မြန်မာပြည်ရဲ့ကျေးလက်က
ရေချမ်းအိုးစင်တွေအကြောင်း ကျွန်မအလွမ်းပြေ စာရေးချင်ပါတယ်။ ကျွန်မတို့ တောရွာတွမှာ
ရေဗူးသယ်စရာမလိုဘဲ ခရီးသွားလို့ရပါတယ်။ ရွာတိုင်းမှာ ရေချမ်းအိုးစင်ရှိတာမို့ ခရီးသွား
ရင်းရေဆာရင် အဆင်သင့် ရေခပ်သောက်ပြီး အမောဖြေနိုင်ပါတယ်....
ရေချမ်းအိုးစင်တွေကို
သစ်ပင်ရိပ်ကောင်းကောင်းရှိပြီး အများသူငါခရီးသွားတဲ့ လမ်းမပေါ်မှာ ဆောက်လေ့ ရှိကြပါတယ်။
တချို့ရေချမ်းအိုးစင်တွေကို ၀ါး၊ဓနိတို့နဲ့ သမားရိုးကျလေးဆောက်ထား ကြပါတယ်။ တချို့ရွာ
တွေကျတော့ ကြာရှည်ခံအောင် သစ်နဲ့ဆောက်ထားပါတယ်။ စေတနာပိုကြတဲ့ ကျွန်မတို့ အဘိုးတွေအဘွား
တွေလက်ထက်ကဆောက်ခဲ့တဲ့ ရေချမ်းအိုးစင်အချို့ဆိုရင် အမိုးအကာပါတဲ့ နားနေဆောင်လေးနဲ့
တွဲပြီး ဆောက်ပေးထားပါတယ်။ ခရီးသွားရင်းရေဆာရင် ရေလည်းသောက်ရ၊ မောပန်းလာရင်လည်း ခဏတဖြုတ်
အိပ်စက်အနားယူလို့ ရပါတယ်။ တချို့ခရီးသယ်တွေဆို ရေလည်းသောက်၊ တရေးတမော အိပ်စက်အနား
ယူပြီးမှ ခရီးဆက်ကြပါတယ်။ တချို့ကြတော့ အမောဖြေအနားယူရင်း ခရီးသယ်အချင်းချင်း မိတ်ဆွေဖွဲ့
စကားစမြည်ပြောကြရင်း အသိအကျွမ်းတွေဖြစ်သွား ကြပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ မြန်မာ့ကျေး
လက်ဓလေ့တွေ ဘယ်တိုင်းပြည်မှာ ရှိနိုင်မလဲ။
ကျွန်မတို့ခပ်ငယ်ငယ်
ရွာတွေမှာ တိုက်အိမ်တွေစဆောက်လာတဲ့ အချိန်ရောက်တော့ တချို့ရွာတွေမှာ တိုက်ရေအိုးစင်လေးတွေ
ဆောက်လာကြပါတယ်။ တိုက်ရေအိုးစင်က နေလုံတာကြောင့် ရေကအမြဲအေး နေပါတယ်။ အင်မတန်ပူပြင်းတဲ့
နွေရာသီမှာ တိုက်ရေအိုးစင်က ရေကိုသောက်လိုက်ရင် ရင်ထဲအေးစိမ့်သွား ပြီး၊ တကယ်အမောပြေ
ပါတယ်။ ရေအိုးစင်ဆောက်တဲ့ ကုန်ကျစရိတ်ကို တချို့ကအလှူငွေကောက်ခံပြီး ဆောက်ကြသလို၊ ငွေကြေးချမ်းသာတဲ့သူများက
သူတို့ကိုယ်ပိုင်ငွေနဲ့ ဒါနပြုဆောက်လှူ ကြပါတယ်။ ဒီလို ခရီးသွားအများသူငါ အမောဖြေ အနားယူနိုင်ဖို့အတွက်
ရေချမ်းအိုးစင်တွေ၊ နားနေဆောင်တွေကို တကူးတက ဆောက်လှူကြတဲ့ ကျွန်မတို့ မြန်မာတွေရဲ့
စိတ်ရင်းစေတနာမျိုး တခြားဘယ်လူမျိုးတွေဆီမှာ ရှိနိုင်မလဲ။ မြန်မာပြည်မှာလို ရေချမ်းအိုးစင်တွေ
တခြားဘယ်နိုင်ငံမှာ ရှိမလဲလို့ ကျွန်မသိချင်ပါတယ်။ တချို့နိုင်ငံတွေမှာ ရှိများရှိနေမလား။
ရေချမ်းအိုးစင်တွေ
အကြောင်းပြောရင် အုန်းမှုတ်ခွက်အကြောင်း ပါမှဖြစ်မှာပါ။ စည်းစနစ်တကျ ခြိုးခြံချွေ
တာကြတဲ့ ရှေးလူကြီးများဟာ ရေချမ်းအိုးစင်တွေမှာ ရေခပ်သောက်ဖို့ အုန်းမှုတ်ခွက်တွေ ထားပေးပါတယ်။
အရွယ်ငယ်တဲ့ အုန်းသီးခွံတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ခုတ်ညှိ၊ နှုတ်ခမ်းဝ အောက်နားနှစ်ဖက်ကို
အပေါက်ဖောက်၊ ခပ်တန်တန်ဝါးတုတ်ချောင်းကို အပေါက်နှစ်ပေါက်လုံးထဲ လျှိုလိုက်တော့ လက်ကိုင်ပါတဲ့
အုန်းမှုတ်ခွက် (ရေမှုတ်)ဖြစ်သွားပါတယ်။ ရေချမ်းအိုးစင်ကရေကို အုန်းမှုတ်ခွက်နဲ့ ခပ်သောက်ရတာ
အရ သာ တမျိုးထူးပါတယ်။ သောက်ဖူးတဲ့သူတွေ သိပါတယ်။ရှေးမြန်မာလူကြီးများရဲ့ ချွေတာရေးစနစ်က
အင်မတန်မှ ခရီးရောက်ပါတယ်။ ရေအိုးစင်ပေါင်း မြောက်များစွာအတွက် ရေခွက်ဝယ်ဖို့ ငွေမကုန်သလို၊
အဖိုးမတန်တဲ့ အုန်းမှုတ်ခွက်ကို ခိုးယူမဲ့သူမရှိတဲ့အတွက် ပျောက်သွားမှာလည်း မပူရပါဘူး။
သဘာဝအရင်း အမြစ်တွေကို သုံးစရာမလိုပဲ လူတွေစားပြီးလို့ ပြစ်ရမဲ့ အုန်းသီးခွံတွေကို
ရေသောက်တဲ့ခွက်ဖြစ်အောင် စီမံလိုက်တာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသား ဖြစ်သွားပါတယ်။
ရေသန့်ဗူးပဲ ၀ယ်သောက်တဲ့ခေတ်၊ ၀ါတာကူလာကရေကို တစ်ခါသုံးရေခွက်နဲ့ သောက်ရတဲ့ခေတ်မှာ
အုန်းမှုတ်ခွက်ကို ဖန်တီးခဲ့တဲ့ ရှေးမြန်မာတို့ရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုဓလေ့တွေ တန်ဖိုးထားမြတ်
နိုးတတ်တဲ့သူတွေ ဘယ်နှစ်ရာခိုင် နှုန်းလောက် ရှိနေအုန်းမလဲ။
မြို့ကြီးသားတွေကတော့
လူတကာသောက်တဲ့ အုန်းမှုတ်ခွက်နဲ့ ရေအိုးစင်ကရေကို သောက်ချင်ကြမယ် မထင်ဘူး။ ကျန်းမာရေးရှုထောင့်က
ကြည့်ရင်တော့ ရောဂါကူးစက်နိုင်တယ်ပေါ့။ သူနာပြုဆရာမဖြစ်တဲ့ ကျွန်မကတော့ ရေဆာနေတဲ့အချိန်
ရေချမ်းအိုးစင်ကိုတွေ့ရင် အုန်းမှုတ်ခွက်နဲ့ အားရပါးရရေခပ်သောက် အုန်းမှာပါ။ ရောဂါကူးမှာကို
ကြောက်တဲ့စိတ် မဖြစ်မိဘူး။ ရေအလှူရှင်တွေရဲ့ စေတနာမေတ္တာဓာတ်တွေ ဟာ ပိုးမွှားတွေရဲ့ ရောဂါဖြစ်စေနိုင်တဲ့
အာနိသင်ကို ပျက်စီးစေနိုင်သလားလို့ ကျွန်မတွေးမိပါတယ်။ မသိ နိုင်မမြင်နိုင်တာကို စဉ်းစားနေရင်
အဖြေထွက်မှာ မဟုတ်တဲ့အတွက် မြင်သာတဲ့အရာကို ကျွန်မစဉ်းစား သုံးသပ်မိပြန်ပါတယ်။ ဘာလဲဆိုတော့
ရွာတွေမှာ ရေချမ်းအိုးစင် အရေအတွက်နည်းလာတာကို တွေ့ရပါ တယ်။ ဘိုးဘွားတွေလက်ထက်က ဆောက်ခဲ့တဲ့
တိုက်ရေအိုးစင်မျိုးတေ၊ွ နားနေဆောင်ပါတဲ့ ရေချမ်းအိုး စင်တွေ အသစ်ထပ်တိုးလာတာ မတွေ့ရတော့ပါဘူး။
ပျက်စီးသွားတဲ့ ရေချမ်းအိုးစင်အချို့ကို ၀ါးသို့မဟုတ် သစ်နဲ့ ပြန်ဆောက်ထားတာတွေတော့
ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အနေအထားကို ကြည့်မယ်ဆိုရင်တော့ တောသူတောင်သားတွေ စားဝတ်နေရေး
စီးပွါးရေးတွေ နိမ့်ကျလာတယ်ဆိုတာကို မြင်နိုင်ပါတယ်။ တချို့ ရေချမ်းအိုးစင်တွေမှာ ရေဖြည့်မဲ့သူမရှိဘဲ
ရေအိုးလည်းမရှိ ရေလည်းသောက်စရာမရှိ ဖြစ်နေပါတယ်။ လူမှု စီးပွါးရေး အခြေအနေ ချွတ်ခြုံကျလာတာနဲ့အမျှ ကျေးလက်နေပြည်သူတွေရဲ့ စေတနာသဒ္ဓါတရားတွေ အားနည်းပြီး
တဖြည်းဖြည်း ခန်းခြောက်လာတာကို တွေ့ရပါတယ်။
ဒီလိုဆိုတော့
ကျွန်မကိုယ်တိုင်ကရော ရေချမ်းအိုးစင်တွေကို ဘယ်နှစ်ခါရေဖြည့်ခဲ့သလဲ ဆိုတဲ့မေးခွန်းကို
ဖြေသင့်တယ် ထင်ပါတယ်။ ကျွန်မရေဖြည့်ခဲ့တာ ဆယ်ကြိမ်တောင်ပြည့်ခဲ့မယ် မထင်ဘူး။ သူများဖြည့်လှူ
ထားတဲ့ရေကို သောက်ခဲ့တာတော့ အကြိမ်တရာထက် ပိုပါတယ်။ ကျွန်မ မသိမလိမ္မာခဲ့တဲ့ အဖြစ်ကိုလည်း
ကိုယ့်အကြောင်းကိုယ် ဖော်ထုတ်ချင်ပါတယ်။ ကျွန်မရှစ်တန်းနှစ်ကလို့ ထင်ပါတယ်။ နေအရမ်းပူတဲ့နွေရာသီ
နေ့လည်ခင်းမှာ ကျုံပျော်မြို့ကနေ ရွာကို စက်ဘီးစီးနင်းပြန်လာရင်း ရေဆာတာနဲ့ မြို့ချောင်းရွာက
ရေချမ်း အိုးစင်မှာ ရေသောက်ဖို့ စက်ဘီးကိုရပ်လိုက်ပါတယ်။ ဒါပေမဲ့ ရေချမ်းအိုးစင်မှာ
ရေတစက်မှမရှိ ပါဘူး။ ရေဆာလို့အမောမပြေ ဖြစ်ရတဲ့ကျွန်မ ရေလေးတောင် ဖြည့်ပေးမထားကြဘူးလို့၊
ဒေါသစိတ်နဲ့ ပြစ်တင်ရေ ရွတ်ပြီး ရွာရောက်အောင် စက်ဘီးနင်းပြန်ခဲ့ပါတယ်။ တကယ်ဆိုရင်
ကျွန်မရေဖြည့် လှူခဲ့ဖို့ကောင်းတာပေါ့။ ကိုယ်တိုင်က ဖြည့်ဆည်းပေးဖို့ သတိမရပဲ သူတပါးကို
အပြစ်တင်ခဲ့တဲ့အဖြစ်ကို ပြန်အမှတ်ရပြီး၊ ဒါဟာဖြင့် သေးသိမ်ကျဉ်းမြောင်းတဲ့ စိတ်သဘာထားပဲလို့
ကိုယ့်ကိုကိုယ် ပြန်ပြီးဝေဖန်မိပါတယ်။ ဒီလိုအကျင့်ဆိုး တွေကို ကျွန်မတို့ပြင်ကြရမှာပါ။
လိုနေတဲ့ကွက်လပ်တွေ့ရင် မဆိုင်သလိုနေကြပြီး၊ တစုံတရာကို အပြစ်တင် နေမဲ့အစား၊ ကိုယ်တတ်နိုင်တဲ့
အတိုင်းအတာလေးနဲ့ ကွက်လပ်ဖြည့်တတ်တဲ့ အကျင့်ကောင်းတွေကို ကျွန်မတို့အားလုံး ပြန်မွေးမြူကြရ
ပါမယ်။
တကယ်တော့
ကမ္ဘာမှာ ဘယ်လူမျိုးမှာမှ မရှိနိုင်တဲ့ မြန်မာ့စိတ်ထား စေတနာကောင်းတွေကို ကျွန်မတို့
နောင်လာနောက်သား အများစုက မထိန်းသိမ်းခဲ့ကြလို့ မျက်မောက်ခေတ် မြန်မာတွေ အောက်ကျ နောက်ကျ
ဖြစ်နေရတာပါ။ နောင်လာမဲ့ မျိုးဆက်သစ်တွေ ကျွန်မတို့မျိုးဆက်လို မဖြစ်ရစေဖို့ ကျွန်မတို့ ရှေ့ကဖြောင့်ဖြောင့်သွားပြ ရပါမယ်။ နောက်ကျနေပေမဲ့
မှီသလောက်ပြေးလိုက် ကြရအောင်လို့ အဖော်ညှိ ချင်ပါတယ်။ အပြေးလိုက်ရင်း မောပန်းနွမ်းလျရင်
သောက်ရေချမ်းကမ်းမဲ့ မြန်မာတွေ ရှိနေပါသေးတယ်။ ကျွန်မတို့ရွာတွေမှာ ရေချမ်းအိုးစင်တွေ
ရှိနေသေးတယ်။ လုံးဝပျောက်ကွယ် မသွားသေးဘူး။ အရေအတွက် နဲသွားပေမဲ့ ရေချမ်းအိုးစင်ကို
ရေဖြည့်လှူမဲ့သူတွေ ရှိသေးတယ်ဆိုတာကိုကြည့်ရင် ဆင်းရဲနိမ့်ကျပေမဲ့ စိတ် ကောင်းစေတနာကောင်းတေ၊ွ
ချစ်စရာနှလုံးသားတွေ ရှိနေသေးတယ်ဆိုတာကို မြင်နိုင်ပါတယ်။ ဒီလက် ကျန် စိတ်ဓါတ်ကောင်းလေးတွေနဲ့
အကောင်းဘက်ကို ပိုများလာအောင် ကြိုးစားလို့ ရနိုင်ပါသေးတယ်။ တော်တော်လေး ပျက်စီးယိုယွင်းနေပေမဲ့
ပြန်ပြီးအဖတ်ဆယ်လို့ ရနိုင်သေးတယ်လို့ ကျွန်မအကောင်းမြင် ချင်ပါတယ်။ ကောင်းစေချင်တဲ့
စိတ်စေတနာတွေ များများရှိဖို့ပဲလို ပါတယ်။
မြန်မာမြေပေါ်မှာ
ကြီးပြင်းခဲ့ကြ၊ မြန်မာ့ရေကိုသောက်ပြီး အသက်ရှင်ခဲ့ကြတဲ့ ကျွန်မတို့ရဲ့ အသွေးအသားထဲ
မှာ မြန်မာ့စိတ်ဓာတ်တွေ စိမ့်ဝင်စီးဆင်းနေသင့်တယ် မဟုတ်ပါလား။ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ
အချမ်းသာ ဆုံးဖြစ်တဲ့ မြန်မာလူမျိုးတို့ရဲ့ ဂုဏ်သိက္ခာကို ကျွန်မတို့ အချိန်မှီပြန်ပြီး
မပြုပြင်မထိန်းသိမ်းကြဘူး ဆိုရင် မြန်မာ့သမိုင်းဟာ ပိုအကျည်းတန်လာဖို့ပဲ ရှိပါတယ်။
ကမ္ဘာတည်သရွေ့ လှပတဲ့မြန်မာပြည် မြေပုံလေး ပုံသဏ္ဍာန်မပျက်ယွင်းပဲ ဂုဏ်ကျက်သရေရှိရှိ တည်မြဲနေစေဖို့
ကျွန်မတို့အားလုံး လိမ္မာကြပါစို့လို့ မေတ္တာ
စကားဆိုချင်ပါတယ်။
ရွှင်လန်းချမ်းမြ့ကြပါစေ
(စံပယ်ဖြူ)
အပြင်စီးမဂ္ဂဇင်း၊ အမှတ် ၁၂၊ ဖေဖော်ဝါရီလ ၂၀၁၂။
No comments:
Post a Comment