Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Thursday 25 August 2011

ဆေးလိပ်သောက်ခြင်းရဲ့နောက်ဆက်တွဲပြဿနာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ဖော်ပြချက်အရ ဒီနေ့ရင်ဆိုင်နေရတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာများအနက် ဆေးလိပ်ဟာအရေးကြီး ဆုံးဖြစ်နေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှစ်စဉ်လူ(၅)သန်းကျော်သေဆုံးနေပြီး (၆)စက္ကန့်တိုင်းမှာလူတစ်ဦးသေဆုံးနေရပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သူများနဲ့အတူအနီးကပ်နေထိုင်သူများ နှစ်စဉ်လူဦးရေ(၅)သိန်းထက်မကသေဆုံးနေတာကြောင့် ဆေးလိပ်ဟာနှစ်စဉ် စုစုပေါင်းလူဦးရေ (၆)သိန်းနီးပါးကို သေစေပါတယ်။ ဒီပြဿနာကို
အရေးတကြီးမဆောင်ရွက်ကြရင် သက္ကရာဇ် ၂၀၃၀ မှာဆေးလိပ်ကြောင့် နှစ်စဉ် သေဆုံးသူဦးရေ (၈)သန်းအထိရှိလာနိုင်ပါတယ်။

ဆေးလိပ်သောက်တဲ့လူဦးရေရဲ့ (၈၀%)ဟာ ၀င်ငွေနဲတဲ့တိုင်းပြည်များနဲ့ ၀င်ငွေအလယ်အလတ်ရှိတဲ့တိုင်းပြည်မှာ နေထိုင်သူတွေလို့ဆိုပါတယ်။ ဒါကြောင့်ဝင်ငွေနဲပြီး ဖွံ့ဖြိုးမှုနှေးကွေးတဲ့တိုင်းပြည်တွေမှာ ဆေးလိပ်ကြောင့်ရောဂါဖြစ် နှုန်းနဲ့ သေနှုန်းတွေမြင့်တက်နေပါတယ်။ ဆေးလိပ်သောက်သူတွေဟာ သက်တမ်းမစေ့မှီသေဆုံးရတာကြောင့် မိသားစုဝင်ငွေလျော့နည်းစေပါတယ်။ ဆေးလိပ်ကြောင့်ရောဂါတွေ ဖြစ်ပြီးကျန်းမာရေးစောင့်ရှောက် စရိတ်မြင့်တက် နေတာကြောင့် စီးပွါးရေးဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေသလို တိုင်းပြည်ဖွံ့ဖြိုးမှုကိုပါနှောင့်နှေးစေပါတယ်။

ကျွန်မတို့မြန်မာပြည် မဖွံ့ဖြိုးရတဲ့အကြောင်းရင်းပေါင်းမြောက်များစွာထဲမှာ ဆေးလိပ်သောက်ခြင်းဟာ တိုင်းပြည်ဆင်းရဲ ရတဲ့အကြောင်းတစ်ခုပါ။ ဆေးလိပ်သောက်တတ်ပြီဆိုရင် မိမိဝင်ငွေအချို့ကိုဆေးလိပ်ဖိုးအတွက်သုံးနေရပါပြီ။ နေ့စဉ် ရှူရှိုက်နေတဲ့ဆေးလိပ်ငွေ့တွေဟာ ကာယကံရှင်ကိုရောဂါဖြစ်စေရုံသာမက ပတ်ဝန်းကျင်ကလူတွေကိုပါ ရောဂါဖြစ်စေ ပါတယ်။ ရောဂါဖြစ်တဲ့အခါဆေးကုစရိတ်ဟာ ရှာဖွေစုဆောင်းထားတာနဲ့တောင် မလောက်နိုင်ပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ (၂၀၀၇)ခုနှစ်စရင်းဇယားအရ မြန်မာနိုင်ငံမှာအသက်(၁၅)နှစ်အထက်လူဦးရေရဲ့ (၂၃.၁%) ဆေးလိပ်သောက်ကြပါတယ်။ စုစုပေါင်းဆေးလိပ်သောက်သူပေါင်း (၉)သန်းလောက်ရှိနိုင်ပါတယ်။ တပြည်လုံးအတိုင်း အတာနဲ့ နှစ်စဉ်ဆေးလိပ်ဖိုးကုန်ကျငွေကို အကြမ်းပြင်းတွက်ချက်ကြည့်ရအောင်။ ဆေးလိပ်သောက်တဲ့လူတစ်ယောက်  အတွက်နေ့စဉ်ဆေးလိပ်ဖိုးဖျန်းမျှငွေ(၁၀၀)ကျပ်ကုန်တယ်ဆိုရင် တစ်နှစ်ကို(၃၆၀၀၀)ကျပ် ကုန်မှာဖြစ်ပါတယ်။ လူ(၉)သန်းဆိုရင်ကျပ်ကုဋေပေါင်း(၃၂၄၀)ကျော် ကုန်ကျမှာမို့အမေရိကန်ဒေါ်လာသန်း(၄၀)နီးပါးဖြစ်နေပါတယ်။ ဒီထက်တောင်ပိုချင်ပိုနိုင်ပါသေးတယ်။ ဒီငွေပမာဏကိုတိုင်းကျိုးပြည်ပြုလုပ်ငန်းအတွက်မသုံးရဘဲ ဆေးလိပ်သောက် သူများ ဟာပြည်သူလူထုအတွက်ရောဂါကို ၀ယ်ယူနေကြပါတယ်။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ရောဂါကို ကုသလို့ကုန်ကျ တဲ့ငွေကြေးပမာဏကိုတော့တွက် ချက်လို့မရနိုင်အောင်ဖြစ်နေပါတယ်။ ဆေးလိပ်ဖိုးကုန်တဲ့ဒေါ်လာသန်း(၄၀)ထက် အဆပေါင်းများစွာကို နှစ်စဉ်သုံးစွဲနေရပါတယ်။

ဒီငွေတွေကို ပညာရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာသာသုံးနိုင်မယ်ဆိုရင် ယနေ့မျိုးဆက်သစ်တွေ နိုင်ငံတကာမှာမျက်နှာ ငယ်ရမှာမဟုတ်ဘူးလို့တွေးမိပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တတ်တဲ့ လူငယ်လူရွယ်တွေ အချိန်မနှောင်းခင် လေးလေးနက်နက်စဉ်းစားဆင်ခြင်စေချင်ပါတယ်။ ဆေးလိပ်မသောက်ပဲနေခြင်းဖြင့် မိမိကိုယ်ကိုကာကွယ်ပြီးသားဖြစ် တဲ့အပြင်ပတ်ဝန်းကျင်ကိုပါ မိမိကြောင့်အန္တရာယ်ကင်းစေပါတယ်။ ငွေရေးကြးရေးအရစဉ်းစားမယ်ဆိုရင်လည်း တစ် ပတ်ကိုဆေးလိပ်ဖိုး ရင်းဂစ်(၁၀)ကုန်တယ်ဆိုရင် တစ်လကိုရင်းဂစ်(၄၀)ကုန်ကျမှာဖြစ်ပြီး၊ ဒီငွေနဲ့ မြန်မာပြည်ကဆင်းရဲ ကြပ်တည်းတဲ့ လူ(၁၀)ယောက်ထမင်းစားလို့ရတယ် ဆိုတာမျိုးလေးတွေးမိစေချင်ပါတယ်။ နောက်တစ်မျိုးတွေးကြည့် ကျပ်ငွေတစ်သောင်းနဲ့ညီမျှတဲ့ တစ်လဆေးလိပ်ဖိုးငွေနဲ့ စာကြိုးစားတဲ့ညီ၊ညီမ သို့မဟုတ်ကျောင်းသားတစ်ယောက်ကို အဘိဓာန်(Dictionary)တစ်အုပ်ဝယ်ပေးလို့ရပါတယ်။ သူများတိုင်းပြည်မှာ ကာယခွန်အားစိတ်ဓါတ်အင်အားတွေကို ရင်းနှီးပေးဆပ်ပြီးမှရတဲ့ငွေကို နှမြှောတတ်စေချင်သလို အကျိုးရှိရှိသုံးတတ်စေချင်ပါတယ်။

နေ့စဉ်ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေနဲ့စိတ်ဖိစီးမှုတွေကို ဆေးလိပ်ငွေ့ရှူပြီးစိတ်ထွက်ပေါက်ရှာမဲ့အစား အကျိုးရှိ တဲ့စာဖတ်ခြင်း အားကစားလိုက်စားခြင်းဖြင့် စိတ်ဓါတ်အင်အားကိုမြှင့်တင်လို့ရပါတယ်။ သုတေသနပြုချက်များအရ ဆေးလိပ်သောက်သူများ အားကစားနဲ့ကာယလေ့ကျင့်ခန်းကိုပုံမှန်လေ့ကျင့်ခြင်းကြောင့် ဆေးလိပ်သောက်ချင်စိတ်ကို လျော့ကျတယ်လို့တွေ့ရှိရပါတယ်။ တချို.ကလည်း စိတ်ကူးကောင်းအောင် အတွေးအခေါ်ကောင်းအောင် ဆေးလိပ် သောက်တာလို့ဆင်ခြေပေးကြပါတယ်။ အားကစားနဲ့ကာယလေ့ကျင့်ခန်းဟာ စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်စေပြီး၊ လူ့ဘ၀နဲ့ပတ်ဝန်းကျင်အပေါ် အကောင်းမြင်တတ်တဲ့စိတ်သဘောထားကို ရှင်သန်စေပါတယ်။ အကောင်းမြင်တတ်တဲ့ သူဟာကောင်းတဲ့စိတ်ကူးတွေ မွေးဖွါးယူနိုင်မှာပါ။ ဆေးလိပ်သောက်ရင်စိတ်ကူးကောင်းမကောင်းတော့ ကျွန်မမသိပါ။ သေချာတာကတော့ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာ၊နှလုံးရောဂါ၊သွေးတိုးနဲ့ သွေးကြောကျဉ်းရောဂါတွေဖြစ်စေ ပါတယ်။

ရောဂါရင့်လို့ဆေးရုံတက်ရတဲ့အချိန်ရောက်ရင် ငွေလည်းကုန်မိသားစုကိုလည်း ကြီးလေးတဲ့ဝန်ထုတ်ဝန်ပိုးဖြစ်စေ ပါတယ်။ ၀င်ငွေနဲတဲ့မိသားစုက ဆေးလိပ်သောက်တဲ့အိမ်ထောင်ဦးစီးတစ်ယောက် အဆုတ်ကင်ဆာဖြစ်ပြီဆိုရင် သားသမီးတွေမှာဖခင်ရဲ့ဆေးကုစရိတ်နဲ့ မိသားစုစားဝတ်နေရေးကို ကြပ်တည်းစွာရုန်းကန်ဖြေရှင်းနေရပြီး ဘ၀တက် လမ်းကိုနှေးကွေးရပ်တန့်စေပါတယ်။ တခါတလေမှာ ငွေကြေးကြောင့်မလိုလားအပ်တဲ့ လူမှုရေးပြဿနာတွေနဲ့ ကိုယ်ကျင့်သီလဖေါက် ပြန်မှုတွေအထိဖြစ်တတ်တာကြောင့် ဆေးလိပ်ရဲ့နောက်ဆက်တွဲပြဿနာကို တားဆီးကာကွယ် ဖို့အရေးကြီးပါတယ်။

ချမ်းသာတဲ့မိသားစုက ဆေးလိပ်သောက်ကြောင့်ရောဂါဖြစ်ရင် ခေတ်မှီဆေးရုံကြီးမှာ အကောင်းဆုံးဆေးဝါးတွေနဲ့ ကုသနိုင်တယ်ဆိုရင်တောင် အဲဒီကုန်ကျစရိတ်ဟာ မိဘမဲ့ကလေးတစ်ယောက်ကို ဘွဲ့ရတဲ့အထိပညာသင်ပေးလို့ရနိုင် ပါလိမ့်မယ်။ ၀င်ငွေကောင်းကောင်းရှာနိုင်တဲ့ ပညာရှင်များနဲ့စီးပွါးရေးသမားများ အကောင်းစားစီးကရက်ကိုဇိမ်ခံ သောက်ပြီး ရောဂါကုဖို့ငွေစုမဲ့အစား ပညာထူးချွန်ပြီးငွေကြေးချို့တဲ့ကလေးတွေကို ကျောင်းစရိတ်ထောက်ပံ့ပေးမယ် ဆိုရင်တိုင်းပြည်ရဲ့အနာဂတ်ကို တထောင့်တနေရာကနေ ကယ်တင်ရာရောက်ပါတယ်။ ပြောတာလွယ်သလောက် လက်တွေ့လုပ်ဖို့ခက်ကောင်းခက်နေပါလိမ့်မယ်။ ကျွန်မတို့တွေ အသေးအမွှားကိစ္စလေးတွေကစပြီး အများစုအားနဲ့ ပေါင်းစုပြုပြင်ကြဖို့အရေးကြီးတဲ့အချိန်ဖြစ်နေပါတာမို့ ဆေးလိပ်သောက်ခြင်းကိုလည်း ကြိုးစားရှောင်ကြဉ်စေချင် ပါတယ်။

တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တိုင်းပြည်သူပြည်သားတွေ ကျန်းမာဖို့လိုအပ်တယ်ဆိုတာလူတိုင်းနားလည် ကြမှာပါ။ တကမ္ဘာလုံးကိုဒုက္ခပေးနေတဲ့ဆေးလိပ်ဟာ ချွတ်ခြုံကျနေတဲ့မြန်မာပြည်ကို ဆင်းရဲတွင်းပိုနက်စေတာကြောင့် သတိပြုဆင်ခြင်ကြပြီး၊ ဆေးလိပ်အန္တရာယ်ကို ၀ိုင်းဝန်းကာကွယ်တားဆီးကြစေချင်တဲ့စေတနာနဲ့ သိနားလည် သလောက် ရေးသားတင်ပြလိုက်ပါတယ်။



ရွှင်လန်းချမ်းမြေ့ကြပါစေ

(စံပယ်ဖြူ)

မှတ်ချက်။    ။ Tobacco Factsheets (WHO) မှအချက်အလက်များနှင့် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှအချက်          အလက်အချို့ကိုထည့်သွင်းဖော်ပြသည်။        
အပြင်စီးမဂ္ဂဇင်း၊ အမှတ်(၈)၊ သြဂုတ်လ ၂၀၁၁

No comments:

Post a Comment