ်။
  • စာရင်းတစ်ခုမှာ ပါနေတဲ့ စကားလုံး တစ်လုံးချင်း မဟုတ်တဲ့ စကားလုံးစုတွေအကြားမှာ သုံးနိုင်ပါတယ်။ (ယခင် အချက်မှာလိုဘဲ ဖြစ်ပါတယ်။)

Comma ကော်မာ

အချို့က ကော်မာကို ဖောဖောသီသီ သုံးလေ့ရှိတယ်။ အချို့လည်း ချွေချွေတာတာ သုံးကြတယ်။ ကော်မာကို လွတ်လပ်စွာ သုံးနိုင်ပါတယ်။ အောက်ဖော်ပြပါ အရေးကြီးတဲ့ စည်းမျဉ်းတွေကို လိုက်နာမယ်ဆိုရင် ပြီးပါတယ်။

  • သီးခြားရပ်တည်နိုင်တဲ့ စကားစုပုဒ် ဒါမှမဟုတ် ဝါကျတွေ အကြားမှာ ကော်မာချည်း သက်သက် မသုံးရဘူး (semi-colon အပိုင်းမှာလည်း ရှင်းပြထားပါတယ်။)
  • အထူးပြုပုဒ် နောက်က သီးခြားရပ်တည်နိုင်တဲ့ ပုဒ် လိုက်မယ်ဆိုရင် ကော်မာခံပြီးမှ သီးခြားရပ်တည်နိုင်တဲ့ ပုဒ်ကို ရေးလေ့ရှိတယ်။ ဒါပေမယ့် သီးခြားရပ်တည်နိုင်တဲ့ ပုဒ် နောက်က အထူးပြုပုဒ် လိုက်မယ်ဆိုရင်တော့ ကော်မာ သုံးလေ့ မရှိဘူး။ ဥပမာ မိုးရွာနေပေမယ့် သူလမ်းလျှောက်ထွက်တယ် ဆိုတာကို ကော်မာ ပါ၊ မပါ နှစ်မျိုးရေးပုံကို လေ့လာကြည့်ပါ။ ကော်မာနဲ့ ရေးတာက အထူးပြုပုဒ် ရှေ့မှာ ရှိလို့ Although it was raining, he went for a walk. ဖြစ်ပြီး ကော်မာမပါဘဲ ရေးတာက အထူးပြုပုဒ်က နောက်ကလိုက်လို့ He went for a walk although it was raining. ဖြစ်ပါတယ်။
  • Subject (ကတ္တား) နဲ့ verb (ကြိယာ) ကြားမှာ စကားစုတစ်စုကို ကွင်းခတ်ပြီး ထည့်တဲ့အနေနဲ့ စကားစုရဲ့ ရှေ့မှာ ကော်မာ တစ်ခု၊ နောက်မှာ ကော်မာတစ်ခု၊ ကော်မာ နှစ်ခုတွဲပြီး သုံးနိုင်ပါတယ်။ ဒါကြောင့် Mr Tan, the President of our company, is 63 years old. လို့ ဆိုရင် မစ္စတာ တန် (ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဥက္ကဌကြီး) က အသက် ၆၃နှစ် ရှိပြီလို့ ဆိုလိုပါတယ်။ ဒါပေမယ့် Mr Tan, the President of our company is 63 years old. လို့ ဆိုရင်တော့ မစ္စတာတန် ခင်ဗျား၊ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဥက္ကဌကြီးက အသက် ၆၃နှစ် ရှိပါပြီ လို့ မစ္စတာတန်ကို ကုမ္ပဏီရဲ့ ဥက္ကဌကြီး အကြောင်း ပြောပြတာ ဖြစ်သွားပါတယ်။
  • ကော်မာတွေကို စာရင်းပြုလုပ်ဖော်ပြရာမှာ သုံးပါတယ်။ ‘and’ (နှင့်) ရဲ့ မတိုင်ခင်မှာ ကော်မာ မလိုပေမယ့် ထည့်မယ်ဆို ထည့်နိုင်ပါတယ်။ (အမေရိကန်အသုံးအနှုန်းမှာတော့ ကော်မာ ထည့်လေ့ ရှိပါတယ်။) He speaks French, German, Hokkien (,) and Malay. (သူ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဟော့ကီယန်ဘာသာ နှင့် မလေးဘာသာ တတ်တယ်။) တစ်ခုပြီးတစ်ခု အပေါ်အောက် ရေးတဲ့ စာရင်းဆိုရင်တော့ ကော်မာသုံးဖို့ မလိုပါဘူး။
  • ဝါကျအစမှာ ဒါမှမဟုတ် အဆုံးမှာ ၀ါကျတစ်ခုလုံးကို အထူးပြုတဲ့ sentence-adverb တွေ ဒါမှမဟုတ် စကားစုတွေရှိရင်လည်း ကော်မာသုံးပါတယ်။ ဥပမာ Finally, after many attempts, he managed to pass his driving test. (နောက်ဆုံးတော့ အကြိမ်ကြိမ် ဖြေပြီးတဲ့နောက် သူဟာ ယာဉ်မောင်းစစ်ဆေးတာ အောင်သွားတယ်။) ဆိုတဲ့ဝါကျမှာ finally နောက်မှာ ကော်မာသုံး ပါတယ်။ နောက်တစ်ခါ He lost his licence a few months later, however. (ဒါပေမယ့်လည်း လအနည်းငယ်ကြာတော့ လိုင်စင်အသိမ်းခံရတယ်။) ဆိုတဲ့ဝါကျမှာ့  however ရှေ့မှာ ကော်မာသုံးပါတယ်။
  • မထည့်ရင်လည်း ရတဲ့ ဒါမှမဟုတ် အပိုဆောင်း အချက်အလက်တွေကို ဖော်ပြချင်ရင် ကော်မာသုံးဖို့ လိုပါတယ်။ ဥပမာ The man who is sitting over there is my uncle. (အဲဒီမှာ ထိုင်နေတဲ့ လူဟာ ကျွန်တော့် ဦးလေးပါ) ဆိုရာမှာ ကော်မာမလိုဘူး။ ဒါပေမယ့် Winston Churchill, who lived to be 90, was in Parliament for over 60 years. (၀င်စတန်ချာချီက နှစ်ပေါင်း ၆၀ကျော်ကြာ လွှတ်တော်အမတ်ဖြစ်ခဲ့တယ်၊ (အသက် ၉၀ ပြည့်တဲ့အထိ နေသွားတယ်)) ဆိုရင်တော့ ကော်မာလိုတယ်။

Colon

အသုံးကျမယ့် စည်းမျဉ်း ၂ခုကို ဖော်ပြပါမယ်။

  • ဝါကျတစ်ကြောင်းကနေ နောက်တစ်ကြောင်းကို တိုက်ရိုက်ဆက်စပ်သွားတဲ့အခါ ဒါမှမဟုတ် တိုက်ရိုက်ဦးတည်သွားတဲ့အခါ colon ကို သုံးပါတယ်။ ဥပမာ He looked out of the window: the sky was cloudy and overcast. (ပြူတင်းပေါက်အပြင်ကို သူ ကြည့်လိုက်တယ် - ကောင်းကင်မှာ တိမ်ဖုံးပြီး မဲမှောင်နေတယ်။)
  • စာရင်းတစ်ခုကို ဖော်ပြဖို့၊ ဒါမှမဟုတ် ဥပမာတစ်ခုကို ဖော်ပြဖို့ colon ကို သုံးပါတယ်။ (ဥပမာ)၊ ‘for example:’ ‘as follows:’ (အောက်ပါအတိုင်းဖြစ်ပါသည်) ဆိုပြီး သုံးလေ့ရှိတယ်။

မျဉ်းတို

အသုံးဝင်ပေမယ့် အတိအကျ အဓိပ္ပာယ်ဖော်ပြဖို့ ခက်တဲ့ ပုဒ်ဖြတ်အမှတ်အသား တစ်မျိုးဖြစ်ပါတယ်။ အောက်ပါတို့အတွက် သုံးနိုင်ပါတယ်။

  • ထပ်ဖြည့်အတွးတစ်ခုကို ဖော်ပြဖို့ သုံးနိုင်တယ်။ We shall arrive on Monday - at least, I hope so. (ကျွန်တော်တို့ တနင်္လာနေ့မှာ ရောက်ပါမယ် - အနည်းဆုံးတော့ ကျွန်တော်က အဲဒီလို မျှော်လင့်ပါတယ်။)
  • အတွေးတစ်ခုမပြီးခင် နောက်တစ်ခုက ကြားဖြတ်တာမျိုး၊ အတွေးတစ်ခုနဲ့ တစ်ခု ဆက်စပ်မှု ပြတ်တောက်နေတာမျိုးကို ဖော်ပြဖို့ သုံးနိုင်တယ်။ ဥပမာ Winston Churchill - whom I briefly met when I was a child - had a career in Parliament which spanned 65 years. (၀င်စတန်ချာချီဟာ - ကျွန်တော် ကလေးဘ၀က ခဏလေး တွေ့ဖူးတာပေါ့ - လွှတ်တော်အမတ်လုပ်သွားတာ ၆၅နှစ် ကြာခဲ့တယ်။)

Quotation marks (inverted commas) လက်သည်းကွင်း (တိုက်ရိုက်ဖော်ပြချက်)

  • စကားလုံးတစ်လုံးတည်းကို တိုက်ရိုက်ကိုးကားဖော်ပြတဲ့အခါ ဒါမှမဟုတ် စကားလုံးကို ထူးခြားတဲ့ နည်းလမ်းနဲ့ သုံးထားတဲ့အခါ တစ်ခုတည်းလက်သည်းကွင်းအစုံ single quotation marks (‘ ’) ကို သုံးပါတယ်။
  • ပြောစကားကို တိုက်ရိုက်ကိုးကားဖော်ပြရာမှာ တစ်ခုတည်း လက်သည်းကွင်းအစုံ (‘ ’) ဒါမှမဟုတ် နှစ်ခုပေါင်း လက်သည်းကွင်းအစုံ (“ ”) ကို သုံးနိုင်တယ်။ တိုက်ရိုက်ကိုးကားဖော်ပြတဲ့အထဲမှာ နောက်ထပ် တိုက်ရိုက်ကိုးကားဖော်ပြချက် ပါနေရင် လက်သည်းကွင်းပုံစံ ၂ခု ရှိတဲ့ထဲက ပင်မ ကိုးကားချက်အတွက် သုံးထားတဲ့ အပြင်က လက်သည်းကွင်းနဲ့ မတူတဲ့ လက်သည်းကွင်းပုံစံကို လွှဲသုံးပါ။

စာအုပ်တိုက်တွေမှာ ကိုယ်ပိုင်သတ်မှတ်ထားတဲ့ စာဟန် ရှိကြတယ်။ ဒါကြောင့် အထက်မှာ ဆွေးနွေးဖော်ပြခဲ့တဲ့ အချက်တွေကို ယတိပြတ်လိုက်နာရမယ့် မူသေစည်းမျဉ်းတွေလို့ မယူဆဘဲ လမ်းညွှန်ချက်သဘောသာ ယူဆကြဖို့ ဖြစ်ပါတယ်။

(Guy Perring ၏ Dot Dash Dot အားဆီလျော်သလိုဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ်ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

Myanmar network မှကူးယူဖော်ပြသည်။


Read more: စနစ်တကျ ပုဒ်ဖြတ်ခြင်း (Dot dash dot! By Guy Perring) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A539654&xgs=1&xg_source=msg_share_topic#ixzz1kiLwDhXH

1 comment: